အခန်း (၃၃၃-၃၃၄)
Vol. 34 Ch. 333-334
အခန်း (၃၃၃) သားရဲခန်းမရဲ့ အစီအစဉ်လား
လုံချန်းသည် သောက်စားမူးယစ် နန်းဆောင်ထဲသို့ လှမ်းဝင်လိုက်ရာ ထိုနေရာမှာ သူထင်ထားသည်နှင့် လုံးဝကွဲပြားနေသည်။
အဆောက်အအုံ တစ်ခုလုံးကို ဖန်သားပြင်များဖြင့် တည်ဆောက်ထား သကဲ့သို့ ထင်ရပြီး အခြားအဆောက်အအုံများနှင့် မတူဘဲ ထူးခြားဆန်းသစ်နေသည်။ လုံချန်းသည် အပြင်မှနေ၍ ဖန်သားပြင်များကို ဖြတ်ကျော်ကာ အတွင်းဘက်ကို ကြည့်ရန် ကြိုးစားသော်လည်း မမြင်ရပေ။
သူသည် တံခါးဆီသို့ လျှောက်သွားပြီး တွန်းဖွင့်ကာ အတွင်းသို့ ဝင်လိုက်သည်။
အတွင်းပိုင်းမှာလည်း အလွန်ပင် ခမ်းနားထည်ဝါလှသည်။ ကြမ်းပြင်မှာလည်း ဖန်သားများဖြင့် ပြုလုပ်ထားသော်လည်း လမ်းလျှောက်ရာတွင် ချော်လဲခြင်းမရှိစေရန် ပွတ်တိုက်မှု အားကောင်းအောင် ပြုလုပ်ထားသည်။
အတွင်းတွင် ဖန်စားပွဲပေါင်း ၂၀၀ ခန့်ရှိပြီး ဖန်နှင့် မပြုလုပ်ထားသည့် တစ်ခုတည်းသောအရာမှာ ခမ်းနားလှသော ထိုင်ခုံများပင် ဖြစ်သည်။
လုံချန်းသည် အားနေသော စားပွဲတစ်လုံးကို တွေ့သဖြင့် ထိုနေရာသို့ လျှောက်သွားလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် အခြားတစ်ဖက်မှ အမျိုးသားတစ်ဦးသည်လည်း ထိုစားပွဲဆီသို့ ဦးတည်လာနေသည်။
ထိုသူတွင် သူ၏ မျက်လုံးအရောင်နှင့် လိုက်ဖက်သော ရွှေရောင်ဆံပင်ရှည်များ ရှိသည်။ သူသည် လုံချန်းထက် အသက်နှစ်ဆခန့် ကြီးပုံရပြီး သူ၏ဘေးတွင် အသက် ၂၀ ကျော်ခန့်ရှိမည့် အမျိုးသမီးငယ်တစ်ဦးလည်း ပါလာသည်။
ထိုမိန်းကလေး၏ မျက်နှာမှာ ထိုအမျိုးသားနှင့် ဆင်တူပြီး သူမတွင်လည်း ရွှေရောင်ဆံပင်နှင့် တူညီသော မျက်လုံးအရောင်များ ရှိသည်။
သူတို့ လျှောက်သွားသည့် စားပွဲတွင် ထိုင်ခုံ ၃ လုံးရှိသည်။ လုံချန်းနှင့် ထိုအမျိုးသားမှာ စားပွဲဆီသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားပြီး ထိုင်ခုံများကို အပြိုင်အဆိုင် ထိုင်လိုက်မိကြသည်။
"ဟေ့ ကောင်လေး... ဒီစားပွဲက ငါ့ဟာ။ တော်ရာမှာ သွားကစားစမ်း" ထိုလူက လုံချန်းကို ခဏမျှ ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားရဲ့ စားပွဲက ဒီနေရာမှာ ဘာလာလုပ်နေတာလဲ။ ကိုယ့်စားပွဲကို ကိုယ်တိုင် ထိန်းသိမ်းမထားနိုင်ဘူးလား" လုံချန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။
ရွှေရောင်ဆံပင်နှင့် မိန်းကလေးမှာ လုံချန်း၏ စကားကြောင့် မရယ်ဘဲ မနေနိုင်ဖြစ်သွားသည်။
