အခန်း (၂၂၇-၂၂၈)
Vol. 23 Ch. 227-228
အခန်း ၂၂၇ - ချီစုပ်ယူခြင်းပညာရပ်
"အဖေ... ဘာပြောလိုက်တယ်" ဖန်ရို့က သူမ၏အဖေကို လှမ်းကြည့်လိုက်သည်။
တာ့ရှားနှင့် ကျောက်ချန်လင်တို့လည်း နားမလည်သော မျက်နှာထားများဖြင့် လှမ်းကြည့်နေကြသည်။
"အဖေပြောချင်တာက သမားတော်ကြီးချန်နဲ့ သခင်လေးလု ယွင်ကျိုးကို သွားတာက အရေးကြီးကိစ္စ ရှိလို့ မဟုတ်ဘူး။ တိမ်လွှာစီးဂိုဏ်းကလူတွေ ဒီကိုလာပြီး ချင်းဖုန်းမြို့သားတွေကို ဒုက္ခမပေးအောင်၊ ငါတို့ကို လိုက်မသတ်အောင်လို့ သူတို့ဘက်ကို အာရုံလွှဲပြီး မျှားခေါ်သွားတာလို့ ပြောတာ"
"ဒါဆိုရင် သခင်လေးလုတို့ အရမ်း အန္တရာယ်များသွားပြီပေါ့" ဖန်ရို့ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
ဖန်ထောင်၏ မျက်နှာမှာလည်း နောင်တရမှုများဖြင့် မည်းမှောင်သွားတော့၏။ "အဲ့ဒါကြောင့် ငါ အစကတည်းက တစ်ခုခု လွဲနေတယ်လို့ ခံစားမိနေတာ... ငါ သူတို့ကို တားခဲ့သင့်တာကွာ"
"ဆရာ... သမားတော်ကြီးတို့ သိပ်ဝေးဝေး မရောက်လောက်သေးဘူး။ အခုပဲ လိုက်သွားပြီး တားကြမလား" တာ့ရှားက စိုးရိမ်တကြီး ပြောလာ၏။
ကျေးဇူးရှင်တွေ အသက်စွန့်ရမည့် အဖြစ်ကို သူ မကြည့်ရက်ပေ။
"အလကားပါပဲကွာ" ဖန်ထောင် ခေါင်းခါလိုက်သည်။ "သူတို့ ဆုံးဖြတ်ချက် ချပြီးမှတော့ ငါတို့ ဘယ်လိုမှ ပြောင်းလဲလို့ရမှာ မဟုတ်ဘူး။ သခင်လေးလု ပုံစံက အလွယ်တကူ စိတ်ပြောင်းမယ့်သူ ပုံစံ ပေါက်လို့လား"
ထိုအခါ၌ ဖန်ရို့တို့လည်း လုချင်း၏ ပြတ်သားပြီး ရက်စက်သော လုပ်ရပ်များကို ပြန်တွေးမိကာ ငြိမ်ကျသွားလေ၏။ လုချင်းကဲ့သို့ စွမ်းအားကြီးသည့် သိုင်းပညာရှင်တစ်ယောက်၏ စိတ်ဓာတ်က သာမန်လူတွေထက် ပို၍ခိုင်မာမည်မှာ အသေချာပဲပင်။ သူ ဆုံးဖြတ်ပြီးလျှင် တခြားအရာများအပေါ် ယိမ်းယိုင်တော့မည် မဟုတ်။
"ဒါဆို သခင်လေးလုတို့ ယွင်ကျိုးထဲ ဝင်သွားတာကို ဒီတိုင်း ထိုင်ကြည့်နေရတော့မှာလား အဖေ" ဖန်ရို့က မကျေမနပ် မေးလိုက်သည်။
"ငါတို့မှာ ရွေးချယ်စရာမှ မရှိတာ။ သမားတော်ကြီးတို့က ချင်းဖုန်းမြို့လေး နောက်ထပ် ကပ်ဘေးမသင့်စေချင်တာ သေချာတယ်။ ဒီလို မြင့်မြတ်တဲ့ လုပ်ရပ်မျိုးကို... ငါတို့ လိုက်မီရင်တောင် ဘာအကြောင်းပြချက်နဲ့ သွားတားမလဲ" ဖန်ထောင် သက်ပြင်းချလိုက်သည်။
ဖန်ရို့တို့လည်း ဘာပြောရမှန်း မသိတော့ပေ။ လုချင်းတို့ ထွက်ခွာသွားရာ လမ်းဘက်သို့ လေးစားခြင်း၊ ရှက်ရွံ့ခြင်း နှင့် စိုးရိမ်ပူပန်ခြင်း စသည့် ခံစားချက်ပေါင်းစုံဖြင့် ငေးကြည့်နေမိကြသည်။
ထိုစဉ် လုချင်းနှင့် အဖွဲ့သားများကတော့ ဖန်ထောင်တို့ သူတို့အကြံကို ရိပ်မိသွားမှန်း မသိကြပေ။ ချင်းဖုန်းမြို့မှ ထွက်ခွာလာပြီးနောက် ဖန်ထောင်ပေးလိုက်သော မြေပုံအတိုင်း ယွင်ကျိုးဘက်သို့ ဦးတည်လာခဲ့ကြသည်။
ညနေစောင်းတွင် တောင်ကြားတစ်ခု၌ နားခိုပြီး ချက်ပြုတ်စားသောက်ရန် ပြင်ဆင်နေကြစဉ် လုချင်းက သမားတော်ကြီးအနား ကပ်သွားသည်။
"ဆရာ... ကျွန်တော် ဆရာနဲ့ တိုင်ပင်စရာလေး ရှိလို့"
သမားတော်ကြီးကလည်း ခေါင်းညိတ်ပြလိုက်ပြီး နှစ်ယောက်သား တောင်ကြားတစ်ဖက်ခြမ်းသို့ လျှောက်သွားကြသည်။ လူရှင်းသည့်နေရာ ရောက်မှ သမားတော်ကြီးက မေးလိုက်၏။ "အားချင်း... ဘာတိုင်ပင်ချင်လို့လဲ"
"ဆရာ... အခု လောကကြီးက ပြောင်းလဲနေပြီ။ ဆရာလည်း ခံစားမိမှာပါ။ လေထုထဲမှာ ပုံမှန်တွေ့နေကျ စွမ်းအင်တွေထက် ပိုပြီး သက်ဝင်လှုပ်ရှားနေတဲ့ ထူးခြားတဲ့ စွမ်းအင်တစ်ခု ရှိနေတယ်။ အဲ့ဒီစွမ်းအင်ကိုသာ စုပ်ယူပြီး သန့်စင်နိုင်ရင် ကျွန်တော်တို့ ကျင့်ကြံသူတွေအတွက် အများကြီး အကျိုးရှိနိုင်တယ်"
