အခန်း (၃၄၁-၃၄၂)
Vol. 35 Ch. 341-342
အခန်း (၃၄၁) အိမ်ရှေ့မင်းသားကို ကိုင်တွယ်ခြင်း
အိမ်ရှေ့မင်းသားသည် နောက်သို့ဆုတ်ကာ ဒုတိယမင်းသားကို အခန်းထဲဝင်ခွင့်ပြုလိုက်သော်လည်း သူနှင့်အတူ လုံချန်းပါ ပါလာသည်ကိုမူ လုံးဝသတိမထားမိပေ။ လုံချန်းသည် ပုံရိပ်ယောင် နိယာမကို အသုံးပြုထားသဖြင့် အိမ်ရှေ့မင်းသား၏ မျက်စိထဲတွင် လုံချန်း ရှိမနေသကဲ့သို့ ဖြစ်နေသည်။
"ကဲ... ပြောစရာရှိတာ ပြောတော့" အိမ်ရှေ့မင်းသားက တံခါးကို သော့ခတ်ရင်း မေးလိုက်သည်။
"အဲဒါက... အရင်ထိုင်ကြရအောင်လေ။ ပြောရမှာ နည်းနည်းကြာဦးမယ်" ဒုတိယမင်းသားက ဧည့်ခန်းထဲရှိ ထိုင်ခုံများကို ညွှန်ပြကာ ဆိုသည်။
"ကောင်းပြီလေ"
အိမ်ရှေ့မင်းသားက ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ဒုတိယမင်းသားကလည်း သူ့ရှေ့တွင် ဝင်ထိုင်လိုက်သည်။
"ကဲ... ပြောတော့လေ၊ ဘာပြောမှာလဲ" အိမ်ရှေ့မင်းသားက ထပ်မေးပြန်သည်။
"အမှန်တော့ ကျွန်တော်က..." ဒုတိယမင်းသားမှာ ဘာပြောရမလဲ စဉ်းစားမရဖြစ်နေစဉ် သူ၏နားထဲတွင် လုံချန်း၏ တိုးတိုးလေး ပြောပြသံကို ကြားလိုက်ရသည်။ လုံချန်းက ဒုတိယမင်းသားကို ဘာပြောရမည်ဆိုသည်ကို သင်ပေးနေခြင်း ဖြစ်သည်။
"အမှန်တော့ အစ်ကိုကြီး... ကျွန်တော် သေရတော့မယ်ဗျ" ဒုတိယမင်းသားက ဆိုလိုက်သည်။
"မင်း ဘာတွေ လာပြောနေတာလဲ။ ကိုယ့်ကိုယ်ကိုယ် သတ်သေမလို့လား" အိမ်ရှေ့မင်းသားက မျက်မှောင်ကြုတ်ကာ မေးသည်။
"မဟုတ်ဘူး... ကျွန်တော် မသေချင်ဘူး အစ်ကိုကြီး။ ကျွန်တော် အသက်ရှင်ချင်တယ်၊ ဒါပေမဲ့ အစ်ကိုကြီးက ကျွန်တော့်ကို ကောင်းကင်အုပ်စိုးရှင် ယူခွင့်မပေးရင် ကျွန်တော် အသက်ရှင်နိုင်မှာ မဟုတ်ဘူး" ပြောရင်း ဒုတိယမင်းသား၏ မျက်လုံးတွင် မျက်ရည်များ ဝဲလာခဲ့သည်။
"လျှောက်မပြောနဲ့... လိုရင်းကိုပဲ တည့်တည့်ပြောစမ်း" အိမ်ရှေ့မင်းသားမှာ ညီဖြစ်သူ၏ မျက်ရည်များကို မြင်သော်လည်း အနည်းငယ်မျှပင် စိတ်မလှုပ်ရှားပေ။
"ကျွန်တော့်နှလုံးသားထဲမှာ အဆိပ်ရှိတဲ့ ပိုးကောင်တစ်ကောင် ရှိနေတယ်။ တစ်ယောက်ယောက်က အဲဒီပိုးကောင်ကို ထည့်ထားပြီး ကောင်းကင်အုပ်စိုးရှင်ကို ယူခိုင်းနေတာ။ ကျွန်တော်သာ အဲဒါကို မယူပေးနိုင်ရင် အဲဒီပိုးကောင်က ကျွန်တော့်ကို သတ်လိမ့်မယ်။ အစ်ကိုကြီး... ကျွန်တော့်ကို အေးအေးဆေးဆေး ယူခွင့်ပေးပါဗျာ။ အဲဒါက အားလုံးအတွက် ပိုကောင်းပါလိမ့်မယ်"
'သူ သေသွားမှာလား... အဲဒါက ပိုတောင် ကောင်းသေးတယ်' အိမ်ရှေ့မင်းသားက တွေးလိုက်သော်လည်း သူ၏မျက်နှာတွင်တော့ မဖော်ပြပေ။
"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား။ မင်းသေမှာကို ငါက ဘာလို့ ဂရုစိုက်ရမှာလဲ။ အဲဒီထဲက ဘာပစ္စည်းကိုမှ မင်းယူခွင့်မရှိဘူး။ ထစမ်း... မင်းကို ထောင်ထဲ ပြန်ပို့ရမယ်" အိမ်ရှေ့မင်းသားက ထရပ်ရင်း ပြောလိုက်သည်။
