← Chapters

ခင်ဗျားရဲ့အပြစ်တွေကို ဝန်ခံမလား

Vol. 8 Ch. 763

ခင်ဗျားရဲ့အပြစ်တွေကို ဝန်ခံမလား

Vol. 8 Ch. 763

သန်မာလှသည့် အလောင်းတပ်သား အယောက်တစ်ထောင်ပါသော တပ်ရင်းကို တော်ဝင်နန်းတော် အပြင်ဘက်သို့ ဦးဆောင်သွားရသည်မှာ အလွန်စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

ယခုတွင်မူ မြို့ထဲရှိလူတိုင်းမှာ ပိုင်ရှောင်ချန်း၏ စစ်ဆေးရေးအရာရှိ ရာထူးအကြောင်းကို သိသွားကြပြီဖြစ်သည်။ ရဲသွေးနီအလောင်းတပ်ဖွဲ့ပါ နိုးထလာသည်ဆိုသောအချက်ကြောင့် လူအများအပြားမှာ ကြောက်ရွံ့နေရတော့သည်။

ထိုသတင်းများမှာ မြေရိုင်းဒေသ အပြင်ဘက်ထိပင် ပျံ့နှံ့သွားသည်။ ယခုတွင် သူအလွန်နာမည်ကြီးနေပြီဖြစ်ကြောင်းကို ပိုင်ရှောင်ချန်းကိုယ်တိုင်ပင် မသိပေ။

မဟာတံတိုင်းကြီးကို ချုပ်ကိုင်ထားကြသည့် ကောင်းကင်တံတားမြစ်ဒေသ၏ မြစ်ဝဂိုဏ်းကြီးလေးဂိုဏ်းပင်လျှင် ဗဟိုဧကရာဇ်မြို့၏ စစ်ဆေးရေးအရာရှိ ပိုင်ဟောက်အကြောင်းကို ကြားဖူးသွားကြပြီဖြစ်သည်။

ဗဟိုဧကရာဇ်မြို့တော်တွင် ပိုင်ရှောင်ချန်းမှာ ကမ္ဘာမြေပေါ်သို့ ကျရောက်လာသည့် နဂါးအသစ်တစ်ကောင်ကဲ့သို့ဖြစ်နေပြီး မဟာကောင်းကင်သခင်၏ လက်ဝယ်တွင် စူးရှချွန်ထက်လှသော ဓားတစ်ချောင်းအဖြစ် အသုံးတော်ခံနေတော့သည်။

မကြာမီ လူများမှာ ပိုင်ဟောက်၏ သရဲကြီးမြို့တော်တွင်ရှိခဲ့သော အတိတ်အကြောင်းများကို တီးတိုးပြောဆိုနေကြတော့သည်။ သူသည် ရက်စက်၍အကြင်နာမဲ့ကြောင်း၊ သူ၏မျိုးနွယ်စုဝင်များကိုပင် ပြန်သတ်ခဲ့ကြောင်း၊ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို အရဲစွန့်၍ ပြန်ပေးဆွဲခဲ့သည့်အကြောင်းများကို လူများက ပြောဆိုနေကြတော့သည်။ ထို့နောက် သူ၏ငွေညစ်မှုများ၊ မယားခိုးတစ်ယောက် ဖြစ်ခဲ့မှုများနှင့် အခြားသောမရေမတွက်နိုင်သည့် အချက်အလက်များပါ ပါဝင်လာတော့သည်။ အဆုံးတွင် ထိုအကြောင်းအရာများကြောင့် လူများမှာ မယုံကြည်နိုင်သည့် အမူအရာများဖြင့် မှင်တက်နေကြတော့သည်။

