အခန်း (၃၃၉-၃၄၀)
Vol. 34 Ch. 339-340
အခန်း (၃၃၉) နန်းတော်ထဲသို့ ခိုးဝင်ခြင်း
လုံချန်း၏ မေးခွန်းကို ကြားလိုက်ရသောအခါ မိန်းကလေးများက သူ့ကို လူအ,တစ်ယောက်လို ထူးဆန်းစွာ ကြည့်လိုက်ကြသည်။
"နင့်ကို ငါမှတ်မိတယ်၊ ပြီးခဲ့တဲ့ ရက်က ဒုတိယမင်းသားဆီ လာတွေ့တဲ့ သူ့သူငယ်ချင်းမလား" အမျိုးသမီးတစ်ဦးက သူ့အနားသို့ လျှောက်လာပြီး လက်ကိုဆွဲကာ အခန်းတစ်ခုထဲသို့ ခေါ်သွားခဲ့သည်။
သူမသည် လုံချန်းကို အခန်းထဲခေါ်သွင်းပြီး တံခါးပိတ်လိုက်သည်။
"ဒုတိယမင်းသားရဲ့ သူငယ်ချင်းဖြစ်ဖို့ဆိုတာ နင်က သာမန်လူတော့ မဟုတ်လောက်ဘူး။ ဒီနေ့အတွက် ငါ နင့်ကို ပြုစုပေးပါရစေ" ထိုသို့ ပြောကာ ထိုမိန်းကလေးက သူ့အနားသို့ တိုးကပ်လာသည်။
လုံချန်း ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် သူမသည် အပေါ်အင်္ကျီကို ချွတ်ချလိုက်ပြီး သူမ၏ ရင်သားအစုံကို လုံချန်းရှေ့တွင် ဗလာကျင်းပြလိုက်လေတော့သည်။
"ငါ ဒီကိုလာတာ အဲဒီအတွက် မဟုတ်ဘူး။ ဒုတိယမင်းသားနဲ့ တွေ့ဖို့လာတာ။ ဒီနေ့ ဒီမှာတွေ့ဖို့ ငါတို့ ချိန်းထားလို့" လုံချန်းက ခုတင်ပေါ်တွင် ထိုင်ရင်း အေးအေးဆေးဆေးပင် ပြောလိုက်သည်။
သူသည် အမျိုးသမီး၏ ခန္ဓာကိုယ်ကို မြင်တွေ့ရသော်လည်း တုန်လှုပ်ချောက်ချားခြင်းမရှိဘဲ ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်နေသည်။ သူက သူမကို စိုက်ကြည့်ရင်း စကားဆက်ပြောသည်။
မိန်းကလေးက ပြုံးလျက် လုံချန်းအနားသို့ လျှောက်လာပြီး သူ့ဘေးတွင် ဝင်ထိုင်ကာ သူမ၏ ရင်ခွင်ကို လုံချန်း၏ လက်မောင်းနှင့် ထိကပ်လိုက်သည်။
"နင် တကယ်ပဲ မသိသေးဘူးလား" သူမက လုံချန်း၏ နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။
"ဘာကို မသိရမှာလဲ" လုံချန်းက ပြန်မေးသည်။ မိန်းကလေးက ချက်ချင်းပြန်မဖြေဘဲ လုံချန်းကို ခုတင်ပေါ်သို့ တွန်းလှဲလိုက်ပြီး သူမက အပေါ်မှ ခွစီးလိုက်လေသည်။
သူမသည် သူမ၏ နှုတ်ခမ်းများကို လုံချန်း၏ မျက်နှာနားသို့ တိုးကပ်လိုက်သည်။
"ဒုတိယမင်းသားက အခု ထောင်ထဲ ရောက်နေပြီလေ။ ဒီမြို့ထဲမှာ အားလုံး သိကြတာပဲ။ သူ အပြင်ပြန်ထွက်လာဖို့ကတော့ လောလောဆယ် မလွယ်သေးဘူး" ပြောပြီးနောက် သူမက လုံချန်းကို နမ်းလိုက်လေတော့သည်။
လုံချန်းသည် ထိုအနမ်းကို ခံစားနေမည့်အစား သူမကို လှည့်ပတ်ကာ အပေါ်သို့ ပြန်တက်လိုက်သည်။ သူသည် သူမနှင့် ခဏတာ ခွာလိုက်ပြီး -