"ဟုတ်တယ်" သမားတော်ကြီး ခေါင်းညိတ်လိုက်၏။ "အဲ့ဒီ ထူးဆန်းတဲ့ စွမ်းအင်က ဝိညာဉ်စွမ်းအင်ထက်တောင် ပိုပြီးထူးခြားနေသေးတယ်လေ။ အဲ့ဒါကို ဖမ်းယူပြီး သန့်စင်နိုင်ရင် အကျိုးရှိမယ်ဆိုတာ ငါ ခံစားမိတယ်။ ဒါပေမဲ့ ဖမ်းယူဖို့ ကြိုးစားတိုင်း လွတ်လွတ်ထွက်သွားတယ်လေ"
"ကျွန်တော့်အထင်သာ မမှားဘူးဆိုရင် အဲ့ဒါက ဒြပ်စင်စွမ်းအင် ဖြစ်ရမယ်။ အဲ့ဒါကို စုပ်ယူသန့်စင်ပြီး ကိုယ်ပိုင်စွမ်းအားဖြစ်စေဖို့ဆိုရင် လိုအပ်ချက် နှစ်ခု ရှိတယ်"
"လိုအပ်ချက် နှစ်ခု... ဘာတွေလဲ" သမားတော်ကြီး မေးလိုက်သည်။ လုချင်းက ဒီလိုကိစ္စတွေ သိနေတာကို သူ မအံ့သြတော့ပေ။ လုချင်းက လျှို့ဝှက်ဆန်းကြယ်သည့် အမွေအနှစ်တစ်ခုကို ရထားပြီး ရှေးဟောင်းကိစ္စတွေကို သူ့ထက် ပိုသိနေကြောင်းအား နားလည်ထားသောကြောင့်ပင်။
"ပထမ လိုအပ်ချက်က ချီအပေါက်တွေပွင့်စေတဲ့ မွေးရာပါနယ်ပယ်ကို ရောက်ထားရမယ်။ ဒုတိယတစ်ခုကတော့ ရှေးကျင့်ကြံသူတွေ ခေါ်ဝေါ်ကြတဲ့ 'ချီစုပ်ယူခြင်းပညာရပ်' ဆိုတဲ့ ထူးခြားတဲ့ နည်းစနစ်တစ်ခုကို တတ်မြောက်ထားဖို့ လိုတယ်"
"ချီစုပ်ယူခြင်းပညာရပ် ဟုတ်လား" သမားတော်ကြီးက ရုတ်တရက် သဘောပေါက်သွားသည်။ "ဒါကြောင့်ကိုး... ချီစွမ်းအင်ကို သန့်စင်ဖို့ ထူးခြားတဲ့ ကျင့်ကြံခြင်းနည်းစနစ် လိုတာပဲ။ ဒီစွမ်းအင်က ခန္ဓာကိုယ်အတွက် အရမ်းအကျိုးရှိပြီး ဆန်းကြယ်လွန်းတော့ သာမန်နည်းနဲ့ သန့်စင်ဖို့ မလွယ်တာ မဆန်းပါဘူး"
"ဆရာ... ကျွန်တော့်ဆီမှာ ချီစုပ်ယူတဲ့ နည်းစနစ်တစ်ခု ရှိနေတယ်။ ဆရာနဲ့ ကိုက်ညီမလားတော့ မသိဘူး၊ တစ်ချက်လောက် ကြည့်ပြီး အဆင်ပြေ ၊ မပြေ စမ်းကြည့်ပါလား"
"အားချင်း... မင်းက ချီစုပ်ယူခြင်းပညာရပ်ကို တတ်ထားတာလား" ဒီတစ်ခါတော့ သမားတော်ကြီး တကယ် အံ့သြသွားတော့သည်။
"မြေကမ္ဘာဝိညာဉ်ပုလဲကို ရတုန်းက ဂူထဲကနေ ဒီပညာရပ်ကိုပါ ရလိုက်တာပါ။ တစ်သက်လုံး သုံးရမယ်လို့တောင် မထင်ခဲ့ဘူးလေ။ အခု ဝိညာဉ်စွမ်းအင်တွေ ပြန်နိုးထလာတော့မှ အသုံးဝင်လာတော့တာပဲ"
"ဒါပေမဲ့ ဒါက မင်းရဲ့ အမွေအနှစ်လေ... ငါ့ကို လက်ဆင့်ကမ်းပေးလို့ သင့်တော်ပါ့မလား" သမားတော်ကြီး တွေဝေသွားသည်။
"ရပါတယ်... ဒီအမွေအနှစ်ကို တခြားသူ ပြန်သင်ပေးလို့မရဘူးလို့ တားမြစ်ထားတာမှ မပါတာ။ ပြီးတော့ ဆရာက သူစိမ်းမှ မဟုတ်တာပဲ"
တားမြစ်ထားလျှင်တောင် လုချင်း ဂရုစိုက်မည် မဟုတ်။ သူက လီဟော်ဒယ်အိုးကြီး၏အမွေအနှစ်ထဲက နည်းစနစ်ကို သင်ပေးဖို့ စီစဉ်ထားတာ ဖြစ်သည်။ လီဟော်ဂိုဏ်းကြီး ပျက်စီးသွားသည်မှာ နှစ်သောင်းချီရှိနေပြီဖြစ်တာကြောင့် လက်ရှိမှာ သူကလွဲပြီး ဆက်ခံသူမရှိတော့။
ဘယ်သူ့ကို သင်ပေးပေး သူ့သဘောပင်။
"ဒါဆိုရင်တော့ ငါ မျက်နှာပြောင်တိုက်ပြီး မင်းရဲ့ လမ်းညွှန်မှုကို ခံယူရတော့မှာပေါ့" လုချင်းက အဆင်ပြေကြောင်း ပြောမှသာ သမားတော်ကြီး စိတ်သက်သာရာရသွားတော့သည်။
အမှန်တော့ သူသည်လည်း ချီစွမ်းအင်ကို သန့်စင်နိုင်သည့် ထိုနည်းစနစ်ကို အရမ်း သိချင်နေမိပါ၏။
"ဆရာ... စိတ်ကို ငြိမ်ငြိမ်ထားပြီး အာရုံတွေကို ရှင်းထုတ်ထားပါ။ ပညာရပ်ကို လက်ခံဖို့ ပြင်ထားပါဗျ" လုချင်းက လေးလေးနက်နက် ပြောလိုက်သည်။
လုချင်း၏ လေးနက်သော အမူအရာကို မြင်လိုက်ရသဖြင့် သမားတော်ကြီးလည်း တည်ငြိမ်သွားပြီး ခေါင်းညိတ်လိုက်တော့သည်။ ထို့နောက်တွင်တော့ နှစ်ယောက်သား တောင်ကြားထဲမှ ကျောက်တုံးကြီးတစ်ခုပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။
