အခန်း (၃၂၇-၃၂၈)
Vol. 33 Ch. 327-328
အခန်း (၃၂၇) ရှုပ်ထွေးမှုများ
သူကိုယ်တိုင်ပင် သတိမပြုမိလိုက်ဘဲ အချိန်များသည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
လုံချန်းသည် ထိုနေရာတွင်ပင် ငြိမ်သက်စွာ ရှိနေခဲ့သော်လည်း သူ၏ သိုင်းဟင်းလင်းပြင်ထဲတွင်မူ အမှောင်နိယာမ မျိုးစေ့လေးတစ်စေ့ စတင် သန္ဓေတည်လာနေသည်ကို သူ မသိရှိခဲ့ပေ။
နိယာမမျိုးစေ့သည် ပုံဖော်ခြင်းပြီးဆုံးသွားပြီး သူ၏သိုင်းဟင်းလင်းပြင်ရှိ ဟင်းလင်းပြင်ပျိုးပင်ဘေးတွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် လုံချန်းသည် မျက်စိပွင့်လာပြီး အမှောင်ကမ္ဘာထဲမှ ပြန်လည်ထွက်ခွာလာနိုင်ခဲ့သည်။
လုံချန်းသည် မိမိကိုယ်ကို ဂူထဲတွင် ပြန်လည်တွေ့ရှိရသော်လည်း ယခင်ကလောက် မမှောင်တော့ပေ။ သူ့အတွက်မူ ဂူထဲက အလင်းရောင်များဖြင့် လင်းထိန်နေသကဲ့သို့ပင်။ သူ၏ရှေ့တွင်မူ ကွဲအက်နေသော အမှောင်ရတနာလုံး ၏ အပိုင်းအစများကို မြင်လိုက်ရသည်။
သူ အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်သော်လည်း သူ၏စိတ်ထဲတွင်မူ ပျော်ရွှင်မှုကို မခံစားရပေ။
"ငါ မသေသေးဘူးဆိုတော့ ၇ ရက် မပြည့်သေးဘူးပေါ့။ အခု ဘယ်နှရက် ရှိသွားပြီလဲ" လုံချန်းက သူ၏ ညာဘက်ကို ကြည့်ရင်း မေးလိုက်သည်။
"၆ ရက် ရှိသွားပြီ။ ဘာလို့ ဒီလောက် ဝမ်းနည်းနေတာလဲ။ နင် ပျော်သင့်တာမဟုတ်ဘူးလား" ရွှင်းက သူ့ကို စိုက်ကြည့်ရင်း မေးသည်။ သူ ဘာကြောင့် စိတ်မကောင်း ဖြစ်နေရသလဲဆိုသည်ကို သူမ နားမလည်နိုင်ပေ။
"ဘာမှမဟုတ်ပါဘူး... ငါ အဆင်ပြေပါတယ်" လုံချန်းက သူမကို ပြန်ဖြေရင်း မတ်တတ်ရပ်လိုက်သည်။
သူသည် ဂူဝသို့ လမ်းလျှောက်သွားကာ ပိတ်ထားသော ကျောက်တုံးများကို ဖယ်ရှားပြီး ဂူပြင်သို့ ထွက်လာခဲ့သည်။
နံနက်စောစောအချိန်ဖြစ်ပြီး နေမင်းမှာ ကောင်းကင်ယံတွင် တောက်ပစွာ သာယာနေသည်။ တောင်တန်းတစ်ခုလုံးမှာ နေရောင်ခြည်၏ နွေးထွေးမှုနှင့် အလင်းရောင်များဖြင့် လွှမ်းခြုံထားသည်။
လုံချန်းသည် ထိုအလင်းရောင်ကို အချိန်အတော်ကြာအောင် ငေးကြည့်နေပြီးနောက် သူ၏ ကောင်းကင်မိစ္ဆာ အတောင်ပံကို အသုံးပြု၍ တောင်ထိပ်ဆီသို့ ပျံတက်သွားခဲ့သည်။
တောင်၏ ထိပ်ပိုင်းကို နှင်းများ ဖုံးလွှမ်းထားသည်။ လုံချန်းသည် နှင်းများပေါ်တွင် ဆင်းသက်လိုက်ပြီး ထိုနေရာတွင်ပင် လှဲချလိုက်သည်။
"နင် အဆင်ပြေရဲ့လား။ ဘာဖြစ်နေတာလဲ ငါ့ကို ပြောပါဦး" ရွှင်းက ထပ်မံမေးမြန်းသည်။
"ဘာမှမဟုတ်ပါဘူးလို့ ပြောသားပဲ။ ဂူထဲမှာ အရမ်းပူနေလို့ ငါ နည်းနည်း နေရခက်နေတာ။ ဒီမှာကျတော့ ပိုပြီး နေလို့ကောင်းသွားပြီ" လုံချန်းက ပြုံးလျက် ဆိုသည်။
"ဪ... ဒါနဲ့ ရတနာလုံးဆီကနေ ဘယ်လိုပညာရပ် ရခဲ့လဲ။ အသုံးဝင်ရဲ့လား" ရွှင်းက စပ်စုသည်။
"အသုံးဝင်ပါတယ်... တကယ်လို့ အကန့်အသတ်တွေသာ မပါရင် ပိုပြီးတော့တောင် အံ့သြစရာကောင်းမှာ။ ငါ ရတနာလုံးတွေဆီက ရတဲ့ ပညာရပ်တွေ အကုန်လုံးက အဲဒီလိုပဲ ဖြစ်နေတာ" သူက ခါးသီးသော အပြုံးဖြင့် ရေရွတ်လိုက်သည်။
