အခန်း (၃၁၉-၃၂၀)
Vol. 32 Ch. 319-320
အခန်း (၃၁၉) သိုင်းဝိညာဉ် နိုးထလာခြင်း
"မင်းမှာ သတ်ဖြတ်ခွင့်ရှိတာကို ငါလက်ခံပါတယ်၊ ဒါပေမဲ့ အဲဒါအတွက် မင်းမှာ အင်အားရှိဖို့ လိုတယ်။ မင်း တကယ်ပဲ ငါ့ကို ရင်ဆိုင်နိုင်မယ် ထင်နေတာလား" မုကျိန်းက ဆိုသည်။
"ငါ လွန်ခဲ့တဲ့ ခြောက်လက ခွန်အားအဆင့် စမ်းသပ်မှုလုပ်တုန်းက အခုထက် အများကြီး အားနည်းသေးတယ်။ အဲဒီတုန်းက ငါ့ရဲ့ အဆင့်ကိုတောင် မင်း မကျော်နိုင်သေးဘဲနဲ့ အခု ငါ့ကို အနိုင်ယူနိုင်မယ်လို့ တကယ် ယုံကြည်နေတာလား" သူက လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
"နောက် ၁၀ စက္ကန့်အတွင်း မင်းရဲ့ဓားကို အောက်မချဘူးဆိုရင်... ဘာဖြစ်မလဲဆိုတာ မင်းသိစေရမယ်လို့ ငါ ကတိပေးတယ်" လုံချန်းကလည်း လေသံကို တင်းမာလိုက်ပြီး အတည်အပေါက် ပြောလိုက်သည်။
"မင်းကတော့ ငါ့ရဲ့ စိတ်ရှည်မှုကို တကယ် စိန်ခေါ်နေတာပဲ။ မင်းကို ငါ မသတ်တော့ဘူး။ အဲဒီအစား မင်းရဲ့ သိုင်းဝိညာဉ်ကိုပဲ ဖျက်ဆီးပစ်မယ်။ မင်း သေတာထက် ဆိုးတဲ့ ဘဝမျိုးနဲ့ ရှင်သန်ရစေမယ်။ ဆရာ့ဆီက အဆူခံရမှာ မှန်ပေမဲ့၊ မင်းလို မာနကြီးတဲ့ကောင်ကို ဆုံးမရမယ်ဆိုရင်တော့ အဲဒါက တန်ပါတယ်" မုကျိန်းက လုံချန်းကို စိုက်ကြည့်ရင်း ဆိုသည်။
"ဝိညာဉ်ဝါးမြိုခြင်း" မုကျိန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
လုံချန်း ဘာမှမတုံ့ပြန်နိုင်မီမှာပင် မုကျိန်း၏ လက်ထဲမှ အနက်ရောင် တစ်ပိုင်းတစ်စ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာပြီး လုံချန်းကို ရိုက်ခတ်လိုက်သည်။ ၎င်းသည် လုံချန်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားလေသည်။
"အာ့" လုံချန်းသည် နာကျင်စွာ ညည်းတွားရင်း ဒူးထောက်လဲကျသွားသည်။
သူ၏ သိုင်းဟင်းလင်းပြင်ထဲတွင် မှောင်မိုက်သော မြူခိုးများ ဖုံးလွှမ်းလာသည်။ သိုင်းဟင်းလင်းပြင်၏ ထက်ဝက်ခန့်မှာ မြူခိုးများအောက် ရောက်သွားသည့်အခါ လုံချန်းမှာ အပြင်းအထန် နာကျင်မှုကို ခံစားလိုက်ရသည်။ တစ်ဖက်တွင်မူ မုကျိန်းသည် လုံချန်း၏ နာကျင်နေသော မျက်နှာကို ကြည့်ကာ သဘောကျနေသည်။
လုံချန်း၏ နှလုံးသားမိစ္ဆာမှာ အေးဆေးစွာ အိပ်မောကျနေစဉ် ထိုအမှောင်မြူခိုးများ လာထိသောအခါ မြူခိုးများမှာ နှလုံးသားမိစ္ဆာကို ဘာမှမထိခိုက်နိုင်ဘဲ အလိုလို ပျက်ပြယ်သွားကြသည်။ ထိုအချိန်မှစ၍ မြူခိုးများသည် နှလုံးသားမိစ္ဆာနှင့် ဝေးရာတွင်သာ နေတော့သည်။