လူအများစုမှာ သူ့အား အသိဉာဏ်ကင်းမဲ့သူ တစ်ယောက်အဖြစ် ယုံကြည်ထားကြတော့သည်။ သူ၏အတိုက်အခိုက်စွမ်းရည်များမှာ လက်ရွေးစင်အယောက်တစ်ရာကျော်ကို တိုက်ခိုက်ကာ ဖမ်းဆီးနိုင်ခဲ့သည်အထိ မှင်တက်စရာကောင်းလှသည်။ ထို့နောက် သူသည် လက်ရွေးစင်ရာနှင့်ချီပါသည့် အုပ်စုကြီးတစ်ခုကို တချိန်ထဲတွင် တိုက်ခိုက်ခဲ့သည်။

ထိုသို့သောလူစားမျိုးမှာ သရဲကြီးဘုရင်နှင့် မဟာကောင်းကင်သခင်တို့၏ ကျောထောက်နောက်ခံ ရထားသည့်အချက်ကို ထည့်မတွက်လျှင်ပင် ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ ထို့အပြင် သူသည် သရဲကြီးဘုရင်၏ သမက်လည်း ဖြစ်နေသေးသည်။

ထိုအချက်များကြောင့် ပိုင်ရှောင်ချန်းသည် မြေရိုင်းဒေထဲတွင် အလွန့်အလွန်အရေးကြီးသော လူတစ်ယောက်ဖြစ်လာတော့သည်။

သူသည် ကျိုးဟုန်၊ ကုန်းစွန်းရီနှင့် ထိုသူများကဲ့သို့ အခြားလက်ရွေးစင်များထက်ပင် ပို၍ နာမည်ကျော်ကြားနေပြီဖြစ်သည်။

ယခုတွင်မူ သူ၏နောက်တွင် မဟာကောင်းကင်သခင်ပါရှိနေပြီဖြစ်၍ သူသည် ဝင့်ကြွားစွာဖြင့် သူ၏အလောင်းတပ်သားများနှင့် သူတို့၏ ပြင်းထန်သော သတ်ဖြတ်လိုသည့်အခိုးအငွေ့များကို စေလွှတ်လိုက်တော့သည်။ အလင်းတန်းပေါင်းတစ်ထောင်မှာ စုစည်းသွားကြပြီး ဗဟိုဧကရာဇ်မြို့၏ အလယ်တည့်တည့်ရှိ လီမျိုးနွယ်စုထံသို့ ဦးတည်သွားကြသောအခါ တဂျုန်းဂျုန်း မြည်သံများပေါ်ထွက်လာတော့သည်။

" လီထျန်ရှန်၊ မင်းကကျိုးဟုန်ရယ်၊ အခြားလက်ရွေးစင်တွေရယ်နဲ့ ပေါင်းပြီး ငါ့ကိုအတောမသတ်နိုင်တဲ့ ဒုက္ခတွေပေးခဲ့တာ။ ငါသေဖို့ မင်းထပ်ခါထပ်ခါကြိုးစားခဲ့ပေမဲ့ ငါကမင်းကို တစ်ကြိမ်ပြီးတစ်ကြိမ် လွှတ်ပေးခဲ့တာနော်။ ဒါပေမဲ့ အခုတော့ ငါတကယ် ဒေါသထွက်သွားပြီ။ အေး ငါပြောမယ်။ ငါဒေါသထွက်ရင် ငါ့ကိုယ်ငါတောင် ပြန်ကြောက်ရတယ်ကွ "

ပိုင်ရှောင်ချန်းမှာ မည်သည်ကိုမှ ဂရုမစိုက်တော့ပဲ ယခင်က သူ့ကို သတ်ရန်ကြိုးစားခဲ့သည့် လူများ၏ မျက်နှာပေါ်တွင် ပေါ်လာတော့မည့် အမူအရာများကို စိတ်ကူးနှင့်ပုံဖော်ကာ သူ၏မျက်ဝန်းများမှာ မျှော်လင့်ချက်များစွာဖြင့် တောက်ပနေတော့သည်။

