အခန်း (၃၂၃-၃၂၄)
Vol. 33 Ch. 323-324
အခန်း (၃၂၃) သူ့ကို သတ်ပစ်ပါ
အတော်ကြာအောင် ရယ်မောပြီးနောက် လန်ကျင်းသည် ရယ်သံကို ရပ်တန့်လိုက်သည်။
"မင်းကိုယ်မင်း ဒီမှာ ပျော်ပွဲစားထွက်နေတယ်လို့ ထင်နေတာလား။ မင်းထွက်ချင်တဲ့အချိန် ထွက်သွားလို့ရအောင်လေ" သူက လှောင်ပြောင်သော အပြုံးဖြင့် မေးလိုက်သည်။
"ကျုပ် အပြီးအပိုင် ထွက်သွားဖို့ ပြောတာ မဟုတ်ပါဘူး။ တာဝန်တစ်ခုနဲ့ အပြင်သွားပြီး အတွေ့အကြုံ ရှာချင်ရုံပါ။ အထဲမှာပဲ ကျင့်ကြံနေရတာ ငြီးငွေ့လာလို့။ တာဝန်က ၆ လကြာမှာဆိုတော့ အဲဒီမတိုင်ခင် ကျုပ် ပြန်လာခဲ့မှာပါ" လုံချန်းက ဆိုသည်။
"စိတ်မပူပါနဲ့၊ ခင်ဗျားခိုင်းတာကို မပြီးမချင်း ကျုပ် ထွက်မပြေးပါဘူး။ ခင်ဗျားရဲ့ အဆိပ်မိပြီးတော့လည်း မသေချင်သေးဘူးလေ" သူက ထပ်လောင်းပြောဆိုသည်။
လန်ကျင်းသည် လုံချန်းကို အကဲခတ်ရင်း အလေးအနက် စဉ်းစားနေသည်။
"မင်း ရွေးလိုက်တဲ့ တာဝန်က ဘယ်အဆင့်လဲ" ခဏအကြာတွင် သူက မေးသည်။
"အဆင့် ၃ တာဝန်ပါ" လုံချန်းက ပြန်ဖြေသည်။
"အဆင့် ၃ ဟုတ်လား။ အင်း... အဲဒါဆို မင်းအတွက် အသက်အန္တရာယ် သိပ်မရှိနိုင်ပါဘူး။ ပြီးတော့ ငါမင်းကို ခိုင်းစရာရှိတာကလည်း ၆ လအတွင်း ဖြစ်လာမှာ မဟုတ်သေးဘူးဆိုတော့ မင်းကို အပြင်ထွက်ခွင့် ပေးလို့ရမယ် ထင်တယ်" သူက တုံ့ပြန်သည်။
"ကောင်းပြီ၊ မင်းသွားနိုင်တယ်။ ဒါပေမဲ့ ၆ လ အချိန်မပေးနိုင်ဘူး။ ၅ လအတွင်း ပြန်လာရမယ်။ ပြီးတော့ မင်း မထွက်သွားခင် ကောင်းကင်ဘုံသစ္စာ ဆိုရမယ်" သူက ဆက်ပြောသည်။
"ကောင်းကင်ဘုံသစ္စာ ဟုတ်လား" လုံချန်းက မျက်မှောင်ကြုတ်ကာ မေးသည်။
လန်ကျင်းသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ထူးဆန်းသော ပန်းကန်ပြားပုံစံ အရာဝတ္ထုတစ်ခုကို ထုတ်လိုက်သည်။ ၎င်းပေါ်တွင် ထူးဆန်းသော ပုံစံများစွာ ရှိနေသည်။
"ဒါက ရှေးဟောင်း အပျက်အစီးတစ်ခုကနေ ငါရခဲ့တဲ့ ရှေးဟောင်း ပစ္စည်းတစ်ခုပဲ။ အဆင့်ကိုတော့ ငါမသိဘူး၊ ဒါပေမဲ့ အသုံးဝင်ပုံကိုတော့ သိတယ်။ ဒါကို လက်ထဲမှာ ကိုင်ပြီး သစ္စာဆိုလိုက်ရင် အဲဒီသစ္စာက အတည်ဖြစ်သွားပြီ။ တကယ်လို့ မင်းသစ္စာဖောက်ဖျက်ရင် ချက်ချင်းပဲ အလွန်ကြောက်စရာကောင်းတဲ့ ပုံစံနဲ့ သေရလိမ့်မယ်" လန်ကျင်းက ဖြီးပြရင်း ဆိုသည်။
"ကျုပ်ကို ဘယ်လိုသစ္စာမျိုး ဆိုစေချင်တာလဲ" လုံချန်းက မျက်မှောင်ကြုတ်ကာ မေးသည်။
"အများကြီး မဟုတ်ပါဘူး၊ ရိုးရှင်းတဲ့ သစ္စာအချို့ပါပဲ။ ပထမဆုံးအနေနဲ့ ငါတို့ဂိုဏ်းရဲ့ တည်နေရာကို ဘယ်သူ့ကိုမှ မပြောပြရဘူး။ ဒုတိယအနေနဲ့ မင်း အပြင်မှာရှိနေတုန်း မင်းသိတဲ့သူ ဘယ်သူ့ကိုမှ မဆက်သွယ်ရဘူး၊ မတွေ့ရဘူး။ ပြီးတော့ မင်းအကြောင်းရော ငါ့အကြောင်းရော ဘယ်သူ့ကိုမှ မပြောပြရဘူး" လန်ကျင်းက ဆိုသည်။
