← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အခန်း ၂၂၁ - တောင်နှင့်ပင်လယ် ဓားသိုင်း၊ တစ်ချက်ကြည့်ရုံဖြင့် ထွက်ပြေးခြင်း

လမ်းမပေါ်တွင် မာကူးသည် ဓားကိုဝှေ့ယမ်းကာ လူတစ်ဒါဇင်ကျော်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေလေသည်။ လူအင်အား မမျှသော်လည်း သူ၏ ဓားသိုင်းကွက်များဖြင့် ထိုဂိုဏ်းသားများကို ဖိအားပေးကာ အဆက်မပြတ် နောက်ဆုတ်သွားစေလေ၏။

ဤမြင်ကွင်းကြောင့် ကျောက်ချန်လင် အံ့သြမှင်သက်သွားလေသည်။ ဘုရားကျောင်းတွင် မိုးခိုစဉ်က ထင်းခွဲ၊ မြင်းစာကျွေးရင်း တိတ်ဆိတ်စွာ နေလေ့ရှိသော ပိန်ပိန်ပါးပါး မြင်းထိန်းသည် ဤမျှ ထူးကဲသော သိုင်းပညာကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ ထင်မထားခဲ့ချေ။

တိမ်လွှာစီးဂိုဏ်းသားများထဲတွင် မာကူးထက် မနိမ့်သော ကြွက်သားနှင့်အရိုးအဆင့် အထွတ်အထိပ်သို့ ရောက်နေသူ အချို့ ပါဝင်သည်။ သို့သော် မာကူး၏ ဓားသိုင်းကွက်အောက်တွင် သူတို့ မခုခံနိုင်ကြပေ။

"မာကူးရဲ့ တောင်နှင့်ပင်လယ် ဓားသိုင်းက တော်တော်လေး ကောင်းနေပြီပဲ... ဝေ့ချန်‌ပေ့ရဲ့ ဟန်ပန်တချို့တောင် ပါနေတယ်။ အချိန်တစ်ခုရရင် သူ မဟာသခင်အဆင့်ကို ရောက်နိုင်လောက်တယ်"

လုချင်းက မာကူး၏ စွမ်းဆောင်ရည်ကို ကြည့်ကာ ချီးကျူးလိုက်သည်။

မာကူး အသုံးပြုနေသော ဓားသိုင်းမှာ ဝေ့ရှန်ဟိုင် သင်ပေးထားသော "တောင်နှင့်ပင်လယ် ဓားသိုင်း" ဖြစ်သည်။ ၎င်းသည် ဝေ့ရှန်ဟိုင်က မွေးရာပါနယ်ပယ်သို့ မဝင်ရောက်မီ သူ၏ သင်ယူမှုများကို ပေါင်းစပ်ကာ ဖန်တီးထားသော မဟာသခင်အဆင့် ဓားသိုင်းတစ်ခု ဖြစ်လေသည်။

ဝေ့ကျိအန်း၏ ဆရာအဖြစ် မာကူးသည် ဝေ့မိသားစု၏ စံအိမ်တွင် နေထိုင်ကာ ဝေ့ကျိအန်း၏ ကျင့်ကြံမှုကို ကြီးကြပ်ပေးခဲ့သည်။ ဝေ့ရှန်ဟိုင်သည် စံအိမ်သို့ မကြာခဏ လာရောက်လည်ပတ်ရာ မာကူး၏ ဝီရိယကို သဘောကျသဖြင့် သူ၏ နာမည်ကျော် ဓားသိုင်းကို သင်ပေးခဲ့ခြင်း ဖြစ်သည်။ လုချင်းကိုယ်တိုင်လည်း တစ်ခါတစ်ရံ အကြံဉာဏ်များ ပေးလေ့ရှိသည်။

ဓားအသိကို နားလည်သဘောပေါက်ထားသော မဟာသခင်နှစ်ဦး၏ လမ်းညွှန်မှုဖြင့် မာကူး၏ ဓားသိုင်းပညာသည် လွန်ခဲ့သော နှစ်နှစ်အတွင်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပါ၏။ ယခုအခါ သူသည် မဟာသခင်တစ်ဦး၏ သိမ်မွေ့နက်နဲသော အဆင့်သို့ ရောက်ရန် သိပ်မလိုတော့ပေ။ ထို့ကြောင့် သူသည် လူတစ်ဒါဇင်ကျော်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ခြင်း ဖြစ်သည်။