" မင်းက ငါ့စာရင်းမှာ ထိပ်ဆုံးပဲ၊ လီထျန်ရှန်ရေ " ထိုသို့ကြိမ်းဝါးကာ သူသည်အရှိန်တင်လိုက်ပြီး သူ၏အလောင်းတပ်သားများမှာ လီမျိုးနွယ်စုအနားသို့ ချဥ်းကပ်သွားသဖြင့် တဂျုန်းဂျုန်း မြည်ဟည်းသံများ ပိုမိုကျယ်လောင်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ ပြောင်ပြောင်တင်းတင်းဖြင့် လေကိုခွင်း၍ သွားလာနေသည့်မြင်ကွင်းကို လူများစွာ သတိထားမိသွားကြသောအခါ မှင်တက်ကုန်ကြသည်။ ထို့အပြင် လူများမှာ သူဦးတည်နေသည့် လားရာကို သိသွားကြသောအခါ သူတို့၏နှလုံးသားများထဲတွင် အေးစက်မှုများဖြင့် ဖုံးလွှမ်းသွားပြီး ထင်မြင်ချက်များစွာ ပေါ်ထွက်လာကြတော့သည်။

" သူက အဲဒီသတ်ဖြတ်လိုတဲ့အငွေ့အသက်တွေကို ချုပ်တည်းဖို့တောင် မကြိုးစားတော့ဘူးပဲ။ ပိုင်ဟောက်က ဘာများလုပ်တော့မှာလဲဟ "

" သူသွားနေတဲ့ အရပ်မျက်နှာကိုကြည့်လိုက်။ အဲဒါ... မြို့နယ်အမှတ်ကိုး မလား "

" မြို့နယ်အမှတ်ကိုး ဟုတ်လား၊ အဲဒီမှာ လီမျိုးနွယ်စု ရှိတာလေ "

လီမျိုးနွယ်စုမှာ မြို့နယ်အမှတ်ကိုး၏ နှစ်ဆယ်ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ထားသည်။ သူတို့၏ မျိုးနွယ်စုထဲရှိ ကောင်းကင်မြို့စားကြီးကြောင့် သူတို့မျိုးနွယ်စုမှာ အင်အား ကြီးမားလာခဲ့သည်။ သူတို့၏ မျိုးနွယ်စုမှာ လူဦးရေထူထပ်သည်သာမက အာဏာကြီးလွန်းလှသဖြင့် သူတို့အတွက် အမှုထမ်းလိုသည့် ဝိညာဥ်ကျင့်ကြံသူများစွာကိုပါ ပိုင်ဆိုင်ထားသည်။ ၎င်းအချက်များကြောင့် သူတို့မှာ အင်အားတစ်စတစ်စကြီးထွားလာပြီး မည်သူမှပြဿနာမရှာရဲသည့် အင်အားကြီးအဖွဲ့တစ်ဖွဲ့ဖြစ်လာတော့သည်။

လူတိုင်းမှာ တအံ့တသြကြည့်နေကြစဥ် ပိုင်ရှောင်ချန်းမှာ သူ၏အလောင်းတပ်သားအယောက်တစ်ထောင်ကို မြို့နယ်အမှတ်ကိုးရှိ ပြန့်ကျဲနေသော ခြံဝန်းအစုအဝေးတစ်ခုဆီသို့ဦးဆောင်သွားသည်။ ထိုခြံဝန်းအစုအဝေးကြီး၏ အလယ်တွင် မီတာသုံးရာ မြင့်သော မျှော်စင်တစ်ခုရှိသည်။

ထိုမျှော်စင်မှာ ကောင်းကင်မြို့စားစေတီတော်ဖြစ်သည်။ ဗဟိုဧကရာဇ်မြို့ထဲတွင် ကောင်းကင်မြို့စားများသာ မီတာသုံးရာမြင့်သည့် အဆောက်အဦများ ပိုင်ဆိုင်ကြသည်။ ကောင်းကင်နယ်စားများမှာမူ မီတာသုံးထောင်အထိမြင့်သော စေတီတော်များရှိသည်။

