အခန်း (၂၂၃-၂၂၄)
Vol. 23 Ch. 223-224
အခန်း ၂၂၃ - ထိပါးမခံနိုင်သည့်အရာနှင့် နင်းချေသတ်ဖြတ်ခံရခြင်း
"ဆရာ... သခင်လေး... ဒီအလောင်းတွေက မြို့ခံတွေရဲ့ အလောင်းတွေပါ"
မာကူးသည် ရှေ့သို့တိုးကာ အလောင်းများကို စစ်ဆေးပြီးနောက် ပြန်လည်အစီရင်ခံလိုက်လေသည်။
"အင်း"
သမားတော်ကြီးသည် ခေါင်းညိတ်လိုက်ပြီး မျက်နှာထားမှာ အနည်းငယ် တင်းမာခက်ထန်နေ၏။
"ဝင်ကြစို့"
မြင်းလှည်းသည် ဂျိမ်းခနဲမြည်သံနှင့်အတူ မြို့ထဲသို့ ဝင်ရောက်သွားလေသည်။
ထိုအချိန်၌ ချင်းဖုန်းမြို့သည် ပျက်စီးခြင်း၏ ပြယုဂ်တစ်ခု ဖြစ်နေချေပြီပင်။ တစ်ချိန်က စည်ကားခဲ့သော မြို့လေးသည် ယခုအခါတွင်တော့ ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်နေပြီး လူအရိပ်အယောင်ပင် မတွေ့ရတော့ပေ။ လမ်းမများပေါ်တွင် မှောက်လျက်လဲကျသေဆုံးနေသော အလောင်းများဖြင့်သာ ပြည့်နှက်နေလေ၏။
နေရာတိုင်းတွင် အနီရောင် သွေးကွက်များ ပျံ့နှံ့နေပြီး အချို့မှာ မည်းနက်စပြုနေပြီ ဖြစ်သည်။
ထိုကဲ့သို့ ငရဲခန်းတမျှ မြင်ကွင်းကြောင့် သမားတော်ကြီး၏ မျက်နှာထားမှာ ပို၍ ရုပ်ဆိုးအကျည်းတန်လာတော့သည်။
ကံကောင်းသည်မှာ သူ၏ အာရုံခံနိုင်စွမ်းအရ လမ်းဘေးဝဲယာရှိ အိမ်များထဲတွင် အပြင်မထွက်ရဲဘဲ ပုန်းအောင်းနေကြသော သက်ရှိများစွာ ကျန်ရှိနေသေးကြောင်း သိလိုက်ရခြင်းပင်။
တိမ်လွှာစီးဂိုဏ်းသားများက မြို့တစ်ခုလုံးကို အကုန်အစင် သတ်ဖြတ်ခြင်းမျိုး မလုပ်ခဲ့ကြောင်း သိလိုက်ရသဖြင့် သူ အနည်းငယ် စိတ်သက်သာရာရသွားလေသည်။
သို့သော် သမားတော်ကြီး၏ မျက်နှာထားမှာ တည်တင်းနေဆဲဖြစ်ပြီး မြို့ထဲရှိ အမြင့်ဆုံး အဆောက်အအုံကို အေးစက်သော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။ သူ၏ မွေးရာပါနယ်ပယ် စိတ်ဝိညာဉ် အာရုံခံနိုင်စွမ်းက တိမ်လွှာစီးဂိုဏ်းသားများသည် ခုထိ မထွက်ခွာသေးဘဲ မြို့ထဲတွင် ရှိနေဆဲဖြစ်ကြောင်း ပြောပြနေလေ၏။
"သမားတော်ကြီး... ဟိုဟာက မြို့ထဲမှာ တစ်ခုတည်းရှိတဲ့ ချင်းဖုန်းစားသောက်ဆိုင်ပါ"
ကျောက်ချန်လင်က ရှင်းပြလိုက်သည်။
"အဲဒီကို သွားကြမယ်"
သမားတော်ကြီးက ပြတ်သားစွာ ပြောလိုက်သည်။ လုချင်းသည်လည်း သူ၏ ဆရာဖြစ်သူ ယခုတစ်ကြိမ်တွင် အမှန်တကယ် ဒေါသထွက်နေကြောင်း သိလိုက်၏။
ထို့နောက်၌ မြင်းလှည်းသည် စားသောက်ဆိုင်ရှိရာသို့ ချက်ချင်း ဦးတည်မောင်းနှင်သွားလေသည်။
ချင်းဖုန်းစားသောက်ဆိုင်အနီးသို့ ရောက်သောအခါ အတွင်းမှ ကြာပွတ်ဖြင့် ရိုက်နှက်သံများနှင့် ဆူညံစွာ ရယ်မောသံများကို ကြားလိုက်ရသည်။
"ဟားဟား... အော်လေ... မင်း အော်သံကို ငါ ကြားချင်တယ် မင်းပဲ အကြမ်းပတမ်းခံနိုင်ပါတယ်ဆို... ။ ဘာလို့ ဒီလောက် ရိုက်တာလေးကို မခံနိုင်ဖြစ်နေရတာလဲ။ မင်း သိသင့်တာက မင်းဆရာဆိုရင် အချက်ပေါင်း တစ်ရာကျော် အရိုက်ခံရတာတောင် သတိမလစ်ခဲ့ဘူး။ မင်းရဲ့ ညီလေးနှစ်ယောက်ဆိုရင်လည်း မခံနိုင်လို့ သတိလစ်မသွားခင်အထိ အချက်ပေါင်းများစွာ တောင့်ခံနိုင်ခဲ့သေးတယ်။ မင်းကျမှ ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ"
မောက်မာသော အသံတစ်သံသည် စားသောက်ဆိုင်အတွင်းမှ ထွက်ပေါ်လာလေသည်။ ထူးဆန်းသည်မှာ ကြာပွတ်ရိုက်သံများသာ ကြားရပြီး နာကျင်စွာ အော်ဟစ်သံများ မကြားရခြင်းပင်။
"ကောင်းပြီလေ... မင်းက ပါးစပ်ပိတ်နေမယ်ပေါ့လေ... ဟုတ်လား။ ဟေ့ကောင်တွေ... ဟိုကောင်မလေးကို ဆွဲထုတ်ခဲ့စမ်း။ သူ့ရဲ့ အချစ်ဆုံး ညီမလေးကို သူ့ရှေ့မှာတင် စော်ကားလိုက်ရင် သူ ဘာမှမသိသလို ဟန်ဆောင်နိုင်ဦးမလား ကြည့်ရသေးတာပေါ့"
မောက်မာသော အသံ ထပ်မံထွက်ပေါ်လာပြီးနောက် မိန်းကလေးတစ်ယောက်၏ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
တစ်ချိန်တည်းမှာပင် အလွန်အမင်း ဒေါသထွက်နေသော အသံတစ်သံက ဟိန်းထွက်လာလေသည်။
"လူယုတ်မာကောင်... ငါ့ညီမလေးကို လွှတ်လိုက်စမ်း"
