အခန်း (၃၃၇-၃၃၈)
Vol. 34 Ch. 337-338
အခန်း (၃၃၇) သူ ငါ့ကို လိမ်ခဲ့တာပဲ
"ဒီမှာ ရှိနေမယ့် အချိန်တွေကို အကျိုးရှိရှိ အသုံးချပြီး မင်းရဲ့ အမှားတွေကို ပြန်ဆင်ခြင်ပါ။ မင်း အပြင်ပြန်ထွက်လာတဲ့အခါမှာ ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါ မျှော်လင့်တယ်" အိမ်ရှေ့မင်းသားသည် ဒုတိယမင်းသားကို ထားရစ်ခဲ့ကာ ထွက်ခွာသွားလေသည်။
အကျဉ်းခန်းထဲတွင် ဒုတိယမင်းသား တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ အစောင့်များပင် သူ့အနားသို့ မကပ်ရဲကြပေ။ သူ့ကို မင်းသားတစ်ပါးလို ဆက်ဆံရမလား သို့မဟုတ် ရာဇဝတ်သားတစ်ဦးလို ဆက်ဆံရမလားဆိုသည်ကို သူတို့ ဝေခွဲမရဖြစ်နေကြသည်။
"ဒုတိယမင်းသားက တကယ်ပဲ အကျဉ်းသား ဖြစ်သွားတာလား။ ငါတို့ သူ့ကို ဘယ်လို ဆက်ဆံရမလဲ" အစောင့်တစ်ဦးက သူ၏ အဖော်များကို တိုးတိုးလေး မေးလိုက်သည်။
"ငါလည်း သေချာ မသိဘူး။ ဒါက ယာယီလည်း ဖြစ်နိုင်တာပဲလေ။ သူ့ကို လေးလေးစားစားတော့ ဆက်ဆံရအောင်၊ ဒါပေမဲ့ ထောင်ထဲမှာ ဘာအထူးခံစားခွင့်မှတော့ မပေးနဲ့။ ဒီထဲမှာ ရှိနေသရွေ့တော့ အကျဉ်းသားတစ်ယောက်ရဲ့ ဘဝကို ခံစားပါစေ" အခြားအစောင့်တစ်ဦးက ပြန်ဖြေသည်။
အခြားအစောင့်များကလည်း ထိုအကြံကို သဘောတူကာ သူတို့၏ တာဝန်များကို ဆက်လက် ထမ်းဆောင်နေကြသည်။
အိမ်ရှေ့မင်းသား ထွက်သွားပြီး ၅ မိနစ်ခန့်အကြာတွင် ဒုတိယမင်းသားက စတင် စကားပြောလိုက်သဖြင့် အစောင့်များမှာ သတိထားလိုက်မိကြသည်။
"အစောင့်တွေ" ဒုတိယမင်းသားက လှမ်းခေါ်လိုက်သည်။
အစောင့်များမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြောင်ကြည့်နေကြသည်။
"မင်းသွားလိုက်လေ..."
"မသွားပါဘူး... မင်းသွားနားထောင်လိုက်"
"မင်းက သူနဲ့ အနီးဆုံးပဲလေ၊ မင်းပဲ သွားလိုက်ပါ"
သူတို့သည် ဒုတိယမင်းသားနှင့် မပတ်သက်လိုကြသဖြင့် တစ်ယောက်ကိုတစ်ယောက် လွှဲချနေကြသည်။
"အစောင့်တွေလို့ ခေါ်နေတယ်လေ" ဒုတိယမင်းသားက ထပ်မံ အော်ခေါ်လိုက်ပြန်သည်။
"အချိန်ဖြုန်းမနေနဲ့တော့... အားလုံး အတူတူ သွားရအောင်"
နောက်ဆုံးတွင် သူတို့အားလုံး စုပေါင်း၍ မင်းသား၏ အကျဉ်းခန်းရှေ့သို့ သွားလိုက်ကြသည်။
"အမိန့်ရှိပါ မင်းသား"
"ငါ့အစ်ကိုကြီး သွားပြီလား" ဒုတိယမင်းသားက မေးသည်။
"ဟုတ်ကဲ့... အိမ်ရှေ့မင်းသား ထွက်သွားပါပြီ" အစောင့်တစ်ဦးက ပြန်ဖြေသည်။
"အေး... ကောင်းပြီ။ ဒါဆို အခုပဲ ဒီတံခါးကို ဖွင့်ပေးတော့။ ငါ အပြင်ထွက်တော့မယ်" ဒုတိယမင်းသားက အမိန့်ပေးလိုက်သည်။
