← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အခန်း ၂၂၅ - ဤခရီးကို မသွားဘဲ စိတ်မဖြောင့်နိုင်

"ရွှမ်အာ သေသွားပြီ"

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ပုံရိပ်သည် ကွဲအက်နေသော ကျောက်စိမ်းပြားကို ကိုင်လျက် မျက်နှာတွင် ထိတ်လန့်မှုနှင့် ဒေါသများ ပြည့်နှက်နေလေ၏။

သူ့လက်ထဲရှိ ကျောက်စိမ်းပြားသည် လွန်ခဲ့သော နှစ်များစွာက ထူးဆန်းသော ဂူတစ်ခုအတွင်း စွန့်စားသွားလာရင်း ရရှိခဲ့သော အရာဖြစ်သည်။ ၎င်းသည် လူတစ်ဦး၏ သွေးကို ထည့်သွင်းထားရုံဖြင့် ထိုလူ၏ အသက်စွမ်းအားကို စောင့်ကြည့်နိုင်သော ရှားပါးရတနာတစ်ပါး ဖြစ်သည်။

ထိုစဉ်က သူသည် ကျောက်စိမ်းပြား သုံးခု ရရှိခဲ့ပြီး တစ်ခုတွင် သူ၏ အချစ်ဆုံး မြစ်ဖြစ်သူ မော့ရွှမ်၏ အဆီအနှစ်သွေးကို ထည့်သွင်းထားခဲ့သည်။

သို့သော် ယခုတွင် သူ၏ မြစ်ဖြစ်သူ၏ သွေး ပါဝင်သော ကျောက်စိမ်းပြား လုံးဝ ကြေမွသွားသည်ကို တွေ့လိုက်ရသည်။ ကွဲအက်နေသော ကျောက်စိမ်းပြားသည် ပိုင်ရှင်၏ အသက်စွမ်းအား လုံးဝ ပျောက်ကွယ်သွားခြင်းကို ပြသနေလေ၏။

တစ်နည်းအားဖြင့် သူ၏ မြစ် မော့ရွှမ် သေဆုံးသွားပြီ ဖြစ်သည်။ သူ မည်သို့ ဒေါသ မထွက်ဘဲ နေနိုင်ပါမည်နည်း။

"အဘိုး... ဘာကိစ္စကများ အဘိုးကို ဒီလောက်ထိတောင် ဒေါသထွက်စေတာလဲ"

ထိုအချိန်တွင် အမည်းရောင် ဝတ်ရုံဝတ်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက် အပြင်မှ အလျင်အမြန် ဝင်လာပြီး မေးမြန်းလိုက်သည်။

"ရွှမ်အာ သေသွားပြီ" ပုံရိပ်ပိုင်ရှင်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဘာ... ရွှမ်အာ သေသွားပြီဟုတ်လား" အမည်းရောင်ဝတ်စုံနှင့် လူက မယုံကြည်နိုင်စွာ ပြောလိုက်၏။

"မဖြစ်နိုင်တာ... အကြီးအကဲချိုးက သူ့ကို ကာကွယ်ပေးနေတာလေ။ ဘယ်သူက သူ့ကို သတ်နိုင်မှာလဲ"

သူ့အဘိုး၏ စကားကို သူ သံသယ မဝင်ပေ။ အဘိုးတွင် မိုင်ပေါင်းထောင်ချီ ဝေးကွာနေသည့် ရွှမ်အာ၏ အခြေအနေကို သိနိုင်သော ရတနာရှိကြောင်း သူသိသည်။ သို့သော် သူ ယုံရခက်နေဆဲပင်။ အကြီးအကဲချိုးသည် မဟာသခင်အဆင့်သို့ ရောက်လုနီးပါး သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သူ့ကာကွယ်မှုအောက်တွင် ရွှမ်အာကို ဘယ်သူကများ ထိခိုက်အောင် လုပ်နိုင်ပါမည်နည်း။

"မင်းက ငါ့ကို မေးနေတာလား... ငါက မင်းကို မေးချင်နေတာ"

ပုံရိပ်ပိုင်ရှင်၏ အရှိန်အဝါက ရုတ်တရက် ပေါက်ကွဲထွက်လာရာ အမည်းရောင်ဝတ်စုံနှင့် လူမှာ အသက်ရှူကျပ်သွားလေသည်။

"ငါ တံခါးပိတ်ကျင့်ကြံနေတာ ရက်ပိုင်းပဲ ရှိသေးတယ်... ရွှမ်အာက ယွင်ကျိုးနယ်အပြင်ဘက်ကို ရောက်သွားတယ်။ အဖေတစ်ယောက်အနေနဲ့ မင်းက ဘယ်လိုလုပ်ပြီး မသိရတာလဲ"

"အဘိုး... ကျွန်တော် ဒီရက်ပိုင်း ဂိုဏ်းကိစ္စတွေကို ကိုင်တွယ်နေရလို့ပါ။ ရွှမ်အာက သူ့ကို အပြစ်လုပ်ထားတဲ့ ရွာတစ်ရွာကို သွားဆုံးမဖို့ တပည့်တစ်စု ခေါ်သွားတယ်လို့ပဲ သိထားတာ။ ယွင်ကျိုးနယ်အပြင်ဘက် ထွက်သွားမှန်း ကျွန်တော် မသိလိုက်ပါဘူး"

