အခန်း (၃၁၇-၃၁၈)
Vol. 32 Ch. 317-318
အခန်း (၃၁၇) မှောင်မိုက်သော အနာဂတ်၏ အရိပ်အယောင်များလား
"အဲဒါက တကယ်ကို စိုးရိမ်စရာပဲ။ ပထမအချက်ကတော့ နင့်အနေနဲ့ နိယာမကို ၇ ရက်အတွင်း အပြီးလေ့လာရမယ်ဆိုတဲ့ သဘောပဲ။ နင့်ရဲ့ အရင်မှတ်တမ်းတွေအရတော့ ဒါက ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တကယ့်စိုးရိမ်စရာက ဒုတိယအချက်ပဲ" ရွှင်းက စဉ်းစားဟန်ဖြင့် ဆိုသည်။
"လန်ကျင်းက နင့်ဆီကို သူအလိုရှိတဲ့အချိန်တိုင်း ဝင်လာနိုင်တာဆိုတော့ ဒီနေရာမှာ ကျင့်ကြံဖို့က လက်တွေ့မကျဘူး။ ငါတို့ ဂိုဏ်းအပြင်ဘက်ကို သွားသင့်တယ်" သူမက အကြံပေးသည်။
"ပြောရတာတော့ လွယ်တာပေါ့။ လန်ကျင်းက ငါ့ကို အပြင်ထွက်ခွင့် ပေးမယ်ထင်လို့လား" သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ပေးရင် ပေးမှာပါ။ သူက နင်ထွက်ပြေးမှာကို စိုးရိမ်နေပုံမရဘူး။ သူ့ရဲ့ အဆိပ်အပေါ် သူကိုယ်တိုင် အတော်လေး ယုံကြည်မှုရှိပုံရတယ်" ရွှင်းက ဆိုသည်။
"ငါ စမ်းကြည့်ရမှာပဲ။ ဂိုဏ်းက တာဝန်တွေ ထမ်းဆောင်ရင် အကျိုးပြုမှတ်တွေ ပေးတယ်လို့ ကြားတယ်။ ဒါဆိုရင် တာဝန်ပေး ခန်းမ ရှိရမယ်။ ဂိုဏ်းအပြင်ဘက်ကို ခဏလောက် သွားခွင့်ရမယ့် တာဝန်တစ်ခုခု ငါ ရှာကြည့်မယ်။ လန်ကျင်းကိုတောင် လှည့်စားလို့ ရကောင်းရနိုင်တယ်" လုံချန်းက တွေးတောရင်း ရေရွတ်လိုက်သည်။
"အတိအကျပဲ" ရွှင်းက ထောက်ခံသည်။
"မနက်ဖြန်ကျမှပဲ လုပ်တော့မယ်။ ဒီနေ့တော့ တော်တော်လေး ပင်ပန်းသွားပြီ။ အဖြစ်အပျက်တွေကလည်း များလွန်းတယ်" ထိုသို့ ဆိုကာ လုံချန်း သန်းဝေလိုက်သည်။ သူသည် မျက်လုံးမှိတ်ကာ အိပ်ပျော်သွားတော့သည်။
"ဟင်း... သူ အိပ်ချင်လာရင်လည်း ချက်ချင်းပါလား" ရွှင်းက ခပ်ပြုံးပြုံးဖြင့် ရေရွတ်ကာ ပျောက်ကွယ်သွားသည်။
တောက်ပသော နေမင်း အင်ပါယာတွင်မူ မင်ယုနှင့် ကျိချင်းတို့သည် အခန်းတစ်ခန်းတည်း၌ ထိုင်နေကြသည်။ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ကျိရှန်းသည် သူ၏ဖခင်ထံမှ သားရဲခန်းမ၏ တည်နေရာကို မမေးမြန်းနိုင်သေးပေ။
ထိုသတင်းအချက်အလက် မရှိဘဲ သူတို့ ဘာလုပ်ရမည်ကို ဆုံးဖြတ်ရန် ခက်ခဲနေကြသည်။ လုံချန်းကို ထိုလူများ ဘယ်ကို ခေါ်သွားမှန်း သူတို့ မသိကြဘဲ သူ အသက်ရှင် နေသေးလိမ့်မည်ဟူသော ယုံကြည်ချက်တစ်ခုတည်းဖြင့်သာ တောင့်ခံနေကြရသည်။