"ဒါ... ဒါကတော့ မဖြစ်နိုင်ပါဘူး မင်းသား။ အိမ်ရှေ့မင်းသားက ခိုင်ခိုင်မာမာ အမိန့်ပေးသွားတာပါ။ မင်းသားကို အကျဉ်းသား တစ်ယောက်လို ဆက်ဆံဖို့ မှာသွားတာမို့ ကျွန်တော်တို့ အပြင်ပေးမထွက်နိုင်ပါဘူး"
ဒုတိယမင်းသားမှာ မှင်သက်သွားပြီး ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။ ခဏအကြာတွင်မူ သူသည် တဟားဟားနှင့် စတင် ရယ်မောလေတော့သည်။
"ဟား... ကောင်းတယ်၊ အရမ်းကောင်းတယ်။ မင်းတို့ အောင်သွားပြီ" ဒုတိယမင်းသားက ပြုံးလျက် ပြောလိုက်သဖြင့် အစောင့်များမှာ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။
"ကျွန်တော်တို့... အောင်သွားပြီ ဟုတ်လား"
"ဟုတ်တယ်။ မင်းတို့ စာမေးပွဲ အောင်သွားပြီ။ ဒါတွေ အားလုံးက ပြဇာတ်တွေပဲ။ ငါက တကယ် အကျဉ်းကျတာ မဟုတ်ဘူး။ မင်းတို့ရဲ့ တာဝန်ကျေပွန်မှုကို စမ်းသပ်ဖို့ လုပ်ခဲ့တဲ့ စာမေးပွဲပဲ။ မင်းတို့ အမှတ်ပြည့်နဲ့ အောင်သွားပြီ။ ငါ တကယ် ဂုဏ်ယူမိတယ်" သူက ဂုဏ်ယူဟန်ဖြင့် ဆိုသည်။
"ဒါက စမ်းသပ်ပွဲလား" အစောင့်များမှာ အံ့သြတုန်လှုပ်သွားကြသည်။
"ဟုတ်တယ်။ အခု မင်းတို့ အောင်သွားပြီဆိုတော့ စမ်းသပ်မှုက ပြီးသွားပြီ။ ငါ့ကို အခု အပြင်ထုတ်ပေးတော့" ဒုတိယမင်းသားက ပုံမှန်အတိုင်းပင် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"ဪ... ဒါက စမ်းသပ်ပွဲကိုး။ ကျွန်တော် ထင်တော့ ထင်သားပဲ။ တကယ့်ကို ထက်မြက်တဲ့ အစီအစဉ်ပဲ မင်းသားရယ်။ လာ... ကျွန်တော် အခုပဲ အပြင်ထုတ်ပေးပါ့မယ်" အစောင့်တစ်ဦးက တံခါးဖွင့်ရန် ရှေ့သို့ တိုးလိုက်သည်။
"နေဦး" အခြားအစောင့်တစ်ဦးက လှမ်းတားလိုက်သည်။
"ဘာဖြစ်လို့လဲ"
"တံခါးကို မဖွင့်နဲ့"
"ဘာလို့လဲဗျ။ စမ်းသပ်မှုက ပြီးသွားပြီလေ။ မင်းသားကို ထောင်ထဲမှာ ထားလို့ မဖြစ်ဘူးလေ"
အခြားအစောင့်များမှာလည်း ဇဝေဇဝါ ဖြစ်နေကြသည်။ ထိုသူက ဘာကြောင့် မင်းသားကို ထုတ်မပေးခိုင်းသလဲဆိုသည်ကို သူတို့ နားမလည်ကြပေ။
"မင်းသာ သူ့ကို အပြင်ထုတ်လိုက်ရင် ငါတို့ စမ်းသပ်ပွဲ ရှုံးသွားလိမ့်မယ်" ထိုလူက ဆိုသည်။
"ဘာ... ဘာလို့လဲ။ ငါတို့ အောင်ပြီလို့ ပြောနေတယ်လေ"
"ငါတော့ အဲလို မထင်ဘူး။ မင်း မမြင်ဘူးလား၊ အိမ်ရှေ့မင်းသားက သူ့ကို အကျဉ်းသားလို့ ပြောသွားတာ။ အိမ်ရှေ့မင်းသားရဲ့ အမိန့်မပါဘဲ သူ့ကို ထုတ်လိုက်ရင် ငါတို့ စာမေးပွဲ ရှုံးမှာပေါ့"