"ရို့အာကို လွှတ်ပေး" အားနည်းနေသော အသံတစ်သံလည်း ထွက်ပေါ်လာသည်။
"သမားတော်ကြီး... အဲဒါ ကျွန်မဆရာ၊ ဆရာတူအစ်ကိုတာ့ရှားနဲ့ ညီမလေးတို့ရဲ့ အသံတွေပါ"
ထိုအသံများကို ကြားလိုက်ရသောအခါ ကျောက်ချန်လင်၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။
"မာကူး"
သမားတော်ကြီးက လေးနက်စွာ ခေါ်လိုက်သည်။ မာကူးသည် သဘောပေါက်လိုက်ပြီး ချက်ချင်း မြင်းဇက်ကြိုးကို ခါလိုက်ကာ မြင်းလှည်းကို အရှိန်မြှင့်လိုက်တော့သည်။
ထိုကဲ့သို့ ဆူညံစွာ မောင်းနှင်လာမှုက သဘာဝကျစွာပင် အာရုံစိုက်မှုကို ဆွဲဆောင်လိုက်လေသည်။ စားသောက်ဆိုင်ရှေ့တွင် တံခါးစောင့်နေသော တိမ်လွှာစီးဂိုဏ်းသားနှစ်ယောက်သည် သူတို့ဆီသို့ အရှိန်ဖြင့် ပြေးဝင်လာသော မြင်းလှည်းကို မြင်လိုက်ရသဖြင့် လက်နက်များကို ချက်ချင်း ဆွဲထုတ်လိုက်ကြသည်။
"ရပ်လိုက် မင်းတို့က ဘယ်သူတွေလဲ။ မရပ်ရင် ခုတ်သတ်ပစ်မယ်"
"စိတ်ရှုပ်စရာပဲ"
မြင်းလှည်းသည် ချင်းဖုန်းစားသောက်ဆိုင်ရှေ့သို့ ရောက်သည်နှင့် မာကူးသည် မြင်းဇက်ကြိုးကို ဇတ်ခနဲ ဆွဲကာ ရုတ်တရက် ရပ်တန့်လိုက်သည်။ ထို့နောက် ရှေ့သို့ ဖြစ်ပေါ်လာသော အရှိန်အဟုန်ကို အသုံးပြု၍ ခုန်ထွက်လိုက်ပြီး ဓားအိမ်ထဲမှ မထုတ်ရသေးသော ဓားရှည်ဖြင့် လျှပ်စီးလက်သကဲ့သို့ ရိုက်ချလိုက်ရာ တိမ်လွှာစီးဂိုဏ်းသားနှစ်ယောက်မှာ ရင်ဘတ်များ ချိုင့်ဝင်ကာ သွေးအန်လျက် စားသောက်ဆိုင်ထဲသို့ လွင့်စင်သွားကြလေသည်။
တံခါးစောင့်နေသော ဂိုဏ်းသားများမှာ သဘာဝကျစွာပင် သိုင်းပညာ အဆင့်မမြင့်လှပေ။ မာကူး၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် သူတို့ကို ကိုင်တွယ်ရသည်မှာ ထမင်းစားရေသောက်သကဲ့သို့ လွယ်ကူလှသည်။
"ဘယ်သူလဲကွ"
ဆူညံသံများကြောင့် စားသောက်ဆိုင်ထဲမှ လူများ သတိဝင်လာကြသည်။ လူတစ်ယောက် အခြေအနေကြည့်ရန် ထွက်လာသော်လည်း တိမ်လွှာစီးဂိုဏ်းသားနှစ်ယောက် လွင့်စင်ဝင်ရောက်လာကာ စားပွဲကုလားထိုင်များကို ဝင်တိုက်မိသဖြင့် ပြန်လည် ဆုတ်ခွာသွားရလေသည်။
ဆက်တိုက် ဖြစ်ပွားသော ဆူညံမှုများကြောင့် စားသောက်ဆိုင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထိုတိတ်ဆိတ်မှုအောက်တွင် လုချင်းနှင့် အခြားသူများသည် စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်လာကြလေ၏။
ဝင်ဝင်ချင်းမှာပင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး နောက်ပြန်ကြိုးတုပ်ခံထားရသော လူတစ်ယောက် မြေပြင်ပေါ်တွင် အားနည်းစွာ လဲကျနေသည်ကို တွေ့လိုက်ရသည်။ သို့သော် ထိုလူ၏ မျက်လုံးများတွင် ဒေါသမီးေတာက်များ ပေါက်ကွဲနေဆဲပင်။
သူ့ဘေးတွင်မူ ကြာပွတ်ရာများဖြင့် ပြည့်နှက်နေသော်လည်း ခေါင်းမာမာဖြင့် မတ်တပ်ရပ်နေသော အခြားလူတစ်ယောက် ရှိနေသည်။
သူတို့၏ ရှေ့တွင်တော့ အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားပြီး ရက်စက်သော အငွေ့အသက်များ ထွက်ပေါ်နေသည့် လူငယ်တစ်ယောက်က ကြိုးတုပ်ထားသော မိန်းကလေးတစ်ယောက်ကို ဖမ်းချုပ်ထားလေသည်။
ထောင့်တစ်နေရာတွင်မူ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများဟု ယူဆရသော အလောင်း ခုနစ်လောင်း ရှစ်လောင်းခန့် ပုံထားသည်။ ထိုအလောင်းများထဲတွင် သေးငယ်သော ခန္ဓာကိုယ်လေးတစ်ခုက လုချင်းနှင့် အခြားသူများ၏ မျက်လုံးကို ဖမ်းစားလိုက်လေသည်။
"ဆရာ... ဆရာတူအစ်ကိုတာ့ရှား... ညီမလေး"
ကျောက်ချန်လင် ဝမ်းနည်းပက်လက် အော်ဟစ်လိုက်သည်။ မြေပြင်ပေါ်မှ အားနည်းနေသော ပုံရိပ်မှာ ဖန်ထောင်မှလွဲ၍ အခြားသူ မဟုတ်ချေ။
"ညီမလေးချန်လင်... မင်းလည်း အဖမ်းခံလိုက်ရတာလား"
တာ့ရှားသည် ကျောက်ချန်လင်ကို မြင်သောအခါ အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း လုချင်းနှင့် အခြားသူများကို မြင်လိုက်ရသောအခါတွင်တော့ မျက်နှာထား ပြောင်းလဲသွားလေသည်။
