အခန်း (၃၀၉-၃၁၀)
Vol. 31 Ch. 309-310
အခန်း (၃၀၉) မြွေဘုရင်၏ ထူးခြားချက်
"ဘာပဲဖြစ်ဖြစ် မင်း ပိုသန်မာလာအောင် ကြိုးစားထားပါ။ မကြာခင်မှာ မင်း အလုပ်စလုပ်ရမယ့် အချိန်ရောက်လာတော့မယ်" လန်ကျင်းက ဆိုသည်။
သူ ထွက်ခွာတော့မည့်ဆဲဆဲတွင် လုံချန်းက လှမ်းခေါ်လိုက်သည်။ "နေဦး..."
"ကျုပ်ရဲ့ မိစ္ဆာမုဆိုးသားရဲနဲ့ ကျုပ်ရဲ့ ဓားကို ပြန်ပေးပါ။ ခင်ဗျားက ကျုပ်ကိုယ်ထဲမှာ ကုလို့မရတဲ့ အဆိပ်ကို ထည့်ထားပြီးသားပဲ။ ဓားစာခံ ထားစရာ မလိုတော့ဘူး ထင်တယ်" သူက ဆိုသည်။
"ငါ ဓားစာခံ ထားစရာ မလိုတာတော့ အမှန်ပဲ၊ ဒါပေမဲ့ သူ့ကို ငါ့နားမှာ ခဏလောက် ထပ်ထားဦးမယ်။ နောင်ကျရင် မင်း ငါ့အလုပ်တွေကို အောင်အောင်မြင်မြင် လုပ်ပေးပြီးတဲ့ အခါမှပဲ သူ့ကို ပြန်ရလိမ့်မယ်" လန်ကျင်းက ပြောသည်။
"မင်းရဲ့ ဓားကိုတော့ ပြန်ယူသွားနိုင်ပါတယ်။ အဲဒါက ကောင်းတော့ ကောင်းသားပဲ၊ ဒါပေမဲ့ ငါ့အတွက်တော့ အဲဒီလောက် မဟုတ်သေးဘူး" သူသည် ဘုရင်ဓားကို ထုတ်ကာ လုံချန်းထံသို့ ပစ်ပေးလိုက်သည်။
ထူးဆန်းသည်မှာ လုံချန်း ဤဓားကို အသုံးပြုသည့် အခါတိုင်းတွင် ဓားအရှိန်အဝါတစ်ခု အမြဲပါရှိနေသော်လည်း လန်ကျင်း ထုတ်လိုက်ချိန်တွင်မူ မည်သည့်အရှိန်အဝါမှ ရှိမနေပေ။
'ဓားက သူ့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားတာလား။ အဲဒါက ဓားမှာ ဝိညာဉ် ပေါက်ဖွားနေမှပဲ ဖြစ်နိုင်မှာလေ' လုံချန်းသည် ဓားကို ဖမ်းလိုက်ရင်း တွေးတောနေမိသည်။
လန်ကျင်းသည် အခြားဘာမှ ထပ်မပြောဘဲ ထွက်ခွာသွားလေသည်။
"ပြန်လာတာ ကြိုဆိုပါတယ် သူငယ်ချင်း" လုံချန်းသည် ဓား၏ ထက်မြက်သော ဓားသွားကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ သူသည် ဓားကို ရှေးဟောင်းလက်စွပ်ထဲသို့ ပြန်ထည့်ကာ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
သူ အခန်းတံခါးကို ပိတ်ရန် ကြိုးစားလိုက်သော်လည်း တံခါးတစ်ဝက်မှာ ပျောက်ဆုံးနေသည်ကို သတိပြုမိသွားသည်။ ဘာဖြစ်ခဲ့သည်ကို သူ ခန့်မှန်းနိုင်သော်လည်း နေရသည်မှာ တစ်မျိုးကြီး ဖြစ်နေဆဲပင်။ ကံကောင်းထောက်မစွာဖြင့် ထိုနေရာတွင် အခြားအခန်းများ ရှိနေသေးသဖြင့် သူသည် အခြားအခန်းတစ်ခန်းသို့ ပြောင်းရွှေ့ကာ တံခါးပိတ်လိုက်သည်။
