← Chapters

အခန်း (၃၀၅-၃၀၆)

Vol. 31 Ch. 305-306

အခန်း (၃၀၅-၃၀၆)

Vol. 31 Ch. 305-306

အခန်း (၃၀၅) မုဆိုးကြယ်ကို ရှာဖွေခြင်း

"နံပါတ် တစ်တောင် မိစ္ဆာအဆင့် ထဲ မဝင်နိုင်ဘူးလား။ ဒါဆို အဲဒီအဆင့်ထဲ တကယ်ဝင်နိုင်ခဲ့တဲ့သူ ရှိလို့လား" လုံချန်းက စူးစမ်းမေးမြန်းလိုက်သည်။

"အရင်ကတော့ မိစ္ဆာအဆင့် ရခဲ့တဲ့သူ နည်းနည်း ရှိခဲ့ဖူးတယ်။ အခုတော့ အဲဒီလူတွေအားလုံးက အကြီးအကဲတွေ ဒါမှမဟုတ် ဝတ်ရုံနက် အကြီးအကဲတွေ ဖြစ်ကုန်ကြပြီ။ တကယ်တော့ နင့်ရဲ့ဆရာဟာ တစ်ချိန်တုန်းက မိစ္ဆာအဆင့်မှာ နံပါတ်တစ် ရခဲ့ဖူးတယ်လို့ ငါကြားဖူးတယ်"

"သူတို့မျိုးဆက်ပြီးကတည်းက ဘယ်သူမှ မိစ္ဆာအဆင့်ထဲ မဝင်နိုင်တော့ဘူး။ ဟိုတစ်ယောက်ကလွဲလို့ပေါ့" သူမက လေးနက်သောလေသံဖြင့် ဆိုသည်။

"ဘယ်သူလဲ" လုံချန်း မေးလိုက်သည်။

"စီနီယာ မုချန်းလေ" သူမက ပြန်ဖြေသည်။

လုံချန်း ထိုနာမည်ကို တစ်နေရာရာတွင် ကြားဖူးသလို ခံစားလိုက်ရသည်။ လန်ကျင်းနှင့်အတူ လမ်းလျှောက်နေစဉ် လူအချို့ ထိုနာမည်ကို ပြောဆိုနေကြသည်ကို သူ ရုတ်တရက် သတိရလိုက်သည်။

"ကျုပ်ဆရာရဲ့ အရင်တပည့်လား" သူက ပြန်မေးသည်။ သူ မည်မျှပင် မုန်းတီးနေပါစေ အခြားသူများရှေ့တွင်တော့ လန်ကျင်းကို ဆရာဟု ခေါ်ဆိုနေရဆဲပင်။

"ဟုတ်တယ်။ စီနီယာ မုချန်းက ငါတို့မျိုးဆက်မှာ မိစ္ဆာအဆင့်ထဲဝင်တဲ့ တစ်ဦးတည်းသောသူပဲ။ ဒါပေမဲ့ အဲဒီ သားရဲခန်းမက ခွေးမသားတွေက သူ့ကို သတ်ပစ်လိုက်ကြတယ်" သူမက ဆိုသည်။

သူမ၏ မျက်နှာအမူအရာအရ သူမသည် သားရဲခန်းမကို အလွန်အမင်း မုန်းတီးနေကြောင်း ထင်ရှားလှသည်။

"ကဲ... အတိတ်ကကိစ္စတွေ ပြောတာ ရပ်ကြရအောင်ဗျာ။ ကျွန်တော် ပြင်ထားပေးတဲ့ ဝိညာဉ် အရက်လေး သောက်လိုက်ကြဦး။ အားအင်တွေ ပြည့်သွားအောင်လို့" တိုင်ဟူက ဝမ်းနည်းစရာ ကောင်းနေသော ပတ်ဝန်းကျင်ကို ပြောင်းလဲရန် ဝင်ပြောလိုက်သည်။

