← Chapters

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

အခန်း (၃၂၅) အမှောင်ထု

"ငါသာ ဒီပညာရပ်ကို ပိုင်နိုင်သွားရင် ငါ့ရဲ့ ဝိညာဉ်စွမ်းအင်ကို တခြားအရာတွေအတွက်ပါ အများကြီး အသုံးချနိုင်လိမ့်မယ်။ အကာအကွယ် တစ်ခုအနေနဲ့တောင် သုံးလို့ရနိုင်ပြီး ငါက ကမ္ဘာမြေအဆင့်မှာ ရှိနေတာဆိုတော့ အဲဒါက ရွှေအဆင့်ရှိတဲ့ ဓားတစ်လက်လိုပဲ အစွမ်းထက်လိမ့်မယ်" လုံချန်းက ရေရွတ်လိုက်သည်။

လုံချန်းသည် ကျေနပ်အားရသော မျက်နှာဖြင့် ပညာရပ်စာအုပ်၏ နောက်တစ်မျက်နှာကို ဆက်ဖတ်လိုက်သည်။ ထိုစာမျက်နှာတွင် ဝိညာဉ်စွမ်းအင် ထိန်းချုပ်မှုကို မည်သို့မြှင့်တင်ရမည်ကို ဖော်ပြထားသည်။ နောက်တစ်မျက်နှာတွင်မူ ခန္ဓာကိုယ်အတွင်း ဝိညာဉ်စွမ်းအင် စီးဆင်းမှုပုံစံ မည်သို့ရှိသင့်သည်ကို ဖော်ပြထား၏။

ထို့ပြင် လက်နက်အမျိုးမျိုးအား ဖန်တီးပုံနှင့် ထိုလက်နက်များကို ထိန်းချုပ်မှုမပြတ်ဘဲ ခန္ဓာကိုယ်အပြင်ဘက်တွင် မည်သို့ထိန်းသိမ်းထားရမည်ကိုလည်း ဖော်ပြထားသည်။

လုံချန်းသည် ဝိညာဉ်စွမ်းအင်ဖြင့် ပြုလုပ်ထားသော လေးကို ကိုင်စွဲကာ ဝိညာဉ်စွမ်းအင်မြှားဖြင့် ပစ်ခတ်နေသည်ကို စိတ်ကူးကြည့်နေမိသည်။ ထို့ပြင် သူသည် ဝိညာဉ်စွမ်းအင်ဖြင့် ဖန်တီးထားသော တံစဉ်း၊ ဓားသွား၊ ဓားရှည်နှင့် ဒိုင်းတို့ကို အသုံးပြုနေသည်ကိုလည်း မြင်ယောင်နေမိသည်။

ဤပညာရပ်သည် တကယ့်တိုက်ပွဲများတွင် အလွန်အသုံးဝင်လှသည်။ တစ်ခုတည်းသော အားနည်းချက်မှာ ဝိညာဉ်စွမ်းအင်ဖြင့် ဖန်တီးထားသော လက်နက်သည် သူ၏ လက်ရှိကျင့်ကြံမှုအဆင့်ထက် တစ်ဆင့်နိမ့်နေခြင်းပင်။ အကယ်၍ ရန်သူက ပိုမြင့်သည့် အဆင့်ရှိသော မှော်လက်နက်ကို ကိုင်ထားမယ်ဆိုလျှင်ဖြင့် ယင်းက အခြေအနေ ဆိုးနိုင်ပေသည်။

လုံချန်းသည် နေ့ဘက်တွင် ပျံသန်းပြီး ညဘက်တွင်မူ စခန်းချအနားယူသည်။ သူ၏ နေဝါးမျို လင်းယုန်ကိုလည်း အနားပေးရန် လိုအပ်သောကြောင့် ဖြစ်သည်။

နံနက်စောစောတွင် သူ၏ခရီးစဉ်ကို ပြန်လည်စတင်ခဲ့သည်။

ဤကဲ့သို့ပင် ၄ ရက်ခန့် ဆက်တိုက်သွားပြီးနောက် ရှည်လျားသော တောင်တန်းကြီးတစ်တန်းသို့ သူ ရောက်ရှိခဲ့သည်။

ထိုနေရာတွင် တောင်ပေါင်း ၁၀ လုံးထက်မက ရှိနေသည်ကို သူ မြင်လိုက်ရသည်။ တောင်ထိပ်များတွင် နှင်းများ ဖုံးလွှမ်းနေသော်လည်း တောင်အောက်ခြေပိုင်းတွင်မူ စိမ်းလန်းစိုပြည်နေသဖြင့် ကြည့်ရသည်မှာ ထူးဆန်းသော်လည်း လှပနေပေသည်။

လုံချန်းသည် သူ၏ နိယာမကို ဆင်ခြင်နေစဉ်အတွင်း မည်သူ့ကိုမှ အနှောင့်အယှက် မပေးစေချင်ပေ။ ထို့ကြောင့် မိုးပျံ သားရဲများမပါဘဲ လူအများ မလာရောက်နိုင်သည့် အလယ်ဗဟိုရှိ တောင်တစ်လုံးကို သူ ရွေးချယ်လိုက်သည်။ ဤနေရာသည် ပို၍ ဘေးကင်းပေသည်။