"မင်း... သမားတော်ကြီးတို့ကိုပါ ဆွဲထည့်လိုက်တာလား"
"အစ်မ... သခင်လေးလု... သမားတော်ကြီး"
ဖန်ရို့လည်း အော်ဟစ်လိုက်သည်။
"လူကြီးမင်းဖန်... ပြန်ဆုံကြပြီပဲ"
လုချင်းက ခေါင်းညိတ်ပြလိုက်သည်။
"သမားတော်ကြီးချန်... သခင်လေးလု... ခင်ဗျားတို့လည်း အဖမ်းခံလိုက်ရတာလား"
ဖန်ထောင် အံ့သြသွားသည်။
"ဆရာ... အဲ့လိုမဟုတ်ပါဘူး၊ သမားတော်ကြီးတို့က ကျွန်မတို့ကို လာကယ်တာပါ"
ကျောက်ချန်လင်က အော်ပြောလိုက်သည်။
"လာကယ်တာလား" ဖန်ထောင် ယုံရခက်နေသည်။
သို့သော် သူ လျင်မြန်စွာ သတိဝင်လာပြီး အော်ပြောလိုက်သည်။
"သမားတော်ကြီး... ဒီလူတွေက အရမ်းစွမ်းတာ၊ ခင်ဗျားတို့ အမြန်ပြေးကြပါ... ကျုပ်တို့ကို စိတ်မပူပါနဲ့တော့"
"ပြေးမယ် ဟုတ်လား... ငါတို့တိမ်လွှာစီးဂိုဏ်းသားတွေကို သတ်ပြီးမှ မင်းတို့ ပြေးလို့ လွတ်မယ်ထင်နေလား"
ရက်စက်ပုံရသော လူငယ်က လှောင်ပြောင်လိုက်သည်။
"သြော်... မင်းကိုး ကောင်မလေး... မင်းနဲ့အတူ သေဖို့ ကူညီမယ့်သူတွေ ခေါ်လာတာလား"
သူသည် ကျောက်ချန်လင်ကို ရက်စက်သော အပြုံးဖြင့် ကြည့်လိုက်သည်။ သို့သော် မကြာမီ တစ်ခုခု မှားယွင်းနေကြောင်း သူ သတိထားမိလိုက်သည်။
"နေဦး... မင်းတို့ ရောက်လာတယ်ဆိုတော့ အကြီးအကဲဟုန်နဲ့ တခြားလူတွေ ဘယ်ရောက်သွားလဲ"
"သေကုန်ပြီလေ"
မာကူးက အေးစက်စွာ ပြောလိုက်သည်။
"ခင်ဗျားက တိမ်လွှာစီးဂိုဏ်းချုပ်ရဲ့သား ဖြစ်ရမယ်။ ကောင်မလေးကို လွှတ်ပေးလိုက်ပါ... ဒါဆို ခင်ဗျား နည်းနည်းလောက်ဖြစ်ဖြစ် ငဲ့ညာပေးဖို့ ငါတို့ စဉ်းစားပေးမယ်"
လုချင်းသည် ထိုလူငယ်၏ စကားကို လျစ်လျူရှုကာ သူ့နောက် သုံးလှမ်းအကွာတွင် ရပ်နေသော မျောက်တစ်ကောင်ကဲ့သို့ လက်တံရှည်ပြီး ထွားကျိုင်းသော လူပုကြီးတစ်ယောက်ကိုသာ အာရုံစိုက်နေလေသည်။ ထိုလူပုကြီးသည် လုချင်း၏ အကြည့်ကို ခံစားမိသဖြင့် မျက်ခွံကို ပင့်ကာ ဂရုမစိုက်သလို ပြန်ကြည့်လိုက်သည်။
"ဘာ... အကြီးအကဲဟုန် သေပြီ ဟုတ်လား"
ဘေးပတ်ဝန်းကျင်ရှိ တိမ်လွှာစီးဂိုဏ်းသားများ ထိတ်လန့်သွားကြသည်။ အကြီးအကဲဟုန်သည် သူတို့ထဲတွင် ခွန်အားအကြီးဆုံး သုံးယောက်စာရင်းဝင် ဖြစ်သည်။ ဤလူများက သူ့ကို သတ်နိုင်သည်ဆိုလျှင် သေချာပေါက် အစွမ်းထက်သူများ ဖြစ်ပေလိမ့်မည်။ တိမ်လွှာစီးဂိုဏ်းသားများအားလုံး လုချင်းနှင့် အခြားသူများကို သတိကြီးစွာဖြင့် ကြည့်လိုက်ကြသည်။
လူပုကြီး၏ မျက်နှာထားပင် အနည်းငယ် ပြောင်းလဲသွားပြီး အံ့သြသွားပုံရသည်။
"စိတ်ဝင်စားစရာပဲ"
အကြီးအကဲဟုန် သေဆုံးသွားကြောင်း ကြားလိုက်ရသဖြင့် လူငယ်လည်း ထိတ်လန့်သွားသော်လည်း လျင်မြန်စွာပင် ပြန်လည် ပြုံးလိုက်သည်။
"အကြီးအကဲဟုန်တောင် မင်းတို့လက်ချက်နဲ့ သေသွားတာကိုး... အဲ့ဒါကြောင့် လူလာကယ်ရဲတာပဲ။ မင်းတို့မှာ အားကိုးစရာ တစ်ခုခု ရှိပုံရတယ်"
"ငါ သိချင်လိုက်တာ... မင်းတို့ရဲ့ အားကိုးစရာက ဘာများလဲ။ ဒီကောင်လေးနှစ်ယောက်လား... ဒီအဘိုးကြီးလား... ဒါမှမဟုတ် ဓားကိုင်ထားတဲ့ ဒီလူလား... အဲလိုမှ မဟုတ်ရင်..."
လူငယ်သည် လုချင်းနှင့် အခြားသူများကို အကဲခတ်လိုက်သည်။ သူ၏ အကြည့်များ ရှောင်လီကို ပွေ့ချီထားသော ရှောင်ယန်ထံ ရောက်သွားသောအခါ မျက်လုံးများ အရောင်တောက်သွားလေ၏။
"ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ကောင်မလေးပဲ"
လူငယ်၏ မျက်လုံးများက ရှောင်ယန်အပေါ် စိုက်ကျနေပြီး ယုတ်မာသော အကြံအစည်များဖြင့် ပြည့်နှက်နေလေသည်။ ကြောက်လန့်သွားသော ရှောင်ယန်သည် ကျောက်ချန်လင်၏ နောက်သို့ အမြန်ဝင်ပုန်းလိုက်သည်။
"မင်းတို့က ဒီလို အဖိုးတန် ကောင်မလေးကို ခေါ်လာတာ ကောင်းတယ်။ သူ့ကို ငါ့ဆီ ဆက်သမယ်ဆိုရင်... ပြီးတော့ ငါသာ သဘောကျသွားမယ်ဆိုရင် မင်းတို့ တိမ်လွှာစီးဂိုဏ်းကို ပြစ်မှားမိတဲ့ အပြစ်ကို လျစ်လျူရှုပေးဖို့ ငါ စဉ်းစားပေးမယ်..."