"အင်း" ချူးမြောင်က ဖန်ခွက်ကို မကာ တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်သည်။ လုံချန်းလည်း ဖန်ခွက်ကိုယူ၍ သောက်လိုက်သည်။

"ဒါနဲ့... ဒီဂိုဏ်းထဲမှာ သားရဲတွေကို ပြုစုစောင့်ရှောက်တဲ့နေရာ ဒါမှမဟုတ် သားရဲတွေကို ထားတဲ့နေရာ ရှိလား" လုံချန်းက သာမန်ကာလျှံကာဟန်ဖြင့် မေးလိုက်သည်။

"အဲဒီလိုနေရာမျိုး ရှိပါတယ်။ တပည့်အငယ်တွေကို လေ့ကျင့်ပေးဖို့ တောရိုင်းသားရဲတွေကို အဲဒီမှာ ထားထားတယ်။ မြေကမ္ဘာအဆင့် သားရဲတွေလည်း အများကြီးရှိတယ်။ နင် သားရဲတစ်ကောင် လိုချင်လို့လား" ချူးမြောင်က ပြောပြသည်။

"အဲဒီကို သွားခွင့်ရှိလား" လုံချန်းက သူမကို မေးသည်။

"ဝင်ခွင့်ရအောင်တော့ လုပ်လို့ရမှာပါ။ နင် အထဲကို ဝင်ချင်လို့လား" သူမက ပြန်မေးသည်။

"ဂိုဏ်းထဲက သားရဲတွေကို စိတ်ဝင်စားလို့ပါ။ တစ်ခါလောက်တော့ မြင်ဖူးချင်တယ်" လုံချန်းက ဆိုသည်။

"ရတာပေါ့၊ ငါနဲ့ လိုက်ခဲ့" သူမက ဆိုကာ မတ်တပ်ရပ်လိုက်သည်။ သူတို့နှစ်ဦးစလုံး အရက် သောက်ပြီးသွားကြပြီ ဖြစ်သည်။

"ချိန်းတွေ့တာ ပျော်ရွှင်ပါစေဗျာ" တိုင်ဟူက မတ်တပ်ရပ်ရင်း နောက်ပြောင်လိုက်သည်။

"ဟက်... ဒါက သိပ်မရယ်ရတဲ့ ပြက်လုံးပဲနော်" ချူးမြောင်က တိုင်ဟူကို ပြုံးလျက် ပြန်ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ်... အရက်အတွက် ကျေးဇူးပဲ" သူမက လုံချန်း၏လက်ကို ဆွဲကာ ထွက်လာခဲ့သည်။

ဤနေရာတွင် လုံချန်းပင် အံ့အားသင့်သွားရသည်။ ဤမိန်းကလေးက သူ့ကို ကလေးတစ်ယောက်လို ထင်နေသည်လော။ အချိန်တိုင်း လက်ကို ဆွဲထားသည်က သူ လမ်းပျောက်သွားမည် စိုးနေသည့်အလားပင်။

"ကျုပ်လက်ကို လွှတ်ပေးလို့ ရမလား" လုံချန်းက သူမကို ပြောလိုက်သည်။

"ခစ်ခစ်ခစ်... နင်က ရှက်နေတာလား" လုံချန်း၏ စကားကို ကြားသောအခါ သူမက မရယ်ဘဲ မနေနိုင် ဖြစ်သွားသည်။

လုံချန်းမှာမူ သူမ၏ နောက်ပြောင်မှုကြောင့် တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်လာသည်။

"အိုကွယ်... တကယ့် ကလေးလေးအတိုင်းပဲ။ ကောင်းပြီ၊ လွှတ်ပေးလိုက်မယ်" သူမက လုံချန်း၏ လက်ကို လွှတ်ပေးလိုက်သည်။

'ငါ့ကို နောက်ရတာ ဘယ်လောက် အရသာရှိလဲဆိုတာ ကြည့်ကြသေးတာပေါ့' သူ တွေးလိုက်သည်။ လုံချန်းက သူမ၏အနားသို့ တိုးသွားပြီး သူတို့နှစ်ဦးမှာ ချစ်သူရည်းစားများကဲ့သို့ သူမ၏ ခါးသွယ်လေးကို ဖက်လိုက်လေသည်။