"ငါတို့ ဒီအတိုင်း ဘယ်လောက်အထိ ထပ်စောင့်နေရဦးမှာလဲ။ ဧကရာဇ်က ငါတို့ကို ဘာမှပြောပြမှာ မဟုတ်တာ သိသာနေပြီပဲ" ကျိချင်းက မျက်မှောင်ကြုတ်ကာ ဆိုသည်။
"သူက ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ယုံကြည်ချက် မပျက်ပါနဲ့။ ဧကရာဇ်ကြီးရဲ့ ကျန်းမာရေးကလည်း ဆိုးရွားနေတော့ သူ့သားအတွက် စိတ်ဖိစီးနေတာလည်း ပါမှာပေါ့။ ငါတို့သာ သူ့ကို ဒီအတိုင်း ဆက်ပြီး တောင်းဆိုနေရင် သူ ပြောပြလာမှာပါ" မင်ယုက စဉ်းစားဟန်ဖြင့် ပြောသည်။
"တကယ်လို့ တစ်ပတ်အတွင်း သူ မပြောသေးဘူးဆိုရင်တော့၊ ငါ သူ့လည်ပင်းကို ဓားနဲ့ထောက်ပြီး အကျပ်ကိုင်တော့မယ်။ အဲဒီမတိုင်ခင်မှာ ငါတို့ ထွက်ပြေးဖို့အတွက် နေရာရွှေ့ပြောင်းခြင်း အဆောင်တစ်ခု စီစဉ်ထားသင့်တယ်" သူမက ဆက်ပြောသည်။ သူတို့သည် ၂ နာရီခန့် ဆွေးနွေးပြီးနောက် အိပ်ပျော်သွားကြသည်။
ထိုညတွင် မင်ယုသည် အိပ်မက်တစ်ခု မြင်မက်ခဲ့သည်။ သို့သော် ၎င်းမှာ သူမ ယခင်က မြင်ဖူးသမျှ အိပ်မက်များနှင့် မတူပေ။ အိပ်မက်ဟု မထင်ရဘဲ လက်တွေ့ဘဝကို မြင်နေရသကဲ့သို့ ခံစားရသည်။
သူမသည် အဝေးတစ်နေရာတွင် ရပ်နေသော လုံချန်းကို မြင်ရသည်။ သို့သော် သူက ပုံမှန်မဟုတ်ပေ။ တစ်ကိုယ်လုံး အမှောင်ထု၏ ဝါးမြိုခြင်းကို ခံထားရသကဲ့သို့ ရှိနေသည်။ လုံချန်း၏ ရှေ့တွင် နောက်ထပ် လူတစ်ယောက် ရပ်နေသော်လည်း ထိုသူက ဝတ်ရုံခြုံထားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သူမ မမြင်ရပေ။
နှစ်ဦးစလုံး၏ လက်ထဲတွင် ဓားတစ်လက်စီ ရှိနေသည်။ လုံချန်းက သူ၏ ဘုရင်ဓားကို ကိုင်ထားပြီး၊ တစ်ဖက်လူကတော့ အနက်ရောင်မီးတောက်များ တောက်လောင်နေသည့် အနက်ရောင်ဓားတစ်လက်ကို ကိုင်ထားသည်။ သူတို့နှစ်ဦးမှာ စကားတစ်လုံးမှ မပြောဘဲ အချင်းချင်း ရင်ဆိုင်နေကြသည်။
မင်ယုသည် အကွာအဝေးတစ်ခုတွင် ရပ်နေသော နောက်ထပ်လူတစ်ယောက်ကိုလည်း သတိပြုမိသည်။ သူမ ထိုလူကို မှတ်မိသည်။ မျက်နှာတစ်ဝက်ကို မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားဖြစ်သည်။
လက်ဖျောက်တစ်ချက်တီးရုံဖြင့် ကောင်းကင်အဆင့် အထွတ်အထိပ် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်ခဲ့သူ၊ သူမအား လုံချန်းဆီသို့ ခေါ်ဆောင်လာပေးသည့် သလင်းကျောက်ကို ပေးခဲ့သူပင် ဖြစ်သည်။
ထိုအမျိုးသားသည် အဝေးမှနေ၍ သူတို့နှစ်ဦးကို ကြည့်နေရုံသာ ကြည့်နေသည်။ နောက်ကွယ်မှ သစ်ပင်ကို ကျောမှီထားပြီး ဝင်ရောက်စွက်ဖက်မည့်ပုံ မပေါ်ပေ။ လုံချန်းသည် ဓားကိုမြှောက်ကာ စတင်လှုပ်ရှားလိုက်သည်။ တစ်ဖက်လူကလည်း ထို့အတူ လှုပ်ရှားလိုက်သော်လည်း ရလဒ်ကို မမြင်ရမီ မြင်ကွင်းက ပြောင်းလဲသွားသည်။