"မင်းက စကားကို ခပ်စပ်စပ် ပြောတတ်တာပဲ။ မင်းရဲ့လျှာကို အသုံးမပြုနိုင်အောင် ငါမလုပ်ခင် ဒီနေရာကနေ ထွက်သွားလိုက်တာ ပိုကောင်းမယ်" ထိုလူက အတည်ပေါက် ပြောလိုက်သည်။
"ဟုတ်လား... ဘယ်လိုနည်းနဲ့ လုပ်မှာလဲဗျ" လုံချန်းက ခနဲ့တဲ့တဲ့ အပြုံးဖြင့် မေးလိုက်သည်။
"မင်းရဲ့ လျှာကို ဖြတ်ပစ်ပြီးတော့ပေါ့" ထိုလူက လုံချန်းကို စိုက်ကြည့်ရင်း ဆိုသည်။
"ဟား... ဟားဟားဟား" လုံချန်းမှာ မထိန်းနိုင်ဘဲ အကျယ်ကြီး ရယ်မောမိသွားသည်။
"ငါက နောက်နေတယ် ထင်လို့လား။ ငါ့စကားကို လက်တွေ့သက်သေပြအောင် မလုပ်ပါနဲ့ ကောင်လေးရာ။ ငါ့ညီမရှေ့မှာ အကြမ်းဖက်မှုတွေ မသုံးချင်ဘူး"
"စမ်းကြည့်ချင်လား" လုံချန်း၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားသည်။
"မင်း..." ထိုလူက ဒေါသတကြီးဖြင့် ရှေ့သို့ တိုးလာရန် ကြိုးစားသော်လည်း မိန်းကလေးက သူ၏လက်ကို လှမ်းဆွဲလိုက်သည်။
"ကျေးဇူးပြုပြီး ရန်မဖြစ်ပါနဲ့ အစ်ကိုရယ်။ သူ့ကိုပဲ ပေးလိုက်ပါ။ ကျွန်မတို့ တခြားမှာ ထိုင်လို့ရသားပဲ" မိန်းကလေးက ဖျောင်းဖျသည်။
"ဒါပေမဲ့..."
"ခင်ဗျားတို့ ထွက်သွားစရာ မလိုပါဘူး။ ဒီစားပွဲမှာပဲ ထိုင်ကြပါ။ ခင်ဗျားအနောက်က သိပ်လှတဲ့ အမျိုးသမီးလေးအတွက် ကျွန်တော့်ဘက်က လက်ဆောင်အဖြစ် ပေးလိုက်ပါ့မယ်" လုံချန်းက ပြုံး၍ ဆိုကာ အနီးရှိ အခြားစားပွဲတစ်ခုသို့ ပြောင်းထိုင်လိုက်သည်။
"မင်း... မင်း" ထိုလူမှာ ဒေါသထွက်လွန်းသဖြင့် ပြန်ပြောစရာ စကားပင် ရှာမတွေ့တော့ပေ။
"အစ်ကို... ထားလိုက်ပါတော့။ ကျွန်မတို့ စားပွဲရပြီပဲဥစ္စာ" မိန်းကလေးက ပြောရင်း ထိုင်ခုံတွင် ထိုင်လိုက်သည်။
"ဟွန်း... ညည်းက တောင်းဆိုလို့သာ ငါ လွှတ်ပေးလိုက်တာနော်" ထိုလူက ပွစိပွစိ ပြောရင်း ထိုင်လိုက်လေသည်။
လုံချန်းက စားပွဲထိုးကို မှာယူလိုက်သလို ရွှေရောင်ဆံပင်နှင့် လူကလည်း မှာယူလိုက်သည်။
"အစ်ကို... အခုထိ ကျွန်မကို မပြောရသေးဘူးနော်။ ကျွန်မတို့ကို ဘာလို့ မြောက်ပိုင်း လအင်ပါယာကို သွားဖို့ ရွေးချယ်လိုက်တာလဲ။ အဲဒီမှာ ကျွန်မတို့ ဘာလုပ်ရမှာလဲ" မိန်းကလေးက လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"ငါ ပြောပြီးပြီလေ... နောက်မှ ပြောပြမယ်လို့။ ငါတို့မှာ လနည်းနည်းလောက် အချိန်ရှိပါသေးတယ်။ ငါတို့ သားရဲခန်းမရဲ့ ထိပ်တန်းပါရမီရှင်တွေ အများကြီး ရွေးချယ်ခံထားရတာ။ အကြီးအကဲတွေက ငါတို့ကို ယုံကြည်ပြီး ဒီအဖွဲ့ထဲ ထည့်ပေးတာကိုပဲ ဝမ်းသာလှပြီ" ထိုလူက လေသံကို လျှော့ကာ ပြန်ဖြေသည်။
