← Chapters

အခန်း (၃၃၅-၃၃၆)

Vol. 34 Ch. 335-336

အခန်း (၃၃၅-၃၃၆)

Vol. 34 Ch. 335-336

အခန်း (၃၃၅) အမှောင်ထုထဲမှာ ပိတ်မိနေတာလား

"ထူးခြားတာလား။ ကျွန်တော်... ကျွန်တော် တစ်ခုခုတော့ ခံစားရတယ်။ ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေ ပြည့်နှက်နေသလိုပဲ။ ခွန်အားတွေလည်း တိုးလာသလို ခံစားရတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ဦးနှောက်ကလည်း အရင်ကထက် အများကြီး ပိုပြီး ထက်မြက်လာတယ်။ အရင်က နားမလည်ခဲ့တဲ့ သဘောတရားတွေက အခုဆို ခေါင်းထဲမှာ အကုန်ရှင်းလင်းနေပြီ။ တကယ့်ကို ကောင်းမွန်တဲ့ ခံစားချက်ပဲဗျ" မုကျိန်းက သိသိသာသာ စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။

သူ နိုးလာကတည်းက တစ်မျိုးကြီး ဖြစ်နေသည်ကို သတိထားမိသော်လည်း ဆရာဖြစ်သူက မေးလိုက်မှသာ သူ မည်မျှ ပြောင်းလဲသွားသည်ကို သဘောပေါက်လိုက်ခြင်း ဖြစ်သည်။ သူ၏ ကိုယ်ထဲတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။

"ဟုတ်တယ်၊ ဒါပေမဲ့ ဒါတင် မကသေးဘူး။ နင် ရရှိထားတဲ့ အစွမ်းတွေကို ဘယ်လို သုံးရမလဲဆိုတာ ငါ အကုန်လုံး သင်ပေးမယ်။ ဒီနေ့ကစပြီး ငါကိုယ်တိုင် နင့်ကို လေ့ကျင့်ပေးပြီး ပိုသန်မာအောင် လုပ်ပေးမယ်။ နင့်ရဲ့ တိုက်ပွဲတွေထဲမှာ ငါ ဝင်မပါဘူး၊ ဒါပေမဲ့ နင့်ရဲ့ ကလဲ့စားကို နင်ကိုယ်တိုင် ချေနိုင်ဖို့တော့ ငါ မျှော်လင့်တယ်။ ငါ့ကို နောက်ထပ် စိတ်မပျက်စေနဲ့တော့" သူမက ဆိုသည်။

"စိတ်ချပါ ဆရာ၊ ပြီးခဲ့တဲ့တစ်ခေါက်က သူ ကံကောင်းသွားလို့ပါ။ သူ့ကို ကျွန်တော့်လက်နဲ့ကိုယ်တိုင် သတ်ပစ်ပါ့မယ်" မုကျိန်းက အံကြိတ်ရင်း ပြောလိုက်သည်။

"အဲဒီ စိတ်ဓာတ်ကို ဆွဲကိုင်ထားပြီး ကြိုးစားပါ။ ရှုံးနိမ့်ခဲ့ရတဲ့ အရှက်ကွဲမှုကို မမေ့နဲ့။ သွားကြစို့၊ နင့်ရဲ့ လေ့ကျင့်ခန်းက အခုကတည်းက စပြီ" ဂိုဏ်းချုပ်သည် မတ်တတ်ရပ်ကာ တံခါးဆီသို့ လျှောက်သွားသည်။

မုကျိန်းသည် သူမနောက်မှ လိုက်သွားခဲ့ပြီး မဟာအကြီးအကဲ ချူးကလည်း သူတို့နောက်မှ လိုက်ပါသွားလေတော့သည်။

ဝိညာဉ်ဝင်္ကပါနိုင်ငံတွင်မူ... လုံချန်းသည် တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ရသော သားရဲခန်းမမှ တပည့်များနှင့် စကားပြောဆိုပြီးနောက် သောက်စား မူးယစ် နန်းဆောင်မှ ထွက်ခွာလာခဲ့သည်။ လုံချန်းသည် လုံခြုံရေး တင်းကျပ်ထားသော လမ်းမများအတိုင်း သူ၏ တည်းခိုခန်းသို့ ပြန်လာခဲ့သည်။

"ပြန်လာပြီလား။ ဝိုင်ကို မြည်းကြည့်ခဲ့လား" လုံချန်း အထဲသို့ ဝင်ဝင်ချင်း ဧည့်ကြိုမလေးက လှမ်းမေးသည်။

"ဟုတ်ကဲ့... ဝိုင်က အရသာ တော်တော်ရှိတာပဲ။ ကျွန်တော့်အတွက် ပထမဆုံးအကြိမ်မို့ ကျင့်ကြံခြင်းအတွက်လည်း အထောက်အကူ ဖြစ်စေခဲ့တယ်။ အကြံပေးတာ ကျေးဇူးတင်ပါတယ်ဗျာ" လုံချန်းက ပြုံးလျက် ဆိုလိုက်သည်။

