အခန်း (၃၄၃-၃၄၄)
Vol. 35 Ch. 343-344
အခန်း (၃၄၃) ဓားကိုးလက်ဖြင့် ဖျက်ဆီးခြင်း
"မင်းက တော်တော်မာနကြီးတာပဲ။ ဒါပေမဲ့ မင်းရဲ့မာနကပဲ ဒီနေ့ မင်းကို နိဂုံးချုပ်စေလိမ့်မယ်" ဘုရင်ကြီးက ပြောဆိုကာ သူ၏ သိုလှောင်လက်စွပ်ထဲမှ လက်နက်ကို ထုတ်ယူလိုက်သည်။
၎င်းမှာ ငွေရောင်သန်းနေသော တူတစ်လက် ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် ၎င်းမှာ မြေကမ္ဘာအဆင့် ရတနာတစ်ခု ဖြစ်ကြောင်း လုံချန်း သိလိုက်သည်။ လုံချန်းသည် ချက်ချင်း မတိုက်ခိုက်သေးဘဲ စကားစလိုက်သည်။
"မေးခွန်းတစ်ခုလောက် အရင်မေးပါရစေ။ မင်း ထင်တာက..." လုံချန်းက စကားကို မဆုံးသေးဘဲ မူလနေရာမှ ပျောက်ကွယ်သွားကာ ဘုရင်ကြီး၏ အနောက်ဘက်သို့ ရုတ်တရက် ပေါ်လာပြီး သူ၏ဓားဖြင့် ဘုရင်ကြီး၏ လည်ပင်းကို ပိုင်းလိုက်သည်။
သို့သော် ဘုရင်ကြီး၏ တုံ့ပြန်မှုမှာ အလွန်မြန်ဆန်လှသည်။ သူသည် နောက်သို့ ချက်ချင်းလှည့်ကာ သူ၏တူဖြင့် ဓားကို တားဆီးလိုက်သည်။ လက်နက်နှစ်လက် ထိတွေ့မိသော်လည်း သူတို့၏ အင်အားကွာခြားချက်မှာ ကြီးမားလွန်းလှသည်။
လုံချန်း၏ စွမ်းအားမှာ ကန့်သတ်ခံထားရသဖြင့် သူသည် အားအပြည့် မသုံးနိုင်ပေ။ ထို့ကြောင့် သူသည် နောက်သို့ ခြေလှမ်း ၁၀ လှမ်းခန့် လွင့်ထွက်သွားခဲ့သည်။ သို့သော် သူ၏ ခန္ဓာကိုယ်မှာ အလွန်တောင့်တင်းသဖြင့် ထိခိုက်ဒဏ်ရာတော့ မရရှိခဲ့ပေ။
"ငါ မနိုင်နိုင်ဘူးပဲ၊ ဒါဆိုလည်း သွားတော့မယ်" လုံချန်းက ပြုံးလျက် ပြောကာ ထွက်ပြေးလေတော့သည်။
ဘုရင်ကြီး၏ မျက်စိထဲတွင် လုံချန်းမှာ ထွက်ပြေးနေခြင်း ဖြစ်သော်လည်း အမှန်တကယ်တွင်မူ လုံချန်းသည် ထိုနေရာမှာပင် ရှိနေဆဲဖြစ်ပြီး ဘုရင်ကြီးကို ပုံရိပ်ယောင် နိယာမဖြင့် လှည့်စားလိုက်ခြင်း ဖြစ်သည်။ သူသည် ယနေ့တွင် ဤနိယာမကို အလွန်အကျွံ သုံးထားပြီး ဖြစ်သဖြင့် ကြာရှည် ထိန်းထားနိုင်မည် မဟုတ်ကြောင်း သိသည်။ သို့သော် ဘုရင်ကြီးမှာ သူ၏ လှည့်ကွက်ထဲသို့ သက်ဆင်းပြီး ပုံရိပ်ယောင် ရုပ်ပုံနောက်သို့ လိုက်သွားလိမ့်မည်ဟု သူ မျှော်လင့်ထားသည်။
ဘုရင်ကြီးသည် လုံချန်း၏ ထောင်ချောက်ထဲသို့ တကယ်ပင် သက်ဆင်းသွားခဲ့ပြီး သူ၏ ရှေ့မှ ထွက်ပြေးသွားသော ရုပ်ပုံနောက်သို့ လိုက်သွားလေသည်။ ခဏအတွင်းမှာပင် သူသည် အသင့်စောင့်နေသော လုံချန်း၏ အနီးသို့ ရောက်ရှိလာခဲ့သည်။