အမည်းရောင်ဝတ်စုံနှင့် လူ၏ နဖူးတွင် ချွေးစေးများ ထွက်လာသည်။ သူသည် မဟာသခင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အဘိုးဖြစ်သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါအောက်တွင် အသက်ရှူရန် ခက်ခဲနေဆဲပင်။

"ချက်ချင်း စုံစမ်း။ ရွှမ်အာကို ဘယ်သူသတ်လဲဆိုတာ ငါ သိချင်တယ်။ အဲဒီကောင်ရဲ့ ဆွေစဉ်မျိုးဆက်တစ်ခုလုံးကို ငါ သုတ်သင်ပစ်မယ်"

ကြောက်မက်ဖွယ် ပုံရိပ်ပိုင်ရှင်၏ အမိန့်နှင့်အတူ ဂိုဏ်းချုပ်သားငယ် အသတ်ခံလိုက်ရကြောင်း တိမ်လွှာစီးဂိုဏ်းသားများ သိရှိသွားကြသည်။

တိမ်လွှာစီးဂိုဏ်းတစ်ခုလုံး တုန်လှုပ်သွားတော့သည်။

ဂိုဏ်းချုပ်သားကို မဟာအကြီးအကဲ မည်မျှ ချစ်ခင်ကြောင်း လူတိုင်း သိကြသည်။ ယခု သူ အသတ်ခံလိုက်ရပြီဖြစ်ရာ မဟာအကြီးအကဲ မည်မျှ ဒေါသထွက်နေမည်ကို မည်သူမျှ မတွေးရဲကြပေ။

ယွင်ကျိုးနယ်တစ်ခုလုံး ကြီးမားသော ဂယက်ရိုက်ခတ်မှုများ ကြုံတွေ့ရတော့မည်ကို လူတိုင်း သိနေကြသည်။

...

ယွင်ကျိုးနယ်တွင် တိမ်လွှာစီးဂိုဏ်း၏ လှုပ်ရှားမှုများကြောင့် အုတ်အော်သောင်းတင်းဖြစ်နေချိန်၌ ချင်းဖုန်းမြို့တွင်မူ သမားတော်ကြီးသည် ဖန်ထောင်နှင့် အခြားသူများ၏ ဒဏ်ရာများကို တည်ငြိမ်အောင် ကုသပေးနိုင်ခဲ့လေသည်။

မာကူးနှင့် အခြားသူများကတော့ အသက်ရှင်ကျန်ရစ်သော မြို့ခံများနှင့်အတူ အလောင်းများကို ရှင်းလင်းရန် ပြင်ဆင်ကြသည်။

မြို့ထဲတွင် သေဆုံးသူ များလွန်းလှသည်။ လုချင်းသတ်ဖြတ်လိုက်သော တိမ်လွှာစီးဂိုဏ်းသားများအပါအဝင် အနည်းဆုံး အလောင်း တစ်ရာခန့် ရှိလေ၏။

ဤမျှများပြားလှသော အလောင်းများကို မြေမြှုပ်သင်္ဂြိုဟ်ရန်မှာ လက်တွေ့မကျပေ။ အချို့မိသားစုများဆိုလျှင် တစ်မျိုးလုံး အသတ်ခံလိုက်ရသဖြင့် အလောင်းလာကောက်မည့်သူပင် မကျန်တော့ချေ။ အလောင်းများကို ချက်ချင်း မရှင်းလင်းပါက ကပ်ရောဂါ ဖြစ်ပွားရန် လွယ်ကူပြီး ပို၍ပင် ဒုက္ခရောက်နိုင်သည်။

ထို့ကြောင့် အကောင်းဆုံး နည်းလမ်းမှာ မီးသင်္ဂြိုဟ်ခြင်းပင်။

သမားတော်ကြီးချန်သည် သမားတော်ဖြစ်ပြီး လုချင်းနှင့် အခြားသူများကလည်း သူတို့၏ အသက်သခင်များ ဖြစ်ကြသဖြင့် မြို့ခံများသည် သူတို့၏ စကားကို သဘာဝကျစွာပင် နာခံကြသည်။ လူယုတ်မာများကို သူတို့၏ ချစ်ခင်ရသူများနှင့်အတူ မြှုပ်နှံရန် ဝန်လေးကြသော်လည်း ကပ်ရောဂါ ကာကွယ်ရန် လိုအပ်ကြောင်း သူတို့ နားလည်ကြသည်။

မြို့ခံများ၏ လမ်းညွှန်မှုဖြင့် လုချင်းနှင့် အခြားသူများသည် မြို့ပြင်ရှိ လူပြတ်သော နေရာတစ်ခုတွင် ကျင်းကြီးတစ်ကျင်း တူးလိုက်ကြသည်။ ထို့နောက် အားလုံး ဝိုင်းဝန်းပြီး မြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်ရှိ အလောင်းအားလုံးကို ကျင်းထဲသို့ ရွှေ့ကာ ထင်းအမြောက်အမြား ပုံလိုက်ကြသည်။

