← Chapters

လီမျိုးနွယ်စုမှာ တိုက်ခိုက်ခြင်း

Vol. 8 Ch. 764

လီမျိုးနွယ်စုမှာ တိုက်ခိုက်ခြင်း

Vol. 8 Ch. 764

ပိုင်ရှောင်ချန်းပါးစပ်မှ ထိုစကားများထွက်ပေါ်လာသောအခါ လီထျန်ရှန်၏ ဖခင်မှာ ဧရာမစေတီတော်ကြီး၏ အမြင့်ဆုံးအထပ်ရှိ သီးသန့်အခန်းထဲတွင် ထိုင်နေသည်။ သူသည် ဂုဏ်သရေကြီးမားလှသော ကောင်းကင်မြို့စားကြီးတစ်ယောက်ဖြစ်သော်လည်း သူ၏မျက်နှာ တင်းမာနေရသည်။

နတ်အဆင့်သို့ တစ်ဝက်တိတိ ရောက်နေပြီဖြစ်သော်လည်း သူသည်စိတ်မကြည်မလင်ဖြစ်နေရ၍ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အဆင့်တစ်ခုအထိပင်ကျကာ မတည်မငြိမ်ဖြစ်နေသည်။

ပိုင်ရှောင်ချန်း၏ စကားများမှာ အထင်လွဲစရာအကြောင်းမရှိပေ။ ထို့အပြင် လီထျန်ရှန်၏ဖခင်မှာ ပိုင်ရှောင်ချန်းရောက်လာသည်ကို အသေးစိတ်ကြည့်ရှုနေသည်ဖြစ်ပြီး တချိန်လုံး သူ၏အမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲနေပြီးနောက် အဆုံးတွင် တင်းမာလာရသည်။

သူ၏အသက်ရှူသံများပင် ရှုပ်ထွေးနေသည်။ သူသည် ကောင်းကင်မြို့စားကြီးတစ်ယောက်ဖြစ်၍ လီထျန်ရှန်နှင့် ဤမျိုးနွယ်စုရှိအခြားလူများအားလုံးထက် အမြော်အမြင်ပိုရှိသည်။ ဤပိုင်ဟောက်ဆိုသူမှာ မဟာကောင်းကင်သခင်၏ ခွင့်ပြုချက်မရပါက သူ၏တပ်သားများကို ဤနေရာသို့ခေါ်လာမည်မဟုတ်ကြောင်း သူကသိသည်။

လက်ရှိအခြေအနေတွင် လူအင်အားမှာအဓိကမဟုတ်ပဲ ရာထူးအာဏာမှာ အဓိကဖြစ်နေသည်။ ဗဟိုဧကရာဇ်မြို့တော်တွင် ကောင်းကင်နယ်စား တစ်ရာ့ရှစ်ယောက်ရှိသည်ဖြစ်ပြီး စစ်ဆေးရေးအရာရှိက ထိုသူများထဲမှ တစ်ယောက်ထံသို့ ယခုကဲ့သို့အတင့်ရဲစွာ ရောက်လာနိုင်သည်ကိုကြည့်လျှင် မဟာကောင်းကင်သခင်၏ အချုပ်အခြာအာဏာကို အထင်အရှားမြင်နိုင်ပေသည်။

" ဒါခြိမ်းခြောက်မှုတစ်ခုများလား "

ကောင်းကင်မြို့စားလီက တွေးလိုက်သည်။ ယခုတွင် သူသည် အလွန်အမင်း ရတက်မအေးဖြစ်နေရပြီး ပို၍ပင် သတိထားနေတော့သည်။ မဟာကောင်းကင်သခင်နှင့် ပတ်သတ်၍ သူသိသောအရာအားလုံးကို ပြန်တွေးနေရင်း သူ၏နဖူးပေါ်တွင် ချွေးသီးလုံးများထွက်လာပြီး သူ့နှလုံးသားထဲတွင် ကြောက်လန့်မှုများ ပေါက်ဖွားလာတော့သည်။

" မဟာကောင်းကင်သခင်က ငါ့ကိုသတ်ချင်နေတာပဲ "