လုံချန်း၏ သိုင်းဟင်းလင်းပြင် သုံးပုံတစ်ပုံခန့်ကို မြူခိုးများက ဝါးမြိုထားပြီး လုံချန်း၏ မျက်နှာမှာလည်း ဖြူဖျော့သွားသည်။
"ဒါကတော့ နောက်ခံအင်အား မရှိဘဲ မာနထောင်လွှားခဲ့တဲ့အတွက် မင်းရမယ့် ရလဒ်ပဲ" မုကျိန်းက လုံချန်းကို ကြည့်ကာ တဟားဟား ရယ်မောနေသည်။
လုံချန်းမှာ ရှင်းရှင်းလင်းလင်း စဉ်းစားနိုင်ရန်ပင် ရုန်းကန်နေရသည်။ သူသည် အဆောင်ကို ထုတ်ယူကာ အကူအညီတောင်းရန် ကြိုးစားနေစဉ်မှာပင် အရာအားလုံး ပြောင်းလဲသွားသည်။
နှစ်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့သော သူ၏ သိုင်းဝိညာဉ်သည် နောက်ဆုံးတွင် မျက်လုံးများကို ဖွင့်လိုက်ပြီ ဖြစ်သည်။
ထို သွေးရောင်လွှမ်းသော မျက်လုံးများမှာ လူပေါင်းကုဋေကုဋာ သေဆုံးမှုကို မြင်တွေ့ခဲ့ရသည့်အလား အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းမှာ သတ်ဖြတ်ခြင်းနတ်ဘုရား ကိုယ်တိုင်၏ မျက်လုံးများကဲ့သို့ပင်။
မျက်လုံးများ ပွင့်လာသည်နှင့်တစ်ပြိုင်နက် သိုင်းဟင်းလင်းပြင်ထဲရှိ မြူခိုးများမှာ လုံးဝမရှိခဲ့ဖူးသကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ အိပ်ပျော်နေသော နှလုံးသားမိစ္ဆာသည်လည်း တုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် မျက်လုံးပွင့်လာခဲ့သည်။
လုံချန်း၏ သိုင်းဝိညာဉ်မှာ ထိုနေရာတွင်တင် ရပ်မနေပေ။ တစ်စုံတစ်ယောက်က သူ့ကို လာရောက်တိုက်ခိုက်ဝံ့သည့်အတွက် ဒေါသထွက်နေပုံရပြီး လက်စားချေရန် ပြင်ဆင်နေသည်။ ၎င်းသည် အပြင်ဘက်သို့ တည့်တည့်စိုက်ကြည့်လိုက်သည်။
မကြာမီကအထိ ရယ်မောနေသော မုကျိန်းသည် ရုတ်တရက် သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။
"အား..." သူသည် နာကျင်စွာ အော်ဟစ်တော့သည်။
မုကျိန်း မမြင်ရသော်လည်း ၎င်းမှာ သူ၏ သိုင်းဝိညာဉ်ကြောင့် ဖြစ်သည်။ သူ၏ သိုင်းဝိညာဉ်မှာ ရုတ်တရက် မီးလောင်ကျွမ်းလာသည်။ လက်စားချေမှုက ဤတွင် မရပ်သေးပေ။ မမြင်ရသော အင်အားတစ်ခုကြောင့် သူ၏ သိုင်းဝိညာဉ်မှာ ထက်ပိုင်းပြတ်သွားလေသည်။
မုကျိန်းမှာ တစ်ကိုယ်လုံး အင်အားကုန်ခမ်းကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ မျက်လုံးများမှာလည်း အရောင်အဝါ ကင်းမဲ့သွားတော့သည်။
မုကျိန်းကို အဆုံးစီရင်ပြီးနောက် လုံချန်း၏ သိုင်းဝိညာဉ်သည် ကြောက်လန့်တုန်ရီနေသော နှလုံးသားမိစ္ဆာကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သို့သော် ဘာမှမလုပ်ပေ။ သိုင်းဝိညာဉ်သည် မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး နှစ်ပေါင်းများစွာ ရှိခဲ့သည့်အတိုင်း ပြန်လည်ငြိမ်သက်သွားသည်။