"ဟုတ်မှာပါ။ ဒါပေမဲ့ ဒါက နင်က နိယာမတွေအပေါ်မှာ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိသေးလို့ပါ။ နိယာမတွေကို စနစ်တကျ ပိုင်နိုင်သွားတဲ့အခါမှာတော့ ဘာအကန့်အသတ်မှ ရှိတော့မှာမဟုတ်ဘူး။ အဲဒါကြောင့် စိတ်မပူပါနဲ့၊ နင့်အတွက်က အချိန်လိုပါသေးတယ်" သူမက လုံချန်းကို နှစ်သိမ့်ပေးသည်။
"နင်ပြောတာ မှန်ပါတယ်။ ဒီပညာရပ်က ဖြစ်သင့်သလောက် အစွမ်းမထက်သေးရင်တောင်မှ လာမယ့် တိုက်ပွဲတွေမှာတော့ တော်တော်လေး အသုံးဝင်မှာပါ" လုံချန်းက သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြုံးလျက် ဆိုသည်။
"အင်း... အဲဒါမှ ငါ့သူငယ်ချင်း။ အကောင်းဆုံးသာ ဆက်ပြီး ကြိုးစားပါ" သူမက လှပသော အပြုံးတစ်ခုဖြင့် ဆိုကာ ပျောက်ကွယ်သွားတော့သည်။
"ကြိုးစားမှာပေါ့" လုံချန်းက နှင်းထဲတွင် လှဲနေရင်း ရေရွတ်လိုက်သည်။
သူသည် ဝိညာဉ်ဓားသွား စာအုပ်ကို ထပ်မံထုတ်ယူလိုက်ပြီး ၎င်းကို ဆင်ခြင်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် ရတနာလုံးမှ နိယာမကို နားလည်သဘောပေါက်သွားပြီ ဖြစ်သဖြင့် ဆက်ပြီး ပုန်းအောင်းနေရန် မလိုအပ်တော့ဟု ခံစားရသည်။ ထို့ကြောင့် တောင်ထိပ်ရှိ နှင်းများကြားတွင် သူ၏ ပညာရပ်ကို လေ့ကျင့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
လုံချန်းသည် စာအုပ်ကို ဖတ်ပြီးနောက် မတ်တတ်ရပ်ကာ ထိုထဲတွင် ဖော်ပြထားသော ကိုယ်ဟန်အနေအထားများကို လိုက်လံတုပလိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအင်များကို သွေးကြောတစ်လျှောက်ရှိ အပ်စိုက်မှတ်များကို ဖြတ်သန်းသွားအောင် ထိန်းချုပ်လိုက်သည်။ စာအုပ်ထဲတွင် ရေးထားသော အဆင့်တိုင်းကို ဂရုတစိုက် လိုက်နာခဲ့သည်။
သူသည် ဝိညာဉ်ဓားသွား သင်ယူခြင်း၏ အခြေခံအဆင့် နောက်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူ လုပ်ဆောင်ရန်မှာ သူ လှည့်ပတ်နေသော ဝိညာဉ်စွမ်းအင်များကို သူ၏ လက်ချောင်းမှတစ်ဆင့် ခန္ဓာကိုယ်အပြင်ဘက်သို့ ထုတ်ယူကာ အပ်တစ်ချောင်း ပုံစံဖော်ရန်သာ ဖြစ်သည်။
သူသည် ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို ပြောင်းလဲလိုက်ပြီး ၎င်းတို့အနက်မှ အချို့ကို သူ၏လက်ဆီသို့ လမ်းကြောင်းလွှဲလိုက်သော်လည်း သူ၏ လက်ချောင်းဆီသို့ ရောက်သွားမည့်အစား ဝိညာဉ်စွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်ထဲသို့သာ ပြန်လည်စုပ်ယူခြင်း ခံလိုက်ရသည်။
သူ နောက်တစ်ကြိမ် ထပ်မံကြိုးစားသော်လည်း ထိုအတိုင်းပင် ထပ်မံဖြစ်ပျက်ခဲ့သည်။
"ဒီပညာရပ်က ငါထင်ထားတာထက် ပိုခက်ပါလား" လုံချန်းက စိတ်ပျက်သော မျက်နှာဖြင့် ရေရွတ်လိုက်သည်။
သူသည် ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်နိုင်သော်လည်း သူ၏ ထိန်းချုပ်မှုမှာ လိုအပ်သလောက် တိကျမှု မရှိသေးပေ။