သူမသည် အခန်းငယ်လေး တစ်ခန်းအတွင်းသို့ ရောက်သွားသည်။ ရှေ့တွင် လူနှစ်ယောက် ရပ်နေသည်ကို သူမ မြင်ရသည်။ လုံချန်းနှင့် သူမကိုယ်တိုင်၏ နောက်ထပ်ပုံစံတစ်ခုမှာ အချင်းချင်း ရင်ဆိုင်နေကြခြင်း ဖြစ်သည်။
ဤနေရာတွင် လုံချန်းမှာ အလွန်ပင် ပုံမှန်အတိုင်းရှိနေပြီး စောစောက မြင်ခဲ့ရသလို ကြောက်စရာ မကောင်းပေ။ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝိုင်းနေပြီး လုံချန်းကို တစ်ခုခုအတွက် ဆူပူနေသည့်ပုံပေါ်သည်။ မင်ယုမှာ စကားသံများကို မကြားရသဖြင့် အဘယ်ကြောင့် ဆူပူနေသည်ကို မသိသော်လည်း တစ်ခုခုတော့ အကြီးအကျယ် မှားယွင်းနေပုံရသည်။ လုံချန်းမှာ တစ်ခုခု ပြောရန် ကြိုးစားနေသော်လည်း စကားလုံးများ ထွက်မလာပေ။
မြင်ကွင်းက ထပ်မံပြောင်းလဲသွားပြန်သည်။ သူမသည် သွေးချင်းချင်းနီနေသော နေရာတစ်နေရာတွင် ရပ်နေရသည်။ ၎င်းမှာ မြို့တစ်မြို့နှင့် တူသည်။ ထိုမြို့မှာ မည်သည့်မြို့ဖြစ်ကြောင်း မသိသော်လည်း တစ်နေရာရာတွင် ရင်းနှီးနေသကဲ့သို့ ခံစားရသည်။ မြေပြင်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေသည်။ ခဏအကြာတွင် လူအချို့ ထွက်ပြေးနေကြသည်ကို သူမ မြင်ရသော်လည်း နောက်ဘက်မှ တောက်ပသော အလင်းတန်းတစ်တန်း ရောက်လာပြီး သူတို့ကို ပိုင်းဖြတ်လိုက်သည်။
သွေးစက်များမှာ သွေးစွန်းနေသော မြေပြင်ပေါ်သို့ ထပ်မံကျဆင်းသွားသည်။ စက္ကန့်အနည်းငယ်အကြာတွင် တိုက်ခိုက်မှု လာရာအရပ်မှ လူတစ်ယောက် လမ်းလျှောက်လာသည်ကို သူမ မြင်လိုက်ရသည်။
ထိုလူကို မြင်လိုက်ရသောအခါ မင်ယု၏ ပါးစပ်မှာ မယုံကြည်နိုင်စွာ ပွင့်ဟသွားတော့သည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ လုံချန်းပင် ဖြစ်သည်။
သူ့မျက်နှာတွင် မည်သည့်ခံစားချက်မျှ မရှိပေ။ ပျော်ရွှင်မှုလည်း မရှိ၊ ဒေါသလည်း မရှိ။ သတ်ဖြတ်လိုစိတ် တစ်ခုတည်းကိုသာ သူမ မြင်တွေ့ရသည်။ သူသည် ထိုနေရာတွင် ရပ်မနေဘဲ သတ်ဖြတ်ခြင်းလမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းနေသည်။ ယခုတစ်ကြိမ်တွင်မူ သူမ အသံများကို ကြားရသည်။ သို့သော် သူမ ကြားရသမျှမှာ နာကျင်စွာ အော်ဟစ်သံများသာ ဖြစ်သည်။