"ဒါ... ဒါက ဘာကြီးလဲ" လုံချန်း၏ နှလုံးသားမိစ္ဆာသည် ကြောက်လန့်တုန်ရီရင်း ရေရွတ်လိုက်သည်။
"ဒါက သူ့ရဲ့ သိုင်းဝိညာဉ်လား။ တကယ် ကြောက်စရာကောင်းလိုက်တာ" နှလုံးသားမိစ္ဆာက တစ်ယောက်တည်း ရေရွတ်နေသည်။
"ဒါပေမဲ့ ဘာလို့ ငါ့ကို တိုက်ခိုက်မသွားတာလဲ။ ငါက သူ့တည်ရှိမှုကို အန္တရာယ်မပေးနိုင်ဘူးလို့ သူယူဆလို့လား။ ငါက သူ့ကို နာကျင်အောင် လုပ်ဖို့ ရည်ရွယ်ချက်မှ မရှိတာ။ ငါက သူ့ကို သူ့ရဲ့ ပင်ကိုယ်ဗီဇအတိုင်း နေစေချင်ရုံပဲလေ။ အဲဒါကြောင့် ငါ့ကို ချန်ထားခဲ့တာ ထင်တယ်"
လုံချန်းသည် နာကျင်စွာ ညည်းတွားနေခဲ့သော်လည်း နာကျင်မှုများမှာ မရှိခဲ့ဖူးသည့်အလား ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူ၏ ဖြူဖျော့နေသော မျက်နှာမှာလည်း နဂိုအတိုင်း ပြန်ဖြစ်လာသော်လည်း နှလုံးခုန်သံမှာတော့ မြန်နေဆဲပင်။
သူသည် မတ်တတ်ရပ်လိုက်ပြီး ဘုရင်ဓားကို ထုတ်လိုက်သည်။ သူသည် မုကျိန်းကို သတ်ဖြတ်ရန် အသင့်ပြင်လိုက်ပြီ ဖြစ်သည်။ သူ၏ ပုံရိပ်ယောင်ပညာကို သုံးရန် ပြင်နေစဉ်မှာပင် မြေပြင်ပေါ်၌ လဲကျနေသော မုကျိန်းကို မြင်လိုက်ရသဖြင့် သူ အံ့အားသင့်သွားသည်။
မုကျိန်း၏ မျက်လုံးများမှာ အသက်ကင်းမဲ့နေသည်။ သူ အသက်ရှူနေသည်ကို မမြင်ရပါက မုကျိန်း သေသွားပြီဟုပင် လုံချန်း ထင်မိလိမ့်မည်။
"ဒီမှာ ဘာတွေ ဖြစ်သွားတာလဲ" လုံချန်းက မျက်မှောင်ကြုတ်ရင်း မုကျိန်းအနားသို့ တိုးသွားကာ ခြေထောက်ဖြင့် ကန်လိုက်သည်။
မုကျိန်းမှာ လွင့်ထွက်သွားပြီး မြေပေါ်သို့ ပြန်ကျလာသော်လည်း လုံချန်းသည် သူ၏ ခန္ဓာကိုယ် လှုပ်ရှားလာသည်ကို မတွေ့ရပေ။
"သူ ရူးသွားတာလား" လုံချန်းက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
ထိုခဏမှာပင် အတောင်ပံပါ ခြင်္သေ့တစ်ကောင် သူတို့အနားသို့ ဆင်းသက်လာသည်။ အကြီးအကဲတစ်ဦးမှာ ခြင်္သေ့ပေါ်မှ အပြေးအလွှား ဆင်းလာပြီး မုကျိန်းဆီသို့ ပြေးသွားသည်။
လုံချန်း ထိုအကြီးအကဲကို မှတ်မိသည်။ သူသည် ခွန်အားအဆင့် စမ်းသပ်မှုတုန်းက တွေ့ခဲ့ရသည့် ဂိုဏ်း၏ အထွတ်အထိပ် ကောင်းကင်အဆင့် ကျင့်ကြံသူဖြစ်ပြီး ဂိုဏ်း၏ မဟာအကြီးအကဲပင် ဖြစ်သည်။
မဟာအကြီးအကဲသည် မုကျိန်းကို စစ်ဆေးကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
"မင်း သူ့ကို ဘာလုပ်လိုက်တာလဲ" မဟာအကြီးအကဲက လုံချန်းကို စိုက်ကြည့်ရင်း ဒေါသတကြီး မေးလိုက်သည်။
"ကျုပ် ဘာမှမလုပ်ဘူး။ သူဘာသာသူ မြေပေါ်လဲကျသွားပြီး အဲဒီလို ဖြစ်သွားတာ" လုံချန်းက ရှင်းပြလိုက်သည်။