သူသည် ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး ရွှင်းကို ခေါ်လိုက်သည်။
"မြွေဘုရင်ကို ဘာကြောင့် အတင်းအကျပ် ဖမ်းခိုင်းရတာလဲဆိုတာ ရှင်းပြဖို့ အချိန်တန်ပြီ ထင်တယ်" သူက သူ့ဘေးတွင် ထိုင်နေသော ရွှင်းကို မေးလိုက်သည်။
"အကြောင်းပြချက် ၃ ချက် ရှိတယ်။ ပထမအချက်က မြွေဘုရင်မှာ ရှေးဟောင်းသွေးမျိုးဆက် ရှိနေလို့ပဲ။ သူ့မှာ ရှေးဟောင်း အမှောင် နတ်ဘုရားမြွေရဲ့ သွေးမျိုးဆက် ရှိတယ်။ နောင်ကျရင် သူက သူ့ရဲ့သွေးမျိုးဆက် ၁ ရာခိုင်နှုန်းလောက်ကိုတောင် နိုးထစေနိုင်မယ်ဆိုရင် နင့်အတွက် အကြီးအကျယ် အထောက်အကူ ဖြစ်လိမ့်မယ်။ သူ့ရဲ့ ခွန်အားက ဆတ်တိုက် တိုးလာမှာလေ။ သူ အားနည်းနေသေးတဲ့ အချိန်မှာ ဖမ်းဖို့က အကောင်းဆုံး အခွင့်အရေးပဲ" ရွှင်းက ရှင်းပြသည်။
"ဒုတိယ အကြောင်းပြချက်ကလည်း နင့်အတွက်ပါပဲ။ မိစ္ဆာဘုရင် မျိုးစိတ်တွေက မျိုးတုံးလုနီးပါး ဖြစ်နေပြီ၊ ဒါပေမဲ့ မိစ္ဆာဘုရင်တစ်ကောင်ကို ရှာတွေ့ပြီး ယဉ်ပါးအောင် လုပ်နိုင်ခဲ့ရင် ကံကောင်းတဲ့ အတွေ့အကြုံတွေ အများကြီး ထပ်ကြုံရတတ်တယ်ဆိုတာ လူသိများတဲ့ အချက်ပဲ။ ဒါကြောင့်လည်း မိစ္ဆာဘုရင်ကို မဟာကံတရား သားရဲလို့လည်း ခေါ်ကြတာ" သူမက ဆက်ပြောသည်။
"စိတ်ဝင်စားစရာပဲ။ သားရဲတစ်ကောင်က ဒီလောက်အထိ အသုံးဝင်မယ်လို့ ငါ မထင်ထားဘူး" လုံချန်းက အံ့သြစွာ ဆိုသည်။ "ဒါဆို တတိယ အကြောင်းပြချက်ကကော ဘာလဲ"
"တတိယ အကြောင်းပြချက်လား။ အဲဒါကတော့ ပျော်ဖို့ကောင်းလို့ပဲလေ။ နင်တို့နှစ်ယောက် အားတက်သရော ငြင်းခုံနေကြတာကို ငါက ကြည့်ရတာ သဘောကျလို့" ရွှင်းက ရယ်မောရင်း ပြောလိုက်သည်။ သူမ၏ ရယ်သံမှာ လှပသော သံစဉ်တစ်ပုဒ်ကဲ့သို့ လုံချန်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
"နင် ရယ်နေတဲ့အချိန်မှာ တကယ်ကို လှတာပဲ" လုံချန်းက သူမကို စိုက်ကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။
"နင် မဟုတ်က ဟုတ်ကတွေ ထပ်ပြောပြန်ပြီ" သူမက ပြုံးရယ်နေခြင်းကို ရပ်လိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ဆိုသည်။