တောင်ထိပ်မှာ အေးသောကြောင့် တောင်ထိပ်တွင်လည်း မဆင်းသလို၊ တောင်ခြေတွင်လည်း မဆင်းဘဲ အလယ်လောက်ရှိ နေရာတစ်နေရာတွင် သူ ဆင်းသက်လိုက်သည်။

တောင်ပေါ်တွင် ဂူအချို့ ရှိမည်ကို သူ သေချာပေါက် သိသော်လည်း ရှာဖွေနေရန် အချိန်မရှိပေ။ ထို့ကြောင့် သူကိုယ်တိုင် ဂူတစ်လုံး တူးရန် ဆုံးဖြတ်လိုက်သည်။

လုံချန်းသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ဘုရင်ဓားကို ထုတ်ယူလိုက်ပြီး သူတော်စင်ဓား ခုနစ်သွယ်မှ တိုက်ကွက်များအား စတင် အသုံးပြုလိုက်သည်။

နာရီဝက်ခန့် ကြိုးစားပြီးနောက် မီတာ ၄၀၀ ခန့် ရှည်လျားသော ဂူတစ်လုံးကို သူ တူးနိုင်ခဲ့သည်။ ဂူဝကိုလည်း ကျောက်တုံးများဖြင့် ပိတ်ဆို့ကာ တခြားသူများ မဝင်နိုင်အောင် သူ့ကိုယ်သူ အထဲတွင် ပိတ်လှောင်လိုက်သည်။

ဂူဝကို ပိတ်လိုက်ပြီးနောက် ဂူထဲတွင် မှောင်မည်းသွားသော်လည်း လုံချန်းအတွက်မူ လမ်းသွားလမ်းလာလုပ်ရန် ပြဿနာမရှိပေ။

သူသည် ဂူ၏ အနက်ဆုံးအပိုင်းသို့ သွားကာ ထိုနေရာတွင် ထိုင်လိုက်သည်။

"အကုန်လုံး အဆင်သင့်ဖြစ်ပြီ။ အခုတော့ အဆင့်တက်ရမယ့် အချိန်ပဲ။ အဆိပ်ကြောင့် မသေခင်မှာ ငါ အောင်မြင်ပါစေလို့ပဲ ဆုတောင်းရမှာပဲ" လုံချန်းက အသက်ပြင်းပြင်းရှူရင်း ရေရွတ်လိုက်သည်။

သူသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ အမှောင်နိယာမ ရတနာလုံးကို ထုတ်လိုက်သည်။

အမှောင် ရတနာလုံး ထွက်လာသည်နှင့်တစ်ပြိုင်နက် ဂူထဲတွင် ပို၍ မှောင်မည်းသွားသည်။ မဖြစ်နိုင်လောက်သော အမှောင်ထုက ထပ်မံပေါ်ပေါက်လာပြီး အရာအားလုံးကို ဝါးမျိုသွားတော့သည်။

လုံချန်းသည် ထိုရတနာလုံးကိုပင် မမြင်ရတော့ပေ။ စင်စစ် အမှောင် ရတနာလုံး အပြင်ရောက်နေချိန်တိုင်း အမှောင်ထုကသာ လွှမ်းမိုးထားသဖြင့် သူသည် ထိုရတနာလုံးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ဘာမှ မမြင်ရသဖြင့် သူသည် မျက်စိကို မှိတ်ထားလိုက်ပြီး နိယာမ ရတနာလုံးကို သူ၏ရှေ့တွင် ထားလိုက်သည်။

သူသည် လေ့ကျင့်မှုအဆင့်အတိုင်း နိယာမ ရတနာလုံးရှေ့တွင် တရားထိုင်သည့် ပုံစံဖြင့် ထိုင်လိုက်ပြီး သူ၏လက်ကို ရတနာလုံးပေါ်တွင် တင်ထားလိုက်သည်။

လုံချန်းသည် ထိုအတိုင်း ၁၀ မိနစ်ခန့် စောင့်ဆိုင်းနေသော်လည်း ဘာမှ ဖြစ်မလာပေ။ တစ်ခုခု မှားယွင်းနေသလားဟု သူ မျက်မှောင်ကြုတ်ကာ တွေးနေမိသည်။

"ရွှင်း... ဒါက ဘာလို့ အလုပ်မလုပ်တာလဲ" သူ ဆက်မစောင့်နိုင်တော့ဘဲ မေးလိုက်သည်။

"ရွှင်းရေ" ပထမတစ်ကြိမ်တွင် အဖြေမရသဖြင့် လုံချန်းက ထပ်မံခေါ်လိုက်သည်။

သူမ၏ အဖြေကို ၅ မိနစ်ခန့် စောင့်သော်လည်း ဘာမှ ပြန်မကြားရပေ။

"တစ်ခုခု မှားနေတာလား" သူ မျက်မှောင်ကြုတ်ကာ မတ်တတ်ရပ်လိုက်သည်။ ကံဆိုးစွာပင် သူ ဘာအသံမှ မကြားရပေ။

