← Chapters

ငါက ပန်းပင်တွေစိုက်ရတာကို အင်မတန် နှစ်ခြိုက်တာကွ

Vol. 8 Ch. 765

ငါက ပန်းပင်တွေစိုက်ရတာကို အင်မတန် နှစ်ခြိုက်တာကွ

Vol. 8 Ch. 765

သူ့ပါးစပ်မှ စကားလုံးများထွက်သွားသည်နှင့် တစ်ပြိုင်နက် အလင်းဒိုင်းသည် ပုံပျက်ရှုံ့တွသွားကာ........ ဧရာမသွေးရောင်အသည်းနှလုံးကြီးတစ်ခု ပေါ်လာတော့သည်။

ပထမဆုံး ဖျတ်ခနဲ ကြည့်လိုက်လျှင် ယင်းသည် ပုံရိပ်ယောင်ဟုမထင်ရပေ။ ထို့အပြင် ၎င်းကို လူ့အသည်းနှလုံးအစစ် တစ်သန်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုအသည်းနှလုံးများက သေဆုံးသွားခဲ့သည့် အမျိုးသမီး တစ်သန်းကို ကိုယ်စားပြုေပသည်။

ဤသည်မှာ လီမျိုးနွယ်စု မန္တန်အစီအရင်၏ အစွမ်းထက်ဆုံး လုပ်ဆောင်ချက် ဖြစ်သည်။ ဧရာမနှလုံးကြီးပေါ်လာသည့် အခိုက်အတန့်တွင် ၄င်းက ပေါက်ကွဲသွားပြီး မှင်ရည်ဖြန်းပက်လိုက်သည့်အလား အနက်ရောင်မီးခိုးတိမ်တိုက်ကြီးများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။

၄င်းက ထိတွေ့သမျှ အရာရာတိုင်းကိုသာမက အလုပ်သမားဝိညာဥ်ကျင့်ကြံသူအချို့ကိုပင် တိုက်စားဝါးမျိုသွားတော့သည်။ မအော်ဟစ်နိုင်လောက်အောင် နှေးကွေးလွန်းသော လူများမှာ သွေးစသွေးနများအဖြစ် ပြောင်းလဲသွားကြပြီး မြေကြီးပေါ်သို့ တဘုတ်ဘုတ်ပြုတ်ကျသွားတော့သည်။

ပျိုကညာနှလုံးသားကျင့်စဥ်ကို ကျင့်ကြံထားသည် လီမျိုးနွယ်စုဝင်များသာ သက်ရောက်ခြင်းမခံလိုက်ရပေ။ အမှန်တွင် သူတို့က ရူးကြောင်ကြောင်မျက်နှာအမူအရာများဖြင့် ပါးစပ်များကို ဖွင့်၍ အငွေ့များကို ရှူသွင်းလိုက်ရာ ချက်ချင်းပင် အကောင်းပတိပြန်ဖြစ်သွားတော့သည်။ ထို့နောက် သူတို့က ရဲသွေးနီ အလောင်းတပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်ကြသည်။

အဆိပ်ငွေ့များနှင့် ဖြစ်ပျက်နေသော မြင်ကွင်းက ပိုင်ရှောင်ချန်းကို ခေါင်းကြိမ်းသွားစေပြီး သူ နောက်ဆုတ်လာတော့သည်။ သို့သော် ထိုအချိန်တွင် လီထျန်ရှန်၏ အဖေက ရုန့်ရင်းဆန်ခတ်ဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ ရှေ့တစ်လှမ်းတိုးကာ လျှပ်စီးတန်းပမာ ပိုင်ရှောင်ချန်းထံ တဟုန်ထိုးပျံသန်းလာတော့သည်။

" မင်းဘဝတော့ အဆုံးသတ်ပြီ ပိုင်ဟောက်"