"ငါ နောက်နေတာ မဟုတ်ဘူး။ ငါ ဒါကို အမြဲတမ်း သိနေပေမဲ့ အခုမှပဲ ထုတ်ပြောချင်စိတ် ပေါက်လာလို့။ ဘာခံစားချက်ကိုမှ ဖုံးကွယ်မထားချင်တော့လို့လည်း ပါမှာပေါ့။ အခုကစပြီး ငါ လူတိုင်းအပေါ် ရိုးသားတော့မယ်။ ငါ့ရဲ့ လုပ်ရပ်တွေကို ကန့်သတ်မထားခြင်းအားဖြင့် ငါ့ရဲ့ နှလုံးသားမိစ္ဆာကို ခွန်အားထပ်မပေးတော့ဘူး" လုံချန်းက ဆိုသည်။
"စိတ်ဝင်စားစရာပဲ။ ဒါဆို နင်က ကိုယ့်ကိုယ်ကိုယ် ရိုးသားဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီစကားကို ငါ လက်ခံလိုက်ပါမယ်။ ဒီဘုရင်မက မွေးကတည်းက လှပြီးသားပဲလေ" ရွှင်းက ဂုဏ်ယူဝံ့ကြွစွာ ပြုံးလျက် ဆိုသည်။
"ဟားဟားဟား... နင် အဲဒါကို သိနေတာ ကောင်းတာပေါ့" လုံချန်း မရယ်ဘဲ မနေနိုင်တော့ပေ။ "ဒါနဲ့... ရတနာလုံး အသစ်နဲ့ ပတ်သက်ပြီး အရိပ်အမြွက် တစ်ခုခု ရပြီလား"
"နည်းနည်းပါပဲ။ အဲဒါက ငါတို့ရဲ့ ပတ်ဝန်းကျင် မီတာ ၁၀ဝ၀ အတွင်းမှာ ရှိနေရမယ်။ အဲဒီထက် ပိုပြီးတော့တော့ ငါ အတိအကျ မပြောနိုင်သေးဘူး" သူမက ဆိုသည်။
"မီတာ ၁၀ဝ၀ ပတ်လည် ဟုတ်လား။ ငါသိသလောက်တော့ ဒီနယ်မြေထဲမှာ အရာတွေ အများကြီး ရှိတယ်။ တပည့်အချို့ရဲ့ နေအိမ်ဝင်းတွေရှိတယ်၊ အဆင့်သတ်မှတ်ချက်ခန်းမနဲ့ ပညာရပ်ခန်းမ ရှိတယ်။ အဲဒီတော့ ရတနာလုံးက အဲဒီနေရာတွေထဲက တစ်ခုခုမှာ ရှိနေမှာပေါ့။ မြေအောက်ထဲမှာ ရောက်မနေဘူးဆိုရင်ပေါ့လေ"
"မြေအောက်မှာတော့ မရှိလောက်ပါဘူး" သူမက ဆိုသည်။
"ဘာလို့ အဲဒီလို သေချာပြောနိုင်ရတာလဲ"
"ရတနာလုံးတွေက ရှာတွေ့ဖို့ ဖန်တီးထားတာလေ။ ဂူသင်္ချိုင်းတွေ ဒါမှမဟုတ် မြေအောက်အကျဉ်းထောင်တွေထဲမှာ မဟုတ်ရင် သူတို့က အမြဲတမ်း ပွင့်လင်းတဲ့ နေရာတွေမှာပဲ ရှိတတ်တယ်" သူမက ရှင်းပြသည်။
"အဲဒီအတိုင်း ဖြစ်ပါစေလို့ပဲ ဆုတောင်းရမှာပဲ" လုံချန်းက စဉ်းစားဟန်ဖြင့် ဆိုသည်။ "ဒါပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့ နေရာ ၃ ခုလုံးက ပြဿနာရှိတယ်။ တစ်စုံတစ်ယောက်ရဲ့ နေအိမ်ဝင်းထဲကို ဝင်ရှာဖို့က မလွယ်ဘူး။ အဆင့်သတ်မှတ်ချက်ခန်းမနဲ့ ပညာရပ်ခန်းမဆိုရင် ပိုတောင် ခက်ဦးမယ်"
"နင် လက်မလျှော့လိုက်နဲ့ဦး။ နိယာမ အသစ်တစ်ခု ရှာတွေ့တာက နင့်ရဲ့ ခွန်အားနဲ့ နင့်ရဲ့ တာဝန်တွေအတွက် အကြီးအကျယ် အထောက်အကူ ဖြစ်စေမှာ" ရွှင်းက လုံချန်းကို အားပေးလိုက်သည်။
"မှန်ပါတယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ အနည်းဆုံးတော့ ကြိုးစားကြည့်ရမှာပဲ။ ညကျမှ ငါ သွားရှာမယ်" လုံချန်းက ဆိုလိုက်သည်။
