အခန်း (၃၁၅-၃၁၆)
Vol. 32 Ch. 315-316
အခန်း (၃၁၅) တကယ့် မိစ္ဆာ
"ဒါက ငါ လုပ်ကိုလုပ်ရမယ့် အရာပဲ" ထိုသို့ ဆိုကာ သူသည် ဘုရင်ဓားကို ကောင်းကင်သို့ မြှောက်လိုက်သည်။
"ကောင်းပြီ။ မင်းမှာ အရည်အချင်းရှိတာပဲ။ အလုပ်ကို အပြတ်ရှင်းပြီး မင်းရဲ့ ပင်ကိုယ်သဘာဝကို ထုတ်ဖော်လိုက်စမ်း။ မိစ္ဆာတစ်ယောက်ဆိုတာ သူတော်စင်တွေ သတ်မှတ်ထားတဲ့ စည်းဘောင်တွေထဲမှာ အကျဉ်းကျမနေသင့်ဘူး။ မင်းကိုယ်ပိုင် စည်းမျဉ်းကို မင်းဖန်တီးပြီး၊ အဲဒီစည်းမျဉ်းကို ဆန့်ကျင်တဲ့သူမှန်သမျှကို သတ်ဖြတ်ပစ်လိုက်" လုံချန်း ဓားမြှောက်လိုက်သည်ကို မြင်သောအခါ ထိုအမျိုးသားက ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။
"မိစ္ဆာတစ်ယောက်ဟာ သူ့ရဲ့ ရိုင်းစိုင်းတဲ့ သဘာဝကို လွှတ်ပေးထားရမယ်..." လုံချန်းက ထိုသူ၏ စကားကို ပြန်လည်ရေရွတ်ရင်း ဓားကို မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။
သူ၏မျက်လုံးများမှာ ကြယ်တာရာ အနက်ရောင်အလင်းတန်းများ တောက်ပလာပြီး နောက်ဆုံးတွင် ဓားကို ဝှေ့ယမ်းလိုက်တော့သည်။
ဓားသွားက မိန်းကလေးကို ထိခိုက်တော့မည့် ဆဲဆဲတွင် လုံချန်းမှာ ပျောက်ကွယ်သွားသည်။
လုံချန်းသည် ထိုအမျိုးသား၏ နောက်ကျောတည့်တည့်တွင် ပေါ်လာပြီး သူ၏ဓားမှာ ရပ်တန့်မသွားပေ။ ခဏချင်းအတွင်းမှာပင် ထိုသူ ဘာမှမတုံ့ပြန်နိုင်မီမှာပင် ဓားသွားက သူ၏ခေါင်းကို ပိုင်းဖြတ်လိုက်လေသည်။
"မိစ္ဆာတစ်ယောက်ကို ဘာလုပ်ရမယ်ဆိုတာ မင်းက လာသင်ပေးနိုင်မယ် ထင်နေတာလား။ ငါက မင်းရဲ့ကျွန်မဟုတ်ဘူး။ ငါသတ်ချင်တဲ့အချိန်မှာ သတ်မယ်။ ငါသတ်ချင်တဲ့သူကို သတ်မယ်" လုံချန်းက အသံသြသြဖြင့် ဆိုလိုက်သည်။ ခေါင်းမပါသော ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
မိန်းကလေးမှာ မူလနေရာတွင်ပင် မှင်တက်ကာ ရပ်နေသည်။ ထိုသူ မြေပေါ်လဲကျသွားသည်ကို မြင်သောအခါ သူမ၏မျက်နှာတွင် စိတ်သက်သာရာရသွားသော အမူအရာ ပေါ်လာသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး" သူမသည် လုံချန်းဆီသို့ စိတ်လှုပ်ရှားစွာ ပြေးလာသည်။ သို့သော် သူမ အနားသို့ ရောက်သည်နှင့် လုံချန်းသည် ဘုရင်ဓားကို တစ်ဖန် ပြန်လည်ဝှေ့ယမ်းလိုက်ပြန်သည်။
နောက်ထပ် ခေါင်းမပါသော ခန္ဓာကိုယ်တစ်ကိုယ် မြေပေါ်သို့ လဲကျသွားပြန်သည်။