ကောင်းကင်မြို့စားလီက ထိုသို့ယူဆလိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ကြောက်မက်ဖွယ် အရိပ်အယောင်တစ်ခုပေါ်ထွက်လာပြီး သူ၏အသက်ရှူသံများ မြန်ဆန်လာတော့သည်။ မဟာကောင်းကင်သခင်သာ သူ့ကိုတကယ်သတ်ချင်ပါက အခြေအနေများမဆိုးခင် ထွက်ပြေးရုံမှတစ်ပါး သူ့မှာ အခြားရွေးချယ်စရာမရှိပေ။

သို့သော်လည်း သူသည် ထိုသို့မလုပ်နိုင်လောက်အောင်ဖြစ်နေရသည်။ သူသည် ကောင်းကင်မြို့စားဆိုသောရာထူးကိုရရှိရန် နှစ်ပေါင်းများစွာ ကျင့်ကြံထားရသည်ဖြစ်ပြီး ယခုတွင် မြေရိုင်းဒေသ၏ အင်အားအကြီးဆုံး မျိုးနွယ်စုတစ်ခုကို ဦးဆောင်ထားသူဖြစ်သည်။ သူသည် အသတ်ခံရန် ထိုင်စောင့်နေဖို့ရာ မလိုလားပေ။ သူ့ဘက်မှ ပြန်၍တိုက်ခိုက်ရမည်ဖြစ်သည်။ ဤအသက်အန္တရာယ်ကြီးကို ဖယ်ရှားနိုင်မည့်နည်းလမ်းတစ်ခုကို စဥ်းစားရမည်ဖြစ်သည်။

" အချိန်ဆွဲဖို့လိုတယ် "

သူက ထိုသို့ဆုံးဖြတ်လိုက်သည်။ ဤပြဿနာကို ဖြေရှင်းနိုင်မည့် တစ်ခုထဲသောနည်းလမ်းမှာ အချိန်ဆွဲရန်ဖြစ်သည်။ ထိုအတောအတွင်း သူသည် ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်နိုင်လိုက်ပါက အခြားကောင်းမြို့စားများနှင့် နယ်စားများမှာ လှုပ်ရှားသွားနိုင်မည်ဖြစ်သည်။ ကောင်းကင်ဘုရင်လေးပါးပင် ပါလာနိုင်သည်။

သူသည် ကောင်းကင်မြို့စားတစ်ယောက်ဖြစ်သည့်အတွက် အခြားကောင်းကင်မြို့စားများမှာလည်း သူတို့နှင့်အဆင့်အတန်းတူသည့် လူတစ်ယောက် အလွယ်တကူ လက်စဖျောက်ခံရသည်ကို သဘောကျကြမည်မဟုတ်ပေ။ သူ့အား ကူညီပင် ကူညီကြဦးမည်ဖြစ်သည်။ အခြားရှုထောင့်များမှကြည့်ပါက သူတို့ကိုယ်သူတို့ ပြန်၍ ကယ်တင်သကဲ့သို့ ဖြစ်နေမည်မဟုတ်ပါလော။

တော်ဝင်အချုပ်အခြာအာဏာအတွင်းရှိ အရေးပါသောလူတိုင်းကိုသာ လှုပ်ရှားလာစေရန် သူလှုံ့ဆော်နိုင်ပါက မဟာကောင်းကင်သခင်ပင်လျှင် ထိုကိစ္စကို အလေးအနက်စဥ်းစားရတော့မည်ဖြစ်သည်။

" ဗဟိုဧကရာဇ်ကရော ဘယ်လိုလုပ်မလဲ။ မဖြစ်ဘူး၊ မဖြစ်ဘူး။ ငါ ဗဟိုဧကရာဇ်ဆီသွားလို့ မဖြစ်ဘူး "

ထို့နောက် ရုတ်တရက် ကောင်းကင်မြို့စားလီမှာ တုန်ရီသွားရပြီး ဤကိစ္စ၏ အဓိကအကြောင်းအရင်းကို အရိပ်အမြွက်မျှ သိသွားတော့သည်။

" မဟာကောင်းကင်သခင်သာ ငါ့ကိုသတ်ချင်တယ်ဆိုရင် ငါ့ကိုကွပ်မျက်ဖို့ အမိန့်ထုတ်လိုက်မှာပေါ့။ ဘာလို့ပိုင်ဟောက်ကို ခိုင်းနေမလဲ။ သူက ငါ့ကိုသတ်တဲ့ကိစ္စကို ခုတုံးလုပ်ပြီး ခုံရုံးမှာ ငါ့ဘက်က ဘယ်သူလိုက်ပြောပေးမလဲဆိုတာကို ဖော်ထုတ်ဖို့ကြိုးစားနေတာပဲ။ မြွေတွေကို ကျဥ်းထဲကထွက်လာအောင် စောင့်ဖမ်းနေတာပဲ ဖြစ်ရမယ် "