"သူ ထောင်ထဲရောက်နေတယ် ဟုတ်လား။ ဘာလို့လဲ" သူ အံ့သြစွာ မေးလိုက်သည်။
မိန်းကလေးက လုံချန်း၏ ရင်ဘတ်ကို ပွတ်သပ်ရင်း
"သူ ဘာလုပ်လိုက်လဲဆိုတာတော့ ငါမသိဘူး။ တော်ဝင်နန်းတော်က ထွက်လာတဲ့ သတင်းအရတော့ ဒုတိယမင်းသား အဖမ်းခံထားရပြီဆိုတာပဲ သိရတယ်။ အချိန်တိုအတွင်း သူ ပြန်လွတ်လာမှာ မဟုတ်ဘူး"
လုံချန်းသည် မျက်မှောင်ကြုတ်ကာ တွေးတောနေမိသည်။
'သူ ခိုးဖို့ကြိုးစားရင်း အမိခံလိုက်ရတာလား။ အဲဒါကြောင့်ပဲ သူ့ကို ထောင်ထဲထည့်ထားတာ ဖြစ်ရမယ်' လုံချန်း တွေးလိုက်သည်။
သူ အတွေးလွန်နေစဉ်မှာပင် မိန်းကလေးက သူ့ကို ထပ်မံ နမ်းလိုက်ပြန်သည်။
လုံချန်းသည် သတိပြန်ဝင်လာပြီး ဤနေရာသည် တွေးတောနေရမည့် နေရာမဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ သူ ဒီမှာ ကြာကြာဆက်နေလျှင် နှလုံးသားမိစ္ဆာကြောင့် ထိုမိန်းကလေးကို ဝါးမြိုပစ်လိုသည့် စိတ်ရိုင်းများ ပေါ်လာနိုင်ပေသည်။
သူသည် သူမ၏ နှုတ်ခမ်းများမှ အမြန်ခွာကာ နောက်သို့ ဆုတ်ရန် ကြိုးစားသော်လည်း မိန်းကလေးက သူ့ကို လွှတ်မပေးပေ။ သူမသည် အသက်ဆက်ရန် ကြိုးစားနေသော လူတစ်ယောက်ကဲ့သို့ လုံချန်းကို အတင်းဖက်ထားလေသည်။
လုံချန်းသည် အခြေအနေမှာ အန္တရာယ်ရှိလာပြီဟု ခံစားလိုက်ရပြီး သူ၏ စိုးရိမ်မှုမှာ အမှန်ဖြစ်လာခဲ့သည်။ သူ၏ နှလုံးသားမိစ္ဆာသည် နိုးထလာပြီး အရာအားလုံးကို စောင့်ကြည့်နေသည်။ လုံချန်းက စိတ်ကို ထိန်းချုပ်ရန် ကြိုးစားလေလေ နှလုံးသားမိစ္ဆာက ကာမရာဂစိတ်ကို အဆပေါင်းများစွာ ပိုမိုပြင်းထန်လာအောင် လှုံ့ဆော်ပေးလေလေ ဖြစ်နေသည်။
နောက်ဆုံးတွင် လုံချန်းသည် စိတ်ကို မထိန်းနိုင်တော့ဘဲ ထိုအမျိုးသမီးကို ပြန်လည် နမ်းရှိုက်လေတော့သည်။
၃ နာရီကျော်ကြာအောင် ထိုအခန်းထဲမှ မိန်းကလေး၏ ညည်းတွားသံများမှာ မပြတ်တမ်း ထွက်ပေါ်နေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုအသံများမှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။
၃ နာရီအကြာတွင် လုံချန်းသည် အခန်းထဲမှ ထွက်လာပြီး အေးရိပ်သာမှ ထွက်ခွာခဲ့သည်။ သူသည် ပင်ပန်းနွမ်းနယ်နေပုံ မပေါ်ဘဲ အရင်ကထက်ပင် ပို၍ အားအင်ပြည့်ဝနေပုံရသည်။
သို့သော် သူ၏ မျက်နှာမှာ မပျော်ရွှင်ပေ။ တကယ်တော့ သူသည် အလွန် စိတ်အနှောင့်အယှက် ဖြစ်နေသည်။