"ငါ မင်းကို စောစောက မသတ်ခဲ့တာက ငါ့နှလုံးသားက နူးညံ့နေလို့ မဟုတ်ဘူး။ တစ်ပါးသူရဲ့ အမိန့်ကို မနာခံချင်ရုံသက်သက်ပဲ။ ဒါပေမဲ့ မင်းက ငါ့ဆီကို ပြေးလာခဲ့တယ် မဟုတ်လား။ ရှေ့မှာ လူတစ်ယောက် အသတ်ခံလိုက်ရတာကို မြင်တဲ့ သာမန်မိန်းကလေးတစ်ယောက်က သတ်တဲ့သူဆီကို ဒီလိုမျိုး ပြေးမလာနိုင်ဘူး" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဟင်" လုံချန်းသည် သူ့နောက်ဘက်မှ အသံအချို့ကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
သူ လှည့်ကြည့်လိုက်သည့်အခါ နံရံပေါ်တွင် စာသားအချို့ ရေးထားသည်ကို တွေ့လိုက်ရသည်။
"စမ်းသပ်မှု ပြီးဆုံးပါပြီ၊ သင် ထွက်ခွာနိုင်ပါပြီ"
"ဒါပဲလား။ မိစ္ဆာအဆင့် စမ်းသပ်မှုက ဒီထက်ပိုပြီး ရှုပ်ထွေးမယ်လို့ ငါ ထင်ထားတာ။ ဘာပဲဖြစ်ဖြစ် စမ်းသပ်မှု ပြီးသွားပေမဲ့ ငါ ထွက်သွားလို့ မရသေးဘူး။ စမ်းသပ်မှုနဲ့ အဆင့်က ငါ့ရဲ့ ပန်းတိုင်မှ မဟုတ်တာ" ထိုသို့ ဆိုကာ သူသည် အခန်းအနှံ့ လိုက်လံရှာဖွေတော့သည်။
သူသည် အပေါ်မှ အောက်အထိ အကုန်ရှာသော်လည်း ဤအခန်းထဲတွင် နိယာမ ရတနာလုံးကို မတွေ့ရပေ။
"ဒီမှာလည်း မရှိဘူးလား။ တကယ်ပါပဲ" သူက စိတ်တိုတိုဖြင့် အော်လိုက်မိသည်။
သူ ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်သွားသဖြင့် ဆဲရေးချင်စိတ်ပင် ပေါက်လာသည်။ သူ လိုချင်သည်မှာ ရတနာလုံးသာ ဖြစ်ပြီး အဆင့်သတ်မှတ်ချက်နှင့် အကျိုးပြုမှတ်များမှာ ဒုတိယသာ ဖြစ်သည်။
သူသည် စိတ်ပျက်လက်ပျက်ဖြင့် ခန်းမဆောင်ကြီးထဲမှ ထွက်လာကာ ထွက်ပေါက်နှင့် ဆက်သွယ်ထားသော အမှောင်ဥမင်ထဲသို့ ပြန်ဝင်လာခဲ့သည်။
"နေဦး... စမ်းသပ်မှု ပြီးသွားပြီဆိုရင် ဒီနေရာက ဘာလို့ မှောင်နေသေးတာလဲ။ ငါ့မျက်လုံးတွေက ဒီမှာ ဘာမှ မမြင်ရသေးဘူး။ ပြီးတော့ ငါ နေရာစုံ ရှာခဲ့ပေမဲ့ ဒီအမှောင်ဥမင်ထဲကိုတော့ သေချာ မရှာရသေးဘူး" သူ အတွေးတစ်ခု ပေါ်လာသည်။
"ဒီနေရာကို သေချာ မရှာဘဲနဲ့ ငါ မထွက်သွားနိုင်ဘူး" ရေရွတ်ကာ သူသည် ဒူးထောက်လိုက်ပြီး မြေပြင်ကို စမ်းတဝါးဝါး ရှာဖွေတော့သည်။
ဥမင်မှာ အလွန်မကျယ်သော်လည်း လုံချန်းအတွက် ၁ မီတာခန့် ရှာဖွေနိုင်ရန် ၅ မိနစ်ခန့် အချိန်ယူနေရသည်။ အမှောင်ထုကြောင့် ရှာရဖွေရ ခက်ခဲနေပြီး လက်ဖြင့်သာ စမ်းရှာနေရသဖြင့် ပို၍ ကြာနေခြင်း ဖြစ်သည်။