"ကဲ... ငါလည်း အေးအေးဆေးဆေး နည်းလမ်းကို သုံးကြည့်ပြီးပြီပဲ" အနီးအနားမှ ထွက်ပေါ်လာသော အသံကြောင့် အိမ်ရှေ့မင်းသားမှာ ထိတ်လန့်သွားခဲ့သည်။
သူ ဘာမှ မပြောနိုင်ခင်မှာပင် တစ်ကိုယ်လုံးသို့ ပြင်းထန်သော နာကျင်မှုတစ်ခု စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။ သူ ငုံ့ကြည့်လိုက်သောအခါ သူ၏ ညာဘက်လက်မှာ ကြမ်းပြင်ပေါ်တွင် ပြတ်ကျနေသည်ကို တွေ့လိုက်ရသည်။
သူ အော်ဟစ်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ ကျန်ရှိသော လက်တစ်ဖက်မှာလည်း အပိုင်းပိုင်း ပြတ်သွားခဲ့ပြန်သည်။ သူသည် ပြင်းပြင်းထန်ထန် အော်ဟစ်ရင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
လုံချန်းကတော့ သူ၏အော်ဟစ်သံကို ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် အိမ်ရှေ့မင်းသား၏ အခန်းမှာ အသံလုံအောင် ပြုလုပ်ထားကြောင်း ဒုတိယမင်းသားထံမှ သူ သိထားပြီးဖြစ်၍ ဖြစ်သည်။ မည်မျှပင် အော်အော်၊ အပြင်သို့ အသံထွက်သွားမည် မဟုတ်ပေ။
လုံချန်း၏ ပုံရိပ်ယောင် စွမ်းရည်မှာလည်း အလိုအလျောက် ရပ်တန့်သွားခဲ့သည်။ သူသည် ၎င်းကို အချိန်အတော်ကြာ သုံးထားခဲ့သဖြင့် ကန့်သတ်ချက်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ သို့သော် သူ ဂရုမစိုက်တော့ပေ၊ အိမ်ရှေ့မင်းသားမှာ ဘာမှ မလုပ်နိုင်တော့သော အခြေအနေသို့ ရောက်သွားပြီ မဟုတ်ပါလား။
"မင်း... မင်းက ဘယ်သူလဲ" အိမ်ရှေ့မင်းသားက လုံချန်းကို စိုက်ကြည့်ရင်း အသံကုန် အော်ဟစ်မေးမြန်းသည်။
"ငါက ကောင်းကင်အုပ်စိုးရှင်ကို တကယ်လိုချင်နေတဲ့သူတစ်ယောက်ပဲ။ မင်း မင်းညီရဲ့ စကားကို နားထောင်သင့်ခဲ့တာ" လုံချန်းက ပြုံးလျက် ဆိုသည်။ သူသည် ချီဓားကို ကိုင်ကာ ထိုလူ့ထံသို့ တိုးကပ်သွားသည်။
"တော်ပါတော့၊ ကောင်းကင်အုပ်စိုးရှင်ကို ယူသွားလို့ ရပါတယ်။ ကျွန်တော့်အစ်ကိုကြီးကိုတော့ မသတ်ပါနဲ့။ သူ့ကို အသက်ချမ်းသာပေးပါ" ဒုတိယမင်းသားက လုံချန်းကို တားဆီးရန် အနောက်မှ အော်ပြောလိုက်သည်။
လုံချန်းက အနောက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။
"ငါက ဘာလို့ အဲလို လုပ်ရမှာလဲ။ ငါ သူ့လက်တွေကို ဖြတ်ပစ်လိုက်ပြီ။ ငါတို့ကြားမှာ ရန်ငြိုးက စပြီလေ။ အခု သူ့ကို အသက်ရှင်လျက် ထားခဲ့ရင် သူက ငါ့ကို လက်စားချေဖို့ ကြံစည်နေမှာပေါ့။ ငါက မကြောက်ပါဘူး၊ ဒါပေမဲ့ ယင်ကောင်တွေ နောက်က လိုက်နေတာမျိုးကို ငါ မလိုချင်ဘူး" ထိုသို့ ဆိုကာ အိမ်ရှေ့မင်းသားကို ကန်ထုတ်လိုက်သည်။
အိမ်ရှေ့မင်းသားသည် လွင့်ထွက်သွားပြီး နံရံနှင့် ဆောင့်မိသွားသည်။ သူသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပြီး လုံချန်းကို စိုက်ကြည့်ကာ စကားပြောရန် ကြိုးစားသည်။
"မင်းကို ငါ သတ်..."