"ဆရာ... ခွင့်ပြုပါဦး"
သမားတော်ကြီး စိတ်ငြိမ်သွားပြီဟု ယူဆရသောအခါ၌ လုချင်းက လက်ညှိုးကို ဆန့်ထုတ်၍ ဆရာ့ နဖူးပြင်ကို ဖွဖွလေး ထိလိုက်သည်။ သမားတော်ကြီးမှာ အနည်းငယ် အံ့သြသွားသော်လည်း တပည့်ဖြစ်သူကို အပြည့်အဝ ယုံကြည်သဖြင့် ငြိမ်နေလိုက်၏။
နောက်တစ်ခဏတွင်တော့ သူ့မျက်နှာပေါ်၌ အံ့သြမှင်သက်ခြင်းများ ပေါ်လာလေသည်။ သို့သော် စကားပြောချိန်ပင် မရလိုက်ဘဲ မျက်လုံးများကို မှိတ်ကာ လုချင်း ပေးပို့လိုက်သော သတင်းအချက်အလက်များကို တိတ်တဆိတ် လက်ခံရယူလိုက်ရ၏။
ခဏအကြာ သတင်းအချက်အလက်အားလုံး ပေးပို့ပြီး၍ လုချင်း လက်ပြန်ရုတ်လိုက်သောအခါ၌ သမားတော်ကြီးလည်း မျက်လုံးဖွင့်လာပြီး လုချင်းကို အံ့သြတကြီး ကြည့်လိုက်သည်။
"ဝိညာဉ်ကနေတစ်ဆင့် အသိပညာကို ကူးပြောင်းပေးခြင်းလား... အားချင်း... မင်းရဲ့ ဝိညာဉ်စွမ်းအားက ဒီလောက်တောင် အားကောင်းနေပြီလား"
ဤအခိုက်တွင်တော့ သမားတော်ကြီးမှာ မအံ့သြဘဲ မနေနိုင်တော့ပေ။ အစောပိုင်းက ထိတွေ့မှုအရ လုချင်း၏ ဝိညာဉ်စွမ်းအားသည် သူ့ထက်ပင် သာလွန်နေကြောင်း သိလိုက်ရသည်။ လုချင်း ပြသလိုက်သော ဝိညာဉ်နည်းစနစ်များသည် သူ လက်ရှိ မလုပ်ဆောင်နိုင်သော အရာများ ဖြစ်သည်။
ဒါပေမဲ့ သူ့တပည့်က မွေးရာပါနယ်ပယ်ကိုတောင် မရောက်သေးဘူးလေ။
"မကြာသေးခင်က ကံကောင်းမှုတချို့နဲ့ ကြုံခဲ့ရလို့ ဝိညာဉ်စွမ်းအားတွေ တက်လာတာပါဗျ" လုချင်း ပြုံးပြီး ပြောလိုက်သည်။
သမားတော်ကြီးခင်မျာ စကားမပြောနိုင်တော့ပေ။ မွေးရာပါနယ်ပယ်အောက်ရှိ သိုင်းပညာရှင်တစ်ယောက်ကို မွေးရာပါနယ်ပယ်သိုင်းပညာရှင်ထက် ဝိညာဉ်စွမ်းအား သာလွန်သွားစေသည့် ကံကောင်းမှုမျိုးက ဘယ်လိုအရာလဲဆိုတာ သူ စဉ်းစားလို့မရပါချေ။
ဒါက ကံတရားရဲ့သားတော်တစ်ယောက်ရဲ့ ကြောက်စရာကောင်းတဲ့ အချက်များလား။
"ဆရာ... 'ရေမီး အသက်ရှူခြင်းနည်းစနစ်'တစ်ခုလုံးကို ဆရာ့ဆီ ပို့ပေးလိုက်ပါပြီဗျ။ သေချာလေ့လာပြီး အဆင်ပြေ ၊ မပြေ ကြည့်ပါဦး"
လုချင်းကတော့ အပြုံးမပျက်ပေ။ သမားတော်ကြီးမှာလည်း ခေါင်းညိတ်လိုက်ပြီးနောက်၌ မျက်လုံးပြန်မှိတ်လိုက်ကာ လုချင်း ပေးသော နည်းစနစ်ကို စတင်လေ့လာလိုက်တော့၏။
ဆရာဖြစ်သူ ဈာန်ဝင်စားသွားသည်ကို မြင်မှ လုချင်း၏ မျက်ဝန်းတွင် မောပန်းနွမ်းနယ်မှု အရိပ်အယောင်များ ပေါ်လာတော့သည်။ ဤကဲ့သို့ ပညာရပ် ကူးပြောင်းပေးခြင်းက ကြည့်ရတာ လွယ်ကူသော်လည်း တကယ်တမ်းတွင်တော့ အလွန် ပင်ပန်းလှပါ၏။ အဆင့်မြင့် မွေးရာပါနယ်ပယ် သိုင်းပညာရှင်များမှသာ လုပ်ဆောင်နိုင်သော အရာဖြစ်သည်။
သူက ဝိညာဉ်အဆောင် ဖွဲ့စည်းထားပြီး ဒယ်အိုးပုံဖော်ခြင်းနည်းစနစ် ဒုတိယအဆင့် ရောက်နေကာ ဝိညာဉ်စွမ်းအား နည်းစနစ်မျိုးစုံ တတ်ကျွမ်းထား၍သာ မနည်း ကြိုးစားလိုက်ရခြင်း ဖြစ်သည်။ ပညာရပ်လွှဲပြောင်းပေးပြီးချိန်တွင်တော့ သူ အတော်လေး ပင်ပန်းသွားသည်ပင်။
ဆရာ မသိအောင်သာ ဟန်ဆောင်နေခဲ့ရသော်လည်း ယခု ဆရာ တရားမှတ်နေချိန်တွင်တော့ သူ့ထံသို့ ပင်ပန်းဒဏ်များ ဝင်ရောက်လာတော့သည်။ တော်သေးသည်က လုချင်းတွင် မြေကမ္ဘာဝိညာဉ်ပုလဲ ရှိနေခြင်းပင်။ နဖူးအလယ်ရှိ မြေကမ္ဘာဝိညာဉ်ပုလဲ ဖြည်းညင်းစွာ လည်ပတ်သွားသောအခါ၌ လည်ပတ်မှုတိုင်းတွင် သူ့ဝိညာဉ်၏ မောပန်းမှုများကို သက်သာစေလေသည်။
ဆယ်ကြိမ်ခန့် အသက်ရှူချိန်အတွင်း စိတ်ပင်ပန်းမှုများမှာလည်း လုံးဝကိုပျောက်ကွယ်သွားတော့လေ၏။ ထို့ပြင် ပင်ပန်းမှု ပျောက်ကွယ်သွားသည်နှင့်အမျှ ဝိညာဉ်စွမ်းအား၏ ကြံ့ခိုင်မှု အနည်းငယ် တိုးလာသည်ကိုပါ သူ ခံစားလိုက်ရသည်။
"ဟင်းးး..."