"ဪ... ဟုတ်လား။ ဒါဆို သူ့ဓားက ဘာလို့ ဒီမှာ ကျနေရတာလဲ" မဟာအကြီးအကဲက မြေပေါ်ရှိ မုကျိန်း၏ ဓားကို ညွှန်ပြရင်း မေးသည်။
"ပြီးတော့... မင်းလက်ထဲမှာရော ဘာလို့ ဓားရှိနေရတာလဲ" သူက ဆက်မေးသည်။
"အကုန်လုံးကို ကျုပ် ရှင်းပြပါ့မယ်။ သူက မိစ္ဆာအဆင့် စမ်းသပ်မှုရဲ့ လျှို့ဝှက်ချက်တွေကို လာမေးတာ။ ကျုပ်က မပြောနိုင်ဘူးလို့ ငြင်းလိုက်တော့ သူက ဓားထုတ်လာတယ်" လုံချန်းက စတင်ရှင်းပြသည်။
"ကျုပ် သူ့ကို သတိပေးခဲ့ပေမဲ့ သူက ဓားနဲ့မတိုက်ဘဲ ကျုပ်ကို မန္တန်တစ်ခုနဲ့ တိုက်ခိုက်ခဲ့တယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ကျုပ် အတော်လေး နာကျင်ခဲ့ရတယ်။ ကျုပ် ပြန်ကောင်းလာလို့ မတ်တတ်ရပ်ပြီး သူ့ကို ကြည့်လိုက်တဲ့အခါမှာ သူက ဒီလိုအခြေအနေနဲ့ မြေပေါ်မှာ လဲနေတာပဲ။ သူ့ဘာဖြစ်သွားလဲဆိုတာ ကျုပ် တကယ်မသိဘူး" လုံချန်းက အဆုံးသတ်လိုက်သည်။
"အဲဒါကို ငါက ယုံရမှာလား။ မင်း ဂိုဏ်းချုပ်ဆီကို ငါနဲ့ လိုက်ခဲ့ရမယ်။ သူမက မင်းကို စီရင်လိမ့်မယ်" မဟာအကြီးအကဲက ဆိုသည်။ သူသည် လုံချန်း ပြောသမျှကို တစ်လုံးမှ မယုံပေ။
ထိုခဏမှာပင် နောက်ထပ် အတောင်ပံပါ ခြင်္သေ့တစ်ကောင် ဆင်းသက်လာပြီး လူတစ်ယောက် ဆင်းလာသည်။ ၎င်းမှာ လုံချန်းကို ဤနေရာသို့ ခေါ်လာခဲ့သူ လန်ကျင်းပင် ဖြစ်သည်။
"မဟာအကြီးအကဲ ချူး... ဒီမှာ ဘာဖြစ်လို့လဲဆိုတာ ကျွန်တော် မေးလို့ရမလား" လန်ကျင်းက လုံချန်းနှင့် မဟာအကြီးအကဲ ကြားထဲတွင် ဝင်ရပ်ရင်း မေးလိုက်သည်။
"မင်းဘာသာ မင်း ကြည့်လိုက်လေ။ မင်းရဲ့တပည့်က မုကျိန်းကို ဒီလိုဖြစ်အောင် လုပ်လိုက်တာ" မဟာအကြီးအကဲချူးက မြေပေါ်ရှိ မုကျိန်းကို ညွှန်ပြရင်း ဆိုသည်။
"ပြီးတော့ သူက သူ့ကို မတိုက်ခိုက်ခဲ့ပါဘူးလို့ လိမ်နေသေးတယ်။ သူဘာသာသူ လဲကျသွားတာပါတဲ့။ အဲဒါကို ယုံတဲ့သူက လူအပဲ ဖြစ်ရမယ်" မဟာအကြီးအကဲက ဆက်ပြောသည်။
"ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဉ်က ဒီအတိုင်း ဘယ်လိုလုပ် ပျက်စီးသွားမှာလဲ။ သူက ထူးဆန်းတဲ့ မန္တန်တစ်ခုခု သုံးခဲ့တာ သိသာနေတာပဲ။ သူ့ကို ပြစ်ဒဏ်ပေးဖို့ ဂိုဏ်းချုပ်ဆီ ခေါ်သွားရမယ်"
"မဟာအကြီးအကဲ ချူး... ကျွန်တော့်တပည့်က မလုပ်ဘူးလို့ ပြောနေရင် ကျွန်တော် သူ့ကို ယုံတယ်။ ပြီးတော့ ခင်ဗျား တစ်ခုခု မေ့နေတာ မဟုတ်လား" လန်ကျင်းက အလေးအနက် ဆိုလိုက်သည်။
"မင်းက သူ့ဘက်ကနေ ကာကွယ်ပေးနေတာလား။ ငါက ဘာကို မေ့နေလို့လဲ"