"အကြီးအကဲတွေက အစ်ကို့ကို ယုံတာပါ၊ ကျွန်မကို မဟုတ်ပါဘူး။ ကျွန်မကိုတော့ ဘာမှ မပြောပြဘူး။ သွားခါနီးရင် အဆင်သင့်ဖြစ်နေဖို့ပဲ ပြောတယ်" မိန်းကလေးက မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် ဆိုသည်။
"အဲဒါ စိတ်မပူပါနဲ့။ ငါ့ကိုလည်း အပိုတွေ ဘာမှ မပြောပြပါဘူး။ သွားခါနီး ရက်နည်းနည်းလောက် အလိုကျမှ အားလုံးကို အသေးစိတ် ရှင်းပြလိမ့်မယ် ထင်တယ်"
"သူတို့ အစ်ကို့ကိုလည်း မပြောပြဘူးဆိုရင် ဒါက ဘာအကြောင်းလဲဆိုတာ အစ်ကိုက ဘယ်လိုသိနေတာလဲ"
"အဲဒါကတော့... ထူးခြားတဲ့သူတစ်ယောက်က ငါ့ကို အချို့အချက်တွေ ပြောပြထားလို့ပေါ့" ထိုလူက ဂုဏ်ယူသော အပြုံးဖြင့် ဆိုသည်။
"ထူးခြားတဲ့သူ ဟုတ်လား။ ဘယ်သူလဲ"
"ဘယ်သူလဲဆိုတာတော့ ပြောလို့မရဘူး။ ဒါပေမဲ့ အဲဒီလူက ငါတို့အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဖြစ်လာမယ့်သူပဲ။ အဲဒါကြောင့် သူ သိနေတာပေါ့။ ကဲ... ထပ်မမေးနဲ့တော့။ မကြာခင် ညည်းလည်း သိရမှာပါ။ စိတ်ရှည်ရှည်ထားစမ်းပါ"
"အစ်ကိုက တော်တော်ဆိုးတာပဲ။ ကိုယ့်ညီမအရင်းကိုတောင် မပြောပြဘူး။ ထားပါတော့... နောက်လည်း မမေးတော့ဘူး" မိန်းကလေးက စိတ်ကောက်သွားဟန်ဖြင့် ဆိုသည်။
အမျိုးသားက ဘာမှ ထပ်မပြောတော့ပေ။ ညီမဖြစ်သူ၏ ချော့မော့တောင်းဆိုသော မျက်လုံးများကို ကြည့်မိပါက အမှန်အတိုင်း ပြောပြမိမည် စိုးသဖြင့် သူမဘက်သို့ပင် လှည့်မကြည့်တော့ပေ။
မိနစ်အနည်းငယ်အတွင်း ဝိုင်ပုလင်းများ ရောက်ရှိလာသည်။ စားပွဲထိုးက အမျိုးသား၏ စားပွဲတွင် ဝိုင် ၂ ပုလင်းနှင့် ဖန်ခွက်များကို ချပေးပြီး လုံချန်း၏ စားပွဲတွင်မူ ဝိုင် ၁ ပုလင်းနှင့် ဖန်ခွက် တစ်ခွက် ချပေးလိုက်သည်။
'ဒါဆို သူတို့က သားရဲခန်းမကပေါ့။ စိတ်ဝင်စားစရာပဲ... သားရဲခန်းမက တစ်ခုခု ပြင်ဆင်နေပုံရတယ်။ လန်ကျင်းရဲ့ အစီအစဉ်ကရော ဒါနဲ့ ပတ်သက်နေမလား။ သူလည်း ရက်နည်းနည်းလောက် နေရင် ငါ့ကို လိုအပ်မယ်လို့ ပြောထားတာပဲ' လုံချန်းသည် ဝိုင်ပုလင်းကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ တွေးတောနေမိသည်။
ရွှေရောင်ဆံပင်နှင့် လူက လုံချန်းကို လှမ်းကြည့်လိုက်ရာ လုံချန်းက ဝိုင်ပုလင်းကို အသေအလဲ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
"ဘာလို့ အဲဒီလောက်တောင် စိုက်ကြည့်နေတာလဲ။ ဈေးကြီးတဲ့ ဝိုင်ကို ပထမဆုံး မြင်ဖူးလို့လား။ မင်းမှာ ပိုက်ဆံရော ပေးနိုင်ရဲ့လားလို့ ငါ တွေးမိတယ်" သူက လှောင်ပြောင်သော လေသံဖြင့် ဆိုသည်။