"ကောင်းပြီ" ရွှင်းက ထိုသို့ ဆိုကာ ပျောက်ကွယ်သွားသည်။ လုံချန်းသည်လည်း ညရောက်ရန် စောင့်ဆိုင်းရင်း ကျင့်ကြံခြင်းကို စတင်လိုက်လေသည်။
နာရီအနည်းငယ် ကုန်လွန်သွားပြီးနောက် အပြင်ဘက်တွင် မှောင်လာခဲ့သည်။ လုံချန်းသည် သူ၏ ဝိညာဉ်အာရုံကို သုံး၍ ပတ်ဝန်းကျင်အား စစ်ဆေးလိုက်ပြီး အရာအားလုံး ပုံမှန်ဖြစ်သည်ကို တွေ့ရသဖြင့် နေအိမ်ဝင်းမှ ထွက်လာခဲ့သည်။
သူသည် အနီးဆုံးရှိ နေအိမ်ဝင်းတစ်ဝင်းသို့ လျှောက်သွားလိုက်သည်။ သူသည် နေရာရွှေ့ပြောင်းခြင်း လုပ်လိုသော နေရာကို မြင်နေရရန် ပြတင်းပေါက်မှတစ်ဆင့် အတွင်းသို့ လှမ်းကြည့်လိုက်သည်။
လုံချန်းသည် အခန်းအတွင်းသို့ နေရာရွှေ့ပြောင်းဝင်ရောက်ကာ တိတ်ဆိတ်စွာ စတင်ရှာဖွေသည်။ သူ တစ်နေရာလုံးကို ရှာဖွေခဲ့သော်လည်း စွမ်းအင်လုံးကို မတွေ့ရပေ။ မိန်းကလေးတစ်ဦး၏ အဝတ်အစားအချို့ကိုသာ တွေ့ခဲ့ရသည်။
သူသည် အပြင်သို့ ပြန်ထွက်ကာ အခြားနေအိမ်ဝင်းတစ်ဝင်းသို့ သွားလိုက်သည်။ သူ အထဲသို့ နေရာရွှေ့ပြောင်း ဝင်လိုက်သည့်အခါ အိပ်ခန်းထဲမှ ကျယ်လောင်သော ညည်းညူသံများကို ကြားလိုက်ရသဖြင့် အံ့သြသွားသည်။
'မင်းတို့တွေကတော့ ပျော်တတ်လိုက်ကြတာ' သူ တွေးရင်း တစ်ခန်းလုံးကို စတင်ရှာဖွေသည်။ မိနစ် ၂၀ မပြည့်မီမှာပင် သူသည် နေအိမ်ဝင်းအတွင်းရှိ နေရာအားလုံးကို စစ်ဆေးပြီးသွားပြီ ဖြစ်သည်။ ကျန်နေသည့် တစ်ခုတည်းသော နေရာမှာ အိပ်ခန်းပင် ဖြစ်သည်။ သူ မည်မျှပင် မဝင်ချင်ပါစေ ထိုနေရာကိုလည်း သွားရောက် စစ်ဆေးရမည် ဖြစ်သည်။
အခန်း (၃၁၀) တစ္ဆေ
လုံချန်းသည် တစ်ပါးသူတို့၏ ကိစ္စကို ကြည့်ရှုရန် ဝန်လေးနေသော်လည်း အိပ်ခန်းဆီသို့ ခြေလှမ်းလှမ်းလိုက်သည်။ သူသည် ထိုစုံတွဲအပေါ် ပုံရိပ်ယောင် နိယာမ အသုံးပြုရန် ပြင်ဆင်ထားသဖြင့် သူ၏မျက်လုံးများမှာ မြူနှင်းရောင် အလင်းတန်းများ တောက်ပနေသည်။
သူသည် အခန်းဝသို့ ရောက်သည်နှင့် စုံတွဲကို လှမ်းမြင်လိုက်ရကာ သူတို့၏မျက်စိထဲတွင် သူကိုယ်သူ မမြင်နိုင်စေရန် ပုံရိပ်ယောင် နိယာမကို အသုံးပြုလိုက်သည်။ သူသည် ထိုစုံတွဲအနားသို့ တိုးသွားသည်။ အမျိုးသားမှာ ကုတင်ပေါ်တွင် ဘုရင်တစ်ပါးကဲ့သို့ လဲလျောင်းနေပြီး အမျိုးသမီးကသာ အလုပ်အားလုံးကို လုပ်ဆောင်နေခြင်း ဖြစ်သည်။