ပိုင်ရှောင်ချန်းမှာ လီမျိုးနွယ်စု စေတီတော်ကိုမြင်လိုက်သည်နှင့် လီမျိုးနွယ်စုထဲရှိ လူများမှာ သူသည် သူတို့ရှိရာဘက်သို့ဦးတည်လာနေကြောင်း သိလိုက်ကြတော့သည်။ ထို့နောက် အနည်းငယ်ရုတ်ရုတ်သဲသဲဖြစ်သွားကြပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများစွာမှာ သူ၏ချဥ်းကပ်လာမှုကို စစ်ဆေးရန် မျိုးနွယ်စုထဲမှ ပျံထွက်လာကြသည်။

လီထျန်ရှန်မှာ ထိုလူအုပ်ထဲတွင်ပါသည်။ သူသည် မျိုးနွယ်စု၏ အမွေဆက်ခံသူနှင့်လက်ရွေးစင်တစ်ယောက် ဖြစ်ပြီး မြင့်မားသောရာထူးတစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူ၏ဖခင်မရှိပါက သူက မျိုးနွယ်စုခေါင်းဆောင်အဖြစ် ဆောင်ရွက်နိုင်သည်။

" ပိုင်ဟောက်ပါလား "

အစတွင် လီထျန်ရှန်မှာ အံ့အားသင့်သွားရသော်လည်း ခဏအကြာတွင် သူသည် ရက်စက်စွာပြုံးလိုက်တော့သည်။ သူ၏မျက်ဝန်းထဲရှိ အမုန်းရန်ငြိုးများကို အထင်အရှားမြင်နိုင်သည်။ လတ်တလောဖြစ်ရပ်ကြီးပြီးနောက် သူ၏သက်စောင့်အားကို ပြန်ရရှိရန်အတွက် သူသည် ချန်မျိုးနွယ်စုထံသို့ များစွာပေးဆပ်ခဲ့ရသည်။ ထိုဖြစ်ရပ်အတွက် တာဝန်ရှိသူမှာကား ပိုင်ရှောင်ချန်းပင်ဖြစ်သည်။

သူသည် ပိုင်ရှောင်ချန်းကို နှလုံးသားထဲမှ မုန်းတီးနေပါသော်လည်း ပိုင်ရှောင်ချန်းမှာ ယခင်ကနှင့် မတူတော့သည်ကို သိထားသည်။ သူသည် ယခုတွင် မဟာကောင်းကင်သခင်၏ အထောက်အပံ့ကိုရထားသော စစ်ဆေးရေးအရာရှိ တစ်ယောက်ဖြစ်နေပြီဖြစ်ပြီး သတ်ဖြတ်လိုသောအငွေ့အသက်များဖြင့် ခြံရံကာရောက်လာသည့်အတွက် လီထျန်ရှန်၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာတော့သည်။ သူသည် လုံးဝတွေဝေမနေပဲ မျိုးနွယ်စု၏ အကာအကွယ် မန္တန်အစီအရင်ကိုဖွင့်ရန် အမိန့်ပေးလိုက်တော့သည်။

သူထိုသို့အမိန့်ပေးလိုက်ချိန်တွင် ပိုင်ရှောင်ချန်းမှာ သူ၏အလောင်းတပ်သားအယောက်တစ်ထောင်နှင့်အတူ ရောက်လာသဖြင့် ရွှီခနဲအသံတစ်သံ စူးရှစွာပေါ်ထွက်လာသည်။ အလောင်းတပ်သားများထံမှ ပေါ်ထွက်နေသည့် သတ်ဖြတ်လိုသောအငွေ့အသက်များမှာ အနက်ရောင်တိမ်တိုက်တစ်ခုအသွင်ပြောင်းကာ လီမျိုးနွယ်စုအပေါ်တွင် ရစ်ဝဲနေတော့သည်။