ဘုရင်ကြီး အနီးသို့ ရောက်လာသည်နှင့် လုံချန်းက သူ၏ဓားကို လွှဲယမ်းလိုက်သည်။ ဓားချက်သည် ဘုရင်ကြီး၏ လည်ပင်းကို ဖြတ်တောက်သွားကာ ခေါင်းနှင့် ကိုယ်ကို သီးခြားစီ ဖြစ်သွားစေသည်။ သို့သော် လုံချန်းမှာ မပျော်ရွှင်နိုင်သေးပေ။
အဘယ်ကြောင့်ဆိုသော် ဘုရင်ကြီးသည် သူ၏ ရှေ့ ၁၀ မီတာအကွာတွင် မတ်တပ်ရပ်နေဆဲ ဖြစ်သောကြောင့်ပင်။ ဘုရင်ကြီး၏ လည်ပင်းတွင် သွေးထွက်နေသော ဓားရှရာလေးတစ်ခု ရှိနေသော်လည်း ၎င်းမှာ သာမန် ဒဏ်ရာလေးသာ ဖြစ်သည်။
"မင်း ငါ့ကို သတ်တော့မလို ဖြစ်သွားတာပဲ။ မင်းကြောင့် ငါ့ရဲ့ အသက်ကယ်ရတနာ တစ်ခု ဆုံးရှုံးသွားရပြီ။ ဒါပေမဲ့ ငါ အသက်ရှင်နေသေးတယ်၊ မင်းကတော့ အသက်ရှင်မှာ မဟုတ်ဘူး။ ငါ့ရတနာအတွက် မင်းရဲ့ အသက်နဲ့ ပြန်ပေးဆပ်ရမယ်" ဘုရင်ကြီးက လုံချန်းကို စိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်သည်။
ရွေတော်ဝင်မိသားစုတွင် မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာသော အသက်ကယ် ကျောက်စိမ်း တစ်ခု ရှိသည်။ ၎င်းမှာ အသက်အန္တရာယ် စိုးရိမ်ရသော တိုက်ခိုက်မှုမျိုး ခန္ဓာကိုယ်ကို ထိတွေ့တော့မည့် အချိန်တွင် အလိုအလျောက် အလုပ်လုပ်ကာ ပိုင်ရှင်အား အနီးအနားသို့ နေရာရွှေ့ပြောင်းပေးပြီး မူလနေရာတွင် ကိုယ်ပွားတစ်ခုကို ချန်ထားခဲ့ခြင်း ဖြစ်သည်။ လုံချန်း သတ်လိုက်သည်မှာ ထိုကိုယ်ပွားသာ ဖြစ်သည်။
လုံချန်းသည် ဘုရင်ကြီး အတိုက်ကို မစောင့်တော့ဘဲ သူ၏ အနောက်သို့ နေရာရွှေ့ပြောင်းကာ ထပ်မံ တိုက်ခိုက်သည်။ ဘုရင်ကြီးက ခုခံနိုင်သော်လည်း လုံချန်းက ချီစွမ်းအင်ဓားမြှောင် တစ်လက်ကို ဖန်တီးကာ ဘုရင်ကြီး၏ ရင်ဘတ်ဆီသို့ ပစ်လွှတ်လိုက်သည်။ ဘုရင်ကြီးက ထိုဓားမြှောင်ကို မရှောင်ဘဲ အထိခံလိုက်သော်လည်း သူ ဒဏ်ရာ မရရှိခဲ့ပေ။
"ငါ့ရဲ့ ချပ်ဝတ်တန်ဆာက မြေကမ္ဘာအဆင့် ရတနာပဲ။ အဆင့်နိမ့်တဲ့ လက်နက်တွေက ငါ့ကို ဘာမှလုပ်လို့မရဘူး" ဘုရင်ကြီးက လှောင်ပြောင်လိုက်သည်။
"ဝရဇိန်လက်ညှိုး" ဘုရင်ကြီးက သူ၏ ဘယ်ဘက်လက်ညှိုးဖြင့် လုံချန်းကို ထိုးနှက်လိုက်ရာ လုံချန်းသည် နေရာရွှေ့ပြောင်းခြင်းအား သုံးကာ နေရာပြောင်းလိုက်သည်။ သူသည် ဘုရင်ကြီး၏ အနောက်သို့ ရောက်သွားပြီး လည်ပင်းကို ဓားမြှောင်ဖြင့် ပစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် အခြားတစ်ဖက်သို့ နေရာရွှေ့ပြောင်းခြင်း ထပ်မံလုပ်ကာ ဘုရင်ဓားဖြင့် ရင်ဘတ်ကို ပိုင်းလိုက်သည်။