သူ့ထံပျံသန်းလာနေသော ကောင်းကင်မြို့စားကို ကြည့်ကာ ပိုင်ရှောင်ချန်း၏မျက်လုံးအိမ်များ ကျဥ်းမြောင်းသွား၏။ ယခုကဲ့သို့ကိစ္စတစ်ခုအတွက် သူက သတိထားေနခဲ့ခြင်းကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲ၏မည်သည့်နေရာတွင်မှ မပါဝင်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ကောင်းကင်မြို့စား ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအားများ ဟုန်းခနဲ တောက်လောင်လာတော့သည်။

သို့သော် သူ မလှုပ်ရှားနိုင်ခင်မှာပင် တင်းမာခက်ထန်သောအသံတစ်သံ ရုတ်ချည်း ထွက်ပေါ်လာ၏။

" နောက်ဆုံးတော့ မင်းရဲ့ ကောင်းကင်မြို့စား စေတီေတာ်ကနေ ထွက်လာပြီပေါ့။ ဒီအချိန်ထိ သည်းခံအောင့်အည်းနေရတာ ငါ့အတွက် တန်ပါတယ်လေ "

" ဟဲမင် "

ကောင်းကင်မြို့စားလီက ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူအလွန်နောက်ကျသွားလေပြီ။ သူ နောက်ပြန်ပြေးရန် ကြိုးစားလိုက်သည့် အခိုက်အတန့်တွင် မိုးပေါ်မှ လက်ကြီးတစ်ဖက်သည် မယုံကြည်နိုင်ဖွယ် အရှိန်ကြီးဖြင့် လီမျိုးနွယ်စု၏ အချုပ်အနှောင်မန္တန်အစီအရင်ကို ဖျက်စီးရင်း နိမ့်ဆင်းလာကာ ကောင်းကင်မြို့စားလီကို ဖမ်းဆုပ်လိုက်တော့သည်။

" ကောင်းကင်မြို့စားကြီး "

" အဖေ"

လီမျိုးနွယ်စုရှိ လူတိုင်းမှာ အလန့်တကြား အော်ဟစ်လိုက်ကြသည်။ အထူးသဖြင့် အလွန်ကြောက်ရွံ့ထိတ်လန့်လွန်းသဖြင့် အားအင်ချိနဲ့ကာ အရုပ်ကြိုးပြတ်ဖြစ်သွားရသူကား လီထျန်ရှန်ပင်။

တချိန်တည်းမှာပင် ဝိုင်းကြည့်နေကြသည့် လူအုပ်ကြီးကြားရှိ မျက်လုံးများ ပြူးကျယ်သွားပြီး အများစုမှာ ပင့်သက်ရှိုက်လိုက်ကြသည်။

ပိုင်ရှောင်ချန်းမှာမူ လေထဲရှိ ရင်းနှီးသော အနက်ရောင်လူကို မော့ကြည့်လိုက်သည်။

ပိုင်ရှောင်ချန်းမှာ အထူးသဖြင့် သူက စစ်ဆေးရေးရာအရာရှိမင်းဖြစ်သည်ကို စဥ်းစားကြည့်လိုက်လျှင် ဤရုတ်တရက်ဖြစ်ရပ်ကြီးနှင့် ပတ်သက်၍ သိပ်ဘဝင်မကျပေ။

" ဟေ့လူ၊ ဝတ်စုံနက်ငပေါကြီး "

သူက အော်လိုက်သည်။

" ကျုပ်တို့က အတူတူပဲ မဟုတ်ဘူးလား။ ခိုးကြောင်ခိုးဝှက်ပုန်းနေပြီး နောက်ဆုံးကျမှ ဝင်စွက်ဖက်တာတော့ သိပ်မကောင်းဘူးလေဗျာ။ ကျုပ် ဒီမှာ ငါးအကြီးကြီးမိအောင် ပင်ပင်ပန်းပန်း ကြိုးစားထားရတာဗျ။ အခုတော့ သူ့ကို ခင်ဗျားအတွက် လုဖို့ ကြိုးစားနေတာလား။ ဒါ ခင်ဗျားက ကျုပ်ရဲ့အောင်မြင်မှုကို လုယူဖို့ ကြိုးစားနေတာပဲ "

အနက်ရောင်ဝတ်ရုံနှင့် လူက ပိုင်ရှောင်ချန်းကို တခဏကြာ ငုံ့ကြည့်လိုက်ပြီးနောက် အေးဆေးတည်ငြိမ်စွာ ပြန်ပြောသည်။