ချူးမြောင်သည် သူမ၏ ခါးပေါ်သို့ လက်တစ်ဖက် ရောက်လာသည်ကို ခံစားလိုက်ရသဖြင့် မှင်တက်သွားသည်။

"န... နင် ဘာလုပ်တာလဲ" သူမက သူ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"ဘာလို့လဲ၊ ရှက်နေတာလား။ တကယ့် ကလေးလေးအတိုင်းပဲ" လုံချန်းက သူမ ပြောခဲ့သော စကားများကိုပင် ပြန်ပြောလိုက်ပြီး လက်ကိုတော့ မဖယ်ပေးပေ။

"စိတ်ဝင်စားစရာပဲ။ နင်က တော်တော်လေး ဇ,ရှိတာပဲ" လုံချန်း၏ စကားကို ကြားသောအခါ သူမ မရယ်ဘဲ မနေနိုင်တော့ပေ။

"ကောင်းပြီလေ... နင်က ဒီလိုမျိုး လမ်းလျှောက်ချင်တယ်ဆိုရင်လည်း နင့်ရဲ့သတ္တိက ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ ကြည့်ကြတာပေါ့" သူမက သဘောကျသော အပြုံးဖြင့် ဆိုလိုက်သည်။

သို့ဖြစ်ရာ အခြေအနေမှာ ထူးဆန်းသွားတော့သည်။ အဆင့် ၂ ချူးမြောင်နှင့် အဆင့် ၃ လုံချန်းတို့မှာ ချစ်သူများကဲ့သို့ တစ်ဦးကိုတစ်ဦး ဖက်ကာ လမ်းလျှောက်နေသည်ကို မြင်တွေ့ရသော တပည့်များအားလုံး မှင်တက်ကုန်ကြသည်။

"ဒါ ဘာတွေလဲဟ၊ ငါ အိပ်မက်မက်နေတာလား" တီယုသည် ဆေးဖော်စပ်ရေးခန်းမထဲမှ ထွက်လာစဉ် လုံချန်းနှင့် ချူးမြောင်တို့ကို သတိပြုမိသွားသည်။ သူတို့နှစ်ဦး ကပ်လျက်ရှိနေသည်ကို မြင်ရသဖြင့် သူ၏မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားသည်။

"စီနီယာ... ကျွန်တော် မြင်နေရတာကို အစ်ကိုကြီးလည်း မြင်နေရတာလား" တီယုက သူ့ဘေးတွင်ရပ်နေသော လုံချန်းကို ကြည့်နေသည့် အခြားအမျိုးသားတစ်ဦးကို မေးလိုက်သည်။

"ငါလည်း မြင်ပါတယ်။ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်လို့ပဲ ပြောရမှာပဲ" ထိုလူက ပြန်ဖြေသည်။

ထိုနေ့မှစ၍ ဂိုဏ်း၏ မိစ္ဆာနှင့် ပတ်သက်သော ကောလာဟလ စာရင်းထဲတွင် ကောလာဟလသစ်တစ်ခု ထပ်တိုးသွားတော့သည်။

၎င်းမှာ... လုံချန်းသည် မိန်းကလေးများကို လက်တစ်ချက်ထိရုံနှင့် ညှို့ယူဖမ်းစားနိုင်သော စွဲဆောင်မှုရှိသူဖြစ်ပြီး ဂိုဏ်း၏ ထိပ်တန်းအလှပဂေး ချူးမြောင်ကိုပင် ညှို့ယူနိုင်ခဲ့ကာ ယခုအခါ သူတို့မှာ နဂါးနှင့် ဖီးနစ်ကဲ့သို့ လိုက်ဖက်နေကြပြီ ဟူ၍ ဖြစ်သည်။