"အဆင်ပြေတယ်ဆိုရင် ဝမ်းသာပါတယ်ရှင်"

လုံချန်းသည် သူ၏အခန်းသို့ ပြန်လာခဲ့သည်။ သူသည် ယနေ့ ဖြစ်ပျက်ခဲ့သမျှကို အလွန်ပင် သဘောကျနေမိသည်။ ဒီနေ့ကတော့ သူ့အတွက် တကယ့်ကို ကောင်းမွန်သော နေ့တစ်နေ့ပင်။ ဘုရင့်ဘဏ္ဍာတိုက်ထဲက ကောင်းကင်အုပ်စိုးရှင်ကို ခိုးယူရန်အတွက် နယ်ရုပ်တစ်ရုပ်အား ရရှိခဲ့သလို၊ ဝိုင်ကြောင့်လည်း ကျင့်ကြံခြင်းအဆင့် အလကား တိုးတက်လာခဲ့သည်။

ထို့ပြင် သားရဲခန်းမက မြောက်ပိုင်း လအင်ပါယာသို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် ပြင်ဆင်နေသည်ဟူသော အချက်အလက်ကိုလည်း ရရှိခဲ့သည်။

သူသည် ခုတင်ပေါ်တွင် လှဲရင်း စဉ်းစားနေမိသည်။ အချိန်အတော်ကြာ မအိပ်ရသေးသဖြင့် သူသည် ပင်ပန်းနေပြီး မသိမသာပင် အိပ်ပျော်သွားခဲ့သည်။

လုံချန်း အိပ်ပျော်နေစဉ် ထူးဆန်းသော အိပ်မက်တစ်ခုကို မြင်မက်သည်။

သူသည် မှောင်မည်းနေသော နေရာတစ်ခုတွင် ပိတ်မိနေသည်။ ထိုနေရာတွင် အမှောင်ထုနှင့် မိစ္ဆာချီများမှလွဲ၍ ဘာမှမရှိပေ။ သို့သော် ထိုအချက်က ထူးဆန်းသည် မဟုတ်။

ထူးဆန်းသည်မှာ သူသည် ထိုနေရာမှ ထွက်မသွားချင်သကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။ တစ်ဖက်တွင်လည်း ထိုနေရာမှ ထွက်သွားချင်သည့် စိတ်ဆန္ဒကလည်း ပြင်းပြနေသည်။ ဤသို့ ဆန့်ကျင်ဘက် ခံစားချက်နှစ်ခုကြောင့် သူ အမှန်တကယ် ဘာကို လိုချင်နေသလဲဆိုသည်ကို သူကိုယ်တိုင်ပင် နားမလည်နိုင်ဖြစ်နေရသည်။ အိပ်မက်မှာ တကယ့်အစစ်အမှန်အတိုင်း ခံစားနေရသည်။

လုံချန်းသည် ထိုအိပ်မက်ထဲတွင် ရှိနေရင်းမှ ရုတ်တရက် နိုးလာခဲ့သည်။ ယခုအခါ သန်းခေါင်ယံ အချိန်သို့ ရောက်နေပြီဖြစ်သည်။

"တကယ့်ကို ထူးဆန်းတဲ့ အိပ်မက်ပဲ" လုံချန်းက ရေရွတ်လိုက်သည်။ သူ၏ နှလုံးခုန်သံများက မြန်နေဆဲပင်။

သူသည် ဝရန်တာသို့ ထွက်ကာ အပြင်ဘက်ကို ကြည့်လိုက်သည်။ လမင်းကြီးမှာ ကောင်းကင်ထက်တွင် မြင့်မားစွာ တည်ရှိနေသော်လည်း ယနေ့ညတွင်မူ လမင်းကြီးမှာ နီရဲနေပြီး တစ်မျိုးကြီး ထူးဆန်းနေပြန်သည်။ လုံချန်းသည် ယခင်ကလည်း လနီညများကို တွေ့ဖူးသော်လည်း ယခုကဲ့သို့ တစ်ခါမျှ မခံစားဖူးပေ။

"အိပ်မက်ကြောင့် ဖြစ်မှာပါ" သူသည် လမင်းကြီးကို ကြည့်ကာ ရေရွတ်လိုက်သည်။

သူ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ အစောင့်များမှာ နန်းတော်ပတ်ပတ်လည်တွင် ကင်းလှည့်နေဆဲ ဖြစ်သည်ကို တွေ့ရသည်။

"နန်းတော်ထဲကို ကိုယ်တိုင် သွားကြည့်သင့်သလား" သူက နန်းတော်ဆီသို့ ကြည့်ရင်း တွေးမိသည်။