သူသည် ရတနာလုံးကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်ရန် ဆုံးဖြတ်လိုက်သော်လည်း ရတနာလုံးမှာ ထိုနေရာတွင် မရှိတော့ပေ။

"ဒါက ဘာကြီးလဲ" သူ ရေရွတ်ရင်း ပတ်ပတ်လည်ကို ရှာဖွေသော်လည်း ရှာမတွေ့ပေ။

ထို့ထက် ပို၍ ထိတ်လန့်စရာကောင်းသော အချက်တစ်ခုကို သူ သတိပြုမိလိုက်သည်။ သူသည် ရတနာလုံးကို မည်မျှပင် လိုက်ရှာနေပါစေ၊ ဂူနံရံအနားသို့ပင် မရောက်ရှိခြင်းပင်။

စင်စစ် နံရံရှိနေသေးလား ဆိုသည်ကိုပင် သူ မသေချာတော့ပေ။ သူ၏ အတွေးကို စမ်းသပ်ရန် လမ်းကြောင်း တစ်ကြောင်းတည်းသို့ တည့်တည့်လျှောက်ကြည့်သည်။ မိနစ် ၂၀ ခန့် တည့်တည့်လျှောက်သော်လည်း မည်သည့် အတားအဆီးကိုမျှ မတွေ့ရပေ။

"ငါ့ရဲ့ ထင်မြင်ချက် မှန်နေပြီ ထင်တယ်။ ငါက အမှောင်ထုရဲ့ စမ်းသပ်မှုထဲ ရောက်နေတာပဲ။ ဒါကို နားလည်သဘောပေါက်မှသာ ငါ ဒီကနေ ထွက်သွားနိုင်လိမ့်မယ်" သူက ရေရွတ်လိုက်သည်။

"ဒါကို ဘယ်လို နားလည်အောင် လုပ်ရမှာလဲ။ ဒါက ပုံရိပ်ယောင် ရတနာလုံးရဲ့ စမ်းသပ်မှုနဲ့ ကွာခြားပြီး ဟင်းလင်းပြင် ရတနာလုံးရဲ့ စမ်းသပ်မှုနဲ့ ပိုတူတယ်။ အဲဒီမှာ ငါက ဗလာကျင်းနေတဲ့ ဟင်းလင်းပြင်ထဲမှာ ကျန်ခဲ့သလို အခုလည်း စစ်မှန်တဲ့ အမှောင်ထုထဲမှာ ကျန်နေခဲ့တာပဲ" သူက ဆိုသည်။

"ဟူး... တူညီမှုတွေ ရှိလာမယ်လို့ ငါ မျှော်လင့်ထားသားပဲ။ ဒါတွေက အထွတ်အထိပ် နိယာမတွေပဲဥစ္စာ" ထိုသို့ ဆိုကာ သူ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။

သူသည် ထိုနေရာတွင် ထိုင်နေရင်း အမှောင်ထုကိုသာ ကြည့်နေမိသည်။

"ငါ့မှာ ၇ ရက်ပဲ အချိန်ရှိတာ၊ ငါ တကယ်ပဲ ဒါကို နားလည်နိုင်ပါ့မလား" ကုန်ဆုံးသွားမည့် အချိန်ကို တွေးပူနေမိသဖြင့် သူသည် တစ်စက္ကန့်လေးတောင် အာရုံစူးစိုက်၍ မရပေ။

အချိန်ကန့်သတ်ချက်က သူ၏ အာရုံစူးစိုက်မှုကို ထိခိုက်စေသည်။ သူသည် နိယာမကို အမြန်နားလည်ချင်နေသော်လည်း ထိုစိုးရိမ်ပူပန်မှုကပင် သူ၏ အကြီးမားဆုံး အတားအဆီး ဖြစ်လာသည်။

ဤကဲ့သို့ပင် တစ်ရက် ကုန်ဆုံးသွားပြီး သူသည် စိုးရိမ်ပူပန်နေရုံမှလွဲ၍ ဘာမှ မလုပ်နိုင်ခဲ့ပေ။ ၆ ရက်သာ ကျန်တော့သဖြင့် သူ၏ အဓိပ္ပာယ်မရှိသော အတွေးများက ပို၍ တိုးလာသည်။

နောက်ဆုံးတွင် သူ ဆက်ပြီး သည်းမခံနိုင်တော့ဘဲ မြေပြင်ပေါ်တွင် လှဲချလိုက်ပြီး ကောင်းကင်ယံကို ကြည့်လိုက်သည်။ သို့သော် ကောင်းကင် မရှိဘဲ အမှောင်ထုသာ ရှိနေသည်။

နောက်ထပ် တစ်ရက် ကုန်ဆုံးသွားပြန်ပြီး သူသည် အမှောင်ထုကိုသာ ငေးကြည့်နေမိသည်။

"အမှောင်ထုက အရမ်းကို နာကျင်စရာကောင်းတာပဲ။ အရမ်းလည်း လစ်ဟာနေတယ်။ ဒါက နှိပ်စက်နေသလိုပဲ။ အမှောင်ထုက ဒီလောက် ကြောက်စရာကောင်းလိမ့်မယ်လို့ ငါ မသိခဲ့ဘူး" လုံချန်းက မိမိဘာသာ ရေရွတ်လိုက်သည်။