သူ့စကား မဆုံးမီမှာပင် ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်တစ်ခု ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားရာ လူတိုင်း အေးခဲသွားပြီး ကျောချမ်းသွားကြလေသည်။
လူပုကြီးပင် ကင်းလွတ်ခွင့် မရချေ။
"မင်း ခုနက ဘာပြောလိုက်တယ်"
လုချင်း၏ အသံမှာ ရေခဲတမျှ အေးစက်နေလေ၏။
"သခင်လေး... သတိထား"
လူပုကြီးသည် ပျားတုပ်ခံလိုက်ရသကဲ့သို့ လူငယ်၏ ရှေ့သို့ ခုန်ဝင်ကာ လက်ဝါးများကို မြှောက်လျက် လုချင်းကို သတိကြီးစွာ စောင့်ကြည့်လိုက်သည်။
လူငယ်သည် လုချင်း၏ သတ်ဖြတ်လိုစိတ်ကြောင့် အံ့သြသွားသော်လည်း လူပုကြီး ကာကွယ်ပေးထားသဖြင့် စိတ်တည်ငြိမ်သွားကာ ပြန်ပြီးမောက်မာလာ၏။
"ငါပြောတာက... မင်းတို့ အဲဒီကောင်မလေးကို ငါ့ဆီ ဆက်သမယ်ဆိုရင်..."
ဘုန်း
သူ့စကားမဆုံးမီ လုချင်းရပ်နေသော နေရာမှ သစ်သားကြမ်းခင်းများ ကွဲအက်သွားကာ လုချင်းသည်လည်း သူတို့ဆီသို့ ဒုံးပျံသဖွယ် ပြေးဝင်လာလေတော့လေ၏။
"လူကြီးမင်း... စကားပြောကြရအောင်ပါ။ သခင်လေးက တမင် ရည်ရွယ်ပြောတာ မဟုတ်ပါဘူး..."
လူပုကြီးသည် လုချင်း၏ အရှိန်အဟုန်ကြောင့် ထိတ်လန့်ကာ အော်ပြောလိုက်သည်။
"ဖယ်စမ်း"
သို့သော် လုချင်း၏ တုံ့ပြန်မှုမှာ ပြင်းထန်သော လက်သီးချက်တစ်ချက်သာ ဖြစ်လေသည်။
"ဒီလက်သီးကွက်က"
လုချင်း၏ လက်သီးမှ လွှမ်းမိုးလာသော အားအင်ကို ခံစားလိုက်ရသဖြင့် လူပုကြီးမှာ ထိတ်လန့်သွားပြီး မျက်ခွံများပင် လှုပ်ခါသွားသည်။ ချီနှင့်သွေးအဆင့်သာ ရှိပုံရသော လူငယ်တစ်ယောက်က ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်ကို မည်သို့ ထုတ်ဖော်နိုင်သည်ကို သူ နားမလည်နိုင်သော်လည်း စကားပြောရန် အချိန်မရှိတော့ကြောင်း သူသိသည်။
လုချင်း၏ လက်သီးချက်က ပြင်းထန်လွန်းလှသည်။ သူသာ မကာကွယ်နိုင်ပါက သူရော သခင်လေးပါ သေဆုံးသွားလိမ့်မည်ပင်။
"အား"
သေရေးရှင်ရေး အခြေအနေတွင် လူပုကြီးသည် သူ၏ စွမ်းအားအကုန် ထုတ်သုံးလိုက်ရာ ချီနှင့် သွေးများ ဆူပွက်လာေတာ့သည်။ ထိုအခါ၌ သူ၏ တောင့်တင်းသော လက်မောင်းများသည် ဖောင်းပွလာပြီး နီရဲကာ အရွယ်အစား နှစ်ဆခန့် ကြီးထွားလာလေသည်။ ထို့နောက် သံတံခါးကြီးသဖွယ် သူ၏ အရေးကြီးသော နေရာများကို ကာကွယ်လိုက်၏။
သူသည် ခြေကို မြဲမြံစွာ ထောက်ထားလိုက်ရာ ကြမ်းခင်းများ ကွဲအက်ကုန်ပြီး လုချင်း၏ လက်သီးကို အပြင်းထန်ဆုံး ခံစစ်ဖြင့် ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။
လူပုကြီး၏ ပြောင်းလဲမှုကို မြင်သော်လည်း လုချင်း၏ မျက်နှာထားမှာတော့ အေးစက်မြဲ အေးစက်နေ၏။ သူသည် ကိုယ်နေဟန်ထား မပြောင်းလဲဘဲ လူပုကြီး၏ လက်မောင်းများဆီသို့ တည့်တည့် ထိုးချလိုက်လေသည်။
လူတိုင်း၏ အကြည့်အောက်တွင် လုချင်း၏ လက်သီးသည် လူပုကြီး၏ လက်မောင်းများနှင့် ထိတွေ့သွားသည်။
ထို့နောက် သူတို့ မြင်လိုက်ရသည်မှာ...