"ကျွန်တော့်တပည့်က မိစ္ဆာအဆင့်မှာ အဆင့်တစ် ရထားသူဆိုတာ ခင်ဗျား သိသင့်တယ်။ သူ လူသတ်ခဲ့ရင်တောင် ဂိုဏ်းကို သစ္စာမဖောက်သရွေ့ သူ့ကို အပြစ်ပေးလို့ မရဘူး။ ဂိုဏ်းချုပ်ကိုယ်တိုင်တောင် ဂိုဏ်းရဲ့ ဘိုးဘေးတွေ ချမှတ်ထားတဲ့ ဒီစည်းမျဉ်းကို ချိုးဖောက်လို့ မရဘူး" လန်ကျင်းက ပြောရင်း လေသံမှာ ပို၍ ကျယ်လောင်လာသည်။
"မင်း... မင်းက ဂိုဏ်းချုပ်ကို ဆန့်ကျင်ရဲတယ်ပေါ့" မဟာအကြီးအကဲ ချူးက အော်ဟစ်လိုက်လေတော့သည်။
အခန်း (၃၂၀) တာဝန်
"ကျွန်တော် ဘယ်သူ့ကိုမှ ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ စည်းမျဉ်းကိုပဲ ပြောပြနေတာပါ။ မိစ္ဆာအဆင့်ရထားသူတစ်ယောက်က လူတစ်ယောက်ကို သတ်ခဲ့ရင်တောင် အဲဒါက တစ်ဖက်လူက ပိုအားနည်းလို့သာ ဖြစ်ရမယ်၊ သူ့မှာ အပြစ်မရှိဘူး" လန်ကျင်းက ပြန်ပြောလိုက်သည်။
"ကျွန်တော့်တပည့်က မုကျိန်းထက်တောင် အသက်ငယ်သေးတယ်၊ ဆိုတော့ သူက အင်အားကို အလွဲသုံးစားလုပ်တယ်လို့ ခင်ဗျား ပြောလို့မရဘူး။ ပြီးတော့ သူ မုကျိန်းကို သတ်လိုက်တာမှ မဟုတ်တာ။ ဝိညာဉ်ပဲ ပျက်စီးသွားတာလေ။ သူ ပြန်ကောင်းလာမှာပါ" သူက အသေးစိတ် ရှင်းပြသည်။
"ကောင်းပြီလေ။ ဒီမှာ ဖြစ်ပျက်ခဲ့သမျှ အကုန်လုံးကို ဂိုဏ်းချုပ်ဆီ ငါ တင်ပြမယ်။ ငါတို့ တစ်ခုခု ဆုံးဖြတ်ကြတာပေါ့" မဟာအကြီးအကဲ ချူးက ခြိမ်းခြောက်သော လေသံဖြင့် ဆိုကာ မုကျိန်းကို ပွေ့ချီ၍ အတောင်ပံပါ ခြင်္သေ့ပေါ်တက်ကာ ထွက်ခွာသွားတော့သည်။
"ဟားဟားဟားဟား" မဟာအကြီးအကဲချူး ထွက်သွားသည်နှင့် လန်ကျင်းက အော်ဟစ်ရယ်မောတော့သည်။
"အဘိုးကြီးချူး ရှုံးနိမ့်သွားတဲ့ မျက်နှာကြီးကို ကြည့်ရတာ တကယ် အရသာရှိတာပဲ။ မင်း တော်တော်လုပ်နိုင်တယ် ကောင်လေး။ ဂိုဏ်းချုပ် တပည့်ဖြစ်သူရဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်တာ တကယ့်ကို အလုပ်ဖြစ်တယ်။ ပြီးတော့ မိစ္ဆာအဆင့်ကိုလည်း ရခဲ့သေးတယ်။ အဖြစ်အပျက်တွေက တကယ့်ကို အချိန်ကိုက်ပဲ။ မင်းသာ မိစ္ဆာအဆင့် မရထားရင် ငါတောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး" လန်ကျင်းက ကျေနပ်အားရသော အပြုံးဖြင့် ဆိုသည်။
လုံချန်းကတော့ ထိုစကားကို ဘာမှပြန်မပြောပေ။ "ဟုတ်ကဲ့... ကျုပ် သွားလို့ရပြီလား" သူက မေးလိုက်သည်။
"ဘယ်ကို သွားချင်လို့လဲ။ ငါမမှားဘူးဆိုရင် မင်း အကျိုးပြုမှတ်တွေ အများကြီး ရထားပြီပဲ။ ပြီးတော့ မင်းမှာ ဒီလောက်ကောင်းတဲ့ ဆေးဖော်စပ်ခြင်းပညာ ရှိနေတာကို တွေ့ရတာ တကယ် အံ့သြမိတယ်။ ဒါပေမဲ့ စမ်းသပ်မှုမှာ အဲဒီလို ဆေးမျိုးတော့ မဖော်စပ်သင့်ဘူး။ မင်းဖော်စပ်လိုက်တဲ့ အားတိုး ဆေးလုံးကို မြင်လိုက်ရတော့ ငါ တော်တော်လေး အံ့သြသွားတာ" လန်ကျင်းက လုံချန်းကို စိုက်ကြည့်ရင်း ပြောသည်။