လုံချန်းကတော့ ဤကောလာဟလများကို မသိသလို သိလျှင်လည်း ဂရုစိုက်မည် မဟုတ်ပေ။ သူသည် ယခုအခါ မိစ္ဆာဂိုဏ်းထဲ ရောက်နေခြင်း ဖြစ်သည်။ အပြစ်ပေးခံရခြင်းမရှိဘဲ သူ နှစ်သက်ရာကို လုပ်နိုင်သော နေရာဖြစ်သည်။ သူ၏ စိတ်အတွင်းခံ ဆန္ဒများကို ထုတ်ဖော်ခြင်းဖြင့် သူ၏ နှလုံးသားမိစ္ဆာမှာ သူ့ကိစ္စများတွင် ဝင်ရောက်မနှောင့်ယှက်နိုင်ရန် သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။

၁၅ မိနစ်ခန့် လမ်းလျှောက်ပြီးနောက် သူတို့သည် ကြီးမားသော အဆောက်အအုံကြီး တစ်လုံးသို့ ရောက်ရှိလာသည်။ ခန့်မှန်းရလျှင် ၎င်းမှာ ပညာရပ်ခန်းမထက် အဆ ၂၀ ခန့် ပိုမို ကြီးမားသည်။ အဆောက်အအုံ၏ အပြင်ဘက်တွင် ကြယ် ၃ ပွင့်တပည့် အချို့ အစောင့်အဖြစ် ရပ်နေကြသည်။

လုံချန်းနှင့် ချူးမြောင်တို့သည် အစောင့်များထံသို့ လျှောက်သွားကြသည်။ "ဪ... စီနီယာ မြောင်" အစောင့်များက သူမကို နှုတ်ဆက်ကြသည်။

သူမက ခေါင်းတစ်ချက် ညိတ်ပြရုံဖြင့်သာ ပြန်တုံ့ပြန်လိုက်သည်။ "ဟန်ဟူ ဘယ်မှာလဲ" သူမက မေးသည်။

"စီနီယာဟန် ဒီမှာ မရှိသေးပါဘူး" အစောင့်များက ပြန်ဖြေသည်။

"ကောင်းပြီလေ။ ဒါဆို ငါ လုံချန်းနဲ့အတူ အထဲဝင်သွားလိုက်မယ်။ ဟန်ဟူ ပြန်လာရင် သူ့ကို အကြောင်းကြားလိုက်ပါ" သူမက ဆိုသည်။

"ဟို... စီနီယာ မြောင်။ စီနီယာဟန် ပြန်လာတဲ့အထိ ခဏလောက် စောင့်ပေးလို့ မရဘူးလား။ သူ့ရဲ့ ခွင့်ပြုချက်မပါဘဲ ဘယ်သူ့ကိုမှ အထဲမဝင်ခိုင်းဖို့ သူ မှာထားလို့ပါ" အစောင့်များက အားနာသောလေသံဖြင့် ပြောကြသည်။

"ဟက်... နင်တို့ရဲ့ ဟန်ဟူက ငါ့ကို ဆန့်ကျင်ရဲတဲ့ သတ္တိရှိတယ်လို့ နင်တို့ ထင်နေတာလား။ ငါ့ကိုထားပါဦး၊ ဂိုဏ်းရဲ့ မိစ္ဆာ လုံချန်းကိုရော သူ ရင်ဆိုင်ရဲမယ် ထင်လို့လား။ သူ နင်တို့ရဲ့ ခြေထောက်တွေကိုပါ မဖြတ်ခင်မှာ ငါတို့ကို အထဲဝင်ခွင့်ပေးလိုက်စမ်းပါ" ချူးမြောင်က ဆိုလိုက်သည်။

သူမမှာ ဒေါသထွက်လုနီးပါး ဖြစ်နေပုံရသော်လည်း အစောင့်များကို အကြောက်ဆုံး ဖြစ်စေသည်မှာ ဂိုဏ်း၏ မိစ္ဆာပင် ဖြစ်သည်။ သူတို့သည် လုံချန်းနှင့် ပတ်သက်သော ကောလာဟလများစွာကို ကြားဖူးကြသည်။ ချူးမြောင်ဆီမှ လုံချန်းဟူသော အမည်ကို ကြားလိုက်ရသည်နှင့် သူတို့မှာ ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားကြသည်။