ဖြစ်ပျက်နေသည်များကို ကြည့်ရှုရန် ထိုနေရာသို့ရောက်လာကြသည့် အခြားဝိညာဥ်ကျင့်ကြံသူများပင် ရှိနေပြီဖြစ်သည်။ သူတို့အားလုံးမှာ အံ့အားသင့်နေကြပြီး မည်သို့မည်ဖုံဆက်၍ ဖြစ်ပျက်လာမည်ကို ကိုယ်ပိုင်ထင်မြင်ချက်များ ပေးနေကြသည်။

" မဟာကောင်းကင်သခင်က တကယ်ပဲ စလှုပ်ရှားနေပြီလားဟ။ လီမျိုးနွယ်စုက စာရင်းပေါ်မှာ နံပါတ်တစ်ပါလား "

" မဖြစ်နိုင်ဘူး။ ပိုင်ဟောက်က သူ့ရာထူးအာဏာကိုသုံးပြီး လက်စားချေဖို့ ကြံနေတာပဲ ဖြစ်ရမယ် "

လူများစွာ တအံ့တသြကြည့်နေကြစဥ် အလောင်းတပ်သားအယောက်တစ်ထောင်၏ ခြံရံခြင်းခံထားရသည့် ပိုင်ရှောင်ချန်းမှာ ကြီးကျယ်ခမ်းနားစွာ လေပေါ်တွင်ရစ်ဝဲ၍ တိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေသည့် လီမျိုးနွယ်စု ကျင့်ကြံသူများကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏အကြည့်မှာ မျိုးနွယ်စုကျင့်ကြံသူ အမြောက်အမြားဝန်းရံနေသည့် လီထျန်ရှန်အပေါ်ရောက်သွားတော့သည်။

ပိုင်ရှောင်ချန်းက သူ့အားစိုက်ကြည့်လိုက်ပြီး ဟိတ်ဟန်အပြည့်ဖြင့် မေးလိုက်လေသည်။

" လီထျန်ရှန်။ စစ်ဆေးရေးအရာရှိကို ဘာလို့အရိုအသေ လာမပေးသေးတာလဲ "

သူ၏အသံမှာ မိုးခြိမ်းသံအလား ပဲ့တင်ထွက်လာပြီး အလောင်းတပ်သားများ၏ သတ်ဖြတ်လိုသောအငွေ့အသက်များမှာလည်း ပို၍အားကောင်းလာတော့သည်။

လီမျိုးနွယ်စု ကျင့်ကြံသူများ၏ အမူအရာများမှာ ပြောင်းလဲသွားကြပြီး အများစုမှာ ပို၍ ခက်ထန်ကြမ်းကြုတ်လာတော့သည်။ ယခုတွင် လီထျန်ရှန်မှာ အသက်ရှူသံများ အနည်းငယ်မြန်လာပြီး အတွေးများမှာ ချာချာလည်နေတော့သည်။ သို့သော် သူသည် ထိုခံစားချက်များကို သူ၏မျက်နှာပေါ်တွင် မပေါ်အောင် ထိန်းထားလိုက်သည်။ ထို့နောက် သူက အောက်သိုးသိုးမျက်နှာဖြင့် လှမ်းအော်ပြောလိုက်လေသည်။

“ မင်းရဲ့ အထက်ကလူတွေကို လာစော်ကားရတဲ့အထိ အတင့်ရဲနေပါ့လား ပိုင်ဟောက်။ ဒါက ကောင်းကင်မြို့စားတစ်ယောက်ရဲ့ အိမ်ယာကွ။ မင်းစိတ်ထဲရှိသလို ပြဿနာလာရှာလို့ရတဲ့ နေရာမဟုတ်ဘူး။ အခုချက်ချင်း လစ်လိုက်တော့။ "

ထိုအခါ ပိုင်ရှောင်ချန်းက မေးငေါ့ကာ လက်ကိုနောက်ပစ်၍ ပြောင်ပြောင်တင်းတင်း ပြန်ပြောလိုက်လေသည်။