"မင်း ငါ့အချိန်တွေကို အများကြီး ဖြုန်းပစ်လိုက်တာပဲ!" သူက လမ်းလျှောက်ရင်း ကျိန်ဆဲလိုက်သည်။
"ဒါက မင်းရဲ့ အလိုဆန္ဒပဲလေ။ ငါက နည်းနည်းလေးပဲ တွန်းအားပေးလိုက်တာပါ" သူ၏ ဦးနှောက်ထဲတွင် အသံတစ်သံ ပေါ်လာသည်။ ၎င်းမှာ ဆင့်ကဲပြောင်းလဲမှု ဖြစ်ပြီးနောက် စကားပြန်ပြောနိုင်စွမ်း ရှိလာသည့် နှလုံးသားမိစ္ဆာ၏ အသံပင် ဖြစ်သည်။
"ငါ မင်းကို ဆဲတောင် မဆဲချင်တော့ဘူး" လုံချန်းက ထိုစကားဝိုင်းကို အဆုံးသတ်လိုက်သည်။
သူသည် သူ၏ တာဝန်ကို စတင်စဉ်းစားသည်။ ဒုတိယမင်းသား အဖမ်းခံလိုက်ရပြီ ဖြစ်သဖြင့် သူကိုယ်တိုင် သွားရောက်ကာ အလုပ်ကို အပြတ်ရှင်းရပေတော့မည်။ သူသည် ညအချိန်တွင် နန်းတော်ထဲသို့ ခိုးဝင်ရန် ဆုံးဖြတ်လိုက်သည်။
လောလောဆယ်တွင် သူသည် တည်းခိုခန်းသို့ ပြန်လာခဲ့သည်။ ဧည့်ကြိုမလေးနှင့် ခဏစကားပြောပြီးနောက် အခန်းထဲသို့ ဝင်သွားသည်။
သူသည် ကျန်ရှိသော အချိန်များကို အခန်းထဲတွင်သာ ကုန်ဆုံးစေခဲ့သည်။ သူ၏ မိစ္ဆာဘုရင် ခန္ဓာကိုယ်ကို လေ့ကျင့်နေပြီး သန်းခေါင်ယံအချိန် ရောက်မှသာ ရပ်နားလိုက်သည်။
လုံချန်းသည် အခန်း၏ ဝရန်တာသို့ လျှောက်သွားကာ လမ်းမပေါ်တွင် လူသူကင်းရှင်းသည်ကို မြင်သောအခါ အောက်သို့ ခုန်ဆင်းလိုက်သည်။
သူသည် လမ်းပေါ်သို့ သက်ဆင်းပြီးနောက် နန်းတော်ဆီသို့ ဦးတည် လျှောက်လှမ်းခဲ့သည်။ နန်းတော်အနီးသို့ ရောက်သောအခါ သူသည် အမှောင် နိယာမကို စတင် အသုံးပြုလိုက်သည်။
လုံချန်းသည် ဟင်းလင်းပြင် နိယာမကို နားလည်သဘောပေါက်ပြီးနောက် စွမ်းရည်နှစ်ခု ရရှိထားသည်။
တစ်ခုမှာ နေရာရွှေ့ပြောင်းခြင်း ဖြစ်ပြီး မီတာ ၁၀၀ အတွင်း သူမြင်ဖူးသော မည်သည့်နေရာကိုမဆို ချက်ချင်း ကူးပြောင်းနိုင်သည်။ သို့သော် တစ်နေ့လျှင် အကြိမ်ရေ ကန့်သတ်ချက် ရှိသည်။
နောက်တစ်ခုမှာ ဟင်းလင်းပြင် ဖြတ်သန်းခြင်း ဖြစ်ပြီး ဟင်းလင်းပြင် အက်ကြောင်းတစ်ကြောင်းကို ဖွင့်ကာ ကီလိုမီတာ ၂၀၀ အတွင်း မည်သည့်နေရာကိုမဆို သွားနိုင်သည်။ သို့သော် တစ်နေ့လျှင် တစ်ကြိမ်သာ သုံးနိုင်ပြီး သူရောက်လိုသော နေရာ၏ မီတာ ၅၀၀ ပတ်လည်အတွင်းသာ တိတိကျကျ ရောက်လေ့ရှိသည်။
ထို့အပြင် အမှောင် နိယာမမှ အခြားစွမ်းရည်များလည်း ရှိသေးသည်။
ပထမတစ်ခုမှာ အရိပ် ပြောင်းလဲခြင်း ဖြစ်သည်။ သူသည် လေထုထဲတွင် ပျောက်ကွယ်သွားနိုင်ပြီး သူ့ထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့် မြင့်သောသူမှလွဲ၍ မည်သူမျှ မမြင်နိုင်ပေ။ သို့သော် ဤစွမ်းရည်ကို ညအချိန်တွင်သာ သုံးနိုင်ပြီး တစ်နေ့လျှင် ၅ မိနစ်သာ အမြင့်ဆုံး သုံးနိုင်သည်။