"မလိုလောက်ပါဘူး။ ဟိုကောင်လေး ဒါကို ကိုင်တွယ်နိုင်မှာပါ။ သူက မင်းသားပဲလေ၊ ဘယ်လောက်ပဲ အသုံးမကျပါစေ တော်ဝင်မိသားစုဝင် တစ်ယောက်ဖြစ်နေတုန်းပဲ။ ဘဏ္ဍာတိုက်ကို ဖွင့်ခိုင်းဖို့ သူ တစ်နည်းနည်းနဲ့ လုပ်နိုင်မှာပါ" လုံချန်းသည် အထဲသို့ ပြန်ဝင်လာခဲ့သည်။

သူသည် ကြမ်းပြင်ပေါ်တွင် တရားထိုင်သည့် အနေအထားဖြင့် ထိုင်ကာ ကျင့်ကြံခြင်းကို စတင်လိုက်လေတော့သည်။

နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိလာသည်။ နောက်ထပ် နေ့သစ်တစ်နေ့မှာ ပုံမှန်အတိုင်းပင် စတင်ခဲ့ပြန်သည်။

ဒုတိယမင်းသား ရွေယုမှာမူ သူ၏အခန်းထဲတွင် စိုးရိမ်တကြီးဖြင့် လမ်းလျှောက်နေသည်။

"ငါ့အစ်ကိုကြီးကို ဘဏ္ဍာတိုက် ဖွင့်ပေးဖို့ ပြောမယ်လို့တော့ ဆုံးဖြတ်ထားတာပဲ၊ ဒါပေမဲ့ ဘာလို့ ငါ ဒီလောက် စိုးရိမ်နေရတာလဲ။ သူက ငါ့ရဲ့ အစ်ကိုအရင်းပဲဥစ္စာ။ ငါ့ကိုလည်း တစ်ခါမှ ဆူပူဖူးတာ မဟုတ်ဘူး။ သူ ဖွင့်ပေးလောက်ပါတယ်" သူ တွေးနေမိသည်။

"ဒါပေမဲ့ သူက အဖေ့ကို သွားတိုင်မှာကိုပဲ စိုးရိမ်တာ။ အဖေက ငါ့ကို သံသယဝင်သွားမှာ မလိုချင်ဘူး" သူသည် ခေါင်းထဲတွင် အတွေးပေါင်းစုံဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။

"ဘာပဲဖြစ်ဖြစ်။ ငါ ဒီမှာ ရပ်နေလို့ မရဘူး။ ငါ့အသက်က ဒီအပေါ်မှာ မူတည်နေတာ။ အဲဒါက သာမန် လက်နက်တစ်လက်ပဲ မဟုတ်လား" သူသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။

ဒုတိယမင်းသားသည် အိမ်ရှေ့မင်းသား၏ အခန်းဆီသို့ သွားကာ တံခါးကို ခေါက်လိုက်သည်။

"အစ်ကိုကြီး... အထဲမှာ ရှိလား" သူက လှမ်းမေးလိုက်သည်။

"အေး... ဝင်ခဲ့လေ" အတွင်းမှ အသံကြားလိုက်ရသည်။

ဒုတိယမင်းသားသည် တံခါးဖွင့်ကာ အထဲသို့ ဝင်သွားသည်။ အိမ်ရှေ့မင်းသားမှာ စားပွဲတစ်ခုံတွင် ထိုင်ကာ တစ်ခုခုအား ရေးသားနေသည်ကို တွေ့ရသည်။

"ဘာကိစ္စရှိလို့လဲ" အိမ်ရှေ့မင်းသားက သူ ရေးနေသည်ကို အကြည့်မပျက်ဘဲ မေးလိုက်သည်။

"အာ... အစ်ကိုကြီး။ အမှန်တော့ ကျွန်တော် ခုတင်ပေါ်မှာ လှဲနေရင်းနဲ့ ရုတ်တရက် သတိရလာတာ။ ကျွန်တော် ဘဏ္ဍာတိုက်ထဲကို တစ်ခါမှ မရောက်ဖူးသေးဘူးပဲလို့။ အဲဒါကြောင့် အဲဒီထဲကို တစ်ခေါက်လောက် ဝင်ကြည့်ချင်လို့ပါ။ ကျွန်တော့်အတွက် တစ်ချက်လောက် ဖွင့်ပေးလို့ ရမလား" ရွေယုက မေးလိုက်သည်။

"စိတ်မကောင်းပါဘူး ညီလေးရာ၊ ငါ မင်းအတွက် ဖွင့်ပေးလို့ မရဘူး။ မင်း အဖေ့ဆီက ခွင့်ပြုချက် အရင်သွားတောင်းပါ" အိမ်ရှေ့မင်းသားက ဆိုသည်။

"ဒါပေမဲ့... အဖေက ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးလေ။ အစ်ကိုကြီးရယ်... ကျွန်တော့်အတွက် ဒီတစ်ခါလောက်ပဲ လုပ်ပေးပါ။ ခဏလေးပဲ ဝင်ကြည့်မှာပါ" သူက အတင်းအကျပ် တောင်းဆိုသည်။