သို့သော် ဤမျှလောက်နှင့် မလုံလောက်ပေ။

အလောင်းများစွာသည် တိမ်လွှာစီးဂိုဏ်းသားများ ဖြစ်ကြသည်။ သိုင်းပညာရှင်များ ဖြစ်သဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာ မာကျောပြီး သာမန်ထင်းမီးဖြင့် လောင်ကျွမ်းရန် ခက်ခဲသည်။

ထင်းများ ပုံပြီးသောအခါ လုချင်းသည် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူကာ အနီရောင်အရည်များကို ကျင်းပတ်လည်သို့ လောင်းချလိုက်သည်။ ပုလင်းကုန်သွားသောအခါ၌ မီးတုတ်တစ်ခုကို ယူပြီး လူတိုင်းကို နောက်ဆုတ်ခိုင်းကာ ကျင်းထဲသို့ ပစ်ထည့်လိုက်တော့၏။

အစပိုင်းတွင် လုချင်း၏ လုပ်ရပ်ကို မည်သူမျှ နားမလည်ကြပေ။ သို့သော် မီးတုတ် ကျင်းထဲကျသွားပြီး မီးတောက်များ ထိုးတက်လာသောအခါတွင်တော့ ထွက်ပေါ်လာသော အပူရှိန်ကြောင့် မီးအရှိန် မည်မျှ ပြင်းထန်သည်ကို လူတိုင်း သိလိုက်ကြသည်။

မီတာ ဒါဇင်ပေါင်းများစွာ နောက်ဆုတ်ထားသော်လည်း အပူဒဏ်ကို ခံနိုင်ရည်ရှိရန် ခက်ခဲနေကြရှာ၏။ ကျင်းထဲရှိ အပူချိန်မှာ မည်သို့ ရှိမည်နည်း။

လုချင်းလောင်းချလိုက်သော အနီရောင်အရည်မှာ ဘာဖြစ်သနည်း... အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ် မီးတောက်များကို ဖြစ်ပေါ်စေသနည်း။ တစ်ခဏအတွင်း မြို့ခံများ၏ လုချင်းအပေါ် လေးစားမှုမှာ သိသိသာသာ တိုးလာလေသည်။

ကျင်းထဲရှိ မီးသည် တစ်နာရီခန့် ကြာအောင် လောင်ကျွမ်းပြီးမှ ငြိမ်းသွား‌ေတာ့သည်။ ကျင်းပတ်လည်ရှိ အပူချိန် ကျဆင်းသွား၍ သွားရောက်စစ်ဆေးသောအခါ၌ ပြာမှလွဲ၍ ဘာမျှ မကျန်တော့သည်ကိုသာ တွေ့လိုက်ရ၏။ အရိုးတစ်စပင် မကျန်တော့ချေ။ ကျင်း၏ နှုတ်ခမ်းသားအချို့ပင် ဖန်သားကဲ့သို့ အရည်ပျော်နေသည်ကို တွေ့ရသည်။

မြို့ခံများသည် အံ့သြနေကြသော်လည်း စိတ်သက်သာရာ ရသွားကြသည်။ ဤမျှအတိုင်းအတာထိ လောင်ကျွမ်းသွားပြီဖြစ်ရာ ကပ်ရောဂါ ပျံ့နှံ့ရန် မဖြစ်နိုင်တော့ပေ။

ဒါက ကံဆိုးမိုးမှောင်ကျမှုများထဲမှ ကံကောင်းခြင်းတစ်ခုပင်။ သို့မဟုတ်ပါက ကပ်ရောဂါ ဖြစ်ပွားလျှင် သူတို့မှာ ဘိုးဘွားပိုင်အိမ်များကို စွန့်ခွာရပေလိမ့်မည်။

နောက်တစ်ဆင့်မှာ ရိုးရှင်းသည်။ လူတိုင်း ဝိုင်းဝန်းပြီး ကျင်းကို မြေပြန်ဖို့လိုက်ကြကာ မြို့ထဲသို့ ပြန်လာခဲ့ကြသည်။

အပြန်လမ်းတွင် လုချင်း နှုတ်ဆိတ်နေသည်။

စားသောက်ဆိုင်သို့ ပြန်ရောက်သောအခါ သူသည် ပြတင်းပေါက်နားတွင် ရပ်လျက် အဝေးသို့ လှမ်းကြည့်ကာ အတွေးများထဲတွင် နစ်မြောနေလေ၏။

"အားချင်း"

သမားတော်ကြီးသည် တပည့်ဖြစ်သူ၏ ပုံမှန်မဟုတ်သော စိတ်အခြေအနေကို သတိထားမိပြီး အနားသို့ လျှောက်လာခဲ့သည်။

"ဆရာ... ကျွန်တော် စိတ်မငြိမ်ဘူး" လုချင်း တိုးညှင်းစွာ ပြောလိုက်သည်။

သမားတော်ကြီးက ခေတ္တ ရပ်တန့်သွားသည်။

"ဟိုကောင်မလေးကြောင့်လား"