ယေဘုယျအားဖြင့် သူသည် ပညာရပ်တစ်ခုခုကို အသုံးပြုသည့်အခါ ဝိညာဉ်စွမ်းအင် အမြောက်အမြားကို အသုံးပြုလေ့ရှိသဖြင့် အချို့မှာ ခန္ဓာကိုယ်ထဲသို့ ပြန်လည်စုပ်ယူခြင်း ခံရသော်လည်း သူ၏ ပညာရပ်ကို အောင်မြင်စွာ အသုံးပြုနိုင်ခဲ့သည်။ သို့သော် ယခုအကြိမ်တွင်မူ သူသည် အသေးငယ်ဆုံးသော ဝိညာဉ်စွမ်းအင်ပမာဏကို အသုံးပြုရမည် ဖြစ်သောကြောင့် ထိုသို့ လုပ်ဆောင်၍ မရပေ။
သူ ဆက်လက် ကြိုးစားနေခဲ့သော်လည်း အသုံးပြုရမည့် ဝိညာဉ်စွမ်းအင် ပမာဏမှာ အလွန်သေးငယ်လွန်းသဖြင့် သူ၏ လက်ချောင်းဆီသို့ မရောက်ရှိမီမှာပင် ခန္ဓာကိုယ်ထဲသို့ ပြန်လည်စုပ်ယူခြင်း ခံနေရသည်။
လုံချန်းသည် ထိုဖြစ်စဉ်အတိုင်း နာရီပေါင်းများစွာ ထပ်ခါတလဲလဲ လုပ်ဆောင်ခဲ့ပြီး အကြိမ်တိုင်းတွင် သူသည် အနည်းငယ်စီ တိုးတက်လာသည်ကို သတိပြုမိခဲ့သည်။
သူ တိုးတက်လာခဲ့သော်လည်း အောင်မြင်မှုတော့ မရသေးပေ။
သူသည် ၂ ရက်နှင့် ၂ ည ဆက်တိုက် ထိုအတိုင်း လုပ်ဆောင်ခဲ့ပြီးနောက် နောက်ဆုံးတွင် အပ်ချည်မျှင်ကဲ့သို့ သေးငယ်သော ဝိညာဉ်စွမ်းအင်ကို သူ၏ လက်ကောက်ဝတ်ဆီသို့ ယူဆောင်လာနိုင်ခဲ့သည်။ သူ လုပ်ဆောင်ရမည့်အရာမှာ ၎င်းကို သူ၏ လက်ချောင်းဆီသို့ ယူဆောင်သွားရန် ဖြစ်သည်။ သူ အောင်မြင်မှု မရသေးသော်လည်း မျှော်လင့်ချက်ကိုတော့ မြင်နေရပြီ ဖြစ်သည်။
သူ ဆက်လက်ကြိုးစားချင်သေးသော်လည်း သူ၏ ခန္ဓာကိုယ်ကိုလည်း အနားပေးရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။ သူသည် ရက်ပေါင်းများစွာ ကြိုးစားနေခဲ့သဖြင့် တော်တော်လေး ပင်ပန်းနေပြီ ဖြစ်သည်။
နောက်ဆုံးတွင် သူသည် ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဂူထဲသို့ ပြန်လာကာ ဂူဝကို ထပ်မံပိတ်လိုက်သည်။
သူသည် သူ၏ သိုလှောင်လက်စွပ်ထဲတွင် ခုတင်တစ်လုံးကို သယ်ဆောင်လာခဲ့ပြီး ဖြစ်သည်။ သူသည် ထိုခုတင်ကို ထုတ်ကာ အေးအေးဆေးဆေး အိပ်စက်လိုက်သည်။
လုံချန်းသည် ၁၈ နာရီ ဆက်တိုက် အိပ်စက်ပြီးမှ ပြန်နိုးလာခဲ့သည်။
သူသည် တောင်ထိပ်သို့ ထပ်မံသွားကာ သူ၏ လေ့ကျင့်မှုကို စတင်ခဲ့သည်။
သူ အောင်မြင်ရန် အနည်းငယ်သာ လိုတော့သော်လည်း ထိုအနည်းငယ်မှာ အခက်ခဲဆုံး အစိတ်အပိုင်း ဖြစ်နေသည်။ သူသည် ပညာရပ်စာအုပ်ထဲရှိ အဆင့်များကို လိုက်နာရင်း ဝိညာဉ်စွမ်းအင်ဖြင့် အပ်ငယ်လေးတစ်ချောင်းကို နောက်ဆုံးတွင် အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ရန် နောက်ထပ် ရက်ပေါင်း ၂၀ ခန့် အချိန်ယူခဲ့ရသည်။
ဤသေးငယ်သော အောင်မြင်မှုမှာ အချိန်အတော်ကြာခဲ့သည်။ သူ၏ လွတ်လပ်ခွင့် ၅ လအနက် ၁ လမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း လုံချန်းက ထိုအချက်ကို စိတ်မပူပေ။
သူ ယခုအချိန်တွင် အလိုချင်ဆုံးမှာ ဝိညာဉ်ဓားသွား ပညာရပ်ကို သင်ယူရန်သာ ဖြစ်သည်။