လုချင်း စဉ်းစားခန်း ဝင်မိသွား၏။ သို့သော် ထိုအတွေးများကို ချက်ချင်း ဖယ်ထုတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူ့ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များ ရုတ်တရက် လှုပ်ရှားလာပြီး ထိုလှုပ်ရှားမှု၏ အရင်းအမြစ်မှာ သူ့ဆရာ ဖြစ်နေသောကြောင့်ပင်။
…..
အခန်း ၂၂၈ - အဆင့်တက်ခြင်း၊ ဝိညာဉ်စွမ်းအား နှင့် မွေးရာပါနယ်ပယ် စစ်မှန်သောချီ
"ဆရာက တကယ် ပါရမီပါတာပဲ... ရေမီး အသက်ရှူခြင်းနည်းစနစ်ကို ဒီလောက်မြန်မြန် သဘောပေါက်သွားတယ်တဲ့လား"
ပတ်ဝန်းကျင် လေထုထဲမှ ချီစွမ်းအင် အတက်အကျများကို ခံစားမိရင်း လုချင်း အံ့သြသွားသည်။
'ရေမီး အသက်ရှူခြင်းနည်းစနစ်' ဆိုသည်မှာ လီဟော်ဂိုဏ်း၏ အမွေအနှစ်များထဲမှ ဆရာနှင့် အကိုက်ညီဆုံးဖြစ်မည့် နည်းစနစ်ကို အထူးရွေးချယ်ပေးထားခြင်း ဖြစ်သည်။ နာမည်ထဲတွင် ပါသော 'လီ' သည် မီးကို ကိုယ်စားပြုပြီး 'လီရွှေ' ဆိုသည်မှာ ရေနှင့် မီး နှစ်မျိုးလုံးကို ဆိုလိုသဖြင့် ဓာတ်သဘာဝ နှစ်မျိုးလုံးအတွက် ချီစုပ်ယူနိုင်သော နည်းစနစ်ဖြစ်သည်။
ဆရာသည် ယခင်ကတည်းက ရေနှင့် မီး ပေါင်းစပ်ခြင်း သဘောတရားကို နားလည်ထားပြီး ခန္ဓာကိုယ်ထဲတွင် ဓာတ်သဘာဝ နှစ်မျိုးစလုံး ရှိနေသဖြင့် ဤနည်းစနစ်နှင့် အလွန် ကိုက်ညီလေသည်။
ခဏအကြာတွင် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင် လှုပ်ရှားမှုများ ငြိမ်သက်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့၏။ သမားတော်ကြီး မျက်လုံးဖွင့်လာသောအခါတွင်တော့ အံ့သြမှုများ အပြည့်ဖြင့်ပင်။
"ဆရာ... ဘယ်လိုနေလဲဗျ" လုချင်း အလျင်အမြန် မေးလိုက်သည်။
"ဒီ ချီစုပ်ယူတဲ့နည်းက တကယ့်ကို ဆန်းကြယ်တာပဲ။ သွေးကြောနဲ့ ချီအပေါက် လှည့်ပတ်ခြင်း လမ်းကြောင်းကို သုံးထားတာလေ။ ကောင်းကင်နဲ့ မြေကြီးရဲ့ ဓာတ်စွမ်းအင်တွေကို သန့်စင်တဲ့ သိုင်းပညာလမ်းစဉ်နဲ့ ယှဉ်ရင် အများကြီး ပိုပြီးတော့ သိမ်မွေ့နက်ရှိုင်းတယ်" သမားတော်ကြီးက ပြောလိုက်သည်။
"ဟုတ်တယ်... ချီစုပ်ယူတဲ့ နည်းစနစ်က မွေးရာပါနယ်ပယ် သိုင်းပညာတွေထက် ချီကို သန့်စင်ရာမှာ အများကြီး ပိုအဆင့်မြင့်ပါတယ်ဗျ" လုချင်း ထောက်ခံလိုက်သည်။
မွေးရာပါနယ်ပယ် သိုင်းပညာများသည်လည်း မိမိကိုယ်ကို သန်မာစေရန် ကောင်းကင်နှင့် မြေကြီး ဓာတ်စွမ်းအင်များကို စုပ်ယူသန့်စင်ကြသည်။ သို့သော် သူတို့၏ သန့်စင်နည်းမှာ ရိုးရှင်းပြီး အနည်းငယ် ကြမ်းတမ်းသည်။ စုပ်ယူလိုက်သော ဓာတ်စွမ်းအင်များသည် ချီအပေါက်များထဲသို့ တိုက်ရိုက်ဝင်ရောက်လာကာ သိုင်းပညာရှင်က ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဖြည်းဖြည်းချင်း သန့်စင်ယူရသည်။
ချီစုပ်ယူခြင်း နည်းစနစ်ကတော့ မတူပေ။ ချီစွမ်းအင်သည် ခန္ဓာကိုယ်ထဲ ဝင်လာပြီး ချီအပေါက်များထဲသို့ တိုက်ရိုက်မဝင်ဘဲ ချီစီးဆင်းရာလမ်းကြောင်းများတစ်လျှောက် လှည့်ပတ် စီးဆင်းပြီးမှ ဒျန်ထျန်ရှိ ချီအပေါက်များထဲသို့ ကျဆင်းကာ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားအဖြစ် ဖြည်းညင်းစွာ ပြောင်းလဲသွားခြင်း ဖြစ်သည်။
နှိုင်းယှဉ်ကြည့်လျှင် ချီစုပ်ယူခြင်းနည်းစနစ်သည် လှည့်ပတ်စီးဆင်းမှု အဆင့်တစ်ခုသာ ပိုနေသော်လည်း ထိုအဆင့်က ကျင့်ကြံခြင်း နည်းစနစ်များကြားတွင် ကြီးမားသော ကွာခြားချက်ကို ဖြစ်စေပါ၏။
ချီစီးဆင်းရာလမ်းကြောင်းများနှင့် ချီအပေါက်များ လှည့်ပတ်စီးဆင်းခြင်းတွင် ရှုပ်ထွေးနက်ရှိုင်းသော စနစ်များ ပါဝင်သည်။ ကျင့်ကြံသူများ၏ ချီစုပ်ယူနည်းစနစ်အမျိုးမျိုး ကွာခြားရခြင်းမှာလည်း သန့်စင်နေစဉ်အတွင်း ဖြတ်သန်းစီးဆင်းရသော သွေးကြောလမ်းကြောင်းများ မတူညီကြသောကြောင့် ဖြစ်သည်။