"ငါတို့က အထဲကို လေ့လာကြည့်ရှုဖို့ပဲ ဝင်မှာပါ။ ဘာမှလည်း ခိုးလို့မရဘူးလေ။ ဟန်ဟူ ရောက်လာရင် အကြောင်းကြားလိုက်" သူမက ဆိုသည်။

သူမသည် လုံချန်း၏လက်ကို ဆွဲရန် ကြိုးစားလိုက်သော်လည်း လုံချန်းက အရှိန်အဟုန်ဖြင့် သူမ၏လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်သည်။ သူက သူမ၏လက်ကို ဆွဲကာ ရှေ့မှ ဦးဆောင်၍ ခန်းမထဲသို့ လှမ်းဝင်သွားလေတော့သည်။

အခန်း (၃၀၆) မင်း အဖေ

လုံချန်းသည် ထိုနေရာသို့ ဝင်လိုက်သည့်အခါ အတော်လေး အံ့အားသင့်သွားသည်။ ဤနေရာမှာ အလွန်ကြီးမားလှပြီး ကမ္ဘာပေါ်ရှိ တိရစ္ဆာန်ရုံကြီးတစ်ရုံနှင့်ပင် တူနေသည်။

ထိုနေရာတွင် သားရဲပေါင်း ရာနှင့်ချီ၍ ရှိနေသော်လည်း ၎င်းတို့အားလုံးမှာ တစ်ဝက်တစ်ပျက် ကြည်လင်နေသော သေတ္တာပုံစံ အတားအဆီးများအတွင်း ပိတ်လှောင်ခံထားရသည်။ နံရံများမရှိဘဲ ခန်းမကျယ်ကြီးထဲတွင် သားရဲများကို အတားအဆီးအသီးသီးဖြင့် သီးခြားစီ ခွဲထားခြင်းဖြစ်သည်။

သားရဲများထဲတွင် အတောင်ပံပါ ခြင်္သေ့အချို့ကိုပင် သူတွေ့လိုက်ရသည်။

"အံ့သြဖို့ကောင်းတယ် မဟုတ်လား။ ဒီမှာ သန်မာတဲ့ သားရဲတွေ အများကြီးရှိတယ်။ ငါက သားရဲတွေကို မယဉ်ပါးစေနိုင်တာ နှမြောဖို့ကောင်းတယ်၊ မဟုတ်ရင် တစ်ကောင်လောက် ယူသွားမှာ" သူမက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။ သူမက လုံချန်းကို မော့ကြည့်လိုက်သော်လည်း သူက သူမအား ကြည့်မနေသည်ကို သတိပြုမိသွားသည်။

လုံချန်းက တစ်စုံတစ်ယောက်ကို ရှာဖွေနေသကဲ့သို့ ခန်းမအနှံ့ ဝေ့ဝိုက်ကြည့်နေသည်။ သူရပ်နေသည့်နေရာမှ မည်သူ့ကိုမျှ မတွေ့သည့်အခါ အတားအဆီးများကြားရှိ လမ်းကြားများအတိုင်း ခန်းမအတွင်းပိုင်းသို့ စတင်လျှောက်လှမ်းသွားပြီး သားရဲများကို သေချာလိုက်ကြည့်နေသည်။

ထိုနေရာတွင် သားရဲမျိုးစုံ ရှိနေသည်။ အတောင်ပံပါ ခြင်္သေ့၊ ဝိညာဉ်နက်ကျီးကန်း၊ ဦးချိုပါ မြင်းသန်၊ သေမင်းကင်းမြီးကောက် နှင့် အခြားသော သားရဲများစွာ ရှိသည်။