"ဒီပညာရပ်ကို တတ်မြောက်ဖို့အတွက် အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး အပိုင်းကို ငါ ကျော်ဖြတ်နိုင်ခဲ့ပြီ။ အခုတော့ နောက်ဆုံးအပိုင်းကို သွားပြီးတော့ အစွမ်းထက်တဲ့ လက်နက်တစ်လက်လောက် ဖန်တီးရမယ်" လုံချန်းက နောက်တစ်ဆင့်သို့ ကူးပြောင်းရင်း ရေရွတ်လိုက်သည်။
နောက်တစ်ဆင့်မှာ ဝိညာဉ်စွမ်းအင်ဖြင့် ဓားတစ်လက် ဖန်တီးရန် ဖြစ်သည်။ သို့သော် ဓားတစ်လက် ဖန်တီးရုံနှင့် မလုံလောက်ပေ။ ထိုဓားမှာ ကျောက်တုံးတစ်လုံးကို ထောပတ်ကဲ့သို့ လွယ်လွယ်ကူကူ ပိုင်းဖြတ်နိုင်လောက်အောင် ခိုင်ခံ့ပြီး အစွမ်းထက်ရန် လိုအပ်သည်။
တောင်ထိပ်မှာ နှင်းများ ဖုံးလွှမ်းနေပြီး ကျောက်တုံးများကို မမြင်ရသဖြင့် လုံချန်းသည် သူ၏ ဂူထဲသို့ ပြန်လာခဲ့သည်။ လေ့ကျင့်ရန်အတွက် ဂူအနီးတွင် ကျောက်တုံးများစွာ ရှိသည်။
လုံချန်းသည် ဓားတစ်လက် ဖန်တီးရန် စတင်ကြိုးစားခဲ့ပြီး ၎င်းမှာ အပ်တစ်ချောင်း ဖန်တီးရသည်ထက် များစွာ ပိုမိုလွယ်ကူလှသဖြင့် သူ၏ ဒုတိယမြောက် ကြိုးစားမှုတွင်ပင် အလွယ်တကူ အောင်မြင်ခဲ့သည်။
တစ်ခုတည်းသော ပြဿနာမှာ သူ ဖန်တီးလိုက်သည့်အရာမှာ ဓားနှင့် တူသော်လည်း တကယ့်ဓားကဲ့သို့ မဟုတ်ခြင်းပင်။ ၎င်းမှာ ကျောက်တုံးကို မပိုင်းဖြတ်နိုင်ဘဲ ကျောက်တုံးနှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ပျောက်ကွယ်သွားခဲ့သည်။
လုံချန်းသည် သူ၏ ဝိညာဉ်စွမ်းအင်ဓားထဲသို့ ဝိညာဉ်စွမ်းအင်များ ပိုမိုပို့လွှတ်ကာ ၎င်း၏ စွမ်းအားကို မြှင့်တင်ရန် ဆုံးဖြတ်လိုက်သော်လည်း ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပေ။ ဝိညာဉ်စွမ်းအင်ဓားမှာ မတည်ငြိမ်လွန်းသဖြင့် ကျောက်တုံးကို ဖြတ်မည့်အစား ကျောက်တုံးနှင့် ထိလိုက်သည်နှင့် ပေါက်ကွဲသွားခဲ့သည်။
လုံချန်းသည် ထပ်ခါထပ်ခါ ထပ်မံကြိုးစားခဲ့သည်။ ကံကောင်းစွာပင် အချိန်အကြာကြီး မယူခဲ့ရပေ။ ၅ ရက်အကြာတွင် သူသည် သူ၏ ဝိညာဉ်စွမ်းအင်ဓားဖြင့် ကျောက်တုံးကို အောင်မြင်စွာ နှစ်ခြမ်းပိုင်းဖြတ်နိုင်ခဲ့သည်။
လုံချန်းသည် ဤပညာရပ်ကို တကယ် သဘောကျလာခဲ့သည်။ ၎င်းမှာ သူ သင်ယူခဲ့သမျှ ပညာရပ်များထဲတွင် အချိန်အကြာဆုံး ယူခဲ့ရသည့် ပညာရပ်များအနက် တစ်ခုဖြစ်သော်လည်း ဝိညာဉ်စွမ်းအင် ထိန်းချုပ်မှုမှာ ပိုမိုအသုံးဝင်လှသဖြင့် သူ စိတ်မရှိပေ။
ဤအချက်ကို အခြားသော ပညာရပ်များစွာတွင်လည်း အသုံးပြုနိုင်ပြီး ၎င်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သူ သိရှိသည်။
လုံချန်းသည် နေ့ဘက်တွင် ပညာရပ်ကို လေ့ကျင့်ပြီး ညဘက်တွင်မူ ကျင့်ကြံခြင်းကို ပြုလုပ်သည်။
နောက်ထပ် ၄ ရက်အကြာတွင် သူသည် ဤပညာရပ်ကို အောင်မြင်စွာ တတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူသည် သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် ဓား၊ ဓားမြှောင်၊ အပ်၊ ဓားသွား၊ လေး၊ တူ သို့မဟုတ် တံစဉ်း စသည့် မည်သည့်လက်နက်ကိုမဆို ဖန်တီးနိုင်သည်။ သူသည် ဤလက်နက်များအားလုံးကို အနည်းဆုံး တစ်ကြိမ်စီ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။