ယခုအခါ တိုက်ခိုက်မှု နှစ်ခုက ဘုရင်ကြီးထံသို့ တစ်ပြိုင်နက်တည်း ဦးတည်နေသည်။ လည်ပင်းဆီသို့ ချီဓားမြှောင်နှင့် ရင်ဘတ်ဆီသို့ ဘုရင်ဓားပင် ဖြစ်သည်။ လုံချန်းသည် သူ၏ ဘုရင်ဓားမှာ မြေကမ္ဘာအဆင့် ချပ်ဝတ်ကို ထိုးဖောက်နိုင်မည်ဟု ယုံကြည်နေသည်။
ဘုရင်ကြီးသည်လည်း ဓား၏ အစွမ်းကို အာရုံခံမိပုံရပြီး အန္တရာယ်ရှိနေကြောင်း သဘောပေါက်လိုက်သည်။ သူသည် အရေးကြီးဆုံးဖြစ်သော လည်ပင်းကို ကာကွယ်ရန် တူကို အသုံးပြုလိုက်ပြီး ရင်ဘတ်သို့ လာသော ဓားချက်ကို ရှောင်ရန် ကြိုးစားသည်။
သူသည် လည်ပင်းကို ကာကွယ်နိုင်ခဲ့သော်လည်း ရင်ဘတ်သို့ လာသော ဓားချက်ကိုတော့ လုံးဝ မရှောင်နိုင်ခဲ့ပေ။ ဓားသည် ဘုရင်ကြီး၏ ရင်ဘတ်ကို ထိုးဖောက်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အရေးကြီးသော အင်္ဂါများကိုတော့ လွဲချော်သွားခဲ့သည်။
ဘုရင်ကြီးမှာ နောက်သို့ ဆုတ်လိုက်သဖြင့် ဓားမှာ ရင်ဘတ်မှ ကျွတ်ထွက်သွားသည်။ သူ၏ ရင်ဘတ်မှ သွေးများ ထွက်လာသော်လည်း ကျင့်ကြံမှုအဆင့် မြင့်မားသဖြင့် သူ၏ မျက်နှာတွင် နာကျင်သည့် အရိပ်အယောင်မျှပင် မပြပေ။
"ကောင်းတယ်၊ အရမ်းကောင်းတယ်။ မင်းက ငါတို့ရဲ့ တော်ဝင်ခန္ဓာကိုယ်ကို နာကျင်အောင် လုပ်ရဲတယ်ပေါ့။ ငါ မင်းကို သတ်တဲ့အခါကျရင် နာကျင်ခြင်းရဲ့ တကယ့်အဓိပ္ပာယ်ကို သိစေရမယ်" ဘုရင်ကြီးက ရူးသွပ်စွာ ရယ်မောရင်း အော်ဟစ်လိုက်သည်။
"ဓားကိုးလက်ဖြင့် ဖျက်ဆီးခြင်း" ဘုရင်ကြီး ဟိန်းဟောက်လိုက်သောအခါ သူ၏ ခေါင်းပေါ်တွင် ဓားအရိပ် ကိုးလက် ပေါ်ထွက်လာပြီး တဖြည်းဖြည်း ကြီးမားလာခဲ့သည်။
"မင်းက ရှောင်ရတာ ဝါသနာပါတာလား။ အခု ဘယ်ကို ပြေးမလဲ ကြည့်ကြသေးတာပေါ့" ဓားအရိပ်များမှာ လုံချန်းထံသို့ တိုးဝင်လာသည်။
လုံချန်း နေရာရွှေ့ပြောင်းခြင်းဖြင့် ရှောင်သော်လည်း ထိုဓားအရိပ်များမှာ သူ့နောက်သို့ အလိုအလျောက် လိုက်ပါလာသည်။ ၎င်းတို့တွင် ဝိညာဉ်ရှိနေသကဲ့သို့ပင်။ လုံချန်းက ချီဓားမြှောင်ဖြင့် ပစ်သော်လည်း ဓားအရိပ်နှင့် ထိတွေ့သည်နှင့် ဓားမြှောင်မှာ ပျက်စီးသွားသည်။
'ဒီဓားအရိပ်တွေက ဘယ်လောက်တောင် အစွမ်းထက်တာလဲ' လုံချန်း ရေရွတ်မိသည်။ သူသည် ဓားအရိပ်များ၏ လိုက်လံတိုက်ခိုက်မှုကို အဆက်မပြတ် ရှောင်နေရသဖြင့် အသက်ရှူရန်ပင် အချိန်မရပေ။
နောက်ဆုံးတွင် လုံချန်းသည် ဘုရင်ကြီး၏ ရှေ့တည့်တည့်သို့ နေရာရွှေ့ပြောင်းလိုက်ပြီး ဓားအရိပ်များ ရောက်လာသောအခါမှ မီတာ ၁၀၀ အကွာသို့ ထပ်မံ နေရာရွှေ့ပြောင်း လိုက်သည်။