"သမားတော်လေးလု... ကျွန်တော်လည်း ဝင်ကူပါရစေ"

ဝေ့ကျိအန်းသည် သူ့ဆရာ၏ စွမ်းရည်ကို ကြည့်ရင်း စိတ်လှုပ်ရှားလာကာ ဝင်ရောက်တိုက်ခိုက်ချင်လာတော့၏။

လုချင်းလည်း ခေတ္တ စဉ်းစားလိုက်သည်။ ဝေ့မိသားစုက ဝေ့ကျိအန်းကို ထည့်ပေးလိုက်ခြင်းမှာ သူ့ကို သွေးပူလေ့ကျင့်ခန်း လုပ်စေချင်၍ ဖြစ်သည်။ ယခုအချိန်သည် အခွင့်ကောင်းတစ်ခုပင်။

"သွားလေ... ဒါပေမဲ့ သတိ‌တော့ထားနော်"

"ဟုတ်ကဲ့ပါ"

လုချင်း၏ ခွင့်ပြုချက်ရသည်နှင့် ဝေ့ကျိအန်းတစ်ယောက် အလွန် ပျော်ရွှင်သွားတော့သည်။ ထို့နောက်၌ သူသည် ကျောဘက်မှ တုတ်တိုနှစ်ချောင်းကို ဆွဲထုတ်ကာ ဆက်လိုက်ပြီး တုတ်ရှည်တစ်ချောင်း ဖြစ်အောင် လုပ်လိုက်သည်။

"ဆရာ... ကျွန်တော် လာကူပြီ"

ဝေ့ကျိအန်းသည် အော်ဟစ်လျက် စစ်မြေပြင်ထဲသို့ ခုန်ဝင်သွားပြီးနောက်တ္ငင် သူ၏ သံတုတ်ကို ကြယ်ကြွေသကဲ့သို့သော အရှိန်ဖြင့် ဓားကိုင်ထားသော ဂိုဏ်းသားတစ်ယောက်၏ ခေါင်းထံသို့ ချိန်ရွယ်လိုက်လေသည်။

ထိုဂိုဏ်းသားသည် အစပိုင်းတွင် ဝေ့ကျိအန်းကို အထင်သေးနေခဲ့သည်။ သို့သော် တိုက်ခိုက်လာသည်ကို မြင်သောအခါတွင်တော့ အကြည့်များမှာ ရက်စက်သွားပြီး ဝေ့ကျိအန်းကို တစ်ချက်တည်း သတ်ဖြတ်ကာ မာကူး၏ အာရုံကို ဖျက်ရန် ကြိုးစားလိုက်သည်။

သို့သော် ဝေ့ကျိအန်းသည် တကယ့်တိုက်ပွဲကို ပထမဆုံးအကြိမ် တွေ့ကြုံရသော်လည်း လုံးဝ တုန်လှုပ်ခြင်း မရှိချေ။ သူသည် အားရပါးရ ရယ်မောလိုက်ပြီး သံတုတ်ကို ဝှေ့ယမ်းလိုက်ရာ တုတ်ရိပ်များက ထိုဂိုဏ်းသားကို လွှမ်းခြုံသွားလေသည်။ ပြင်းထန်သော တုတ်ချက်က ဓားရိပ်များကို ဖောက်ထွက်ပြီး ထိုဂိုဏ်းသား၏ ရင်ဘတ်ကို ရိုက်ချလိုက်တော့၏။

ဝေ့ကျိအန်း၏ လက်ထဲမှ သံတုတ်သည် ပေါင်ချိန် ဒါဇင်နှင့်ချီ လေးလံလှသည်။ သူ၏ အားဖြင့် ပေါင်းစပ်လိုက်သောအခါတွင်တော့ ကြွက်သားနှင့်အရိုးအဆင့် အစောပိုင်းသာရှိသော ထိုဂိုဏ်းသားမှာ မခံနိုင်တော့ပေ။ ရင်ဘတ်ချိုင့်ဝင်သွားပြီး သွေးများ အန်ကာ မြေပြင်ပေါ် လဲကျသွားတော့သည်။

တစ်ချက်တည်းသော ထွက်သက်ဝင်သက် တုတ်သိုင်း

လုချင်း မွမ်းမံထားသော ဤသိုင်းကွက်ကို လွန်ခဲ့သော တစ်နှစ်က ဝေ့ကျိအန်း ကြွက်သားနှင့်အရိုးအဆင့်သို့ ရောက်သောအခါ သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ ယခု သူသည် လက်တွေ့တိုက်ပွဲတွင် ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သော်လည်း အဆင့်တူ ပြိုင်ဘက်ကိုတောင် သတ်ဖြတ်နိုင်ခဲ့လေပြီပင်။

