← Chapters

အခန်း (၃၁၁-၃၁၂)

Vol. 32 Ch. 311-312

အခန်း (၃၁၁-၃၁၂)

Vol. 32 Ch. 311-312

အခန်း (၃၁၁) လက်နက်ထုလုပ်ခြင်း

လုံချန်းသည် ထိုနေရာမှ ထွက်လာပြီး ချူးမြောင် ထိုင်နေသည့် ခန်းမဆောင်သို့ ပြန်လျှောက်လာခဲ့သည်။

"ကဲ... ဘယ်လိုလဲ၊ ဘယ်ပညာရပ်ကို ရွေးခဲ့လဲ" လုံချန်း ထွက်လာသည်ကို မြင်သောအခါ သူမက မေးလိုက်သည်။

"တစ်ခုမှ မယူခဲ့ပါဘူး။ အထဲမှာ လောလောဆယ် ကျုပ်လိုချင်တဲ့ ပညာရပ် မရှိသေးလို့ပါ" သူက ဆိုသည်။

"သေချာလို့လား၊ အကျိုးပြုမှတ် ၁၀ဝ၀ ဆိုရင် အတော်လေး ကောင်းမွန်တဲ့ ပညာရပ်တွေ ရနိုင်တယ်နော်" သူမက ပြန်ပြောသည်။

"သိပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ မလိုချင်သေးပါဘူး။ နောက်မှ လိုအပ်လာရင် တစ်ခုခု လာရွေးတော့မယ်။ နောက်မှ တွေ့ကြမယ်နော်" ထိုသို့ ဆိုကာ သူသည် လှည့်ထွက်လာခဲ့သည်။

"ထူးဆန်းလိုက်တာ။ ပညာရပ် မလိုချင်ဘဲနဲ့ သူ ဒီကို ဘာလာလုပ်တာပါလိမ့်။ ငါ့ကို လာတွေ့တာတော့ မဖြစ်နိုင်ပါဘူးနော်" သူမက နောက်ပြောင်သလို ရေရွတ်လိုက်သည်။

လုံချန်းသည် ထိုနေရာမှ ထွက်ခွာလာပြီးနောက် ယခုအခါ အဆင့်သတ်မှတ်ချက် ခန်းမဆီသို့ ဦးတည်လျှောက်လှမ်းနေသည်။ မိနစ်အနည်းငယ် လမ်းလျှောက်ပြီးနောက် ခန်းမထဲသို့ ဝင်လိုက်သည်။

သူသည် ခွန်အားအဆင့် သတ်မှတ်ချက်အခန်းအား ကြည့်ပြီးဖြစ်သဖြင့် ထိုနေရာတွင် ဘာမှမရှိသည်ကို သိသော်လည်း တပည့်များကို ရင်ဆိုင်ရန် ပြိုင်ဘက်များ ထွက်ပေါ်လာသည့် အခန်းတွင်းပိုင်းသို့ မရောက်ဖူးသေးပေ။ သူသည် ခွန်အားအဆင့် အခန်းထဲသို့ တစ်ဖက်တံခါးမှ ထပ်မံဝင်ရောက်လိုက်သည်။

ရွှေအဆင့် အထွတ်အထိပ် ရုပ်သေးတစ်ရုပ်က တစ်ဖက်တံခါးမှ ဝင်လာသော်လည်း လုံချန်းသည် ရုပ်သေးကို အာရုံမစိုက်ဘဲ ထိုရုပ်သေး ထွက်ပေါ်လာသည့် အခန်းထဲသို့ ဝင်ကြည့်လိုက်သည်။

အထဲသို့ ဝင်လိုက်သည့်အခါ နောက်ထပ် ရုပ်သေး ၂ ရုပ်ကို တွေ့ရသည်။ တစ်ရုပ်မှာ မြေကမ္ဘာအဆင့် အထွတ်အထိပ်ဖြစ်ပြီး၊ နောက်တစ်ရုပ်မှာ ကောင်းကင်အဆင့် အထွတ်အထိပ် ဖြစ်သည်။ မြေကမ္ဘာအဆင့် ရုပ်သေးမှာ လုံချန်း အရင်တစ်ခေါက် ရင်ဆိုင်ခဲ့ရသော ရုပ်သေးပင် ဖြစ်သည်။ သို့သော် ကောင်းကင်အဆင့် ရုပ်သေးမှာမူ ပုံစံကွဲပြားနေသည်။