"ဪ... ဟုတ်သားပဲ။ ငါ့မှာ ကူညီပေးနိုင်မယ့်သူ ရှိတာပဲ" သူ ရုတ်တရက် သတိရသွားပြီး သိုလှောင်လက်စွပ်ထဲရှိ တစ်စုံတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
သားရဲနယ်မြေထဲမှ သားရဲတစ်ကောင် ထွက်လာသည်။
"ပြောစမ်းပါဦး ကောင်လေး။ ဘာလို့ ဒီနတ်ဘုရားဘုရင်ကို ခေါ်လိုက်တာလဲ။ မင်း အချစ်မှာ ကျဆုံးသွားလို့လား။ ငါ့ကို အောင်သွယ်တော် လုပ်ခိုင်းချင်လို့လား။ ငါ ကြိုသတိပေးထားမယ်နော်၊ မင်းကြိုက်တဲ့ မိန်းကလေးက ငါ့ရဲ့ ဆွဲဆောင်မှုအောက်မှာ ကျရှုံးသွားဖို့ အခွင့်အရေး အများကြီး ရှိတယ်" မြွေဘုရင် နတ်ဆိုးက လက်စွပ်ထဲမှ ထွက်လာသည်နှင့် ပြောလိုက်သည်။
"ဟင်... ဒီမှာ ဘာလို့ ဒီလောက် မှောင်နေတာလဲ။ ငါ့လိုသခင်မှာ ညဘက်အာရုံ ရှိတာတောင် ဘာမှ မမြင်ရပါလား" မြွေဘုရင် နတ်ဆိုးက ဆိုသည်။
"အဲဒါတွေ ထားလိုက်ဦး၊ မင်း ကူညီပေးရမယ့် ကိစ္စရှိတယ်" လုံချန်းက ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါ မင်းကို အောင်သွယ်ပေးမယ်လို့ ကတိပေးပြီးသားပဲ။ ငါ့ရဲ့ သတိပေးချက်ကိုတော့ မမေ့နဲ့ဦး" လုံချန်း စကားမဆုံးမီ နတ်ဆိုးက ဖြတ်ပြောလိုက်ပြန်သည်။
"အဲဒါ မဟုတ်ဘူးဟ၊ အရူးရ။ ငါ့မှာ မင်းကို အောင်သွယ်ခိုင်းရမယ့် အချိန်သာ ရောက်လာမယ်ဆိုရင်... ချောက်ထဲပဲ ခုန်ချသေလိုက်တော့မယ်" လုံချန်းက စိတ်ပျက်လက်ပျက် ဆိုလိုက်သည်။
တစ်ခါတလေ မြွေဘုရင်၏ အဓိပ္ပာယ်မရှိသော စကားများကို သူ သဘောကျသော်လည်း ယခုက ထိုသို့သော အချိန်မဟုတ်ကြောင်း သူ ခံစားရသည်။
"ငါ မနာလိုဖြစ်နေတဲ့ အနံ့ရတယ်။ မင်း ဒီသခင်ကို မနာလို ဖြစ်မနေပါနဲ့။ ငါက မင်းရဲ့ မိန်းကလေးကို မလုပါဘူး။ ငါက အဲဒီလိုလူမျိုး မဟုတ်ဘူး၊ တကယ်ကို ဖြောင့်မတ်တဲ့သူပါ" မြွေဘုရင်က ဆိုသည်။
"မင်း အချိန်မဖြုန်းဘဲ ငါ့စကားကို နားထောင်လို့ ရမလား။ အခု ငါတို့က ဥမင်လို လိုဏ်ဂူထဲမှာ ရောက်နေတာ။ မင်း ခန္ဓာကိုယ်ကို ကြီးအောင် လုပ်ပြီး ဒီဥမင်ရဲ့ ကြမ်းပြင်ကို ရှာပေးစမ်း။ ငါတို့ ဘာမှ မမြင်ရတဲ့အတွက် မင်းရဲ့ ခန္ဓာကိုယ်ကြီးနဲ့ ကြမ်းပြင်ကို ဝှေ့ယမ်းပြီး ရှာမှပဲ ရမယ်။ ငါက ငါ့ခေါင်းလောက်ရှိတဲ့ ရတနာလုံး တစ်လုံးကို ရှာနေတာ" လုံချန်းက ရှင်းပြသည်။
"အဲဒါက အရေးကြီးလို့လား။ ငါ့ကိုယ်အောက် ရောက်ပြီး ကြေမသွားဘူးမလား" မြွေဘုရင်က မေးသည်။