"ကောင်းပါပြီ" လုံချန်းက သဘောတူလိုက်သည်။
လန်ကျင်းက ထိုပန်းကန်ပြားပုံစံ ပစ္စည်းကို လုံချန်းအား ပေးလိုက်ရာ လုံချန်းက ၎င်းကို မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။
"ကျုပ် လုံချန်း... ဂိုဏ်းအပြင်ဘက် ရောက်နေတဲ့ အချိန်အတွင်းမှာ ကျုပ် သိကျွမ်းတဲ့သူ ဘယ်သူ့ကိုမှ မတွေ့ဆုံ၊ စကားမပြောပါဘူးလို့ သစ္စာဆိုပါတယ်။ ဝိညာဉ်နက်ဂိုဏ်းရဲ့ တည်နေရာကိုလည်း ထုတ်မပြောပါဘူး၊ ပြီးတော့ ကျုပ်အကြောင်းနဲ့ ခင်ဗျားအကြောင်းကိုလည်း ဘယ်သူ့ကိုမှ မပြောပြပါဘူး" လုံချန်းသည် လန်ကျင်းကို စိုက်ကြည့်ရင်း သစ္စာဆိုလိုက်သည်။
ထိုရှေးဟောင်းပစ္စည်းလေးမှာ အလင်းရောင် တောက်ပလာပြီးနောက် ခဏအကြာတွင် နဂိုအတိုင်း ပြန်ဖြစ်သွားသည်။
"ဒီလောက်ဆို ရပြီ။ ကဲ... ပြန်ပေး" လန်ကျင်းက ကျေနပ်စွာ ဆိုသည်။
လုံချန်းက ပစ္စည်းကို ပြန်ပေးလိုက်သည်။ လန်ကျင်းသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးအချို့ကို ထုတ်ကာ လုံချန်းအား ပေးလိုက်သည်။
"ဒီမှာ ဆေးလုံး ၂၂ လုံး ရှိတယ်။ ဒါက မင်းအတွက် ၅ လစာပဲ။ အဲဒီမတိုင်ခင် မင်း ပြန်လာရမယ်၊ မဟုတ်ရင် သေလိမ့်မယ်။ အဲဒါကိုတော့ မင်း သိပြီးသားဖြစ်မှာပါ။ ဒီမြေပုံကိုလည်း ယူသွား၊ ဒါက ဒီဒေသရဲ့ မြေပုံပဲ" လန်ကျင်းက လှောင်ပြုံးဖြင့် ဆိုသည်။
"မင်း ပြောစရာ ဒါအကုန်ပဲဆိုရင် သွားလို့ရပြီ။ ငါ့ရဲ့ ခြင်္သေ့က မင်းကို ဂိုဏ်းရဲ့ ထွက်ပေါက်အထိ ပို့ပေးလိမ့်မယ်။ အဲဒီနောက်ပိုင်း ခရီးစဉ်ကိုတော့ မင်းဘာသာမင်း စီစဉ်ရလိမ့်မယ်" သူက ဆက်ပြောသည်။
"ဟုတ်ကဲ့၊ ပြီးပါပြီ" လုံချန်းသည် လှည့်ထွက်လာခဲ့သည်။
သူသည် အတောင်ပံပါ ခြင်္သေ့ပေါ်တက်လိုက်ရာ ၎င်းက သူ့ကို ဂိုဏ်း၏ ပင်မတံခါးကြီးဆီသို့ ပို့ပေးသည်။ လုံချန်းသည် ခြင်္သေ့ပေါ်မှ ဆင်းကာ ဂိုဏ်းအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။
ကင်းစောင့်တပ်သားများက သူ့ကို မြင်သော်လည်း ပုံမှန်ဆိုလျှင် ခွင့်ပြုချက် ပါမပါ မေးမြန်းကြမည် ဖြစ်ပေမည့် ခြင်္သေ့ကို မြင်လိုက်ရခြင်းနှင့် လုံချန်း၏ အနက်ရောင် ကြယ် ၄ ပွင့် ရင်ထိုးကြောင့် သူ့အနားသို့ပင် မကပ်ရဲကြပေ။
လုံချန်းသည် အတော်ဝေးဝေးအထိ လမ်းလျှောက်လာခဲ့ပြီး သူ့နောက်သို့ မည်သူမှ လိုက်မလာတော့ကြောင်း သေချာသည့်အခါမှ နေဝါးမျို လင်းယုန်ကို ခေါ်ထုတ်လိုက်သည်။
လှပသော အဖြူရောင် လင်းယုန်ကြီးသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ထွက်ပေါ်လာသည်။ လင်းယုန်ကြီးသည် လုံချန်းကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာ ပျံသန်းနေတော့သည်။