"ငါ့ရဲ့ အဖြေက ပြောင်းမှာ မဟုတ်ဘူး။ ငါ ဖွင့်နိုင်တယ်ဆိုပေမဲ့ အဖေက အဲဒီနေရာရဲ့ တကယ့်ပိုင်ရှင်ပဲ။ အဖေ့ခွင့်ပြုချက်မပါဘဲ ငါ တစ်စက္ကန့်တောင် မဖွင့်နိုင်ဘူး" အိမ်ရှေ့မင်းသားက သူ၏ရပ်တည်ချက်ကို မပြောင်းလဲပေ။

"ခဏလေးပဲ ကြည့်မှာပါ။ အဖေ သိမှာလည်း မဟုတ်ဘူး။ အမေဆုံးပြီးကတည်းက ကျွန်တော့်ကို ချစ်သေးတာ အစ်ကိုကြီး တစ်ယောက်ပဲ ရှိတာပါ။ ကူညီပါ အစ်ကိုကြီးရယ်" ပြောရင်း ရွေယု၏ မျက်လုံးတွင် မျက်ရည်များ ဝဲလာခဲ့သည်။

"တကယ်လား၊ မင်းကို ဆောင်ကြာမြိုင် မသွားဖို့ ငါ အကြိမ်ကြိမ် တားခဲ့တယ်၊ မင်း တစ်ခါလေးတောင် နားထောင်ဖူးလား"

"အခုကစပြီး ကျွန်တော် နားထောင်ပါ့မယ်။ ဆောင်ကြာမြိုင်ကို ဘယ်တော့မှ မသွားတော့ဘူး။ ဒီနေ့တောင် ကျွန်တော် မသွားသေးတာ အစ်ကိုကြီး တွေ့သားပဲ မဟုတ်လား"

"ဟင်... မင်း တကယ်ပြောတာလား" အိမ်ရှေ့မင်းသားက အံ့သြစွာ မေးသည်။

"ဟုတ်ပါတယ် အစ်ကိုကြီး။ ကျွန်တော် ကတိပေးပါတယ်"

"ကောင်းပြီလေ... ဒါဆိုရင်တော့ ငါ မင်းကို တစ်ခေါက်လောက် ပေးကြည့်မယ်။ ဒါပေမဲ့ မင်း ကတိမဖျက်ရဘူးနော်။ အဲဒီနေရာကို ဘယ်တော့မှ မသွားရဘူး" အိမ်ရှေ့မင်းသားသည် စာရေးခြင်းကို ရပ်ကာ မတ်တတ်ရပ်လိုက်သည်။

ဒုတိယမင်းသားမှာ ဝမ်းသာအားရဖြင့် ခေါင်းကို တရစပ် ငြိမ့်ပြလေတော့သည်။

"ကောင်းပြီ... ငါ့နောက်က လိုက်ခဲ့" အိမ်ရှေ့မင်းသားသည် တံခါးဆီသို့ လျှောက်သွားကာ အခန်းထဲမှ ထွက်လာခဲ့သည်။

မကြာမီမှာပင် သူတို့သည် ငွေရောင်တံခါးကြီးတစ်ချက် ရှေ့သို့ ရောက်ရှိလာသည်။ တံခါး၏ အလယ်ဗဟိုတွင် ဝိုင်းစက်နေသော ဝင်္ကပါ အသေးစားလေးတစ်ခု ရှိသည်။

အိမ်ရှေ့မင်းသားသည် သူ၏လက်ကို ထိုဝင်္ကပါပေါ်သို့ တင်လိုက်ရာ ၎င်းမှာ စတင်လင်းလက်လာသည်။ မကြာမီမှာပင် တံခါးကြီး ပွင့်သွားခဲ့ပြီး အိမ်ရှေ့မင်းသား အထဲသို့ ဝင်သွားသည်။ ရွေယုသည်လည်း နောက်မှ အမြန်လိုက်ဝင်ခဲ့သည်။

အထဲသို့ ရောက်သည်နှင့် ရွေယုမှာ အံ့သြမှင်သက်သွားခဲ့ရသည်။

"ဒါ ငါတို့ရဲ့ ဘဏ္ဍာတိုက်ပဲ" အိမ်ရှေ့မင်းသားက ပြုံးလျက် ဆိုသည်။

ထိုနေရာတွင် ရတနာများစွာ ရှိနေသည်။ လက်နက်များ၊ ရွှေတုံးများ၊ ရှေးဟောင်းပစ္စည်းများ၊ သံချပ်ကာဝတ်စုံများနှင့် အခြားအရာများစွာ ပြည့်နှက်နေသည်။

"အံ့သြစရာကြီးပဲ" ရွေယုက တအံ့တသြ ရေရွတ်ရင်း ထိုနေရာတစ်လျှောက် လျှောက်ကြည့်နေသည်။ တကယ်တော့ သူသည် အရာတစ်ခုတည်းကိုသာ လိုက်ရှာနေခြင်း ဖြစ်သည်။ ၎င်းမှာ ကောင်းကင်အုပ်စိုးရှင်ပင် ဖြစ်လေတော့သည်။