"အေး... စိတ်မပူနဲ့။ မင်းရဲ့ ခွန်အားအကုန်သုံးပြီး ဖိရင်တောင် အဲဒီရတနာလုံးက ကွဲမှာ မဟုတ်ဘူး" လုံချန်းက ပြန်ပြောသည်။
"ဒီလောကမှာ အဲဒီလို အရာမျိုး ရှိလို့လား။ မင်း ပြောမှတော့ ငါ ယုံလိုက်ပါမယ်"
"ကောင်းပြီ၊ နောက်ဆုတ်ပေးတော့။ ဒီကိစ္စကို ငါ့ဘာသာ ကိုင်တွယ်လိုက်မယ်" နတ်ဆိုးက ဆိုကာ သူ၏ ခန္ဓာကိုယ်ကို စတင် ကြီးထွားစေလိုက်သည်။
သူ၏ ခန္ဓာကိုယ် အကျယ်မှာ ဥမင်တစ်ခုလုံး၏ ထက်ဝက်ခန့် ရှိလာသည်။ မြွေဘုရင်သည် ကြမ်းပြင်ရှိ မည်သည့်နေရာမှ မကျန်ရစ်စေရန် အကွေ့အကောက် ပုံစံဖြင့် ရှေ့သို့ တရွေ့ရွေ့ သွားတော့သည်။
လုံချန်းသည် နောက်ကနေ စောင့်နေပြီး နတ်ဆိုး တစ်ခုခု ရှာတွေ့ပါစေဟု ဆုတောင်းနေသည်။ နာရီဝက်ခန့် ကြာပြီးနောက် မြွေဘုရင် ပြန်လာသည်။
"တစ်ခုခု တွေ့လား" လုံချန်းက မေးလိုက်သည်။
"ဘာမှ မတွေ့ဘူး။ ကြမ်းပြင်ပေါ်မှာ ဘာမှ မရှိဘူး" မြွေဘုရင်က ဆိုသည်။
"ငါ တကယ်ပဲ မှားသွားတာ ထင်တယ်။ ဒီမှာ မရှိတာပဲ" လုံချန်းက စိတ်ပျက်စွာ ရေရွတ်လိုက်သည်။
သူသည် နတ်ဆိုးကို သားရဲနယ်မြေထဲသို့ ပြန်ပို့လိုက်ပြီး ထွက်ပေါက်ဆီသို့ လျှောက်လာခဲ့သည်။ အမှောင်ထဲတွင် ဖြစ်သဖြင့် သူသည် နံရံကို လက်ဖြင့် ထိတွေ့ကာ လမ်းကြောင်းမှန်စေရန် ဂရုတစိုက် လျှောက်လာခဲ့သည်။
စမ်းသပ်မှု ပြီးသွားပြီ ဖြစ်သဖြင့် နံရံနား ကပ်လျှောက်ရသည်မှာ အန္တရာယ် မရှိတော့ပေ။
အခန်း (၃၁၆) နိယာမ ရတနာလုံးကို ရှာဖွေတွေ့ရှိခြင်း
လုံချန်းသည် နံရံကို အမှီပြု၍ ထွက်ပေါက်ဆီသို့ လျှောက်လာခဲ့သည်။ ဤနည်းလမ်းက ပို၍မြန်ဆန်ပြီး လမ်းကြောင်းရှာရသည်မှာလည်း ပို၍လွယ်ကူသည်။
သူသည် လမ်းတစ်ဝက်ကျော်အထိ ရောက်ရှိလာပြီးနောက် ရှေ့သို့ ဆက်လျှောက်နေစဉ် ထူးဆန်းသောအရာတစ်ခုကို ခံစားလိုက်ရသည်။ နံရံမှာ ယခင်က ကြမ်းတမ်းနေသော်လည်း ခဏတာမျှ အလွန်ချောမွေ့သွားပြီးမှ ပြန်လည်ကြမ်းတမ်းသွားခြင်း ဖြစ်သည်။
သူသည် နောက်သို့ပြန်ဆုတ်ကာ နံရံကို လက်ဖြင့် ပြန်စမ်းကြည့်လိုက်ရာ သူထင်သည်မှာ မှန်နေသည်။ နံရံ၏ အစိတ်အပိုင်းအနည်းငယ်မှာ အမှန်တကယ်ပင် ချောမွေ့နေသည်။ သူသည် ထိုနေရာကို သေချာစမ်းသပ်ကြည့်ရာ ၂ စင်တီမီတာ၊ ၃ စင်တီမီတာခန့် အချင်းရှိသော စက်ဝိုင်းပုံစံ အစိတ်အပိုင်းလေးတစ်ခုမှာ အခြားနေရာများနှင့် မတူဘဲ ထူးခြားနေသည်။