"ဒါက ဒုတိယမင်းသားက ငါတို့ကို တမင် စမ်းသပ်နေတာ။ ငါတို့ သူ့စကား နားထောင်ပြီး ထုတ်ပေးမလားဆိုတာ ကြည့်နေတာ။ သူက အခု ရာဇဝတ်သားအဖြစ် သရုပ်ဆောင်နေတာလေ။ ငါတို့က ရာဇဝတ်သား စကားကို နားထောင်လို့ မဖြစ်ဘူး။ နားထောင်လိုက်ရင် ငါတို့ စာမေးပွဲ ရှုံးပြီပေါ့" ထိုအစောင့်က လျှို့ဝှက်ချက်ကို သိသွားသကဲ့သို့ ပြောလိုက်သည်။
"ဪ... မင်းက တကယ့်ကို ထက်မြက်တာပဲ။ စမ်းသပ်မှုက မပြီးသေးဘူးပဲ။ ဟုတ်တယ်... သူ့ကို ပေးထွက်လို့ မဖြစ်ဘူး" အခြားအစောင့်များကလည်း တညီတညွတ်တည်း ခေါင်းငြိမ့်ကြသည်။
"မင်းတို့ သောက်ရူးတွေ။ စမ်းသပ်မှုက ပြီးပြီလို့ ပြောနေတယ်လေ။ ငါ့ကို အခု ထုတ်ပေးစမ်း" ဒုတိယမင်းသားက အော်ဟစ်သည်။
"စိတ်မကောင်းပါဘူး မင်းသား။ ကျွန်တော်တို့ အဲဒီလှည့်ကွက်ထဲ မဝင်ပါဘူး။ ကျွန်တော်တို့ စာမေးပွဲ အောင်အောင် ဖြေမှာပါ။ အခုလို လှမ်းသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
အစောင့်အားလုံးက ဒုတိယမင်းသားကို ကျေးဇူးတင်စကား ဆိုပြီးနောက် သူတို့၏ ကင်းတဲဆီသို့ ပြန်သွားကြလေတော့သည်။
ဒုတိယမင်းသားမှာ သူတို့ကို ဆက်လက် နားချရန် ကြိုးစားသော်လည်း အစောင့်များက လုံးဝ နားမထောင်တော့ပေ။ စိတ်ပျက်သွားသော သူသည် အကျဉ်းခန်း ထောင့်တစ်နေရာသို့ သွားကာ ထိုင်ချလိုက်သည်။
"ဒီသောက်ရူးတွေနဲ့တော့ကွာ" သူက တိုးတိုးလေး ကျိန်ဆဲလိုက်သည်။
'အခုတော့ ဘယ်လိုလုပ်ပြီး ကောင်းကင်အုပ်စိုးရှင်ကို ရအောင် ယူရတော့မှာလဲ။ ၇ ရက်အတွင်း အဲဒီလက်နက်နဲ့ ပြန်မသွားနိုင်ရင် ငါ သေရလိမ့်မယ်။ ငါ့ဘဝက ဘာလို့ ဒီလောက် ကံဆိုးရတာလဲ' သူ ငိုချင်သော်လည်း မျက်ရည်က ထွက်မလာပေ။
'ဪ... ဟုတ်သားပဲ၊ သူ ပြောထားတာ ရှိသားပဲ။ ငါ သူ့လျှို့ဝှက်ချက်ကို တစ်ခုခု ပြောဖို့ ကြိုးစားရင် သူ သိလိမ့်မယ်တဲ့။ ဆိုလိုတာက ဒီပိုးကောင်ကတစ်ဆင့် သူ ငါ့စကားတွေကို ကြားနိုင်တာပေါ့။ ဖြစ်ပျက်သမျှကို သူ့ကို အကြောင်းကြားလိုက်တာ ပိုကောင်းမယ်။ ဒါမှ ၇ ရက်ပြည့်လို့ ငါ ပေါ်မလာရင်လည်း သူ ရူးရူးမူးမူးတွေ လာမလုပ်မှာ' လုံချန်း၏ စကားကို သတိရကာ သူ တွေးလိုက်သည်။
သူသည် သူ၏ ရင်ဘတ်ကို ငုံ့ကြည့်ကာ စတင် ပြောလိုက်သည်။
"ဟေ့... မင်း ကြားနိုင်လား။ အမှန်တော့ မင်းလိုချင်တဲ့ အရာကို ငါ ယူမပေးနိုင်တော့ဘူး။ ငါ ကြိုးစားခဲ့ပေမဲ့ အစ်ကိုကြီး မိသွားလို့ အခု ထောင်ထဲ ရောက်နေပြီ။ အဲဒါကြောင့် ၇ ရက်ပြည့်လို့ ငါ ပေါ်မလာရင်လည်း ငါ့ကို မသတ်ပါနဲ့ဦး။ မင်း ငါ့စကားကို ကြားတယ်ဆိုရင် ဒီပိုးကောင်ကတစ်ဆင့် အချက်ပြတစ်ခုခု ပေးပါဦး" ဒုတိယမင်းသားက တိုးတိုးလေး ပြောလိုက်သည်။