"အဲဒါပဲ အချစ်လေး... မြန်မြန်" ထိုလူငယ်က သာယာမှုကြောင့် မျက်လုံးများကို မှိတ်ထားရင်း ပြောလိုက်သည်။ လုံချန်းက အမျိုးသမီး၏ ဂုတ်ပိုးကို လက်ဖြင့် ရိုက်ချလိုက်ရာ သူမမှာ သတိလစ်သွားတော့သည်။
အမျိုးသမီးသည် ကျန်းမာသန်စွမ်းသော လူငယ်၏ အပေါ်သို့ လဲကျသွားသည်။ "ဘာဖြစ်တာလဲ၊ ဘာလို့ ရပ်သွားတာလဲ အချစ်လေး" အမျိုးသမီး လှုပ်ရှားမှု မရှိတော့သဖြင့် လူငယ်က မျက်လုံးဖွင့်ကာ မေးလိုက်သည်။
"အိပ်ပျော်သွားတာလား။ အတည်ကြီးလား" မည်သည့်အဖြေမှ ပြန်မရသဖြင့် သူက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။
သူသည် အမျိုးသမီးကို ဘေးသို့တွန်းဖယ်ကာ ထရပ်လိုက်သည်။ ထိုအချိန်တွင် လုံချန်းက ထိုလူကိုပါ တိုက်ခိုက်ကာ သတိလစ်သွားအောင် လုပ်လိုက်လေသည်။
'မင်းတို့ရဲ့ အချစ်ဘဝကို နှောင့်ယှက်မိလို့ စိတ်မကောင်းပါဘူး' လုံချန်းက သတိလစ်နေသော စုံတွဲကို ကြည့်ရင်း တွေးလိုက်သည်။
သူ၏မျက်လုံးများမှာ မူလအရောင်သို့ ပြန်ပြောင်းသွားကာ ပုံရိပ်ယောင် ပညာကို ရုပ်သိမ်းလိုက်သည်။ သူသည် အခန်းအနှံ့ လိုက်လံရှာဖွေတော့သည်။ သို့သော် ကံဆိုးစွာဖြင့် ထိုနေရာတွင်လည်း ရတနာလုံးကို မတွေ့ရပေ။
သူသည် ထိုနေအိမ်ဝင်းမှ ထွက်ခွာပြီး အခြားဝင်းတစ်ဝင်းသို့ ကူးပြောင်းရှာဖွေပြန်သည်။ ဤသို့ဖြင့် သူသည် မီတာတစ်ထောင်အတွင်းရှိ နေအိမ်ဝင်းအားလုံးကို ရှာဖွေခဲ့သည်။ ထူးဆန်းသောအရာများစွာကို သူတွေ့ခဲ့သော်လည်း သူအလိုရှိသော ရတနာလုံးကိုတော့ မတွေ့ခဲ့ရပေ။
နံနက် ၄ နာရီ ရှိလာပြီး ကောင်းကင်မှာ စတင် လင်းထိန်လာသည်။ သူသည် သူ၏နေအိမ်ဝင်းသို့ ပြန်လာကာ အိပ်ခန်းထဲဝင်၍ အိပ်စက်လိုက်တော့သည်။
လုံချန်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် ဂိုဏ်းအတွင်း၌မူ မနေ့ညက ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့် ကိစ္စများအကြောင်း ပြောဆိုနေကြသည်။ အိပ်ပျော်နေသူများမှာ ဘာမှမခံစားရသော်လည်း နိုးနေသူများကမူ သူတို့ သတိမလစ်မီ တစ်စုံတစ်ယောက်၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်ဟု ခံစားရကြောင်း ပြောဆိုကြသည်။