လုံချန်းသည် ပညာရပ်ကို အပြည့်အဝ တတ်မြောက်သွားသဖြင့် သူ၏ မျက်နှာတွင် အပြုံးကြီးတစ်ခု ပေါ်လာသည်။ တော်တော်လေး ပင်ပန်းသော်လည်း သူသည် ပို၍ စိတ်လှုပ်ရှားနေမိသည်။
သူသည် နောက်နေ့မှစတင်ကာ အခြားပညာရပ်တစ်ခုကို အာရုံစိုက်ရန် လိုအပ်သောကြောင့် ပင်ပန်းနေသော သူ၏ ခန္ဓာကိုယ်ကို အနားပေးရန် အိပ်စက်လိုက်သည်။
သူသည် ဘာသာစကားကို မဖတ်တတ်သောကြောင့် ပညာရပ် ဟင်းလင်းပြင်မှ ရရှိခဲ့သော ဒုတိယမြောက် ပညာရပ်ကို မထိရသေးပေ။ ထို့ကြောင့် ထိုပညာရပ်ကို နောက်ဆုံးမှ သင်ရန် ချန်ထားခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် သူသည် သူတော်စင်ဘုရင် ရှန်းဝူ ဖန်တီးခဲ့သည်ဟု သူ ယုံကြည်ထားသော ပညာရပ်ကို သင်ယူတော့မည် ဖြစ်သည်။
လုံချန်းသည် သူ၏ ရည်မှန်းချက်ကို အောင်မြင်သွားခဲ့ပြီ ဖြစ်သဖြင့် အေးအေးဆေးဆေး အိပ်စက်လိုက်သည်။ ၎င်းမှာ သူ၏ ပန်းတိုင်ကို ရရှိပြီးနောက်ပိုင်း သူ၏ အကောင်းဆုံး အိပ်စက်ခြင်း ဖြစ်ပေလိမ့်မည်။
ညအချိန် ကုန်ဆုံးသွားပြီး အပြင်ဘက်တွင် နေမင်းမှာ ထပ်မံထွက်ပေါ်လာသော်လည်း လုံချန်း နိုးလာသည့်အချိန်တွင် ဂူထဲ၌မူ အမှောင်ထုသာ ဖုံးလွှမ်းနေလေတော့သည်။
အခန်း (၃၂၈) - ဧကရာဇ်ကို အကျပ်ကိုင်ခြင်း
နေ့သစ်တစ်နေ့သို့ ရောက်ရှိလာပြန်ရာ လုံချန်းသည် ရှန်းဝူ ခြေလှမ်းကိုးသွယ် ပညာရပ်ကို သင်ယူရန် သူ၏ခရီးကို စတင်ခဲ့သည်။
သူသည် ထိုစာအုပ်ပါ ဘာသာစကားကို မဖတ်တတ်သဖြင့် ရွှင်းအား အကူအညီတောင်းလိုက်သည်။ ရွှင်းသည် သူ၏အနားတွင် ပေါ်လာပြီး စာအုပ်ကို စတင်ဖတ်ကြားပေးသည်။ သူမသည် ရုပ်ဝတ္ထုပစ္စည်းများကို ထိတွေ့၍မရသဖြင့် လုံချန်းကပင် စာမျက်နှာများကို လှန်ပေးရသည်။
"ပထမခြေလှမ်းက မြို့ငယ်လေးတစ်မြို့ကို လွှမ်းခြုံနိုင်တယ်၊ ဒုတိယခြေလှမ်းက မြို့ကြီးတစ်မြို့ကို လွှမ်းခြုံနိုင်တယ်၊ တတိယခြေလှမ်းက တိုင်းပြည်တစ်ခုကို လွှမ်းခြုံနိုင်တယ်၊ စတုတ္ထခြေလှမ်းက အင်ပါယာတစ်ခုကို လွှမ်းခြုံနိုင်တယ်၊ ပဉ္စမခြေလှမ်းက ကမ္ဘာမြေကို လွှမ်းခြုံနိုင်တယ်၊ ဆဋ္ဌမခြေလှမ်းက ကောင်းကင်ယံကို လွှမ်းခြုံနိုင်ပြီး သတ္တမခြေလှမ်းကတော့ ကောင်းကင်ဘုံတစ်ခုလုံးကို လွှမ်းခြုံနိုင်တယ်" ရွှင်းက ပညာရပ်၏ ဖော်ပြချက်ကို ဖတ်ပြလိုက်သည်။
"ဟား... အဲဒီအတိုင်း တကယ်ရေးထားတာလား။ ဒီပညာရပ်ရဲ့ ဖော်ပြချက်က ဝိညာဉ်ဓားသွားထက်တောင် ပိုပြီး ခန့်ညားထည်ဝါနေပါလား" လုံချန်းက စိတ်ဝင်စားစရာကောင်းသော မျက်နှာဖြင့် ပြောလိုက်သည်။
"နင်က စာဖတ်တတ်တာဆိုတော့ ငါ့ကို ဒီပညာရပ် သင်ပေးပါလား။ ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်ပေးပေါ့။ နင်က အတွေ့အကြုံရှိတဲ့သူပဲဥစ္စာ။ အဲဒါဆိုရင် ပိုပြီးတော့တောင် မြန်မြန်တတ်ဦးမယ်" လုံချန်းက ရွှင်းကို ကြည့်ကာ ပြုံးလျက် ဆိုသည်။