"ခင်ဗျားဆီမှာ ကလေးကလား စကားတွေထက် ပိုကောင်းတာ မရှိတော့ဘူးလား" လုံချန်းက ပြန်တုံ့ပြန်လိုက်သည်။
"အစ်ကို" ရွှေရောင်ဆံပင်နှင့် မိန်းကလေးက သူမ၏အစ်ကိုကို မျက်စောင်းထိုးရင်း ဟန့်တားလိုက်သည်။
"ဟင်း... ငါ့ညီမက မင်းကို ပညာပေးတာ သဘောမကျဘူးဆိုတော့ ဒီတစ်ခါလည်း ထားလိုက်ပါဦးမယ်" ထိုလူက ခေါင်းခါရင်း ဆိုပြန်သည်။
'ဟင်း... ဒီလူတော့ တကယ့်ကို ထူးဆန်းတာပဲ' လုံချန်းက တွေးမိသည်။
သူသည် ဝိုင်ပုလင်းကို ဖွင့်ကာ ဖန်ခွက်ထဲသို့ ငှဲ့လိုက်သည်။ ထို့နောက် ဝိုင်ကို တစ်ငုံ မြည်းစမ်းလိုက်ရာ အရသာမှာ အလွန်ကောင်းမွန်လှသဖြင့် နောက်တစ်ငုံ ထပ်သောက်လိုက်သည်။ တစ်မိနစ်မပြည့်မီမှာပင် တစ်ခွက်လုံး ကုန်သွားခဲ့သည်။
သူ ဖန်ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်စဉ် ခန္ဓာကိုယ်ထဲတွင် တစ်ခုခုကို ခံစားလိုက်ရသည်။ သူ၏ ချီစွမ်းအင်များမှာ နိုးကြွလာပြီး ကျင့်ကြံခြင်းအဆင့်မှာလည်း အနည်းငယ် မြင့်တက်လာသကဲ့သို့ ခံစားရသည်။
'ဒီဝိုင်က ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်တာလား။ ဒါဆို တကယ့်ကို အံ့သြစရာပဲ။ သူတို့ဆီက ဝိုင်တွေအကုန် ဝယ်သွားရမယ်' လုံချန်းက စိတ်လှုပ်ရှားစွာဖြင့် ဖန်ခွက်ထဲသို့ ဝိုင်များ ထပ်ဖြည့်လိုက်သည်။
သူသည် ဒုတိယတစ်ခွက်ကို ထပ်သောက်လိုက်ပြီး ကျင့်ကြံမှု ထပ်မံတိုးတက်လာမည့် အချိန်ကို စောင့်နေခဲ့သည်။ သို့သော် ၅ မိနစ်ကျော်သွားသည့်တိုင် ဘာမှ ထူးမလာပေ။ ကျင့်ကြံမှု တိုးတက်လာခြင်း မရှိတော့သလို ဘာတုံ့ပြန်မှုမျှ မရှိတော့ပေ။
သူသည် နားမလည်နိုင်ဘဲ မျက်မှောင်ကြုတ်ကာ နောက်ထပ် တစ်ခွက်ကို အပြည့်ငှဲ့သောက်လိုက်ပြန်သည်။ ခဏစောင့်ကြည့်သော်လည်း အတူတူပင်။ ဘာမှ မထူးခြားတော့ပေ။
'ဘာဖြစ်လို့လဲ။ ပုလင်းထဲက ဝိုင်က အတူတူပဲကို။ ပထမတစ်ခွက်လို ကျင့်ကြံမှု ဘာလို့ ထပ်မတိုးတာလဲ' လုံချန်းက ဇဝေဇဝါ ဖြစ်နေသည်။
ရွှေရောင်ဆံပင်နှင့် လူက လုံချန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို ကြည့်ကာ ပြုံးစိစိ လုပ်နေသည်ကို လုံချန်း သတိမပြုမိပေ။
"မင်း ဒီနေရာကို ရောက်ဖူးတာ ဒါပထမဆုံးလား" ထိုလူက လုံချန်းကို ကြည့်ကာ မေးလိုက်သည်။
"ဟုတ်တယ်" လုံချန်းက ပြန်ဖြေသည်။
"ဒါဆိုရင်တော့ မင်း ဒီဝိုင်ရဲ့ လျှို့ဝှက်ချက်ကို မသိသေးလို့ ဖြစ်မှာပေါ့။ အဲဒါကြောင့်လည်း မင်း အခုလို ထူးထူးဆန်းဆန်းတွေ ဖြစ်နေတာ" ထိုလူက ဝိုင်တစ်ငုံ သောက်ရင်း တဟားဟား ရယ်မောလိုက်သည်။