"ဒီမှာ တစ်ခုခုတော့ ထူးခြားနေပြီ။ ငါမမှားဘူးဆိုရင် ဒါဟာ နံရံထဲမှာ မြုပ်နေတဲ့ နိယာမ ရတနာလုံးပဲ ဖြစ်ရမယ်" လုံချန်းက ပြုံးလျက် ရေရွတ်လိုက်သည်။
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဝိညာဉ် စွမ်းအင်များကို လက်သီးဆီသို့ စုစည်းကာ နံရံကို ထိုးနှက်လိုက်သည်။ ရတနာလုံးမှာ မပျက်စီးနိုင်သော အရာဖြစ်သဖြင့် ၎င်းကို တိုက်ရိုက်ထိုးမိပါက သူ၏လက်သာ နာကျင်မည်ဖြစ်သောကြောင့် ရတနာလုံး၏ ဘေးပတ်လည်ကိုသာ ရွေး၍ ထိုးနှက်ခြင်း ဖြစ်သည်။
လုံချန်းသည် စွမ်းအင်လုံး ဘေးပတ်လည်ရှိ နံရံကို အကြိမ်ကြိမ် ထိုးနှက်နေခဲ့သည်။ တစ်နည်းအားဖြင့် စွမ်းအင်လုံးကို အလွယ်တကူ ထုတ်ယူနိုင်ရန် ဘေးပတ်လည်မှ နံရံကို ဖြိုချနေခြင်း ဖြစ်သည်။
အချက် ၃၀ ခန့် ထိုးနှက်ပြီးနောက် ဖန်သားပြင်ကဲ့သို့ အရာတစ်ခု မြေပေါ်သို့ ကျသွားသည့် အသံကို ကြားလိုက်ရသဖြင့် သူ ရပ်လိုက်သည်။ နံရံကို ပြန်စမ်းကြည့်ရာ စွမ်းအင်လုံးမှာ ထိုနေရာတွင် မရှိတော့ပေ။ သူသည် မြေပြင်ကို စမ်းတဝါးဝါး ရှာဖွေရာ စွမ်းအင်လုံးလေးကို တွေ့ရှိသွားသည်။
"တွေ့ပြီ၊ မင်းကို နောက်မှ အေးဆေးကြည့်တော့မယ်၊ အခုတော့ လက်စွပ်ထဲ ခဏဝင်နေဦး" လုံချန်းက ပြုံးလျက် ဆိုကာ ရတနာလုံးကို သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။
ရတနာလုံးမှာ လက်စွပ်ထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ဥမင်အတွင်းရှိ ထူးဆန်းသော အမှောင်ထုကြီးမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး သူသည် ပတ်ဝန်းကျင်ကို ပြန်လည်မြင်တွေ့နိုင်ခဲ့သည်။
"ဟင်... ဒါဆို ဒီအမှောင်ထုက ရတနာလုံးကြောင့် ဖြစ်နေတာပေါ့။ ဒါက သူ့ရဲ့ နိယာမနဲ့ သက်ဆိုင်တာလား" သူက စဉ်းစားဟန်ဖြင့် ရေရွတ်လိုက်သည်။
"ရွှင်းရေ အမှောင်နိယာမ ဆိုတာ ရှိလား" သူက တိုးတိုးလေး မေးလိုက်သည်။
"ရှိတာပေါ့။ အခု နင်ရလိုက်တဲ့ စွမ်းအင်လုံးက အမှောင်နိယာမ အတွက်ပဲလို့ ငါထင်တယ်။ ဒါက အထူးနိယာမတစ်ခုပဲ။ နင် ဒါကို ရခဲ့တာ တကယ်ကို အံ့သြဖို့ကောင်းတယ်။ ပြီးတော့ ဒါက အထွတ်အထိပ် အထူးနိယာမတစ်ခုလို့ သတ်မှတ်ကြတယ်" ရွှင်းက လုံချန်းအနားတွင် ပေါ်လာပြီး ပြောလိုက်သည်။