"ငါ ကြိုးစားကြည့်ပေးပါ့မယ်။ ဒါပေမဲ့ ဒါက ဝိညာဉ်ဓားသွား သင်ရသလိုတော့ လွယ်မှာမဟုတ်ဘူးနော်" ရွှင်းက ပြောသည်။
"အဲဒါကိုတောင် လွယ်တယ်လို့ ပြောတာလား" လုံချန်းက ခါးသီးသော အပြုံးဖြင့် ရေရွတ်လိုက်သည်။
"ဒီပညာရပ်ကို ပညာရပ်တစ်ခုတည်းလို့ မတွေးပါနဲ့။ ခြေလှမ်းတိုင်းကို သီးခြားစီဖြစ်နေတဲ့ ပိုမိုမြင့်မားတဲ့ ပညာရပ်တစ်ခုစီလို့ တွေးတာ ပိုကောင်းလိမ့်မယ်။ ဒါကို ဖန်တီးခဲ့တဲ့သူက တကယ်ကို ပါရမီထူးတဲ့သူပဲ။ ဒါက လှုပ်ရှားမှုပညာရပ်လို့ ဆိုပေမဲ့ ဟင်းလင်းပြင်နိယာမရဲ့ နယ်နိမိတ်ကိုတောင် ထိစပ်နေတာ။ ဒါပေမဲ့ ထူးဆန်းတာက ဟင်းလင်းပြင်နိယာမနဲ့ ဒီလောက်နီးစပ်နေပါလျက်နဲ့ အဲဒီနိယာမကို အစစ်အမှန် မသုံးထားတာပဲ။ နင်က ဟင်းလင်းပြင်နိယာမကို သိထားတယ်ဆိုပေမဲ့ ပထမခြေလှမ်းကို တစ်လအတွင်းမှာ တတ်မြောက်သွားမယ်ဆိုရင်တော့ နင့်ကို ကံကောင်းတယ်လို့ပဲ သတ်မှတ်ရလိမ့်မယ်" ရွှင်းက လုံချန်းကို ပြန်ဖြေသည်။
"ငါ အကောင်းဆုံး ကြိုးစားမှာပါ။ ဂိုဏ်းတာဝန်အတွက် တစ်လဖယ်ထားရင်တောင် ငါ့မှာ လေ့ကျင့်ဖို့ ၃ လ အချိန်ရှိသေးတယ်။ ငါသာ အစွမ်းကုန် ကြိုးစားရင် ဒီအချိန်အတွင်းမှာ ဒုတိယခြေလှမ်းကို မတတ်နိုင်စရာ အကြောင်းမရှိဘူး" လုံချန်းက ပြတ်သားသောလေသံဖြင့် ဆိုသည်။
သူသည် ရွှင်း၏ လမ်းညွှန်မှုအောက်တွင် လေ့ကျင့်မှုကို စတင်ခဲ့သည်။ ရွှင်းမှာ လမ်းညွှန်ပြသသည့် အတွေ့အကြုံ မရှိသော်လည်း သူမသည် အလွန်ဗဟုသုတ ကြွယ်ဝသူဖြစ်သဖြင့် လုံချန်း နားလည်အောင် သေချာစွာ ရှင်းပြနိုင်ခဲ့သည်။
ရက်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။ မကြာမီမှာပင် ၂ လခန့် ကုန်ဆုံးသွားခဲ့ပြီး လုံချန်းမှာ ရှန်းဝူ ခြေလှမ်းကိုးသွယ်၏ ပထမခြေလှမ်းကိုသာ တတ်မြောက်နိုင်ခဲ့သေးသည်။ သင်ယူမှုအရှိန်မှာ သူ မျှော်လင့်ထားသည်ထက် များစွာ နှေးကွေးနေခဲ့သည်။
ရွှင်းက ဤပညာရပ်၏ ခက်ခဲမှုအကြောင်း ပြောခဲ့စဉ်က လိမ်ပြောခဲ့ခြင်း မဟုတ်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။
ဤပညာရပ်မှာ ဟင်းလင်းပြင် ဖြတ်သန်းခြင်းနှင့် တူသော်လည်း သူ ဟင်းလင်းပြင်နိယာမမှတစ်ဆင့် သင်ယူထားသော နည်းလမ်းနှင့်မူ များစွာ ကွဲပြားသည်။
ဤပညာရပ်မှာ ဟင်းလင်းပြင် နိယာမကို အသုံးပြုထားသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်းမှာမူ မဟုတ်ပေ။ ၎င်းမှာ ခန္ဓာကိုယ်၏ တုံ့ပြန်မှုနှုန်းကို ခဏတာအတွင်း အဆမတန် မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။ ထိုမြှင့်တင်မှုက အလွန်မြန်ဆန်လွန်းသဖြင့် အချိန်များ ရပ်တန့်သွားသကဲ့သို့ ခံစားရစေသည်။
အသုံးပြုသူသည် သူ ပေါ်လာလိုသော နေရာကို ရွေးချယ်လိုက်ရုံဖြင့် မျက်စိတစ်မှိတ်အတွင်း ထိုနေရာသို့ ရောက်ရှိသွားမည် ဖြစ်သည်။ အကောင်းဆုံးအချက်မှာ ထိုသို့ ကူးပြောင်းနေစဉ်အတွင်း အကယ်၍ သွားမည့်နေရာတွင် အန္တရာယ်ရှိနေသည်ကို သတိပြုမိပါက လမ်းကြောင်းကိုပါ ပြောင်းလဲနိုင်ခြင်းပင်။
