အခန်း (၃၄၅-၃၄၆)
Vol. 35 Ch. 345-346
အခန်း (၃၄၅) မှားယွင်းသောနေရာနှင့် မှားယွင်းသောအချိန်
"ကျေးဇူးတင်ပြီးပြီဆိုတော့ နင့်ကို သတ်ရမယ့်အချိန် ရောက်ပြီပေါ့။ နင် ငါ့ကို ကူညီခဲ့ပေမဲ့ နင့်ကို ငါ အသက်ရှင်လျက် မထားနိုင်ဘူး။ စိတ်မကောင်းပါဘူး ကောင်လေးရယ်... ကံဆိုးသွားတာပေါ့" မိန်းကလေးက ဆိုကာ သူမ၏ အပြုံးများ ပိုမိုကျယ်ပြန့်လာသည်။ သူမသည် လုံချန်းနှင့် ၂ မီတာအကွာတွင် ရပ်ကာ ဓားမြှောင်ကို ထပ်မံထုတ်ယူလိုက်သည်။
"ဟူး... ငါက မင်းရဲ့ ရန်သူမဟုတ်ပါဘူး။ ငါက မင်းကိုတောင် ကူညီခဲ့သေးတာကို ဘာလို့ သတ်ချင်ရတာလဲ" လုံချန်းက မိန်းကလေးကို ကြည့်ကာ သက်ပြင်းချရင်း မေးလိုက်သည်။
"ငါ့မှာ အကြောင်းပြချက် ရှိပါတယ်။ နင်က မှားယွင်းတဲ့အချိန်မှာ မှားယွင်းတဲ့နေရာကို ရောက်နေတယ်လို့ပဲ သတ်မှတ်လိုက်ပါတော့" မိန်းကလေးက ဖြဲခြောက်သော အပြုံးဖြင့် ပြောဆိုကာ လုံချန်း၏ ရင်ဘတ်တည့်တည့်သို့ ဓားမြှောင်ဖြင့် ပစ်လွှတ်လိုက်သည်။
ဓားမြှောင်သည် လုံချန်းထံသို့ ရောက်ရှိသွားသော်လည်း သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့သည်။ လုံချန်းတွင် တုံ့ပြန်ရန် အချိန်ပင် မရရှိခဲ့သကဲ့သို့ပင်။
အမှန်တကယ်တွင်မူ သူမသည် လုံချန်း၏ ပုံရိပ်ယောင် နိယာမထဲသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ အစောင့်များကို သတ်ပြီးကတည်းက လုံချန်းသည် သူမကို လှည့်စားရန် သူ ထိုင်နေသည့်ပုံစံအတိုင်း ရုပ်ပုံတုတစ်ခု ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် အစစ်အမှန် လုံချန်းမှာ ကြောက်လန့်ပြီး သတိမေ့နေသော ဒုတိယမင်းသားထံသို့ လျှောက်သွားနေခဲ့ပြီ ဖြစ်သည်။
သူသည် မိန်းကလေးထံမှ မျက်တောင်မခတ်ဘဲ စိုက်ကြည့်ရင်း ပိုးဖလံကို ထုတ်ကာ သားရဲနယ်မြေသို့ ပြန်ပို့လိုက်ပြီး ဘဏ္ဍာတိုက် တံခါးဝသို့ လျှောက်သွားလိုက်သည်။
"စိတ်မကောင်းပါဘူး၊ မင်းရဲ့ ကမ်းလှမ်းချက်ကို ငါ ငြင်းပယ်ရလိမ့်မယ်။ ငါ အခုထိ မသေချင်သေးဘူး" လုံချန်း၏ အသံက အနောက်ဘက်မှ ထွက်ပေါ်လာသည်။
မိန်းကလေး အနောက်သို့ လှည့်ကြည့်လိုက်သောအခါ ဘဏ္ဍာတိုက် တံခါးနားတွင် ရပ်နေသော လုံချန်းကို တွေ့လိုက်ရသည်။
"မင်း ငါ့ကို သတ်ချင်ရင် ဘဏ္ဍာတိုက်ထဲကို လိုက်လာခဲ့လေ" လုံချန်းက ပြုံးလျက် ပြောကာ နေရာရွှေ့ပြောင်းခြင်းကို အသုံးပြု၍ ဘဏ္ဍာတိုက်ထဲသို့ ဝင်သွားလေတော့သည်။ သူသည် ဘဏ္ဍာတိုက်ထဲသို့ တစ်ကြိမ် ရောက်ဖူးပြီးဖြစ်ကာ မီတာ ၁၀၀ အကွာအဝေးအတွင်း ရှိနေသဖြင့် နေရာရွှေ့ပြောင်းရန် အလွန်လွယ်ကူနေခြင်း ဖြစ်သည်။