အထူးခြားဆုံးမှာ သူတို့ တိုက်ခိုက်ခံရချိန်တွင် အခန်းထဲ၌ မည်သူမျှ ရှိမနေခြင်း ဖြစ်သည်။ ထို့အပြင် သူတို့၏ နေအိမ်ဝင်းများမှ မည်သည့်အရာမှလည်း ပျောက်ဆုံးခြင်း မရှိပေ။
အများစုကမူ ၎င်းမှာ တစ္ဆေတစ်ကောင်၏ လက်ချက်ဖြစ်သည်ဟု ပြောနေကြသည်။ ထိုထူးဆန်းသော ကိစ္စများမှာ မိစ္ဆာလုံချန်း၏ နေအိမ်နှင့် နီးကပ်သော နေရာများတွင်သာ ဖြစ်ပွားခဲ့သဖြင့် ၎င်းမှာ လုံချန်း သတ်ခဲ့သော လူတစ်ယောက်၏ ဝိညာဉ်ဖြစ်လိမ့်မည်ဟု သူတို့ အားလုံး ထင်မှတ်နေကြသည်။
လုံချန်းသည် ၈ နာရီခန့် ကောင်းကောင်းအိပ်စက်ပြီးနောက် မွန်းလွဲပိုင်းတွင် နိုးလာသည်။ သူ အခန်းထဲမှ ထွက်လာသည့်အခါ ဧည့်ခန်းတွင် ထိုင်နေသော မန်ကုကို တွေ့လိုက်ရသည်။
"မင်္ဂလာနံနက်ခင်းပါ သခင်လေး" သူက လုံချန်းကို နှုတ်ဆက်သည်။
"မင်္ဂလာနံနက်ခင်းပါ" လုံချန်းက ပြန်လည်နှုတ်ဆက်လိုက်သည်။
"သခင်လေး... မနေ့ညက ထူးဆန်းတာတစ်ခုခု ခံစားမိလား" သူက မေးသည်။
"ထူးဆန်းတာ ဟုတ်လား။ ဘာကို ပြောတာလဲ" လုံချန်းက ဝေခွဲမရသော မျက်နှာထားဖြင့် မေးလိုက်သည်။
"မနေ့ညက တစ္ဆေတစ်ကောင် လိုက်တိုက်ခိုက်နေတယ်လို့ လူအများကြီး ပြောနေကြတာ ကြားရလို့ပါ။ အဲဒါ သခင်လေး သတ်ခဲ့တဲ့ လူတစ်ယောက်ရဲ့ ဝိညာဉ်လို့တောင် ပြောနေကြတယ်" မန်ကုက အလေးအနက် ရှင်းပြသည်။
"ငါသတ်ခဲ့တဲ့ လူရဲ့ ဝိညာဉ် ဟုတ်လား။ စိတ်မပူပါနဲ့။ အဲဒီတစ္ဆေက ဘယ်သူပဲဖြစ်ဖြစ် ငါ့ကိုတော့ လာတိုက်မှာ မဟုတ်ပါဘူး" လုံချန်းက ခနဲ့ပြုံးဖြင့် ဆိုလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါ အပြင်သွားဦးမယ်။ ဒီနေရာကို သေချာကြည့်ထားပေးဦး" ထိုသို့ ဆိုကာ လုံချန်း ထွက်လာခဲ့သည်။ သူ၏ နောက်ထပ် ပစ်မှတ်ဖြစ်သော ပညာရပ်ခန်းမဆီသို့ ဦးတည်လျှောက်လှမ်းလာခဲ့သည်။
လမ်းတွင် လူအများအပြား စုဝေးကာ မနေ့ညက အဖြစ်အပျက်ကို ပြောနေကြသော်လည်း လုံချန်း လာသည်ကို မြင်သည်နှင့် အလျင်အမြန် လူစုခွဲလိုက်ကြသည်။
"အရူးတွေ" လုံချန်းက သူတို့ကို ဂရုမစိုက်ဘဲ ရေရွတ်လိုက်သည်။
မကြာမီပင် သူ ပညာရပ်ခန်းမသို့ ရောက်ရှိသွားသည်။ အထဲသို့ ဝင်လိုက်ရာ ချူးမြောင်ကို ထပ်မံတွေ့ရှိရပြန်သည်။
"ဒီနေ့လည်း ခင်ဗျား တာဝန်ပဲလား" သူက ချူးမြောင်ထံ လျှောက်သွားရင်း မေးလိုက်သည်။ ချူးမြောင်သည် လုံချန်းကို မြင်သည့်အခါ လက်ထဲရှိ စာအုပ်ကို ချလိုက်သည်။