"တကယ်ကြီးလား။ အမှောင်နိယာမက အထွတ်အထိပ်ထဲမှာ ပါတာလား။ ငါတော့ နားမလည်ဘူး။ ဒါက အမှောင်ထုသက်သက်ပဲလေ၊ ဟင်းလင်းပြင် နိယာမနဲ့ ဘယ်လိုလုပ် တစ်ဆင့်တည်း ဖြစ်နိုင်မှာလဲ။ ဟင်းလင်းပြင်နဲ့ အချိန်ဆိုတာ စကြဝဠာရဲ့ အဓိက အင်အားစုတွေ မဟုတ်ဘူးလား" သူက အံ့သြတကြား မေးသည်။
"အမှောင်ထုဆိုတာ နင်ထင်သလောက် မရိုးရှင်းဘူး။ အမှောင်ထုဆိုတာ အမြဲတမ်း တည်ရှိနေတာ။ စကြဝဠာကြီး မဖြစ်ပေါ်ခင်ကတည်းက အမှောင်ထုက ရှိနေခဲ့တာ။ ဟင်းလင်းပြင် ကိုယ်တိုင်မှာလည်း အမှောင်ထု ကိန်းအောင်းနေတယ်။ ဒါကြောင့် ဒါဟာ ရှေးအကျဆုံး နိယာမတွေထဲက တစ်ခုလို့ ပြောလို့ရတယ်" ရွှင်းက အလေးအနက် ရှင်းပြသည်။
"အမှောင်ထုဆိုတာ အလင်းမရှိတာ တစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်ဘူး၊ အဲဒီထက် ပိုနက်ရှိုင်းတယ်။ နှလုံးသားရဲ့ အမှောင်ထု၊ လူသားတွေရဲ့ အမှောင်ထုနဲ့ ကမ္ဘာကြီးရဲ့ အမှောင်ထု... အဲဒါတွေနဲ့ ဆက်နွှယ်နေတဲ့ အရာက ဘယ်လိုလုပ် ရိုးရှင်းနိုင်ပါ့မလဲ" ရွှင်းက မျက်မှောင်ကြုတ်ရင်း ဆိုသည်။
"စိတ်ဝင်စားစရာပဲ။ ဒီလောက်အထိ အရေးကြီးမယ်လို့ ငါ မထင်ထားဘူး။ ငါ့ရဲ့ အမှောင်နိယာမမျိုးစေ့ကို ဖော်ဆောင်တဲ့အခါ ကောင်းမွန်တဲ့ ပညာရပ်တစ်ခု ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ထိုသို့ ဆိုကာ လုံချန်းသည် ထွက်ပေါက်ဆီသို့ ဆက်လျှောက်လာခဲ့သည်။
သူသည် မိစ္ဆာအဆင့်ခန်းမမှ ထွက်ကာ အဆင့်သတ်မှတ်ချက်ခန်းမမှ အပြင်သို့ ထွက်လာခဲ့သည်။ လုံချန်း အပြင်သို့ ထွက်လာသည့်အခါ ဂိုဏ်းသား ထက်ဝက်ခန့်မှာ ခန်းမအပြင်တွင် စောင့်ဆိုင်းနေသည်ကို မြင်ရသဖြင့် သူ အံ့သြသွားသည်။
"သူ ထွက်လာပြီ" လူအုပ်ထဲမှ တစ်ယောက်က တိုးတိုးလေး ပြောသည်။
"သူက အထဲမှာ အကြာဆုံးပဲ။ သူ အောင်မြင်သွားမယ် ထင်လား"
"သူ့ကိုယ်မှာ ဘာဒဏ်ရာမှလည်း မတွေ့ပါလား။ ဒါပေမဲ့ ပျော်နေတဲ့ပုံလည်း မပေါက်ဘူး။ ရှုံးသွားတာလား မသိဘူး"
"ရှုံးသွားရင်တော့ ကောင်းတာပဲ။ စီနီယာ မုကျိန်းကပဲ ဒီမျိုးဆက်မှာ မိစ္ဆာအဆင့်ကို ပထမဆုံး ရစေချင်တာ"
"ဟုတ်တယ်၊ စီနီယာ မုကျိန်းက အဲဒီမိစ္ဆာထက် အများကြီး ပိုတော်တယ်။ သူပဲ အရင်အောင်မြင်စေချင်တယ်"
"ဒီမိစ္ဆာကို ကောင်းတာ ဘာမှ မရစေချင်ဘူး။ သူက ရက်စက်လွန်းတယ်။ စီနီယာ တီယု ရဲ့ လက်မောင်းကို သူ ဖြတ်ပစ်ခဲ့တဲ့နေ့ကို ငါ မှတ်မိနေတုန်းပဲ"