ထိုအတွေးများမှာ ကောင်းကင်မြို့စားလီ၏ ခေါင်းထဲတွင် နာကျည်းစရာကောင်းစွာ ပြည့်နှက်နေတော့သည်။ ထိုသို့တွေးမိလိုက်လေလေ ၎င်းမှာဖြစ်နိုင်ချေပို၍ရှိလာလေလေဖြစ်၍ သူ့မှာ လုပ်စရာနှစ်ခုရှိသည်ဟု ဆုံးဖြတ်လိုက်တော့သည်။ ပထမအချက်မှာ သူ့အားကူညီပေးမည့် လူများရောက်စေရန် အချိန်ဆွဲရမည်ဖြစ်ပြီး ဒုတိယအချက်မှာ ထွက်ပြေးဖို့ လမ်းကြောင်းတစ်ခုရှာရန်ဖြစ်သည်။

" အချိန်ဆွဲရမယ်။ ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ရမယ် "

သူက တောက်ပနေသည့်မျက်ဝန်းများဖြင့် လီထျန်ရှန်ဆီသို့ သတင်းပို့လိုက်တော့သည်။

" အဲဒီအလောင်းတပ်သားတွေကိုသတ်ပစ်။ ပိုင်ရှောင်ချန်းကိုလည်း ရတဲ့နည်းနဲ့ သတ်ပစ် "

လီမျိုးနွယ်စုဝင်တိုင်းမှာ တုန်ရီနေကြစဥ် လီထျန်ရှန်မှာ သူ၏ဖခင်ဆီမှ သတင်းရလိုက်လေသည်။ သူသည် အခြေအနေမှာ ဤမျှလောက်ထိ မဆိုးရွားသေးဟု ထင်နေပါသော်လည်း ယခုတွင်မူ တွေးတောကြံဆနေရန်အချိန်မရှိတော့ပေ။ သူက ပိုင်ရှောင်ချန်းကို စိုက်ကြည့်လိုက်ပြီး အော်ဟစ်လိုက်တော့သည်။

" ပိုင်ဟောက်ရဲ့ အမိန့်က အတုအယောင်တွေ။ ဒါပူးပေါင်းကြံစည်မှု မြောက်တယ်။ လီမျိုးနွယ်စုရဲ့ကျင့်ကြံသူတွေ၊ သူ့ကိုအခုချက်ချင်း သတ်ကြစမ်း "

သူ၏လက်အောက်ရှိ အခြားကျင့်ကြံသူများမှာ တစ်ခဏမျှ တွေဝေသွားကြသော်လည်း လီမျိုးနွယ်စု ပြိုကွဲပါက သူတို့ပါ အသတ်ခံရနိုင်ချေရှိသည်ကို သိထားကြသည်။ ထို့ကြောင့် သူတို့မှာ ဒေါတသကြီးကြိမ်းဝါးကာ အော်ဟစ်လိုက်ပြီး တိုက်ပွဲထဲသို့ ပြေးဝင်သွားကြတော့သည်။

တစ်ခဏလေးအတွင်း ကျင့်ကြံသူအယောက်တစ်သောင်းကျော်မှာ အော်ဟစ်ကာ ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းလာကြတော့သည်။

ထိုအခါ ပိုင်ရှောင်ချန်းမှာ သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ၏ အနက်ရောင်ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသည့် တပ်သားအယောက်တစ်ထောင်ကို ရှေ့ကိုစေလွှတ်ကာ သူဆီသို့ပျံသန်းလာနေသည့် တပ်ဖွဲ့ကြီးနှင့် ဆုံတွေ့စေလိုက်သည်။

ထိုအခါ တအုန်းအုန်းမြည်ဟည်းသံများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။ ပိုင်ရှောင်ချန်းမှာမူ တိုက်ပွဲတွင် ဝင်မပါပဲ နောက်ဘက်တွင်နေရစ်ခဲ့ပြီး သူ့အား အလောင်းတပ်သားတစ်ဖွဲ့က ကာရံထားလေသည်။ သူ၏သနားစရာ အသက်ကလေးမှာ အရေအကြီးအဆုံးဖြစ်၍ ၎င်းကို သူ အထိခိုက်ခံမည်မဟုတ်ပေ။