ဒုတိယ စွမ်းရည်မှာမူ အလွန်အစွမ်းထက်သော်လည်း လုံချန်းက ၎င်းကို သူ၏ ဘဝသက်တမ်းတစ်လျှောက် တစ်ခါမျှ မသုံးရပါစေနှင့်ဟု ဆုတောင်းထားသည့် စွမ်းရည်မျိုး ဖြစ်သည်။
လောလောဆယ်တွင် သူသည် ပထမစွမ်းရည်ကို အသုံးပြုလိုက်သည်။
သူ၏ ရွှေရောင်သန်းနေသော မျက်လုံးများသည် ကတ္တရာစေးကဲ့သို့ အနက်ရောင်သို့ ပြောင်းလဲသွားပြီး သူ ပျောက်ကွယ်သွားလေတော့သည်။
သူသည် သူ၏ ကောင်းကင်ဘုံ မိစ္ဆာတောင်ပံကို အသုံးပြုကာ ကောင်းကင်သို့ ပျံတက်ပြီး ဝရန်တာတစ်ခုအနားသို့ ဆင်းသက်လိုက်သည်။
သူသည် ပြတင်းပေါက်မှတစ်ဆင့် နန်းတော်အတွင်းသို့ ကြည့်လိုက်ပြီး လူမရှိသည်ကို အတည်ပြုပြီးနောက် အထဲသို့ နေရာရွှေ့ပြောင်းခြင်း လုပ်လိုက်သည်။
လုံချန်းသည် သူ၏ကိုယ်ထဲက နှလုံးစားပိုးကောင် ရှိရာကို အာရုံခံနိုင်သည်။ သူသည် သူယဉ်ပါးအောင် လုပ်ထားသော သားရဲများနှင့် ချိတ်ဆက်မှု ရှိနေသဖြင့် အကွာအဝေး အလွန်မဝေးလျှင် သို့မဟုတ် အကာအကွယ်စည်းများ မရှိလျှင် သူတို့၏ တည်နေရာကို သိနိုင်သည်။
စွမ်းရည်သုံးထားသည်မှာ ၁ မိနစ်သာ ရှိသေးသဖြင့် လုံချန်းမှာ ပျောက်ကွယ်နေဆဲ ဖြစ်သည်။
သူသည် နန်းတော်၏ ရှည်လျားသော စင်္ကြံလမ်းများအတိုင်း လျှောက်သွားသည်။ အစောင့်များ၏ ဘေးမှ အကြိမ်ကြိမ် ဖြတ်သွားသော်လည်း မည်သူမျှ သူ့ကို မမြင်ကြပေ။
လုံချန်းသည် မြေအောက်ခန်းသို့ ရောက်ရှိသွားပြီး လေးလံသော သံတံခါးကြီးတစ်ခုကို တွေ့လိုက်ရသည်။ ပိုးဖလံသည် ထိုတံခါးနောက်ကွယ်တွင် ရှိနေကြောင်း သူ အာရုံခံမိသည်။ ၅ မိနစ် ပြည့်သွားပြီ ဖြစ်သဖြင့် အရိပ် ပြောင်းလဲခြင်း စွမ်းရည်မှာလည်း ကုန်ဆုံးသွားခဲ့ပြီ။
သူသည် ဝိညာဉ်အာရုံကို အသုံးပြုကာ ကြည့်လိုက်ရာ တံခါးတစ်ဖက်တွင် အစောင့် ၅ ဦး ရှိနေသည်ကို တွေ့ရသည်။ ဒုတိယမင်းသား ရွေယုသည်လည်း ထိုနေရာရှိ အကျဉ်းခန်းထဲတွင် ရှိနေသည်။
လုံချန်းသည် သိုလှောင်လက်စွပ်ထဲမှ တောင်ဖြိုဓားကို ထုတ်ယူပြီး သတ်ဖြတ်ရန် အသင့်ပြင်လိုက်လေတော့သည်။
အခန်း (၃၄၀) သတ်ဖြတ်ခြင်း
လုံချန်းသည် ဤနေရာတွင် သူ၏ ဘုရင်ဓားကို အသုံးပြုပါက အစွမ်းထက်လှသော ဓားအရှိန်အဝါကြောင့် အစောင့်များ သတိပြုမိသွားနိုင်သည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် သာမန်အတိုင်းသာ ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည်။