"သူ့တစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး" လုချင်း ခေါင်းခါလိုက်သည်။ "ဒီကိစ္စက ဒီလိုမျိုး ပြီးသွားလို့ မဖြစ်ဘူးလို့ ခံစား‌ေနရတယ်"

"မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ"

"ကျွန်တော် တိမ်လွှာစီးဂိုဏ်းကို သွားချင်တယ်"

လုချင်းသည် ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"ဒီခရီးကို မသွားရင် ကျွန်တော် စိတ်‌ဖြောင့်ဖြောင့်‌နေနိုင်မှာ မဟုတ်ဘူး"

"ကောင်းပြီလေ... ဆရာလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်" သမားတော်ကြီး ခေါင်းညိတ်လိုက်သည်။

"ဆရာ..." လုချင်းက အံ့သြစွာ လှည့်ကြည့်လိုက်သည်။

"ဆရာ့ကို အဲဒီလို မကြည့်စမ်းပါနဲ့။ လူကောင်းနဲ့ လူဆိုးကို အတူတူပဲလို့ သတ်မှတ်ရအောင် ဆရာက ရှေးရိုးစွဲကြီးလို့ မင်းထင်နေတာလား"

သမားတော်ကြီး ရယ်မောလိုက်သော်လည်း သူ၏ အပြုံးမှာ အေးစက်နေလေ၏။

သူသည် ထောင့်တစ်နေရာရှိ ကလေးမလေး၏ အလောင်း ရှိခဲ့ဖူးသော သွေးကွက်တစ်ခုကို လှမ်းကြည့်လိုက်သည်။

"ဆရာက သမားတော်ဆိုပေမဲ့... သမားတော်သက်သက်ပဲတော့ မဟုတ်ဘူးလေကွာ"

..

အခန်း ၂၂၆ - သမားတော်လေးက လူနာကို ကုသည် ၊ မြင့်မြတ်သောသမားတော်ကတော့ လောကကြီးကို ကုသပေး၏

ဆရာ့ကျောပြင်ကို ငေးကြည့်ရင်း လုချင်း အနည်းငယ် မှင်သက်မိသွားသည်။

အစောပိုင်းက တိမ်လွှာစီးဂိုဏ်းသားတွေ သူတို့ရဲ့ မကောင်းမှုတွေကို ဝန်ခံအောင် ဆရာက ဘာလို့များ စကားအကုန်ခံပြီး လုပ်ခဲ့ရတာလဲ။ အဖြေသိချင်လို့တော့ မဟုတ်လောက်ဘူး။

လုချင်းမှာရှိသည့် နတ်မျက်စိစွမ်းရည်နှင့်ဆိုလျှင် သတင်းအချက်အလက်ရဖို့ ဒီလောက်ထိ အပင်ပန်းခံစရာ မလိုပေ။

တကယ်တော့ ဆရာ့စိတ်ကျေနပ်ဖို့အတွက်သာ သူ မေးပေးခဲ့ခြင်း ဖြစ်သည်။ သာမန်အားဖြင့်ဆိုလျှင် လုချင်းအနေဖြင့် ထိုလူယုတ်မာများကို ကြာကတည်းက သတ်ဖြတ်ပြီးလောက်ပြီ ဖြစ်သည်။ ယခုပုံစံကို ကြည့်ရသည်မှာ တိမ်လွှာစီးဂိုဏ်းသားများ၏ လုပ်ရပ်အပေါ် ဆရာ အတော်လေး ဒေါသထွက်နေပုံရလေသည်။

"ဒါပေမဲ့ ဆရာ... ဒီလိုလုပ်လိုက်ရင် ကျုံးကျိုးကိုသွားမဲ့ ကျွန်‌ေတာ်တို့ခရီးစဉ်က အတော်လေး ကြန့်ကြာသွားလိမ့်မယ်နော်" လုချင်းက ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး... လမ်းနည်းနည်းပတ်သွားရုံပါပဲ။ ကျုံးကျိုးဆိုတာ ထွက်ပြေးသွားမှာမှ မဟုတ်တာ၊ ငါတို့စိတ်ဓာတ်ခိုင်မာဖို့ပဲ လိုတယ်... မြန်မြန်ဖြစ်စေ နောက်ကျမှဖြစ်စေ ရောက်မှာက‌ေရာက်မှာပဲလေ" သမားတော်ကြီးက ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလေသည်။

လုချင်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရယ်မောကာ ပြောလိုက်သည်။

"ဟုတ် ဆရာ... ဒါဆိုရင်လည်း တိမ်လွှာစီးဂိုဏ်းကို သွားကြည့်ကြတာပေါ့။ ဒါနဲ့ လူကြီးမင်းဖန်ပြောဖူးတာတော့ တိမ်လွှာစီးဂိုဏ်းမှာ မွေးရာပါနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်မက ရှိတယ်တဲ့။ အဲ့ကျရင် ဆရာ့ကိုပဲ အားကိုးတော့မှာနော်"