သူ စကားမဆုံးခင်မှာပင် ဓားတစ်လက်က သူ၏နှလုံးသားတည့်တည့်သို့ ထိုးဝင်သွားခဲ့သည်။ သေချာစေရန်အတွက် လုံချန်းသည် ဓားကို ထပ်မံ လွှဲယမ်းကာ သူ၏ခေါင်းကိုပါ ပိုင်းဖြတ်လိုက်လေတော့သည်။
ဒုတိယမင်းသားမှာ အိမ်ရှေ့မင်းသား ရက်ရက်စက်စက် အသတ်ခံလိုက်ရသည်ကို ကြည့်ပြီး ထိတ်လန့်တုန်လှုပ်စွာ မတ်တပ်ရပ်နေမိသည်။ သူသည် ခဏမျှပင် မျက်စိရှေ့က မြင်ကွင်းကို မယုံနိုင်အောင် ဖြစ်နေရသည်။
"ဘယ်ဘက်လက်လဲ" ထိုမေးလိုက်သော အသံကြောင့် သူ သတိပြန်ဝင်လာသည်။
"ဟင်"
"ဘယ်လက်နဲ့ ဘဏ္ဍာတိုက် တံခါးကို ဖွင့်ရတာလဲ" လုံချန်းက မေးခွန်းကို ထပ်မေးလိုက်သည်။
"ညာဘက်လက်ပါ..." ဒုတိယမင်းသားက ငိုင်တိုင်တိုင်နှင့် ပြန်ဖြေသည်။
"ကောင်းပြီ... ဒီမှာ ခဏစောင့်၊ ငါ အခု ပြန်လာခဲ့မယ်" လုံချန်းက ပြောရင်း အိမ်ရှေ့မင်းသား၏ ညာဘက်လက်ပြတ်ကို ကောက်ယူကာ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက် သူသည် အိမ်ရှေ့မင်းသား၏ အိပ်ခန်းထဲသို့ ဝင်သွားကာ ဗီရိုထဲမှ သူနှစ်သက်သော အဝတ်အစားအချို့ကို ရွေးချယ် ဝတ်ဆင်လိုက်သည်။ အိမ်ရှေ့မင်းသား၏ အဝတ်များကို ဝတ်ဆင်ပြီးနောက် သူသည် သိုလှောင်လက်စွပ်ထဲမှ အရာတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းမှာ မျက်နှာဖုံးတစ်ခု ဖြစ်ပြီး လုံချန်းက သူ၏မျက်နှာပေါ်တွင် တပ်ဆင်လိုက်သည်။ ထိုမျက်နှာဖုံးမှာ လုံချန်း ခရီးစတင်ကာစက ဝမ်းကွဲအစ်ကို လုံစုကို သတ်ပြီး ရရှိထားသော ပစ္စည်းတစ်ခု ဖြစ်သည်။
လုံချန်းသည် မျက်နှာဖုံးကို တပ်ဆင်လိုက်သောအခါ သူ၏ ရုပ်ရည်မှာ အိမ်ရှေ့မင်းသားနှင့် တထပ်တည်း တူညီသွားလေတော့သည်။ မည်သူမျှ ခွဲခြားနိုင်မည် မဟုတ်ပေ။ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ အနည်းငယ် ကွဲပြားသော်လည်း သာမန်လူတစ်ဦး သတိပြုမိလောက်သည့် အခြေအနေ မဟုတ်ပေ။
လုံချန်းသည် မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကာ အဝတ်အစားများကို သေသေချာချာ ပြင်ဆင်ပြီးမှ အပြင်သို့ ထွက်လာခဲ့သည်။ ဒုတိယမင်းသားမှာမူ သူ၏အစ်ကို အလောင်းကို ကြည့်ကာ မတ်တပ်ရပ်နေဆဲ ဖြစ်သည်။ သူ၏အစ်ကို သေဆုံးသွားသည့်အတွက် ဝမ်းနည်းနေသော်လည်း ယခုအချိန်တွင်မူ သူ၏အသက်ရှင်ရေးက ပို၍ အရေးကြီးနေသည်။
သူသည် သူ့ကိုယ်သူလည်း အပြစ်မတင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အစ်ကိုဖြစ်သူကို အမှန်အတိုင်း ပြောပြခဲ့သောကြောင့် ဖြစ်သည်။ အကယ်၍ အစ်ကိုဖြစ်သူက သူ့စကားကို ယုံကြည်ပြီး ကောင်းကင်အုပ်စိုးရှင်အား ပေးလိုက်လျှင် ယခုကဲ့သို့ သေရမည် မဟုတ်ပေ။