အလောင်းတပ်သားများ တိုက်ခိုက်သည်ကို သူမြင်ရသည်မှာ ယခုသည်ပထမဆုံးအကြိမ်ဖြစ်၍ ထိုမြင်ကွင်းမှာ အလွန်အံ့သြစရာကောင်းနေတော့သည်။ သူတို့သည် နာကျင်ခံစားရသည့်ဟန် လုံးဝမပေါ်ပဲ အပြင်အားသိုင်းကွက်များကိုသာ အသုံးပြုကြသည်။ သူတို့မှာ ရောက်သည့်နေရာတိုင်းတွင် ရုန့်ရင်းကြမ်းတမ်းစွာတိုက်ခိုက်နေပြီး မြင်သမျှရန်သူအားလုံးကို သတ်ဖြတ်နေတော့သည်။

မှော်အတတ်များပါမက မှော်လက်နက်များပါ သူတို့အပေါ် သက်ရောက်မှုရှိသည့်ပုံမပေါ်ပေ။ သူတို့သည် တိုက်ပွဲထဲသို့ တွေဝေမနေပဲ ချီတက်သွားကြလေသည်။ အသက်ရှူကြိမ်အနည်းငယ်အတွင်း သနားစဖွယ်အော်ဟစ်မြည်တမ်းသံများမှာ လေထုထဲသို့ မြင့်တက်လာတော့သည်။ လီမျိုးနွယ်စု ကျင့်ကြံသူများက အလောင်းတပ်သားများကို လုံးဝမယှဥ်နိုင်သည်မှာ အထင်အရှားပင်။ သူတို့ထဲရှိ အများစုမှာ မျက်စိတစ်မှိတ်အတွင်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်ကုန်ကြသည်သာဖြစ်သည်။

သွေးညှီနံ့များမှာ လေထုထဲတွင် ပြည့်နှက်နေပြီး မကြာမီတွင် မျိုးနွယ်စု မန္တန်အစီအရင်မှာ သက်ဝင်လှုပ်ရှားလာတော့သည်။ ထိုအခါ သွေးရောင်အလင်းမျက်နှာပြင်ကြီးတစ်ခု စူးရှတောက်ပလာပြီး နှလုံးခုန်သံကဲ့သို့သော အသံတစ်သံပေါ်ထွက်လာသည်။

ထိုနှလုံးခုန်သံကြီး ပဲ့တင်ထပ်နေစဥ် အနက်ရောင် အဆိပ်ဓာတ်ငွေ့များမှာ လီမျိုးနွယ်စု ကျင့်ကြံသူများထံမှ ထွက်လာကြတော့သည်။ ထို့အပြင် သူတို့ထဲရှိအများစုမှာ လူ့နှလုံးသားအစစ်များကို ဆွဲထုတ်ကာ ထူးဆန်းသောစကားလုံးများအော်ဟစ်၍ ချေမွလိုက်ကြတော့သည်။

ထိုနှလုံးများ ကြေမွသွားသောအခါ ပူဆွေးသောကရောက်ကာ နာကျည်းမှုများဖြင့်ပြည့်နှက်နေသည့် အမျိုးသမီးများ၏ပုံရိပ်များပေါ်ထွက်ပြီး အလောင်းတပ်သားများကို တိုက်ခိုက်ရန် ရှေ့သို့ပျံသန်းလာကြတော့သည်။

ထိုအမျိုးသမီးပုံရိပ်များမှာ အလွန်အဆိပ်ပြင်းသည်။ မကြာသေးမီက ချေမွခံလိုက်ရသည့် နှလုံးသားများမှာမူ ' ပျိုကညာ နှလုံးသား ' ကျင့်စဥ်၏ သင်္ကေတများသာ ဖြစ်သည်။

ဤပညာရပ်မှာ လီမျိုးနွယ်စု အဓိကကျင့်ကြံနေသော အဆိပ်သိုင်းတစ်မျိုးဖြစ်သည်။ ၎င်းကို ' မိန်းမတို့၏ နှလုံးသားကဲ့သို့ စက်ဆုပ်ဖွယ်ကောင်းသောအဆိပ်ဟူ၍မရှိ ' ဆိုသည့် ရှေးဟောင်းဆိုရိုးစကားမှ ဆင့်ပွားယူကာ ဖန်တီးထားခြင်းဖြစ်သည်။