သို့သော် သူ အမှန်တကယ် ဂရုစိုက်သည်မှာ အခြားတစ်ကောင်ဖြစ်သည်။ သူသည် မုဆိုးကြယ်ကို ရှာဖွေနေခြင်း ဖြစ်သည်။ သူသည် တစ်နာရီကျော်ကြာအောင် ခန်းမအနှံ့ ရှာဖွေခဲ့သော်လည်း မုဆိုးကြယ်၏ အရိပ်အယောင်မျှပင် မတွေ့ရပေ။

မုဆိုးကြယ် ဤနေရာတွင် မရှိသည်မှာ သေချာသွားပြီဟု သူ ခံစားလိုက်ရသည်။ ချူးမြောင်ကတော့ အဝင်ဝတွင် လုံချန်းကို စောင့်နေဆဲဖြစ်သည်။

လုံချန်းသည် မုဆိုးကြယ်ကို ရှာဖွေရင်း ခန်းမ၏ အခြားတစ်ဖက်အထိ ရောက်သွားခဲ့သော်လည်း စိတ်ပျက်မှုသာ ရရှိခဲ့သည်။ သူ အပြင်သို့ ပြန်ထွက်ရန် လှည့်လိုက်စဉ် တစ်ခုခုကို သတိပြုမိသွားသည်။ အနီးအနားတွင် တစ်ခုခု လှုပ်ရှားသွားသလို သူ ခံစားလိုက်ရခြင်း ဖြစ်သည်။

လုံချန်းသည် တစ်ဝက်တစ်ပျက် ကြည်လင်နေသော သေတ္တာတစ်လုံး၏ ထောင့်သို့ လျှောက်သွားလိုက်ရာ သေတ္တာအကွယ်တွင် ပုန်းနေသော အားနည်းပုံရသည့် မြွေငယ်လေးတစ်ကောင်ကို တွေ့လိုက်ရသည်။

"ကောင်လေး... မင်းက အတားအဆီးထဲကနေ ထွက်ပြေးလာတာလား" လုံချန်းက သာမန်ကာလျှံကာ မေးလိုက်သည်။ အဖြေရလိမ့်မည်မဟုတ်ကြောင်း သိသော်လည်း သူသည် သားရဲငယ်လေးများနှင့် စကားပြောရသည်ကို နှစ်သက်သည်။

မြွေငယ်လေးမှာ အကျယ် ၅ စင်တီမီတာခန့်နှင့် အရှည် ၁ မီတာခန့် ရှိသည်။

"မင်းအဖေ ငါက ဘာလို့ အတားအဆီးထဲက ထွက်ပြေးရမှာလဲ။ အဲဒီအမှိုက်တွေက မင်းအဖေကို ဖမ်းနိုင်တယ်လို့ မင်းထင်နေတာလား"

မထင်မှတ်ဘဲ သူ အဖြေပြန်ရလိုက်သည်။

"ဘာလဲဟ" ဤသည်မှာ လုံချန်း၏ ပါးစပ်မှ ထိတ်လန့်တကြား ထွက်လာသော တလုံးတည်းသော စကားလုံး ဖြစ်သည်။

"ဘာလဲဟ ဟုတ်လား။ မင်းကမှ ဘာလဲဟ။ မင်းတစ်မိသားစုလုံး ဘာလဲဟ။ မင်းအဖေ ငါက ဝိညာဉ်မြွေဘုရင်ကွ" မြွေက ပြန်အော်လိုက်သည်။

'စိတ်ဝင်စားစရာပဲ။ မြွေဘုရင် မျိုးစိတ်ထဲက တစ်ကောင်ပဲ။ လုံချန်း... နင် အဲဒီသားရဲကို သေချာပေါက် ယဉ်ပါးအောင် လုပ်ရမယ်' ရွှင်း၏ အသံက လုံချန်း၏ ခေါင်းထဲတွင် ပေါ်လာသည်။