လုံချန်းသည် တံခါးနားသို့ တိုးကပ်သွားပြီး တံခါးကို ခေါက်လိုက်သည်။
"ဟင်... ဒီအချိန်ကြီး ဘယ်သူရှိနေတာလဲ" အစောင့်တစ်ဦးက မေးလိုက်သည်။
"အိမ်ရှေ့မင်းသားများလား။ ဒုတိယမင်းသားကို ပြန်ခေါ်ဖို့ လာတာနေမှာ။ သူ အကျဉ်းကျတာ ၇ ရက် ပြည့်ပြီလေ" အခြားအစောင့်တစ်ဦးက ပြန်ဖြေရင်း တံခါးဖွင့်ရန် လျှောက်သွားသည်။
သူ တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ကန်ချက်တစ်ချက်က သူ၏ရင်ဘတ်တည့်တည့်သို့ ရောက်ရှိလာပြီး သူ့ကို နောက်သို့ လွင့်ထွက်သွားစေသည်။ အစောင့်သည် ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။
အကျဉ်းခန်းထဲသို့ လူတစ်ယောက် ဝင်လာသည်ကို မြင်လျှင် မြင်ချင်း ကျန်သောအစောင့်များက သူတို့၏ လက်နက်များကို အမြန်ထုတ်ယူလိုက်ကြသည်။ လုံချန်းသည် အထဲသို့ ဝင်ပြီးနောက် အပြင်သို့ အသံမထွက်စေရန် တံခါးကို ပြန်လည် သော့ခတ်လိုက်သည်။
သူ စကားစရန် ပြင်သော်လည်း အစောင့်တစ်ဦးက သူ့ကို အရင်ဦးအောင် တိုက်ခိုက်လိုက်သည်။ ထိုတိုက်ခိုက်မှုမှာ လုံချန်း၏ လည်ပင်းကို ပစ်မှတ်ထားခြင်းဖြစ်သည်။ အကယ်၍ ထိမှန်သွားပါက သူ သေဆုံးသွားနိုင်သည့် အခြေအနေမျိုးပင်။
လုံချန်းသည် တောင်ဖြိုဓားကို အသုံးပြုကာ ထိုဓားချက်အား ကြားဖြတ် တားဆီးလိုက်သည်။ အစောင့်က ထပ်မံ တိုက်ခိုက်ရန် ကြိုးစားသော်လည်း လုံချန်းက အခွင့်အရေး မပေးတော့ပေ။ သူသည် အစောင့်၏ အနောက်ဘက်သို့ နေရာရွှေ့ပြောင်းကာ ဓားဖြင့် အစောင့်၏ ရင်ဘတ်ကို ထိုးဖောက်လိုက်လေတော့သည်။
"ကျူးကျော်သူကို သတ်ကြစမ်း" အစောင့် ၃ ဦးက ဟိန်းဟောက်ကာ လုံချန်းကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြသည်။
လုံချန်းသည် လက်တစ်ဖက်ဖြင့် တောင်ဖြိုဓားကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင်မူ ချီ စွမ်းအင်ဖြင့် ပြုလုပ်ထားသော ဓားတစ်လက်အား ဖန်တီးကာ အစောင့်များ၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။ သူသည် ချီဓားဖြင့် အစောင့်တစ်ဦး၏ ရင်ဘတ်အား ထိုးစိုက်လိုက်ပြီး အခြားတစ်ဦး၏ လည်ပင်းကိုမူ တောင်ဖြိုဓားဖြင့် ပိုင်းဖြတ်လိုက်သည်။