"ရှန်းဝူရဲ့ စွမ်းရည်ကို ကြည့်လိုက်စမ်း။ သူတော်စင်ဓား ခုနစ်သွယ်၊ ပဉ္စမမြောက် ပုံစံ၊ ဖရိုဖရဲ" လုံချန်းက ဘုရင်ကြီးထံသို့ ဓားဖြင့် ပိုင်းချလိုက်သည်။
ပြင်းထန်လှသော အလင်းတန်းမှာ ဓားမှ ထွက်ပေါ်လာပြီး ဘုရင်ကြီးထံသို့ ပြေးဝင်သွားသည်။ လိုက်ပါလာသော ဓားအရိပ် ကိုးလက်မှာလည်း လုံချန်း၏ အစွမ်းထက်ဆုံး စွမ်းရည်နှင့် ထိပ်တိုက် တွေ့ဆုံသွားခဲ့သည်။ ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ တိုက်ခိုက်မှု နှစ်ခုလုံးမှာ ပျက်စီးသွားခဲ့သည်။
လုံချန်းမှာ ချီစွမ်းအင် အမြောက်အမြား သုံးလိုက်ရသဖြင့် ဤအတိုင်း ဆက်သွားလျှင် ရှုံးနိမ့်သွားနိုင်ကြောင်း သဘောပေါက်လိုက်သည်။ သူ၏ ချီစွမ်းအင်မှာ ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
အကယ်၍ ချီစွမ်းအင် ကုန်သွားပါက သူသည် ထွက်ပြေးရုံ သို့မဟုတ် သူအသုံးမပြုချင်ဆုံးဖြစ်သော ဒုတိယမြောက် အမှောင်နိယာမ စွမ်းရည်ကို အသုံးပြုရုံသာ ရှိတော့သည်။
ထိုအချိန် လုံချန်း အာရုံလွဲနေစဉ်မှာပင် အန္တရာယ်ကို သူ အာရုံခံမိလိုက်သည်။ သို့သော် အချိန်နှောင်းသွားခဲ့ပြီ။ ဘုရင်ကြီး၏ တူသည် လုံချန်း၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားလေတော့သည်။
အခန်း (၃၄၄) သေရမည့်အချိန်
ဘုရင်ကြီး၏ တူချက်မှာ လုံချန်း၏ ရင်ဘတ်ကို တည့်တည့်ထိမှန်သွားပြီး သူ့ကို လေထဲတွင် ပြတ်တောက်သွားသော စွန်တစ်ခုကဲ့သို့ လွင့်ထွက်သွားစေကာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
သူသည် ဘုရင်ကြီးနှင့် မီတာ ၂၀၀ ခန့်အကွာသို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။
လုံချန်းသည် သူ၏ အရိုးအတော်များများ ကျိုးသွားပြီဖြစ်ကြောင်း ခံစားလိုက်ရသော်လည်း ကံကောင်းစွာဖြင့် အသက်မသေခဲ့ပေ။ သူ၏ မိစ္ဆာဘုရင် ခန္ဓာကိုယ်က ထိခိုက်မှု အများစုကို ခုခံပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် တိုက်ခိုက်မှုက ပြင်းထန်လွန်းလှပြီး လုံချန်း၏ ခန္ဓာကိုယ်ကျင့်ကြံမှုမှာလည်း မြင့်မားသော အဆင့်သို့ မရောက်သေးပေ။ မဟုတ်လျှင် ယခုကဲ့သို့ တိုက်ခိုက်မှုမျိုးက သူ့ကို အစင်းရာလေးပင် ထင်ကျန်စေမည် မဟုတ်ပေ။
သူသည် မနည်းရုန်းကန်ကာ ဓားကို အားပြု၍ ထရပ်လိုက်ရသည်။ ရင်ဘတ်မှာ အောင့်တက်နေပြီး ထရပ်လိုက်ချိန်တွင် အရိုးများ တစ်ချောင်းနှင့်တစ်ချောင်း ပွတ်တိုက်မိသည့် အသံကိုပင် ကြားနေရသည်။ သို့သော် ထိုမျှပြင်းထန်သော နာကျင်မှုကို သူ၏မျက်နှာတွင် အနည်းငယ်မျှပင် မဖော်ပြပေ။