ယခုအချိန်တွင် သူသည် အမှောင်ထုထဲသို့ အလွန်အမင်း ရောက်ရှိနေသဖြင့် အမှောင်ထု၏ စစ်မှန်သော နာကျင်မှုကို သဘောပေါက်လာသည်။ ဤအမှောင်ထုထဲတွင် သူ၏ ဒုတိယမြောက်နေ့သာ ရှိသေးသော်လည်း အမှောင်ထု၏ ညှဉ်းပန်းနှိပ်စက်မှုကို သူ နားလည်သွားပြီ ဖြစ်သည်။

"မင်းက ထင်သလောက် မတုံးပါလား" အနီးအနားမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"ဘယ်သူလဲ။ အနားမှာ တစ်ယောက်ယောက် ရှိနေတာလား" လုံချန်းက မတ်တတ်ရပ်ရင်း မေးလိုက်သည်။

သူ ထပ်ခါတလဲလဲ မေးသော်လည်း ထိုအသံကို ထပ်မကြားရတော့ဘဲ သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ပြောင်းလဲသွားသည်ကိုသာ တွေ့လိုက်ရသည်။

သူသည် အခြားနေရာတစ်နေရာသို့ ရောက်ရှိသွားကြောင်း တွေ့လိုက်ရသည်။

အမှောင်ထုက ရှိနေဆဲ ဖြစ်သော်လည်း အမှောင်ထုထဲတွင် ကြယ်အချို့ ပုံဖော်လာသည်ကို သူ မြင်လိုက်ရသည်။ ခဏအကြာတွင် ကြယ်များသည် သူတို့၏ အလင်းရောင်များ ပျောက်ကွယ်သွားပြီး သေဆုံးသွားကြသည်။ ကျန်ရှိနေသည်မှာ အမှောင်ထုသာ ဖြစ်သည်။ အရာများစွာ ပေါ်ပေါက်လာသော်လည်း အမှောင်ထုကတော့ ဘယ်တော့မှ ထွက်မသွားပေ။ ၎င်းသည် အမြဲတမ်း ရှိနေသည်။

"အလင်းက သေဆုံးနိုင်တယ်။ အသက်ဇီဝက သေဆုံးနိုင်တယ်။ ကမ္ဘာတွေလည်း ပျက်စီးသွားနိုင်တယ်။ ဒါပေမဲ့ အမှောင်ထုကတော့ တကယ်ကို ထာဝရ မသေမျိုးပဲ" လုံချန်းက ဖန်တီးခြင်းနှင့် ပျက်စီးခြင်း ဖြစ်စဉ်များကို ထပ်ခါတလဲလဲ မြင်တွေ့နေရစဉ် ရေရွတ်လိုက်သည်။

သူသည် ဤအမှောင်ကမ္ဘာထဲတွင် အချိန်မည်မျှ ကုန်ဆုံးသွားသည်ကိုပင် မေ့လျော့နေပြီ ဖြစ်သည်။ တကယ်တော့ သူသည် အမှောင်ထုထဲသို့ အလွန်အမင်း အာရုံရောက်နေသဖြင့် သူ၏ မူလရည်ရွယ်ချက်ကိုပင် လုံးဝ မေ့သွားခဲ့သည်။ သူ အလိုချင်ဆုံးအရာမှာ အမှောင်ထု၏ အဆုံးမရှိသော လျှို့ဝှက်ချက်များကို အမှန်တကယ် နားလည်ရန်သာ ဖြစ်သည်။

လုံချန်းသည် အခြားနေရာတစ်နေရာသို့ နောက်တစ်ကြိမ် ရောက်ရှိသွားပြန်သည်။ ၎င်းသည် ရွာငယ်လေးတစ်ရွာထဲသို့ ရောက်နေသကဲ့သို့ပင်။ ညအချိန် ဖြစ်သော်လည်း သူသည် အရာအားလုံးကို မြင်နေရသည်။

သူသည် လူငယ်နှစ်ယောက်၏ ရှေ့တွင် ရပ်နေသော်လည်း သူတို့က သူ့ကို မမြင်ကြပေ။ သူတို့နှစ်ဦးစလုံးမှာ အသက် ၂၀၊ ၂၁ နှစ်ခန့် ရှိပုံရသည်။

ထိုလူငယ်နှစ်ယောက်အနက် တစ်ယောက်မှာ မျက်ရည်များ ဝိုင်းနေသည်။

"ဘာလို့ ငိုနေတာလဲ" တစ်ယောက်က အခြားတစ်ယောက်ကို မေးလိုက်သည်။

"ငါ မင်းနဲ့အတူ ဆောင်ကြာမြိုင်ကို မလိုက်နိုင်ဘူး" ထိုလူငယ်က ပြန်ဖြေသည်။

"ဘာလို့လဲ။ မင်းမှာ ပိုက်ဆံမရှိလို့လား။ မရှိရင်လည်း မင်းအဖေဆီကနေ ခိုးလိုက်ပေါ့" သူ၏ သူငယ်ချင်းဖြစ်သူက တုံ့ပြန်သည်။