"ဆရာ... အတူတူ တိုက်ကြစို့"

ဝေ့ကျိအန်းသည် ယုံကြည်မှု ရသွားပြီး အော်ဟစ်ကာ သံတုတ်ကို နဂါးတစ်ကောင် ကခုန်သကဲ့သို့ ဝှေ့ယမ်းလိုက်လျက် မာကူးနှင့် သွားရောက် ပူးပေါင်းလိုက်သည်။

"ကောင်းပြီ... ရန်သူတွေကို အတူတူ သတ်ကြတာပေါ့"

မာကူးသည် သူ့တပည့်၏ ရဲရင့်မှုကို ကြည့်ကာ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ ဝေ့ကျိအန်း၏ အကူအညီဖြင့် မာကူးသည် စိတ်ပူစရာ မလိုတော့ဘဲ တိုက်ခိုက်မှုကလည်း ပိုမို ပြင်းထန်လာကာ ဂိုဏ်းသားသုံးယောက်ကို ထပ်မံ ဒဏ်ရာရစေခဲ့သည်။

ယခုအခါ တိမ်လွှာစီးဂိုဏ်းသား ငါးယောက် သေဆုံးသွားပြီဖြစ်ပြီး ကျန်ရှိသူများမှာ ဆယ်ယောက်အောက်သာ ရှိတော့သည်။ မာကူးနှင့် ဝေ့ကျိအန်း၏ ပူးပေါင်းမှုအောက်တွင် သူတို့ အကြီးအကျယ် ဖိအားများ ခံစားနေရသည်။

ကျောက်ချန်လင်သည် အံ့သြဝမ်းသာစွာ ကြည့်နေမိသည်။ မာကူးသာမက အစေခံကောင်လေး ဝေ့ကျိအန်းပါ ဤမျှ စွမ်းဆောင်နိုင်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ သူမ၏ မျက်နှာတွင် ရှက်စိတ်ကြောင့် သွေးရောင်လွှမ်းသွားသည်။ သမားတော်ကြီးကို ထွက်ပြေးရန် ပြောခဲ့သည်မှာ သူမ၏ မသိနားမလည်မှုကြောင့်ပင်။

"အသုံးမကျတဲ့ကောင်တွေ"

လူနှစ်ယောက်တည်းကိုတောင် မနိုင်ဘဲ အသတ်ခံနေရသော သူ့တပည့်များကို ကြည့်ပြီး မီးခိုးရောင်ဝတ်စုံနှင့် လူ၏ မျက်နှာမှာ ဒေါသကြောင့် ရုပ်ဆိုးအကျည်းတန်နေလေသည်။

သူ အကြီးအကျယ် ဒေါသထွက်နေ၏။ မာကူးနှင့် ဝေ့ကျိအန်းတို့သည် ကြွက်သားနှင့်အရိုးအဆင့်သာ ရှိကြသည်။ သူခေါ်လာသော တပည့်များသည်လည်း ထိုအဆင့်ပင် ဖြစ်ပြီး အချို့မှာ အထွတ်အထိပ်သို့ ရောက်နေသူများ ဖြစ်သည်။ သို့သော် ယခုကဲ့သို့ အခြေအနေတွင် အနိုင်မရသည့်အပြင် ပြန်အသတ်ခံနေရသည်မှာ သူ့အတွက် သိက္ခာကျစရာပင်။

ရက်စက်သော အမူအရာဖြင့် မီးခိုးရောင်ဝတ်စုံနှင့် လူသည် လေးကို ထပ်မံ မြှောက်လိုက်သည်။ သို့သော် သူ ပစ်ခတ်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အလွန်အမင်း အေးစက်သော ခံစားမှုတစ်ခု သူ့ရင်ထဲသို့ တိုးဝင်လာလေသည်။

သူ တောင့်တင်းသွားပြီး ထိုအအေးဓာတ် လာရာသို့ လှည့်ကြည့်လိုက်ရာ တည်ငြိမ်သော မျက်လုံးတစ်စုံနှင့် ဆုံတွေ့လိုက်ရသည်။