အများဆုံးအနေဖြင့် ခြေတစ်လှမ်းတည်းဖြင့် ၅ ကီလိုမီတာ ပတ်လည်အတွင်း မည်သည့်နေရာသို့မဆို ရောက်ရှိနိုင်သော်လည်း သတ်မှတ်ထားသော နေရာသို့ ရောက်သွားလျှင်ဖြစ်စေ သို့မဟုတ် လမ်းခုလတ်တွင် ရပ်တန့်လိုက်လျှင်ဖြစ်စေ ပညာရပ်မှာ ပြီးဆုံးသွားမည် ဖြစ်သည်။
အဆိုးဆုံးအချက်မှာ လုံချန်း ပထမဆုံးအကြိမ် စမ်းသပ်စဉ်တွင်ပင် သူ၏ ဝိညာဉ်စွမ်းအင် အရန်ပမာဏ ထက်ဝက်ကျော် ကုန်ဆုံးသွားခြင်းပင်။ ဝိညာဉ်စွမ်းအင်ကို ပြန်လည်မဖြည့်တင်းဘဲ ဤပညာရပ်ကို နှစ်ကြိမ် ဆက်တိုက် အသုံးပြု၍ မရနိုင်ပေ။
"တကယ်လို့ ဒီပညာရပ်ကို ရန်သူကို တိုက်ခိုက်တဲ့နေရာမှာပါ သုံးလို့ရမယ်ဆိုရင် သိပ်ကောင်းမှာပဲ။ ဒါပေမဲ့ အခုတော့ အဲဒီလို သုံးလို့မရဘူး။ သူတော်စင်ဘုရင် ရှန်းဝူလို လူမျိုးက ဒီလောက် အစွမ်းထက်တဲ့ ပညာရပ်ကို ဖန်တီးခဲ့ပြီး ဒါက ထွက်ပြေးတဲ့နေရာမှာပဲ သုံးလို့ရတာဆိုတော့ တကယ်ကို မယုံနိုင်စရာပဲ" လုံချန်းက ရေရွတ်လိုက်သည်။
"အခက်အခဲတွေ ရှိနေပေမဲ့လည်း ဒါက တကယ်ကောင်းတဲ့ ပညာရပ်ပဲ။ အဲဒါကြောင့် ညည်းညူမနေနဲ့တော့" ရွှင်းက ပြုံးလျက် ဆိုသည်။
"၂ လအတွင်းမှာ ငါ ပထမခြေလှမ်းကိုပဲ တတ်သေးတာ။ ဒုတိယခြေလှမ်းကို အချိန်မီ တတ်နိုင်တော့မယ် မထင်ဘူး။ ငါလည်း ပျင်းလာပြီ။ အဲဒါကြောင့် ဝိညာဉ်ဝင်္ကပါနိုင်ငံကို အရင်သွားရအောင်။ ဂိုဏ်းတာဝန်ကိုလည်း အရင်ဆုံး အပြီးသတ်ထားလိုက်တာပေါ့" လုံချန်းက အကြံပြုသည်။
"ကောင်းပြီလေ... နင် အဲဒီလိုလုပ်ချင်ရင်လည်း လုပ်တာပေါ့။ ငါလည်း ဒီလူသူကင်းမဲ့တဲ့ တောင်တန်းကြီးထဲမှာ ပျင်းနေပြီ" ရွှင်းက ပြန်ဖြေသည်။
"ဟားဟား... အဲဒါမှ ငါ့မိန်းကလေး" လုံချန်းက ရယ်မောရင်း သူ၏ နေဝါးမျို လင်းယုန်ကို သားရဲနယ်မြေထဲမှ ထုတ်လိုက်သည်။
"ချီး... ဘယ်သူက နင့်မိန်းကလေးလဲ။ ငါက နင့်ဆရာမဟဲ့" ရွှင်းက ပြန်ပြောလိုက်သော်လည်း သူ၏ အဖြေကို စောင့်မနေဘဲ ပျောက်ကွယ်သွားတော့သည်။
လုံချန်းက သူမ၏ တုံ့ပြန်မှုကို ကြည့်ကာ ပြုံးရင်း နေဝါးမျို လင်းယုန်ပေါ်သို့ တက်လိုက်သည်။ လင်းယုန်ကြီးမှာ ဝိညာဉ်ဝင်္ကပါနိုင်ငံဆီသို့ စတင်ပျံသန်းသွားလေတော့သည်။
တစ်ချိန်တည်းမှာပင် တောက်ပသော နေအင်ပါယာ၌ မင်ယု၊ ကျီချင်းနှင့် ကျီရှန်းတို့သည် ဧကရာဇ်မင်းမြတ်၏ ရှေ့တွင် ရပ်နေကြသည်။
သူတို့သည် ဧကရာဇ်ကို တောင်းဆိုရန် နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာခြင်း ဖြစ်သည်။
ကျီရှန်း မသိသော်လည်း မင်ယုသည် သူမနှင့် ကျီချင်းအတွက် နေရာရွှေ့ပြောင်းခြင်း အဆောင်ကို အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်။
အကယ်၍ ဧကရာဇ်က သားရဲဂိုဏ်း ရှိရာနေရာကို မပြောပြပါက သူမ၏ ဓားကို သူ၏လည်ပင်းမှာ ထားပြီး အတင်းအကျပ် ပြောခိုင်းရန် ဆုံးဖြတ်ထားသည်။ နေရာကို သိရသည်နှင့် အဆောင်ကို အသုံးပြုကာ ကျီချင်းနှင့်အတူ ထွက်ပြေးကြမည် ဖြစ်သည်။