"ဟက်... နောက်ဆုံးတော့ ဒီအခြေအနေထိ ရောက်လာပြီပေါ့။ အမှောင်ထုထဲကို ကိုယ့်ကိုယ်ကိုယ် ပစ်မချဘဲနဲ့တော့ ငါ မနိုင်နိုင်တော့ဘူးထင်တယ်" လုံချန်းက သူ့ထံသို့ လျှောက်လာသော ဘုရင်ကြီးကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် အမှောင်နိယာမ၏ ဒုတိယမြောက် စွမ်းရည်ကို အသုံးပြုရန် ပြင်လိုက်စဉ်မှာပင် လက်ခုပ်တီးသံတစ်သံ ထွက်ပေါ်လာသည်။
"တော်လိုက်တဲ့ ကလေးပဲ။ နင်က ငါ့ရန်သူကို ငါ့အတွက် အင်အားချည့်နဲ့သွားအောင် လုပ်ပေးလိမ့်မယ်လို့ ငါမထင်ထားမိဘူး။ သူပိုင်ဆိုင်ထားမှန်း ငါတောင်မသိတဲ့ အသက်ကယ် ရတနာကိုတောင် သုံးပစ်လိုက်ရအောင် လုပ်နိုင်ခဲ့တာပဲ။ ဒီအဖိုးကြီးမှာ ဒီလောက် လှည့်ကွက်တွေ အများကြီးရှိမယ်လို့ ငါမထင်ထားမိဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်ကလည်း သူ အဲလိုမျိုးနဲ့ပဲ လွတ်သွားခဲ့တာပဲလေ"
လုံချန်းသည် ဘုရင်ကြီး၏ အနောက်ဘက်မှ လျှောက်လာသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
"မင်း"
"နင်"
လုံချန်းနှင့် ဘုရင်ကြီး နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ဟစ်အော်လိုက်ကြသည်။
"ဟင်း... ငါ့အထင် မှန်နေတာပဲ။ မင်းက လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ငါ့ကို လုပ်ကြံဖို့ ကြိုးစားတဲ့ လုပ်ကြံသတ်သမားနဲ့ တစ်ဖွဲ့တည်းပေါ့လေ" ဘုရင်ကြီးက လုံချန်းကို စိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်သည်။
"ပြီးတော့ နင်ရော၊ ငါ ဒဏ်ရာရနေရုံနဲ့ နင် ငါ့ကို အနိုင်ယူနိုင်မယ်လို့ မထင်လိုက်နဲ့" ဘုရင်ကြီးက သူ့ထံသို့ လျှောက်လာသော မိန်းကလေးကို တူဖြင့် ချိန်ကာ ပြောလိုက်သည်။
"အဖိုးကြီး... ရှင် အားလုံး ဆုံးရှုံးသွားပြီ။ ရှင် ဒဏ်ရာရနေပြီ၊ ရှင့်ရဲ့ ချပ်ဝတ်တန်ဆာ ပျက်စီးသွားပြီ၊ ရှင့်ရဲ့ အသက်ကယ်ရတနာလည်း သုံးပြီးသွားပြီ၊ ရှင့်ရဲ့ အစောင့်တွေလည်း သေကုန်ပြီ၊ ပြီးတော့ ရှင့်ရဲ့ ချီစွမ်းအင်တွေလည်း ကုန်သလောက် ဖြစ်နေပြီ။ ရှင့်ကိုယ်ရှင် ဒီလောက် ယုံကြည်မှု ရှိမနေသင့်တော့ဘူး ထင်တယ်" မိန်းကလေးက ဖြဲခြောက်သော အပြုံးဖြင့် ဆိုသည်။
"ဒီစုန်းမ၊ နင်က သူတစ်ပါး အားနည်းချိန်မှာ အခွင့်ကောင်းယူချင်တာလား။ နင့်ရဲ့ အစွမ်းကို အရင်ကြည့်ဦး။ မီးပွားလေးတစ်စက တောမီးကြီး ဖြစ်နိုင်သလိုမျိုး ဒဏ်ရာရနေတဲ့ ခြင်္သေ့ဖြစ်တဲ့ ငါကလည်း နင့်ကို ပြာဖြစ်အောင် လုပ်နိုင်တယ်"