"ခင်ဗျားက ဆေးဖော်စပ်ခြင်းခန်းမရဲ့ ဒိုင်လူကြီးလား" လုံချန်းက အံ့သြတကြား မေးသည်။
"ဒါပေါ့။ ငါက ဒီဂိုဏ်းမှာ အတော်ဆုံး သမားတော်ပဲ။ ငါကလွဲလို့ ဘယ်သူ ဒိုင်လုပ်ရမှာလဲ" လန်ကျင်းက ပေါ့ပေါ့ပါးပါး ဆိုသည်။
"ဒါနဲ့... မင်းရဲ့ တပည့်ရင်ထိုးကို ပေးစမ်း"
"ရော့..." လုံချန်းက ဘာမှစဉ်းစားမနေဘဲ သူ၏ တပည့်ရင်ထိုးကို လန်ကျင်းဆီ ပစ်ပေးလိုက်သည်။
လန်ကျင်းက သူ့အား အနက်ရောင် ရင့်ရင့်ရှိသော ရင်ထိုးအသစ်တစ်ခုကို ပြန်ပေးလိုက်သည်။
"ဒါက မင်းရဲ့ ရင်ထိုးအသစ်ပဲ။ ဒါက မင်း မိစ္ဆာအဆင့်ရထားသူ ဖြစ်ကြောင်း သက်သေပဲ။ မင်းရဲ့ အကျိုးပြုမှတ်အားလုံးကို ဒီထဲကို ပြောင်းပေးထားပြီးပြီ"
"ဟုတ်ကဲ့"
"ဘာပဲဖြစ်ဖြစ်၊ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားရမယ်။ မင်း ဆေးဖော်စပ်ခြင်းပညာ တတ်နေရင်တောင် ငါလုပ်ထားတဲ့ အဆိပ်ကိုတော့ မင်း မကုနိုင်ဘူး။ မင်းသိတဲ့အတိုင်း ကုသရေးဆေးလုံးတွေက အလုပ်ဖြစ်မှာ မဟုတ်ဘူး၊ အဲဒါကို စိတ်ထဲမှတ်ထားပါ။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုတာ မင်းက အသက် ၅၀၀ လောက် ငယ်လွန်းသေးတယ်" လန်ကျင်းက လုံချန်းကို အလေးအနက် ကြည့်ကာ ဆက်ပြောသည်။
"အဲဒါကြောင့် ငါ မင်းကို ကန့်သတ်မထားဘူး။ မင်း ဆေးဖော်စပ်တာပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် လုပ်နိုင်တယ်၊ ငါ့ရဲ့ သတိပေးချက်ကိုပဲ မှတ်ထားပါ။ ငါလိုချင်တာကို မင်းလုပ်ပေးပြီးရင် ငါကိုယ်တိုင် မင်းကို လွှတ်ပေးမယ်။ အဲဒါက မင်းအတွက် ပိုပြီး ဘေးကင်းတဲ့ လမ်းပဲ" ထိုသို့ ဆိုကာ လန်ကျင်းသည် လှည့်ထွက်သွားပြီး သူ၏ ခြင်္သေ့ပေါ်သို့ တက်လိုက်သည်။
လန်ကျင်း တက်လိုက်သည်နှင့် ခြင်္သေ့မှာ ပျံတက်သွားတော့သည်။
"ဟင်း... ဒီမှာ ဘာတွေ ဖြစ်သွားတာလဲ။ မုကျိန်း ဘာဖြစ်သွားလဲဆိုတာ ငါ အခုထိ နားမလည်သေးဘူး။ သူ့ဝိညာဉ်က ပျက်စီးသွားတယ် ဟုတ်လား။ ဘယ်လိုလုပ်ပြီးလဲ။ ငါ ဘာမှတောင် မလုပ်ရသေးဘူး။ နေဦး... ဒါက သိုင်းဝိညာဉ် ပညာရပ်ရဲ့ တန်ပြန်သက်ရောက်မှု ကြောင့်များလား" လုံချန်းက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
"အဲဒါပဲ ဖြစ်ရမယ်။ သူ့ပညာက ငါ့အပေါ် အလုပ်မဖြစ်ဘဲ သူ့ဆီကို ပြန်ပတ်သွားတာပဲ" လုံချန်းသည် အမှန်တကယ် အကြောင်းရင်းကို ရှာတွေ့သွားသကဲ့သို့ ဆိုလိုက်သည်။