အခန်း (၃၃၆) ဖမ်းမိသွားခြင်း

ဒုတိယမင်းသားသည် ဘဏ္ဍာတိုက်ထဲတွင် ဟိုဟိုဒီဒီလျှောက်သွားကာ ပစ္စည်းတိုင်းကို အသေအချာ လိုက်ကြည့်နေစဉ် အိမ်ရှေ့မင်းသားကမူ တစ်နေရာတွင် ရပ်လျက် အေးအေးလူလူပင် အကဲခတ်နေသည်။

"ဘယ်လိုလဲ... အဆင်ပြေရဲ့လား" အိမ်ရှေ့မင်းသားက မေးသည်။

"တကယ့်ကို အံ့သြစရာပဲ အစ်ကိုကြီး။ တကယ့်ကို မိုက်တဲ့နေရာပဲဗျာ။ ကျွန်တော် အရင်က ဘာလို့ တစ်ခါမှ မရောက်ဖူးခဲ့တာလဲတောင် မသိဘူး။ အခုမှပဲ မြင်ဖူးတော့တယ်" ဒုတိယမင်းသားက ရတနာများကို လိုက်ကြည့်ရင်း ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။

"ဟုတ်ပါပြီ... ဒါဆို သွားကြစို့လေ။ မင်း အားလုံးကို ကြည့်ပြီးပြီပဲဥစ္စာ" အိမ်ရှေ့မင်းသားက အထွက်ဝသို့ မျက်နှာမူကာ ဆိုလိုက်သည်။

"အာ..." ဒုတိယမင်းသားမှာ ပြန်ဖြေရန် ခက်ခဲသွားသည်။ အဘယ်ကြောင့်ဆိုသော် သူရှာနေသည့် ကောင်းကင်အုပ်စိုးရှင်ကို ရှာမတွေ့သေးသောကြောင့် ဖြစ်သည်။

သူ ဘာလုပ်ရမလဲဟု တွေးတောနေစဉ်မှာပင် သူရှာနေသည့်အရာနှင့် ဆင်တူသောအရာတစ်ခုကို လှမ်းမြင်လိုက်ရသည်။ ၎င်းမှာ အလျား ၃၀ စင်တီမီတာနှင့် အနံ ၃ စင်တီမီတာခန့်ရှိသော ရွှေရောင်ပေတံ တစ်ချောင်း ဖြစ်သည်။

ဒုတိယမင်းသားမှာ မပြုံးဘဲ မနေနိုင်ဖြစ်သွားပြီး ထိုကောင်းကင်အုပ်စိုးရှင်ကို အမြန်ပင် လှမ်းယူလိုက်သည်။

"ဟုတ်ကဲ့... သွားကြစို့ အစ်ကိုကြီး" သူက ပြောရင်း အနောက်သို့ ပြန်လှည့်လိုက်သည်။

အိမ်ရှေ့မင်းသားက အပြင်သို့ ထွက်သွားပြီး ဒုတိယမင်းသားကလည်း နောက်မှ လိုက်ထွက်ခဲ့သည်။ သူသည် အိမ်ရှေ့မင်းသား မမြင်အောင် ကောင်းကင်အုပ်စိုးရှင်ကို သူ၏ နောက်ကျောဘက်တွင် ဖုံးကွယ်၍ ကိုင်ထားခဲ့သည်။

"ဘာလို့လဲ..." အိမ်ရှေ့မင်းသားက ရုတ်တရက် လှမ်းမေးလိုက်သည်။

"ဘာဖြစ်လို့လဲ အစ်ကိုကြီး" ဒုတိယမင်းသားက ဇဝေဇဝါဖြင့် မေးလိုက်သည်။ အိမ်ရှေ့မင်းသားသည် နောက်သို့ ပြန်လှည့်လာကာ ဒုတိယမင်းသားကို စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။

ဒုတိယမင်းသားသည် သူ၏နောက်ကျောရှိ ကောင်းကင်အုပ်စိုးရှင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး နှလုံးခုန်သံများမှာလည်း တဖြည်းဖြည်း မြန်လာခဲ့သည်။

အိမ်ရှေ့မင်းသားသည် သူ၏လက်ကို လှမ်းလိုက်ပြီး ဒုတိယမင်းသား မတုံ့ပြန်နိုင်ခင်မှာပင် ပါးကို ခပ်ပြင်းပြင်း တစ်ချက် ရိုက်လိုက်လေတော့သည်။

"ဖြောင်း..."