"ဟေး... ကောင်လေး။ မင်းကြည့်ရတာ အဆင်ပြေပုံပဲ။ ငါလည်း မင်းကို မြင်ရတာ ဝမ်းသာပါတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ ဒီနေရာကနေ ထွက်သွားရမယ်" လုံချန်းက ပြုံးလျက် ဆိုသည်။
လင်းယုန်ကြီးသည် လုံချန်းအနားသို့ ဆင်းသက်လိုက်သည်။ ၎င်းသည် ဆင့်ကဲပြောင်းလဲမှု ဖြစ်ပြီးကတည်းက အမွှေးများပေါ်တွင် ထူးဆန်းသော အပြာရောင် ပုံစံအချို့ ရှိနေသည်ကို လုံချန်း သတိပြုမိသော်လည်း အခြား ပြောင်းလဲမှုများကိုတော့ မတွေ့ရပေ။
လုံချန်းသည် အဖြူရောင် လင်းယုန်ကြီးပေါ်သို့ တက်လိုက်ပြီး ပျံသန်းရန် အမိန့်ပေးလိုက်သည်။ လင်းယုန်ကြီးမှာ ကောင်းကင်ယံသို့ မြင့်သထက် မြင့်အောင် ပျံတက်သွားသည်။ ၎င်းမှာ ဤလင်းယုန်၏ စွမ်းရည်ဖြစ်ပြီး အလွန်မြင့်မားသော အမြင့်တွင် အချိန်ကြာမြင့်စွာ ပျံသန်းနိုင်ကာ အရှိန်မှာလည်း လျော့နည်းခြင်း မရှိပေ။
လုံချန်းသည် လမ်းတွင် မြေပုံကို ကြည့်ရှုပြီးပြီ ဖြစ်သဖြင့် ဝိညာဉ်ဝင်္ကပါနိုင်ငံ မည်သည့်နေရာတွင် ရှိသည်ကို သိထားသည်။ ထို့ပြင် သူနှင့် ထိုနိုင်ငံကြားတွင် တောင်တန်းကြီးတစ်တန်း ရှိနေသည်ကိုလည်း သူ သိလိုက်ရသည်။
လုံချန်းသည် ထိုတောင်တန်းတွင် ခဏရပ်နားရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာတွင် ဂူတစ်ခုခု ရှာဖွေကာ အမှောင် နိယာမကို လေ့လာဆင်ခြင်ရန် စိတ်ကူးထားသည်။
သူသည် ၇ ရက်အတွင်း နိယာမကို နားလည်သဘောပေါက်ရန်နှင့် ဝိညာဉ်နက်ဂိုဏ်းမှ ရရှိခဲ့သော ပညာရပ် ၂ ခုကို သင်ယူရန် မျှော်လင့်ထားသည်။ ထိုပညာရပ် ၂ ခုကို သင်ယူပြီးမှသာ ဝိညာဉ်ဝင်္ကပါနိုင်ငံသို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။ တာဝန်အတွက်တော့ သူ သိပ်ပြီး စိုးရိမ်မနေပေ။
လုံချန်းသည် သူ၏ ပုန်းကွယ်နိုင်စွမ်းကို ယုံကြည်မှုရှိပြီး ရက်အနည်းငယ်သာ အချိန်ရလျှင်ပင် ဘုရင်၏ နှာခေါင်းအောက်မှနေ၍ ပစ္စည်းကို ခိုးယူနိုင်လိမ့်မည်ဟု သေချာနေသည်။ လင်းယုန်ကြီးမှာ အရှိန်ပြင်းစွာ ပျံသန်းနေစဉ် လုံချန်းသည် အချိန်မဖြုန်းလိုသဖြင့် ၎င်း၏ ကျောပေါ်၌ပင် ထိုင်ကာ ကျင့်ကြံနေတော့သည်။
လုံချန်းသည် ဂိုဏ်းနှင့် ဝေးရာသို့ ပျံသန်းသွားနေစဉ် ဝိညာဉ်နက်ဂိုဏ်း၏ ဂိုဏ်းချုပ်မှာမူ သူမ၏ ရှေ့တွင် လူအတစ်ယောက်ကဲ့သို့ လဲကျနေသော တပည့်ဖြစ်သူ မုကျိန်းကို ကြည့်နေသည်။
"သူ့ရဲ့ ဝိညာဉ်က ပျောက်ကွယ်သွားပြီ၊ ဒါပေမဲ့ ပြန်ကောင်းအောင် ငါ ကူညီနိုင်တယ်။ ဒါပေမဲ့ သူ့ဝိညာဉ် ပြန်ကောင်းလာဖို့ ငါတို့ဂိုဏ်းရဲ့ ရှေးအကျဆုံး ဘိုးဘေး နတ်ဘုရား ပေးခဲ့တဲ့ ရတနာကို သုံးမှ ဖြစ်မယ်" ဂိုဏ်းချုပ်က မုကျိန်းကို ကြည့်ရင်း ဆိုသည်။