သူ၏ အသံကို အစောင့်များ မကြားစေရန် အထူး သတိထားပြီး ပြောခြင်း ဖြစ်သည်။
သူသည် အချက်ပြမှုကို စောင့်နေသော်လည်း ဘာမှ ဖြစ်မလာပေ။ သူသည် ထိုစကားများကို ထပ်ခါထပ်ခါ ပြောနေမိသည်။
လုံချန်းသည် သူ၏အခန်းထဲတွင် အေးအေးဆေးဆေး ကျင့်ကြံနေခဲ့သည်။ ဒုတိယမင်းသားက လုံချန်း ကြားနိုင်သည်ဟု ယုံကြည်နေသော်လည်း အမှန်တကယ်တွင်မူ လုံချန်းမှာ ဘာမှ မကြားရပေ။ ပြီးခဲ့သည့်အကြိမ်က ဒုတိယမင်းသားကို ထိတ်လန့်သွားစေရန် သူ လိမ်ညာ ပြောဆိုခဲ့ခြင်းသာ ဖြစ်သည်။
သူသည် အခန်းထဲမှ တစ်စက္ကန့်မျှပင် မထွက်ဘဲ ၂ ရက်တိတိ ကျင့်ကြံခြင်းဖြင့် အချိန်ကုန်ဆုံးခဲ့သည်။
၂ ရက် ကုန်လွန်သွားခဲ့သော်လည်း ဒုတိယမင်းသားမှာမူ လုံချန်းထံမှ အချက်ပြမှုကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် အကြိမ်ကကဲ့သို့ နှလုံးသားတွင် နာကျင်မှုတစ်ခုခု ခံစားရမည်ဟု မျှော်လင့်နေသော်လည်း ဘာမှ ဖြစ်မလာပေ။
လုံချန်းသည် အမှန်တကယ် ကြားနိုင်ခြင်း ရှိမရှိ သို့မဟုတ် လိမ်နေခြင်းလားဆိုသည်ကို သူ သံသယဝင်လာသည်။
"သူ ငါ့ကို လိမ်ခဲ့တာလား။ သူ ငါ့ကို လိမ်ခဲ့တာ သေချာတယ်။ သူ ဘာမှ မကြားနိုင်ဘူး။ ဒီပိုးကောင်အကြောင်း ငါ သေချာ မသိပေမဲ့ ဒီလောက်ဝေးတဲ့နေရာကနေ သူ ကြားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူ ငါ့ကို လိမ်တာပဲ" ဒုတိယမင်းသားက တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိုသို့ ပြောပြီးသည့်တိုင်အောင် သူသည် ခဏ စောင့်ကြည့်နေသေးသည်။ လုံချန်းသာ ကြားနိုင်လျှင် ယခုအချိန်တွင် သူ့ကို နာကျင်အောင် လုပ်ပြီးဖြစ်မည်ဟု သူ ယုံကြည်သွားသည်။ လုံချန်း မကြားနိုင်မှန်း သူ အတည်ပြုနိုင်ခဲ့ပြီ။
'ဒါဆိုရင် ငါ ဘာမှ စိတ်ပူစရာ မလိုတော့ဘူးပေါ့။ အစ်ကိုကြီးကို အမှန်အတိုင်း ပြောပြပြီး ဒီပြဿနာကနေ ရုန်းထွက်လို့ ရပြီ။ အစ်ကိုကြီးနဲ့ အဖေက ဒီပိုးကောင်ကို ငါ့ကိုယ်ထဲက ထုတ်ပေးဖို့ နည်းလမ်းရှာပေးနိုင်မှာပဲ' ဒုတိယမင်းသားသည် စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်သည်။
"အစောင့်တွေ၊ ငါ့အစ်ကိုကြီးကို အခုချက်ချင်း ခေါ်ခဲ့ပေးကြစမ်း။ ငါ သူ့ကို တွေ့ချင်တယ်လို့ ပြောလိုက်။ ငါ့မှာ ပြောစရာ အလွန် အရေးကြီးတဲ့ ကိစ္စရှိတယ်" ဒုတိယမင်းသားက အကျယ်ကြီး အော်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ မင်းသား"
အစောင့်တစ်ဦးသည် ဒုတိယမင်းသား၏ သတင်းစကားကို အိမ်ရှေ့မင်းသားထံသို့ ပို့ဆောင်ရန် ထွက်ခွာသွားလေတော့သည်။