"သွားကြစို့။ ငါ့ကို ဘဏ္ဍာတိုက်ဆီ ခေါ်သွား" လုံချန်းက အခန်းထဲမှ ထွက်လာကာ ဒုတိယမင်းသားကို ပြောလိုက်သည်။
ဒုတိယမင်းသား လှည့်ကြည့်လိုက်သောအခါ လုံချန်းကို မြင်ပြီး အံ့သြတုန်လှုပ်သွားသည်။
"အစ်ကိုကြီး၊ အစ်ကိုကြီး ဘယ်လိုလုပ် အသက်ရှင်နေတာလဲ" သူက နောက်သို့ ဆုတ်ကာ အော်ဟစ်လိုက်သည်။
"ငါ မင်းအစ်ကို မဟုတ်ဘူး ငတုံးရဲ့။ အချိန်မဖြုန်းဘဲ ငါ့ကို ဘဏ္ဍာတိုက်ဆီ ခေါ်သွားစမ်း။ ငါ့မှာ ဒီညတစ်ညပဲ အချိန်ရှိတာ" လုံချန်းက စိတ်မရှည်စွာ ဆိုသည်။
"ဟင်... မင်းလား" ဒုတိယမင်းသားမှာ နားလည်သွားခဲ့သည်။
သူ့စိတ်ထဲတွင် မေးစရာများစွာ ရှိနေသော်လည်း မမေးရဲပေ။ လုံချန်းမှာ အချိန်ကြန့်ကြာနေသည့်အတွက် စိတ်တိုနေပြီဖြစ်ကြောင်း သူ အာရုံခံမိသည်။ သူသည် အမြန်ပင် တံခါးဆီသို့ လျှောက်သွားကာ အပြင်သို့ ထွက်ခဲ့သည်။ လုံချန်းကလည်း နောက်မှ လိုက်လာခဲ့သည်။
လုံချန်းနှင့် ဒုတိယမင်းသား ရွေယုတို့သည် နန်းတော်အတွင်း လျှောက်သွားကြသည်။ အစောင့်များနှင့် အစေခံများစွာ တွေ့သော်လည်း မည်သူမျှ ထူးဆန်းသည်ဟု မထင်ကြပေ။ အိမ်ရှေ့မင်းသားနှင့် ဒုတိယမင်းသားတို့ အတူတူ လျှောက်သွားနေသည်ဟုသာ အားလုံးက ထင်မှတ်နေကြသည်။
ဒုတိယမင်းသား လုပ်ခဲ့သမျှကို အိမ်ရှေ့မင်းသားက ခွင့်လွှတ်ပေးလိုက်ပြီဟု သူတို့က တွေးတောနေကြသည်။ အိမ်ရှေ့မင်းသားမှာလည်း စိတ်ဆိုးပုံ မပေါ်တော့ပေ။
၁၀ မိနစ် မပြည့်ခင်မှာပင် သူတို့ ဘဏ္ဍာတိုက်ရှေ့သို့ ရောက်ရှိလာသည်။ ဘုရင်ကြီးသည် သူ၏ဘဏ္ဍာတိုက် လုံခြုံမှုအပေါ် အလွန်အမင်း ယုံကြည်ချက်ရှိသဖြင့် ဤနေရာတွင် မည်သည့်အစောင့်မှ ထားရှိခြင်း မပြုပေ။
အခန်း (၃၄၂) ဘုရင်ကြီးနှင့် ရင်ဆိုင်ခြင်း
ဘုရင်ကြီးသည် သူ၏ ခွင့်ပြုချက်မပါဘဲ မည်သူမျှ ဘဏ္ဍာတိုက်ထဲသို့ မဝင်နိုင်ဟု အခိုင်အမာ ယုံကြည်ထားသည်။ သူ့မျက်လုံးထဲတွင် ထိုနေရာသည် ကမ္ဘာပေါ်တွင် အလုံခြုံဆုံးနေရာပင်။
လုံချန်းကတော့ ဤနေရာတွင် အစောင့်များ မရှိသည့်အတွက် ဝမ်းသာနေမိသည်။ ရှိနေလျှင်လည်း လူပိုသတ်ရုံသာ ရှိမည် မဟုတ်လော။ သူသည် တံခါးရှေ့တွင် ရပ်ကာ သေသေချာချာ အကဲခတ်လိုက်ရာ တံခါးပေါ်တွင် တပ်ဆင်ထားသော သေးငယ်သည့် ဝင်္ကပါတစ်ခုကို တွေ့လိုက်ရသည်။
လုံချန်းသည် ဝင်္ကပါပညာရပ်ကို နားမလည်သော်လည်း ဤဝင်္ကပါမှာ တော်တော်လေး ရှုပ်ထွေးကြောင်း ခံစားမိသည်။ သူသည် သူ၏ရှေးဟောင်းလက်စွပ်ထဲမှ အိမ်ရှေ့မင်းသား၏ လက်ပြတ်ကို ထုတ်ယူကာ ၎င်း၏လက်ဖဝါးအား ဝင်္ကပါပေါ်သို့ တင်လိုက်သည်။