'ဒီကောင်က တကယ်ပဲ အဲဒီလောက် ထူးခြားလို့လား' လုံချန်းက စိတ်ထဲမှ မေးလိုက်သည်။

'နောက်မှ ငါ ရှင်းပြမယ်။ အခုလောလောဆယ်တော့ ယဉ်ပါးအောင်ပဲ လုပ်လိုက်။ လိုအပ်ရင် အင်အားသုံးလိုက်' သူမက ပြန်ဖြေသည်။

"ဟားဟားဟား... မင်း ဆွံ့အသွားပြီလား။ ဒါက သာမန်တုံ့ပြန်မှုပါပဲ။ ဒီဘုရင်ကြီးရဲ့ ဆွဲဆောင်မှုက သေလောက်အောင် ပြင်းထန်လွန်းလို့ ငါလည်း ဘာမှမတတ်နိုင်ဘူး။ ဒါတွေက ဘုရားပေးတဲ့ ဆုလာဘ်တွေပဲ" မြွေက တိတ်ဆိတ်နေသော လုံချန်းကို ကြည့်ပြီး ထပ်ပြောလိုက်သည်။

"ကဲ... အခု ဒီကနေ ထွက်သွားတော့။ မင်းအဖေ အနားယူပါရစေဦး"

"မင်းက တော်တော်လေး ရိုင်းတာပဲနော်။ ဘာပဲဖြစ်ဖြစ်... မင်း ငါ့ရဲ့ ယဉ်ပါးသားရဲ လုပ်မလား" လုံချန်းက မတိုက်ခိုက်ဘဲ သဘောတူညီမှုရရန် ကြိုးစားကြည့်သည်။

"ဟားဟားဟား... မင်းမျက်နှာကို ကြည့်ကတည်းက မင်းက ဟာသသရုပ်ဆောင် ဖြစ်သင့်တယ်လို့ ငါ ခံစားမိသားပဲ။ မျှော်လင့်ထားတဲ့အတိုင်း မင်းအဖေ ငါက ဘယ်တော့မှ မမှားဘူး" မြွေက လှောင်ပြောင်သောလေသံဖြင့် ပြန်ပြောသည်။

"ကောင်းပြီလေ... ဒါဆိုရင်တော့ အတင်းအကျပ် လုပ်ရတော့မှာပဲ" လုံချန်းက မြွေကို ဖမ်းရန် လက်လှမ်းလိုက်သော်လည်း ထိုအချိန်တွင် မြွေ၏မျက်လုံးများမှာ စတင် လင်းထိန်လာသည်။

လုံချန်းမှာ တစ်နေရာတည်းတွင် ရပ်တန့်သွားသည်။ သူသည် ကိုယ်လက်လှုပ်ရှား၍မရဘဲ သေနေသကဲ့သို့ ဖြစ်သွားသည်။

"မင်းအဖေ စကားကို နားထောင်သင့်တာ။ ငါ သွားတော့မယ်။ ငါ့ရှေ့မှာ မင်းရဲ့ ရုပ်ဆိုးတဲ့ မျက်နှာကို ဘယ်တော့မှ ထပ်မပြနဲ့" မြွေသည် ထောင့်ထဲမှ ထွက်လာပြီး လုံချန်း၏ ဘေးမှ ဖြတ်ကာ ပြေးထွက်သွားသည်။

'ဒီကောင်စုတ်လေး...' လုံချန်းက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

သူ၏ မျက်လုံးအရောင်မှာ ကြယ်တာရာ အနက်ရောင်သို့ ပြောင်းလဲသွားပြီး ဟင်းလင်းပြင် နိယာမကို စတင် အသုံးပြုလိုက်သည်။ သူသည် ချုပ်နှောင်ထားသော အတားအဆီးအား ချိုးဖျက်လိုက်ပြီး နေရာရွှေ့ပြောင်းခြင်းကို သုံးကာ အခြားတစ်နေရာတွင် ပေါ်လာသည်။

ကံကောင်းထောက်မစွာပင် သူ ပေါ်လာသော နေရာမှာ ထွက်ပြေးနေသော မြွေ၏ ဘေးတည့်တည့်တွင် ဖြစ်သည်။ သူသည် မြွေ၏ လည်ပင်းကို အမြန်ဖမ်းဆွဲကာ လေထဲသို့ မြှောက်လိုက်သည်။