သို့သော် ပိုင်ရှောင်ချန်း၏ အမြင်အရ ယခုတွင် စက်ဆုပ်ဖွယ်ကောင်းနေသည်မှာ အမျိုးသမီးများ၏ နှလုံးသားများမဟုတ်ပေ။ ရက်စက်လွန်းလှသည့် လီမျိုးနွယ်စုက နှလုံးသားများကို ထုတ်ယူကာ ကျင့်ကြံခြင်းနည်းအတွက်အသုံးပြုရသည့် အဆိပ်သိုင်းကွက်ကသာ စက်ဆုပ်ဖွယ်ကောင်းနေသည်။

ထိုအဆိပ်များမှာ အံ့သြဖွယ်ကောင်းလှပြီး ပထမဆုံးတွင် အလောင်းတပ်သားများမှာ ကမောက်ကမဖြစ်ကုန်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ပုပ်ပွလာသည့် အရိပ်အယောင်များပေါ်လာပြီး နှေးကွေးသွားကြတော့သည်။ သူတို့၏ အနက်ရောင်ချပ်ဝတ်တန်ဆာများပင် ထိခိုက်ကုန်ကြသည်။ ပိုင်ရှောင်ချန်းမှာ သူတို့ကို တိုက်ပွဲထဲမှ အလျင်အမြန် ဆုတ်ခွာစေလိုက်သဖြင့် သူ အကာအကွယ်မဲ့သွားရတော့သည်။

ထိုအခါ လီထျန်ရှန်သည် သတ်ဖြတ်လိုစိတ်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် အော်ဟစ်လိုက်လေသည်။

" ပိုင်ဟောက်ကို သတ်ကြဟေ့ "

သူ၏ စကားသံများ လေထဲတွင် ပဲ့တင်ထပ်နေစဥ် သူသည် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံခြင်းအခြေခံရှိသော လီမျိုးနွယ်စု အကြီးအကဲဆယ်ယောက်ကို ခြံရံလျက် ပိုင်ရှောင်ချန်းဆီသို့ လျင်မြန်စွာ ဦးတည်လာတော့သည်။ သူတို့၏ ပတ်ပတ်လည်တွင် အဆိပ်ငွေ့များ ရစ်ပတ်နေကြပြီး ထိုအငွေ့များမှာ နှလုံးသားနေရာတွင် အခေါင်းပေါက်များဖြစ်နေကြသည့် အရိပ်ပုံစံအမျိုးသမီးများ အသွင်ပြောင်းသွားကြတော့သည်။ သူတို့ပေါ်လာသည်နှင့် ပိုင်ရှောင်ချန်းမှာ အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့်အလား နှလုံးသားထဲတွင် ခံစားလိုက်ရပြီး မျက်နှာပျက်သွားတော့သည်။

သူက နောက်ဆုတ်ရန် ပြင်လိုက်စဥ်မှာပင် အဆိပ်ငွေ့များ၏ ဒဏ်ကိုခံလိုက်ရသော အနီးအနားရှိ အလောင်းတပ်သားများ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်များ တောက်ပလာတော့သည်။ သူတို့အားလုံးမှာ တပြိုက်နက်ထဲဆိုသလို ပါးစပ်များဟကာ အသက်ပြင်းပြင်းရှူသွင်းလိုက်ကြတော့သည်။

ထို့ကြောင့် နူးညံ့သော လေပြင်းတစ်ချက် ဖျတ်ခနဲ တိုက်ခတ်လာပြီး ထိုနေရာတစ်ဝိုက်ရှိ အဆိပ်ငွေ့အားလုံးကို သူတို့၏ ခန္ဓာကိုယ်များထံသို့ စုပ်ယူခြင်းကိုခံလိုက်ရတော့သည်။ ထိုမျှလောက်သာဆိုလျှင် ကြီးကြီးမားမားကိစ္စမဟုတ်ပါသော်လည်း တုန်လှုပ်စရာကောင်းသည့်အချက်မှာကား သူတို့သည် ထိုအဆိပ်ငွေ့များကို စုပ်ယူပြီးနောက် သူတို့၏ ကျင့်ကြံခြင်းအခြေခံများမှာ တဟုန်ထိုး မြင့်တက်ကုန်ကြသည်။