"ငါ နောက်ဆုံးတော့ ဒီငရဲခန်းကနေ ထွက်ရတော့မယ်။ ငါ လွတ်လပ်တော့မယ်။ ဒီပိုးကောင် ငါ့ကိုယ်ထဲက ထွက်သွားတာနဲ့ အဲဒီကောင်လေးကို ထောင်ထဲထည့်ပြီး ငါကိုယ်တိုင် နှိပ်စက်ပစ်မယ်" ဒုတိယမင်းသားသည် ဖြဲခြောက်သော အပြုံးဖြင့် ရေရွတ်နေလေတော့သည်။
အခန်း (၃၃၈) အမှန်တရားကို ဖွင့်ဟခြင်း
နာရီဝက်ခန့်အကြာတွင် အိမ်ရှေ့မင်းသား ရောက်ရှိလာသည်။ သူသည် အချိန်ဆွဲမနေဘဲ ဒုတိယမင်းသား၏ အကျဉ်းခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားခဲ့သည်။
"မင်း ငါ့ကို အရေးတကြီး တွေ့ချင်တယ်ဆိုတာ ဘာကိစ္စလဲ" အိမ်ရှေ့မင်းသားက စိတ်လှုပ်ရှားနေပုံရသော ဒုတိယမင်းသားကို ကြည့်ကာ မေးလိုက်သည်။
"ဟုတ်ကဲ့ အစ်ကိုကြီး... ကျွန်တော် အခု အားလုံးကို အမှန်အတိုင်း ပြောပြတော့မယ်။ ဒါဆိုရင် အားလုံး ရှင်းသွားလိမ့်မယ်" ဒုတိယမင်းသားက ကြေညာလိုက်သည်။
"ဟင်" အိမ်ရှေ့မင်းသားက မျက်မှောင်ကြုတ်ကာ ဒုတိယမင်းသားကို ကြည့်နေသည်။
ဒုတိယမင်းသားသည် အချိန်မဆွဲဘဲ စတင် ရှင်းပြလေတော့သည်။
"ကျွန်တော် အဲဒီလို လုပ်ခဲ့ရတာက အဲဒီ အောက်တန်းစား ပိုးကောင်... အား... အား" သူ စကားပြောနေရင်း တစ်ဝက်မှာပင် နှလုံးသားကို ဓားနဲ့ အမွှန်းခံရသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသဖြင့် အကျယ်ကြီး အော်ဟစ်လိုက်ရသည်။
သူသည် ရင်ဘတ်ကို ဖိကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ဆက်တိုက် အော်ဟစ်နေလေတော့သည်။
အိမ်ရှေ့မင်းသားမှာမူ သူ၏ညီဖြစ်သူ အော်ဟစ်နေသည်ကို မျက်မှောင်ကြုတ်လျက်သာ ကြည့်နေခဲ့သည်။
"မင်း ငါ့ကို ဒီကို ခေါ်လိုက်တာက ဒါမျိုး သရုပ်ဆောင်ပြပြီး သနားအောင် လုပ်ဖို့လား။ ငါ နောက်ဆုံးတစ်ခေါက် ထပ်ပြောမယ်... ငါ့အပေါ်မှာ ဒါတွေက အလုပ်မဖြစ်ဘူး။ ခမည်းတော်ရဲ့ အမိန့်မပါဘဲ မင်းကို ငါ ထောင်ထဲက ထုတ်ပေးမှာ မဟုတ်ဘူး" အိမ်ရှေ့မင်းသားက ဆိုကာ နောက်သို့ လှည့်၍ ထွက်သွားလေတော့သည်။
ဒုတိယမင်းသားမှာ ကြမ်းပြင်ပေါ်တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ နာကျင်မှုမှာ ရပ်တန့်သွားပြီ ဖြစ်သော်လည်း သူသည် ချွေးများဖြင့် စိုရွှဲလျက် လဲလျောင်းနေရသည်။ သူ၏ နှလုံးခုန်သံမှာ ဗုံတီးသကဲ့သို့ အလွန်မြန်နေပြီး အသက်ရှူသံများမှာလည်း ပြင်းထန်နေသည်။
'သူ... သူ လိမ်နေတာ မဟုတ်ဘူးပဲ။ သူ တကယ် ကြားနိုင်တာပဲ။ အဲဒီ လူယုတ်မာက ငါ့ကို စမ်းသပ်နေတာ။ ငါ့ကို စကားပြောခိုင်းပြီးမှ အပြစ်ပေးချင်လို့ပေါ့။ တကယ့်ကို ရက်စက်တဲ့ လူပဲ' ဒုတိယမင်းသားက တွေးနေမိသည်။