"ဒီလူအ... ဘဏ္ဍာတိုက်ထဲမှာ ပုန်းနေရင် လွတ်မယ် ထင်နေတာလား" မိန်းကလေးက ရေရွတ်ကာ ဘုရင်ကြီး၏ အလောင်းထံသို့ လျှောက်သွားသည်။ သူမသည် ဘုရင်ကြီး၏ လက်ကို ဖြတ်တောက်ကာ ဝင်္ကပါပေါ်သို့ တင်ပြီး ဘဏ္ဍာတိုက်ကို ဖွင့်လိုက်သည်။
သို့သော် တံခါးပွင့်သွားသည်နှင့် သူမ မြင်လိုက်ရသည်မှာ ဟောင်းလောင်းပြင်ကြီးသာ ဖြစ်သည်။ ဘဏ္ဍာတိုက်ထဲတွင် လူလည်းမရှိ ရွှေဒင်္ဂါးလည်း တစ်ပြားပင် မကျန်တော့ပေ။
"သူ လွတ်သွားပြီပေါ့။ စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ" သူမက ရေရွတ်ကာ တံခါးကို ပြန်ပိတ်လိုက်သည်။ "နင် ငါ့ကို အသက်တစ်ချောင်း ကြွေးတင်သွားပြီ။ ငါ နင့်ကို ပြန်တွေ့တဲ့အခါကျရင် အဲဒီအသက်ကို လာတောင်းမယ်" ထိုသို့ ပြောကာ ဘုရင်ကြီး၏ လက်ပြတ်ကို လွှင့်ပစ်လိုက်သည်။
"ဟင်၊ ငါ ဘယ်ရောက်နေတာလဲ" ဒုတိယမင်းသား သတိပြန်ဝင်လာပြီး မျက်လုံးဖွင့်ကာ ထထိုင်လိုက်သည်။ ကံဆိုးစွာဖြင့် သူ နိုးလာသည့်အချိန်မှာ အလွန် မှားယွင်းနေခဲ့သည်။
သူ စကားပြောလိုက်သည်နှင့် မိန်းကလေးက ဓားမြှောင်ဖြင့် ပစ်လိုက်ရာ ဒုတိယမင်းသား၏ နဖူးတည့်တည့်သို့ ထိုးဝင်သွားသည်။ သူသည် ဘာကြောင့်သေရမှန်းပင် မသိဘဲ ချက်ချင်း သေဆုံးသွားခဲ့ရသည်။
ထိုအချိန်မှာပင် နောက်ထပ် လူအုပ်စုတစ်စု လာနေသော ခြေသံများကို သူမ ကြားလိုက်ရသည်။
"ဟူး... ယင်ကောင်တွေ ထပ်လာပြန်ပြီ။ ဘုရင်နဲ့ အသန်မာဆုံးလူတွေ သေကုန်ပြီဆိုတော့ သူတို့ကို ငါ အေးအေးဆေးဆေး သတ်လို့ရပြီပေါ့" သူမ၏ မျက်နှာတွင် ကြောက်စရာကောင်းသော အပြုံးတစ်ချက် ပေါ်လာပြီး ဓားမြှောင်များကို ထပ်မံထုတ်ကာ တိုက်ပွဲအတွက် ပြင်ဆင်လိုက်လေတော့သည်။
မြို့တစ်မြို့၏ အတွင်းဘက်တွင် ဟင်းလင်းပြင် အက်ကြောင်းတစ်ကြောင်း ပေါ်လာပြီး လူတစ်ယောက် ထွက်ပေါ်လာသည်။
လုံချန်းသည် မြို့ပြင်သို့ ထွက်ရန် ဟင်းလင်းပြင် ဖြတ်သန်းခြင်း စွမ်းရည်ကို အသုံးပြုခဲ့သော်လည်း သူ ရောက်ရှိသွားသော နေရာမှာ မှားယွင်းနေခဲ့သည်။
သူ ရောက်နေသည်မှာ ရေချိုးခန်းတစ်ခန်း ဖြစ်ပြီး မိန်းကလေးတစ်ဦးမှာ ရေချိုးနေဆဲ ဖြစ်သည်။ သူမမှာ ကျောပေးထားသဖြင့် သူမ၏ အနောက်တွင် လူတစ်ယောက် ပေါ်လာသည်ကို မသိလိုက်ပေ။
'နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီလား' လုံချန်း ဘာလုပ်ရမလဲ စဉ်းစားနေမိသည်။ ရေချိုးခန်း တံခါးမှာ မိန်းကလေး၏ အနီးတွင် ရှိနေသည်။
'သွားစမ်းပါ... သူလည်း ငါ့ကို သိတာမှ မဟုတ်တာ' လုံချန်း တွေးကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။