"ဝိုင်ရဲ့ လျှို့ဝှက်ချက် ဟုတ်လား" လုံချန်းက နားမလည်သော မျက်နှာဖြင့် မေးလိုက်လေတော့သည်။
အခန်း (၃၃၄) ကောင်းကင်ဘုံ ကြာပန်း
"ဟုတ်တယ်... ဝိုင်ရဲ့ လျှို့ဝှက်ချက်ပေါ့" ထိုအမျိုးသားက ပြုံးလျက် သူ၏လက်ထဲမှ ဝိုင်ပုလင်းကို ညွှန်ပြကာ ပြောလိုက်သည်။
"ဒီဝိုင်က ဒီနန်းဆောင်ရဲ့ အကြီးမားဆုံး ဆွဲဆောင်မှုပဲ။ ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက ချီစွမ်းအင်ကို နိုးကြွစေနိုင်တယ်။ ကျင့်ကြံခြင်းအဆင့်ကိုလည်း နည်းနည်း မြင့်တက်လာအောင် လုပ်ပေးနိုင်တာပေါ့။ ဒါပေမဲ့ ဒီလောကမှာ တကယ်သာ အဲဒီလောက် အစွမ်းထက်တဲ့အရာ ရှိနေမယ်ဆိုရင် ဒါကို လုဖို့အတွက် စစ်ပွဲတွေတောင် ဖြစ်ကုန်မှာ မဟုတ်ဘူးလား" သူက လုံချန်းကို ကြည့်ကာ ခနဲ့တဲ့တဲ့ ဆိုသည်။
"ဟုတ်ပါတယ်" လုံချန်းက ပြန်ဖြေလိုက်သည်။
"ဒီဝိုင်က ပထမဆုံးတစ်ငုံ သောက်လိုက်ရချိန်မှာလို ထင်သလောက်တော့ အံ့သြဖို့ မကောင်းပါဘူး။ ကျင့်ကြံသူတွေ ပထမဆုံးအကြိမ် သောက်တဲ့အချိန်မှာပဲ စွမ်းအား အနည်းငယ် တိုးပေးတာပါ။ အဲဒီနောက်ပိုင်း မင်း ဘယ်လောက်ပဲ ထပ်သောက်သောက် မင်းရဲ့ ကျင့်ကြံမှုက တိုးလာမှာ မဟုတ်တော့ဘူး" ဟု ထိုလူက ရှင်းပြသည်။
"ဪ... ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်ဗျာ" လုံချန်းက သူ သိချင်နေသော မေးခွန်းကို ဖြေပေးသဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထိုလူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရယ်မောလိုက်ပြီး
"ရပါတယ်... ငါက လူကြီးပဲဟာ၊ မသိသေးတဲ့ ကလေးတွေကို ပညာပေးရမှာပေါ့" သူက ဆိုသည်။
"ဟုတ်ကဲ့... ခင်ဗျားက တကယ့်ကို လူကြီးပဲဗျ။ ခင်ဗျားသမီးကတော့ ခင်ဗျားလို အဖေမျိုးရတာ တကယ့်ကို ကံကောင်းတာပဲ" လုံချန်းက ရွှေရောင်ဆံပင်နှင့် မိန်းကလေးကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"အဟွတ်... အဟွတ်"
လုံချန်း၏ စကားကို ကြားလိုက်ရသည်နှင့် ထိုလူမှာ သီးသွားကာ တဟွတ်ဟွတ် ချောင်းဆိုးလေတော့သည်။
"ငါက အဲဒီလောက် မအိုသေးဘူးကွ။ ပြီးတော့ ငါက သူ့အဖေ မဟုတ်ဘူး။ သူ့ရဲ့ အစ်ကိုအရင်းကွ" ထိုလူက အကျယ်ကြီး အော်ပြောလိုက်သည်။
"အာ... ကျွန်တော် မှားသွားတာပဲ။ သူမက အရမ်းငယ်ပုံရပြီး ခင်ဗျားကတော့... အဟမ်း၊ ဘာပဲဖြစ်ဖြစ် ကျွန်တော့်နာမည်က ထျန်းရှန်ပါ။ ခင်ဗျားနာမည်ကရော ဘယ်သူလဲ" လုံချန်းက မေးလိုက်သည်။