"ချီစီးဆင်းတဲ့လမ်းကြောင်းနဲ့ ချီအပေါက် လှည့်ပတ်စီးဆင်းတာက နက်ရှိုင်းပြီး နားလည်ဖို့ ခက်တယ်။ မွေးရာပါနယ်ပယ် ရောက်နေတဲ့ ငါတို့တောင် နားလည်ဖို့ မလွယ်ဘူး။ ရှေးလူတွေက ဒါကို သေချာလေ့လာပြီး ဒီလို ဆန်းကြယ်တဲ့ နည်းစနစ်တွေ တီထွင်နိုင်ခဲ့တာက တကယ့်ကို အံ့သြစရာပါပဲကွာ။ သူတို့ရဲ့ ဉာဏ်ပညာကိုတော့ တကယ် လေးစားမိပါတယ်" သမားတော်ကြီး သက်ပြင်းချလိုက်သည်။
"ဆရာ... ကိုယ့်ကိုယ်ကိုယ် အထင်သေးစရာ မလိုပါဘူးဗျာ" လုချင်း ပြုံးလိုက်သည်။
"ချီစုပ်ယူခြင်း နည်းစနစ်တွေ ပေါ်လာခဲ့တာက ဝိညာဉ်စွမ်းအင်တွေ ပေါကြွယ်ဝတဲ့ ခေတ်မှာလေ။ အဲ့ဒီခေတ်တုန်းက မြေလျှိုးမိုးပျံနိုင်တဲ့ ကျင့်ကြံသူတွေ အများကြီး ရှိခဲ့တော့ နည်းစနစ်တွေ တီထွင်ရတာက သူတို့အတွက်တော့ ကျွန်တော်တို့ထက် ပိုလွယ်မှာပေါ့။ အခု ဝိညာဉ်စွမ်းအင်တွေ ပြန်နိုးထလာပြီဆိုတော့ ကျွန်တော်တို့သာ အသက်ရှည်ရှည်နေပြီး ကြိုးကြိုးစားစား လေ့လာမယ်ဆိုရင် ဒီလို ကျင့်ကြံခြင်းနည်းစနစ်တွေ တီထွင်နိုင်မှာပါဗျ"
"အင်း မင်း ပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ" သမားတော်ကြီး ခေါင်းညိတ်သည်။ "ရှေးဘိုးဘေးတွေက တော်ကြတာ မှန်ပေမဲ့ လက်ရှိမျိုးဆက်တွေကလည်း ညံ့ချင်မှ ညံ့မှာပါ။ မဟုတ်ရင် လောကကြီးကို အကျိုးပြုဖို့ ဒီလောက်များတဲ့ ဆေးစာတွေ၊ အယူအဆတွေက ဆေးပညာလောကမှာ စုဆောင်းမိမှာ မဟုတ်ဘူးလေ"
"ဆရာ... အခု 'ရေမီး အသက်ရှူခြင်းနည်းစနစ်' ကို သဘောပေါက်ပြီဆိုတော့ ချီစွမ်းအင်ကို စုပ်ယူသန့်စင်နိုင်ပြီလားဗျ"
"အဲ့လောက်အမြန်ကြီးတော့ ဘယ်ရမလဲကွ ငါ့တပည့်ရယ်" သမားတော်ကြီး ခေါင်းခါလိုက်သည်။ "ဒီနည်းစနစ်က အရမ်း နက်ရှိုင်းတယ်။ ငါက နည်းနည်းပဲ နားလည်သေးတာလေ။ တကယ် ကျွမ်းကျင်ဖို့ဆိုရင် နောက်ထပ် ရက်နည်းနည်းလောက် လေ့လာရဦးမယ်"
"ရက်နည်းနည်းနဲ့ ကျွမ်းကျင်ဖို့ဆိုတာကလည်း တော်တော်မြန်နေပါပြီနော် ဆရာရယ်။ ဆရာ့ပါရမီက တကယ့်ကို ထူးခြားပါတယ်" လုချင်းမှာ ရိုးသားစွာ ချီးကျူးလိုက်သည်။ ကျင့်ကြံခြင်း နည်းစနစ်တစ်ခုကို စတွေ့တွေ့ချင်း နားလည်သဘောပေါက်ခြင်းသည် ကျင့်ကြံသူခေတ်မှာတောင် ရှားပါးသော ပါရမီပင်။
"ဒီတပည့်လေးကတော့လေ ၊ ကိုယ့်ဆရာကို စနေတာလား" သမားတော်ကြီးက ရယ်မောရင်း ပြောလိုက်သည်။
"သမားတော်ကြီး... သခင်လေးလု... ညစာ ရပြီဗျို့"
ဆရာတပည့်နှစ်ယောက် စကားပြောနေစဉ် မာကူး၏ အသံထွက်ပေါ်လာသည်။
"ကဲ... သွားစားကြစို့" သမားတော်ကြီးက ပြောလိုက်၏။ လုချင်းလည်း ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား ကျောက်တုံးကြီးပေါ်မှ ခုန်ဆင်းကာ မြင်းလှည်းဆီသို့ လျှောက်သွားကြသည်။
ညစာစားပြီးနောက် မိုးချုပ်သွားသဖြင့် လုချင်းနှင့်အဖွဲ့သည် တောထဲတွင် တဲထိုးပြီး ညအိပ်ကြသည်။ တဲထိုးပြီးသည်နှင့် သမားတော်ကြီးက နားနားနေနေ မနေဘဲ 'ရေမီး အသက်ရှူခြင်းနည်းစနစ်' ကို ဆက်လက် လေ့လာရန် ဝင်သွားလေ၏။
ထိုစဉ် လုချင်း၊ မာကူးနှင့် အခြားသူများကတော့ မီးဖိုဘေးတွင် ထိုင်ကာ စကားစမြည် ပြောကြသည်။
"သခင်လေးလု... ခရီးလမ်းကြောင်းကို ကြည့်ရတာ နောက် ၂ ရက်ဆို ယွင်ကျိုးထဲ ရောက်တော့မယ်။ ယွင်ကျိုးက တိမ်လွှာစီးဂိုဏ်းရဲ့ နယ်မြေနော်။ ဘာအစီအစဉ်ရှိလဲ" မာကူးက မေးလာ၏။
"ထွေထွေထူးထူးတော့ မရှိပါဘူး" လုချင်း ပြန်ဖြေသည်။ "လူကြီးမင်းဖန် မှတ်ပေးလိုက်တဲ့ နေရာအတိုင်း တိမ်လွှာစီးဂိုဏ်းဆီ တန်းသွားလိုက်ရုံပါပဲ"
"တန်းဝင်သွားမယ် ဟုတ်လား" မာကူးခင်မျာ ကြောင်အသွားရလေ၏။
"ဟုတ်တယ်"
မာကူးမှာ အသက်ပြင်းပြင်း ရှူလိုက်ရသည်။ ခဏကြာမှ မဲ့ပြုံးလေး ပြုံးကာ ဆက်ပြောလိုက်၏။ "ဒါက သခင်လေးလုရဲ့ ပုံစံဆိုတော့လည်း……….."