" ဒီလူက ကောင်းကင်မြို့စားစေတီတော်ထဲမှာဆို အလွယ်တကူ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲနိုင်တယ်။ ဒါ့အပြင် မဟာကောင်းကင်သခင်က သူ့ကို ဖမ်းဖို့ ငါ့ကိုပြောတာ။ ဒါကြောင့် ငါလဲ အဲဒီအတိုင်း လုပ်နေတာပဲ။ မင်းရဲ့အောင်မြင်မှုကို လုယူတယ်ဆိုတာတော့.....ကဲ၊ မင်းကို ကံကောင်းခြင်းလက်ဆောင်တချို့ပေးပါ့မယ် "

ထို့နောက် သူက သူ၏လက်ချောင်းကို အောက်သို့ ညွှန်လိုက်ရာ လေပြင်းမုန်တိုင်းတစ်ခုက လီမျိုးနွယ်စုတစ်ခုလုံးကို လှဲကျင်း တိုက်ခတ်သွားတော့သည်။ ချက်ချင်းပင် စောစောက ပျက်စီးနေသော မန္တန်အစီအရင်မှာ လုံးဝရစရာမရှိအောင် ကြေမွပျက်စီးသွားသည်။

တဖောက်ဖောက်မြည်သံများ ပေါ်ထွက်လာပြီး မျိုးနွယ်စုအတွင်းရှိ ၄င်းကို စွမ်းအားဖြည့်ပေးနေသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများစွာမှာ တန်ပြန်သက်ရောက်မှုဒဏ်ကို ခံစားလိုက်ရရာ သူတို့၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားတော့သည်။ တချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ အဆိပ်ငွေ့များက အမျှင်တန်းများအဖြစ် အတူတကွ လည်ပတ်သွားကြပြီး နတ်တစ်ပိုင်းအဆင့် အလောင်းတပ်သားတစ်ယောက်ထံ ပြေးဝင်သွားသည်။ သူ့ထံရောက်သွားသည်နှင့် တစ်ပြိုင်နက် မီးခိုးမျှင်များသည် ရေဖြန်းပက်လိုက်သကဲ့သို့ တဖွဲဖွဲဝင်သွားကြသည်။

ထို့နောက် သူက သူ၏ကျင့်ကြံခြင်းအခြေခံ တစ်ဟုန်ထိုးမြင့်တက်သွားသဖြင့် ခေါင်းနောက်လှန်ပြီး ဟိန်းဟောက်လိုက်သည်။ အံသြတုန်လှုပ်ဖွယ်ကောင်းစွာ..... ယခု သူသည် နတ်တစ်ပိုင်းအဆင့်မဟုတ်တော့ပေ။ အဆင့်တက်သွားလေပြီ။ သူ၏ စွမ်းအားသည် နတ်အဆင့်နှင့် ဆံခြည်မျှင်တစ်မျှင်သာ ကွာဝေးတော့သည့်တိုင်အောင် တစထက်တစကြီးထွားလာတော့သည်။ အမျိုးသမီးတစ်သန်း၏ နှလုံးသားများဖြင့် ထောက်ပံ့ပေးထားသော အဆိပ်ငွေ့သည် ယာယီ မြှင့်တင်ခြင်းသာ ပေးစွမ်းပြီး နတ်အဆင့်ကျင့်ကြံသူတစ်ယောက် မဖြစ်သွားစေပေ....