"ငါ ငါ့အဖေဆီကနေ ပိုက်ဆံခိုးဖို့ ကြိုးစားပေမဲ့ သူက ငါ့ကို မိသွားတယ်။ မဖြစ်စလောက် ရွှေဒင်္ဂါးပြားလေးအတွက်နဲ့ သူက ငါ့ကို ရိုက်နှက်ခဲ့တယ်။ ငါ သူ့ကို မုန်းတယ်" ထိုလူငယ်က ပြောလိုက်လေသည်။

အခန်း (၃၂၆) နိယာမမျိုးစေ့

"ကျဲ... ငါ မင်းကို သနားပါတယ်ကွာ။ မင်းအဖေက တကယ့်ကို ငတုံးပဲ။ ပိုက်ဆံတွေ အများကြီးရှိတာကို သူ့သားကို အေးအေးဆေးဆေး မနေခိုင်းဘူးလား။ တော်သေးတာပေါ့ ငါ့အဖေက အဲဒီလိုမဟုတ်လို့။ ငါလုပ်ချင်တာမှန်သမျှ သူက ခွင့်ပြုတယ်။ မင်းဘဝကို အပြည့်အဝ ပျော်ချင်တယ်ဆိုရင်တော့ အဖိုးကြီး သေမှပဲ ရမယ်ထင်တယ်" သူ၏သူငယ်ချင်းဖြစ်သူက ပြုံးလျက် ပြောလိုက်သည်။

"သူ သေရမယ် ဟုတ်လား။ ဟုတ်သားပဲ၊ အဲဒီအဖိုးကြီးသာ သေသွားရင် မိသားစုပိုင် ပစ္စည်းတွေ အကုန်ငါ့လက်ထဲ ရောက်လာမှာပဲ။ အဲဒီကျရင် ငါ့ဘဝကို အပြည့်အဝ ပျော်ပါးလို့ရပြီ။ အဖိုးကြီး ဘယ်တော့ သေမလဲ ဆိုတာတောင် ငါ မစောင့်နိုင်တော့ဘူး" ထိုလူငယ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဆိုသည်။

စကားအနည်းငယ် ထပ်ပြောပြီးနောက် သူသည် ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။

လုံချန်းသည် ထိုနိယာမ ရတနာလုံးက သူ့ကို တစ်ခုခု ပြချင်၍ ဤနေရာသို့ ပို့လိုက်ခြင်းဖြစ်သည်ဟု ခံစားရသည်။ ထိုလူငယ်မှာ သင်္ကာမကင်းစရာ အကောင်းဆုံးဖြစ်သဖြင့် လုံချန်းက သူ့နောက်သို့ လိုက်သွားခဲ့သည်။

လုံချန်းသည် ထိုလူငယ်နောက်သို့ လိုက်ကာ သူ၏အိမ်ထဲသို့ ဝင်သွားသည်။

အိမ်မှာ တော်တော်လေး သပ်ရပ်သော်လည်း အလွန်အမင်း ကြီးမားခြင်းမရှိပေ။ အိမ်ထဲတွင် အစေခံတစ်ယောက်မှလည်း သူ မတွေ့ရပေ။

လူငယ်သည် သူ၏အိပ်ခန်းထဲဝင်ကာ တံခါးပိတ်လိုက်သည်။ သူ မမြင်သော်လည်း လုံချန်းမှာလည်း ထိုအခန်းထဲသို့ ရောက်နေပြီဖြစ်သည်။

လူငယ်သည် ကုတင်ပေါ်တွင် လှဲကာ မျက်စိမှိတ်ထားသည်။

လုံချန်းမှာမူ ထိုလူငယ်က ကုတင်ပေါ်လှဲနေသည်မှလွဲ၍ ဘာမှမလုပ်သဖြင့် တော်တော်လေး ပျင်းလာသည်။

၂ နာရီခန့် ကြာပြီးနောက် ထိုလူငယ်သည် မတ်တတ်ရပ်ကာ အခန်းထဲမှ ထွက်သွားသည်။

သူသည် မီးဖိုချောင်သို့ လမ်းလျှောက်သွားပြီး ဓားတစ်ချောင်းကို ကောက်ကိုင်လိုက်သည်။

"ဟူး... သူက ပိုက်ဆံအတွက်နဲ့ သူ့အဖေကို သတ်တော့မှာလား။ ဆောင်ကြာမြိုင် သွားခွင့်မရရုံလေးနဲ့လား။ ဒီလောကကြီးက တကယ့်ကို ရူးသွပ်စရာကောင်းတဲ့ နေရာပဲ" လုံချန်းက ထိုလူငယ်၏ လှုပ်ရှားမှုတိုင်းကို ကြည့်ရင်း ရေရွတ်လိုက်သည်။

လူငယ်သည် သူ၏ဖခင်အိပ်ခန်းတံခါးကို ဖွင့်ကာ အထဲသို့ ဝင်သွားသည်။ သူ၏ဖခင်မှာ အေးချမ်းစွာ အိပ်ပျော်နေဆဲ ဖြစ်သည်။