"ငါသာ ခင်ဗျားနေရာမှာဆိုရင် လေးကို ချထားလိုက်ဖို့ ရွေးချယ်မိလိမ့်မယ်"

လုချင်းက ပြေပြစ်စွာ ပြောလိုက်သည်။

မီးခိုးရောင်ဝတ်စုံနှင့် လူသည် လုချင်းကို ကြောင်ငေးကြည့်နေမိပြီး တုန်လှုပ်ခြောက်ခြားဖွယ် အအေးဓာတ်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

အန္တရာယ်ကင်းပုံပေါက်သော၊ ကျင့်ကြံမှု နိမ့်ပါးပုံရသော လုချင်းသည် တကယ်တမ်းတွင် ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခု ဖြစ်ကြောင်း သူ နားလည်လိုက်သည်။ သို့မဟုတ်ပါက ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းပညာရှင်ဖြစ်သော သူသည် တစ်ချက်ကြည့်ရုံဖြင့် ဤမျှ ကြောက်ရွံ့တုန်လှုပ်သွားမည် မဟုတ်ချေ။

သူတော့ သံတုံးကို ဘောလုံးဟု အမှတ်ထင်ပြီး မှားကန်မိချေပြီ။

လုချင်းက သူ့ကို ဘာကြောင့် ဒီလောက်တောင် ကြောက်လန့်စေသလဲ ဆိုသည်ကို နားမလည်နိုင်သော်လည်း သူ၏ စစ်သည်တော် ပင်ကိုယ်အာရုံကို သူ ယုံကြည်သည်။

ဒီလူတွေက လွယ်လွယ်ကူကူ ကိုင်တွယ်လို့ရမယ့် သားကောင်တွေ မဟုတ်ဘူး... သူတို့က တကယ့် ကြောက်စရာကောင်းတဲ့ သိုင်းပညာရှင်တွေပဲ။

ပြေးမှ ဖြစ်မယ်

ထိုအချက်ကို သဘောပေါက်လိုက်သည်နှင့် မီးခိုးရောင်ဝတ်စုံနှင့် လူသည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် တိုက်ခိုက်နေဆဲဖြစ်သော သူ့တပည့်များကိုပင် လျစ်လျူရှုကာ ခြေသိုင်းကွက်ကို အသုံးပြုပြီး အလျင်အမြန် ထွက်ပြေးတော့သည်။

သူသည် မတိုက်ခိုက်ဘဲ ထွက်ပြေးရန် ရွေးချယ်လိုက်ခြင်း ဖြစ်လေသည်။

........

အခန်း ၂၂၂ - ကျောက်တုံးဖြင့် ကိုယ်တွင်းအင်္ဂါကို ချေမှုန်းခြင်းနှင့် အကုန်အစင် သုတ်သင်ခြင်း

"အကြီးအကဲ"

ဤရုတ်တရက် အပြောင်းအလဲကို မည်သူမျှ မျှော်လင့်မထားခဲ့ချေ။

ဘေးမှ ပံ့ပိုးပေးနေသော မီးခိုးရောင်ဝတ်စုံနှင့် လူ ရုတ်တရက် ထွက်ပြေးသွားလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြ။ မာကူးပင်လျှင် အံ့သြသွားသလို တိမ်လွှာစီးဂိုဏ်းသားများမှာလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

သူတို့သည် မာကူး၏ ကြောက်မက်ဖွယ် ဓားသိုင်းကို နောက်မဆုတ်ဘဲ တိုက်ခိုက်နေရခြင်းမှာ နောက်ကွယ်မှ အကြီးအကဲကို အားကိုးနေ၍ ဖြစ်သည်။ သူတို့ ရှုံးနိမ့်လျှင် အကြီးအကဲ ဝင်ပါလိမ့်မည်ဟု ယုံကြည်ထားကြသည်။ ကိုယ်တွင်းအင်္ဂါအဆင့် နှင့် ကြွက်သားနှင့်အရိုးအဆင့်ကြားမှ ကွာဟချက်ကို ဓားသိုင်းသက်သက်ဖြင့် မယှဉ်နိုင်ကြောင်း သူတို့ သိထားကြသည်။

သို့သော် ယခုတွင် အကြီးအကဲက မတိုက်ခိုက်ဘဲ ထွက်ပြေးသွားပြီလော။ တိုက်ပွဲဝင်နေဆဲ တိမ်လွှာစီးဂိုဏ်းသားများမှာ လက်မခံနိုင်အောင် ဖြစ်နေကြသည်။