မိန်းကလေးမှာ သူ့ကို မြင်သွားပြီး အော်ဟစ်လိုက်သော်လည်း လုံချန်းက ရှင်းပြရန် အချိန်မဆွဲတော့ပေ။ သူသည် ရေချိုးခန်းထဲမှ အမြန်ထွက်ကာ အခန်းထဲရှိ ပြတင်းပေါက်မှတစ်ဆင့် လမ်းမပေါ်သို့ ခုန်ချလိုက်လေတော့သည်။
မိန်းကလေးမှာ ခန္ဓာကိုယ်ကို ဖုံးကွယ်ရင်း ရေချိုးခန်းထဲမှ အော်ဟစ်ကာ ထွက်လာခဲ့သည်။
လုံချန်းသည် သားရဲနယ်မြေမှ နေဝါးမျိုလင်းယုန်ကို ထုတ်လိုက်သည်။
"ပြန်ရမယ့်အချိန် ရောက်ပြီ" ထိုသို့ ရေရွတ်ကာ သူသည် လင်းယုန်ပေါ်သို့ တက်ထိုင်ပြီး ပျံသန်းရန် အမိန့်ပေးလိုက်သည်။
ယခုတစ်ခေါက် ခရီးစဉ်မှာ ထူးထူးခြားခြား အောင်မြင်ခဲ့သည်ဟု ဆိုရမည်။ သူ တတ်ချင်သော ပညာရပ်များကို သင်ယူနိုင်ခဲ့ရုံသာမက အမှောင်နိယာမကိုပါ နားလည်သဘောပေါက်ခဲ့သည်။ ထို့ပြင် ဘုရင်ကြီး၏ ရတနာအားလုံးကိုပါ ရရှိခဲ့သဖြင့် ယခုအခါ သူသည် ပထမအဆင့် တိုင်းပြည်တစ်ပြည်၏ ဘုရင်ကဲ့သို့ပင် ချမ်းသာနေပြီ ဖြစ်သည်။
သူသည် မျက်နှာဖုံးကို ချွတ်လိုက်သည်။ မျက်နှာဖုံးမှာ အချိန်ကုန်ဆုံးသွားသဖြင့် အလုပ်မလုပ်တော့ပေ။ ထို့ကြောင့်လည်း အားလုံးက သူ၏ ရုပ်ရည်အစစ်အမှန်ကို မြင်တွေ့ခဲ့ကြခြင်း ဖြစ်သည်။
"ကောင်းပြီ... ငါ့မှာ အဆိပ် ထိန်းချုပ်ဆေး ၂ လုံး ကျန်သေးတယ်။ ဒါဆိုရင် နောက်ထပ် ၂ ပတ် အချိန်ရသေးတာပေါ့။ အဲဒီအချိန်အတွင်းမှာ ဂိုဏ်းကို အေးအေးဆေးဆေး ပြန်ရောက်နိုင်ပါတယ်" လုံချန်းက လန်ကျင်း ပေးထားသော ဆေးလုံးများကို ကြည့်ကာ ရေရွတ်လိုက်သည်။
သူသည် တစ်ရက်ခန့် ခရီးနှင်ပြီးနောက် ရွှင်းကို ခေါ်လိုက်သည်။
"ရွှင်းရေ" လုံချန်းက ကောင်းကင်ကို ကြည့်ကာ ခေါ်လိုက်သည်။
"နင်... ဘာလဲ ငါ့ရဲ့ တပည့်လေး" ရွှင်းက လုံချန်းအနားတွင် ပေါ်လာပြီး ပြုံးလျက် ဆိုသည်။
"ဟား... ဘယ်သူက နင့်တပည့်လဲ။ ငါက ကလေးမလေးတစ်ယောက်ကို ဆရာမ မတင်ချင်ပါဘူး" လုံချန်းက ရယ်မောရင်း ပြန်ပြောသည်။
"ဒီမှာ ကလေးဆိုလို့ နင်တစ်ယောက်ပဲ တွေ့တယ်" ရွှင်းက ပြန်ပြုံးပြသည်။
"ကလေးမလေး... ငါသာ နင့်ကို ထိလို့ရရင် ဘယ်သူက တကယ့်ကလေးလဲဆိုတာ ပြပေးမှာ" လုံချန်းက ပြောရင်း ရွှင်း၏ ပါးကို စနောက်သည့်အနေဖြင့် လက်ဖြင့် လှမ်းကိုင်လိုက်သည်။
သူ့လက်မှာ သူမ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားလိမ့်မည်ဟု ထင်ထားသော်လည်း ထိုသို့ ဖြစ်မလာခဲ့ပေ။ သူ၏ လက်မှာ ရွှင်း၏ ပါးပြင်ပေါ်သို့ ကျရောက်သွားပြီး သူမကို သူ ထိတွေ့နိုင်ကြောင်း သိလိုက်ရသည်။
၎င်းမှာ သူ၏ ဘဝတွင် အကြီးမားဆုံး ထိတ်လန့်မှုပင် ဖြစ်သည်။ သူသည် ပါးစပ်အဟောင်းသားဖြင့် ဘာဖြစ်သွားမှန်း မယုံနိုင်အောင် ဖြစ်နေရသည်။ အိပ်မက်မက်နေသည်ဟုပင် သူ ခံစားလိုက်ရသည်။