လုချင်းနှင့် သမားတော်ကြီးတို့တွင် အစီအစဉ် အသေးစိတ် ရှိမည်ဟု သူ ထင်ထားခဲ့သည်။ 'တန်းဝင်မယ်' ဆိုသော နည်းလမ်းကိုတော့ မမျှော်လင့်ထားခဲ့ပေ။ သို့သော် လုချင်း သိုင်းပညာကို စပြီးသင်ကာစက 'ယစ်မူးပျော်မွေ့ခံတပ်'ထဲသို့ တစ်ယောက်တည်း ဝင်ပြီး အကုန်သတ်ဖြတ်ခဲ့သည်ကို ပြန်သတိရသွားရင်း မာကူးတစ်ယောက် စိတ်သက်သာရာ ရသွားတော့သည်။ လုချင်း၏ စရိုက်နှင့်ဆိုလျှင် ဤသည်မှာ သူ၏ အလုပ်လုပ်ပုံပင်။
ဤအချက်ကို တွေးမိပြီး မာကူးလည်း စိတ်လှုပ်ရှားလာတော့၏။ အရပ်သားတွေကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် တိမ်လွှာစီးဂိုဏ်း၏ လုပ်ရပ်ကို သူလည်း မကျေနပ်ပေ။
၎င်းတို့မှာ မကောင်းဆိုးဝါးဂိုဏ်းတွေနှင့် မခြားနားတော့ချေ။ တိမ်လွှာစီးဂိုဏ်းကို ပညာပေးနိုင်မယ်ဆိုလျှင် ကျေနပ်စရာပင်။
ထိုအချိန်တွင် ဝေကျီအန်းကတော့ လူငယ်ပီပီ သွေးပူနေပြီး သူ့စွမ်းရည်ကို သက်သေပြလို့ရသည့်အခွင့်အရေးဖြစ်တာကြောင့် ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။ ဂိုဏ်းကြီးတစ်ခုကို စိန်ခေါ်ရတော့မည် ဆိုသဖြင့် စိတ်လှုပ်ရှားနေလေ၏။ ဘာပဲဖြစ်ဖြစ် လုချင်းနှင့် သမားတော်ကြီး ရှိနေသရွေ့ သူက နောက်ကလိုက်ရုံသာ။ ဒါကလည်း ခရီးမထွက်ခင် ဘိုးဘေး မှာလိုက်သည့်အတိုင်းပင်။
ခဏကြာ စကားပြောပြီးနောက်တွင်တော့ အားလုံးလည်း အနားယူလိုက်ကြတော့သည်။ ညဘက်တွင်တော့ ထူးထူးခြားခြား ဘာမျှမရှိပေ။ နောက်တစ်နေ့ မနက်စောစော မနက်စာစားပြီးနောက်၌ လုချင်းတို့ ပြန်လည်ခရီးဆက်ကြတော့၏။
နောက်ထပ် ၂ ရက်လုံးလုံး မြင်းလှည်းသည် မနားတမ်း ခရီးနှင်ခဲ့ကြလေ၏။ တော်သေးသည်က သူတို့အားလုံးမှာ သာမန်လူများ မဟုတ်ကြ။ ရှောင်ယန်တောင်မှ ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိသူဖြစ်တာကြောင့် ခံနိုင်ရည် ရှိသည်။ သို့မဟုတ်ပါက ဤမျှ ကြမ်းတမ်းသော ခရီးကို ခံနိုင်မည် မဟုတ်ပေ။
တတိယမြောက်နေ့ မနက်ခင်းတွင် မနက်စာ ပြင်ဆင်ပြီးသော်လည်း ဆရာ ထွက်မလာသေးသည်ကို လုချင်း သတိထားမိလိုက်သည်။ ထို့ကြောင့် သူလည်း ဘေးနားသို့ သွားပြီး ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို လေ့ကျင့်နေလိုက်၏။
စောစောနိုးနေသော ရှောင်ယန်လေးမှာလည်း သူ့အစ်ကိုနောက်လိုက်ကာ အတူ လိုက်လေ့ကျင့်လေသည်။ လွန်ခဲ့သော ၂ နှစ်အတွင်း လုချင်းသည် ရှောင်ယန်အား တရားဝင် ကျင့်ကြံခြင်းပညာကို မသင်ပေးခဲ့သော်လည်း ရိုးရှင်းအောင် ပြုလုပ်ထားသော ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကိုတော့ သင်ပေးထားပါ၏။
ဤသိုင်းကွက်များသည် ရိုးရှင်းပြီး ချီနှင့် သွေးကို လှုံ့ဆော်ရန် မလိုဘဲ အသက်ရှူခြင်းနှင့် ညှိနှိုင်းရုံသာ ဖြစ်သည်။ အခြေခံကို ခိုင်မာစေပြီး ကလေးများအတွက် သင့်တော်လှပါ၏။ ၎င်းမှာ ရှောင်ယန်အတွက် လုချင်း သီးသန့် ပြုလုပ်ပေးထားခြင်းပင်။
မောင်နှမနှစ်ယောက် ကြိုးစားပမ်းစား လေ့ကျင့်နေကြစဉ် ရှောင်လီကတော့ သစ်ငုတ်တိုပေါ်တွင် ပျင်းရိစွာဖြင့် ထိုင်ကြည့်နေလေ၏။ မာကူးနှင့် သူ့တပည့်လည်း တောအုပ်၏ အခြားတစ်နေရာတွင် လေ့ကျင့်နေကြသည်။
'မြေကမ္ဘာဝိညာဉ်ပုလဲကို သန့်စင်ပြီးကတည်းက ဒီ မြေဓာတ်ရတနာရဲ့ အားဖြည့်ပေးမှုအောက်မှာ ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က တဖြည်းဖြည်း သန်မာလာလိုက်တာ အရင်ကထက် နှစ်ဆနီးပါးလောက် စွမ်းအားတိုးလာပြီ... ရပ်သွားမယ့်ပုံလည်း မပေါ်ဘူး။ ငါ့ရဲ့ ကန့်သတ်ချက်ကို ရောက်သွားရင် ခန္ဓာကိုယ်နဲ့ ဝိညာဉ်က ဘယ်လောက်ထိတောင် စွမ်းအားကြီးနေမလဲ မသိဘူး'