လူအုပ်ထဲမှ အမျိုးသားအချို့မှာ တစ်ယောက်နှင့်တစ်ယောက် တိုးတိုးတိတ်တိတ် ပြောဆိုနေကြသော်လည်း လုံချန်းကတော့ ထိုစကားအားလုံးကို ကြားနေရသည်။ သူသည် လူအုပ်ဆီသို့ လျှောက်သွားရာ လူအုပ်က သူ့ကို လမ်းဖယ်ပေးလိုက်ကြသည်။
သို့သော် လုံချန်းက ထွက်မသွားဘဲ လမ်းတစ်ဝက်တွင် ရပ်တန့်ကာ သူ့အကြောင်း ပြောနေသည့် လူတစ်စုဘက်သို့ လှည့်ကြည့်လိုက်သည်။
"မင်းတို့... ဟိုနားက ကောင်တွေ၊ ငါ့မေးခွန်းတစ်ခုကို ဖြေပေးလို့ ရမလား" လုံချန်းက ထိုလူငယ်များကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"အာ... ရပါတယ် စီနီယာ" ထိုလူများက ကြောက်ကြောက်လန့်လန့်ဖြင့် ဦးညွှတ်ကာ ပြန်ဖြေကြသည်။
"ဘာမှ မခက်ခဲပါဘူး။ ငါ တစ်ခု သိချင်လို့ပါ။ တကယ်လို့ ငါက မင်းတို့အားလုံးကို သတ်ဖြတ်ပစ်မယ်ဆိုရင်... မင်းတို့ရဲ့ စီနီယာက မင်းတို့ကို ကယ်နိုင်မယ်လို့ ထင်လား" လုံချန်းက အပြစ်ကင်းစင်သော အပြုံးဖြင့် မေးလိုက်သည်။
သူသည် အပြစ်ကင်းစင်စွာ ပြုံးနေသော်လည်း ထိုအပြုံးက ထိုလူစု၏ ကျောရိုးထဲအထိ စိမ့်တက်သွားအောင် ခြောက်ခြားစေသည်။
"စီ... စီနီယာ၊ ဘာ... ဘာကို ပြောတာလဲ" သူတို့က မသိချင်ယောင် ဆောင်နေကြသော်လည်း အတွင်းစိတ်တွင် တုန်လှုပ်နေကြပြီ ဖြစ်သည်။
"မင်းတို့ထဲက တချို့က ငါ့ကို ဘာမှ မအောင်မြင်စေချင်ဘူးလို့ ပြောသံကြားသလိုပဲ။ ပြီးတော့ စီနီယာ မုကျိန်း ဆိုလား... အဲဒီလူအကြောင်း ပြောနေတာလည်း ကြားလိုက်သလိုပဲ။ အဲဒါကြောင့် ငါက မင်းတို့ကို သတ်ဖြတ်နေတဲ့အချိန်မှာ သူက လာကယ်မလားလို့ သိချင်ရုံပါ" လုံချန်းက ပြုံးလျက် ဆိုကာ သူ၏ ဓားကို ထုတ်လိုက်သည်။
သူသည် ထိုလူများဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ ထိုလူများမှာ အလွန်ကြောက်လန့်သွားသဖြင့် ခြေထောက်များပင် မလှုပ်နိုင်တော့ဘဲ ဒူးထောက်လဲကျသွားကြသည်။
"တောင်းပန်ပါတယ် စီနီယာ။ ကျွန်တော်တို့ မှားသွားပါတယ်" ထိုလူများက တုန်ရီနေသော လက်များဖြင့် အသနားခံတော့သည်။ လူအုပ်ကြီးကလည်း သူတို့နှင့် ဝေးရာသို့ ဖယ်ပေးလိုက်ကြပြီ ဖြစ်သည်။
လုံချန်းသည် ထိုလူများ၏ ရှေ့တွင် ရပ်တန့်ကာ သူတို့၏ သနားစရာကောင်းသော အခြေအနေကို ကြည့်လိုက်သည်။ ဤပိုးမွှားကောင်များကို သတ်ရန် သူ၏ဓားကို ဝှေ့ယမ်းဖို့ပင် စိတ်မပါတော့ပေ။ သူသည် ဘာမှထပ်မပြောဘဲ လှည့်ထွက်လာခဲ့သည်။