“ ကောင်းကင်မြို့စားတစ်ယောက်ရဲ့ အိမ်ယာဆိုပဲ။ ဟား ဟား၊ ကိုယ်တော်ပိုင် ဒီနေ့လာရတဲ့အကြောင်းက လီမျိုးနွယ်စုက ကောင်းကင်မြို့စားတစ်ယောက်ရဲ့ အိမ်ယာဖြစ်နေလို့ကွ။ မင်းတို့ရဲ့ မျိုးနွယ်စုမှာ ချမ်းသာကြွယ်ဝမှုအများကြီးရှိတယ်လို့ ငါကြားတယ်။ မင်းတို့ရဲ့ ရတနာတွေက အတုဖြစ်နေမှာစိုးလို့ ကူပြီး စစ်ဆေးပေးမလို့ပါကွ "

စိတ်ထဲတွင်မူ သူသည် အပျော်လွန်နေပြီး သူ၏သြဝါဒလေးမှာ အလွန်အံ့သြဖွယ်ကောင်းလွန်းလှ၍ ကျေနပ်နေတော့သည်။ ကြီးမားသောရာထူးနှင့် တရားမျှတမှုကို ပိုင်ဆိုင်ထားရသည့် အခါတွင် ခံစားရသည့် ခံစားချက်မျိုးဖြစ်သည်။

လီမျိုးနွယ်စု ကျင့်ကြံသူများမှာ အထက်စီးဆန်သော လူများဖြစ်ရာ ချက်ချင်းပင် ယုတ်ရင်းကြမ်းတမ်းသော စကားများဖြင့် ပြန်၍ အော်ဟစ်လိုက်ကြတော့သည်။

" အတင့်ရဲလှပါလား "

" မင်းသေချင်နေတာလား ပိုင်ဟောက်။ လီမျိုးနွယ်စုကို ပြဿနာလာရှာရအောင် မင်းကိုယ်မင်း ဘာကောင်မှတ်နေလဲ "

" ဟာသပဲ။ ငါ့အထင် ပိုင်ဟောက်က လုံးဝကျပ်မပြည့်တဲ့ ကောင်ပဲ "

လီထျန်ရှန်၏အမူအရာပို၍ပျက်လာပြီး လက်ရှိအခြေအနေကို ပို၍ပင်စိုးထိတ်လာတော့သည်။ ဤကိစ္စမှာ တစ်ခုခုထူးဆန်းနေကြောင်း သူကသိသော်လည်း မဟာကောင်းကင်သခင်မှ လီမျိုးနွယ်စုကို အတိုက်အခံလုပ်နိုင်ချေမှာ မရှိသလောက်နည်းနေသည်။ ဖြစ်နိုင်ချေအများဆုံးမှာ ပိုင်ဟောက်သည် ကိုယ်ရေးကိုယ်တာကိစ္စများအတွက် လက်စားချေရန် ဤနေရာသို့ ရောက်လာခြင်းသာဖြစ်မည်။ ထို့ကြောင့် လီထျန်ရှန်၏မျက်ဝန်းများမှာ အေးစက်စွာတောက်ပသွားတော့သည်။

" ဒီကောင့်ကို တစ်ခါထဲ ကိစ္စတုံးအောင် ရှင်းလို့ရပြီဆိုတာ သဘောပဲ "

သူသည် ရဲသွေးနီအလောင်းတပ်ဖွဲ့ကို ကြောက်ရွံ့နေပါသော်လည်း လီမျိုးနွယ်စု၏ လျှို့ဝှက်အင်အားစုနှင့် သူ၏ဖခင်မှာ ကောင်းကင်မြို့စားလီဖြစ်နေသည်ဆိုသည့် အချက်ကြောင့် သူသည် အလွန်ယုံကြည်မှု ပြင်းထန်နေတော့သည်။