"ဂိုဏ်းချုပ်က သူ့အတွက် ကောင်းကင်ဘုံ မူလကြာပန်းကို သုံးချင်တာလား။ မဖြစ်နိုင်တာ။ အဲဒါက ကျွန်တော်တို့ဂိုဏ်းရဲ့ ရှေးအကျဆုံး ရတနာဖြစ်သလို အစွမ်းအထက်ဆုံး လက်နက်လည်း ဖြစ်တယ်။ အဲဒါမှာ ထူးဆန်းတဲ့ အစွမ်းတွေ အများကြီး ရှိနိုင်ပေမဲ့ တစ်ကြိမ်ပဲ သုံးလို့ရတဲ့ ပစ္စည်းလေ။ သူ့ရဲ့ ဝိညာဉ်ကို ကုသဖို့လို တန်ဖိုးနည်းတဲ့ ကိစ္စအတွက် သုံးလိုက်မယ်ဆိုရင် ဒါဟာ တကယ်ကို ဖြုန်းတီးရာ ရောက်လိမ့်မယ်" မဟာအကြီးအကဲ ချူးက ကန့်ကွက်သည်။
"ရတနာဆိုတာ ငါ့တပည့်ထက် ပိုအရေးမကြီးဘူး။ ပြီးတော့ အဲဒီရတနာက တခြားဘာ အသုံးဝင်မှာလဲ။ ဖျက်ဆီးရေး လက်နက်တစ်ခု အနေနဲ့လား။ ငါတို့မှာ အဲဒါ မလိုဘူး။ ငါတို့မှာ သန်မာတဲ့ ကျင့်ကြံသူတွေနဲ့ တခြားရတနာတွေ အများကြီး ရှိတယ်။ ကောင်းကင်ဘုံ မူလကြာပန်းကို သုံးလိုက်ရုံနဲ့ ငါတို့ဂိုဏ်း ပျက်စီးမသွားပါဘူး" ဂိုဏ်းချုပ်က ဆိုသည်။
"အဲဒီပစ္စည်းက ဘဏ္ဍာတိုက်ထဲမှာ အကြာကြီး ဒီအတိုင်း ရှိနေခဲ့တာ။ အခုမှပဲ အသုံးဝင်မယ့် နေရာ တွေ့တော့တယ်" သူမက ဆက်ပြောသည်။
"ဒါ... ဂိုဏ်းချုပ် တကယ်ပဲ သေချာလို့လား" မဟာအကြီးအကဲ ချူးက ဝေခွဲမရသော မျက်နှာဖြင့် မေးသည်။
"အင်း... စိတ်မပူပါနဲ့ မဟာအကြီးအကဲ။ ငါ ဒါကို သုံးလိုက်လို့ ငါတို့ဂိုဏ်း ဘာမှ ထိခိုက်မှာ မဟုတ်ဘူး။ ငါတို့ဂိုဏ်းအတွက် ပိုတောင် အကျိုးရှိဦးမယ်။ မုကျိန်းက ဒီကြာပန်းကို သုံးပြီး ဝိညာဉ်ပြန်ကုပြီးရင် သူ့ရဲ့ ပါရမီက ပိုပြီး တိုးတက်လာလိမ့်မယ်။ အဲဒါက ငါတို့ဂိုဏ်းရဲ့ အနာဂတ်အတွက် ကောင်းတဲ့အရာ ဖြစ်လာနိုင်တယ်" ဂိုဏ်းချုပ်က ဆိုသည်။
"ဂိုဏ်းချုပ် အဲလိုပြောမှတော့လည်း... ထားပါတော့။ ဒါနဲ့ ဟိုကောင်လေး လုံချန်းကိုရော ဂိုဏ်းချုပ် ဘာလုပ်ဖို့ စိတ်ကူးထားလဲ" မဟာအကြီးအကဲ ချူးက မေးလိုက်သည်။
"ငါ သူ့ကို သတ်ချင်တယ်။ သူ့ရဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်ပြီး သူ လောင်ကျွမ်းနေတာကို ငါ ထိုင်ကြည့်ချင်တယ်" ဂိုဏ်းချုပ်သည် သူမ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြန်ဖြေလိုက်လေတော့သည်။
မဟာအကြီးအကဲ ချူးသည် သူမကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။
အခန်း (၃၂၄) ခွန်အားနောက်သို့ လိုက်လံရှာဖွေခြင်း
"ဒါပေမဲ့ ငါ အဲဒီလိုလုပ်လို့မရဘူး။ အဲဒီကောင်က အခုတော့ မိစ္ဆာအဆင့် သတ်မှတ်ချက်ထဲ ဝင်သွားပြီ။ တကယ်လို့ ငါက ကလဲ့စားချေဖို့ဆိုတဲ့ အသေးအဖွဲ အကြောင်းပြချက်နဲ့ သူ့ကို သတ်လိုက်ရင် အကြီးအကဲတွေနဲ့ မဟာအကြီးအကဲတွေအားလုံး ငါ့ကို ဝိုင်းတိုက်ခိုက်ကြလိမ့်မယ်။ တိတ်တဆိတ် သတ်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ဘယ်သူကမှ ငါ့ကို မသင်္ကာမဖြစ်လောက်အောင် မိုက်မဲမှာမဟုတ်ဘူးလေ။ ငါ့အနေနဲ့ ငါတို့ဂိုဏ်းကို အတွင်းစစ်ဒဏ် မခံစေချင်ဘူး" သူမက ဆက်ပြောသည်။