တကယ်တော့ သူသည် အခြေအနေကို လုံးဝ လွဲမှားစွာ နားလည်နေခြင်း ဖြစ်သည်။ လုံချန်းသည် သူ့စကားကို မကြားနိုင်ပေ။ သို့သော် လုံချန်းသည် အရန်အစီအစဉ်မရှိဘဲ သူ့ကို လွှတ်ထားခဲ့သူ မဟုတ်။ သူသည် သူ၏ဝိညာဉ်သားရဲ ပိုးဖလံကို ဒုတိယမင်းသားက လျှို့ဝှက်ချက်အား ဖွင့်ဟရန် ကြိုးစားပါက နာကျင်အောင် လုပ်ရန် ခိုင်းထားခဲ့ခြင်း ဖြစ်သည်။
ပထမတစ်ကြိမ်မှာ သတိပေးချက်အဖြစ် နာကျင်အောင် လုပ်ရန်ဖြစ်ပြီး ထိုသို့ သတိပေးသော်လည်း နားမလည်ဘဲ ထပ်မံကြိုးစားပါက အသက်ကိုပါ ရယူရန် အမိန့်ပေးထားခြင်း ဖြစ်သည်။
ဒုတိယမင်းသားသည် ခက်ခဲစွာဖြင့် ပြန်လည် ထရပ်လိုက်သော်လည်း သူ၏ ခြေထောက်များမှာ တုန်ယင်နေဆဲ ဖြစ်သည်။ သူသည် အကျဉ်းခန်း ထောင့်တစ်နေရာသို့ သွားကာ တိတ်ဆိတ်စွာ ထိုင်နေလိုက်ရုံသာ တတ်နိုင်တော့သည်။
အိမ်ရှေ့မင်းသားသည် နန်းတော်၏ ရှည်လျားသော စင်္ကြံလမ်းအတိုင်း ပြန်လျှောက်လာခဲ့သည်။
'ဒီငတုံးကတော့ ဘယ်တော့မှ သင်ခန်းစာ မယူတတ်ဘူးပဲ။ ငါ့ကို အအထင်နေတာလား' အိမ်ရှေ့မင်းသား တွေးနေမိသည်။
'သူက ဘဏ္ဍာတိုက် ဖွင့်ခိုင်းကတည်းက တစ်ခုခု ခိုးချင်နေမှန်း ငါ မသိဘူးလို့ ထင်နေတာလား။ သူကလွဲလို့ ကျန်တဲ့သူတွေ အကုန်လုံးကို အထင်သေးနေတဲ့ လူအ,ပဲ။ ကဲ... အခုတော့ သူ ငါ့လမ်းကြောင်းပေါ်က ဖယ်သွားပြီဆိုတော့ ငါ့ဘဝကို စိတ်အေးလက်အေး ဖြတ်သန်းလို့ ရပြီပေါ့' အိမ်ရှေ့မင်းသားသည် ပြုံးလျက် သူ၏အခန်းသို့ ဝင်ကာ တံခါးကို ပြန်ပိတ်လိုက်သည်။
သူသည် အိပ်ခန်းထဲသို့ ဝင်လိုက်ရာ အမျိုးသမီးတစ်ဦး ခုတင်ပေါ်တွင် စောင့်နေသည်ကို တွေ့ရသည်။ ထိုအမျိုးသမီးတွင် ရှည်လျားသော ဆံပင်နက်များ ရှိပြီး အသက် ၃၀ ခန့် ရှိပုံရသည်။ သူမသည် အစေခံဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အိမ်ရှေ့မင်းသား၏ ခုတင်ပေါ်တွင် အသားကုန် ပေါ်လွင်အောင် လှဲလျောင်းနေသည်။
"မင်း ငါ့အခန်းထဲကို ဘယ်လို ဝင်လာတာလဲ" အိမ်ရှေ့မင်းသားက ပြုံးလျက် မေးလိုက်သည်။
"ဟင်း... အဲဒါကို တကယ်ပဲ မေးနေတာလား။ နင့်အဖေရဲ့ အခန်းထဲတောင် ငါ ဝင်နိုင်တာပဲ၊ နင့်အခန်းက ဘာခက်ခဲမှာလဲ" ထိုအမျိုးသမီးက ဆွဲဆောင်မှုရှိသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"ငါ မှတ်မိသေးတယ်... အဲဒီနေ့က မင်း အကြီးအကျယ် ရှုံးနိမ့်ခဲ့တဲ့ နေ့မဟုတ်လား" အိမ်ရှေ့မင်းသားက ခနဲ့လိုက်သည်။