" လီမျိုးနွယ်စု ကျင့်ကြံသူတွေ ငါ့အမိန့်ကိုနာခံကြစမ်း။ လီမျိုးနွယ်စု ပိုင်နက်ထဲကို ဝင်လာတဲ့လူတိုင်းကို ချက်ချင်းကွပ်မျက်စေ "

ထိုအခါ လီမျိုးနွယ်စု ကျင့်ကြံသူများမှာ ရက်စက်စွာပြုံးလိုက်ကြပြီး သတ်ဖြတ်လိုစိတ်များ တက်ကြွသွားတော့သည်။ လူအများစုမှာ မျိုးနွယ်စုထဲမှနေ၍ လေပေါ်သို့ပျံတက်လာကြသည်။ သူတို့ထဲရှိအများစုမှာ မျိုးနွယ်စုဝင်များ ဖြစ်ပြီး အချို့မှာ ငှားရမ်းထားသည့် ဝိညာဥ်ကျင့်ကြံသူများဖြစ်သည်။ မကြာမီတွင် လူအယောက်တစ်သောင်းကျော်ပေါ်လာပြီး သူတို့အားလုံးထံမှ သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းထွက်ပေါ်နေတော့သည်။ အပေါ်ယံမှကြည့်လိုက်ပါက သူတို့သည် အလောင်းတပ်သားများထက်ပင် အနည်းငယ် အံ့သြဖို့ကောင်းနေတော့သည်။

ဘေးနားမှ ကြည့်နေကြသူများမှာ တအံ့တသြဖြစ်ကာမှင်တက်ကုန်ကြပြီး ပိုင်ရှောင်ချန်းပင် အနည်းအံ့အားသင့်သွားရသည်။ သို့သော် သူ၏ရာထူးအခြေအနေကို သူကကောင်းကောင်းသိပြီး သူ့ထံတွင် မဟာကောင်းကင်သခင် ပေးအပ်ထားသည့် အမိန့်များရှိနေသည်။ မဟာကောင်းကင်သခင်က သူ့အားဤနေသို့စေလွှတ်ခဲ့သည်ဖြစ်သည့်အတွက် လီမျိုးနွယ်စုမှာ သူ့ကိုသတ်နိုင်လိမ့်မည်ဟု မတွက်ထားပေ။

ထိုသို့တွေးတောကာ အနည်းငယ်ယုံကြည်မှုပို၍ ပြင်းထန်သွားသဖြင့် သူသည်လီထျန်ရှန်ကိုစိုက်ကြည့်ကာ မကြာသေးမီက သူ၏အမူအရာများမှာ ပျော့ညံ့နေသေးကြောင်း သိသွားတော့သည်။ ထို့ကြောင့် လီထျန်ရှန်နှင့် သူ၏ဘေးနားရှိ ကျင့်ကြံသူများဆီမှ အကြည့်ခွာလိုက်ပြီး စေတီတော်ကို ပြောင်း၍ကြည့်လိုက်တော့သည်။

" ကောင်းကင်မြို့စားလီ၊ ကျုပ်ဒီနေ့လာတာ မဟာကောင်းကင်သခင်ရဲ့ အမိန့်တော်အရပဲ။ ခင်ဗျားကို မေးခွန်းတစ်ခုမေးမယ်၊ ခင်ဗျားရဲ့အပြစ်တွေကို ခင်ဗျားဝန်ခံလား "

ထိုအခါ ထိုနေရာတစ်ဝိုက်ရှိ အရာအားလုံးမှာ ကပြောင်းကပြန်ဖြစ်သွားပြီး လီမျိုးနွယ်စု ကျင့်ကြံသူများထံမှ မရေမတွက်နိုင်သော ပင့်သက်ရှိုက်သံများထွက်လာတော့သည်။ လီမျိုးနွယ်စု ကျင့်ကြံသူများအားလုံးမှာ အသားများ တဆတ်ဆတ်တုန်နေပြီး လီထျန်ရှန်၏နှလုံးခုန်နှုန်းများ မြန်ဆန်လာတော့သည်။

All Chapters