ထိတွေ့လိုက်သည့် ခဏတွင် လူပုကြီး၏ လက်မောင်းများသည် လိမ်တွန့်ကာ ပုံပျက်သွားပြီး အစိတ်စိတ်အမွှာမွှာ ကြေမွသွားလေသည်။ လုချင်း၏ လက်သီးသည် အရှိန်မသေဘဲ ရင်ဘတ်ဆီသို့ ဆက်လက် ဝင်ရောက်သွားသည်။
ဘုန်း
အစွမ်းကုန် ထိုးနှက်လိုက်သော လက်သီးချက်ဖြင့် လုချင်း၏ စွမ်းအားများ လူပုကြီးအပေါ်သို့ အပြည့်အဝ သက်ရောက်သွားလေသည်။
အရပ်အမောင်း ကွာခြားချက်ကြောင့် လုချင်း၏ လက်သီးသည် အပေါ်မှ အောက်သို့ စိုက်ဆင်းသွားခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် လူပုကြီးမှာ လွင့်စင်မသွားဘဲ မြေကြီးတွင် "သံမှိုရိုက်သကဲ့သို့" စိုက်ဝင်သွားလေသည်။ ပြင်းထန်သော ရိုက်ခတ်မှုအောက်တွင် လူပုကြီး ရပ်နေသော နေရာသည် ချိုင့်ဝင်သွားပြီး စားသောက်ဆိုင်၏ ကြမ်းခင်းတစ်ခုလုံး ပျက်စီးသွားတော့သည်။
လူပုကြီးမှာမူ လူပုံစံ မပေါ်တော့ဘဲ ပွဲချင်းပြီး သေဆုံးသွားလေသည်။
တိတ်ဆိတ်ငြိမ်သက်မှုက တမုဟုတ်ချင်း ကြီးစိုးလာလေ၏။
စားသောက်ဆိုင်အတွင်းရှိ လူတိုင်းသည် သူတို့မြင်လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့် တုန်လှုပ်နေကြသည်။
ဖန်ထောင်နှင့် သူ့တပည့်များမှာလည်း အံ့သြမှင်သက်နေကြပြီး ယခု သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည့် လုချင်းသည် လွန်ခဲ့သော ရက်အနည်းငယ်က သူတို့နှင့် ရယ်ရယ်မောမော စကားပြောခဲ့သော နူးညံ့သိမ်မွေ့သည့် လူငယ်လေး ဖြစ်ကြောင်း မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။
"အကြီးအကဲချိုး သေသွားပြီ"
ပေါက်ကွဲမှုအရှိန်ကြောင့် လွင့်စင်သွားသော လူငယ်သည် ကြေမွနေသော လူပုကြီး၏ အလောင်းကို ကြောင်ငေး ကြည့်နေမိသည်။
တိမ်လွှာစီးဂိုဏ်းတွင် ထိပ်တန်း ၅ ယောက်စာရင်းဝင် မဟာသခင်အဆင့်ရှိသော အကြီးအကဲချိုးသည် လူငယ်လေးတစ်ယောက်၏ လက်သီးချက်တစ်ချက်တည်းဖြင့် သေဆုံးသွားသည်ဆိုခြင်းကို သူ လက်မခံနိုင်ပေ။
ခြေလှမ်း တစ်လှမ်းချင်းစီ...
သေလောက်အောင် တိတ်ဆိတ်နေမှုကြားတွင် လုချင်းသည် ထိုလူငယ်ဆီသို့ လျှောက်သွားလိုက်သည်။
သူ့ရှေ့တွင် ရပ်တန့်လိုက်ပြီး အေးစက်စွာ ငုံ့ကြည့်လိုက်လေသည်။
"ပြန်ပြောစမ်း... ခုနက မင်း ဘာလုပ်ချင်တယ်လို့ ပြောလိုက်တာလဲ"
လူငယ်သည် တုန်လှုပ်သွားပြီး နောက်ဆုံးတွင် အသိပြန်ဝင်လာသည်။ လုချင်း ချဉ်းကပ်လာသည်ကို မြင်ပြီး သတ်ဖြတ်လိုသော အငွေ့အသက်များကို ခံစားလိုက်ရသဖြင့် သူ အော်ဟစ်ကာ နောက်သို့ တွားသွားလိုက်သည်။
"လာကြစမ်း... ငါ့ကို ကာကွယ်ပေးကြ"
"သခင်လေး"
တိမ်လွှာစီးဂိုဏ်းသားအချို့သည် အလိုအလျောက် ရှေ့တိုးလာကြသည်။ သို့သော် နောက်တစ်ခဏတွင်တော့ လုချင်းသည် သူတို့၏နဖူးကို လက်ချောင်းနှင့် တောက်လိုက်ရာ တိုးတိုးတိတ်တိတ် အသံများနှင့်အတူ ထိုဂိုဏ်းသားများ၏ နဖူးတွင် အပေါက်ကိုယ်စီ ဖြစ်ကာ လဲကျသေဆုံးကုန်ကြလေသည်။
ဤစွမ်းရည်ပြသမှုက ကျန်ရှိသော ဂိုဏ်းသားများကို ကြောက်လန့်တကြား ငြိမ်သက်သွားစေပါ၏။
ကြောက်ရွံ့နေသော အကြည့်များကြားတွင် လုချင်းသည် လူငယ်ဆီသို့ ဆက်လက် လျှောက်လှမ်းသွားလေသည်။
"ငါ့ကို မသတ်ပါနဲ့ ငါက တိမ်လွှာစီးဂိုဏ်း ဂိုဏ်းချုပ်ရဲ့သားနော်။ ငါ့အဖေက ဂိုဏ်းချုပ် ငါ့ဘိုးဘေးက ဂိုဏ်းရဲ့ မဟာအကြီးအကဲ မင်း ငါ့ကို ထိခိုက်အောင်လုပ်ရင် ငါ့ဘိုးဘေးက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး"
လုချင်း နီးကပ်လာသည်ကို မြင်သောအခါ ချောင်ပိတ်မိနေပြီဖြစ်သော လူငယ်သည် အားကုန်အော်ဟစ်ရင်း ခြိမ်းခြောက်တော့သည်။ သူ၏ သေသပ်လှပသော အဝတ်အစားများမှာ ယခုအခါ၌ ညစ်ပတ်စုတ်ပြတ်နေပြီး သူတောင်းစားတစ်ယောက်ကဲ့သို့ ဖြစ်နေလေပြီပင်။
သို့သော် သူ၏ ခြိမ်းခြောက်မှုများက လုချင်းကို မတားဆီးနိုင်ခဲ့ပေ။
လုချင်းသည် လူငယ်၏ အနားသို့ ရောက်သောအခါ အေးစက်စွာဖြင့် ခြေထောက်ကို မြှောက်လိုက်သည်။
လုချင်း၏ သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသဖြင့် လူငယ်သည် သူ အသက်ရှင်ခွင့်ရမည်မဟုတ်တော့ကြောင်း သိလိုက်သည်။
သူသည် လုချင်းကို အဆိပ်ပြင်းသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့လို အောက်တန်းစားတွေက ငါ့ကို သတ်ရဲတယ်ပေါ့။ ငါ့ဘိုးဘေးက မွေးရာပါနယ်ပယ်ကို ရောက်နေပြီ။ ငါသေရင် မင်းတို့အကုန်လုံး၊ မင်းတို့ မိသားစုတွေ၊ ဒီမြို့ထဲက လူတွေအကုန်လုံး ငါနဲ့အတူ မြေမြှုပ်ခံရလိမ့်မယ်..."
ဘုန်း
သူ၏ ကျိန်စာတိုက်သံများကြားမှာပင် လုချင်း၏ ခြေထောက်သည် ပြင်းထန်စွာ နင်းချေလိုက်ရာ ထိုလူငယ်၏ ခေါင်းသည် ရင်ဘတ်ထဲသို့ ဝင်ရောက်သွားပြီး ပွဲချင်းပြီး သေဆုံးသွားတော့သည်။
........