ပုံမှန် စမ်းသပ်မှုအတွက် သတ်မှတ်ထားသော ရုပ်သေးအစား ဂိုဏ်း၏ မဟာအကြီးအကဲ တစ်ဦးက သူ့ကို လာရောက် စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း သူ သတိပြုမိလိုက်သဖြင့် ၎င်းမှာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ သူသည် ထိုအခန်းအနှံ့ ရှာဖွေခဲ့သော်လည်း ရတနာလုံးကို မတွေ့ရသဖြင့် စိတ်ပျက်မှုသာ ရရှိခဲ့သည်။

သူသည် ရွှေအဆင့်ရုပ်သေး စောင့်ဆိုင်းနေသော တိုက်ပွဲအခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သူသည် ရုပ်သေးနှင့် တိုက်ခိုက်မနေတော့ဘဲ နံရံရှိ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ ၎င်းမှာ စမ်းသပ်မှုခံယူနေသည့် တပည့်များ လက်နက်ချလိုပါက နှိပ်ရန် ပြုလုပ်ထားသော ခလုတ်ဖြစ်သည်။ လုံချန်းသည် အချိန်မဖြုန်းလိုတော့သဖြင့် ထိုခလုတ်ကို နှိပ်လိုက်ခြင်း ဖြစ်သည်။

ရွှေအဆင့်ရုပ်သေးမှာ နောက်သို့ ဆုတ်သွားပြီး လုံချန်းအတွက် အပြင်ထွက်မည့် တံခါးပွင့်လာသည်။ လုံချန်း ခန်းမထဲသို့ ပြန်ထွက်လာခဲ့သည်။ အဆင့်သတ်မှတ်ချက် ခန်းမတွင် အခန်း ၄ ခန်း ကျန်ရှိနေသေးသည်။ ရတနာလုံးမှာ ထိုအခန်းများထဲမှ တစ်ခန်းတွင် ရှိနေနိုင်ခြေ အလွန်များသည်။

ထိုအခန်းများမှာ ပန်းပဲပညာရှင် အဆင့်အခန်း၊ ဆေးပညာရှင် အဆင့်အခန်း၊ သမားတော် အဆင့်အခန်းနှင့် အလျှို့ဝှက်ဆုံးဖြစ်သော မိစ္ဆာအဆင့်အခန်းတို့ ဖြစ်ကြသည်။

နောက်တစ်ဆင့်အနေဖြင့် သူသည် ပန်းပဲပညာရှင် အဆင့် အခန်းထဲသို့ ဝင်လိုက်သည်။

အထဲသို့ ဝင်လိုက်သည်နှင့် သူ ပထမဆုံး သတိပြုမိသည်မှာ ထိုနေရာရှိ မီးဖိုကြီး ဖြစ်သည်။ ထို့အပြင် တူကြီးတစ်လတ် အပါအဝင် ကိရိယာအချို့လည်း ရှိနေသည်။ သံသတ္တုတုံးကြီး တစ်တုံးလည်း ရှိနေပြီး နံရံတွင် စာတချို့ ရေးသားထားသည်ကို တွေ့ရသည်။

"မိနစ် ၃၀ အတွင်း ကြယ်တာရာသတ္တုမှ လက်နက်တစ်လတ် ပြုလုပ်ပြီး ၎င်းကို ဝင်္ကပါအပေါ်သို့ တင်ပါ။ လက်နက်၏ အဆင့်အတန်းက သင့်ရဲ့ အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ပေးလိမ့်မည်" နံရံပေါ်ရှိ စာသားကို သူ ဖတ်လိုက်သည်။

သူ အခန်းအနှံ့ ကြည့်သော်လည်း ဤနေရာတွင်လည်း နိယာမ ရတနာလုံး မရှိပေ။ သူ ထွက်ခွာရန် ခလုတ်ကို လိုက်ရှာသော်လည်း ဤအခန်းမှာ ခွန်အားအဆင့်အခန်းနှင့် မတူပေ။ လက်နက်ချထွက်ခွာရန် ရွေးချယ်စရာ မရှိပေ။