"မြှောက်မနေစမ်းပါနဲ့ကွာ"

သမားတော်ကြီးက ရယ်မောရင်း ဆူငေါက်လိုက်ပြီးမှ လေးနက်သောလေသံဖြင့် ဆက်ပြောသည်။

"ဒါပေမဲ့ တိမ်လွှာစီးဂိုဏ်းရဲ့ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေက မဟာပြီးပြည့်စုံခြင်းအဆင့်ကို မရောက်သေးဘူးဆိုရင်တော့ ငါ‌ေဖြရှင်းနိုင်လောက်ပါတယ်"

လုချင်း အံ့အားသင့်သွားပြီး ခဏကြာမှ ပြောလိုက်သည်။ "ဆရာ... ဆရာ ပြောင်းလဲသွားသလိုပဲနော်"

ယခင်က ဆရာသာဆိုလျှင် ဤမျှ ယုံကြည်မှုမျိုးဖြင့် ပြောလိမ့်မည် မဟုတ်ပေ။

"ငါ ဒီနှစ်တွေထဲမှာ ဆေးနတ်ဘုရားရဲ့ 'ချင်းနန် ဆေးကျမ်း'ကို ဘာလို့ လေ့လာနေခဲ့လဲဆိုတာ မင်းသိလား" သမားတော်ကြီးက မေးလေသည်။

"တပည့် မသိပါဘူးဗျ"

လုချင်း တကယ်ကို နားမလည်ဖြစ်ရသည်။ ဆရာ့၏ လက်ရှိ ဆေးပညာကျွမ်းကျင်မှုသည် ဒဏ္ဍာရီလာ ဆေးနတ်ဘုရားထက် မလျော့နည်းတော့ဘဲ သာလွန်ကောင်း သာလွန်နေနိုင်သည်။ ဒဏ္ဍာရီများအရ ဆေးနတ်ဘုရားသည် မွေးရာပါနယ်ပယ်သို့ပင် မရောက်ရှိခဲ့ဖူးပေ။

လုချင်းလည်း ထိုဆေးကျမ်းကို ဖတ်ဖူးသည်။ ဆေးပညာသဘောတရားများ နက်ရှိုင်းသော်လည်း လက်ရှိအမြင်ဖြင့် ကြည့်လျှင် သိပ်ပြီး ဆန်းကြယ်လှသည်တော့ မဟုတ်ပေ။ မွေးရာပါနယ်ပယ်သို့ ရောက်ရှိနေသော ဆရာကဲ့သို့ ပုဂ္ဂိုလ်မျိုးက အချိန်ကုန်ခံ လေ့လာနေခြင်းမှာ မတန်ဟု ထင်မိသည်။

"ဆေးနတ်ဘုရား ချန်ထားရစ်ခဲ့တဲ့ ဒီဆေးကျမ်းထဲမှာ ဆေးနည်းကောင်းတွေအပြင် သမားတော်တွေအတွက် သူ့ရဲ့ သုံးသပ်ချက်တွေ အများကြီး ပါတယ်။ အဲ့ဒီအထဲမှာ အရင်က ငါ သိပ်သတိမထားမိခဲ့တဲ့ စာကြောင်းတစ်ကြောင်း ရှိတယ်... ဒါပေမဲ့ ဒီနေ့တော့ အဲ့ဒီစာသားကို ငါ ကောင်းကောင်းကြီး နားလည်သွားပြီ"

သမားတော်ကြီး သက်ပြင်းချလိုက်သည်။

"ဘယ်စာကြောင်းလဲ ဆရာ"

"ဆေးနတ်ဘုရားက ဆေးကျမ်းထဲမှာ ပြောထားဖူးတယ်... 'ရောဂါကို ကုပြီး လူကို ကယ်တာက သမားတော်လေးတဲ့၊ လောကကြီးကို ကုစားပြီး ပြည်သူတွေကို ကယ်တင်နိုင်မှသာ သမားတော်မြတ် စစ်စစ်ဖြစ်တယ်' တဲ့"

သမားတော်ကြီး၏ မျက်ဝန်းထဲတွင် ခံစားချက်အချို့ ဖြတ်သန်းသွားသည်။

"ငါ့လို အဖိုးကြီးက ဒီတစ်သက်မှာ ရောဂါကုပြီး လူကယ်ရုံလောက်ပဲ တတ်နိုင်ပါတယ်။ သမားတော်လေးဖြစ်ဖြစ်၊ သမားတော်မြတ်ဖြစ်ဖြစ် ငါ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ဒီနေ့အဖြစ်အပျက်တွေက ဒီလောကကြီး ဘယ်လောက်တောင် ရှုပ်ထွေးနေပြီလဲဆိုတာ ငါ့ကို သိမြင်လာစေတယ်လေ။ လူတွေရဲ့ စိတ်ထဲက လှည့်ဖြားမှုနဲ့ ယုတ်မာမှုတွေက ကုမရတဲ့အဆင့်ကိုတောင် ရောက်နေပြီ။ ဒီလိုလောကကြီးမျိုးကို ကုစားဖို့ ငါ့မှာ အစွမ်းအစမရှိပေမဲ့ အနည်းဆုံးတော့ အဆိပ်သင့်နေတာတွေကို ဖယ်ရှားပြီး မတရားသေဆုံးခဲ့ရတဲ့ မြို့သူမြို့သားတွေအတွက် တရားမျှတမှုကိုတော့ ငါ ရှာပေးနိုင်ပါတယ်"