ဝင်္ကပါသည် လက်ဖဝါးကို ဖတ်လိုက်ပြီးနောက် အရောင်မှာ အနီမှ အပြာသို့ ချက်ချင်းပြောင်းလဲသွားကာ သော့ပွင့်သွားခဲ့သည်။ လုံချန်းသည် လက်ပြတ်ကို သိမ်းဆည်းပြီးနောက် တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်ခဲ့သည်။
ဒုတိယမင်းသားလည်း အထဲသို့ လိုက်ဝင်လာပြီး ကြမ်းပြင်ပေါ်တွင် ရှိနေသော ကောင်းကင်အုပ်စိုးရှင်ကို ကောက်ယူကာ လုံချန်းအား ပေးလိုက်သည်။
"အခု ကောင်းကင်အုပ်စိုးရှင်ကို ရပြီဆိုတော့ တစ်ယောက်ယောက် မလာခင် ဒီနေရာကနေ မြန်မြန် ထွက်ကြရအောင်ဗျာ" ဒုတိယမင်းသားက တံခါးဘက်ကို ကြည့်ရင်း စိုးရိမ်တကြီး ပြောရှာသည်။
"လောစရာမလိုပါဘူး" လုံချန်းက ဘဏ္ဍာတိုက်ထဲရှိ ရတနာများကို ကြည့်ကာ ဖြဲခြောက်သော အပြုံးဖြင့် ဆိုသည်။
"ဒီမှာရှိတဲ့ ပစ္စည်းအကုန်လုံးကို ငါမယူသွားရင် လူအ,ပဲ ဖြစ်မှာပေါ့။ ဘုရင်ကြီးက ချမ်းသာပြီးသားပဲလေ၊ ဒီရတနာတွေ သူ မလိုတော့ပါဘူး" ပြောရင်း လုံချန်းသည် ဘဏ္ဍာတိုက်ထဲရှိ ရတနာအားလုံးကို သူ၏သိုလှောင်လက်စွပ်ထဲသို့ သိမ်းကျုံးထည့်လေတော့သည်။
ဒုတိယမင်းသားမှာမူ မှင်သက်ကာ ရပ်ကြည့်နေရုံသာ တတ်နိုင်တော့သည်။ မျိုးဆက်ပေါင်းများစွာ စုဆောင်းလာခဲ့သော တော်ဝင်မိသားစု၏ ရတနာများမှာ လူတစ်ယောက်တည်း၏ လက်ထဲသို့ ပါသွားသည်ကို မြင်ရသည်မှာ သူ ငိုချင်စရာပင်။ သို့သော် သူ ဘာမှမတတ်နိုင်ပေ။ သူ့အတွက်တော့ သူ့အသက်က ရတနာအားလုံးထက် ပိုတန်ဖိုးရှိသည်။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလောက်သည့် အချိန်အတွင်းမှာပင် လုံချန်းသည် ဘဏ္ဍာတိုက်တစ်ခုလုံးကို ပြောင်စင်အောင် သိမ်းကျုံးယူငင်ပြီးသွားခဲ့ပြီ။ အခန်းကြီးမှာ ဟောင်းလောင်းကြီး ကျန်ရစ်ခဲ့သည်။
"မင်းအခန်းကို ခေါ်သွားစမ်း" လုံချန်းက အမိန့်ပေးလိုက်သည်။
ဒုတိယမင်းသား ခေါင်းငြိမ့်ကာ ရှေ့မှထွက်သွားသည်။ လုံချန်းက တံခါးကို ပြန်ပိတ်ပြီး နောက်မှလိုက်ခဲ့သည်။ သို့သော် သူ လှည့်အထွက်တွင် ဒုတိယမင်းသားမှာ ကြောင်အ,ကာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဒုတိယမင်းသား၏ လက်ခြေများမှာ တုန်ယင်နေပြီး မျက်နှာတွင်လည်း သရဲမြင်လိုက်ရသည့်အလား ချွေးများ စိုရွှဲနေသည်။ လုံချန်းသည် သူကြည့်နေသည့်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူပင်လျှင် အနည်းငယ် စိုးရိမ်သွားခဲ့သည်။