လုံချန်းသည် တံခါးကို တစ်ချက်ကြည့်ပြီးနောက် သူ့ရှေ့ရှိ သတ္တုတုံးကို ပြန်ကြည့်လိုက်သည်။ 'ထွက်လို့မရမှတော့ စမ်းလုပ်ကြည့်ပြီး အကျိုးပြုမှတ်အချို့ ရအောင် ယူတာပေါ့' ထိုသို့ တွေးကာ တူကို ကောက်ကိုင်လိုက်သည်။

သူသည် ထိုသတ္တုတုံးဖြင့် ဓားတစ်လက် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် သတ္တုကို အပူပေးကာ တူဖြင့် စတင် ထုနှက်တော့သည်။ အခန်းထဲတွင် အလွန်ပူလာသဖြင့် ချွေးများ စတင်ထွက်လာသော်လည်း သူ မရပ်မနား ထုနှက်နေခဲ့သည်။

မိနစ် ၃၀ ကုန်လွန်သွားသောအခါ သူ အရာတစ်ခုကို ဖန်တီးမိသွားသည်။ သို့သော် ထိုအရာမှာ ဓားနှင့် လုံးဝ မတူပေ။

"ဟင်း... ငါထင်သလောက် မလွယ်ပါလား။ ဒါပေမဲ့ ဘာဗဟုသုတမှ မရှိတဲ့လူတစ်ယောက်အတွက်တော့ ဒါက အတော်လေး ကောင်းပါတယ်" သူ၏ ဖန်တီးမှုကို ဂုဏ်ယူစွာ ကြည့်ရင်း ရေရွတ်လိုက်သည်။

သူသည် သူဖန်တီးထားသော ပစ္စည်းကို ဝင်္ကပါပေါ်သို့ တင်လိုက်ရာ ၎င်းက စတင် စစ်ဆေးတော့သည်။ နံရံပေါ်ရှိ စာသားများ ပြောင်းလဲသွားသည်။

"လက်နက် - ပန်းကန်ပြား။ အရည်အသွေး မပြည့်မီ။ မည်သည့်နေရာတွင် သုံးရမှန်း မသိပါ။ အဆင့်အတန်းမှာ လူသားအဆင့် - အလတ်စား ဖြစ်သည်" နံရံပေါ်မှ စာသားကို သူ ဖတ်လိုက်သည်။

"သုံးလို့မရဘူး ဟုတ်လား။ အဆင့်မြင့်လိုက်စမ်းပါ။ ဒါကို သုံးစရာတွေ အများကြီး ရှိတာပဲ။ လေဝဲ ပန်းကန်ပြားလို ဝေ့ပစ်ပြီး လူ့လည်ပင်းကို ဖြတ်လို့ရတယ်၊ အထဲမှာ ထမင်းထည့်စားလို့ရတယ်၊ စက္ကူဖိတဲ့ အလေးတုံးအဖြစ် သုံးလို့ရတယ်၊ ဒါမှမဟုတ် ခြေထောက်မပါတဲ့ စားပွဲအဖြစ် သုံးလို့ရတယ်။ ငါ့ကိုသာ အရင်လာမေးရမှာ" သူက စိတ်တိုတိုဖြင့် ပြောလိုက်သည်။

သူ၏ ပထမဆုံး လက်နက်ပညာရှင် လက်ရာမှာ ဤသို့ အရှက်ခွဲခံရသဖြင့် သူ အနည်းငယ် စိတ်နာသွားသည်။ တံခါးပွင့်လာသဖြင့် သူ ထွက်ခွာရန် ပြင်လိုက်သော်လည်း သူပြုလုပ်ထားသော ထို ပန်းကန်ပြားကို သိုလှောင်လက်စွပ်ထဲ ထည့်ယူသွားရန်တော့ မမေ့ခဲ့ပေ။

သူသည် အခန်း ၂ ခန်းကို ရှာဖွေပြီးပြီဖြစ်၍ ၃ ခန်းသာ ကျန်တော့သည်။ နောက်အခန်းမှာ သူ အကျွမ်းကျင်ဆုံးဖြစ်သော ဆေးဖော်စပ်ခြင်း အခန်း ဖြစ်သည်။