ယခင်က ရွှင်းမှာ လူသားစစ်စစ် မဟုတ်ဘဲ ရှေးဟောင်းလက်စွပ်၏ ဝိညာဉ်သာ ဖြစ်သဖြင့် သူမကို ထိတွေ့ရန် မဖြစ်နိုင်ခဲ့ပေ။
ရွှင်းမှာလည်း အံ့သြနေပုံရသည်။ သူမ ဘာဖြစ်သွားမှန်း မသိဘဲ မှင်သက်နေမိသည်။
"ငါ နင့်ကို ထိလို့ရနေတာလား"
"နင် ငါ့ကို ထိလို့ရနေတာလား"
နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း အံ့သြစွာ ဟစ်အော်လိုက်ကြသည်။
"ငါ စမ်းကြည့်ပါဦးမယ်" ရွှင်းက မျက်မှောင်ကြုတ်ကာ သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော လက်ကလေးဖြင့် လုံချန်း၏ ပါးကို လှမ်းကိုင်ကြည့်ရာ သူမလည်း လုံချန်းကို ထိတွေ့နိုင်နေသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်တာ" သူမ အံ့သြတုန်လှုပ်စွာ ရေရွတ်လိုက်သည်။
"နေဝါးမျိုလင်းယုန်ကိုရော ထိလို့ရလား ကြည့်ဦး" လုံချန်းက ပြောသည်။
ရွှင်းက လင်းယုန်ကို ထိကြည့်သော်လည်း သူမ၏ လက်မှာ လင်းယုန်ကို ဖောက်ထွက်သွားခဲ့သည်။
"ငါ လင်းယုန်ကိုတော့ ထိလို့မရဘူး" သူမက ဆိုသည်။
"ဒါဆိုရင် ငါ့ကိုပဲ ထိလို့ရတာပေါ့။ ငါ စဉ်းစားမိတာ တစ်ခုရှိတယ်။ ငါ အမှောင်နိယာမကို သင်ယူလိုက်လို့များလား" လုံချန်းက ခဏစဉ်းစားပြီး ပြန်ဖြေသည်။
"ဖြစ်နိုင်ပါတယ်။ ငါ အမှောင် နိယာမအကြောင်း သိထားပေမဲ့ ငါ့ရဲ့ နားလည်မှုကလည်း အကန့်အသတ် ရှိနေသေးတာပဲ။ အဲဒါက စကြဝဠာရဲ့ ရှေးအကျဆုံးနဲ့ လျှို့ဝှက်ချက် အရှိဆုံး နိယာမတွေထဲက တစ်ခုပဲလေ။ ကမ္ဘာပေါ်မှာ ဒီနိယာမအကြောင်း ကောင်းကောင်း သိတဲ့သူ ရှိမယ်လို့ ငါ မထင်ဘူး" သူမက ဆိုသည်။
"ဒါ ဘယ်လို ဖြစ်လာတာလဲဆိုတာ အရေးမကြီးပါဘူး။ အခုတော့ ဘယ်သူက ကလေးလဲဆိုတာ ငါ ပြပေးရတော့မှာပေါ့" လုံချန်းက ဖြဲခြောက်စွာ ပြုံးရင်း သူမ၏ ပါးကလေးကို ကလေးတစ်ယောက်နှင့် ဆော့နေသကဲ့သို့ ဆွဲညှစ်လေတော့သည်။
"အရူး၊ ငါ့ကို အခုချက်ချင်း လွှတ်စမ်း" ရွှင်းက ပြောသော်လည်း လုံချန်းက နားမထောင်ဘဲ ပျော်ပျော်ပါးပါး ဆက်လက် စနောက်နေခဲ့သည်။
"သောက်ရူးကတော့..." ရွှမ်ကလည်း ပြန်လည် တုံ့ပြန်သည့်အနေဖြင့် လုံချန်း၏ နှာခေါင်းကို လှမ်းဆွဲလိုက်လေသည်။
သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အရင်လွှတ်ပေးရန် ပြောဆိုရင်း ခဏကြာသည်အထိ ပျော်ပျော်ပါးပါး စနောက်နေကြလေတော့သည်။
အခန်း (၃၄၆) အန္တရာယ်ရှိသော အခြေအနေ
အတန်ကြာ လုံးထွေးသတ်ပုတ်ပြီးနောက် ရွှင်းက အရင်စကားပြောလာသည်။
"ကဲ... တော်ပြီ၊ နှစ်ယောက်လုံး ပြိုင်တူလွှတ်ကြမယ်။ သုံး... နှစ်... တစ်..."