ဆရာ့မျက်နှာပေါ်မှ ပြတ်သားမှုကို မြင်လိုက်ရသောအခါ၌ လုချင်း မှင်သက်သွားတော့သည်။

"ကဲ... လူကြီးမင်းဖန်တို့ဒဏ်ရာကို သွားကုပေးပြီး ယွင်ကျိုးအခြေအနေကို မေးလိုက်ဦးမယ်။ ပြီးရင် ခရီးဆက်ဖို့ ပြင်ကြတာပေါ့"

ထို့နောက်၌ သမားတော်ကြီး လှည့်ထွက်သွားရာ လုချင်းတစ်ယောက် ဆရာ့ကျောပြင်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့တော့သည်။

"ဗျာ... သမားတော်ကြီးချန် နဲ့ သခင်လေးလုတို့က ယွင်ကျိုးကို သွားကြမလို့လား"

သမားတော်ကြီးတို့အဖွဲ့ ယွင်ကျိုးသို့ သွားရန် ပြင်ဆင်နေကြောင်း ကြားလိုက်ရသည့်အခါ၌ ဖန်ထောင်နှင့် တပည့်များ လွန်စွာ တုန်လှုပ်သွားကြသည်။

"သမားတော်ကြီးချန်... ခင်ဗျားက တိမ်လွှာစီးဂိုဏ်းချုပ်ရဲ့ သားနဲ့ ဂိုဏ်းသားတွေ အများကြီးကို သတ်ထားခဲ့တာလေ။ တိမ်လွှာစီးဂိုဏ်းက သူတို့လူဆို အရမ်းကာကွယ်တတ်တာ နာမည်ကြီးပဲ။ ဒီကိစ္စကို ဒီတိုင်းလွှတ်ထားမှာ မဟုတ်ဘူး။ အခု ယွင်ကျိုးကို သွားတယ်ဆိုတာက သေချင်တဲ့ကျား တောပြောင်းဆိုသလို ဖြစ်နေပြီဗျ" ဖန်ထောင်က စိုးရိမ်တကြီး ပြောလေသည်။

"ဟုတ်တယ် သခင်လေးလု... ဂိုဏ်းချုပ်ရဲ့သားက တိမ်လွှာစီးဂိုဏ်းအကြီးအကဲရဲ့ မြစ်အရင်းခေါက်ခေါက်နော်။ သူ့ကို သတ်လိုက်တာက တိမ်လွှာစီးဂိုဏ်းရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားပြီ။ အခုချိန် ယွင်ကျိုးကို သွားဖို့က အရမ်းအန္တရာယ်များလွန်းပါတယ်"

ပတ်တီးအဖွေးသားနှင့် တာ့ရှားကလည်း ဝင်ရောက် အကြံပေးလေသည်။ ဖန်ရို့နှင့် အခြားသူများလည်း စိုးရိမ်နေကြသည်။

"လူကြီးမင်းဖန်... ခင်ဗျား တွေးပူလွန်းနေပါပြီဗျာ" လုချင်းက ရယ်မောလိုက်သည်။

"ဒီမှာ ဘာဖြစ်သွားလဲဆိုတာ တိမ်လွှာစီးဂိုဏ်းကမှ မသိသေးတာ... ကျွန်တော်တို့ကို ဘယ်လိုလုပ် ဒုက္ခလာပေးနိုင်မှာလဲ။ ကျွန်တော်တို့က ယွင်ကျိုးကို အရေးကြီးကိစ္စလေး ရှိလို့ သွားမလို့ပါ၊ ကိစ္စပြီးတာနဲ့ ချက်ချင်းပြန်ထွက်မှာမို့ အရမ်းမကြာပါဘူး... စိတ်မပူပါနဲ့"

ထိုစကားကြားမှ ဖန်ထောင် သဘောပေါက်သွားသည်။

ဟုတ်သားပဲ... သူတို့ကို လာသတ်တဲ့ တိမ်လွှာစီးဂိုဏ်းသားအားလုံး လုချင်းတို့လက်ချက်နဲ့ သေကုန်ကြပြီပဲ။ သတင်းပြန်ပို့မဲ့လူတောင် မရှိတော့တာ တိမ်လွှာစီးဂိုဏ်းက ဘယ်လိုလုပ် သိနိုင်မှာလဲ။

သို့သော် ထိုအကြောင်းပြချက်က လက်ခံနိုင်စရာ ရှိပေမဲ့ ဒီအချိန်ကြီးမှ ယွင်ကျိုးကို သွားမယ်ဆိုတာ နည်းနည်းတော့ ထူးဆန်းနေသည်။