"ပြေးလို့လွတ်မယ် ထင်နေတာလား"

လုချင်းက ပေါ့ပါးစွာ ရယ်မောလိုက်ပြီး လက်ဆစ်များကို တဂျွတ်ဂျွတ်ချိုးလိုက်ရင်း အားယူလိုက်လေ၏။

လေတိုးသံတစ်ချက် ထွက်ပေါ်လာပြီးနောက်တွင်တော့ ကျောက်တုံးလေးတစ်တုံးသည် လေထုကို ခွင်းလျက် ကိုက်ပေါင်းများစွာ အကွာသို့ ရောက်နေပြီဖြစ်သော ထွက်ပြေးနေသည့် လူထံသို့ ပြေးဝင်သွားတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလူ၏ ကျောဘက်သို့ ရောက်ရှိသွား၏။

"ဘာလဲဟ"

ထွက်ပြေးနေသော မီးခိုးရောင်ဝတ်စုံနှင့် လူသည် ကျောဘက်မှ အလွန်ကြီးမားသော အန္တရာယ်ကို ခံစားလိုက်ရသည်။ ထိတ်လန့်တကြားဖြင့် စဉ်းစားချိန်ပင် မရလိုက်ဘဲ ဘေးသို့ လှိမ့်ရှောင်လိုက်ရာ ကျောက်တုံးနှင့် သီသီလေး လွဲသွားလေသည်။

ဘုန်း

သူ တိမ်းရှောင်လိုက်တာကြောင့် ကျောက်တုံးသည် လမ်းမပေါ်သို့ ကျရောက်သွားပြီး ကြီးမားသော အားအင်ကြောင့် မြေပြင်တွင် ချိုင့်ခွက်ကြီးတစ်ခုတောင် ဖြစ်ပေါ်သွားသည်။

ထိုအခါ၌ မီးခိုးရောင်ဝတ်စုံနှင့် လူ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားတော့၏။

ကျောက်တုံးသေးသေးလေးက ဒီလောက်အထိတောင် အစွမ်းထက်တယ်လား... ငါ့ကိုသာ ထိခဲ့ရင် ဘာဖြစ်သွားမလဲ။

သို့သော် သူ စိတ်သက်သာရာ မရလိုက်ခင်မှာပင် သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားလေသည်။ မယုံကြည်နိုင်စွာဖြင့် သူ၏ ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး သူ့နှလုံးမှာ ကြေမွသွားပြီ ဖြစ်သည်။

ထိုအချိန်ကျမှ ဒုတိယလေတိုးသံကို သူ့နားထဲသို့ ကြားလိုက်ရပါ၏။

မီးခိုးရောင်ဝတ်စုံနှင့် လူသည် လုချင်းကို မော့ကြည့်လိုက်ပြီး မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများနှင့်သာ ပြည့်နှက်နေလေသည်။

"မင်းရဲ့ လက်နက်ပုန်း ပစ်ခတ်တဲ့ စွမ်းရည်က အသံထက်တောင် မြန်နေပါလား... မင်းက ချီနဲ့သွေးအဆင့်ပဲ ရှိတာ မဖြစ်နိုင်ဘူး။ လက်နက်ပုန်း မဟာသခင်တောင် ဒီအဆင့်ကို မလုပ်နိုင်ဘူး။ မင်း... ဘယ်သူလဲ"

နှလုံးကြေမွသွားသော်လည်း ကိုယ်တွင်းအင်္ဂါအဆင့် ပညာရှင်ဖြစ်သဖြင့် သူ၏ သက်စောင့်အားကြောင့် ချက်ချင်း မသေဆုံးသေးပေ။ လုချင်း၏ အမည်မှန်ကို သိချင်စိတ်ဖြင့် တောင့်ခံထားခြင်း ဖြစ်သည်။

"သေခါနီးလူက မေးခွန်းတွေ အများကြီး မမေးသင့်ဘူး"

လုချင်းကတော့ ထိုလူယုတ်မာ၏ မေးခွန်းကို ဖြေရန် စိတ်မဝင်စားပေ။ လက်ချောင်းကို ထပ်မံ လှုပ်ရှားလိုက်ရာ နောက်ထပ် ကျောက်တုံးတစ်တုံး ပြေးထွက်သွားပြီး မီးခိုးရောင်ဝတ်စုံနှင့် လူ၏ မျက်ခုံးနှစ်ခုကြားရှိနေရာကို ဖောက်ဝင်သွားတော့သည်။