ထို့နောက် တတိယမြောက် အစောင့်၏ ရင်ဘတ်ထဲသို့ ချီဓားနှင့် တောင်ဖြိုဓား နှစ်လက်လုံးကို တစ်ပြိုင်နက်တည်း ထိုးသွင်းလိုက်သည်။
"အု..." လုံချန်း ဓားများကို ပြန်ဆွဲထုတ်လိုက်သောအခါ အစောင့်၏ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ တစ်ပြင်လုံးမှာ သွေးများဖြင့် စိုရွှဲသွားခဲ့ပြီ။
ထိုအချိန်တွင် လုံချန်း၏ ကန်ချက်ကြောင့် လဲကျသွားသော ပထမဆုံး အစောင့်မှာ ပြန်ထလာပြီး လုံချန်းဆီသို့ ဓားဖြင့် ပြေးဝင်လာသည်။ လုံချန်းသည် သူ၏တောင်ဖြိုဓားကိုပင် မမြှောက်တော့ဘဲ သူ၏ဘယ်ဘက်လက်တွင် ချီစွမ်းအင်ဖြင့် ဓားမြှောင်တစ်လက်အား ဖန်တီးကာ ထိုလူ့ထံသို့ ပစ်လွှတ်လိုက်သည်။
ထိုဓားမြှောင်သည် နောက်ဆုံးအစောင့်၏ နဖူးတည့်တည့်သို့ ထိုးဝင်သွားကာ သူ့ကို ချက်ချင်း သေဆုံးစေခဲ့သည်။ သူ သေဆုံးသွားချိန်အထိ မျက်လုံးများမှာ ပြူးကျယ်နေဆဲပင်။
လုံချန်းသည် ဓားကို သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်ကာ ဒုတိယမင်းသား ရွေယုရှိရာ အကျဉ်းခန်းဆီသို့ လျှောက်သွားလိုက်သည်။ ဒုတိယမင်းသားမှာ ထောင့်တစ်နေရာတွင် ထိုင်ကာ အရာအားလုံးကို မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့ခြင်း ဖြစ်သည်။ လုံချန်း ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ မယုံနိုင်အောင် ဖြစ်နေရသည်။
ယခုအခါ သူသည် လုံချန်းကို အလွန်အမင်း ထိတ်လန့်နေပြီး ခြေထောက်များမှာလည်း တုန်ယင်နေသည်။
"သော့ ဘယ်မှာလဲ" လုံချန်းက အကျဉ်းခန်းရှေ့တွင် ရပ်ကာ မေးလိုက်သည်။
"အစောင့် တစ်ယောက်ယောက်ဆီမှာ ရှိမှာပါ။ ဘယ်သူ့ဆီမှာလဲ ဆိုတာတော့ ကျွန်တော် မသိဘူး" ဒုတိယမင်းသားက တွန့်ဆုတ်စွာ ပြန်ဖြေသည်။
လုံချန်းသည် အစောင့်များကို ကြည့်လိုက်ရာ သူတို့အားလုံးမှာ သွေးများဖြင့် စိုရွှဲနေသဖြင့် လိုက်လံ မရှာချင်တော့ပေ။
"အေးလေ... ထားလိုက်ပါတော့" သူက စိတ်မရှည်သော လေသံဖြင့် ရေရွတ်ကာ သူ၏ ချီစွမ်းအင်ဖြင့် လေးလံသော ဓားကြီးတစ်လက်ကို ဖန်တီးပြီး အားကုန် လွှဲယမ်းလိုက်သည်။
ထိုဓားချက်သည် အကျဉ်းခန်း သံတိုင်များကို အလွယ်တကူ ဖြတ်တောက်သွားသည်။ လုံချန်းက နောက်ထပ် တစ်ချက် ထပ်မံ ပိုင်းဖြတ်လိုက်ရာ ဒုတိယမင်းသား ထွက်လာနိုင်လောက်သည့် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာခဲ့သည်။
"မြန်မြန် ထွက်လာခဲ့။ ငါ့မှာ အချိန်အများကြီး မရှိဘူး။ ဒီတစ်ညပဲ အချိန်ရတာ" လုံချန်းက ဒုတိယမင်းသားကို စိုက်ကြည့်ရင်း အမိန့်ပေးလိုက်သည်။