သူမသည် အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားကို တစ်ဖန် ပြန်တွေ့ရပြန်သည်။ ယခုတစ်ကြိမ်တွင် သူသည် အမိုးပေါ်၌ ထိုင်ကာ ပရမ်းပတာ ဖြစ်နေမှုများကို ကြည့်နေသည်။ သို့သော် သူ ပျော်ရွှင်နေပုံတော့ မရပေ။ သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားသည်မှာ တိုက်ခိုက်ချင်စိတ် ပြင်းပြနေသည့်ပုံပေါ်သည်။
ထိုအမျိုးသားက ရုတ်တရက် မင်ယုဘက်သို့ လှည့်ကြည့်ကာ စကားပြောရန် ပါးစပ်ကို ဟလိုက်သည်။ သူမ စကားသံကို မကြားရသော်လည်း သူ၏ နှုတ်ခမ်းလှုပ်ရှားမှုအရ သူ ပြောလိုက်သည်မှာ
"ကြည့်ထားလိုက်စမ်း... ကံကြမ္မာကို ကြည့်မြင်သူ"
"ဟား" မင်ယုသည် မောဟိုက်စွာဖြင့် ရုတ်တရက် နိုးလာခဲ့သည်။
သူမသည် အိပ်မက်ဆိုးတစ်ခု မက်ခဲ့သကဲ့သို့ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေသည်။ နှလုံးခုန်သံမှာလည်း အလွန်မြန်နေဆဲပင်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူမ၏ ကုတင်ပေါ်တွင်ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရမှ သက်ပြင်းချနိုင်တော့သည်။ ကျိချင်းမှာ သူမအနားတွင် အေးဆေးစွာ အိပ်ပျော်နေဆဲ ဖြစ်သည်။
"ဒါက အိပ်မက်ဆိုးတစ်ခုပဲလား။ ဒါမှမဟုတ် ဖြစ်လာမယ့် အနာဂတ်ရဲ့ အရိပ်အယောင်လား" သူမက မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ဝိညာဉ်နက်ဂိုဏ်းတွင်မူ လုံချန်းသည် အလွန်အေးဆေးစွာ အိပ်ပျော်နေသည်။
သူ၏အိပ်မက်ထဲတွင် သူသည် လုံမျိုးနွယ်စုသို့ ပြန်ရောက်နေသည်။ သူသည် ကျိချင်းနှင့် မင်ယုတို့ကို သူ၏မိခင်နှင့် မိတ်ဆက်ပေးနေပြီး၊ ရွှယ်နှင့် မေတို့မှာလည်း သူ၏အမျိုးသမီးများဖြစ်ကြောင်း မိခင်ကို အသိပေးလိုက်သည်။
ထိုအချိန်မှစ၍ မျိုးနွယ်စုတစ်စုလုံးတွင် ပျော်ရွှင်မှုများ လွှမ်းမိုးနေပြီး လူတိုင်းက သူ့အတွက် ဝမ်းသာနေကြသည်။ သူ၏ အမျိုးသမီး ၄ ဦးစလုံးနှင့်အတူ ကုတင်တစ်လုံးတည်းပေါ်တွင် ညတာကုန်လွန်ရသည့် ညကိုလည်း သူ အိပ်မက်မက်နေခဲ့သည်။ တစ်ညလုံး သူ၏မျက်နှာတွင် အပြုံးများ မပျက်ခဲ့ပေ။
ညတာ ကုန်လွန်၍ မနက်ခင်းသို့ ရောက်သောအခါ လုံချန်း နိုးလာခဲ့သည်။ "တကယ့်ကို ကောင်းတဲ့ အိပ်မက်ပဲ" ထိုသို့ ဆိုကာ လက်မောင်းများကို ဆန့်ထုတ်ရင်း ပြုံးလိုက်သည်။ သူသည် ကုတင်ပေါ်မှဆင်းကာ ပြင်ဆင်ပြီးနောက် အခန်းထဲမှ ထွက်လာရာ ခန်းမထဲတွင် မန်ကုကို တွေ့လိုက်ရသည်။
"မင်္ဂလာပါ သခင်လေး" မန်ကုက နှုတ်ဆက်သည်။
"မင်္ဂလာပါကွာ" လုံချန်းက ပြန်လည် နှုတ်ဆက်လိုက်သည်။