သေစေနိုင်သော ဒဏ်ချက်ကြောင့် ထိုလူမှာ ဆက်လက် မတောင့်ခံနိုင်တော့ပေ။ ခန္ဓာကိုယ် တုန်ခါသွားပြီး မျက်လုံးပြူးကာ သေဆုံးသွားတော့လေ၏။

"အကြီးအကဲ"

ကိုယ်တွင်းအင်္ဂါအဆင့် အောင်မြင်မှုအသေးစားအဆင့်ကို ရောက်ထားသော အကြီးအကဲတစ်ယောက် ဤကဲ့သို့ သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ၌ ကျန်ရစ်သော တိမ်လွှာစီးဂိုဏ်းသားများမှာလည်း ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။ သာမန် ကျောက်တုံးအနည်းငယ်ဖြင့် အသတ်ခံလိုက်ရသည်မှာ သူတို့အတွက် ခြောက်ခြားစရာပင်။

သူတို့၏ စိတ်ဓာတ်များ ပြိုလဲသွားပြီး လုချင်းကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။ မာကူးနှင့် ဝေ့ကျိအန်းတို့၏ တင်းကြပ်စွာ တိုက်ခိုက်နေခြင်း မရှိပါက သူတို့လည်း ထွက်ပြေးကြပြီးနှင့်ပြီပင်။ သို့သော် ထိတ်လန့်မှုအောက်တွင် သူတို့၏ တိုက်ခိုက်လိုစိတ်များလည်း တမုဟုတ်ချင်းပင် ပျောက်ဆုံးသွားပြီး သိုင်းကွက်များ ဖရိုဖရဲ ဖြစ်ကုန်ကြသည်။

ထိုကဲ့သို့ အားနည်းချက်ကြီးကို မာကူးနှင့် ဝေ့ကျိအန်းတို့ကလည်း လက်လွတ်ခံမည် မဟုတ်ပေ။ ချက်ချင်းပင် သေစေနိုင်သော တိုက်ကွက်များကို ထုတ်သုံးကာ ကျန်ရှိနေသော တိမ်လွှာစီးဂိုဏ်းသားများကို ဟင်းသီးဟင်းရွက် လှီးသကဲ့သို့ ခုတ်ပိုင်းသတ်ဖြတ်လိုက်ကြတော့သည်။

အသက်ရှူချိန် တစ်ဒါဇင်လောက်အတွင်းမှာပင် အရာအားလုံး ပြီးဆုံးသွားလေသည်။ လမ်းမကြီး ပြန်လည် တိတ်ဆိတ်သွားချိန်တွင် မြေပြင်၌ အလောင်းများနှင့်အတူ သွေးချောင်းစီးသွားတော့၏။

ဤဝမ်းနည်းဖွယ် မြင်ကွင်းကို ကြည့်ပြီး သမားတော်ကြီး သက်ပြင်းချလိုက်သည်။ သူသည် သတ်ဖြတ်ခြင်းကို မနှစ်သက်သော်လည်း သာမန်ပြည်သူများနှင့် ကလေးများကိုပါ မချန် သတ်ဖြတ်သော သူယုတ်မာများအတွက် ဆွေးနွေးညှိနှိုင်းခြင်းက အသုံးမဝင်ကြောင်း သူသိပါ၏။ သတ်ဖြတ်ခြင်းကို သတ်ဖြတ်ခြင်းဖြင့် ရပ်တန့်ခြင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်သည်။

ကျောက်ချန်လင်မှာမူ လုံးဝ ကြောင်အမ်းနေလေ၏။ သူမကို အဆုံးမဲ့သော စိတ်ပျက်အားငယ်မှုများ ပေးခဲ့သည့် တိမ်လွှာစီးဂိုဏ်းသားများအားလုံး မာကူးတို့လက်ချက်ဖြင့် မျက်တောင်တစ်ခတ်အတွင်း သေဆုံးသွားသည်ကို သူမ မယုံနိုင်အောင် ဖြစ်နေသည်။

အထူးသဖြင့် ကိုယ်တွင်းအင်္ဂါအဆင့် ပညာရှင်ဖြစ်သော မီးခိုးရောင်ဝတ်စုံနှင့် လူကို သခင်လေးလုက ကျောက်တုံးသုံးတုံးဖြင့် သတ်ဖြတ်လိုက်ခြင်းမှာ သူမ အိမ်မက်မက်နေသလားဟုပင် ထင်မှတ်ရစေသည်။