လုချင်း လေ့ကျင့်ရင်း တွေးနေမိသည်။ ဒီကာလအတွင်း သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်စွမ်းအား အဆမတန် တိုးတက်လာခဲ့သည်။ သို့တိုင်အောင် တိုးတက်မှုနှုန်း နှေးကွေးသွားသည်ဟု မခံစားရပေ။
ထို့ကြောင့် အပြောင်းအလဲများ ကန့်သတ်ချက်သို့ ရောက်သွားချိန်တွင် သူ မည်မျှ စွမ်းအားကြီးမား နေမည်ကို တွေးကြည့်၍ မရနိုင်တော့။ ထိုအချိန်ရောက်လျှင် ပြီးပြည့်စုံသော ပေါက်ကွဲအားအခြေအနေသို့ မဝင်ဘဲနှင့်ပင် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများကို ယှဉ်ပြိုင်နိုင်လောက်သည်။
ခဏကြာ လေ့ကျင့်ပြီးနောက် ‘ဒီနေ့မှ ဆရာ ဘာလို့ နောက်ကျနေတာလဲ’ ဟု လုချင်း တွေးမိ၏။
ရုတ်တရက် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များ လှုပ်ရှားလာပြီး တစ်နေရာတည်းသို့ စုပြုံတိုးဝင်သွားသည်ကို သူ အာရုံခံမိလိုက်သည်။
ထိုနေရာကတော့ ဆရာ့တဲ ရှိရာ နေရာပင်။
"ဆရာ အဆင့်တက်သွားပြီလား"
လုချင်း ဝမ်းသာသွားပြီး လေ့ကျင့်မှုကို ချက်ချင်းရပ်ကာ ဆရာ့တဲဆီသို့ ပြေးသွားလိုက်သည်။ သူ့ဝိညာဉ်အာရုံ ခံစားမှုအရ တစ်မိုင်ပတ်လည်အတွင်းရှိ ချီစွမ်းအင်များသည် တဲထဲသို့ စုပြုံ ဝင်ရောက်နေကြသည်။ တဲထဲတွင် အားကောင်းသော အငွေ့အသက်တစ်ခု တည်ဆောက်နေသည်မှာ အံ့သြဖွယ်ရာပင်။
ခဏအကြာတွင်တော့ တဲထဲမှ အငွေ့အသက်များ ဖြည်းဖြည်းချင်း လျော့ကျသွားပြီး ငြိမ်သက်သွားတော့လေ၏။ တဲအ၀င်ဝ လှုပ်ရှားသွားပြီးနောက်တွင်တော့ သမားတော်ကြီး ထွက်လာတော့သည်။
သမားတော်ကြီးကို မြင်လိုက်ရသောအခါ၌ လုချင်း မျက်လုံးများ အရောင်တောက်သွားလေသည်။ ဆရာ့၏ အငွေ့အသက်မှာ အရင်နှင့်မတူဘဲ ဆန်းကြယ်ပြီး ဖမ်းဆုပ်ရခက်သော အရည်အသွေးတစ်မျိုး ရှိနေသည်။
"ဆရာ... အဆင့်တက်သွားပြီလား"
"ဟုတ်တယ်" သမားတော်ကြီး ခေါင်းညိတ်လိုက်သည်။ "ရက်အတော်ကြာ စဉ်းစားသုံးသပ်ပြီးတဲ့နောက်မှာတော့ ချီစွမ်းအင်ကို စုပ်ယူသန့်စင်နိုင်ခဲ့တဲ့အပြင် ဝိညာဉ်စွမ်းအားတစ်မျှင်ကိုတောင် ထုတ်နိုင်ခဲ့ပြီလေ"
ဆရာ၏ပြောစကားကြောင့် လုချင်းမှာ တော်တော်လေးကို ဝမ်းသာသွားလေ၏။
ထို့နောက်၌ သူ့နတ်မျက်စိစွမ်းရည်ကို ချက်ချင်း အသုံးပြုလိုက်ကာ ဆရာ့ကို အနီးကပ် လေ့လာလိုက်သည်။ လေးစားသမှုဖြင့် ဆရာ့အပေါ် နတ်မျက်စိစွမ်းရည်ကို သုံးလေ့ မရှိသော်လည်း ဒီတစ်ခါ အဆင့်တက်ခြင်းက အရေးကြီးသဖြင့် မကြည့်ဘဲ မနေနိုင်တော့။
ထိုအခါတွင်တော့ လုချင်းတစ်ယောက် ဆရာ့ထံမှ ထူထပ်သော ရွှေရောင်အလင်တန်းများ ထွက်ပေါ်နေသည်ကို အထင်းသား တွေ့လိုက်ရသည်။
[ချန်စုန့်ချင် : ဆေးပညာကျွမ်းကျင်၊ ကြင်နာတတ်၊ လေးစားခံရသူ၊ ထူးချွန်သော သမားတော်ကြီး။]
[ကျင့်ကြံမှုအဆင့် : မွေးရာပါနယ်ပယ် အသေးစားပြီးပြည့်စုံခြင်းအဆင့်၏ အထွတ်အထိပ်၊ ရေ နှင့် မီး ဓာတ်သဘာဝနှစ်မျိုး မွေးရာပါ စစ်မှန်သောချီ။]
[ကုသိုလ်ကံစွမ်းအား ပိုင်ဆိုင်ထားပြီး ကံဆိုးမှုများကို ရှောင်လွှဲနိုင်၊ ကောင်းချီးမင်္ဂလာများနှင့် ပြည့်စုံသူ။]
[ထူးချွန်သော ဉာဏ်ရည်ဉာဏ်သွေး၊ မွေးရာပါနယ်ပယ် အသေးစားပြီးပြည့်စုံခြင်းသို့ ရောက်ရှိ။]
[ရေနှင့်မီး ပေါင်းစပ်ခြင်းကို သဘောပေါက်နားလည်၊ ဓာတ်သဘာဝနှစ်မျိုး မွေးရာပါ စစ်မှန်သောချီကို ထိန်းချုပ်နိုင်၊ ကျင့်ကြံမှုနှုန်းနှင့် စွမ်းအားကို များစွာ တိုးမြှင့်ပေးနိုင်သည်။]
[တာအိုအခြေခံအုတ်မြစ် အစပျိုးနေပြီး ရေနှင့်မီး ဓာတ်သဘာဝနှစ်မျိုး ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။]