လူငယ်သည် သူ၏ဖခင်အနားတွင် ရပ်လိုက်ပြီး ဓားကို အရှိန်ပြင်းပြင်း မြှောက်ကာ ဖခင်ဖြစ်သူ၏ ရင်ဘတ်ထဲသို့ ထိုးစိုက်လိုက်သည်။ ဖခင်ဖြစ်သူသည် နာကျင်လွန်းသဖြင့် အော်ဟစ်ရန် ပါးစပ်ဟလိုက်သော်လည်း သူက ဖခင်၏ပါးစပ်ကို ပိတ်ထားကာ အော်ခွင့်မပေးပေ။

ဖခင်ဖြစ်သူမှာ သူ၏သားဖြစ်သူ၏ ရက်စက်သော မျက်လုံးများကို ကြည့်ရင်း သေဆုံးသွားခဲ့သည်။

လုံချန်းက အရာအားလုံးကို ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ကြောင်း သိသဖြင့် ဝင်မတားတော့ပေ။

အခန်းတွင် ပြတင်းပေါက် တစ်ပေါက်ရှိပြီး ပြတင်းပေါက်မှနေ၍ တစ်စုံတစ်ယောက်က အထဲကို ချောင်းကြည့်နေသည်ကို လုံချန်း သတိပြုမိလိုက်သည်။

ထိုသူမှာ လုံချန်း သေချာမမြင်ရခင်မှာပင် ထွက်ပြေးသွားသဖြင့် မည်သူမှန်း သူ မသိလိုက်ရပေ။

"ခင်ဗျားက ရွှေဒင်္ဂါးပြား နည်းနည်းလေး အတွက်နဲ့ ကျုပ်ကို ရိုက်ခဲ့တယ် မဟုတ်လား။ အခုတော့ ခင်ဗျားရဲ့ ပိုက်ဆံတွေကို ဆောင်ကြာမြိုင်မှာ သုံးပစ်မယ်၊ ခင်ဗျားကတော့ ငရဲကနေပဲ ထိုင်ကြည့်နေတော့" ထိုလူငယ်က ပြုံးစိစိဖြင့် ဆိုသည်။

"မင်းက တကယ့်ကို မိုက်မဲတဲ့ သားပဲ။ တချို့လူတွေက မိဘတွေအတွက် ငိုကြွေးနေကြချိန်မှာ မင်းကတော့ ကိုယ့်မိဘကိုကိုယ် သတ်ပစ်တယ်ပေါ့" လုံချန်းက နောက်လှည့်ရင်း ရေရွတ်လိုက်သည်။ သူ ဆက်ပြီး မကြည့်ချင်တော့ပေ။ သို့သော် ထိုအချိန်တွင် တံခါးကို အရှိန်ပြင်းပြင်း ခေါက်သံ ကြားလိုက်ရသည်။

လူငယ်သည် ထိုအသံကို ကြားသည်နှင့် စိုးရိမ်လာသည်။ သူ၏ဖခင်အလောင်းကို ဝှက်ရန် ကြိုးစားသော်လည်း ဘာမှမလုပ်ရသေးခင်မှာပင် တံခါးမှာ ပွင့်ထွက်သွားပြီး လူ ၂၀ ကျော် အိမ်ထဲသို့ ဝင်လာကြသည်။

သူတို့အားလုံးမှာ လက်ထဲတွင် ဓားကိုင်ကာ ဖခင်၏အလောင်းဘေးတွင် ရပ်နေသော လူငယ်ကို မြင်သွားကြသည်။

"တွေ့လား အဖေ။ သူက သူ့အဖေကို သတ်လိမ့်မယ်လို့ ကျွန်တော် ပြောသားပဲ။ လွန်ခဲ့တဲ့ နာရီပိုင်းက ကျွန်တော်နဲ့တွေ့တုန်းက သူ အဲဒီအကြောင်း ပြောနေတာ။ ကျွန်တော် အဖေ့ကို အကြောင်းကြားပြီး ရွာသားတွေကို ခေါ်လာပေမဲ့ နောက်ကျသွားပြီ" လူအုပ်ထဲမှ လူတစ်ယောက် ထွက်လာကာ ထိုလူငယ်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

ထိုသူမှာ အခြားသူမဟုတ် လုံချန်း စောစောက မြင်တွေ့ခဲ့သော ထိုလူငယ်၏ သူငယ်ချင်းဆိုသူပင် ဖြစ်သည်။

"ဟူး... တကယ်ပဲ ဒီလိုဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး။ အဖေကို သစ္စာဖောက်တဲ့ သားရယ်၊ သူငယ်ချင်းကို ထောင်ချောက်ဆင်ပြီး သစ္စာဖောက်တဲ့ သူငယ်ချင်းရယ်။ ငါ ဒါကို သိထားပေမဲ့လည်း လူတွေရဲ့ စိတ်ထဲက အမှောင်ထုကတော့ တကယ်ကို ကြောက်စရာကောင်းတာပဲ" လုံချန်းက ရေရွတ်လိုက်သည်။

သူသည် အခြားနေရာတစ်ခုသို့ ရောက်ရှိသွားပြန်သည်။

သူသည် အမှောင် ဟင်းလင်းပြင်ထဲသို့ ပြန်ရောက်နေသော်လည်း သူ၏ရှေ့တွင် ဖန်သားပြင်တစ်ခု ရှိနေသည်။