"ဟားဟားဟား... သခင်လေးရဲ့ လက်နက်ပုန်း စွမ်းရည်က ပိုပြီး‌တော့တောင် တိုးတက်လာပြန်ပြီပဲ။ ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းပညာရှင်တောင် သခင်လေးရဲ့ ကျောက်တုံးတစ်ချက်ကို မခံနိုင်ပါလား"

ရန်သူများကို အထိအခိုက်မရှိ သုတ်သင်ပြီးနောက် မာကူးက အားရပါးရ ရယ်မောလိုက်သည်။

"ခင်ဗျားတို့လည်း ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်... အထူးသဖြင့် ကျိအန်းပေါ့။ ဝေ့အကြီးအကဲသာ သိရင် အရမ်း ဝမ်းသာနေမှာပဲ"

လုချင်းက ပြုံး၍ ပြောလိုက်သည်။ ဝေ့ကျိအန်းသည် ချီးကျူးခံရသဖြင့် ရှက်သွေးဖြာကာ ခေါင်းငုံ့လိုက်သည်။ သို့သော် သူ၏ သံတုတ်ကို ကိုင်ထားသော လက်များမှာ ပို၍တင်းကြပ်သွားလေ၏။

တစ်ချိန်တည်းမှာပင် သူ အလွန် စိတ်လှုပ်ရှားနေလေသည်။ ဤသည်မှာ သူ၏ ပထမဆုံး တကယ့်တိုက်ပွဲဖြစ်ပြီး သူသည် ယခင်ကထက် များစွာ သန်မာလာကြောင်း သိလိုက်ရသည်။

"ရှောင်ယန်... အစ်မကျောက်ရဲ့ ဒဏ်ရာတွေကို ပတ်တီးစည်းပြီးပြီလား"

သမားတော်ကြီးက မေးလိုက်သည်။

"ပြီးပါပြီ အဘိုးရေ..."

ရှောင်ယန်၏ အသံလေး ထွက်ပေါ်လာသည်။

"ကောင်းပြီ... အားချင်း... မြို့ထဲသွားဖို့ ပြင်ရအောင်"

"ဟုတ်ကဲ့ပါ ဆရာ"

လုချင်းနှင့် အခြားသူများသည် လမ်းပိတ်နေသော အလောင်းများကို ဘေးသို့ ရွှေ့လိုက်ပြီးနောက် မြင်းလှည်းသည် ရှေ့သို့ ဆက်လက် ထွက်ခွာလာခဲ့သည်။ အလောင်းများကိုမူ ယခုအချိန်တွင် ထားခဲ့ရပေဦးမည်။ သမားတော်ကြီးသည် မြို့ထဲမှ ပြည်သူများကို စိုးရိမ်နေသဖြင့် အလောင်းများကို ရှင်းလင်းရန် အချိန်မဖြုန်းနိုင်တော့ချေ။

"သမားတော်ကြီးချန်... ကျွန်မတို့ မြို့ထဲသွားကြမှာလား"

ကျောက်ချန်လင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ ယခုအချိန်တွင် သမားတော်ကြီး ဦးဆောင်သော ဤအဖွဲ့သည် ရိုးရိုးရှင်းရှင်း ပုံစံပေါက်သော်လည်း စိတ်ကူးမယဉ်နိုင်လောက်အောင် အစွမ်းထက်ကြောင်း သူမ သိလိုက်ပြီ ဖြစ်သည်။

"ဟုတ်တယ်... ခုနက မိန်ကလေးကျောက် ပြောတော့ တိမ်လွှာစီးဂိုဏ်းသားတွေ မြို့ထဲမှာ သောင်းကျန်းနေတယ်ဆို။ ကျုပ်တို့ သူတို့ကို တားရမယ်လေ"

သမားတော်ကြီးက ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးပြုပြီး သမားတော်ကြီး... ကျွန်မရဲ့ ဆရာ၊ ဆရာတူအစ်ကိုတွေနဲ့ ဆရာတူညီမလေးတွေကို ကယ်ပေးပါဦး။ သူတို့ တိမ်လွှာစီးဂိုဏ်းချုပ်ရဲ့သားလက်ထဲမှာ အဖမ်းခံထားရတာ...။ ခုဆို နှိပ်စက်ခံနေရလောက်ပြီ။ နောက်ကျသွားရင် သူတို့ ခံနိုင်မှာ မဟုတ်ဘူး"