သူသည် အချိန်မဖြုန်းဘဲ အခန်းထဲသို့ ဝင်လိုက်သည်။ ထိုအခန်းထဲတွင် အရာအချို့ကို သူ သတိပြုမိလိုက်သည်။ အခန်းအလယ်တွင် ဆေးမီးဖို တစ်လုံးရှိပြီး ထောင့်တစ်ထောင့်တွင် စားပွဲတစ်လုံး ရှိသည်။ စားပွဲပေါ်တွင် စာရွက်တစ်ရွက်ရှိကာ ဆေးမီးဖိုအနားတွင် ဆေးပင်ပါဝင်ပစ္စည်းအချို့ ရှိနေသည်။

သူသည် စာရွက်ကို ကောက်ယူကာ ဖတ်လိုက်သည်။

"သင့်ဗဟုသုတအတိုင်း အကောင်းဆုံး ဖြေဆိုပါ"

"မေးခွန်း ၁ - ဆေးမီးဖိုအနားတွင် တွေ့ရသော ပါဝင်ပစ္စည်းများ၏ အမည်ကို ဖော်ပြပါ" ပထမမေးခွန်းကို အသံထွက်ဖတ်လိုက်သည်။

"ဒါက လွယ်ပါတယ်" ထိုသို့ ဆိုကာ လုံချန်းသည် ဆေးပင်များကို ကြည့်လိုက်သည်။ သူ၏ ဗဟုသုတမှာ အတော်လေး ကောင်းမွန်သဖြင့် ပါဝင်ပစ္စည်းများ၏ အမည်ကို ရေးချရန် အချိန်အများကြီး မယူလိုက်ရပေ။

"မေးခွန်း ၂ - ဝိညာဉ်နက်မြူပန်း၏ အခြားသော အလားတူ ဆေးပင်များနှင့် မတူညီသည့် ထူးခြားသော လက္ခဏာရပ်ကို ဖော်ပြပါ" ဒုတိယမေးခွန်းကို သူ ဆက်ဖတ်လိုက်လေတော့သည်။

အခန်း (၃၁၂) စမ်းသပ်မှု

'ဝိညာဉ်နက်မြူပန်းလား။ ဒါ လန်ကျင်း ပြောပြဖူးတဲ့ အရာ မဟုတ်လား'

အရင်တစ်ခေါက် လုံချန်း အဆိပ်မိနေတုန်းက လန်ကျင်း လာကယ်စဉ် ပြောပြခဲ့သည့် စကားဝိုင်းကို သူ ပြန်သတိရသွားသည်။

"ကြည့်ရတာ အဲဒီလူကြီးက ဒီမေးခွန်းနဲ့ ငါ့ကို ကျေးဇူးပြုလိုက်တာပဲ" သူက ပြုံးလျက် ရေရွတ်လိုက်သည်။

"ဝိညာဉ်နက်မြူပန်းဟာ အဆိပ်ဖြေဆေးလုံး သုံးစွဲလိုက်တဲ့အခါ အဆိပ်ကို ပိုပြီး လှုပ်ရှားလာစေပြီး အန္တရာယ် ပိုများစေပါတယ်" သူ၏ အဖြေကို ရေးချလိုက်သည်။

"မေးခွန်း ၃ - အောက်ပါတို့အနက် မည်သည့်အရာသည် ဝိညာဉ်ကိုးပါး သန်မာစေသောဆေး၏ ပါဝင်ပစ္စည်း မဟုတ်သနည်း"

မေးခွန်းအောက်တွင် ပါဝင်ပစ္စည်း ၇ မျိုးကို ရေးသားထားသည်။

"တကယ့်ကို လွယ်တဲ့မေးခွန်းပဲ။ ဝိညာဉ်ကိုးပါးဆေး ဖော်စပ်တဲ့အခါ သက်စောင့်မြက်စိမ်းကို သုံးလို့မရတာ သိသာပါတယ်" သူက သဘောကျသော အပြုံးဖြင့် ဆိုသည်။

သူ့ကိုယ်သူ ကုသရန် အဆိပ်ဖြေဆေးကို သုံး၍မရသဖြင့် သူသည် ဆေးဖော်စပ်ခြင်း တတ်မြောက်သည်ကို ဖုံးကွယ်ထားရန် မလိုအပ်တော့ဟု ခံစားလိုက်ရသည်။ အနည်းဆုံးတော့ သူရရှိမည့် အကျိုးပြုမှတ်များဖြင့် ဆေးဖော်စပ်ရန် ပစ္စည်းများကို ပိုမိုဝယ်ယူနိုင်မည် ဖြစ်သည်။