ဒုတိယမင်းသား၏ ဘယ်ဘက်ပါးပြင်ပေါ်တွင် လက်ဝါးရာကြီး ထင်ကျန်ရစ်ခဲ့သည်။

"ဘာလို့ မင်း အိမ်က ပစ္စည်းကို ခိုးရတာလဲ" အိမ်ရှေ့မင်းသားက ဒေါသတကြီး မေးလိုက်သည်။

"မင်းက အလိုလိုက်ခံထားရပြီး ဘဝမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ အများကြီး ချခဲ့တယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ မင်းက ငါတို့ဆီကနေ ပြန်ခိုးရလောက်အောင် ဒီလောက်အထိ အောက်တန်းကျသွားလိမ့်မယ်လို့ ငါ တစ်ခါမှ မမျှော်လင့်ခဲ့ဘူး" အိမ်ရှေ့မင်းသားက စိတ်ပျက်လက်ပျက် ဆိုလိုက်သည်။

"ကျွန်တော်... ကျွန်တော်..." ဒုတိယမင်းသားမှာ ရှင်းပြရန် ကြိုးစားသော်လည်း လုံချန်းက နားထောင်နေမည်ကို သိသဖြင့် ဘာမှ မပြောရဲပေ။ သူ တစ်ခုခု ပြောလိုက်လျှင် သူ သေရလိမ့်မည်။ ထို့ကြောင့် သူသည် နှုတ်ဆိတ်ကာ ခေါင်းငုံ့နေလိုက်ရုံသာ တတ်နိုင်တော့သည်။

"မင်းယူထားတဲ့ အရာကို ငါ့ကိုပေးစမ်း" အိမ်ရှေ့မင်းသားက ပြတ်သားစွာ အမိန့်ပေးသည်။

ဒုတိယမင်းသားသည် ခဏမျှ တွန့်ဆုတ်နေပြီးမှ သူ၏လက်ထဲရှိ ကောင်းကင်အုပ်စိုးရှင်ကို အိမ်ရှေ့မင်းသားထံသို့ ကမ်းပေးလိုက်ရသည်။ အိမ်ရှေ့မင်းသားသည် ထိုလက်နက်ကို ယူကာ ဘဏ္ဍာတိုက်ထဲသို့ ပြန်လွှင့်ပစ်လိုက်ပြီး တံခါးကို ပိတ်လိုက်လေသည်။

ထို့နောက် သူသည် ဒုတိယမင်းသား၏ လက်ကို ဆွဲကာ အတင်း ခေါ်ဆောင်သွားတော့သည်။

"တောင်းပန်ပါတယ် အစ်ကိုကြီး၊ အဖေ့ကိုတော့ သွားမပြောပါနဲ့။ ကျွန်တော် နောက်တစ်ခါ မလုပ်တော့ပါဘူး။ တောင်းပန်ပါတယ်" ဒုတိယမင်းသားက တတွတ်တွတ် တောင်းပန်နေသော်လည်း အိမ်ရှေ့မင်းသားကမူ ဘာမှမကြားသလိုပင် ဆက်လက် ဆွဲခေါ်သွားသည်။

"ဒါက ငါ့အပေါ်မှာ မမူတည်တော့ဘူး။ မင်းလုပ်လိုက်တဲ့ အမှားက အရမ်းကြီးလွန်းလို့ အဖေ့ကို ငါ ပြောမှဖြစ်မယ်" အိမ်ရှေ့မင်းသားက အေးစက်သော လေသံဖြင့် ဆိုသည်။

အစောင့်များနှင့် အစေခံများမှာ အိမ်ရှေ့မင်းသားက ဒုတိယမင်းသားကို ရာဇဝတ်သားတစ်ဦးကဲ့သို့ ဆွဲခေါ်သွားသည်ကို မြင်သောအခါ ဒုတိယမင်းသား မည်သည့် အမှား လုပ်လိုက်ပြန်သနည်းဟု ဝိုင်းဝန်း စပ်စုနေကြတော့သည်။

မင်းသားနှစ်ပါး ထွက်သွားပြီးနောက် အစေခံများက တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။

"အိမ်ရှေ့မင်းသား ဒီလောက်အထိ ဒေါသထွက်တာ တစ်ခါမှ မမြင်ဖူးဘူး။ ဒုတိယမင်းသား တစ်ခုခုတော့ အကြီးအကျယ် မှားလုပ်လိုက်ပြီ ထင်တယ်။ ဒီလို ညီမျိုးနဲ့ နေနေရတဲ့ အိမ်ရှေ့မင်းသားကို သနားလိုက်တာ"

"ဘာဖြစ်တာလဲဆိုတာ စဉ်းစားလို့တောင် မရဘူး။ သူ ရှက်စရာကောင်းတာတွေ အများကြီး လုပ်ခဲ့ပေမဲ့ အိမ်ရှေ့မင်းသား အခုလောက် ဒေါသထွက်တာမျိုး မရှိခဲ့ဘူး" အခြားအစေခံတစ်ဦးက ဆိုသည်။

"ဒုတိယမင်းသားက အိမ်ရှေ့မင်းသားကို လုပ်ကြံဖို့ ကြိုးစားတာများလား... အဲဒါကြောင့် ဒီလောက် စိတ်တိုနေတာ ဖြစ်နိုင်တယ်"