"နင် ဒီကို ဘာလာလုပ်တာလဲ" ချူးမြောင်က အံ့သြစွာ မေးသည်။
"ဘာလုပ်မှာလဲ... ခင်ဗျားကို လာတွေ့တာပေါ့" လုံချန်းက ပြုံးလျက် ဆိုသည်။
"ဟက်... ငါ့ရဲ့ ဆွဲဆောင်မှုမှာ နင် ညှို့ယူခံလိုက်ရပြီလို့ ပြောတော့မှာဆိုရင် အဲဒါကို နင့်ဘာသာ သိမ်းထားလိုက်ပါ။ တကယ် ဘာလာလုပ်တာလဲ ပြောစမ်းပါ" သူမက စိတ်ဝင်တစား မေးလိုက်သည်။
"ပညာရပ်တစ်ခု လာရှာတာပါ" သူက ငြင်းခုံမနေတော့ဘဲ တိုက်ရိုက်ပြောလိုက်သည်။
"ဟင်း... နင် ပညာရပ်လာရှာမယ်ဆိုတာ ငါ သိသားပဲ။ နင် အရင်တစ်ခေါက် ရခဲ့တာက အသုံးမကျဆုံး ပညာရပ်ကိုး။ ဒါနဲ့... နင့်မှာ အကျိုးပြုမှတ်တွေ ကျန်သေးလို့လား" သူမက မေးသည်။
"ရှိတာပေါ့။ နံပါတ် ၃ ရလို့ အမှတ် ၃၀ဝ၀ ရထားတာလေ။ အရင်တစ်ခေါက်က ၂၀ဝ၀ ပဲ သုံးရသေးတာ" သူက ဆိုသည်။
သူသည် ဆေးပင်များ ဝယ်ယူရန် အမှတ် ၁၀ဝ၀ သုံးစွဲခဲ့ပြီး ယခုလက်ဝယ်တွင် ဘာမှမရှိတော့သည့် အချက်ကို ဖုံးကွယ်ထားလိုက်သည်။
"ကောင်းပြီလေ... ငါ့နောက်လိုက်ခဲ့" ချူးမြောင်သည် လုံချန်းကို ပညာရပ်ပေါင်း ထောင်ချီရှိသော နေရာသို့ ခေါ်သွားသည်။
"စိတ်ကြိုက်ရွေးချယ်ပြီးရင် ငါ့ဆီ ယူလာခဲ့" ထိုသို့ ဆိုကာ သူမသည် လုံချန်းကို ထိုနေရာတွင် ထားခဲ့ပြီး သူမ၏နေရာသို့ ပြန်သွားသည်။
ထိုနေရာတွင် ကန့်သတ်ချက်များစွာ ရှိပြီး အစောင့်အကြပ်၏ ခွင့်ပြုချက်မပါဘဲ မည်သည့်စာအုပ်မှ အပြင်သို့ ယူမသွားနိုင်သဖြင့် လုံချန်း ပညာရပ်များစွာ ခိုးယူသွားမည်ကို သူမ မစိုးရိမ်ပေ။ ဤအချက်ကိုလည်း လုံချန်းအား ရှင်းပြထားပြီး ဖြစ်သည်။
လုံချန်းကမူ ပညာရပ်များကို စိတ်မဝင်စားပေ။ သူ ဤနေရာသို့ လာသည်မှာ အခြားအကြောင်းကြောင့် ဖြစ်သည်။ သူသည် နိယာမ ရတနာလုံးကို ရှာဖွေလိုခြင်း ဖြစ်သည်။
သူသည် ထိုကြီးမားသော နေရာအနှံ့ ရတနာလုံးကို တွေ့လိုတွေ့ငြား လှည့်လည်ကြည့်ရှုနေသည်။ ထိုနေရာကို ကဏ္ဍအသီးသီး ခွဲခြားထားသဖြင့် လုံချန်း ထင်ထားသည်ထက် ပို၍ အချိန်ပေးလိုက်ရသည်။
၄ နာရီခန့် ကြိုးစားရှာဖွေပြီးနောက် တစ်ခန်းလုံးအား စစ်ဆေးပြီးသွားသော်လည်း ရတနာလုံးကို မတွေ့ရပေ။
"ဒါဆိုရင် အဆင့်သတ်မှတ်ချက် ခန်းမ ထဲမှာပဲ ရှိတော့မှာပေါ့" သူက မျက်မှောင်ကြုတ်ရင်း တွေးလိုက်လေတော့သည်။