သူတို့နှစ်ဦးစလုံး ပြိုင်တူ လက်လွှတ်လိုက်ကြသည်။ ရွှင်းက သူမ၏ပါးကို ပွတ်သပ်ရင်း လုံချန်းကို စိုက်ကြည့်လိုက်သည်။
"ဟေ့ ရွှင်း... အခုတော့ တကယ့်အစစ်အမှန်အရာတွေကို ထိတွေ့လို့ရပြီဆိုတော့ ဘယ်လိုခံစားရလဲ" လုံချန်းက မေးလိုက်သည်။
"ခံစားလို့ကောင်းပါတယ်။ ငါ တစ်ခုခုကို ထိတွေ့နိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး" ရွှင်းက ကျေနပ်သော အပြုံးဖြင့် ပြောသည်။
"ငါ အသန်မာဆုံးဖြစ်လာပြီး နင့်အတွက် ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးနိုင်တဲ့နေ့ကျရင် အများကြီး ပိုထိလို့ရမှာပါ"
"အဲဒီနေ့ကို ငါ စောင့်နေမယ်" ရွှင်းက သူ့ကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်ကာ ပြန်ဖြေသည်။
"အေးပေါ့... အဲဒီကျရင် နင် ဗိုက်ဝအောင် စားလို့ရပြီလေ။ အဲဒီတော့မှ နည်းနည်းလောက် ထွားလာမှာ" သူက ရယ်မောကာ စနောက်လိုက်သည်။
"ဟွန်း... နင်က ငါ့အလှကို မနာလိုဖြစ်နေတာပါ" ရွှင်းက နှာခေါင်းရှုံ့လိုက်သည်။
"ဟားဟား... ဖြစ်နိုင်တာပဲ။ ဪ... ဒါနဲ့ ငါ နင့်ကို ခေါ်လိုက်တဲ့ အကြောင်းရင်းကို လုံးဝ မေ့သွားတော့မလို့" လုံချန်းက ရုတ်တရက် သတိရသွားဟန်ဖြင့် ပြောလိုက်သည်။
"ဘာကိစ္စလဲ" သူမက မေးသည်။
"အဆိပ်ကိစ္စလေ။ နင်က ဗဟုသုတ ကြွယ်ဝတာပဲ၊ ငါ ဘာလုပ်နိုင်မလဲဆိုတာ အကြံမရှိဘူးလား။ အဆိပ်မပျောက်ဘဲနဲ့ သူ့ကို ငါမသတ်နိုင်ဘူး၊ သူ့ကို မသတ်နိုင်ရင်လည်း ငါ့ရဲ့ ခွန်အားတွေက ပြန်မရနိုင်ဘူး ဖြစ်နေတယ်" လုံချန်းက သူ၏ အခက်အခဲကို ရှင်းပြလိုက်သည်။
"ငါ ပြောနိုင်တာကတော့... လန်ကျင်းကို သတ်လိုက်တာနဲ့ နင့်ရဲ့ အဆိပ်ပြဿနာ ပြေလည်သွားလိမ့်မယ်။ အဲဒါကို ဘယ်လို သတ်မလဲဆိုတာကတော့ တခြားကိစ္စပေါ့" သူမက ပြောသည်။
"သူ့ကို သတ်လိုက်တာနဲ့ အဆိပ်ပြဿနာက ပြေလည်သွားမှာလား" လုံချန်း အံ့သြသွားသည်။
"ဟုတ်တယ်။ နင် ဒီစမ်းသပ်မှုကို အောင်မြင်တာနဲ့ သွေးမျိုးဆက် ကျောင်းတော်ထဲမှာ နင့်ရဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အရာတစ်ခု ရှိတယ်" သူမက ဆိုသည်။
လုံချန်းသည် သူမ၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ဆင်ခြင်ရင်း အတွေးနက်သွားသည်။
"ဒါက ဆုလာဘ်တွေနဲ့ ပတ်သက်နေတာလား" သူက မေးသည်။
"နင် မကြာခင် သိလာမှာပါ။ အခုလောလောဆယ်တော့ လန်ကျင်းကို သတ်ဖို့ပဲ အာရုံစိုက်ထားပါ" သူမက ပြုံးလျက် ပြောပြီး ပျောက်ကွယ်သွားခဲ့သည်။