"ဒီနေ့ မင်းရဲ့အကူအညီ လိုတယ်။ ငါ ဂိုဏ်းအပြင်ထွက်ခွင့်ရမယ့် တာဝန်တစ်ခုခု ရွေးချယ်ချင်လို့။ တာဝန်တွေ ယူလို့ရမယ့်နေရာကို ငါ့ကို ခေါ်သွားပေးနိုင်မလား" လုံချန်းက မေးလိုက်လေတော့သည်။
အခန်း (၃၁၈) မုကျိန်းနှင့် ထိပ်တိုက်တွေ့ခြင်း
"ဪ... အဲဒါက လွယ်ပါတယ်။ တာဝန် ခန်းမကို သွားပြီး တာဝန်တစ်ခု ရွေးလိုက်ရုံပါပဲ။ ကျွန်တော့်နောက်က လိုက်ခဲ့ပါ သခင်လေး၊ လမ်းကို ကျွန်တော် သိပါတယ်" မန်ကုက ဆိုသည်။
လုံချန်းသည် မန်ကုနှင့်အတူ သူ၏ နေအိမ်ဝင်းမှ ထွက်လာခဲ့သည်။
"တာဝန်တွေကို အန္တရာယ်ရှိတဲ့ အဆင့်အတန်းအလိုက် ခွဲခြားထားပါတယ်။ အခက်အခဲအဆင့် ၅ ဆင့် ရှိတာပေါ့။ အဆင့် ၅ တာဝန်တွေကိုတော့ ဝတ်ရုံနက် အကြီးအကဲတွေအတွက်ပဲ သီးသန့် သတ်မှတ်ထားတာပါ"
"သခင်လေးက ခွန်အားအဆင့်မှာ ထိပ်ဆုံး ၃ ယောက်ထဲ ပါနေတာဆိုတော့၊ အဆင့် ၄ တာဝန်တစ်ခုကို အေးဆေး ရနိုင်မှာပါ" မန်ကုက ပြုံးလျက် ဆိုသည်။
"ဪ... ဟုတ်သားပဲ သခင်လေး။ မိစ္ဆာအဆင့်လေ။ ဒီနေ့ ရလဒ်ထွက်မှာ။ အဲဒီကို အရင်သွားကြည့်ကြမလား"
"အင်း... တာဝန်မယူခင် အဲဒီကို အရင်သွားပြီး ရလဒ်ကြည့်တာ ပိုကောင်းမယ်" လုံချန်းက မန်ကု၏ အကြံပြုချက်ကို သဘောတူကာ ခေါင်းညိတ်ပြလိုက်သည်။
သူတို့သည် အဆင့်သတ်မှတ်ချက်ခန်းမ ရှေ့တွင် ရပ်တန့်လိုက်သော်လည်း ထူးဆန်းသည်မှာ အခြားရက်များနှင့်မတူဘဲ ထိုနေရာတွင် လူတစ်ယောက်မှ မရှိခြင်းပင်။
"ကြည့်ရတာ ငါ အဆင့်မရလိုက်ဘူး ထင်တယ်။ အဲဒါကြောင့် ဘယ်သူမှ မရှိတာနေမှာ" လုံချန်းက ခနဲ့ပြုံးဖြင့် ရေရွတ်လိုက်သည်။
သို့သော် သူသည် အဆင့်သတ်မှတ်ချက် ကျောက်နံရံဆီသို့ လျှောက်သွားကာ ယခင်က အလွတ်ဖြစ်နေသော မိစ္ဆာအဆင့် စာရင်းကို ကြည့်လိုက်သည်။
"ဟင်... ငါ အောင်မြင်သွားတာလား" လုံချန်း၏ အမည်ကို စာရင်းထဲတွင် မြင်လိုက်ရသဖြင့် သူ အံ့သြတကြား အော်လိုက်မိသည်။ စာရင်းထဲတွင် အမည်တစ်ခုတည်းသာ ရှိပြီး ၎င်းမှာ လုံချန်း ဖြစ်သည်။ သူ၏ အမည်ရှေ့တွင် အဆင့် သို့မဟုတ် အမှတ်များ ရေးထားခြင်း မရှိပေ။
"ဒါဆို ဘာလို့ ဘယ်သူမှ ဒီမှာ မရှိတာလဲ။ ငါ မိစ္ဆာအဆင့် ရတာက သတင်းကြီး ဖြစ်သင့်တာ မဟုတ်ဘူးလား" လုံချန်းက မန်ကုကို ကြည့်ကာ မေးလိုက်သည်။
"လူတိုင်း အဆင့်ကို ကြည့်ပြီး ပြေးသွားကြတာ ဖြစ်နိုင်ပါတယ်။ သခင်လေးက မိစ္ဆာအဆင့်ရထားသူဆိုတော့ သခင်လေးနဲ့ တွေ့မှာကို လူတွေ ကြောက်နေကြတာလည်း ဖြစ်နိုင်တာပဲ" မန်ကုက ပြန်ဖြေသည်။