"ဟုတ်... ဟုတ်ကဲ့ပါ" ဒုတိယမင်းသားမှာ လုံချန်းကို အလွန်ကြောက်နေပြီ ဖြစ်သဖြင့် အချိန်မဆွဲရဲဘဲ အမြန်ထွက်လာခဲ့သည်။ သူသည် လုံချန်း၏ ရှေ့တွင် လိမ်မာသော ကောင်လေးတစ်ယောက်ကဲ့သို့ ရပ်နေလေသည်။
"မင်းမှာ ကောင်းကင်အုပ်စိုးရှင် ရှိလား" လုံချန်းက မေးသည်။
"မရှိဘူးဗျ။ ကျွန်တော့်လက်ထဲမှာ ရှိနေတုန်း အစ်ကိုကြီး မိသွားတာ။ သူက အဲဒီလက်နက်ကို ဘဏ္ဍာတိုက်ထဲ ပြန်ထည့်ပြီး ကျွန်တော့်ကို ထောင်ထဲ ပို့လိုက်တာ" ဒုတိယမင်းသားက ရှင်းပြသည်။
"မင်းအစ်ကိုရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်လဲ"
"သူက... သူက မြေကမ္ဘာ အဆင့် ၂ ပါ" ဒုတိယမင်းသားက ကြောက်စိတ်ကြောင့် စကားထစ်အနည်းငယ် ထစ်ရင်း ပြန်ဖြေသည်။
'မြေကမ္ဘာ အဆင့် ၂ ဟုတ်လား။ ငါ ဝိညာဉ်နက်ဂိုဏ်းကို မလာခင်တည်းက မြေကမ္ဘာအဆင့် ထိပ်ဆုံးကလူတွေထက် ပိုသန်မာခဲ့တာ။ ငါ့ရဲ့ စွမ်းအားအများစု အပိတ်ခံထားရရင်တောင် သူ့ကို ငါ ကိုင်တွယ်နိုင်ပါတယ်။ အခုဆို ငါက အရင်ကထက်တောင် ပိုသန်မာလာသေးတယ်' လုံချန်းက တွေးလိုက်သည်။
"ငါ့ကို သူ့အခန်းဆီ ခေါ်သွားစမ်း"
"ဟုတ်... ဟုတ်ကဲ့" ဒုတိယမင်းသားက အပြင်သို့ ဦးဆောင်ထွက်သွားပြီး လုံချန်းက နောက်မှ လိုက်သွားသည်။
"ပုံမှန်အတိုင်းပဲ ယုံကြည်မှုရှိရှိ လမ်းလျှောက်ပါ။ မင်းက သူခိုးမဟုတ်ဘူး။ မင်းကို လွှတ်ပေးလိုက်လို့ ဒုတိယမင်းသားအဖြစ် ပြန်ရောက်လာတဲ့အတိုင်း နေပါ။ နောက်ကို လှည့်မကြည့်နဲ့" လုံချန်းက သူခိုးတစ်ယောက်လို ပုန်းလျှိုးကွယ်လျှိုး လမ်းလျှောက်နေသော ဒုတိယမင်းသားကို သတိပေးလိုက်သည်။
ဒုတိယမင်းသားသည် လုံချန်း၏ အမိန့်အတိုင်း ဟန်ပါပါဖြင့် လမ်းလျှောက်လေတော့သည်။ သူတို့ စင်္ကြံလမ်းများအတိုင်း လျှောက်သွားသောအခါ အစောင့်များနှင့် အစေခံများစွာကို ဖြတ်ကျော်ခဲ့ရသည်။
သူတို့အားလုံးက ဒုတိယမင်းသားကို အလေးပြုကြသည်။ 'ဟင်... ဒုတိယမင်းသား ပြန်လွတ်လာပြီလား။ တော်ဝင် မိသားစုဝင် ဆိုတော့လည်း လွှတ်ပေးလိုက်တာ ဖြစ်မှာပေါ့' သူတို့က တွေးနေကြသည်။
ဒုတိယမင်းသားမှာမူ အစောင့်များက လုံချန်းကို ဘာကြောင့် မမေးမြန်းကြတာလဲ ဆိုသည်ကို အံ့သြနေမိသည်။ လုံချန်းကို သူတို့ မမြင်ရသကဲ့သို့ပင်။ လုံချန်းက သရဲများလားဟု သူ မေးချင်သော်လည်း မမေးရဲပေ။