"သမားတော်ကြီးချန်... ဒါဆိုရင်လည်း ကျွန်တော် လိုက်ပို့ပေးပါ့မယ်။ ကျွန်တော်က ယွင်ကျိုးနဲ့ ရင်းနှီးသလို အဲ့ဒီက ဂိုဏ်းအဖွဲ့အစည်းတွေအကြောင်းလည်း နည်းနည်းပါးပါး သိပါတယ်။ ကျွန်တော် လမ်းပြလိုက်မယ်ဆိုရင် တိမ်လွှာစီးဂိုဏ်းကလူတွေကို ရှောင်ဖို့ မခက်လောက်ပါဘူး" ဖန်ထောင်က စဉ်းစားပြီး အကြံပြုသည်။

"ဒုက္ခမရှာပါနဲ့ဗျာ... လူကြီးမင်းဖန်က ဒဏ်ရာရထားတာဆိုတော့ အနားယူဖို့ လိုပါတယ်။ ပြီးတော့ ကျွန်တော်တို့မြင်းလှည်းက ကျဉ်းကျဉ်းလေးရယ်၊ နောက်တစ်ယောက်လိုက်ဖို့ အဆင်မပြေပါဘူး။ လူကြီးမင်းအနေနဲ့ ယွင်ကျိုးက ဂိုဏ်းတွေရဲ့ တည်နေရာကို မြေပုံကြမ်းလေး ဆွဲပေးလိုက်ရင် ရပါပြီ... ဒါဆို ကျွန်တော်တို့ ရှောင်ရှားလို့ ရတာပေါ့"

လုချင်း၏ တောင်းဆိုမှုကို ကြားသောအခါ ဖန်ထောင်လည်း သူတို့တွင် တကယ် အရေးကြီးကိစ္စ ရှိသည်ဟု ယုံကြည်သွားတော့သည်။ ထို့ကြောင့် ဆက်လက် မတားဆီးတော့ဘဲ မြေပုံကြမ်းတစ်ခု ရေးဆွဲကာ ဂိုဏ်းကြီးများ၏ တည်နေရာကို မှတ်သားပေးပြီး သေချာ ရှင်းပြလိုက်သည်။

"သခင်လေးလု... ယွင်ကျိုးမှာ ဩဇာအာဏာအကြီးဆုံး ဂိုဏ်းကြီး ၃ ဂိုဏ်း ရှိပါတယ်။ ဒီ ၃ ဂိုဏ်းစလုံးမှာ မွေးရာပါနယ်ပယ်အဆင့် ဘိုးဘေးတွေ ရှိကြလို့ အုပ်ချုပ်ရေးမှူးတွေကတောင် ထိန်းချုပ်ဖို့ အခက်တွေ့နေကြတာပေါ့။ အဲ့ဒီထဲမှာမှ တိမ်လွှာစီးဂိုဏ်းက အဆိုးဆုံးပဲ။ ခင်ဗျားတို့က သူတို့ရဲ့ ဂိုဏ်းချုပ်သားကို သတ်ထားတာဆိုတော့ သူတို့ဂိုဏ်းသားတွေနဲ့ တွေ့ရင် တတ်နိုင်သမျှ ရှောင်ပြီး ပဋိပက္ခမဖြစ်အောင် နေပါ"

လုချင်းတို့အဖွဲ့၏ စွမ်းအားကို ဖန်ထောင် ကောင်းစွာ သိရှိထားသည်။ သို့သော် ဂိုဏ်းကြီးသုံးဂိုဏ်းမှာ မွေးရာပါနယ်ပယ် ဘိုးဘေးများ ရှိသဖြင့် မည်မျှပင် စွမ်းအားကြီးစေကာမူ ထိုမကောင်းဆိုးဝါးများကို သွားမစတာ အကောင်းဆုံးပင်။

"ကျေးဇူးပါပဲ လူကြီးမင်း" လုချင်းက မြေပုံကို သိမ်းဆည်းလိုက်သည်။ "ဒါဆို... ကျွန်တော်တို့ သွားလိုက်ပါဦးမယ်။ သေချာ အနားယူကြပါ။ ဆရာက ဆေးနဲ့ ဆေးစာတွေ ထားပေးခဲ့ပါတယ်။ အချိန်မှန် သောက်မယ်ဆိုရင် မကြာခင် ပြန်ကောင်းလာမှာပါ"

ချင်းဖုန်းမြို့သားများမှာ သမားတော်ကြီးတို့အဖွဲ့ ထွက်ခွာတော့မည်ကို သိလိုက်ရသောအခါ အိမ်ထဲတွင် မနေနိုင်ကြတော့ဘဲ လမ်းမပေါ်သို့ ထွက်ကာ နှုတ်ဆက်ကြသည်။

"ကျေးဇူးရှင် သမားတော်ကြီးနဲ့ သခင်လေး... ခင်ဗျားတို့သာ အဲ့ဒီလူယုတ်မာတွေကို မသတ်ပေးရင် ကျုပ်တို့ သေရမှာပါ။ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။ ကျေးဇူးဆပ်စရာ ဘာမှမရှိပေမဲ့ ဒီ ဆန်နဲ့ ဂျုံမှုန့်လေးတော့ လက်ခံပေးပါဗျာ"