ထိုဖန်သားပြင်ပေါ်တွင် လူ ၄ ယောက် ထွက်ပြေးနေသည်ကို သူ မြင်လိုက်ရသည်။ တစ်ယောက်မှာ အသက် ၂၀ ခန့်ရှိသော လူငယ်တစ်ဦး၊ ဒုတိယတစ်ယောက်မှာ လှပသော ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦး ဖြစ်သည်။ ထို့ပြင် ၅ နှစ်အရွယ် ကောင်လေးတစ်ယောက်နှင့် အသက် ၃၀၊ ၄၀ ခန့်ရှိသော အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်။

သူတို့သည် နန်းတော်ထဲမှ အလျင်အမြန် ထွက်ပြေးလာကြခြင်း ဖြစ်သည်။ အပြင်ရောက်သည်နှင့် အမျိုးသမီးက သူမ၏ မိုးပျံ သားရဲကို ခေါ်လိုက်ရာ သားရဲမှာ သူမအနားသို့ ဆင်းသက်လာသည်။

သူတို့ ရှေ့သို့ တစ်လှမ်းမျှ မတက်ရသေးခင်မှာပင် ထိုသားရဲ၏ အနောက်တွင် အမျိုးသားတစ်ဦး ဆင်းသက်လာသည်။ ထိုအမျိုးသားကို မြင်သည်နှင့် လုံချန်းမှာ အံ့အားသင့်သွားသည်။

ထိုနေရာတွင် ကိုယ်တိုင် ရှိမနေသော်လည်း ထိုသူ၏ အရှိန်အဝါကို သူ ခံစားနေရသည်။ ထိုသူမှာ အသက် ၄၀ ခန့်ရှိပုံရသော်လည်း ထိုမျှလောက်သော ခွန်အားရှိရန်အတွက် သူသည် ထိုထက်မက အသက်ကြီးပေလိမ့်မည်ဟု လုံချန်း ခံစားလိုက်ရသည်။

အသက် ၃၀ ခန့်ရှိ အမျိုးသားက ထိုသူကို တိုက်ခိုက်သော်လည်း ချက်ချင်းပင် ရှုံးနိမ့်ကာ နောက်သို့ လွင့်ထွက်သွားသည်။

အသက် ၂၀ ခန့်ရှိ လူငယ်သည် ၅ နှစ်အရွယ် ကောင်လေးကို ပိုက်ထားရင်း သူ၏အနားသို့ ပြေးသွားသည်။ ထိုလူငယ်မှာ ကောင်လေး၏ ဖခင်ဖြစ်မည်ဟု လုံချန်း ခံစားလိုက်ရသည်။

လူငယ်သည် ထူးဆန်းသော ပုံဆောင်ခဲတစ်ခဲကို ရှေ့သို့ ပစ်လိုက်ရာ အကွာအဝေးတစ်ခုတွင် ဟင်းလင်းပြင်တံခါး တစ်ပေါက် ပွင့်လာသည်။ သူသည် ဒဏ်ရာရနေသော အခြားအမျိုးသားကို ခေါ်သွားရန် ဆုံးဖြတ်လိုက်ပြီး ကောင်လေးကို ထိုနေရာသို့ သွားရန် ပြောလိုက်သည်။

လုံချန်းသည် သူတို့၏ စကားဝိုင်းကို သေချာမကြားရသော်လည်း အရေးကြီးသော စကားအချို့ကိုတော့ ကြားလိုက်ရသည်။ အသက် ၄၀ ခန့်ရှိ အမျိုးသားက သူတို့နှစ်ဦးစလုံးနှင့် ကောင်လေးကိုပါ သတ်ပစ်မည့်အကြောင်း ပြောနေသည်ကို သူ ကြားလိုက်ရသည်။

"ဟူး... ဒါက ခွန်အားမရှိတဲ့အခါ ဖြစ်တတ်တဲ့ အကျိုးဆက်ပဲ။ ကိုယ့်မိသားစုကိုတောင် မကာကွယ်နိုင်ဘူး" လုံချန်းက သူတို့ဆီသို့ လျှောက်လာသော ထိုသူကို ကြည့်ရင်း စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။

"ဒါ... ဒါက ဘာကြီးလဲ" လုံချန်းသည် ကောင်းကင်ယံတွင် တိမ်များ ဖုံးလွှမ်းလာပြီး လျှပ်စီးများ လက်လာသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်စွာ အော်ဟစ်လိုက်မိသည်။ ရာသီဥတုမှာ ရုတ်တရက် အလွန်အမင်း ပြင်းထန်သွားသကဲ့သို့ပင်။

အသက် ၂၀ ခန့်ရှိ လူငယ်၏ မျက်လုံးအရောင် ပြောင်းလဲသွားသည်ကို သူ သတိပြုမိလိုက်သည်။ ၎င်းတို့မှာ လုံးဝ အဖြူရောင် ဖြစ်သွားသည်။ လုံချန်းသည် ယခင်က တစ်ခါမှ မကြုံဖူးသော အစွမ်းထက်သည့် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ထျန်းရှန်၏ အရှိန်အဝါထက်ပင် ပို၍ အစွမ်းထက်သော အရှိန်အဝါမျိုးကို သူ ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်သည်။