"ဒါဆို အဲဒီကောင်ကို ဒီအတိုင်း လွှတ်ပေးထားရမှာလား" မဟာအကြီးအကဲ ချူးက မေးလိုက်သည်။
"ငါတို့ ဘာမှလုပ်လို့မရပေမဲ့ မုကျိန်းကတော့ လုပ်နိုင်တယ်။ သူ တစ်ခါလောက် ပြန်ကောင်းလာပါစေဦး။ သူက အရင်က မုကျိန်းမျိုး ဖြစ်တော့မှာမဟုတ်ဘူး။ သူ့ကလဲ့စားကို သူကိုယ်တိုင် ချေလိမ့်မယ်" သူမက ပြုံးလျက် ဆိုသည်။
ဝိညာဉ်ဝင်္ကပါ နိုင်ငံသည် ဝိညာဉ်နက်ဂိုဏ်းနှင့် တော်တော်လေး ဝေးကွာလှသည်။ မြောက်ပိုင်း လအင်ပါယာသို့ သွားရန် အတောင်ပံပါ ခြင်္သေ့နှင့် ၃ ရက် ကြာမြင့်သော်လည်း ဝိညာဉ်ဝင်္ကပါနိုင်ငံသို့ ရောက်ရန်မူ ၈ ရက်ခန့် ကြာမြင့်မည်ဖြစ်သည်။
အဆိုးဆုံးအချက်မှာ မြေပုံအရ မြောက်ပိုင်း လအင်ပါယာသည် ဝိညာဉ်နက်ဂိုဏ်း၏ တောင်ဘက်တွင် ရှိနေပြီး ဝိညာဉ်ဝင်္ကပါနိုင်ငံမှာမူ မြောက်ဘက်တွင် ရှိနေခြင်းပင်။
"ဒီအသုံးမကျတဲ့ ဝိညာဉ်ဝင်္ကပါကသာ တောင်ဘက်မှာ ရှိနေရင် သိပ်ကောင်းမှာပဲ။ အဲဒါဆိုရင် အနည်းဆုံးတော့ မင်ယုနဲ့ ကျီချင်းတို့ကို တွေ့ရဦးမယ်။ သူတို့ အခုဆို တောက်ပသော နေအင်ပါယာမှာရှိနေလောက်ပြီ" မင်ယုနှင့် ကျီချင်းတို့အကြောင်းကို တွေးရင်း လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
"ငါ သေသွားပြီလို့ သူတို့ မထင်ကြပါစေနဲ့လို့ပဲ ဆုတောင်းရမယ်။ ငါ မသေဘူးဆိုတာကိုတော့ မင်ယု သိသင့်တာပေါ့။ ငါက သူမရဲ့ ကံကြမ္မာပဲလို့ ပြောတုန်းက သူမ ကြည့်ရတာ တော်တော်လေး ယုံကြည်ချက်ရှိပုံရတယ်။ အဲဒီယုံကြည်ချက်ကို သူမ ဆက်ပြီး ဆုပ်ကိုင်ထားနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ငါ မကြာခင် မင်းတို့ဆီ ပြန်လာခဲ့မယ်" လုံချန်းက ကောင်းကင်ယံကို ကြည့်ရင်း ရေရွတ်လိုက်သည်။
"ဟေး... ရွှင်း" သူက ခပ်တိုးတိုး ခေါ်လိုက်သည်။
"ဘာလဲ" ထိုသို့ ဆိုကာ သူမသည် လုံချန်း၏ အနောက်တွင် ပေါ်လာသည်။
လုံချန်းက လှည့်ကြည့်ကာ သူမကို မျက်နှာချင်းဆိုင်လိုက်သည်။
"ငါ့ရဲ့ အနာဂတ်က ဘာတွေဖြစ်လာမလဲ။ အခုထိ ဖြတ်သန်းလာခဲ့တဲ့ ခရီးကို ကြည့်မယ်ဆိုရင်တော့ နောက်ဆုံးမှာ ငါ သေရမှာပဲလို့ ငါ တော်တော်လေး သေချာနေတယ်" လုံချန်းက နောက်ပြောင်သလို ပြောလိုက်သော်လည်း ရွှင်း၏ မျက်နှာမှာမူ သူ၏စကားကို မကြိုက်သည့်အလား တည်ကြည်သွားသည်။
"ဒါက နောက်ပြောင်ရမယ့် ကိစ္စလို့ နင် ထင်နေတာလား" သူမက လုံချန်းကို မေးလိုက်သည်။
"တောင်းပန်ပါတယ်... ငါ အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ တကယ်တော့ ငါ့အနာဂတ်အတွက် ငါ တကယ် စိုးရိမ်နေမိတာပါ။ အခု ငါ့အခြေအနေကို ကြည့်ဦး။ ငါက အဆိပ်မိထားတယ်၊ ဘယ်အချိန်မဆို သေသွားနိုင်တယ်။ ပြီးတော့ လန်ကျင်းကလည်း တစ်ခုခုအတွက် ငါ့ကို လိုအပ်နေသေးတယ်" လုံချန်းက ဆိုသည်။