ထိုအဆိပ်ငွေ့များမှာ သူတို့အတွက် ကောင်းကျိုးပြုပေးကာ သူတို့၏ ကျင့်ကြံခြင်းအခြေခံကို ခေတ္တမျှ မြှင့်တင်ပေးနိုင်သည်။ ထိုသို့ ကျင့်ကြံခြင်းအခြေခံစွမ်းအား မြင့်တက်လာသဖြင့် သူတို့၏ ယခင်ဒဏ်ရာများမှာ ကွယ်ပျောက်သွားကြပြီး အကောင်းပတိ ပြန်ဖြစ်သွားကြတော့သည်။

ထိုအချင်းအရာကြောင့် ပိုင်ရှောင်ချန်းမှာ ကျေနပ်သွားရပြီး သူ၏အလောင်းတပ်သားများ စွမ်းအားကြီးမားသွားသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရတော့သည်။ သူတို့ထံတွင် သူ မသိသေးသည့် လျှို့ဝှက်ချက်များစွာ ထပ်မံရှိနေဦးမည်မှာ ဧကန်ပင်။

၎င်းမှာ အမှန်ပင်ဖြစ်သည်။ အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် အလောင်းတပ်သားများမှာ အန္တရာယ်ကြီးမှော်သိုင်းများကို စုပ်ယူနိုင်ပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံအတွက် ၎င်းသိုင်းစွမ်းအားများကို ဓာတ်ကူပစ္စည်းအဖြစ် အသုံးချနိုင်သည်။ ထိုအချက်ကြောင့် သူတို့မှာ တိုက်ခိုက်သည့်အချိန်ကြာလာသည်နှင့်အမျှ ပိုမိုစွမ်းအားကြီးလာသည့် စစ်တပ်တစ်ခု ဖြစ်နေတော့သည်။

ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားမှုများနှင့် ဖုံးလွှမ်းနေပြီး လီထျန်ရှန်နှင့် သူ၏ဘေးရှိလူများကို လက်ညှိုးထိုးလိုက်တော့သည်။

" သူတို့အားလုံးကို သတ်ကွာ "

ထိုအခါ သတ်ဖြတ်လိုသောအငွေ့အသက်များ အတောမသတ်နိုင်အောင် ထွက်နေကြသည့် အလောင်းတပ်သားများမှာ ချက်ချင်းပင် လီထျန်ရှန်ဆီသို့ ဦးတည်သွားကြတော့သည်။

" အခြေအနေမကောင်းတော့ဘူး "

လီထျန်ရှန်မှာ မျက်နှာပျက်သွားကာ နောက်သို့ဆုတ်ရန် ပြင်လိုက်သည်။ သို့သော် သူသည် ထင်သလောက် မမြန်သဖြင့် လှုပ်ရှားနိုင်ချိန်ပင်မရှိလိုက်ပဲ သူနှင့် မျိုးနွယ်စု အကြီးအကဲ ဆယ်ယောက်မှာ အလောင်းတပ်သားများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရတော့သည်။ သူတို့၏ ပါးစပ်များထဲမှ သွေးများ ချက်ချင်းပန်းထွက်လာကြပြီး ပြင်းထန်သောဒဏ်ရာများနှင့် ဆုတ်ခွာသွားကြရတော့သည်။

ပိုင်ရှောင်ချန်းမှာမူ အားပါးတရ ရယ်မောနေတော့သည်။

" မင်းနဲ့ငါတိုက်ရင် ဒီလိုဖြစ်တယ် လီထျန်ရှန်ရေ။ ငါတစ်ကွက်လောက် လှုပ်ရှားလိုက်ရင် နတ်ဘုရားတွေတောင် သူတို့ရဲ့ မျက်နှာကို ကွယ်ဝှက်နေရတာကွ "

ပိုင်ရှောင်ချန်းမှာ သူ၏စကားလုံးအသုံးအနှုန်းများ ကောင်းမွန်လှသဖြင့် သဘောကျနေတော့သည်။

သို့သော် သူစကားဆုံးသွားသည့် အချိန်မှာပင် သွေးများစိုရွှဲကာ ဒဏ်ရာရထားသည့် လီထျန်ရှန်က သူ့ကိုလှည့်ကြည့်ကာ ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်လိုက်တော့သည်။

" အင်္ဂါစွန့်လွှတ်ခြင်း "

All Chapters