"ထားလိုက်ပါတော့၊ အဲဒါက ငါနဲ့ မဆိုင်တော့ဘူး။ ငါ တာဝန်တစ်ခု ယူပြီး ဒီနေရာကနေ အမြန်ဆုံး ထွက်သွားမှ ဖြစ်မယ်" လုံချန်းက ရေရွတ်ကာ ရှေ့သို့ လျှောက်လာခဲ့သည်။
သူ ၂ မိနစ်ခန့် လျှောက်လာပြီးနောက် သူ့ကို စောင့်နေသော မန်ကုကို တွေ့လိုက်ရသည်။
"ဪ... သခင်လေး။ စီနီယာ မုကျိန်းနဲ့ ကိစ္စပြီးပြီလား" သူက စပ်စုသည်။
"အေး... ပြီးပါပြီ။ သူက အကူအညီ နည်းနည်း လိုနေလို့ သူနဲ့ ထိုက်တန်တဲ့ အကူအညီကို ငါ ပေးလိုက်တယ်" လုံချန်းက မန်ကု၏ ပခုံးကို ပုတ်ကာ ပြုံးလျက် ဆိုသည်။
သူနှင့် မန်ကုတို့သည် တာဝန် ခန်းမဆီသို့ ဆက်လျှောက်လာခဲ့ကြသည်။ လမ်းတစ်ဝက်ကျော် ရောက်နေပြီဖြစ်သဖြင့် သိပ်မကြာလိုက်ပေ။ မိနစ် ၂၀ အကြာတွင် သူတို့သည် တာဝန် ခန်းမအပြင်ဘက်သို့ ရောက်ရှိလာသည်။
"ကျွန်တော်ကတော့ ဒီအထိပဲ လိုက်လို့ရမယ် သခင်လေး။ တာဝန်ယူမယ့်သူပဲ အထဲကို ဝင်ခွင့်ရှိတာ။ သခင်လေးပဲ ဝင်သွားလိုက်ပါ" မန်ကုက စိတ်ပျက်သော မျက်နှာဖြင့် ဆိုသည်။
"အထဲမှာ စားပွဲ ၅ လုံး ရှိလိမ့်မယ်။ စားပွဲတစ်လုံးစီရဲ့ ရှေ့မှာ နံပါတ်တွေ ရှိတယ်။ နံပါတ် ၃ စားပွဲကို သွားပါ။ အဲဒီမှာ အဆင့် ၃ တာဝန်တွေကို ယူလို့ရတယ်" သူက ထပ်မံ ရှင်းပြသည်။
"ကောင်းပြီ။ ဒီမှာပဲ စောင့်နေ၊ ငါ အခုပဲ ပြန်လာခဲ့မယ်" လုံချန်းက မှာကြားလိုက်သည်။
သူသည် ခန်းမထဲသို့ ဝင်သွားပြီး မန်ကု ပြောပြသည့်အတိုင်း နံပါတ် ၃ စားပွဲသို့ သွားလိုက်သည်။
"အကြီးအကဲ... ကျုပ် တာဝန်တစ်ခု ရွေးချယ်ချင်လို့ပါ" လုံချန်းက စားပွဲနောက်တွင် ထိုင်နေသော အကြီးအကဲကို ပြောလိုက်သည်။
အကြီးအကဲမှာ စာရွက်စာတမ်းတစ်ခုကို ဖတ်နေသော်လည်း လုံချန်းကို မြင်သောအခါ ၎င်းကို ချလိုက်သည်။
"မင်း အဆင့် ၃ တာဝန် လိုချင်တာလား။ ကောင်းပြီ" အကြီးအကဲက ခေါင်းညိတ်ကာ လုံချန်း၏ ရှေ့သို့ စာရွက်ထုပ်ကြီး တစ်ထုပ်ကို ချပေးလိုက်သည်။
"ဒါတွေက ငါတို့ဆီမှာ ရှိသမျှ အဆင့် ၃ တာဝန်တွေပဲ။ မင်း ကြိုက်တာကို ရွေးနိုင်တယ်" အကြီးအကဲက ပေါ့ပေါ့ပါးပါး ပြောကာ သူ၏ စာရွက်စာတမ်းကို ပြန်ဖတ်နေတော့သည်။
"ဒီလောက်တောင် များတာလား" လုံချန်းက အံ့သြသွားသည်။ သူ့ရှေ့တွင် စာရွက်ပေါင်း ၁၀၀၀ ကျော် ရှိနေသည်။ အဆင့် ၃ တာဝန်များက မလွယ်ကူသော်လည်း ဂိုဏ်းမှာ ဤမျှထိ များပြားနေခြင်းကို သူ အံ့သြမိခြင်း ဖြစ်သည်။
သူသည် တာဝန်များကို တစ်ခုပြီးတစ်ခု ဖတ်ကြည့်နေသည်။
"တာဝန် - သားရဲခန်းမရဲ့ တပည့်တွေကို သတ်ဖြတ်ရန်" လုံချန်းက တာဝန်တစ်ခုကို အသံထွက်ဖတ်လိုက်သည်။