"မင်းလို သားမိုက်ကများ၊ မင်းအဖေ ငါ့ကို နာကျင်အောင်လုပ်ဖို့ ငါ မင်းကို မွေးခဲ့တာ ထင်နေလား။ ငါ့ကို လွှတ်စမ်း" မြွေက ဆဲဆိုနေဆဲ ဖြစ်သည်။

"အခု မင်း ထွက်ပြေးကြည့်ဦးလေ" လုံချန်းက ပြုံးလျက် ဆိုကာ သူ၏ ညာဘက်လက်မကို အနည်းငယ် လှီးလိုက်သည်။ သွေးများ စတင်ထွက်လာသည်။

"ဘာလဲဟ" သူ အံ့သြတကြား အော်လိုက်မိသည်။ မြွေ၏ အရွယ်အစားမှာ ရုတ်တရက် ကြီးထွားလာသောကြောင့် ဖြစ်သည်။ မြွေသည် အလွန်မြန်သော အရှိန်ဖြင့် ကြီးထွားလာသဖြင့် သူ ဖမ်းထားရန်ပင် ခက်ခဲလာသည်။

သူ အချိန်မဆွဲတော့ဘဲ သူ၏သွေးကို မြွေ၏ နဖူးပေါ်သို့ အမြန်တင်လိုက်သည်။

"အီး..." မြွေသည် သူ၏ ခန္ဓာကိုယ်အတွင်း လျှပ်စစ်စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး ပြန်လည် သေးငယ်သွားကာ မူလအရွယ်အစားသို့ ရောက်သွားသည်။ ခဏမျှ လင်းထိန်သွားပြီးနောက် သူတို့နှစ်ဦးကြားတွင် စိတ်ချင်းဆက်နွယ်မှု တည်ဆောက်ပြီးသွားပြီ ဖြစ်သည်။

"ထူးဆန်းလိုက်တာ။ တော်တော်မြန်တာပဲ။ မင်း နည်းနည်းလေးတောင် ပြန်မတွန်းလှန်ဘူးလား" လုံချန်းက မြွေကိုကြည့်ကာ ရယ်မောလိုက်သည်။

"တွန်းလှန်တော့ ဘာထူးမှာလဲ။ ငါ ပြန်တွန်းလှန်ရင် သေရုံပဲ ရှိမယ်လို့ ခံစားလိုက်ရတယ်။ ငါ မသေချင်သေးဘူး။ ငါ မိန်းမတောင် မယူရသေးဘူးလေ။ ငါသေသွားရင် ငါ့ရဲ့ ကိုယ်လုပ်တော်ပေါင်းများစွာ ထားမယ့် အိပ်မက်တွေ ဘာဖြစ်ကုန်မလဲ" မြွေက ဂုဏ်ယူဝံ့ကြွစွာ ပြန်ပြောသည်။

"ထားပါတော့။ မင်းနဲ့ နောက်မှ စကားပြောမယ်။ အခုလောလောဆယ် သားရဲနယ်မြေထဲ သွားနေလိုက်ဦး" လုံချန်းသည် မြွေကို သူ၏လက်စွပ်အတွင်းရှိ သားရဲနယ်မြေထဲသို့ ပို့လိုက်သည်။

လုံချန်းသည် ပြန်လျှောက်လာပြီး ချူးမြောင်နှင့် ပြန်ဆုံသည်။ "လိုက်ပြပေးတဲ့အတွက် ကျေးဇူးပဲ။ ကြည့်လို့ ပြီးပြီ။ ပြန်ရအောင်" ထိုသို့ ဆိုကာ ချူးမြောင်နှင့်အတူ ထွက်လာခဲ့သည်။ သူ၏ နေအိမ်နှင့် နီးကပ်လာသောအခါ သူမနှင့် လမ်းခွဲခဲ့လိုက်လေသည်။

All Chapters