ထိုသို့ဖြစ်သည့်တိုင် သူက အခြား နတ်တစ်ပိုင်းများကို အနိုင်ယူနိုင်သေးသည် မဟုတ်ပါလော။

ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်နေသော မြင်ကွင်းကြောင့် မှင်သက်သွားတော့သည်။ အလောင်းတပ်သားတစ်ယောက်ကို မြှင့်တင်ခြင်းသည် ထာဝရမဟုတ်ဘဲ ယာယီသာ ဖြစ်သော်လည်း အံသြတုန်လှုပ်ဖွယ်အရာတစ်ခုဖြစ်နေသေးသည်။

"ဒါတွေက ဘယ်လို မကောင်းဆိုးဝါးတွေတုန်း " သူကတွေးလိုက်သည်။ ဖြစ်ပျက်နေသောအရာများသည် သူစိတ်ကူးယဥ်နိုင်သည့် အတိုင်းအတာထက်ပင် ကျော်လွန်နေပြီး 'မကောင်းဆိုးဝါး'ဟူသော စကားလုံးက အမှန်တကယ်တွင် အနက်ရောင်ချပ်ဝတ်တန်ဆာ အလောင်းတပ်သားများကို ဖော်ပြရန်ပင် မလုံလောက်ပေ။

" စုစုပေါင်း အလောင်းတပ်သား တစ်သိန်းရှိတယ်။ ဒါဆိုရင် သူတို့က နတ်အဆင့်တပ်သားတစ်သိန်းအဖြစ် ပြောင်းနိုင်တယ်လို့ ဆိုလိုတာလား။ ဒါမှမဟုတ် နတ်ဘုရားတစ်ပိုင်းအဆင့် တစ်သိန်း။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာတုံး "

၄င်းမှာ ဟာသကြီးတစ်ခုအလား။ မြေရိုင်းဒေသထုတ်ဖော်ပြသနိုင်သည့် အင်အားက စိတ်ကူးနိုင်သည်ထက်ပင် လုံးဝကျော်လွန်နိုင်သည်။

သို့သော် လက်ရှိအချိန်တွင် အနှီအနက်ရောင်ချပ်ဝတ်တန်ဆာ အလောင်းတပ်သားများထံတွင် အားနည်းချက်ကြီးတစ်ခုခုရှိမည်ဟုလည်း သူသတိထားမိလိုက်သည်။ ဥပမာဆိုရလျှင် ၎င်းတို့ကို အင်အားဖြည့်တင်းပေးရန် ရင်းမြစ် မရှိခြင်းပင်။

" ဒါက တော်ဝင်ခုံရုံးရဲ့ စစ်မှန်တဲ့လျှို့ဝှက်အင်အားပဲ "

ဟဲမင်က အတန်ငယ် စိတ်မကောင်းဖြစ်နေသော လေသံဖြင့် ပြောသည်။

" ကံမကောင်းတာက ဒီကောင်တွေမှာ အပြစ်အနာအဆာလေးတွေ ရှိနေတယ် "

ထို့နောက် သူက ခေါင်းကို ခါယမ်းလိုက်ပြီး ကောင်းကင်မြို့စားလီကို သူနှင့်အတူခေါ်ဆောင်ကာ ပျောက်ကွယ်သွားတော့သည်။

ရင်တဒိန်းဒိန်းခုန်ရင်း ပိုင်ရှောင်ချန်းက နတ်များနှင့် တစ်ဆင့်တည်းနီးပါးဖြစ်နေသည့် သူ၏ အလောင်းတပ်သားနှစ်ဦးကို ကြည့်လိုက်သည်။ မကြာမီ သူ၏ မျက်လုံးများက ဝမ်းမြောက်မှုများဖြင့် စူးရှတောက်ပလာတော့သည်။

" ဒီလောက်စွမ်းအားကြီးတဲ့ စစ်တပ်ကို ထိန်းချုပ်နေရမယ်လို့ ဘယ်သူကများ တွေးနိုင်မှာလဲ "

သူက စိတ်လှုပ်ရှားကာ ခေါင်းနောက်လှန်၍ အားပါးတရ ရယ်မောလိုက်သည်။ ထို့နောက် သူက အသစ်မြှင့်တင်ထားသော နတ်အဆင့် အလောင်းတပ်သားကို ပြန်လည်ဆင့်ခေါ်သည့် အတွေးတစ်ခုစေလွှတ်လိုက်ရာ သူက သူ့ဘေးတွင် တာအိုအစောင့်အရှောက်တစ်ယောက်ကဲ့သို့ လာရပ်လေသည်။