"အခုမှ ဘာလို့ ငါ့ကို ကြောက်ရမှာလဲ။ အရင်က အဲဒီလောက် မကြောက်ကြပါဘူး" လုံချန်းက ဝေခွဲမရသော မျက်နှာဖြင့် မေးသည်။
"ဒါက သခင်လေး အခုရထားတဲ့ အခွင့်ထူးကြောင့်လည်း ပါမှာပေါ့။ သခင်လေးက မိစ္ဆာအဆင့် ရထားသူဆိုတော့ ဂိုဏ်းထဲမှာ သခင်လေးရဲ့ အဆင့်အတန်းက အမြင့်ဆုံးပဲ။ အခုချိန်မှာ ဝတ်ရုံနီ အကြီးအကဲတွေ ထက်တောင် အဆင့်မြင့်နေတာ" မန်ကုက အားတက်သရော ပြောသည်။
"ဪ... စိတ်ဝင်စားစရာပဲ။ တခြား ဘာအခွင့်ထူးတွေ ရသေးလဲ"
"ရတာပေါ့။ သခင်လေးက ဂိုဏ်းထဲက ဘယ်သူ့ကိုမဆို သတ်ပစ်လို့ရတယ်။ သခင်လေးမှာ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိရင် ကြယ် ၄ ပွင့်တပည့်တစ်ယောက်ကို သတ်ရင်တောင် သူတို့ရဲ့ သခင်လေးဆီက လက်စားချေတာကို စိတ်ပူစရာ မလိုတော့ဘူး။ ဒါပေမဲ့ သူတို့ကို သတ်နိုင်တဲ့ ခွန်အားတော့ ရှိရမှာပေါ့။ ဒါက သခင်လေးကို ပေးထားတဲ့ အခွင့်ထူးပဲ"
"ကောင်းသားပဲ။ အဲဒါကြောင့်ပဲ ဒီမှာ ဘယ်သူမှ မရှိတာ ထင်တယ်။ နောက်ထပ်ရော ဘာရှိသေးလဲ"
"ရှိပါသေးတယ်။ ဂိုဏ်းထဲက ဆေးဝါးနဲ့ ပစ္စည်းမှန်သမျှကို ၅၀ ရာခိုင်နှုန်း လျှော့စျေးနဲ့ ရမယ်။ ပညာရပ်ခန်းမက ပညာရပ်တွေကိုလည်း အရင်ကထက် အကျိုးပြုမှတ် ထက်ဝက်ပဲ ပေးရတော့မယ်" မန်ကုက ရှင်းပြသည်။
"ပြီးတော့ မိစ္ဆာအဆင့် ရတဲ့အတွက် အကျိုးပြုမှတ် ၅၀ဝ၀ဝ ရမယ်။ နောက်ထပ် အားသာချက်တစ်ခုကတော့ ဝတ်ရုံနက် အကြီးအကဲတွေ အတွက်ပဲ သီးသန့်ထားတဲ့ အဆင့် ၅ တာဝန်တွေကိုတောင် သခင်လေး ယူလို့ရပြီ။ ဒါပေမဲ့ အဲဒါကိုတော့ မယူဖို့ ကျွန်တော် အကြံပေးချင်ပါတယ်" မန်ကုက စိုးရိမ်တကြီး ဆိုသည်။
"ဘာလို့လဲ၊ အကြီးအကဲတွေအတွက်ပဲ ဆိုတော့ တော်တော် ခက်ခဲလို့ ဖြစ်မှာပေါ့" လုံချန်းက စဉ်းစားဟန်ဖြင့် ပြောသည်။
"အဲဒါတွေက တကယ် အန္တရာယ်များပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ စီနီယာ မုချန်း ဂိုဏ်းက ထွက်သွားတုန်းက အဆင့် ၅ တာဝန်တစ်ခုကို ရွေးခဲ့တာ။ သူက သားရဲခန်းမက အကြီးအကဲ တစ်ယောက်ရဲ့ သတ်တာ ခံလိုက်ရတယ်။ အဲဒီတာဝန်က ဘာလဲဆိုတာ ကျွန်တော် မသိပေမဲ့ သားရဲခန်းမ အကြီးအကဲတွေအထိ ပါဝင်ပတ်သက်နေတယ်ဆိုရင် ဘယ်လောက် အန္တရာယ်များမလဲဆိုတာ တွေးကြည့်လို့ ရပါတယ်" မန်ကုက စိုးရိမ်တကြီး ပြောသည်။