အခန်း ၂၂၄ - အကုန်အစင် သုတ်သင်ခြင်းနှင့် မပြေပျောက်နိုင်သော ခံစားချက်များ
စားသောက်ဆိုင်တစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်သွားလေသည်။
လုချင်းက မိန်းမလျာဆန်သော လူငယ်ကို ခြေထောက်တစ်ဖက်တည်းဖြင့် နင်းချေလိုက်သည်ကို မြင်သောအခါ၌ ကျန်ရှိနေသော တိမ်လွှာစီးဂိုဏ်းသားများအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။
ဖန်ထောင်နှင့် သူ့တပည့်များလည်း ထပ်တူထပ်မျှ ကြောက်ရွံ့နေကြသည်။
မာကူးနှင့် ဝေ့ကျိအန်းပင်လျှင် လုချင်းထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကြောင့် အနည်းငယ် အံ့သြတုန်လှုပ်နေမိလေ၏။
သို့သော် လုချင်း အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေသည်ကို သူတို့ နားလည်ကြသည်။ ရှောင်ယန်သည် လုချင်း၏ ထိပါးမခံနိုင်သည့် အရာ ဖြစ်သည်။ တိမ်လွှာစီးဂိုဏ်းချုပ်၏သားက သူမကို စော်ကားရုံမက ယုတ်မာသော ရည်ရွယ်ချက်များပါ ရှိနေခြင်းသည် သေလမ်းရှာခြင်းနှင့် အတူတူပင်။
လမ်းတစ်လျှောက် တွေ့ကြုံခဲ့ရသော ဝမ်းနည်းဖွယ် အဖြစ်အပျက်များက လုချင်း၏ ဒေါသကို လောင်စာဖြည့်ပေးနေသည်ကို ထည့်မပြောလျှင်တောင်မှပေါ့။
သူ့ကို မသတ်လျှင်သာ ပုံမှန်မဟုတ်သော အခြေအနေ ဖြစ်ပေလိမ့်မည်။
သို့သော် လုချင်း ရွေးချယ်လိုက်သော ရက်စက်သည့် နည်းလမ်းက သူတို့ကို အနည်းငယ် အံ့အားသင့်စေခဲ့ပါ၏။
ရှောင်ယန် ရှိနေသေးသည် မဟုတ်ပါလော။
ကံကောင်းသည်မှာ သမားတော်ကြီးသည် ရှောင်ယန်၏ မျက်လုံးများကို ကြိုတင် အုပ်ထားပေးလိုက်သည်။ သို့မဟုတ်ပါက ထိုကောင်မလေး ညဘက်တွင် အိမ်မက်ဆိုးများ မက်နေမလား ဘယ်သူသိနိုင်မည်နည်း။
ရုပ်ပျက်ဆင်းပျက် သေဆုံးနေသော လူငယ်ကို ကြည့်ပြီး တိမ်လွှာစီးဂိုဏ်းသားများအားလုံး တုန်လှုပ်လာကြကာ သူတို့၏ နှလုံးသားများထဲတွင် အကန့်အသတ်မဲ့ ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။
သူတို့သည် လုချင်း၏ ရက်စက်မှုကို ကြောက်ရွံ့ခြင်းသာမက ဂိုဏ်းချုပ်၏သား သေဆုံးသွားပြီဖြစ်သဖြင့် တိမ်လွှာစီးဂိုဏ်းတွင် ကြီးမားသော ဂယက်ရိုက်ခတ်မှု ဖြစ်ပေါ်လာတော့မည်ကို သိနေကြသည်။
ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့သည် သေချာပေါက် ဒေါသထွက်ကြမည်ဖြစ်ပြီး ယွင်ကျိုးနယ်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားနိုင်ပါ၏။
ထို့ပြင် ဂိုဏ်းချုပ်၏သားကို ကာကွယ်ရန် ပျက်ကွက်ခဲ့သော တပည့်များအနေဖြင့် သူတို့သည် အပြစ်တင်ခြင်းကို မလွဲမသွေ ခံရပေလိမ့်မည်။ ဂိုဏ်းချုပ်၏ ပုံမှန် တင်းမာမှုနှင့် မဟာအကြီးအကဲ၏ ရက်စက်မှုကို တွေးမိပြီး အသက်ရှင်ကျန်ရစ်သော တိမ်လွှာစီးဂိုဏ်းသားများအားလုံး တုန်ရီလာကြတော့၏။
သို့သော် မကြာမီ သူတို့ ထိုကိစ္စအတွက် စိတ်ပူစရာ မလိုတော့ကြောင်း သိလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် လုချင်းသည် သူတို့ကို လွှတ်ပေးရန် ဆန္ဒမရှိသောကြောင့်ပင်။
မိန်းမလျာဆန်သော လူငယ်ကို ပိုးကောင်တစ်ကောင်ကဲ့သို့ နင်းချေပြီးနောက် လုချင်းသည် ကျန်ရှိသော တိမ်လွှာစီးဂိုဏ်းသားများထံသို့ အကြည့်လွှဲလိုက်သည်။
ဖျပ်
လုချင်း၏ အေးစက်ပြီး ခံစားချက်မဲ့သော အကြည့်အောက်တွင် တိမ်လွှာစီးဂိုဏ်းသားများ တုန်လှုပ်သွားကြ၏။ စိတ်ဓာတ်ပျော့ညံ့သူအချို့သည် ဒူးထောက်လျက်သားလဲကျသွားကြေတာ့သည်။
"သူရဲကောင်းလေး... ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါဗျာ။ ကျွန်တော်တို့က ဂိုဏ်းချုပ်ရဲ့သား ခိုင်းတာကို လုပ်ရုံသက်သက်ပါ... ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိလို့ပါ"
"ဟုတ်ပါတယ် သူရဲကောင်းလေး... ကျွန်တော်တို့က အတင်းအကျပ် ခိုင်းစေခံရတာပါ။ အမိန့်မနာခံရင် ကျွန်တော်တို့က အရင်ဆုံး အသတ်ခံရမှာပါ"
"တောင်းပန်ပါတယ် သူရဲကောင်းလေး... နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး"
တိမ်လွှာစီးဂိုဏ်းသားများ ဒူးထောက်ကာ ငိုယိုတောင်းပန်နေကြသော်လည်း လုချင်း၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။
တာ့ရှားက ဒေါသတကြီး အော်ပြောလိုက်သည်။
"ခွေးစကားတွေ။ မင်းတို့ခွေးကောင်တွေ မြို့ခံတွေကို သတ်ဖြတ်တုန်းကကျ အားရပါးရ ရယ်မောနေကြတာလေ။ ငါတို့ အကုန် ကြားခဲ့ရတယ်။ သခင်လေးလု... ဒီကောင်တွေက လူမဟုတ်ဘူး၊ သူတို့စကားကို နားမယောင်ပါနဲ့"
တိမ်လွှာစီးဂိုဏ်းသားများ၏ ခန္ဓာကိုယ်များ တောင့်တင်းသွားကြသည်။
"ဟိုနားက ကောင်မလေးကရော ဘယ်လိုဖြစ်တာလဲ"
လုချင်းက အေးစက်သော လေသံဖြင့် မေးလိုက်သည်။
တိမ်လွှာစီးဂိုဏ်းသားများ တုန်လှုပ်သွားပြီး ဇာတ်လမ်းတစ်ပုဒ် ဖန်တီးရန် စဉ်းစားလိုက်ကြသော်လည်း လုချင်း၏ ဂရုမစိုက်သော မျက်လုံးများကို မြင်လိုက်ရသောအခါ ရင်ထဲ အေးခဲသွားကြသည်။
"အဲဒါက ဂိုဏ်းချုပ်သားပါ... ဂိုဏ်းချုပ်သားက မိန်းကလေးငယ်ငယ်ေလးတွေကို နှိပ်စက်တတ်တဲ့ အကျင့်ရှိလို့ပါ။ အဲဒီကောင်မလေးက ဒီဆိုင်ပိုင်ရှင်ရဲ့ မြေးမလေးပါ... ဂိုဏ်းချုပ်သားက ဒီနေ့ သူ့ကို တွေ့ပြီးတော့..."