သူ့ကိုယ်သူ အလွန်တရာ ဂုဏ်ယူကျေနပ်နေရင်း သူက လီမျိုးနွယ်စုတပ်ဖွဲ့ကို လှမ်းကြည့်လိုက်ပြီး သူ့တို့ကို ချေမှုန်းရန် လက်ကို ဝှေ့ယမ်းကာ သူ၏ အလောင်းတပ်သားများကို စေလွှတ်လိုက်သည်။ ထိုအချိန်တွင် လီထျန်ရှန်မှာ ပိုင်ရှောင်ချန်းတွေးနေသည်ကို သဘောပေါက်လိုက်သဖြင့် တဆတ်ဆတ်တုန်ရီသွားတော့သည်။

" ကျွန်တော်တို့ စစ်ဆေးရေးအရာရှိမင်းဆီက တော်ဝင်အမိန့်တော်ကို အလေးထားဆောင်ရွက်ပေးပါမယ် "

သူက ပိုင်ရှောင်ချန်း ဒေါကန်မည်ကို ကြောက်လန့်တုန်လှုပ်နေလျက် လက်ယှက်ပြီး လေးလေးနက်နက် အရိုအသေပေးကာ အလောတကြီးပြောလိုက်သည်။

" ကျွန်တော်တို့ရဲ့ ရတနာတွေအားလုံးကို ကျေးဇူးပြုပြီး စစ်ဆေးပါဗျာ "

ကျန်ရှိသော လီမျိုးနွယ်စုကျင့်ကြံသူများအားလုံးမှာ လူသေကောင်များအလား ဖြူဖပ်ဖြူလျော်ဖြစ်နေတော့သည်။ မည်သူတစ်ဦးတစ်ယောက်မှ တိုက်ခိုက်လိုစိတ်များမရှိတော့ပေ။ ထို့ကြောင့် တခဏလေးသာ တုံ့ဆိုင်းနေပြီးနောက် သူတို့က လီထျန်ရှန်၏ စကားလုံးများကြောင့် ခေါင်းများငုံ့ကာ ပိုင်ရှောင်ချန်းရှိရာဘက်သို့ လက်ယှက်အရိုအသေပေးလိုက်သည်။

ပိုင်ရှောင်ချန်းမှာ လူပေါင်းများစွာက သူ့ကို ဦးညွှတ်အရိုအသေပေးနေသည့် မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ ထို့နောက် သူက လီထျန်ရှန်ကို လှမ်းကြည့်လိုက်သည်။ လီထျန်ရှန်၏ အပြောင်းအလဲမြန်မှုကို သူ သိပ်သဘောမကျလှပေ။ ထိုမျှသာမက သူက တိုက်ပွဲမစခင်က ပိုင်ရှောင်ချန်းပြောခဲ့သည့် စကားလုံးများအတိုင်း လိုက်လံေပြာဆိုလိုက်သေးသည်။ ဤအဖြစ်အပျက်များအားလုံးကို စောင့်ကြည့်နေသည့် လူအများရှိသည့်အတွက် ပိုင်ရှောင်ချန်းမှာ ယခင်ထက်ပင်ပို၍ စိတ်တိုသွားတော့သည်။

ဟွန့်ခနဲ နှာခေါင်းရှုံ့ရင်း သူက လီထျန်ရှန်နှင့် ကျန်လီမျိုးနွယ်စုကျင့်ကြံသူများအားလုံးကို လျစ်လျူရှုပြီး ချက်ချင်းပင် ငွေညှစ်ခြင်းလုပ်ငန်းစလိုက်သည်။ လီမျိုးနွယ်စုတွင် ကောင်းကင်မြို့စားရှိသည်ဖြစ်ရာ သရဲကြီးမြို့တော်ရှိ မဟာမျိုးနွယ်စုသုံးစုထက် ထူးခြားသော လျှို့ဝှက်ရတနာများ ရှိပေသည်။ ထိုမဟာမျိုးနွယ်စုသုံးစု၌ နတ်အဆင့်ခေါင်းဆောင်ကြီးများရှိသည့်တိုင် ဤသည်မှာ မြေရိုင်းဒေသရှိ အင်အားစုများအခြေစိုက်ရာ ဗဟိုဧကရာဇ်မြို့တော်ဖြစ်ပြီး အခြားသောနေရာများအားလုံးထက် သာလွန်သော ရင်းမြစ်များရှိသည့် နေရာတစ်နေရာ ဖြစ်သည် မဟုတ်ပါလော။