"ခစ်ခစ်ခစ်... အဖိုးကြီးရယ်။ ဒီလိုအခြေအနေမှာတောင် ကြွားတာ မရပ်သေးဘူး။ ဒီနေ့က ရှင်လုပ်ခဲ့တဲ့ ပြစ်မှုတွေအတွက် ပြန်ပေးဆပ်ရမယ့်နေ့ပဲ။ ရှင့်ရဲ့ သေဆုံးမှုနဲ့အတူ ရှင့်မျိုးနွယ်စုရဲ့ အပြစ်တွေအားလုံး ဆေးကြောသန့်စင်ပြီးသား ဖြစ်သွားလိမ့်မယ်" မိန်းကလေးက ပြုံးလျက် ပြောကာ လက်တစ်ဖက်စီတွင် ဓားမြှောင်တစ်လက်စီ ကိုင်ထားလိုက်သည်။
လုံချန်းမှာ ဓားကို အားပြုကာ မတ်တပ်ရပ်နေဆဲ ဖြစ်သည်။ အခြေအနေမှာ ဤမျှအထိ ပြောင်းလဲသွားသည့်အတွက် သူ အံ့သြနေမိသည်။ သူ့အတွက် အရေးမသာသော တစ်ယောက်ချင်း သေပွဲမှာ ပြောင်းလဲသွားခဲ့ပြီ။ အဖွဲ့ဝင် အသစ်တစ်ဦး ဝင်လာခြင်းက လုံချန်းအတွက် လွတ်လမ်းတစ်လမ်း ဖြစ်လာခဲ့သည်။
လုံချန်းကို တကယ် အံ့သြစေခဲ့သည်မှာ ထိုမိန်းကလေး၏ မည်သူမည်ဝါဖြစ်ကြောင်းပင် ဖြစ်သည်။ ထိုမိန်းကလေးမှာ သူ ဤတိုင်းပြည်သို့ စရောက်ကတည်းက အကြိမ်ကြိမ် စကားပြောခဲ့ဖူးသော မိန်းကလေး ဖြစ်နေသည်။
သူ တည်းခိုနေသော တည်းခိုခန်းမှ ဧည့်ကြိုမလေးပင် ဖြစ်သည်။
'သူက ဘုရင်ကြီးကို အရင်တစ်ခေါက်က လုပ်ကြံခဲ့တဲ့သူပေါ့လေ' သူ တွေးတောနေမိသည်။
သူမသည် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အလွန် လျှို့ဝှက်စွာ ဖုံးကွယ်ထားနိုင်သည့်အတွက် သူ အံ့သြနေမိသည်။ သူမသည် သာမန်မိန်းကလေးတစ်ဦးကဲ့သို့ပင် ထင်ရသည်။ သူကိုယ်တိုင်ပင် သူမကို လုပ်ကြံသမားတစ်ဦးဟု မခန့်မှန်းနိုင်ခဲ့ပေ။
သူသည် နံရံဆီသို့ လျှောက်သွားကာ ထိုင်ချလိုက်ပြီး သူ၏ ချီစွမ်းအင်များကို ပြန်လည် ဖြည့်တင်းကာ အတွင်းဒဏ်ရာများကို ကုသရန် ကြိုးစားလိုက်သည်။ ထိုမိန်းကလေး၏ ယုံကြည်မှုရှိပုံကို ကြည့်ရုံဖြင့် သူမ ဘုရင်ကြီးအား အနိုင်ယူနိုင်မည်ဟု လုံချန်း ယုံကြည်မိသည်။
ဘုရင်ကြီးနှင့် မိန်းကလေးတို့၏ တိုက်ပွဲ စတင်လေတော့သည်။ ဘုရင်ကြီးမှာ အချိန်အတော်ကြာ တိုက်ခိုက်ထားရသော်လည်း သူ၏ ချီစွမ်းအင်မှာ လုံးဝ ပြောင်စင်သွားခြင်း မရှိသေးပေ။ ဒဏ်ရာရနေသော်လည်း သူ၏ အစွမ်းအစ အများစုကို အသုံးပြုနိုင်သေးသည်။ သို့သော် သူသည် အကောင်းဆုံး အခြေအနေတွင် မရှိတော့သည်မှာ သိသာလှသည်။