"သူကိုယ်တိုင် မလုပ်နိုင်တဲ့အရာဆိုတော့ အန္တရာယ်ရှိနိုင်တယ်။ နောက်ပြီး အနာဂတ်မှာ ငါ ရင်ဆိုင်ရဦးမယ့် တစ္ဆေကျောင်းတော်လည်း ရှိသေးတယ်။ တခါတလေကျရင် ငါ လုံစုကို သတ်ပြီးတာနဲ့ အမေနဲ့ အဖိုးတို့ရှိတဲ့ အိမ်မှာပဲ ဆက်နေခဲ့ရင် ငါ့ဘဝက ဘယ်လိုဖြစ်နေမလဲလို့ မတွေးဘဲ မနေနိုင်ဘူး" သူက ပြောသည်။
"ဒီခွန်အားတွေက တကယ်ပဲ တန်ဖိုးရှိလို့လား။ အမြဲတမ်း သတ်ဖြတ်နေရတာ ဒါမှမဟုတ် အသက်ရှင်ဖို့ ရုန်းကန်နေရတာတွေကလေ... ဟူး... တောင်းပန်ပါတယ်ဟာ။ ငါ တခါတလေကျရင် အဓိပ္ပာယ်မရှိတာတွေ တွေးမိတတ်လို့ပါ" သူက ဆက်ပြောသည်။
"တကယ်လို့ နင့်ကို ခွန်အားနဲ့ နင့်ရဲ့ တကယ့်အချစ်စစ် ဘဝ၊ နှစ်ခုထဲက တစ်ခုကို ရွေးခိုင်းရင် နင် ဘာကို ရွေးမလဲ" ရွှင်းက လုံချန်းကို မေးလိုက်သည်။
"ဒါပေါ့... ငါ အချစ်ကိုပဲ ရွေးမှာပေါ့" လုံချန်းက ပြန်ဖြေသည်။
"ဒါဆို ခွန်အားနဲ့ နင့်ရဲ့ မိသားစု အသက်၊ နှစ်ခုထဲက တစ်ခုဆိုရင်ရော" သူမက ထပ်မေးပြန်သည်။
"ငါ မိသားစုကိုပဲ ရွေးမှာပါ" လုံချန်းက ထပ်မံ ဖြေကြားလိုက်သည်။
"နင် တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီကမ္ဘာပေါ်က လူအများစုဟာ နင့်လိုပဲ ဖြေကြမှာပဲ။ ဒါပေမဲ့လည်း လူတိုင်းဟာ သူတို့ရဲ့ မိသားစုတွေကို ထားခဲ့ပြီး ခွန်အားနောက်ကိုပဲ လိုက်နေကြတယ်။ ဘာလို့လဲဆိုတာ နင် သိလား" သူမက မေးသည်။
"ဘာလို့လဲ... ကာကွယ်ဖို့အတွက် ခွန်အားလိုလို့လား" လုံချန်းက ပြန်ဖြေသည်။
"ဒါက အကြောင်းပြချက် တစ်ခုပေါ့။ ဒါပေမဲ့ နောက်ထပ် တစ်ခုရှိသေးတယ်။ အဲဒါကတော့ အားနည်းတယ်လို့ ခံစားရတဲ့ ခံစားချက်ပဲ။ လူသားတွေတင် မဟုတ်ဘူး၊ တခြား မျိုးစိတ်တွေကလည်း သူတို့ကိုယ်သူတို့ အားနည်းတယ်လို့ ခံစားကြရတယ်။ ဒါကြောင့် သူတို့ဟာ ခွန်အားနောက်ကို အမြဲတမ်း လိုက်နေကြပေမဲ့ ဘယ်တော့မှ ကျေနပ်အားရမှု မရှိကြဘူး။ တောင်ထိပ်ကို တက်ဖို့ အမြဲတမ်း ကြိုးစားနေကြတာပဲ"
"လူအများစုက ကျရှုံးကြပေမဲ့ အနည်းငယ်သော လူတွေကတော့ အောင်မြင်ကြတယ်။ တောင်ထိပ်ကို ရောက်သွားတဲ့အခါမှာတော့ အဲဒီထက် မြင့်တဲ့ တောင်တွေ ရှိနေသေးတာကို သူတို့ တွေ့လိုက်ရပြန်တယ်။ အဲဒီလိုနဲ့ပဲ အရာအားလုံးက သံသရာလည်နေတော့တာပဲ" ရွှင်းက ဆိုသည်။
"ဒီကမ္ဘာမှာ ခွန်အားကသာ အရာရာကို စိုးမိုးထားတာ၊ အားနည်းတဲ့သူတွေမှာ စကားပြောခွင့် မရှိဘူး။ သူတို့ရဲ့ ကံကြမ္မာအပေါ်မှာ သူတို့ကိုယ်တိုင် ထိန်းချုပ်ခွင့် မရှိကြဘူး။ ဘယ်သူကမှ အားနည်းတဲ့သူ မဖြစ်ချင်ကြဘူး။ သူတို့အားလုံးဟာ ကိုယ့်ကံကြမ္မာကိုယ် ထိန်းချုပ်ချင်ကြတယ်။ အဲဒါကြောင့်ပဲ သူတို့ဟာ ခွန်အားနောက်ကို လိုက်နေကြတာ။ တချို့က အောင်မြင်သွားကြပေမဲ့ တချို့ကတော့ ကြိုးစားရင်းနဲ့ပဲ ပျက်စီးသွားကြရတယ်" သူမက ရှင်းပြလိုက်သည်။