လျှို့ဝှက်ရတနာများဖြစ်သော ဝိညာဥ်သိုလှောင်စေတီများ၊ မရေမတွက်နိုင်သော ဝိညာဥ်ဆေးလုံးများနှင့် မှော်ပစ္စည်းများစွာ ရှိသည်။ ထိုအရာအားလုံးကို မြင်လိုက်ရသည်က ပိုင်ရှောင်ချန်း၏မျက်လုံးများကိုပင် ပြာသွားစေတော့သည်။

သရဲကြီးမြို့တော်မှာ တွေ့ခဲ့ရသော ဝိညာဥ်ကျောက်စိမ်းရုပ်တုနှင့် ဆင်တူကာ စိတ်စွမ်းအင်များကို ထုတ်လွှတ်နေသည့် ကိုးမီတာအရှည် ဝိညာဥ်အရိုးတစ်ချောင်းလည်း ရှိသည်။

စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဆယ်သုံးဆ သို့ ဆယ့်လေးဆရှိသည့် မှော်ပစ္စည်း အမြောက်အမြားရှိသည်။ ကောင်းကင်တံတားမြစ်ရေ စုဆောင်းထားသည်များပင် ရှိသည်။ ထို့ပြင် စိတ်စွမ်းအင်ကျောက်တုံးများပင် ရှိသေးသည်။

ရတနာများမှာ ပေါများလှသဖြင့် တောင်လိုပုံနေတော့သည်။ ပစ္စည်းသိမ်းဆည်းရန် ပြင်လိုက်စဥ်မှာပင် နောက်ဆုံး၌ ကျိုးရီရှင်း ရောက်ရှိလာပြီး တလက်လက်စူးရှတောက်ပနေသော ရတနာပုံကြီးကို မြင်သောအခါ ကြက်သေသေသွားလေသည်။ သို့သော် ပိုင်ရှောင်ချန်းက စကားတစ်ခွန်းပြောလိုက်သည်နှင့် သူက ချက်ချင်းပင် ၄င်းတို့အား စီမံခန့်ခွဲ၍ ထုတ်ပိုးသိမ်းဆည်းလိုက်သည်။

စုဆောင်းထားသည့် ငွေကြေးကြွယ်ဝမှု အတိုင်းအတာမှာ အလွန်အံသြစရာကောင်းသော်လည်း ပိုင်ရှောင်ချန်းတွေ့လိုက်သည့် အနောက်ဘက်ခြံဝင်းရှိ တားမြစ်နေရာတစ်ခုတွင် ကာကွယ်ထားသည့်အရာက သူ၏ မျက်လုံးများကို မယုံကြည်နိုင်စွာ ပွတ်သပ်မိလိုက်စေသည်။

" ငါ ထင်ယောင်ထင်မှား ဖြစ်နေတာလား "

အချုပ်အနှောင်မန္တန်များအထပ်ထပ်ကာကွယ်ထားသည့် တားမြစ်နေရာ၏ တည့်တည့်တွင်..... သစ်ရွက်ခုနစ်ရွက်နှင့် ပန်းပင်တစ်ပင် ရှိနေသည်။

" သက်တန့်စိတ်စွမ်းအင်ဆူးပန်း "

သူက အံ့ဩတုန်လှုပ်လျက် ရေရွတ်လိုက်သည်။ သက်တန့်စိတ်စွမ်းအင်ဆူးပင်သည် ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ရှိစဥ်က သူဖတ်ခဲ့ဖူးသော ဆေးဝါးဆိုင်ရာ ပါဝင်ပစ္စည်းအမျိုးအစားတစ်ခု ဖြစ်ပေသည်။ ၄င်းသည် ယင်ယန်ဝိညာဥ်အဆင့်မှ နတ်အဆင့်သို့ ဖောက်ထွက်ရန် အသုံးပြုနိုင်သည့် ဝိညာဥ်ဆေးတစ်မျိုး၏ အဓိကပါဝင်ပစ္စည်း ဖြစ်သည်။