ဖြူဖွေးသော မုတ်ဆိတ်ဗွေနှင့် လူကြီးတစ်ဦးသည် အစွမ်းထက်သော အစောင့် ၂၀ နှင့်အတူ သူတို့ထံသို့ လျှောက်လာနေသည်။ သူ၏ ခေါင်းပေါ်ရှိ သရဖူကို ကြည့်ရုံဖြင့် ၎င်းမှာ ဝိညာဉ်ဝင်္ကပါ တိုင်းပြည်၏ ဘုရင်ကြီးမှတစ်ပါး အခြားသူ မဟုတ်ကြောင်း လုံချန်း ခန့်မှန်းမိလိုက်သည်။
လုံချန်းသည် သူ၏ ကျင့်ကြံမှုကိုပါ အာရုံခံလိုက်ရာ ထိုလူကြီးမှာ ကောင်းကင် အဆင့် ၂ ကျင့်ကြံသူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သူနှင့်အတူ ပါလာသော အစောင့်များမှာလည်း မြေကမ္ဘာ အဆင့် ထိပ်ဆုံးအဆင့်ရှိသူများ ဖြစ်ကြသည်။
"ယု၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ။ ပြီးတော့ ဘာလို့ ဒီအကျဉ်းသားကို ဒီကို ခေါ်လာရတာလဲ" ဘုရင်ကြီးက လုံချန်းကို စိုက်ကြည့်ရင်း ဒုတိယမင်းသားကို မေးလိုက်သည်။
ဒုတိယမင်းသားမှာ သူ့အဖေကို အလွန်ကြောက်သော်လည်း ယခုအချိန်တွင် အမှားတစ်ခုခုဖြစ်ပါက လုံချန်းနှင့် သူ နှစ်ယောက်လုံး အသတ်ခံရမည်ကို သိနေသည်။ လုံချန်းက သူ့အဖေလက်ချက်နဲ့ သေမည်ဖြစ်သော်လည်း သူကတော့ နှလုံးစားပိုးကောင်ကြောင့် သေရမည်ဖြစ်သည်။
"တောင်းပန်ပါတယ် ခမည်းတော်" ဒုတိယမင်းသားသည် ချက်ချင်း ဒူးထောက်ကာ ငိုယိုလေတော့သည်။ ဘုရင်ကြီးက မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။
"ကျွန်တော် အစောင့်တွေကို လှည့်စားပြီး ထောင်ထဲက ထွက်ပြေးခဲ့တာပါ။ ဒါပေမဲ့ အစ်ကိုကြီးက ကျွန်တော့်ကို မိသွားပြီး အခု ထောင်ထဲပြန်ပို့ဖို့ ခေါ်လာတာပါ။ ခမည်းတော်... ကျွန်တော့်ကို တားပေးပါဦး။ နောက်နောင် အမှားမလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်" ဒုတိယမင်းသားက ကြံဖန် လိမ်ညာပြောဆိုလိုက်သည်။
သူ့အဖေက သူ့ကို ဆူပူကြိမ်းမောင်းပြီး လုံချန်းကို ထောင်ထဲပြန်ပို့ခိုင်းလိမ့်မည်ဟု သူ မျှော်လင့်နေခြင်းဖြစ်သည်။
ဘုရင်ကြီးသည် ဒုတိယမင်းသားကို တစ်ချက်ကြည့်ပြီးနောက် လုံချန်းကို စေ့စေ့စပ်စပ် စိုက်ကြည့်လိုက်သည်။
"မင်းက ငါ့သား မဟုတ်ဘူး... ဟုတ်တယ်မလား" ဘုရင်ကြီးက အလွန်တည်ငြိမ်ပြီး လေးနက်သော လေသံဖြင့် မေးလိုက်သည်။
လုံချန်းက ပြန်မဖြေနိုင်ပေ။ မျက်နှာဖုံးက ရုပ်ရည်ကို ပြောင်းလဲပေးနိုင်သော်လည်း သူ၏ အသံမှာတော့ အရင်အတိုင်းပင် ဖြစ်နေသောကြောင့် ဖြစ်သည်။
"သူတို့ နှစ်ယောက်လုံးကို ဖမ်းလိုက်စမ်း" ဘုရင်ကြီးက အမိန့်ပေးလိုက်သည်။
အစောင့် ၂၀ ထဲမှ ၄ ဦးမှာ ဓားများကို ထုတ်ကာ လုံချန်းထံသို့ ပြေးဝင်လာသည်။ ဒုတိယမင်းသားမှာမူ အခြေအနေများ ပြောင်းလဲသွားသည့်အတွက် သူ့ကိုယ်သူ သေလူဟုပင် သတ်မှတ်လိုက်ပြီဖြစ်သည်။