"ဟွန်း... နင်က ငါ့ကို လှောင်နေတာလား။ နင့်အဖေရဲ့ ခုတင်ဘေးမှာ ရှိနေတဲ့ အဲဒီ ထူးဆန်းတဲ့ ဝင်္ကပါသာ မရှိရင် အဲဒီလူကြီး သေတာ ကြာလှပြီ။ အဲဒီဝင်္ကပါက သူ့ကို ကာကွယ်ပေးရုံတင်မကဘူး၊ ငါရှိနေတာကိုပါ အားလုံးကို အချက်ပေးလိုက်တာလေ။ ငါလည်း ထွက်ပြေးရုံကလွဲလို့ တခြားမရှိတော့လို့ပေါ့" အမျိုးသမီးက ပြုံးလျက် ဆိုသည်။
"ဟုတ်တာပေါ့... မင်း လုပ်နိုင်တာက ထွက်ပြေးဖို့ပဲလေ။ မင်းသာ အဲဒီတုန်းက အလုပ်ကို အပြတ်ဖြတ်နိုင်ခဲ့ရင် အဖေ သေတာ ကြာပြီ၊ ငါလည်း အခုဆို ဘုရင် ဖြစ်နေလောက်ပြီ။ အဲဒီလူကြီးက အသက်လည်း ကြီးနေပြီ၊ အခုထိ မသေနိုင်သေးဘူး။ ငါ တကယ် စိတ်ကုန်နေပြီ" အိမ်ရှေ့မင်းသားက မကျေမနပ် ရေရွတ်လိုက်သည်။
"အဲဒီလူက တကယ်ကို ဒုက္ခပေးတဲ့ လူပဲ။ သူ့အခန်းထဲမှာလည်း သတ်လို့မရ၊ အပြင်ထွက်ရင်လည်း အစောင့်တွေနဲ့။ တစ်ခုခုတော့ ပြဿနာပဲ" အမျိုးသမီးက တွေးတောစွာ ဆိုသည်။
"မင်း တကယ်ရော လုပ်နိုင်မှာလား။ ငါတော့ မင်းအပေါ် ယုံကြည်မှု လျော့လာပြီ"
"ငါ သူ့ကို သတ်နိုင်ပါတယ်၊ ဒါပေမဲ့ အစီအစဉ်သစ်တစ်ခုတော့ လိုမယ်။ ဘာပဲဖြစ်ဖြစ် သူ့ကို ငါ သေချာပေါက် သတ်ပေးမယ်" သူမက အတည်ပြုသည်။
"ဟားဟားဟား... သတ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ အဲဒီလူကြီး သေသွားတာနဲ့ ငါက ဘုရင်ဖြစ်ပြီ။ သူ အသက်ကြီးပြီး စိတ်ဖောက်ပြန်လာလို့ ငါ့အစား အဲဒီ အမှိုက်လို ညီဖြစ်တဲ့သူကို ဘုရင်တင်မြှောက်မှာကို ငါ စိုးရိမ်နေစရာ မလိုတော့ဘူး" အိမ်ရှေ့မင်းသားက ပြန်ပြောသည်။
"အဲဒီအချိန်ကျရင် ငါ ဘုရင်ဖြစ်ပြီဆိုတော့ မင်းကို ငါ့ရဲ့ မိဖုရားအဖြစ် တင်မြှောက်မယ်" အိမ်ရှေ့မင်းသားက ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ရင်း ပြုံးလျက် ဆိုလိုက်သည်။
"ဟင်း... ငါ့ကို ပိုင်ဆိုင်ဖို့ နင့်မှာ အရည်အချင်းရှိမယ် မထင်ဘူး။ နင့်အတွက် နောက်ထပ် အနှစ်တစ်ရာလောက် စောသေးတယ်" သူမက ရယ်မောကာ ဆိုသည်။
"ဒါပေမဲ့ နင့်အဖေ စိတ်ပြောင်းသွားမှာကိုတော့ စိုးရိမ်စရာ မလိုတော့ဘူး ထင်ပါတယ်။ နင့်ညီက အခု ထောင်ထဲ ရောက်နေပြီဆိုတော့" ထိုသို့ ဆိုကာ သူမသည် မှန်တင်ခုံရှေ့သို့ လျှောက်သွားသည်။
အိမ်ရှေ့မင်းသား၏ ရယ်သံမှာ အခန်းထဲတွင် ဟိန်းထွက်သွားခဲ့သည်။
"ဟားဟား... ဟုတ်တယ်။ အဲဒီငတုံးက ငါတို့ ဘဏ္ဍာတိုက်ထဲက ပစ္စည်းကို ခိုးဖို့ ကြိုးစားတာလေ။ သူ ခိုးတာ မိမှာမဟုတ်ဘူးလို့ ထင်နေတာ။ တကယ့်ကို တုံးအ,တဲ့ ညီပါပဲ"
"ဒါပေမဲ့ အဲဒါက ထူးဆန်းတယ်နော်။ သူက တကယ်ပဲ ပြည့်တန်ဆာမ တစ်ယောက်အတွက်နဲ့ ကိုယ့်အိမ်ကို ပြန်ခိုးရလောက်အောင် ဒီလောက် တုံးအလို့လား" အမျိုးသမီးက စိတ်ဝင်တစား မေးသည်။