"ဒါပေါ့... လူကြီးမင်းဖန်နဲ့က မိတ်ဆွေတွေပဲဟာ... သူတို့ကို ဒုက္ခရောက်ခံလို့ ဘယ်ဖြစ်မလဲ"

ထို့နောက် လုချင်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

"တိမ်လွှာစီးဂိုဏ်းရဲ့ ဂိုဏ်းချုပ်သားက မြို့ထဲမှာ ရှိနေတာလား"

"ဟုတ်ပါတယ်... အဲဒီအရူးက လူအုပ်ကြီးခေါ်ပြီး ကိုယ်တိုင် ရောက်လာတာလေ။ ကျွန်မတို့ ဘုရားကျောင်းမှာ ရှိနေတုန်း တိမ်လွှာစီးဂိုဏ်းသားတွေက မိုးခိုဖို့ မြို့ထဲမှာ နေခဲ့ကြတာ။ ကျွန်မတို့ ရိက္ခာဝယ်ဖို့ မြို့ထဲဝင်တော့ သူတို့နဲ့ တိုးတာပဲ။ သခင်လေးလု... အဲဒီ တိမ်လွှာစီးဂိုဏ်းချုပ်သားက အရူးတစ်ယောက်ပါ... သူက ကျွန်မတို့ကို ချက်ချင်း မသတ်ဘဲ သူ့ရဲ့ ရက်စက်တဲ့ စိတ်ကျေနပ်မှုရအောင် နှိပ်စက်ချင်နေတာ။ ကျွန်မတို့ ကြားခဲ့ရတာက တိမ်လွှာစီးဂိုဏ်းသားတွေ မြို့ခံတွေကို သတ်တာက မိုးခိုတုန်းက သူတို့ကို ကောင်းကောင်း မဆက်ဆံလို့တဲ့။ အဲ့ဒါကြောင့် မြို့ခံတွေကို သင်ခန်းစာပေးမယ်လို့ ဆုံးဖြတ်လိုက်ကြတာတဲ့"

"အဲဒီ သင်ခန်းစာဆိုတာက သူတို့ကို သတ်ပစ်တာပေါ့လေ..."

လုချင်း၏ မျက်နှာက တည်ငြိမ်သွားသည်။

"ဟုတ်တယ်... တာ့ရှားအစ်ကိုက အဲ့တာကို သည်းမခံနိုင်လို့ ဝင်တိုက်ခိုက်ခဲ့တာလေ။"

လုချင်းသည် ရှေ့မှ မြို့ကို ကြည့်ပြီး ဘာမှ ဆက်မပြောတော့ပေ။ သို့သော် ကျောက်ချန်လင်သည် သူမ၏ ခန္ဓာကိုယ်ထဲသို့ အေးစက်သော အငွေ့အသက်တစ်ခု ပျံ့နှံ့လာသည်ကို ခံစားလိုက်ရသည်။ သူမ ကြောက်ရွံ့ခြင်း မဟုတ်ဘဲ စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရခြင်း ဖြစ်သည်။

သူမသည် မြို့ကို ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်သည်။

ဆရာ... ညီမလေးတို့... ခဏလောက် ထပ်ပြီးတောင့်ခံထားကြပါဦး။ သမားတော်ကြီးနဲ့ တခြားသူတွေကို ခေါ်ပြီး ကယ်ဖို့ လာနေပါပြီ။

အခြေအနေက အရေးကြီးနေသဖြင့် မာကူးသည် မြင်းလှည်းကို ဖြည်းဖြည်း မမောင်းတော့ဘဲ မြန်မြန် မောင်းနှင်လိုက်‌ေတာ့၏။ မကြာမီ မြို့အဝင်ဝသို့ ရောက်ရှိလာကြသည်။

မြို့ထဲသို့ မဝင်မီမှာပင် လုချင်းနှင့် အခြားသူများသည် ပြင်းထန်သော သွေးညှီနံ့ကို ရလိုက်ကြသည်။ မြို့အဝင်ဝတွင် အလောင်းအများအပြား လဲကျနေပြီး ခေါင်းနှင့်ကိုယ် အိုးစားကွဲနေသော မြင်ကွင်းမှာ အလွန်တရာပင် ကြောက်မက်ဖွယ် ကောင်းလှပေ၏။

All Chapters