သူသည် လန်ကျင်းရှေ့တွင် မိမိကိုယ်ကိုယ် သို့မဟုတ် လန်ကျင်းအကြောင်း မပြောရန် ကျိန်ဆိုထားခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ရှေ့မှ လူများမှာ သားရဲခန်းမက ဖြစ်သဖြင့် သူ၏ နာမည်ရင်းကို မပြောဘဲ နာမည်အတုကိုသာ ပေးလိုက်ခြင်း ဖြစ်သည်။
"ထျန်းရှန် ဟုတ်လား။ နာမည်က မိုက်သားပဲ။ ငါက မူဖန်ပါ၊ ဒါကတော့ ငါ့ညီမ မူရှင်း" မူဖန်က ပြုံးရွှင်စွာ မိတ်ဆက်ပေးသည်။
"ခင်ဗျားတို့ရဲ့ မျိုးရိုးက မူလား။ ဒီမြို့က မူမျိုးနွယ်စုဝင်တွေလား"
"ဟုတ်တယ်။ ငါတို့အဖေက မူမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ပဲ။ ငါတို့က အပြင်မှာပဲ နေတာ၊ အခု မျိုးနွယ်စုဆီ ခဏလာလည်တာပါ" မူဖန်က ဆိုသည်။
"ဪ... ကောင်းတာပေါ့။ ကျွန်တော်လည်း ဒီမြို့ကို အခုမှ ရောက်ဖူးတာပါ။ မြို့လေးက သာယာပါတယ်"
"ဟုတ်တယ်... တကယ့်ကို သာယာတဲ့မြို့ပါ။ ပုံမှန်ဆိုရင် ဒီထက်တောင် ပိုကောင်းသေးတယ်၊ အခုကတော့ မင်းသားကို လုပ်ကြံဖို့ ကြိုးစားတဲ့ကိစ္စကြောင့် လူတိုင်းက လုံခြုံရေး အထူးတင်းကျပ်နေကြတာ" မူဖန်က သက်ပြင်းချရင်း ဆိုသည်။
"ဟုတ်ကဲ့... အဲဒီအကြောင်း ကြားပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်ပြောရရင်တော့ အဲဒါက အလကားပါပဲ။ အခုထိ လုပ်ကြံသူကို မမိသေးဘူးဆိုရင် သူ မြို့ထဲက ထွက်သွားလောက်ပါပြီ။ အခုလို လုပ်နေတာတွေက အချိန်ဖြုန်းနေတာပဲ ဖြစ်မှာပါ" လုံချန်းက အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
"ငါလည်း အဲဒါကို သဘောတူပါတယ်။ သူ ထွက်ပြေးသွားတာလည်း ဖြစ်နိုင်တာပဲ။ တော်ဝင်နန်းတော်ထဲမှာ မိနေရက်နဲ့တောင် ထွက်ပြေးနိုင်တယ်ဆိုရင် မြို့ထဲကနေ ထွက်ပြေးဖို့က သူ့အတွက် မခက်ခဲလောက်ပါဘူး" မူဖန်က တွေးတောစွာ ဆိုလေသည်။
လုံချန်းနှင့် မူဖန်တို့ စကားပြောနေစဉ်မှာပင် ဒုတိယမင်းသား ရွေယုသည် တော်ဝင်နန်းတော်သို့ ပြန်ရောက်လာခဲ့သည်။ သူသည် သူ၏အခန်းဆီသို့ လျှောက်သွားစဉ် အကွာအဝေးတစ်ခုတွင် သူ၏အစ်ကိုကို တွေ့လိုက်ရသည်။
"အစ်ကိုကြီး" သူသည် အိမ်ရှေ့မင်းသား ရွေယောင်းဆီသို့ အပြေးသွားကာ လှမ်းခေါ်လိုက်သည်။
"ယုလား။ မင်း ဆောင်ကြာမြိုင်ကနေ ဒီလောက်စောစော ပြန်လာတယ်ပေါ့ ဟုတ်လား" အိမ်ရှေ့မင်းသားက မေးသည်။
"အာ... အဲဒီမှာ ဆက်မနေချင်တော့လို့ပါ" ဒုတိယမင်းသား ရွေယုက ပြန်ဖြေသည်။
"ဪ... မင်းလည်း နောက်ဆုံးတော့ လူလားမြောက်လာပြီထင်တယ်။ ကောင်းပြီ... ငါ သွားတော့မယ်။ မင်းလည်း အခန်းကို ပြန်တော့" ရွေယောင်းက ဆိုကာ ထွက်သွားသည်။