လူတိုင်းက ကိုယ့်အတွေးနှင့်ကိုယ် ထင်ကြေးပေးနေကြသော်လည်း မည်သူမျှ အမှန်ကို မသိနိုင်ကြပေ။ အိမ်ရှေ့မင်းသားသည် ဒုတိယမင်းသားကို သူတို့အဖေရှိရာ အခန်းရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။ ဤအချိန်မှာ ဘုရင်ကြီး အိပ်ခန်းထဲတွင် အနားယူလေ့ရှိသော အချိန်ဖြစ်သည်။

အိမ်ရှေ့မင်းသားက တံခါးကို ခေါက်လိုက်သည်။

"ခမည်းတော်"

"ဝင်ခဲ့" ဘုရင်ကြီးက အတွင်းမှ ပြန်ထူးသည်။

"မင်းတို့နှစ်ယောက် တစ်ချိန်တည်း ဘာလာလုပ်ကြတာလဲ။ တစ်ခုခု လိုလို့လား။ ပြီးတော့ မင်း... ဘာလို့ အခုထိ ဆောင်ကြာမြိုင်ကို မသွားသေးတာလဲ။ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးရတာ ဝသွားပြီလား" ဘုရင်ကြီးက မြင်မြင်ချင်း ဒုတိယမင်းသားကို ဆူပူလေတော့သည်။

ဒုတိယမင်းသားမှာ ဘုရင်ကြီး၏ မျက်လုံးကိုပင် စိုက်မကြည့်ဝံ့ပေ။

"နှောင့်ယှက်မိတာ ခွင့်လွှတ်ပါ ခမည်းတော်။ ဒါပေမဲ့ ဒီကိစ္စက တကယ်ကို အရေးကြီးပါတယ်။ ခမည်းတော် သိထားသင့်တယ် ထင်လို့ပါ" အိမ်ရှေ့မင်းသားက တင်ပြလိုက်သည်။

"ဟင်... ပြောစမ်းပါဦး... ငါ နားထောင်နေတယ်"

"ဒီမနက် ညီလေးက ကျွန်တော့်အခန်းကို လာပြီး ဘဏ္ဍာတိုက်ထဲကို တစ်ခေါက်လောက် ဝင်ကြည့်ချင်တယ်လို့ ပြောပါတယ်။ ကျွန်တော်သာ ခွင့်ပြုရင် သူ ဆောင်ကြာမြိုင် သွားတာကိုလည်း ရပ်ပါ့မယ်လို့ ကတိပေးခဲ့ပါတယ်" အိမ်ရှေ့မင်းသား၏ စကားကို ဘုရင်ကြီးက သေချာနားထောင်နေသည်။

"အဲဒါနဲ့ ကျွန်တော် သူ့ကို ဘဏ္ဍာတိုက်ထဲ ခေါ်သွားခဲ့ပါတယ်။ အပြင်ပြန်ထွက်လာတဲ့အခါမှာ သူက ဘဏ္ဍာတိုက်ထဲက ကောင်းကင်အုပ်စိုးရှင်ကို ခိုးယူလာတာကို တွေ့လိုက်ရပါတယ်။ သူက ကျွန်တော့်ကိုတောင် ဖုံးကွယ်ထားဖို့ ကြိုးစားခဲ့ပါသေးတယ်" အိမ်ရှေ့မင်းသားက အမှန်အတိုင်း ရှင်းပြလိုက်သည်။

"ဘာ... ဒီကောင်က ခိုးတောင် ခိုးရဲတယ်ပေါ့" ဘုရင်ကြီးက ဒေါသတကြီး အော်ဟစ်လိုက်လေတော့သည်။

"မင်း... အရှက်မရှိတဲ့သား။ မင်းမှာ အရှက်ဆိုတာ နည်းနည်းမှ မကျန်တော့ဘူးလား ဟမ်။မင်းရဲ့ မိသားစုဆီကတောင် မင်း ခိုးရဲတယ်ပေါ့။ မင်းရဲ့ ပြည့်တန်ဆာမတွေကို သွားပေးဖို့လား။ အဲဒါကြောင့် ခိုးတဲ့အချိန်မှာ မင်းမှာ အရှက်တရား မရှိခဲ့တာလား" ဘုရင်ကြီးက ဒေါသတကြီး ဆဲဆိုသည်။

"ဒါပေမဲ့ ခမည်းတော်..."