"ငါကတော့ အေးအေးဆေးဆေး ပြီးသွားလိမ့်မယ်လို့ မျှော်လင့်ထားတာ။ ဒါပေမဲ့ မင်းကတော့ အချိန်မတော် ရောက်လာတာပဲနော် အဖိုးကြီး" လုံချန်းက စိတ်ပျက်လက်ပျက် ရေရွတ်ရင်း သူ၏ ဘုရင်ဓားကို ထုတ်ယူလိုက်သည်။ ဓားပေါ်ထွက်လာသည်နှင့်အတူ လေးလံလှသော ဓားအရှိန်အဝါများမှာလည်း ဖုံးလွှမ်းသွားခဲ့သည်။
"သူက အရင်တစ်ခေါက်က လာတဲ့ လုပ်ကြံသတ်သမားနဲ့ အတူတူပဲ ဖြစ်ရမယ်။ သူ့ကို ဖမ်းနေစရာမလိုဘူး၊ အခုချက်ချင်း သတ်ပစ်လိုက်" ဘုရင်ကြီးက အမိန့်ပေးသည်။
အစောင့် ၄ ဦးမှာ လုံချန်းဆီသို့ တစ်ပြိုင်နက်တည်း ပြေးဝင်ကာ ဓားများဖြင့် ပိုင်းလိုက်ကြသည်။ လုံချန်းကလည်း သူ၏ဓားကို လွှဲယမ်းကာ ခုခံလိုက်သည်။ ဓားတစ်လက်ကို ခုခံနေစဉ်မှာပင် ကျန်သော အစောင့် ၃ ဦးကလည်း မတူညီသော ဘက်ပေါင်းစုံမှ သူ့ကို တိုက်ခိုက်လာသည်။
လုံချန်း၏ မျက်နှာတွင် အပြုံးတစ်ချက် ပေါ်လာပြီး သူသည် မူလနေရာမှ ပျောက်ကွယ်သွားကာ အစောင့်များ၏ အနောက်ဘက်သို့ နေရာရွှေ့ပြောင်းကာ ပေါ်လာခဲ့သည်။ သူ၏ လွှဲယမ်းနေသော ဓားမှာ ရပ်တန့်မသွားဘဲ အစောင့် ၄ ဦးလုံး၏ ကျောပြင်များကို ပိုင်းဖြတ်လိုက်လေတော့သည်။
တစ်ခဏအတွင်းမှာပင် အစောင့် ၄ ဦးလုံး သေဆုံးသွားခဲ့သည်။
"ငါက အရင်လို အစွမ်းအစ အပြည့်မရှိသေးပေမဲ့ မင်းလိုလူမျိုးဆီမှာတော့ ရှုံးနိမ့်မှာ မဟုတ်ဘူး" လုံချန်းက လေးနက်သော လေသံဖြင့် ပြောရင်း ဘုရင်ကြီးဘက်သို့ လှည့်လိုက်သည်။
"အားလုံး သွားကြ၊ သူ့ရဲ့ အမြန်နှုန်းကို သတိထား။ ငါတို့တောင် သူ ဘယ်လိုမျိုး အနောက်ကို ရောက်သွားလဲဆိုတာ မမြင်လိုက်ရဘူး။ အဲဒါကို မှတ်ထားကြ" ဘုရင်ကြီးက ကျန်သော အစောင့်များကို အမိန့်ပေးလိုက်သည်။
ကျန်ရှိသော အစောင့် ၁၆ ဦးမှာ ဓားများကို ကိုင်ကာ လုံချန်းဆီသို့ ပြေးဝင်လာကြသည်။ လုံချန်းသည် ငြိမ်မနေဘဲ သူ၏ လှုပ်ရှားမှုစွမ်းရည်ကို အသုံးပြုလိုက်သည်။ သူ၏ ကျင့်ကြံမှုမှာ ကန့်သတ်ခံထားရသဖြင့် ယခင်ကဲ့သို့ မမြန်သော်လည်း မြေကမ္ဘာအဆင့် ထိပ်ဆုံးမှလူများနှင့်တော့ အမြန်နှုန်း တူညီနေဆဲဖြစ်သည်။
လုံချန်းသည် ဓားဖြင့် တိုက်ခိုက်ရာတွင် အစောင့်တစ်ဦးက ခုခံလိုက်သဖြင့် မီးပွားများ လွင့်ထွက်သွားသည်။ ထိုအချိန်မှာပင် လုံချန်းက လျှို့ဝှက်စွာ ချီစွမ်းအင် ဓားတစ်လက်ကို ဖန်တီးကာ အစောင့်၏ နှလုံးသားတည့်တည့်သို့ ထိုးစိုက်လိုက်သည်။