"ဟက်... စိတ်မပူပါနဲ့။ ငါ့မှာ အကျိုးပြုမှတ်တွေ မရှိတာလည်း မဟုတ်ဘူး။ ရိုးရှင်းတဲ့ တာဝန်တစ်ခုပဲ ငါ ရွေးမှာပါ။ အန္တရာယ် သိပ်မများအောင် အဆင့် ၃ လောက်ပဲ ယူမယ်။ ဒါပေမဲ့ အရမ်းလွယ်တာမျိုးလည်း ယူလို့မရဘူး၊ အဲဒါဆိုရင် လန်ကျင်းကို ယုံအောင် ပြောဖို့ ခက်လိမ့်မယ်" လုံချန်းက ခပ်ဖွဖွ ပြုံးလျက် ဆိုသည်။
"သွားကြစို့၊ တာဝန်တစ်ခု သွားရွေးရအောင်"
"ဪ... ဟုတ်ကဲ့" မန်ကုသည် လုံချန်းကို လမ်းပြရန် သတိရသွားပြီး ခေါင်းကုတ်လျက် ဆိုသည်။
သူသည် လုံချန်းကို တာဝန် ခန်းမဆီသို့ ခေါ်ဆောင်သွားသည်။ လမ်းတွင် လူအချို့ကို တွေ့ရသော်လည်း လုံချန်းကို မြင်သည်နှင့် အများစုမှာ ချက်ချင်း နောက်ပြန်လှည့်ကာ ဆန့်ကျင်ဘက်အရပ်သို့ ပြေးသွားကြသည်။
သူတို့ လမ်းတစ်ဝက်လောက် ရောက်သောအခါ တပည့်တစ်ယောက်ကို လုံချန်း သတိပြုမိလိုက်သည်။ ထိုတပည့်ကလည်း သူ့ကို မြင်သော်လည်း အခြားသူများကဲ့သို့ ထွက်မပြေးဘဲ လုံချန်းဆီသို့ အေးအေးဆေးဆေး လျှောက်လာခဲ့သည်။
ထိုသူမှာ အသက် ၂၃၊ ၂၄ ခန့်ရှိပြီး ခါးအထိ ရှည်ကျနေသော ကောင်းကင်ပြာရောင် ဆံပင်များကို စည်းနှောင်ထားသည်။ သူ၏ အဝတ်အစားများမှာ အလွန်သန့်ရှင်းပြီး ဝိညာဉ်နက်ဂိုဏ်း၏ တပည့်ထက် ပညာရှိတစ်ဦးနှင့် ပိုတူနေသည်။
ထိုသူ၏ ရင်ဘတ်တွင် ကြယ် ၄ ပွင့် ရင်ထိုးကို လုံချန်း တွေ့လိုက်ရသည်။ သို့သော် ထိုရင်ထိုးမှာ သာမန် ကြယ် ၄ ပွင့် ရင်ထိုးများနှင့် အရောင်မတူပေ။ ထိုရင်ထိုးကို ကြည့်ခြင်းဖြင့် ထိုသူမှာ မည်သူဖြစ်နိုင်ကြောင်း လုံချန်း အကြမ်းဖျင်း ရိပ်မိလိုက်သည်။
ခဏအကြာတွင် ထိုသူသည် လုံချန်း၏ ရှေ့သို့ ရောက်လာပြီး ရပ်တန့်လိုက်သည်။
"မင်းက လုံချန်း ဖြစ်ရမယ်။ မင်းအကြောင်း ငါ အများကြီး ကြားထားတယ်" ထိုသူက လုံချန်းကို အပေါ်မှအောက်သို့ အကဲခတ်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လုံချန်းကလည်း ထိုသူကို အပေါ်မှအောက်သို့ ပြန်လည်အကဲခတ်လိုက်သည်။
"မင်းက မုကျိန်း ဖြစ်ရမယ်။ မင်းအကြောင်း ငါလည်း အများကြီး ကြားထားပါတယ်" လုံချန်းက ပြုံးလျက် ဆိုသည်။
"ဪ... မင်းက စီနီယာတစ်ယောက်ကို ဒီလိုပဲ စကားပြောတာလား" ထိုသူက ပြုံးလျက် မေးသည်။
"ငါ့ဆီက ဘာလိုချင်လို့လဲ" လုံချန်းက သူ၏မေးခွန်းကို ပြန်မဖြေဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
"မင်းက တော်တော်လေး မာနကြီးတာပဲနော်" မုကျိန်းက ဆိုသည်။ သို့သော် သူ၏ လေသံမှာ အရင်ကကဲ့သို့ မဟုတ်တော့ဘဲ စိတ်အနှောင့်အယှက် ဖြစ်နေသည့် အသံ ပါလာသည်။