ထိုဂိုဏ်းသား၏ အသံ တိုးသွားသော်လည်း အကြောင်းအရာက လူတိုင်း၏ သွေးများကို အေးခဲသွားစေသည်။
"တိရစ္ဆာန်ကောင်။ သူက လူမဟုတ်ဘူး"
"ခွေးကောင်"
ကျောက်ချန်လင်နှင့် ဖန်ရို့တို့ ချက်ချင်း ဆဲရေးလိုက်ကြသည်။ မာကူးနှင့် အခြားသူများလည်း ဒေါသထွက်နေကြသည်။ သမားတော်ကြီးပင်လျှင် သတ်ဖြတ်လိုသော အကြည့်များ ပေါ်လာလေသည်။
"ဒီလို အမှိုက်ကောင်က ဂိုဏ်းချုပ်သား ဖြစ်နိုင်တယ်ဆိုတော့... တိမ်လွှာစီးဂိုဏ်းက သူတို့ရဲ့ ဆက်ခံသူတွေကို မဆုံးမဘူးလား" လုချင်း အေးစက်စွာ မေးလိုက်သည်။
"ဂိုဏ်းချုပ်သားက ဂိုဏ်းချုပ်ရဲ့ သား၊ မဟာအကြီးအကဲရဲ့ မြစ် ဖြစ်နေတော့ ဘယ်သူက ဆုံးမရဲမှာလဲ။ သူရဲကောင်းလေး... မြို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာက ဂိုဏ်းချုပ်သားရဲ့ အမိန့်တွေချည်းပါပဲ။ ဂိုဏ်းချုပ်သားက စိတ်လည်းမမှန်သလို ရက်လည်းရက်စက်ပါတယ်။ သူ့ကို မနာခံတဲ့သူဆိုရင် နှိပ်စက်ခံရမယ်၊ မိသားစုပါ ဒုက္ခရောက်နိုင်ပါတယ်။ အဲ့တာကြောင့် ကျွန်တော်တို့လည်း အာမခံရဲတာပါ။ တောင်းပန်ပါတယ်... ကျွန်တော်တို့ကို အမှားပြင်ခွင့်လေး တစ်ကြိမ်လောက် ပေးပါ"
ကျန်ရှိသော တိမ်လွှာစီးဂိုဏ်းသားများသည် လုချင်းကို ဦးခိုက်ကာတောင်းပန်ကြသည်။
"မင်းတို့ကို အခွင့်အရေး ပေးရမယ်တဲ့လား။ ဒါဆို မြို့ခံတွေကိုရော ဘယ်သူက ပြန်ရှင်ခွင့်ပေးမှာလဲ။"
လုချင်းသည် နဖူးမှ သွေးများထွက်သည်အထိ ဦးခိုက်နေကြသော ဂိုဏ်းသားများကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။
"မင်းတို့လို အမှိုက်ကောင်တွေက အသက်ရှင်ဖို့ မတန်ဘူး။ မင်းတို့ကို မြန်မြန် သေခွင့်ပေးလိုက်တာက ငါ့ရဲ့ အကြီးမားဆုံးသော မေတ္တာတရားပဲ"
"ပြေးကြ"
ဒူးထောက်နေသော ဂိုဏ်းသားများသည် လုချင်း၏ ပထမစကားကို ကြားလိုက်သည်နှင့် အခြေအနေ မကောင်းမှန်း ရိပ်မိလိုက်ကြသည်။ ကျန်စကားများကို ကြားလိုက်ရသောအခါတွင်တော့ ထိတ်လန့်တကြားဖြင့် အရပ်မျက်နှာအသီးသီးသို့ ချက်ချင်း ထွက်ပြေးကြတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် တိမ်လွှာစီးဂိုဏ်းသား တစ်ဒါဇင်ခန့်သည် တံခါးပေါက်များနှင့် ပြတင်းပေါက်များဆီသို့ ပြေးသွားကြသည်။ အချို့က ဒဏ်ရာရနေသော ဖန်ထောင်နှင့် အခြားသူများဆီသို့ ပြေးဝင်ကာ ဓားစာခံ လုပ်ရန် ကြိုးစားကြသည်။
"ထင်တဲ့အတိုင်းပဲ... ခွေးမြီးကောက် ကျည်တောက်စွပ်လို့ မရပါလား"
လုချင်းသည် သူတို့၏ လုပ်ရပ်ကို မအံ့သြပေ။
တိမ်လွှာစီးဂိုဏ်းသားများ ထွက်ပြေးနေစဉ် သူသည် ကျောက်တုံးတစ်ဆုပ်ကို ထုတ်ယူလိုက်သည်။
ရွှီး
လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် ကျောက်တုံးတစ်ဒါဇင်သည် နတ်သမီး ပန်းကြဲသကဲ့သို့နှယ် ပျံထွက်သွားလေ၏။
အသံတိုးတိုးများကြားတွင် သွေးများ ပျံ့လွင့်သွားကြသည်။ ထွက်ပြေးနေသော ဂိုဏ်းသားအားလုံး တစ်ပြိုင်နက်တည်း ထိမှန်သွားပြီး လဲကျကုန်ကြသည်။ စားပွဲနှင့် ကုလားထိုင်များစွာ ကျိုးပဲ့ကုန်သည်။
အသေအချာ ကြည့်လိုက်သောအခါ၌ သူတို့အားလုံး အသက်ငွေ့ငွေ့သာ ကျန်တော့သည်။
တစ်ခဏအတွင်းမှာပင် လုချင်းသည် ယုံကြည်နိုင်စရာမကောင်းလောက်အောင် ထူးကဲသော လက်နက်ပုန်းပညာဖြင့် သူတို့အားလုံးကို သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။
"အား"
အလောင်းတစ်ခုသည် ဖန်ရို့၏ ရှေ့သို့ လဲကျသွားသည်။ ကျောက်တုံး ဖောက်ဝင်သွားသော ခေါင်းမှ အနီရောင် အဖြူရောင် အရည်များ စီးကျနေသည်ကို မြင်သောအခါ မိန်းကလေးမှာ မနေနိုင်ဘဲ အော်ဟစ်လိုက်မိသည်။