လုံချန်းသည် သူမ တိုက်ခိုက်ပုံကို ကြည့်ရုံဖြင့် သူမမှာ တကယ့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း သိလိုက်သည်။ ထို့ပြင် သူမ၏ ကျင့်ကြံမှုအဆင့်မှာလည်း ယခုအခါ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ သူမသည်လည်း ကောင်းကင် အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သို့သော် သူမမှာ အဆင့် ၁ သာ ဖြစ်ပြီး အဆင့် ၂ ရောက်နေသော ဘုရင်ကြီးနှင့်တော့ ကွဲပြားသည်။
'သူ့မှာ အရင်က သူ့ရဲ့ ကျင့်ကြံခြင်းကို ငါ့မျက်စိထဲကနေ ဖုံးကွယ်ထားနိုင်တဲ့ ရတနာတစ်ခု ရှိရမယ်။ ဒါပေမဲ့ အခု ချီစွမ်းအင်ကို သုံးလိုက်တဲ့အခါမှာတော့ အဲဒီရတနာက ဖုံးကွယ်မထားနိုင်တော့ဘူးပေါ့' လုံချန်း တွေးလိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်တို့ ရောက်ပါပြီ" ထိုအချိန်မှာပင် နောက်ထပ် အစောင့် ၁၀ ဦး ရောက်လာခဲ့သည်။ သူတို့အားလုံးမှာ မြေကမ္ဘာ အဆင့်များ ဖြစ်ကြသော်လည်း မည်သူမျှ အဆင့်မြင့်သူများ မဟုတ်ကြပေ။ အသန်မာဆုံးသူပင် မြေကမ္ဘာ အဆင့် ၆ သာ ရှိသည်။
"ဟား... ငါ့လူတွေ ရောက်ပြီ! နင် မလွတ်နိုင်တော့ဘူး စုန်းမ။ ပြီးခဲ့တဲ့တစ်ခေါက်က နင် ကံကောင်းခဲ့ပေမဲ့ ဒီတစ်ခေါက်မှာတော့ အဲလို ဖြစ်မှာ မဟုတ်ဘူး" ဘုရင်ကြီးက ပြုံးလျက် ပြောကာ တိုက်ပွဲကို ဆက်လက် ဆင်နွှဲနေသည်။
ထိုအစောင့်များမှာ အဆင့်နိမ့်သော်လည်း သူတို့အားလုံး ဘုရင်ကြီးနှင့် ပူးပေါင်းကာ ထိုမိန်းကလေးကို တိုက်ခိုက်လျှင် သူမ အန္တရာယ်ရှိနိုင်ကြောင်း လုံချန်း သိလိုက်သည်။
"ငါ့ကို အေးအေးဆေးဆေး နားခွင့်ပေးမှာ မဟုတ်ဘူး ထင်တယ်" လုံချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
သူသည် ဝိညာဉ်နက်ဂိုဏ်း၏ အစွမ်းထက်ဆုံး ပညာရပ် တစ်ခုကို အသုံးပြုကာ သူ၏ ချီစွမ်းအင်ဖြင့် လေးတစ်လက်ကို ဖန်တီးလိုက်သည်။ လေးကြိုးနှင့် မြားများကိုပါ ချီစွမ်းအင်ဖြင့်ပင် ဖန်တီးလိုက်ခြင်း ဖြစ်သည်။
လုံချန်းသည် အစောင့်တစ်ဦးကို ချိန်ရွယ်ကာ မြားဖြင့် ပစ်လိုက်သည်။ အစောင့်များမှာ ဘုရင်ကြီးကိုသာ အာရုံစိုက်နေကြသဖြင့် မြားတစ်စင်း သူတို့ထံသို့ လာနေသည်ကို မမြင်လိုက်ကြပေ။ ထိုမြားသည် အသန်မာဆုံး အစောင့်၏ နဖူးတည့်တည့်သို့ ထိုးဝင်သွားကာ သူ့ကို ချက်ချင်း သေဆုံးစေခဲ့သည်။
အစောင့်များမှာ မြားလာရာဘက်ကို လိုက်လံ ရှာဖွေကြရာ လက်ထဲတွင် လေးတစ်လက် ကိုင်ထားသော လုံချန်းကို တွေ့ရှိသွားကြသည်။ ထိုခဏမှာပင် လုံချန်းက နောက်ထပ် မြားတစ်စင်း ပစ်လွှတ်လိုက်ပြန်ရာ နောက်ထပ် အစောင့်တစ်ဦး၏ ခေါင်းကို ထိုးဖောက်သွားခဲ့သည်။