"ဟားဟား... ဟုတ်တာပေါ့။ သူက အဲဒီလောက်အထိ တုံးတာ။ ငါ့ဘဝမှာ တွေ့ဖူးသမျှ အကြီးဆုံး အမှိုက်ပဲ။ တကယ့် လူအ" အိမ်ရှေ့မင်းသားက ခုတင်ပေါ်တွင် လှဲချလိုက်ရင်း ဆိုသည်။
"နင် အဲဒီလို ထင်ရင်လည်း ပြီးတာပါပဲ။ ငါနဲ့တော့ မဆိုင်ဘူးလေ။ ငါ့အတွက်ကတော့ ဘုရင်ကို သတ်ပြီး တာဝန်ပြီးမြောက်ဖို့ပဲ လိုတာ။ အစီအစဉ်သစ် ရလာရင် ငါ နင့်ဆီ ပြန်လာခဲ့မယ်" ထိုသို့ ပြောကာ အမျိုးသမီး ထွက်ခွာသွားလေတော့သည်။
'ငတုံးမ... နင် ဘုရင်ကို သတ်ပြီးတာနဲ့ ငါ့အစောင့်တွေကို နင့်ကို ဖမ်းခိုင်းလိုက်မှာပေါ့။ နင် ငါ့ကို ဘယ်လောက်ပဲ လွှဲချဖို့ ကြိုးစားကြိုးစား ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ နင် ထောင်ထဲ ရောက်သွားရင်တော့ ငါ့မိန်းမ ဖြစ်ရုံကလွဲလို့ တခြားမရှိတော့ဘူး' အိမ်ရှေ့မင်းသားက ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် ရေရွတ်လိုက်သည်။
သူသည် မျက်လုံးများကို မှိတ်ကာ သူ ဘုရင်ဖြစ်မည့် နန်းတက်ပွဲ အခမ်းအနားအကြောင်း စိတ်ကူးယဉ်နေလေတော့သည်။
အချိန်များမှာ တဖြည်းဖြည်း ကုန်လွန်သွားခဲ့ရာ ၅ ရက်ခန့် ထပ်မံ ကြာမြင့်သွားခဲ့သည်။
ယနေ့မှာ ၇ ရက်မြောက်နေ့ ဖြစ်သည်။ လုံချန်းသည် ဒုတိယမင်းသားထံမှ ကောင်းကင်အုပ်စိုးရှင် လက်နက်ကို သွားယူရမည့်နေ့ပင်။
လုံချန်းသည် အိပ်ရာမှ ထကာ ရေချိုးလိုက်သည်။ သေသေချာချာ ဝတ်စားပြင်ဆင်ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။
သူ အောက်ထပ်သို့ ဆင်းလာသောအခါ
"မင်္ဂလာနံနက်ခင်းပါရှင်။ အပြင်သွားမလို့လား။ ရှင်နဲ့ မတွေ့ရတာ တော်တော်ကြာပြီနော်" ဧည့်ကြိုမလေးက လှမ်းနှုတ်ဆက်သည်။
"ဟုတ်ကဲ့... ကျင့်ကြံနေလို့ပါ။ အခုတော့ နည်းနည်း ပင်ပန်းလာတာနဲ့ အပြင်ထွက် လမ်းလျှောက်ရင်း ဟိုနေရာက အရသာရှိတဲ့ ဝိုင်လေး သွားသောက်မလို့။ နောက်မှ တွေ့မယ်နော်" လုံချန်းက ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့... ပျော်ပျော်ရွှင်ရွှင် သွားပါရှင်"
လုံချန်းသည် ဟိုတယ်မှ ထွက်ကာ အေးရိပ်သာဆီသို့ ဦးတည်လိုက်သည်။ လမ်းကို မှတ်မိနေပြီ ဖြစ်သဖြင့် ယခုတစ်ခေါက်တွင် ပို၍ မြန်မြန် ရောက်ရှိသွားခဲ့သည်။
လုံချန်း အထဲသို့ ဝင်လိုက်သောအခါ ယနေ့တွင် လူပိုစည်ကားနေသည်ကို တွေ့ရသည်။ အမျိုးသားများစွာ ရှိနေပြီး မိန်းကလေးများ၏ ဖျော်ဖြေမှုကို ခံယူနေကြသည်။
လုံချန်းသည် မိန်းကလေးတစ်ဦးထံသို့ သွားကာ မေးလိုက်သည်။
"ဒီနေ့ ဒုတိယမင်းသား ဒီကို ရောက်လာသေးလား"