သူသည် တစ်ခုပြီးတစ်ခု ဖြေဆိုလာရာ မကြာမီမှာပင် မေးခွန်း ၂၀ စလုံးကို ဖြေဆိုပြီးသွားသည်။ စာရွက်ကို ဖြေဆိုပြီးနောက် စားပွဲပေါ်ရှိ ဝင်္ကပါပေါ်သို့ တင်လိုက်ရာ ၎င်းမှာ လင်းထိန်သွားပြီး စာရွက်မှာ ပျောက်ကွယ်သွားသည်။

စာရွက်ပျောက်ကွယ်သွားပြီးနောက် လက်နက်ဖော်စပ်သူ အဆင့်အခန်းမှာကဲ့သို့ပင် နံရံပေါ်တွင် စာသားအချို့ ပေါ်လာသည်။

၎င်းမှာ ရရှိနိုင်သော ပစ္စည်းများဖြင့် ဆေးလုံးတစ်လုံး ဖော်စပ်ရန် ဖြစ်သည်။ ဆေးလုံး၏ အသုံးဝင်ပုံနှင့် အဆင့်အတန်းအပေါ် မူတည်၍ သူ အမှတ်များ ရရှိမည် ဖြစ်သည်။

'ဒီပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ဖော်စပ်လို့ရတဲ့ ဆေးတွေ အများကြီး ရှိတာပဲ။ ငါ ဘယ်ဆေးလုံးကို ဖော်စပ်ရမလဲ' သူသည် သူ၏ဦးနှောက်ထဲရှိ ဆေးနည်းပေါင်းစပ်မှုများကို ပြန်လည်စဉ်းစားရင်း ဝေခွဲမရ ဖြစ်နေသည်။

"ဪ... ဟုတ်ပြီ၊ ဒါဆို အဆင်ပြေမှာပဲ။ ငါ ခွန်အားတိုးဆေးကိုပဲ ဖော်စပ်မယ်။ ဒါက အဆင့်နိမ့် ဝိညာဉ်အဆင့် ဆေးလုံးဆိုတော့ ငါ့အတွက် ဖော်စပ်ဖို့ ဖြစ်နိုင်တယ်။ အရင်က လူသားအဆင့် ဆေးနည်းတွေကိုပဲ သုံးခဲ့တာဆိုတော့ ဒါက သိပ်တော့ မလွယ်လှဘူးပေါ့"

သူသည် ဆေးမီးဖိုအနားသို့ သွားကာ မီးစတင် မွှေးလိုက်သည်။ ဆေးမီးဖိုကို မီးပေါ်တွင် တင်ထားခဲ့ပြီး ပါဝင်ပစ္စည်းများကို စတင်ပြင်ဆင်သည်။ နာရီဝက်ခန့် ကြာပြီးနောက် ဆေးလုံးဖော်စပ်ခြင်း ပြီးဆုံးသွားသည်။ သူသည် ဆေးလုံးကို ယူကာ ဝင်္ကပါပေါ်သို့ တင်လိုက်ရာ ၎င်းမှာလည်း ပျောက်ကွယ်သွားသည်။

'ဒီဆေးလုံးကို စစ်ဆေးမယ့်သူက ယောကျ်ားလေးပဲ ဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ' လုံချန်းက တွေးလိုက်သည်။

မှတ်ချက် - ခွန်အားတိုးဆေးမှာ အမျိုးသားများအတွက် အားဆေးဖြစ်နိုင်သဖြင့် နောက်ပြောင်တွေးတောခြင်း ဖြစ်သည်။

အခန်းတံခါးမှာ ပွင့်သွားသဖြင့် သူ ထွက်လာခဲ့သည်။

ဆေးဖော်စပ်ခြင်း အခန်းတွင်လည်း ရတနာလုံး မရှိပေ။ နောက်ထပ်အခန်းမှာ သမားတော် အခန်း ဖြစ်သည်။ သမားတော်အဆင့်မှာလည်း လက်နက်ထုလုပ်ခြင်းကဲ့သို့ပင် သူ ဘာမှမသိသဖြင့် အတူတူပင် ဖြစ်သည်။