"အဲဒါက သာမန်လူ တစ်ယောက်အတွက်ပဲ။ သူတို့မှာ ရွေးချယ်ခွင့် ရှိတယ်။ နင့်မှာကျတော့ ရွေးချယ်ခွင့် မရှိဘူး။ နင်က ကံကြမ္မာရဲ့ ဘောင်အပြင်ဘက်ကို ရောက်နေပြီ။ ဘယ်နေရာမှာမှ အေးအေးဆေးဆေး နေလို့ရမှာမဟုတ်ဘူး။ နင်သာ ပိုပြီး သန်မာမလာရင် နင် သေရလိမ့်မယ်။ ရွာငယ်လေးတစ်ရွာမှာ သွားပုန်းနေရင်တောင် ပြဿနာက နင့်ဆီကို ရောက်လာမှာပဲ။ အဲဒီအချိန်ကျရင် နင်တစ်ယောက်တည်း ဆုံးရှုံးရမှာ မဟုတ်ဘူး၊ နင့်ရဲ့ မိသားစုလည်း ထိခိုက်ရလိမ့်မယ်" သူမက ဆိုသည်။
"ဟူး... နင်ကတော့ ငါ့ကို ခြောက်လှန့်ဖို့ တကယ် သိတာပဲ။ ဘာပဲဖြစ်ဖြစ် ငါကလည်း ဒီမှာ တင် ရပ်တန့်ဖို့ စိတ်မကူးထားပါဘူး။ ငါ ကျင့်ကြံခြင်းရဲ့ အမြင့်ဆုံး အထွတ်အထိပ်ကို ရောက်ချင်တယ်။ အဲဒီကျမှပဲ ငါ လွတ်လပ်ပေါ့ပါးတဲ့ ဘဝကို ရနိုင်မှာ" သူက ဆိုသည်။
"ဘာပဲဖြစ်ဖြစ်... တခြားအကြောင်းအရာ ပြောင်းရအောင်။ အခု တော်တော်လေး မှောင်လာပြီ၊ ငါတို့ သွားရမယ့် ခရီးကလည်း အဝေးကြီး ကျန်သေးတယ်။ ပြောပါဦး... တကယ်လို့ ငါ နင့်အတွက် တကယ့် ခန္ဓာကိုယ်တစ်ကိုယ် ရအောင် လုပ်ပေးနိုင်ခဲ့ရင် ပထမဆုံး နင် ဘာလုပ်မလဲ" လုံချန်းက အကြောင်းအရာ ပြောင်းကာ မေးလိုက်သည်။
"ပထမဆုံး လုပ်မယ့်အရာလား... ငါ နင့်ကို နမ်းမယ်။ ဟေး... အဲဒီလို ကျေနပ်တဲ့ မျက်နှာကြီး လာမလုပ်နဲ့ဦး၊ ငါ နောက်နေတာ။ ပထမဆုံး လုပ်မယ့်အရာကတော့ စားဖို့ပဲ။ အစားအစာတွေရဲ့ အရသာက ဘယ်လိုရှိလဲဆိုတာ ငါ မြည်းစမ်းကြည့်ချင်တယ်။ ထျန်းရှန်က အရသာရှိတာတွေ စားတဲ့အခါတိုင်း ငါ့ကို အမြဲ မနာလိုဖြစ်အောင် လုပ်ခဲ့တာ။ အဲဒါတွေကို ငါလည်း စမ်းကြည့်ချင်ခဲ့တာ။ အဲဒါကြောင့် ငါ ပထမဆုံး လုပ်မယ့်အရာက စားဖို့ပဲ" သူမက ဆိုသည်။
"ဟားဟားဟား... ပြောရမယ်ဆိုရင် ဒီလိုအဖြေမျိုး ရလာလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားဘူး။ ဘာပဲဖြစ်ဖြစ် နောက်ထပ် မေးခွန်းတစ်ခု... တကယ်လို့ နင့်ရဲ့ ခန္ဓာကိုယ်က ဘယ်လိုပုံစံ ဖြစ်ရမယ်ဆိုတာကို နင် ထိန်းချုပ်လို့ ရမယ်ဆိုရင် ဘယ်လိုပုံစံမျိုး ဖြစ်ချင်လဲ" သူက ပြုံးလျက် မေးလိုက်သည်။
"ဟား... အဲဒါက ရိုးရှင်းပါတယ်။ ငါ့ကိုယ်ငါ ပိုပြီး အရပ်ရှည်အောင် လုပ်မယ်။ အနည်းဆုံး နင်လောက်တော့ အရပ်ရှည်ချင်တာပေါ့" သူမက ပြုံးကာ ဆိုသည်။
"ဒါပဲလား" လုံချန်းက အံ့အားသင့်စွာ မေးသည်။
"အင်း... ငါ့ရဲ့ အခု ရှိနေတဲ့ ပုံစံကို ငါ တော်တော်လေး သဘောကျတာဆိုတော့ တခြား ဘာမှ မပြောင်းချင်ဘူး" သူမက ပြန်ဖြေသည်။