စစချင်းမှ အဆုံးအထိ ရွေယောင်း၏ မျက်နှာမှာ ပုံမှန်အတိုင်းပင် မည်သည့် ခံစားချက်မျှ မပေါ်လွင်ပေ။
'အခုချက်ချင်း ဘဏ္ဍာတိုက် ဖွင့်ခိုင်းရင်တော့ သူ သံသယဝင်သွားလိမ့်မယ်။ မနက်ဖြန်မှပဲ မေးတော့မယ်' ရွေယုက တွေးကာ သူ၏အခန်းသို့ ပြန်လာခဲ့သည်။
အခြားတစ်ဖက်တွင်မူ... ဝိညာဉ်နက်ဂိုဏ်း၏ မှောင်မဲနေသော အခန်းတစ်ခန်းအတွင်း ရေကန်ငယ်လေးတစ်ကန် ရှိသည်။ ထိုရေကန်ထဲတွင် အနက်ရောင် ကြာပန်းတစ်ပွင့် မျောနေသည်။
ထိုအခန်း၏ တံခါးပွင့်လာပြီး အလွန်လှပသော အမျိုးသမီးတစ်ဦး ဝင်လာခဲ့သည်။ သူမမှာ ဝိညာဉ်နက်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။ သူမ၏ နောက်တွင်မူ မဟာအကြီးအကဲက ကောင်လေးတစ်ယောက်ကို ချီ၍ လိုက်ပါလာသည်။
"မုကျိန်းကို ကြမ်းပြင်ပေါ်မှာ ချလိုက်ပါ။ အဲဒီကြာပန်းကို ငါ သွားယူမယ်" ဂိုဏ်းချုပ်က နူးညံ့သော လေသံဖြင့် ဆိုသည်။
မဟာအကြီးအကဲက ခေါင်းငြိမ့်ကာ ကောင်လေးကို ကြမ်းပြင်ပေါ်သို့ ချထားလိုက်သည်။ ဂိုဏ်းချုပ်သည် ရေထဲသို့ ဖြည်းညှင်းစွာ ဆင်းသွားပြီး ကြာပန်းဆီသို့ တိုးကပ်သွားသည်။
အနက်ရောင်ကြာပန်းမှာ ငြိမ်သက်စွာ မျောနေပြီး သူမက လှမ်းယူလိုက်သောအခါမှ ရေထဲမှ ပါလာခဲ့သည်။ သူမ ရေထဲမှ ပြန်ထွက်လာသောအခါ ဝတ်စုံမှာ တစ်ကိုယ်လုံး စိုရွှဲနေပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ပို၍ပင် ထင်ရှားပေါ်လွင်နေသည်။
မဟာအကြီးအကဲမှာ အသက်ကြီး၍ လောကီရေးရာများကို စိတ်မဝင်စားတော့သော်လည်း ခိုးကြည့်မိခြင်းမှ မရှောင်လွှဲနိုင်ခဲ့ပေ။
ဂိုဏ်းချုပ်သည် ကြမ်းပြင်ပေါ်မှ ကောင်လေးအနားသို့ သွားကာ ဒူးထောက်ထိုင်လိုက်သည်။ သူမသည် အနက်ရောင်ကြာပန်းကို မုကျိန်း၏ ရင်ဘတ်ပေါ်သို့ ဖြည်းညှင်းစွာ တင်လိုက်သည်။ ထို့နောက် သူမသည် ဟန်ချက်ကို ပြင်လိုက်ပြီး မန္တန်အချို့ကို ရွတ်ဆိုလေတော့သည်။ သူမ၏ အသံမှာ အလွန်တိုးလွန်းသဖြင့် အနီးရှိ မဟာအကြီးအကဲပင် ဘာပြောနေမှန်း မသိနိုင်ပေ။
သူမသည် ၁၅ မိနစ်ခန့် မနားတမ်း ရွတ်ဆိုပြီးနောက် အနက်ရောင်ကြာပန်းမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းမှာ နတ်ဘုရားဆန်လှပြီး မဟာအကြီးအကဲပင် သူ၏ကိုယ်ကို ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။
မသိမသာပင် အနက်ရောင်ကြာပန်းမှ ထွက်လာသော အစွမ်းများသည် မုကျိန်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့သည်။ ၎င်းမှာ သူ၏ သိုင်းဟင်းလင်းပြင်ထဲရှိ နှစ်ပိုင်းကွဲနေသော သိုင်းဝိညာဉ်ဆီသို့ ဦးတည်သွားသည်။