"ဟိုမှာ၊ သူ ငါတို့ကို အကုန် မသတ်ခင် အမြန်သွားဖမ်းကြ" အစောင့်များက အော်ဟစ်ကာ လုံချန်းထံသို့ ပြေးဝင်လာကြသည်။
လုံချန်းကတော့ မြားများကို မရပ်မနား ပစ်လွှတ်နေခဲ့သည်။ တစ်ဦးပြီးတစ်ဦး အစောင့်များမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ အစောင့်တစ်ဦးမျှပင် လုံချန်းအနားသို့ မရောက်နိုင်ခင်မှာပင် သူတို့အားလုံး သေဆုံးသွားခဲ့ကြပြီ။
"သနားစရာ ကောင်လေးတွေပဲ။ သူတို့မှာ ဒိုင်းတွေ ဒါမှမဟုတ် ကာကွယ်ရေး စွမ်းရည်တွေတောင် မရှိကြဘူးထင်တယ်" လုံချန်းက ဘုရင်ကြီးကို လှောင်ပြောင်သကဲ့သို့ ကျယ်လောင်စွာ ပြောလိုက်သည်။
"ခွေးသူတောင်းစား။ မင်း အရာအားလုံးကို ထပ်ပြီး ဖျက်ဆီးလိုက်ပြန်ပြီ" ဘုရင်ကြီးသည် ဒေါသတကြီး ဟိန်းဟောက်ကာ လုံချန်းဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။
ထိုခဏတာ အာရုံလွဲသွားခြင်းမှာ မိန်းကလေးအတွက်တော့ လုံလောက်သော အခွင့်အရေး ဖြစ်သွားခဲ့သည်။ သူမသည် ထိုအခွင့်အရေးကို အသုံးချကာ ဘုရင်ကြီး၏ ကာကွယ်ရေးကို ဖောက်ထွက်ပြီး ဓားမြှောင်တစ်လက်ကို လည်ပင်းသို့၊ အခြားတစ်လက်ကို ရင်ဘတ်သို့ ထိုးစိုက်လိုက်လေတော့သည်။
"အု..." ဘုရင်ကြီးမှာ နှလုံးနှင့် လည်ပင်းကို အထိုးခံလိုက်ရသဖြင့် သွေးတစ်လုတ်ကို အန်ထုတ်လိုက်သည်။
"ငရဲကို ကောင်းကောင်း သွားပါတော့" မိန်းကလေးက ပြုံးလျက် ပြောကာ ဘုရင်ကြီး၏ လည်ပင်းကို ပိုင်းဖြတ်လိုက်သည်။ ဘုရင်ကြီး၏ ခေါင်းမှာ ကိုယ်မှ ပြတ်ထွက်သွားပြီး ခေါင်းမပါသော ခန္ဓာကိုယ်ကြီးမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
မိန်းကလေးသည် ဘုရင်ကြီးကို သတ်ပြီးနောက် လုံချန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"ကျေးဇူးပဲ ကောင်လေး။ နင် ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲ။ နင်မပါရင် ဒီတာဝန်ကို ဒီလောက် မြန်မြန် ပြီးအောင် လုပ်နိုင်မှာ မဟုတ်ဘူး" သူမက တောက်ပသော အပြုံးဖြင့် ပြောဆိုကာ လုံချန်းထံသို့ လျှောက်လာခဲ့သည်။
"ကဲ... ကျေးဇူးတင်ပြီးပြီဆိုတော့ နင့်ကို သတ်ရမယ့်အချိန် ရောက်ပြီပေါ့။ နင် ငါ့ကို ကူညီခဲ့ပေမဲ့ နင့်ကို ငါ အသက်ရှင်လျက် မထားနိုင်ဘူး။ စိတ်မကောင်းပါဘူး ကောင်လေးရယ်... ကံဆိုးသွားတာပေါ့" သူမက ဆိုကာ အပြုံးကြီးစွာဖြင့် လုံချန်းနှင့် ၂ မီတာအကွာတွင် ရပ်လိုက်ပြီး ဓားမြှောင်ကို ပြန်ထုတ်လိုက်လေတော့သည်။