"ငါ့ကို ခမည်းတော်လို့ မခေါ်နဲ့၊ မင်းလို အမိအဖကို မရိုသေတဲ့ကောင်ကများ။ ဒီနေ့ကစပြီး ငါက မင်းရဲ့အဖေ မဟုတ်ဘူး။ ငါ့မှာ သားတစ်ယောက်ပဲ ရှိတယ်၊ အဲဒါ မင်းမဟုတ်ဘူး" ဘုရင်ကြီးက ဒေါသကို မထိန်းနိုင်တော့ပေ။

"ဒီကောင်ကို ဖမ်းပြီး ထောင်ထဲမှာ သွားထည့်လိုက်စမ်း။ အပြစ်ပေးတဲ့အနေနဲ့ ၅ နှစ်ကြာ အကျဉ်းချထားစေ" ဘုရင်ကြီးက အမိန့်ချမှတ်လိုက်သည်။

အိမ်ရှေ့မင်းသားက စကားပြောရန် ပြင်လိုက်သော်လည်း ဘုရင်ကြီးက အရင်ဦးအောင် ပြောလိုက်သည်။

"ဘာမှ ထပ်မပြောနဲ့။ သူ့ရဲ့ အပြစ်ဒဏ်ကို လျှော့မပေးနိုင်ဘူး။ ငါ့အမိန့်အတိုင်း လုပ်ပြီး သူ့ကို သွားပိတ်ထားလိုက်"

"ဟုတ်ကဲ့ပါ ခမည်းတော်" အိမ်ရှေ့မင်းသားက ခေါင်းငြိမ့်ကာ နာခံလိုက်သည်။

သူသည် ဒုတိယမင်းသား၏ လက်ကိုကိုင်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။

"တစ်ဖက်က ကြည့်ရင်တော့ ဒါက မင်းအတွက် ကောင်းပါတယ်။ မင်းရဲ့ အမှားတွေကနေ သင်ခန်းစာယူပြီး ပိုကောင်းတဲ့ လူတစ်ယောက်အဖြစ် ပြန်ထွက်လာနိုင်မှာပါ" အိမ်ရှေ့မင်းသားက ထောင်ဆီသို့ လျှောက်လှမ်းရင်း တိုးတိုးလေး ပြောလိုက်သည်။

ဒုတိယမင်းသား၏ မျက်လုံးတွင် မျက်ရည်များသာ ပြည့်နေတော့သည်။ တစ်ရက်အတွင်းမှာပင် သူသည် သူ၏ အဆင့်အတန်းနှင့် လေးစားမှုအားလုံးကို ဆုံးရှုံးခဲ့ရသည်။ ရှင်းပြရန် ကြိုးစားလျှင်လည်း သူ၏ အသက်ပါ ဆုံးရှုံးရဦးမည် ဖြစ်သည်။

အိမ်ရှေ့မင်းသားသည် သူ့ကို နန်းတော်အောက်ထပ်ရှိ မြေအောက်ထောင်ဆီသို့ ခေါ်ဆောင်သွားသည်။ ထိုထောင်တွင် အကျဉ်းသားများ မရှိသော်လည်း အစောင့်အချို့တော့ ရှိနေသည်။

အစောင့်များသည် မင်းသားနှစ်ပါး လာသည်ကို မြင်သောအခါ ဒူးထောက် အလေးပြုကြသည်။ သူတို့က မင်းသားများ ကွင်းဆင်းစစ်ဆေးသည်ဟုသာ ထင်နေကြခြင်း ဖြစ်သည်။

အိမ်ရှေ့မင်းသားက ခေါင်းငြိမ့်ပြကာ သူတို့ကို ထခိုင်းလိုက်သည်။ ထို့နောက် အကျဉ်းခန်းတစ်ခုရှေ့သို့ သွားကာ တံခါးကို ဖွင့်လိုက်သည်။

သူသည် ဒုတိယမင်းသားကို အထဲသို့ တွန်းပို့လိုက်ပြီး တံခါးအား ပြန်ပိတ်ကာ သော့ခတ်လိုက်လေတော့သည်။

အစောင့်အားလုံးမှာ ဘာဖြစ်သွားမှန်း နားမလည်နိုင်ဘဲ ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိကြသည်။ အိမ်ရှေ့မင်းသားသည် အကျဉ်းခန်းကို သော့ခတ်ပြီးနောက် မှင်သက်နေသော အစောင့်များကို ကြည့်ကာ ပြောလိုက်သည်။

"သေချာနားထောင်ကြ၊ ဒီနေ့ကစပြီး ဒုတိယမင်းသားက ဒီမှာ အကျဉ်းသားအဖြစ် ရှိနေလိမ့်မယ်။ မင်းတို့ သူ လွတ်မထွက်အောင် သေချာစောင့်ကြပ်ရမယ်။ နောက်ထပ် အမိန့်မရမချင်း သူ့ကို အပြင်ပေးမထွက်နဲ့"

"ဟုတ်ကဲ့ပါ အိမ်ရှေ့မင်းသား" အစောင့်များက အမြန်ပင် နာခံလိုက်ကြသည်။ အခြေအနေတစ်ခုလုံးက ထူးဆန်းနေသော်လည်း သူတို့ကတော့ အထက်လူကြီး၏ အမိန့်အတိုင်း တသွေမတိမ်း လိုက်နာရန် ဆုံးဖြတ်လိုက်ကြလေတော့သည်။

All Chapters