ထိုထူးခြားသော အစွမ်းများသည် မုကျိန်း၏ သိုင်းဝိညာဉ်ကို လွှမ်းခြုံလိုက်ပြီးနောက် ၎င်းမှာ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ မိနစ် ၂၀ မပြည့်မီမှာပင် သူ၏ သိုင်းဝိညာဉ်မှာ အရင်အတိုင်း ပြန်ဖြစ်သွားသော်လည်း အရှိန်မှာ ရပ်မသွားပေ။
မုကျိန်း၏ ကိုယ်ပွားဝိညာဉ်မှာ ယခင်ကထက် ပို၍ သိပ်သည်းလာပြီး အရွယ်အစားမှာလည်း သိသိသာသာ မဟုတ်သော်လည်း အနည်းငယ် ကြီးမားလာသည်။ ဤလုပ်ငန်းစဉ်မှာ ၁၀ မိနစ်ခန့် ထပ်မံကြာမြင့်ခဲ့သည်။
ယခုအခါ မုကျိန်း၏ သိုင်းဝိညာဉ်မှာ အရင်ကထက် ပို၍ အစစ်အမှန်နှင့် တူလာသလို ပို၍လည်း ထိတ်လန့်စရာ ကောင်းလာသည်။ အရွယ်အစားမှာလည်း မူလထက် ၃၀ ရာခိုင်နှုန်းခန့် ကြီးမားသွားခဲ့သည်။
"ပြီးပြီ" ဂိုဏ်းချုပ်က မန္တန်ရွတ်ခြင်းကို ရပ်လိုက်ရင်း ဆိုသည်။
အနက်ရောင်ကြာပန်းမှာ ဖြည်းဖြည်းချင်း ကြွေလွင့်ပျောက်ကွယ်သွားသည်ကို သူမ သတိပြုမိလိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
"ဟင်း... တစ်ကြိမ်ပဲ သုံးလို့ရတာ နှမြောစရာပဲ။ ထဲမှာရှိတဲ့ ကောင်းကင်စွမ်းအင်တွေရဲ့ ၀.၁ ရာခိုင်နှုန်းတောင် မသုံးရသေးဘူး" သူမက သက်ပြင်းချရင်း ဆိုသည်။
'ဒီလောက် အဖိုးတန်တဲ့ ကောင်းကင်ရတနာကို ၀.၁ ရာခိုင်နှုန်းပဲ သုံးနိုင်တဲ့နေရာမှာ ဖြုန်းတီးပစ်လိုက်တာပဲ။ ဒါကိုသာ စနစ်တကျ သုံးနိုင်မယ်ဆိုရင် သားရဲခန်းမကို အေးအေးဆေးဆေး ဖျက်ဆီးပစ်လို့ ရတာကို' မဟာအကြီးအကဲ ချူးက တွေးနေသော်လည်း အပြင်သို့ ထုတ်မပြောဝံ့ပေ။
ခဏအကြာတွင် မုကျိန်း မျက်လုံးပွင့်လာသည်။ သူ ပထမဆုံး မြင်လိုက်ရသည်မှာ ဂိုဏ်းချုပ်၏ မျက်နှာပင် ဖြစ်သည်။
"ဆ... ဆရာ၊ ကျွန်တော် ဘယ်ရောက်နေတာလဲ" သူက ဝေဝေဝါးဝါးဖြင့် မေးသည်။
"ငါ့ရဲ့ ငတုံး တပည့်လေး၊ နင် လုံချန်းနဲ့ တိုက်ခိုက်ပြီး ရှုံးခဲ့တာလေ။ ဟင်း... နင့်ကြောင့် ငါ့ရဲ့ နာမည်ဂုဏ်သတင်းတွေ အကုန် ပျက်ကုန်ပြီ" ဂိုဏ်းချုပ်က မုကျိန်းကို ကြည့်ကာ ဆိုလိုက်သည်။
"အာ... ဆရာ။ အဲဒါက ကျွန်တော် ဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘဲနဲ့ သူက..." မုကျိန်းက ရှင်းပြရန် ကြိုးစားသည်။
"ရှင်းမပြနဲ့တော့။ နင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ခုခု ထူးခြားတာ ခံစားရလားဆိုတာပဲ ပြောပြစမ်း" သူမက မေးခွန်းထုတ်လိုက်လေတော့သည်။