စင်စစ် သူသည် နတ်ဘုရားတစ်ပါး နိုးထလာသည်ကို ကြည့်နေရသကဲ့သို့ပင်။

အကြောင်းရင်းကို သူ မသိသော်လည်း ထိုအရှိန်အဝါမှာ တစ်မျိုးတစ်ဖုံ ရင်းနှီးနေသလို သူ ခံစားရသည်။ သူ၏ သွေးများမှာ ထိုအရှိန်အဝါအပေါ် တုံ့ပြန်နေသကဲ့သို့ပင်။ သူ၏ သွေးများ ဆူပွက်နေသကဲ့သို့ သူ ခံစားလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အသက် ၄၀ ခန့်ရှိ အမျိုးသားမှာ မြေပြင်ပေါ်တွင် လဲကျနေသည်ကို သူ တွေ့လိုက်ရသဖြင့် ဘာဖြစ်သွားမှန်းပင် သူ မသိလိုက်ပေ။

မတ်တတ်ရပ်နေဆဲဖြစ်သော တစ်ဦးတည်းသောသူမှာ အရင်ကနှင့် လုံးဝမတူတော့သည့် အသက် ၂၀ ခန့်ရှိ လူငယ်ပင် ဖြစ်သည်။ သူသည် ယခင်ကထက် ပို၍ အစွမ်းထက်ပုံရသည်။

အမျိုးသား၏အပေါ်တွင် ဓားအချို့ ရုတ်တရက် ပေါ်လာသည်ကို လုံချန်း မြင်လိုက်ရသည်။ ထိုဓားများသည် အမျိုးသား၏ လက်နှင့် ခြေထောက်များကို ထိုးစိုက်လိုက်သည်။

"အဲဒီပညာရပ်က... တကယ့်ကို အစွမ်းထက် လွန်းတယ်" လုံချန်းက ထိုလူငယ်၏ ပညာရပ်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

ထိုသူ ရှုံးနိမ့်သွားသဖြင့် သူ ဝမ်းသာသွားသော်လည်း ထို့နောက်တွင် ဖြစ်ပျက်သွားသော အရာတစ်ခုကြောင့် သူ ပို၍ပင် မှင်တက်သွားခဲ့သည်။

အသက် ၃၀ ခန့်ရှိ အမျိုးသားမှာ မတ်တတ်ရပ်လာပြီး လူငယ်၏ ကျောပြင်ကို ဓားနှင့် ထိုးလိုက်သည်ကို သူ မြင်လိုက်ရသည်။

လူငယ်၏ ကြောက်စရာကောင်းသော အရှိန်အဝါများ ပျောက်ကွယ်သွားပြီး သူသည် သွေးတစ်လုတ် အန်ထုတ်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"ဒါ... ဒါက ဘာလဲ။ မင်းတို့က အတူတူရှိနေတာ မဟုတ်လား။ သူက မင်းကို ကယ်ဖို့ ကြိုးစားခဲ့တာလေ" လုံချန်းက ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်သော်လည်း ထိုမျှနှင့်တင် မပြီးသေးပေ။

အမျိုးသားသည် ၅ နှစ်အရွယ် ကလေးလေးကိုပါ သတ်ရန် ခြေလှမ်းလှမ်းလိုက်သည်။

ဖန်သားပြင်မှာ ပျောက်ကွယ်သွားပြီး လုံချန်းသည် သူ၏ အမှောင် ဟင်းလင်းပြင်ထဲသို့ ပြန်ရောက်သွားသည်။

သူ အခုလေးတင် မြင်တွေ့လိုက်ရသော အရာများအပေါ် သူ တွေးတောမဆုံး ဖြစ်နေမိသည်။ ထို့နောက်တွင် ဘာတွေ ဆက်ဖြစ်သွားမလဲဆိုသည်ကိုလည်း သူ စဉ်းစားရင်း စိတ်မကောင်း ဖြစ်နေမိသည်။

သူသည် ဤနေရာတွင် မြင်တွေ့ခဲ့ရသော အရာအားလုံးကို ပြန်လည်စဉ်းစားရင်း အမှောင်ထုထဲတွင် အချိန်အတော်ကြာအောင် နေနေမိသည်။ သူသည် အမှောင်ထုနှင့် ၎င်း၏ ကြောက်စရာကောင်းပုံများအကြောင်းကို များစွာ သိရှိသွားခဲ့ပြီ ဖြစ်သည်။

ယခင်က သူသည် အမှောင်ထုကို ဟင်းလင်းပြင်ကဲ့သို့ အစွမ်းထက်သည်ဟု မယူဆခဲ့သော်လည်း ယခုအခါတွင်မူ ၎င်းသည် ကမ္ဘာကြီးအတွက် ပို၍ပင် အန္တရာယ်ရှိသည်ဟု သူ ခံစားလိုက်ရသည်။

အမှောင်ထုသာ မရှိလျှင် ဤကမ္ဘာကြီးက ပို၍ ကောင်းမွန်သွားမလားဟုပင် သူ တွေးတောနေမိလေတော့သည်။

All Chapters