အမှန်တကယ်တွင်မူ လုံချန်းသည် သူရှိမနေသကဲ့သို့ အမြင်မှားစေသည့် ပုံရိပ်ယောင် နိယာမကို အသုံးပြု၍ သူ၏ တည်ရှိမှုကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် လမ်းကြောင်းနှစ်ဖက်လုံးမှ အစောင့်များ တစ်ပြိုင်နက်တည်း ပေါ်မလာသဖြင့် လုံချန်းအတွက် အဆင်ပြေနေခြင်း ဖြစ်သည်။
မိနစ် ၂၀ ခန့်အကြာတွင် ဒုတိယမင်းသားနှင့် လုံချန်းတို့သည် အိမ်ရှေ့မင်းသား၏ အခန်းရှေ့သို့ ရောက်ရှိလာသည်။
"ဒါ ကျွန်တော့်အစ်ကိုရဲ့ အခန်းပဲ" ဒုတိယမင်းသားက ပြောသည်။ ထိုအခန်းတွင် ပြတင်းပေါက်များ မရှိသဖြင့် လုံချန်း တိုက်ရိုက် နေရာရွှေ့ပြောင်းရန် မဖြစ်နိုင်ပေ။
"တံခါးခေါက်ပြီး အထဲဝင်သွား။ သူ့ကို စကားနဲ့ အာရုံလွှဲထားစမ်း" လုံချန်းက အမိန့်ပေးသည်။
"သူက ကျွန်တော် ဘယ်လိုထွက်လာလဲလို့ မေးရင် ဘာပြောရမလဲ"
"အစောင့်တွေကို လှည့်စားပြီး ထွက်လာတာလို့ ပြောလိုက်။ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို တံခါးနဲ့ ဝေးရာကို ခေါ်သွား"
"ကောင်းပါပြီ" ဒုတိယမင်းသားက ခေါင်းညိတ်လိုက်သော်လည်း လုံချန်း ဘာလုပ်မည်ကိုတော့ သူ နားမလည်သေးပေ။
သူ တံခါးကို ခေါက်လိုက်သည်။
"ဘယ်သူလဲ" ၅ မိနစ်ခန့်အကြာတွင် အတွင်းမှ အိမ်ရှေ့မင်းသား၏ အသံ ထွက်ပေါ်လာသည်။
"ကျွန်တော်ပါ အစ်ကိုကြီး... တံခါးဖွင့်ပေးပါဦး"
တံခါးမှာ ချက်ချင်း ပွင့်သွားခဲ့သည်။
"ရွေယု၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ။ ထောင်ထဲက ဘယ်လိုထွက်လာတာလဲ" အိမ်ရှေ့မင်းသားက အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။
"အစောင့်တွေကို လှည့်စားပြီး လွှတ်ပေးခိုင်းလိုက်တာလေ" ဒုတိယမင်းသားက နောက်ပြောင်သလို အပြုံးဖြင့် ပြောလိုက်သည်။
'ဒီသောက်ရူးတွေ' အိမ်ရှေ့မင်းသားက စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။
"အစ်ကိုကြီး... ကျွန်တော် အခုလို လုပ်တာက အစ်ကိုကြီးကို ပြောစရာ ရှိလို့ပါ။ ပြောစရာ လျှို့ဝှက်ချက်တစ်ခု ရှိတယ်" ဒုတိယမင်းသားက လေသံကို လျှော့ကာ ပြောလိုက်သည်။
"ဘာလျှို့ဝှက်ချက်လဲ"
"ဒီမှာ ပြောလို့ မဖြစ်ဘူး၊ တစ်ယောက်ယောက် ကြားသွားလိမ့်မယ်။ အထဲဝင်ရအောင်" ထိုသို့ ပြောကာ ဒုတိယမင်းသားက အထဲသို့ အတင်းဝင်ရန် ကြိုးစားသည်။
"ကောင်းပြီ... ဝင်ခဲ့လေ" အိမ်ရှေ့မင်းသားက နောက်သို့ ဆုတ်ပေးလိုက်သည်။