စောစောက သူမသည် မိန်းမလျာဆန်သော လူငယ်၏ လက်ထဲတွင် ရှိနေခဲ့သည်။ လူပုကြီးကို သတ်လိုက်သော လုချင်း၏ လက်သီးချက်မှာ အလွန်တုန်လှုပ်စရာ ကောင်းလှ၏။
ပြင်းထန်သော ပေါက်ကွဲမှုအရှိန်အောက်တွင် လူငယ်သည် ထွက်ပြေးရန်သာ စိတ်စောနေသဖြင့် ဖန်ရို့ကို ဘေးသို့ ပစ်လိုက်ခဲ့သည်။ ထို့ကြောင့် ဖန်ရို့မှာ တိုက်ရိုက်ထိခိုက်မှုမှ လွတ်ကင်းခဲ့ပြီး ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်။
သူမ၏ ရှေ့တွင် သေဆုံးနေသော ဂိုဏ်းသားကို ကြည့်ပြီး ဖန်ရို့ ထူးဆန်းစွာ ခံစားလိုက်ရသည်။ ဤဂိုဏ်းသားကို သူမ မှတ်မိသည်။ စောစောက သူတို့ကို တိုက်ခိုက်ခဲ့ပြီး သူမ၏ ဖခင်ကို တိုက်ကွက်တစ်ကွက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သူ ဖြစ်သည်။
ထိုမျှ အစွမ်းထက်သော သိုင်းပညာရှင်တစ်ယောက်ကို လုချင်းက ကျောက်တုံးတစ်တုံးတည်းဖြင့် သတ်ဖြတ်လိုက်သည်ကို သူမ မယုံနိုင်အောင် ဖြစ်နေသည်။
သခင်လေးလုက တကယ်တမ်း ဘယ်သူလဲ... ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။
ဖန်ရို့သည် လုချင်းကို မော့ကြည့်လိုက်ပြီး သူမ၏ ရင်ထဲတွင် လေးစားအားကျမှုနှင့် ကြောက်ရွံ့ရိုသေမှုများ ပြည့်နှက်သွားလေသည်။
"ညီမလေး... အဆင်ပြေရဲ့လား။ ဒဏ်ရာရသွားသေးလား"
ကျောက်ချန်လင် ပြေးလာပြီး ဖန်ရို့ကို ချည်နှောင်ထားသော ကြိုးများကို ဖြတ်ပေးလိုက်သည်။ မာကူးကလည်း ဖန်ထောင်နှင့် တာ့ရှားတို့၏ ကြိုးများကို ဖြတ်ပေးလိုက်သည်။
"ညီမ အဆင်ပြေပါတယ်... ပွန်းပဲ့ရုံပါပဲ၊ ဘာမှမဖြစ်ပါဘူး"
ဖန်ရို့သည် အနာကျက်စ ဒဏ်ရာများမှ သွေးပြန်ထွက်နေသည်ကို ခံစားမိသော်လည်း ဆရာတူအစ်မ စိတ်မပူစေရန် ကြိတ်မှိတ်သည်းခံထားလိုက်၏။ သူမ၏ ဖခင်နှင့် တာ့ရှားတို့၏ ဒဏ်ရာများက ပို၍ ပြင်းထန်သည် မဟုတ်ပါလော။
"ညီမလေး... ဆရာတူအစ်ကိုဝမ်နဲ့ အစ်ကိုလီတို့ ဘယ်ရောက်သွားလဲ"
"သူတို့က ထင်းပုံထဲမှာ... ညီမကို ဆွဲထုတ်လာတုန်းက သူတို့ သွေးအလိမ်းလိမ်းနဲ့ ပစ်ထားခံရတာ တွေ့လိုက်တယ်"
မာကူးသည် မီးဖိုချောင်ဘက်သို့ ချက်ချင်း သွားလိုက်ပြီး မကြာမီ ကြာပွတ်ရာများဖြင့် ပြည့်နှက်နေသော လူနှစ်ယောက်ကို တွဲခေါ်လာလေသည်။ ကံကောင်းသည်မှာ တိမ်လွှာစီးဂိုဏ်းက သူတို့ကို နှိပ်စက်လို့ အားမရသေးသဖြင့် သတ်မပစ်သေးခြင်း ဖြစ်ပုံရသည်။
နှစ်ယောက်စလုံး သေလုမျောပါး ဖြစ်နေသော်လည်း အသက်မထွက်သေးပေ။ သမားတော်ကြီး ရှိနေသမျှ ကာလပတ်လုံး ဒဏ်ရာများက ပွဲချင်းပြီး သေစေလောက်သည့် ဒဏ်ရာ မဟုတ်လျှင် ထွက်သက်ငင်နေပါစေ ကယ်တင်နိုင်မည် ဖြစ်သည်။
သမားတော်ကြီးက ဖန်ထောင်နှင့် အခြားသူများ၏ ဒဏ်ရာများကို ကုသပေးနေစဉ် လုချင်းသည် သေးငယ်သော အလောင်းလေး၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး အတွေးများထဲတွင် နစ်မြောနေလေသည်။
ထိုအချိန်၌ ယွင်ကျိုးနယ်ရှိ တိမ်လွှာစီးဂိုဏ်းတွင်မူ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု လွှမ်းခြုံနေလေသည်။
"ဒါ မဟာအကြီးအကဲရဲ့ အရှိန်အဝါပဲ"
"ဘယ်သူက မဟာအကြီးအကဲကို ဒေါသထွက်အောင် လုပ်ရဲတာလဲ... သေချင်နေကြတာလား"
တိမ်လွှာစီးဂိုဏ်းသားများစွာသည် နန်းတော်ဆောင်တစ်ခုကို ကြောက်ရွံ့စွာ လှမ်းကြည့်လိုက်ကြသည်။
နန်းတော်ဆောင်အတွင်း၌ လူတစ်ယောက်သည် လက်ထဲရှိ ကွဲအက်နေသော ကျောက်စိမ်းပြားကို စိုက်ကြည့်ရင်း ဒေါသများ ထွက်ပေါ်နေလေသည်။
"ရွှမ်အာ သေသွားပြီ"