နာရီအနည်းငယ်အတွင်း သူသည် အဆင့်သတ်မှတ်ချက် အခန်း ၅ ခန်းအနက် ၃ ခန်းကို စမ်းသပ်ပြီးပြီ ဖြစ်သည်။ သူသည် စတုတ္ထမြောက် အခန်းထဲသို့ ထပ်မံဝင်ရောက်လိုက်သည်။

သမားတော် အခန်းမှာ အခြားအခန်း ၃ ခန်းနှင့် လုံးဝကွဲပြားနေပြီး အထဲတွင် ဘာမှမရှိဘဲ ဟောင်းလောင်းကြီး ဖြစ်နေသည်။

သူသည် တံခါးဆီသို့ ပြန်လှည့်ကာ ထွက်ခွာရန် ပြင်လိုက်စဉ် နံရံပေါ်တွင် စာလုံးများ ပေါ်လာသည်။

"ဆေးပညာဗဟုသုတနှင့် ပတ်သက်သော မေးခွန်းများကို ဖြေဆိုပါ။ မေးခွန်းများသည် စက္ကန့် ၃၀ တိုင်း ပြောင်းလဲသွားမည်ဖြစ်ပြီး နောက်မေးခွန်း မပေါ်မီတွင်သာ သင် ဖြေဆိုနိုင်သည်။ အဖြေကို မှတ်တမ်းတင်နိုင်ရန် အသံထွက်၍ ဖြေဆိုပါ"

"ကောင်းပြီလေ... ပျော်စရာကောင်းမယ့်ပုံပဲ" လုံချန်းက ပြုံးလျက် ဆိုသည်။

"မေးခွန်း ၁ - ကျင့်ကြံစွမ်းအား ဖောက်ပြန်နေသော လူနာကို မည်သို့ ကုသမည်နည်း"

"လွယ်ပါတယ်။ သူ့ဘာသာသူ ပြန်ကောင်းလာအောင် ပစ်ထားလိုက်ရုံပဲ။ လပိုင်းလောက်ဆို ပြန်ကောင်းသွားမှာပါ" လုံချန်းက ပြုံးလျက် ဖြေသည်။

"မေးခွန်း ၂ - နှလုံးအောင့်ခြင်း ရောဂါကို ဘာက ဖြစ်စေသနည်း"

"ဒါက ကလေးကလား မေးခွန်းပဲ။ သူ့ရဲ့ ကံဆိုးမှုကြောင့် ဒီရောဂါ ဖြစ်တာပေါ့" သူက ဖြေသည်။

"မေးခွန်း ၃ - ယင်ယန်စွမ်းအင် ချို့တဲ့မှုကြောင့် ဖြစ်သော ထိပ်ပြောင်ခြင်းကို မည်သို့ ကုသမည်နည်း"

"လွယ်လွယ်လေးပဲ၊ သူ့ကို ဆံပင် အစားထိုးပေးလိုက်လေ" လုံချန်းက ဖြေလိုက်ပြန်သည်။

"မေးခွန်း ၄ - မိစ္ဆာကျင့်စဉ်၏ ပြန်ကန်မှုကို ခံစားနေရသော လူတစ်ဦးကို တွေ့ပါက သင် ဘာလုပ်မည်နည်း"

"ရန်သူဆိုရင် သတ်ပစ်မယ်၊ သူငယ်ချင်းဆိုရင်တော့ သမားတော်ဆီ ခေါ်သွားမယ်" လုံချန်းက သိပ်မစဉ်းစားဘဲ ဖြေလိုက်သည်။

"မေးခွန်း ၅ - လူသားတစ်ဦး၏ မည်သည့် သွေးကြောက ထိခိုက်လွယ်ဆုံးဖြစ်သနည်း"

"ငါ သိတာပေါ့။ အားအနည်းဆုံး သွေးကြောက ထိခိုက်လွယ်ဆုံးပဲလေ" သူက ဖြေသည်။

"မေးခွန်း ၆ - လူသားနှင့် သားရဲတို့၏ ခန္ဓာကိုယ် တည်ဆောက်ပုံကြားရှိ အဓိက ကွဲပြားချက်မှာ ဘာနည်း"

"မေးခွန်းတွေက ဒီလောက်အထိ ဆင်တူနေလိမ့်မယ်လို့ မထင်ထားဘူး။ အဖြေက ရိုးရိုးလေးပဲ။ လူသားတွေရဲ့ ခန္ဓာကိုယ်က ကျင့်ကြံခြင်းမရှိရင် သေလောက်အောင် အားနည်းတယ်၊ သားရဲတွေကတော့ ကျင့်ကြံခြင်း မရှိရင်တောင် သန်မာကြတယ်"