"ခမည်းတော်... ကျွန်တော် နောက်တစ်ကြိမ် ထပ်တောင်းဆိုပါရစေ။ ကျေးဇူးပြုပြီး သားရဲခန်းမရဲ့ တည်နေရာကို ပြောပြပေးပါ။ ကျွန်တော်တို့ အဲဒီမှာ ပြဿနာမရှာပါဘူးလို့ ကတိပေးပါတယ်" ကျီရှန်းက တောင်းပန်သော လေသံဖြင့် ဆိုသည်။
"စိတ်မကောင်းပါဘူး ရှန်းလေးရယ်... ခမည်းတော် ပြောပြလို့မရဘူး။ သားရဲခန်းမရဲ့ စည်းမျဉ်းတွေက ခမည်းတော်ရဲ့ လက်ကို တုပ်နှောင်ထားသလို ဖြစ်နေလို့ပါ" ဧကရာဇ်က ပြန်ဖြေလိုက်သည်။
မင်ယုသည် သူတို့၏ ကြိုးစားမှု နောက်တစ်ကြိမ် ကျရှုံးသွားသည်ကို မြင်လိုက်ရသည်။ သူမသည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ဓားကို ထုတ်ယူရန် ပြင်လိုက်စဉ်မှာပင် ဧကရာဇ်၏ နောက်ထပ် စကားတစ်ခွန်းကြောင့် ရပ်တန့်သွားခဲ့သည်။
"သားရဲခန်းမရဲ့ တည်နေရာကို ပြောပြလို့မရပေမဲ့ မင်းတို့ကို ကူညီပေးနိုင်မယ့် သတင်းအချို့တော့ ရှိတယ်" သူက ဆိုသည်။
"ဘယ်လိုသတင်းလဲ ခမည်းတော်" ကျီရှန်းက စိတ်ဝင်တစား မေးလိုက်သည်။
"နောက်ထပ် လနည်းနည်းလောက် ကြာရင် ဗဟိုသားရဲခန်းမက လူအချို့ ဒီကို လာလိမ့်မယ်။ အဲဒီအချိန်ကျရင် သူတို့နဲ့ ရင်းနှီးအောင်လုပ်ပြီး မင်းတို့သိချင်တဲ့ သတင်းကို သူတို့ဆီကနေ မေးလို့ရတယ်" ဧကရာဇ်က ပြုံးလျက် ဆိုသည်။
"ဗဟိုသားရဲခန်းမက လူတွေ ဒီကို လာမှာလား။ သူတို့ရဲ့ ဂိုဏ်းခွဲ ဖျက်ဆီးခံရတာကို လာစစ်ဆေးကြမှာလား" ကျီရှန်းက ထိတ်လန့်တကြား မေးလိုက်သည်။
"ဖြစ်နိုင်တာပဲ၊ ဒါမှမဟုတ်လည်း တခြားကိစ္စကြောင့် ဖြစ်မှာပေါ့။ ခမည်းတော် သိရသလောက်ကတော့ သူတို့ ဒီကို ဖြတ်သွားမှာပဲ။ သူတို့က မြောက်ပိုင်း လအင်ပါယာမှာရှိတဲ့ သားရဲခန်းမ ဂိုဏ်းခွဲမှာ ခဏနေကြလိမ့်မယ်။ ခမည်းတော်ကလည်း ဗဟိုသားရဲခန်းမရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ဖူးတော့ သူတို့က ခမည်းတော်ကို အသိပေးထားတာ" ဧကရာဇ်က ပြန်ဖြေသည်။
"သူတို့အတွက် ခမည်းတော်က ဂုဏ်ပြုစားပွဲ တစ်ပွဲလည်း ကျင်းပပေးမှာပါ။ အဲဒီအချိန်ကျရင် သူတို့နဲ့ စကားပြောခွင့် ရလိမ့်မယ်။ မင်းတို့ သိချင်တဲ့ အဖြေအားလုံးကို သူတို့ဆီက ရနိုင်ပါတယ်" သူက ထပ်လောင်း ပြောကြားလိုက်သည်။
"အဲဒါ... မင်ယု ဘယ်လိုထင်လဲ" ကျီရှန်းက မင်ယုဘက်သို့ လှည့်ကာ မေးလိုက်သည်။
မင်ယုသည် နောက်ထပ် လအနည်းငယ် စောင့်ရမလား သို့မဟုတ် ဧကရာဇ်၏ လည်ပင်းကို ဓားနှင့် ထောက်ရမလားဆိုသည်ကို စဉ်းစားနေမိသည်။
ဒုတိယရွေးချယ်မှုမှာ အန္တရာယ်ရှိနေပေသည်။ အကယ်၍ သူမက ဧကရာဇ်ကို အကျပ်ကိုင်ခဲ့ပြီးမှ သူက မပြောပြခဲ့လျှင်... ထိုသည်က အခြေအနေ တော်တော်လေး ဆိုးသွားနိုင်သည်။ ထိုသို့လုပ်ပါက သတင်းရရှိမည့် လမ်းစများအားလုံး ပိတ်သွားမည့်အပြင် ဗဟိုသားရဲခန်းမမှ လာမည့်သူများနှင့်လည်း တွေ့ဆုံခွင့် ရတော့မည် မဟုတ်ပေ။
နောက်ဆုံးတွင် သူမသည် ခေါင်းညိတ်ပြလိုက်သည်။ နောက်ထပ် လအနည်းငယ်ကိုသာ စောင့်ဆိုင်းရန် သူမ ဆုံးဖြတ်လိုက်လေတော့သည်။