ဘုရင်ကြီးသည် လုံချန်း၏ ထူးဆန်းသော စွမ်းရည်များကို မြင်သော်လည်း ဝင်ရောက်တိုက်ခိုက်ခြင်း မရှိသေးပေ။ သူသည် လုံချန်း၏ လျှို့ဝှက်ချက်များကို အကုန်သိချင်နေသည်။ သူ့အတွက်တော့ အစောင့်များ၏ အသက်မှာ အရေးမကြီးပေ။ သူတို့သည် အသုံးချပြီး ပစ်ပယ်ရမည့် ကိရိယာများသာ ဖြစ်သည်။
ခဏအတွင်းမှာပင် လုံချန်းသည် နောက်ထပ် အစောင့် ၄ ဦးကို သတ်ဖြတ်လိုက်ပြန်သည်။ ယခုအခါ အစောင့် ၁၁ ဦးသာ ကျန်တော့သော်လည်း သူတို့သည် လုံချန်းကို ဘက်ပေါင်းစုံမှ ဝိုင်းထားလိုက်ကြပြီဖြစ်သည်။
အစောင့် ၈ ဦးက လုံချန်းကို ဝိုင်းဝန်းတိုက်ခိုက်ကြစဉ် ၃ ဦးမှာမူ နေရာတွင်ပင် အသင့်စောင့်နေသည်။ လုံချန်းသည် နေရာရွှေ့ပြောင်းခြင်းကို ထပ်မံအသုံးပြုကာ မီတာ ၁၀၀ အကွာသို့ ရောက်ရှိသွားသည်။
"သူတော်စင်ဓား ခုနစ်သွယ်၊ ပဉ္စမမြောက် ပုံစံ၊ ဖရိုဖရဲ" လုံချန်းက အော်ဟစ်ကာ သူ၏ဓားကို အားကုန် လွှဲယမ်းလိုက်သည်။
ဓားမှ ထွက်ပေါ်လာသော ဖျက်အားပြင်း အလင်းတန်းမှာ ယခင် လုံချန်းရှိခဲ့သော နေရာသို့ ပြေးဝင်သွားသည်။ အစောင့်များမှာ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ထိုအလင်းတန်းက သူတို့၏ ခန္ဓာကိုယ်များကို ဖြတ်သန်းသွားခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ထက်ပိုင်းပြတ်ကာ မျက်လုံးပင် မမှိတ်နိုင်ဘဲ သေဆုံးသွားခဲ့ရသည်။
ကြမ်းပြင်တစ်ပြင်လုံးမှာ သွေးများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီ။
အစောင့် ၃ ဦးသာ ကျန်တော့သည်။ သူတို့သည် သူတို့၏ အဖော်များ သေဆုံးသွားသည်ကို မြင်ကာ တိုက်ခိုက်လိုစိတ်များ ပျောက်ကွယ်သွားပြီး ကြောက်လန့် တုန်လှုပ်နေကြသည်။ လုံချန်းက သူတို့ကိုလည်း အလွယ်တကူပင် သတ်ဖြတ်လိုက်လေတော့သည်။
"အခုတော့ မင်းတစ်ယောက်ပဲ ကျန်တော့တယ်ထင်တယ်။ မင်းရဲ့ လူတွေ အသတ်ခံနေရတာကို ဒီအတိုင်း ကြည့်နေနိုင်တာတော့ တကယ့်ကို ဘုရင်တစ်ယောက်ပဲနော်။ ငါ့ရဲ့ လျှို့ဝှက်ချက်တွေကို ကြည့်ပြီးမှ တိုက်မလို့လား" လုံချန်းက ပြုံးလျက် ဆိုသည်။
"မင်းက တကယ်ကို သန်မာတာပဲ။ မင်းက အနှစ်တစ်ရာလောက်ရှိတဲ့ သရဲတစ်ကောင် ဖြစ်ရမယ်" ဘုရင်ကြီးက သူ၏ ရှေးဟောင်းစကားဖြင့် ပြောလိုက်သည်။
"ဟူး... ငါ သရဲမဟုတ်ပါဘူး။ မင်းလည်း ငါ့ကို သရဲဖြစ်အောင် လုပ်နိုင်မှာ မဟုတ်ဘူး" လုံချန်းက ဓားကို တင်းတင်းဆုပ်ကာ ပြန်ပြောလိုက်သည်။
သူ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီဖြစ်သည်။
'ငါ ဘယ်လိုမှ ရှုံးနိမ့်လို့ မဖြစ်ဘူး။ ငါ့ရဲ့ ဒုတိယမြောက် အမှောင်စွမ်းရည်ကို သုံးရရင်တောင်မှပေါ့'