"ဟူး... လန်ကျင်းကို သတ်ဖို့ ဆိုတာက ပြောသလောက် မလွယ်ဘူး။ ငါ့အစွမ်းက မလုံလောက်သေးသလို ခံစားရတယ်။ သူ့ကို အနိုင်ယူဖို့ အခွင့်အရေးတစ်ခု ရှာရမယ်" လုံချန်းက အစီအစဉ်ဆွဲရင်း ရေရွတ်လိုက်သည်။
တစ်ပတ်အကြာတွင် သူသည် ဂိုဏ်းသို့ ပြန်ရောက်လာပြီး တာဝန်ခန်းမရှေ့တွင် ဆင်းသက်လိုက်သည်။ သူသည် အဆင့် ၃ တာဝန်ခံ အကြီးအကဲ၏ စားပွဲဆီသို့ လျှောက်သွားလိုက်သည်။
"ကောင်လေး... ပြန်လာတာ မြန်လှချည်လား။ ၅ လပဲ ရှိသေးတာကိုး။ မိစ္ဆာအဆင့် တပည့်ပီပီ တကယ်ကို အစွမ်းထက်တာပဲ" အကြီးအကဲက လုံချန်းကို မြင်သည်နှင့် ဝမ်းသာအားရ နှုတ်ဆက်သည်။
"ဒါက ကျုပ် ယူလာတဲ့ အုပ်စိုးရှင်နဲ့ ကျုပ်ရဲ့ တံဆိပ်ပါ။ အကျိုးပြုမှတ်တွေကို မြန်မြန်လေး လွှဲပေးလို့ ရမလား။ ကျုပ် နည်းနည်း လောနေလို့ပါ" လုံချန်းက ပြောလိုက်သည်။
"ဪ... ရတာပေါ့။ အခုချက်ချင်း လုပ်ပေးပါ့မယ်" အကြီးအကဲက ဆိုကာ တံဆိပ်ကို ယူပြီး မှတ်တမ်းများ ပြုလုပ်ပေးလိုက်သည်။ "ပြီးပါပြီ"
"ကျေးဇူးတင်ပါတယ်" လုံချန်း တံဆိပ်ကို ပြန်ယူပြီးနောက် ထွက်လာခဲ့သည်။
သူသည် သူ၏ နေအိမ်ဝင်းဆီသို့ ပြန်လျှောက်လာရင်း လန်ကျင်းဆီသို့ သူပြန်ရောက်ပြီ ဖြစ်ကြောင်း သတင်းပို့ရန် မမေ့ခဲ့ပေ။ အဆိပ်ထိန်းချုပ်ဆေးများ ရယူရန်အတွက် လန်ကျင်းကို သတင်းပို့ရခြင်း ဖြစ်သည်။
သူ အိမ်ရှေ့သို့ရောက်၍ တံခါးခေါက်လိုက်ရာ မန်ကုက တံခါးလာဖွင့်ပေးသည်။ လုံချန်း ကို မြင်လိုက်ရသဖြင့် မန်ကုမှာ သိသိသာသာ အံ့သြသွားသည်။
"သခင်လေး ပြန်ရောက်ပြီပဲ။ ကြိုဆိုပါတယ်ခင်ဗျာ။ တာဝန်ကရော အဆင်ပြေခဲ့ရဲ့လား" သူက မေးသည်။
"အဆင်ပြေပါတယ်။ ငါ ထင်ထားသလောက်လည်း မခက်ခဲပါဘူး။ ဘာပြဿနာမှ မရှိခဲ့ဘူး" လုံချန်းက ပြောရင်း အထဲသို့ ဝင်ခဲ့သည်။ "ငါ ခဏ နားဦးမယ်၊ တော်တော် ပင်ပန်းနေလို့" ထိုသို့ ပြောကာ အိပ်ခန်းထဲသို့ ဝင်၍ တံခါးပိတ်လိုက်သည်။ သူ ခုတင်ပေါ် လဲလျောင်းလိုက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားတော့သည်။ ခရီးက တကယ်ကို ပင်ပန်းခဲ့သည် မဟုတ်လော။
သူ အိပ်ပျော်နေစဉ်အတွင်း ဂိုဏ်းချုပ်၊ မဟာအကြီးအကဲများနှင့် ဝတ်ရုံနက် အကြီးအကဲများ အစည်းအဝေးတစ်ခု ကျင်းပနေသည်။ လန်ကျင်းလည်း ထိုနေရာတွင် ရှိနေပြီး လုံချန်း၏ သတင်းစကားကို ရရှိပြီးဖြစ်သည်။