"လိုရင်းကိုပဲ ပြောလို့ရမလား။ ငါ လုပ်စရာ အရေးကြီးတဲ့ ကိစ္စတွေ ရှိသေးတယ်" လုံချန်းက မုကျိန်းကို ကြည့်ကာ ဆိုသည်။
"ဟင်း... ငါက မင်းရဲ့ အဆင့်အတန်းအထိ ဆင်းပြီး မပြောချင်ပါဘူး။ ငါ တစ်ခု မေးချင်လို့ လာတာ။ မင်း မိစ္ဆာအဆင့် ရသွားတယ်လို့ ကြားတယ်"
"အေး... အဲဒါ ဘာဖြစ်လဲ"
မုကျိန်းက သူ့ကို ချက်ချင်း ပြန်မဖြေဘဲ မန်ကုကို ကြည့်လိုက်သည်။ "ငါတို့ကို ခဏလောက် တစ်ယောက်တည်း ထားခဲ့စမ်း" သူက မန်ကုကို ခိုင်းလိုက်သည်။
မန်ကုမှာ ချက်ချင်း မလုပ်ဘဲ လုံချန်းကို ကြည့်လိုက်သည်။ လုံချန်းက ခေါင်းညိတ်ပြလိုက်မှသာ မန်ကုသည် သူတို့နှင့် ဝေးရာသို့ ထွက်သွားသည်။
"အခု သူ မရှိတော့ဘူး။ ပြော... မင်း ဘာလိုချင်တာလဲ" လုံချန်းက ဆိုသည်။
"မိစ္ဆာအဆင့် စမ်းသပ်မှုကို မင်း ဘယ်လိုအောင်မြင်ခဲ့လဲဆိုတာ ငါ့ကို ပြောပြစမ်း" မုကျိန်းက မေးလိုက်သည်။
"ဟင်... မင်းက ဂိုဏ်းချုပ်ရဲ့ တပည့်ပဲ မဟုတ်လား။ သူမကို မမေးဘူးလား" လုံချန်းက စူးစမ်းစွာ မေးသည်။
"ငါ ပထမအကြိမ် ရှုံးတုန်းက ငါ့ဆရာ့ဆီ သွားမေးခဲ့တယ်။ ဒါပေမဲ့ သူ ငါ့ကို ဘာမှ မပြောဘူး။ အကြီးအကဲတွေကလည်း နည်းလမ်းကို မပြောကြဘူး" မုကျိန်းက ဆိုသည်။
"ငါ ပထမအကြိမ် စမ်းတုန်းက ဘာမှားခဲ့လဲဆိုတာ စဉ်းစားလို့ မရဘူး။ အမှောင်ဥမင်ထဲမှာ ရှိသမျှ အတားအဆီးတွေကို သတ်ပြီး ငါ အောင်မြင်ခဲ့တယ်။ မိန်းကလေးကိုလည်း အချိန်မဆွဲဘဲ သတ်ခဲ့တယ်။ ဒါပေမဲ့ အဆင့်မရခဲ့ဘူး။ မင်း ဘာတွေ ထူးထူးခြားခြား လုပ်ခဲ့လို့လဲ"
"စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ငါ မင်းကို ပြောပြနိုင်မယ် မထင်ဘူး။ ငါသိသလောက်တော့ အဲဒီအကြောင်း ပြောဆိုတာကို ခွင့်မပြုထားဘူး။ တကယ်လို့ ခွင့်ပြုထားရင်တောင် ငါ မင်းကို ပြောပြမှာ မဟုတ်ဘူး။ မင်းရဲ့ ဆရာက မင်းကို ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်စေချင်တာ။ ငါကတော့ လွယ်ကူတဲ့ လမ်းကြောင်းကို မပြောပြနိုင်ဘူး" လုံချန်းက ဆိုသည်။
"ဘာ... လွယ်ကူတဲ့ လမ်းကြောင်း ဟုတ်လား။ မင်းက ငါ့ကို သူရဲဘောကြောင်တယ်လို့ ပြောတာလား" မုကျိန်းသည် ဒေါသတကြီး အော်ဟစ်ကာ သူ၏ ဓားကို ထုတ်ပြီး လုံချန်း၏ လည်ပင်းဆီသို့ ထောက်လိုက်လေတော့သည်။
"ငါ့မှာ သတ်ဖြတ်ခွင့် ရှိတယ်ဆိုတာ မင်း သိတယ် မဟုတ်လား။ အဲဒါတောင် မင်းက ငါ့ကို လက်နက်နဲ့ ထောက်ရဲသေးတယ်ပေါ့" လုံချန်းက သဘောကျသော အပြုံးဖြင့် ဆိုလိုက်လေသည်။