ယင်းသည် လူတစ်ယောက်၏ အောင်မြင်မှုအခွင့်အရေးကို သုံးဆယ်ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်သည်။

၄င်းသည် အစွမ်းနိမ့်ကျသောနတ်အဆင့်ကျင့်ကြံသူများကို ကူညီရာတွင်သာ အသုံးပြုနိုင်သော်လည်း အကူအညီဖြစ်သေးသည်။ အဏ္ဏဝါခေါ်သံဂိုဏ်းရှိ စိတ်စွမ်းအင်နတ်ရေစင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းခွဲများ၏ ခေါင်းဆောင်ကြီးများသည် အဆင့်တက်ရန် တံခါးပိတ်ကျင့်ကြံသည့်တိုင် ပိုင်ရှောင်ချန်းသတိထားမိရသရွေ့ မအောင်မြင်ခဲ့ကြသည် မဟုတ်ပါလော။ သူတို့ထဲကတစ်ယောက်တွင် သက်တန့်စိတ်စွမ်းအင်ဆူးပန်းတစ်ပွင့်သာ ရှိခဲ့လျှင် အောင်မြင်နိုင်ချေပိုများမည် ဖြစ်သည်။

ကောင်းကင်တံတားဒေသတွင် စိတ်စွမ်းအင်အပင်များသည် အလွန်ရှားပါး၍ ပေါ်လာခဲ့လျှင် သွေးချောင်းစီးပဋိပက္ခများ ဖြစ်ပွားစေမည် ဖြစ်သည်။ မရေမတွက်နိုင်သော လူများသည် ထိုအပင်များအတွက် အသည်းအသန်တိုက်ခိုက်ကြမည် ဖြစ်သည့်တိုင် ယခုတွင်တော့ ပိုင်ရှောင်ချန်းရှေ့တည့်တည့် ဆိုက်ရောက်နေချေပြီ။

မြေရိုင်းဒေသသည် စိတ်စွမ်းအင်သစ်ပင်များ စိုက်ပျိုးရန် သင့်တော်သည့် နေရာတစ်ခုမဟုတ်ပေ။ သို့သော် ဤနေရာတွင် တစ်ပင်တွေ့ရသည်မှာ လုံးဝအံ့သြစရာ ဖြစ်နေတော့သည်။

ပင့်သက်ရှိုက်ရင်း ပိုင်ရှောင်ချန်းမှာ ဝေ့ဝိုက်ကြည့်လိုက်ပြီး ဤနောက်ဘက်ခြံဝင်းနှင့် ပတ်သက်၍ တစ်စုံတစ်ခု မူမမှန်သည်ကို သတိထားမိလိုက်သည်။

သူက လည်ချောင်းရှင်းရင်း အလွန်တည်ငြိမ်နေသည့် ပုံပေါ်အောင် ကြိုးစားကာ ပြောလိုက်သည်။

“ ဘယ်လောက် အံသြစရာကောင်းလိုက်တဲ့ ပန်းတစ်ပွင့်လဲ။ ငါ့ကောင်တို့၊ လာတူးပေးစမ်းပါဦးကွာ။ ဒါကို ဘာအကြောင်းကြောင့်နဲ့မှတော့ ငါ့စံအိမ်ဆီ မပို့နဲ့ဟေ့။ အဲဒီလိုလုပ်တဲ့ကောင်မှန်သမျှ ငါ အရမ်းစိတ်ဆိုးမှာနော်။ ငါက ပန်းပင်တွေစိုက်ပျိုးရတာကို အင်မတန်နှစ်ခြိုက်ပေမယ့်လဲ စစ်ဆေးရေးအရာရှိမင်းတစ်ယောက်အနေနဲ့ ဒီလိုမျိုး အလွဲသုံးစားလုပ်လို့ ဘယ်ဖြစ်မလဲ "

All Chapters