"အဲဒါကြောင့် ဒီတစ်ခါတော့ အဲဒီအရာက မြောက်ပိုင်း လအင်ပါယာနားမှာ ပေါ်လာလိမ့်မယ်လို့ ငါတို့ သိထားတာ။ တခြားဂိုဏ်းတွေလည်း သိမှာဖြစ်လို့ သူတို့လည်း လူလွှတ်ကြလိမ့်မယ်။ ငါတို့လည်း အတော်ဆုံး တပည့်တွေကို လွှတ်ရမယ်။ ငါ စာရင်းလုပ်ထားပြီးပြီ၊ မုကျိန်းက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ချူးမြောင်က ဒုခေါင်းဆောင် ဖြစ်မယ်" ဂိုဏ်းချုပ်က ပြောလိုက်သည်။
"ကျွန်တော် ကန့်ကွက်ပါတယ်" လန်ကျင်း က လက်မြှောက်ကာ ကန့်ကွက်လိုက်သည်။
"အကြီးအကဲလန်... ဘာပြောချင်လို့လဲ" ဂိုဏ်းချုပ်က မေးသည်။
"လုံချန်း က မိစ္ဆာအဆင့် တပည့်ပါ။ မုကျိန်းက လွန်ခဲ့တဲ့ လတုန်းကမှ မိစ္ဆာစမ်းသပ်မှုကို အောင်မြင်ခဲ့တာဆိုတော့ သူ့အဆင့်က လုံချန်းရဲ့ အောက်မှာပဲ ရှိပါသေးတယ်။ ဒါကြောင့် လုံချန်းကပဲ အဖွဲ့ခေါင်းဆောင် ဖြစ်သင့်တယ်လို့ ထင်ပါတယ်" လန်ကျင်း က ဆိုသည်။
"အကြီးအကဲလန်... အဖွဲ့ခေါင်းဆောင်ဆိုတာ သန်မာဖို့ လိုတယ်။ လုံချန်းက မိစ္ဆာအဆင့်မှာ ပိုမြင့်ပေမဲ့ မုကျိန်းက ခွန်အားအဆင့်မှာ ပိုမြင့်ပါတယ်။ ဒါကြောင့် မုကျိန်းကပဲ ခေါင်းဆောင် ဖြစ်သင့်ပါတယ်" အခြား အကြီးအကဲတစ်ဦးက ဝင်ပြောသည်။
အကြီးအကဲ အတော်များများက ဂိုဏ်းချုပ်၏ အဆိုကို ထောက်ခံကြသော်လည်း အချို့ကမူ ဂိုဏ်းအတွင်း၌ မိစ္ဆာအဆင့်ကသာ အမြဲတမ်း ပိုအရေးကြီးသည်ဆိုသော လန်ကျင်းဘက်မှ ရပ်တည်ကြသည်။
"ခွန်အားနဲ့ ပတ်သက်ရင်တော့ လုံချန်းက ပိုသန်မာတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ခင်ဗျားတို့ မသိတာ တစ်ခု ရှိတယ်၊ လုံချန်းနဲ့ မုကျိန်း တိုက်ခဲ့ဖူးပြီး မူကျိန်း ရှုံးသွားခဲ့တာ။ အဲဒီမှာ မဟာအကြီးအကဲချူးလည်း ရှိနေတာပဲ၊ ဒါ အမှန်ပဲ မဟုတ်လား" လန်ကျင်းက ဂိုဏ်းချုပ်ဘေးတွင် ထိုင်နေသော မဟာအကြီးအကဲချူးကို ကြည့်ကာ မေးလိုက်သည်။
"အဲဒါက ဖြစ်တော့ ဖြစ်ခဲ့တယ်၊ ဒါပေမဲ့..." မဟာအကြီးအကဲချူးက ရှင်းပြရန် ကြိုးစားသော်လည်း လန်ကျင်း က စကားဖြတ်လိုက်သည်။
"မြင်တယ်မလား။ ဒါကြောင့် လုံချန်းကို ခေါင်းဆောင်ခန့်တာက အပြည့်အဝ တရားမျှတပါတယ်။ ဂိုဏ်းချုပ်အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လန်ကျင်းက ပြုံးလျက် ပြောသည်။
"မှန်ပါတယ်၊ အဲဒါ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ငါကြားတာတော့ အဲဒါက တရားမျှတတဲ့ တိုက်ပွဲ မဟုတ်ဘူးတဲ့။ လုံချန်းက မုကျိန်းကို မမျှော်လင့်ဘဲ ရုတ်တရက် တိုက်ခိုက်ခဲ့တာလို့ သိရတယ်" ဂိုဏ်းချုပ်က ဆိုသည်။