"နင့်ရဲ့ သေးငယ်တဲ့ ကျောက်စိမ်း ဖောင်းဖောင်းလေးတွေရော။ အဲဒါတွေကိုလည်း ဒီအတိုင်းပဲ ထားမှာလား။ ငါကတော့ ကိစ္စမရှိပါဘူး၊ သူတို့ အခုရှိနေတဲ့ ပုံစံလေးကိုပဲ ငါ သဘောကျတယ်" လုံချန်းက အောက်ကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။
"နင်... နင် နင် ခဏလောက်တောင် အရှက်မရှိဘဲ မနေနိုင်ဘူးလား" ရွှင်းက လုံချန်းကို ဆူပူလိုက်ပြီး သူမ၏ ရင်ဘတ်အား လက်နှစ်ဖက်ဖြင့် ကာလိုက်သည်။
"ငါက ရိုးရိုးသားသား ပြောတာပါ။ ငါ အဲဒါတွေကို သဘောကျတယ်။ အဲဒါက ဘာ အရှက်မရှိစရာ ရှိလို့လဲ" လုံချန်းက သူမကို ဆက်ပြီး စနောက်နေသည်။
ရွှင်းသည် ဆက်ပြီး သည်းမခံနိုင်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။ မပျောက်ကွယ်ခင်မှာ လုံချန်းကို ငတုံးဟု ဆဲသွားဖို့လည်း မမေ့ခဲ့ပေ။
"နင် ရှက်နေတဲ့ ပုံစံလေးက ချစ်စရာကောင်းသားပဲ" လုံချန်းက ပြုံးလျက် ရေရွတ်လိုက်သည်။
သူသည် နေဝါးမျို လင်းယုန်၏ ကျောပေါ်တွင် လှဲချလိုက်ပြီး စာအုပ်ငယ်လေး တစ်အုပ်ကို ထုတ်လိုက်သည်။ သူ အားနေသောကြောင့် ခုနက ရရှိထားသည့် ပညာရပ်အကြောင်းကို ဖတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ထိုပညာရပ်ကို ဝိညာဉ်ဓားသွားဟု ခေါ်သော်လည်း တကယ်တမ်းတွင်မူ စိတ်ဝိညာဉ်နှင့် ဘာမှ မသက်ဆိုင်ပေ။ ဤပညာရပ်ကို အသုံးပြု၍ ကျင့်ကြံသူတစ်ဦးသည် သူ၏ ဝိညာဉ်စွမ်းအင်မှနေ၍ မည်သည့် လက်နက်ကိုမဆို ဖန်တီးနိုင်သည်။ လက်နက်တစ်လတ် ဖန်တီးရန်မှာ ဝိညာဉ်စွမ်းအင်ကို အလွန်အမင်း ထိန်းချုပ်နိုင်စွမ်းရှိရန် လိုအပ်သောကြောင့် တော်တော်လေး ခက်ခဲလှသည်။
"ဓားတစ်လက်တည်းနဲ့ လက်နက်အားလုံးကို ဆန့်ကျင်မယ်။ ဝိညာဉ်စွမ်းအင်ဟာ အမြင့်မြတ်ဆုံးဖြစ်ပြီး ဘယ်အရာမှ ဝိညာဉ်စွမ်းအင်ရဲ့အထက်မှာ မရှိဘူး။ မှော်လက်နက်တွေဆိုတာ ဝိညာဉ်စွမ်းအင်ကို သိုလှောင်ပြီး အသုံးပြုတဲ့ အရာတွေသာ ဖြစ်တယ်။ ဝိညာဉ်စွမ်းအင်ကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ခြင်းအားဖြင့် လက်နက် မရှိဘဲနဲ့တောင် လက်နက်အားလုံးကို ဆန့်ကျင်နိုင်လိမ့်မယ်" လုံချန်းက ပညာရပ်၏ ပထမဆုံး စာမျက်နှာကို ဖတ်လိုက်သည်။
"စိတ်ဝင်စားစရာပဲ... ငါ နားလည်သလောက်ဆိုရင် ဒီပညာရပ်က ချူးမြောင် ပြောပြတာနဲ့ ကွာခြားနေသလိုပဲ။ သူကိုယ်တိုင်လည်း ဒီပညာရပ်ကို မရခဲ့တာဆိုတော့ အကုန်လုံးကို မသိတာလည်း ဖြစ်နိုင်တာပဲ" လုံချန်းက မိမိဘာသာ ရေရွတ်လိုက်သည်။
"ဒီပညာရပ်က လက်နက်တွေပဲ ဖန်တီးနိုင်တာ မဟုတ်ဘူး၊ ငါတို့ရဲ့ ဝိညာဉ်စွမ်းအင်ကို လက်နက်တွေအဖြစ် အသုံးပြုနိုင်အောင် ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကို သင်ပေးတာပဲ။ ဝိညာဉ်စွမ်းအင်ကနေ ဓားတွေ၊ ဓားသွားတွေ ဖန်တီးတာက ဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုပဲ ရှိသေးတယ်..."