သူ နောက်တစ်စောင်သို့ မကူးမီ အနားရှိ အကြီးအကဲက ဝင်ပြောသည်။ "အဲဒီတာဝန်က ဆုလာဘ် အတော်များတယ်။ ဒါပေမဲ့ မင်းရဲ့ ဝိညာဉ်ကို ကာကွယ်ရေးကျိန်စာနဲ့ အမှတ်အသား အလုပ်ခံရမယ်။ တကယ်လို့ တာဝန်ထမ်းဆောင်ရင်း ရန်သူ့ဂိုဏ်းရဲ့ ဖမ်းဆီးတာကို ခံရရင် အဲဒီကျိန်စာကြောင့် မင်း သေသွားလိမ့်မယ်။ ဂိုဏ်းကို ပြန်ရောက်လာမှ အဲဒီကျိန်စာက ပျက်ပြယ်မှာ"
"ဟက်... ငါ့ဝိညာဉ်ကို ကျိန်စာတိုက်ရမယ့် တာဝန်မျိုး ငါ မလိုချင်ပါဘူး" လုံချန်းက နောက်တစ်စောင်သို့ ကူးလိုက်သည်။
"အဆင့်မြင့် ကောင်းကင်အဆင့်ရှိ တောက်ပသောမီးတောက်မြွေ ရဲ့ သွေး ၁၀ စက် စုဆောင်းရန်"
"ဟင်... ဘာလို့ ၁၀ စက်တည်းလဲ။ သွေး ၁၀ စက် ရနိုင်ပြီဆိုမှတော့ အဲဒီမြွေကို ငါတို့ နိုင်သွားပြီပဲ၊ သွေးတွေ အများကြီး ထပ်ယူလို့ ရတာပေါ့" သူက ရေရွတ်သည်။
"ဂိုဏ်းက ၁၀ စက်ပဲ လိုတာလေ။ အဲဒီနောက်ပိုင်း အဲဒီမြွေကို မင်း ဘာလုပ်လုပ် မင်းသဘောပဲ" အကြီးအကဲက ပြန်ဖြေသည်။
"ဒါက စိတ်ဝင်စားစရာပဲ၊ ဒါပေမဲ့ ကောင်းကင်အဆင့် သားရဲကို နိုင်ဖို့ကတော့ မလွယ်ဘူး" လုံချန်းက ရေရွတ်ကာ နောက်တစ်စောင်ကို ဖတ်ပြန်သည်။
"မယ်တီယာ အင်ပါယာရဲ့ မင်းသမီးကို ပြန်ပေးဆွဲရန်"
"မင်းသမီးကို ပြန်ပေးဆွဲရမယ် ဟုတ်လား။ ဘာလို့လဲ" သူက မေးလိုက်သည်။
"အဲဒါကို မင်း သိစရာ မလိုဘူး။ မင်းလုပ်ရမှာက သူ့ကို ဖမ်းပြီး ဂိုဏ်းကို ခေါ်လာဖို့ပဲ။ ကျန်တာကို ဂိုဏ်းက ကိုင်တွယ်လိမ့်မယ်" အကြီးအကဲက ဆိုသည်။
လုံချန်းက ထိုတာဝန်ကိုလည်း ကျော်လိုက်ပြီး နောက်တစ်စောင်ကို ဖတ်သည်။
"ဝိညာဉ်ဝင်္ကပါ အဆင့် ၁ နိုင်ငံရဲ့ ဘုရင်ဆီက ကောင်းကင်တောင်တန်း အုပ်ချုပ်သူကို ခိုးယူရန်"
"ဟင်... ခိုးရမှာလား။ ဒါ စိတ်ဝင်စားစရာပဲ။ ငါ ဒါကိုပဲ ရွေးမယ်" လုံချန်းက ထိုတာဝန်စာရွက်ကို အကြီးအကဲအား ပြလိုက်သည်။
"ဒါက လွယ်တဲ့ တာဝန်လို့ မထင်နဲ့ဦး။ ဝိညာဉ်ဝင်္ကပါ ဘုရင်က ကောင်းကင်အဆင့် ပညာရှင်တစ်ယောက်ပဲ။ သူ့ကို တိုက်ခိုက်စရာ မလိုဘူးဆိုပေမဲ့ မင်းသာ အမိခံရရင်တော့ တော်တော်ဆိုးလိမ့်မယ်" အကြီးအကဲက သတိပေးသည်။
"ရပါတယ်၊ ကျုပ်ရဲ့ အရည်အချင်းကို ကျုပ် ယုံကြည်ပါတယ်" လုံချန်းက ပြုံးလျက် ဆိုသည်။
"ဟင်း... ကောင်းပြီလေ။ မင်း အဲလောက် ယုံကြည်မှုရှိနေမှတော့ ငါ မတားတော့ပါဘူး။ မင်းရဲ့ တပည့်ရင်ထိုး ပေးစမ်း၊ ဒီတာဝန်ကို မင်းနာမည်နဲ့ မှတ်ပုံတင်ပေးမယ်"
လုံချန်းသည် သူ၏ အိတ်ကပ်ထဲမှ အနက်ရောင် ကြယ် ၄ ပွင့် တပည့်ရင်ထိုးကို ထုတ်ကာ အကြီးအကဲထံ ပေးလိုက်လေတော့သည်။