အဖိုးအိုတစ်ဦးက တုန်ယင်နေသော ခန္ဓာကိုယ်ဖြင့် ခြင်းတောင်းတစ်လုံးကို ကမ်းပေးလေသည်။ သူ့ဘေးတွင် ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးနှစ်ယောက်လည်း ပါ၏။ သူတို့အနောက်တွင် မြို့ခံများစွာ လက်ဆောင်ပစ္စည်း အသီးသီးကိုင်လျက် တန်းစီနေကြသည်။

"အဘိုး... မလိုပါဘူးဗျာ"

သမားတော်ကြီးက ငြင်းဆန်လိုက်ပြီးနောက် လူအုပ်ကြီးကို ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

"အားလုံးပဲ... ပစ္စည်းတွေ ပြန်ယူသွားကြပါ။ ကျုပ်တို့မြင်းလှည်းမှာ စားစရာတွေ မလိုသလို သယ်ဖို့လည်း နေရာမရှိပါဘူး"

ချင်းဖုန်းမြို့လေးမှာ ကပ်ဘေးကြီး ကြုံခဲ့ရပြီး လူအများအပြား သေဆုံးခဲ့ရသည်။ ရှေ့ဆက်ရမည့် ရက်များမှာ ခက်ခဲကြမ်းတမ်းပေလိမ့်မည်။ သူတို့ ယူလာသော ပစ္စည်းများမှာ သူတို့၏ အသက်ဆက်မည့် အစာရေစာများ ဖြစ်နေနိုင်ရာ သမားတော်ကြီးအနေဖြင့် မည်သို့ လက်ခံနိုင်မည်နည်း။ မြို့ခံများက အတင်းပေးချင်ကြသော်လည်း သမားတော်ကြီးက ပြတ်ပြတ်သားသား ငြင်းဆန်သဖြင့် ပြန်ယူသွားရတော့သည်။

"အားလုံးပဲ... တစ်ယောက်ယောက်က ကျုပ်တို့ ဘယ်ရောက်သွားလဲ မေးလာခဲ့ရင် ယွင်ကျိုးကို သွားတယ်လို့သာ ပြောလိုက်ကြပါ။ ကျုပ်တို့အတွက် လျှို့ဝှက်မပေးပါနဲ့။ သတိထားပါ... မဆင်မခြင် မလုပ်ကြပါနဲ့"

ထို့နောက် သမားတော်ကြီး မြင်းလှည်းပေါ်သို့ တက်သွားလေသည်။

မာကူးက ကြာပွတ်ကို ဝှေ့လိုက်ရာ မြင်းလှည်းသည် မြို့ပြင်သို့ ဖြည်းညင်းစွာ ထွက်ခွာသွားတော့သည်။

"ကျေးဇူးရှင်တွေကို ဒူးထောက်ပြီး နှုတ်ဆက်ကြဟေ့"

မြင်းလှည်း ကိုက် ၃၀ ခန့် အရောက်တွင် ရှေ့ဆုံးမှ အဖိုးအိုက သူ့မြေးနှစ်ယောက်ကို ဆွဲချကာ ဒူးထောက်၍ ဦးခိုက်လိုက်သည်။ နားမလည်သော ကလေးနှစ်ယောက်လည်း အဖိုးဖြစ်သူကို လိုက်တုကာ ဦးခိုက်ကြသည်။

ထိုမြင်ကွင်းက မြို့ခံများ၏ စိတ်ကို လှုပ်ရှားသွားစေခဲ့ကာ အားလုံး ဒူးထောက်လိုက်ကြပြီး ထွက်ခွာသွားသော မြင်းလှည်းကို ဦးခိုက် နှုတ်ဆက်ကြလေသည်။

ဤစိတ်ထိခိုက်ဖွယ် မြင်ကွင်းကြောင့် ဖန်ထောင်နှင့် တပည့်များမှာ ကြက်သေသေသွားကြသည်။ မြင်းလှည်း ပျောက်ကွယ်သွားပြီး မြို့ခံများ ပြန်ထလာသောအခါမှ ဖန်ရို့က နားမလည်နိုင်စွာ မေးလိုက်သည်။

"အဖေ... သမားတော်ကြီးချန် မထွက်သွားခင် ပြောသွားတဲ့ စကားက ဘာအဓိပ္ပာယ်လဲဟင်"

ဖန်ထောင် စဉ်းစားလိုက်မိသည်။ ရုတ်တရက် သူ သဘောပေါက်သွား၏။

"မဟုတ်ဘူး... သမားတော်ကြီးတို့က ယွင်ကျိုးမှာ အရေးကြီးကိစ္စ ရှိတာ မဟုတ်ဘူး။ သူတို့က ဒီမြို့လေး ထပ်ပြီး ဒုက္ခမရောက်အောင် တိမ်လွှာစီးဂိုဏ်းကလူတွေကို လမ်းလွှဲပြီး မျှားခေါ်သွားကြတာပဲ"

All Chapters