လုံချန်း ထွက်သွားသည်ကို ကြည့်ရင်း လူအုပ်ကြီးမှာ သက်ပြင်းချနိုင်တော့သည်။ လုံချန်း စကားပြောခဲ့သည့် လူအုပ်မှာတော့ ချွေးပြန်နေဆဲပင်။
"သူ ကြားသွားတယ်" သူတို့ထဲမှ တစ်ယောက်က ခုန်ပေါက်နေသော နှလုံးခုန်သံကို ထိန်းရင်း ပြောလိုက်သည်။
"သူ ငါတို့ကို မသတ်ဘူးပဲ။ ကြည့်ရတာ သူက ထင်သလောက် မဆိုးပါဘူး" နောက်တစ်ယောက်က ဆိုသည်။
"မင်းတို့ နားမလည်ဘူး။ သူ ငါတို့မျက်နှာတွေကို မှတ်ထားပြီးပြီ။ နောက်မှ လာသတ်မှာ။ အခုက လူတွေအများကြီး ရှိနေလို့ မသတ်တာ" တစ်ယောက်က မျက်ရည်ဝဲလျက် ပြောလိုက်သည်။
"ငါတို့ တစ်နေရာရာမှာ သွားပုန်းရအောင်။ ဂိုဏ်းရဲ့ တာဝန်တစ်ခုခုကို ယူပြီး အဝေးကို သွားကြရအောင်။ အသက်ရှင်ဖို့ တစ်ခုခု လုပ်မှ ဖြစ်မယ်" သူက သူငယ်ချင်းများကို ကြည့်ရင်း ဆက်ပြောသည်။
လူများက သူ၏ရည်ရွယ်ချက်ကို လွဲမှားစွာ တွေးတောနေကြစဉ် လုံချန်းသည် သူ၏နေအိမ်ဝင်းသို့ ပြန်ရောက်သွားပြီ ဖြစ်သည်။
"သခင်လေး... ပြန်လာပြီလား။ ဘယ်လိုလဲ အဆင်ပြေလား" မန်ကုက စိတ်လှုပ်ရှားစွာ မေးသည်။
"အတော်လေး အဆင်ပြေပါတယ်။ မနက်ဖြန်ကျရင် သွားကြည့်လိုက်တော့၊ ငါကတော့ အလုပ်ရှုပ်နေလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ငါ အခု တံခါးပိတ်ကျင့်ကြံတော့မယ်။ ဘာဖြစ်ဖြစ် ငါ့ကို လာမနှောင့်ယှက်နဲ့နော်။ ကြားလား" လုံချန်းက မန်ကုကို ပြောကာ အခန်းထဲဝင်၍ တံခါးပိတ်လိုက်သည်။
သူသည် ကုတင်ပေါ်တွင် လှဲလျောင်းကာ ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်သည်။
"ရွှင်း... ငါ့ကို တစ်ခုလောက် ပြောပြပါဦး" သူက တိုးတိုးလေး မေးလိုက်သည်။
"ဘာသိချင်တာလဲ" သူမက လုံချန်းအနားမှာ ပေါ်လာသည်။
"ဒီနေရာမှာ အမှောင်နိယာမကို ငါ ဘယ်လို လေ့လာရမလဲ"
"ဘာကို ဆိုလိုတာလဲ။ တခြား နိယာမ ရတနာလုံးတွေလိုပဲ လုပ်လိုက်ရုံပေါ့" ရွှင်းက ပြန်ဖြေသည်။
"အဲဒါကို ပြောတာမဟုတ်ဘူး။ ဒီနေရာမှာ အဲဒါကို ဘယ်လိုလုပ်ရမလဲလို့ မေးတာ။ နင်သိတဲ့အတိုင်း ငါ နိယာမတစ်ခုကို နားလည်ဖို့ အချိန်အများကြီး ယူရတတ်တယ်။ ပြီးတော့ ငါက အဆိပ်မိနေတာလေ။ အပတ်တိုင်း ဆေးမသောက်ရင် ငါ အဆိပ်နဲ့ သေသွားလိမ့်မယ်" လုံချန်းက ပြန်ပြောလိုက်လေတော့သည်။