"ဟက်... ဟုတ်လို့လား။ ဂိုဏ်းချုပ်က လိမ်နေတယ်လို့ ကျွန်တော် မဆိုလိုပါဘူး၊ ဒါပေမဲ့ ဂိုဏ်းချုပ်ရဲ့ တပည့်က ဖြစ်ပျက်ခဲ့တာကို လိမ်ပြောထားတာ ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်" လန်ကျင်းက ပြန်ပြောလိုက်သည်။
"နင်လည်း အဲဒီမှာ ရှိမနေခဲ့ပါဘူး လန်ကျင်း။ ဒါကြောင့် ဘာဖြစ်ခဲ့လဲဆိုတာ အတိအကျ မသိနိုင်ဘူး။ ခွန်အားနဲ့ ပတ်သက်ရင်တော့ သူတို့နှစ်ယောက်ကို ယှဉ်ပြိုင်ခိုင်းကြည့်တာပေါ့။ အဲဒီကျရင် သူတို့အစွမ်းကို မြင်ရမှာပဲ။ တကယ်လို့ နင် သဘောမတူဘူးဆိုရင်တော့ ငါက မုကျိန်းကိုပဲ ခေါင်းဆောင် ခန့်လိုက်မယ်" ဂိုဏ်းချုပ်က ဆိုသည်။
'လုံချန်း ခေါင်းဆောင်ဖြစ်ဖို့က ငါ့အစီအစဉ်အတွက် အရေးကြီးဆုံးပဲ။ ဒါကို အမှားခံလို့ မဖြစ်ဘူး' လန်ကျင်း တွေးလိုက်သည်။ "ကောင်းပါပြီ။ သူ တစ်ခါ လုပ်နိုင်ခဲ့ရင် နောက် ၁၀ ခါလည်း ထပ်လုပ်နိုင်မှာပါ" သူက ဂိုဏ်းချုပ်ကို ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
"အရမ်းကောင်းတယ်။ နောက် ၃ ရက်နေရင် တတိယမြောက် သိုင်းလေ့ကျင့်ရေးကွင်းပြင်မှာ သူတို့ တိုက်ခိုက်ကြရမယ်" ဂိုဏ်းချုပ်က စိတ်ဝင်စားသော အပြုံးဖြင့် ဆိုသည်။
လန်ကျင်း ပြန်မဖြေခင်မှာပင် အခြား မဟာအကြီးအကဲတစ်ဦးက ပြောလာသည်။ "အဲဒါက ဘယ်သူ ပိုသန်မာလဲဆိုတာ သိဖို့ ကောင်းတဲ့ အကြံပြုချက်ပဲ။ ဒါပေမဲ့ ငါတို့ဂိုဏ်းအတွက်တော့ အန္တရာယ်ရှိနိုင်တယ်။ သူတို့ နှစ်ယောက်လုံးက ငါတို့ဂိုဏ်းရဲ့ ကြယ်ပွင့်တပည့်တွေပဲ။ ဒီလို ထူးခြားတဲ့ အချိန်မျိုး မတိုင်ခင်မှာ သူတို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာကို စွန့်စားရမှာ စိုးရိမ်မိတယ်"
"ငါလည်း မဟာအကြီးအကဲမင် ပြောတာကို ထောက်ခံတယ်။ အရင်က ဖြစ်ခဲ့တာတွေရှိတော့ သူတို့ တိုက်ကြရင် တစ်ယောက်ယောက်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရမှာပဲ။ ဘယ်သူပဲ ဒဏ်ရာရရ ငါတို့ဂိုဏ်းအတွက် ဆုံးရှုံးမှုပဲ၊ ဘာလို့လဲဆိုတော့ အကောင်းဆုံးအဖွဲ့ကို မလွှတ်နိုင်တော့မှာမို့လို့။ အခုလာမယ့် အချိန်အခါက လူတိုင်းအတွက် တကယ် အရေးကြီးတာ။ ဒီလို စွန့်စားဖို့ မလိုပါဘူး" အခြား မဟာအကြီးအကဲတစ်ဦးက ဆိုသည်။
တဖြည်းဖြည်းနှင့် မဟာအကြီးအကဲ အားလုံးက သူတို့၏ အကြံပြုချက်များကို ပေးကြရာ အများစုမှာ သူတို့နှစ်ယောက် မတိုက်ခိုက်သင့်ကြောင်း သဘောတူကြသည်။
"ဒါဆိုရင် ဘယ်သူက ခေါင်းဆောင် ဖြစ်သင့်လဲ" တစ်စုံတစ်ဦးက စိုးရိမ်တကြီး မေးလိုက်လေတော့သည်။