ဤသို့ဖြင့် လုံချန်းသည် အဖြေများ မှန်ကန်လိမ့်မည်ဟု မျှော်လင့်ရင်း တစ်ခုပြီးတစ်ခု ဖြေဆိုသွားသည်။ ၂၀ ခုမြောက် မေးခွန်းပြီးနောက် နံရံတွင် မည်သည့်စာသားမှ ထပ်မပေါ်တော့ပေ။ တံခါးပွင့်သွားသဖြင့် သူ ထွက်ခွာခွင့် ရခဲ့သည်။

"ငါ ထင်တာတော့ အဆင်ပြေသွားမှာပါ။ ဒါပေမဲ့ ရတနာလုံးက အဲဒီမှာလည်း မရှိဘူး။ အခု ကျန်နေတာက မိစ္ဆာအဆင့်အခန်းပဲ။ ဒါပေမဲ့ အနည်းဆုံး အဆင့် ၂ မျိုးမှာ အဆင့်မရသေးဘဲနဲ့ အဲဒီကို ဝင်လို့မရဘူး"

"ငါက ခွန်အားအဆင့်မှာ ပါနေပြီဆိုတော့၊ မနက်ဖြန် ရလဒ်ထွက်ရင် ဆေးပညာရှင် အဆင့်မှာလည်း ပါလာနိုင်ပါတယ်" သူက နောက်ဆုံးတံခါးကို ကြည့်ရင်း ရေရွတ်လိုက်သည်။

"မနက်ဖြန်ပေါ့..." သူ ဆိုကာ အဆင့်သတ်မှတ်ချက်ခန်းမမှ ထွက်လာခဲ့သည်။

သူ၏ နေအိမ်ဝင်းသို့ ပြန်လာပြီး အခန်းထဲတွင် အောင်းနေခဲ့သည်။ သူသည် အချိန်ကို အကျိုးရှိရှိ သုံးစွဲရန် တရားထိုင်ကာ ကျင့်ကြံနေလိုက်သည်။ သူရရှိထားသော ပညာရပ်သစ်အား လေ့လာချင်သော်လည်း ရတနာလုံးကို အရင်ရချင်သဖြင့် နောက်မှသာ လုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူရရှိမည့် နိယာမ ပေါ် မူတည်၍ ရွေ့လျားခြင်းပညာရပ်ကို လေ့လာရန် ပိုမို လွယ်ကူသွားနိုင်သောကြောင့် ဖြစ်သည်။

တစ်နေ့တာ ကုန်လွန်သွားပြီး နောက်တစ်နေ့သို့ ရောက်ရှိလာသည်။ လုံချန်း မျက်လုံးဖွင့်ကာ မတ်တပ်ရပ်လိုက်သည်။ တစ်ညလုံး ကျင့်ကြံပြီးနောက် သူ အားအင်များ ပြည့်ဝနေသည်ဟု ခံစားရသည်။

သူ အခန်းထဲမှ ထွက်လာသည်။ "ဪ... မန်ကု၊ အဆင့်သတ်မှတ်ချက်အသစ်တွေ ထွက်ပြီလား" သူ မေးလိုက်သည်။

"ဘယ်အဆင့် သတ်မှတ်ချက်လဲ သခင်လေး" မန်ကုက စူးစမ်းစွာ မေးသည်။

"ဪ... ဘာမှမဟုတ်ပါဘူး။ ငါနဲ့ လိုက်ခဲ့ရင် သိရမှာပါ" လုံချန်းက ဆိုသည်။

သူသည် နေအိမ်ဝင်းမှ ထွက်ကာ အဆင့်သတ်မှတ်ချက်ခန်းမဆီသို့ လျှောက်လှမ်းလာခဲ့သည်။ မိစ္ဆာအဆင့်အခန်းသို့ ဝင်ခွင့်ရရန် ၎င်းအပေါ်တွင် မူတည်နေသဖြင့် ယခုတစ်ကြိမ် သူ၏ အဆင့်သတ်မှတ်ချက်ကို မြင်တွေ့ရန် အတော်လေး စိတ်လှုပ်ရှားနေမိလေတော့သည်။

All Chapters