တကယ်ပဲ ဝိညာဉ်စွမ်းအားကို ကျင့်ကြံနိုင်ခဲ့ပြီပဲ။
ထို့အပြင် ကျင့်ကြံမှုအဆင့်ကလည်း မွေးရာပါနယ်ပယ် အသေးစားပြီးပြည့်စုံခြင်းအဆင့်၏ အထွတ်အထိပ်ကို ရောက်နေပြီး အကြီးစားပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။
"ဆရာ... ဝိညာဉ်စွမ်းအားနဲ့ မွေးရာပါ စစ်မှန်တဲ့ချီရဲ့ ကွာခြားချက်က ဘယ်လိုနေလဲဗျ" လုချင်း မေးလိုက်သည်။
သမားတော်ကြီးက ခဏ စဉ်းစားလိုက်၏။
"စွမ်းအားချင်း ယှဉ်မယ်ဆိုရင် ဝိညာဉ်စွမ်းအားက မွေးရာပါ စစ်မှန်တဲ့ချီထက် သာတယ်။ ဒါပေမဲ့ ကျင့်ကြံရတာလည်း ပိုခက်တာပေါ့။ နောက်ပြီးတော့ လောကကြီး ပြောင်းလဲလာလို့လား မသိဘူး... ဝိညာဉ်စွမ်းအားက ကောင်းကင်နဲ့မြေကြီး နိယာမတရားတွေနဲ့ ပိုပြီး နီးစပ်ဆက်နွယ်နေတယ်လို့ ခံစားရတယ်"
"သဘောပေါက်ပြီ" လုချင်း ခေါင်းညိတ်လိုက်သည်။ "လှည့်လည်သွားလာသူ မသေမျိုးရဲ့ မှတ်တမ်းတွေထဲမှာ ရေးထားဖူးတယ်။ ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းသွားပြီးနောက် လောကကြီးက ကန့်သတ်ချက်တစ်ခုကို သတ်မှတ်လိုက်တယ်တဲ့။ သိုင်းပညာရှင်တွေက မွေးရာပါနယ်ပယ် အထွတ်အထိပ်ထိပဲ ရောက်နိုင်တော့တယ်။ ထပ်ပြီး အဆင့်တက်ဖို့က အရမ်းခက်ခဲသွားပြီ၊ မဖြစ်နိုင်သလောက်ပဲတဲ့။ အခု ဝိညာဉ်စွမ်းအင်တွေ ပြန်နိုးထလာပြီဆိုတော့ ဝိညာဉ်စွမ်းအားနဲ့ နိယာမတရားတွေ ပိုနီးစပ်လာတာကို ဆရာ ခံစားမိတာပေါ့။ ကြည့်ရတာ နောက်ပိုင်း မွေးရာပါနယ်ပယ်ကို ဖောက်ထွက်ချင်ရင် ဝိညာဉ်စွမ်းအားကနေပဲ စရလိမ့်မယ်"
ထိုအခိုက်၌ လုချင်းတစ်ယောက် လီဝေ့ထျန်းကို သတိရသွားသည်။ လီဝေ့ထျန်းသည် ယွီဟွာဂူရှိ ဂါထာမန္တန်သင်္ကေတများကို လေ့လာရင်း ပိုမြင့်မားသော အဆင့်တစ်ခုကို သဘောပေါက်ခဲ့ဖူးသည်။
သို့သော် အဆင့်တက်ရန် ကြိုးစားရင်း သေဆုံးခဲ့ရ၏။ လီဝေ့ထျန်းက သူ့မှာသာ အချိန်ပိုရရင် အောင်မြင်မှာပါဟု နောင်တရသွားခဲ့သည်။ တကယ်တော့ ၎င်းက ထင်ယောင်ထင်မှား ဖြစ်မှုသာ။
လောကကြီး၏ ကန့်သတ်ချက်ကြောင့် သူ ဘယ်လောက်ပဲ သဘောပေါက်နားလည်နေပါစေ၊ ထိုအဆင့်ကို ဘယ်တော့မှ တက်လှမ်းနိုင်မှာ မဟုတ်ခဲ့။
လီဝေထျန်းတစ်ယောက် ထိုအမှန်တရားကို မသိဘဲ သေဆုံးသွားခဲ့ရသည်မှာ ကံကောင်းတာလား ကံဆိုးတာလားတော့ မပြောတတ်တော့ပေ။
"ဆရာ... မွေးရာပါ စစ်မှန်တဲ့ချီရော ဝိညာဉ်စွမ်းအားရော နှစ်မျိုးလုံး ရှိနေတာ ဆရာ့အတွက် ထိခိုက်မှု ရှိလားဗျ" လုချင်း ရုတ်တရက် တွေးမိပြီး မေးလိုက်သည်။
"လောလောဆယ်တော့ မရှိဘူး" သမားတော်ကြီး ခေါင်းခါလိုက်၏။ "နှစ်ခုလုံးက ငါ ကျင့်ကြံထားတာတွေပဲလေ... ငါ့စိတ်ဆန္ဒ ပါဝင်နေပြီးသားမို့ ငါ့ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ သူတို့က အရင်းအမြစ်တူတူပဲမို့ ပဋိပက္ခတော့ မဖြစ်ဘူး။ 'ရေမီး အသက်ရှူခြင်းနည်းစနစ်' ကို ပိုနားလည်လာတာနဲ့အမျှ မွေးရာပါ စစ်မှန်တဲ့ချီနဲ့ ဝိညာဉ်စွမ်းအားကို အားဖြည့်ပေးလို့ ရတယ်လို့တောင် ခံစားမိတယ်။ အဲ့ဒီလိုဆိုရင် ငါ့ကျင့်ကြံမှုကို မထိခိုက်စေဘဲ ဝိညာဉ်စွမ်းအားကို မြန်မြန် တိုးတက်စေနိုင်လိမ့်မယ်လေ"
"တကယ်လားဗျ" လုချင်း မျက်လုံး အရောင်တောက်သွားသည်။ "ဒါဆို ဝိညာဉ်စွမ်းအင် မပြည့်စုံသေးရင်တောင် ဆရာက ချီသန့်စင်ခြင်း အထွတ်အထိပ်ကို အမြန်ရောက်ပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်တော့မယ်ပေါ့"
နေဦး... မဟုတ်သေးဘူး။
လုချင်း ချက်ချင်း သတိထားမိလိုက်သည်။ ထိုမျှလောက် မလွယ်ကူနိုင်ပါချေ။ ထိုမျှလောက်သာ လွယ်ကူလျှင် မသေမျိုးပုဂ္ဂိုလ်ကြီးလည်း စိတ်ပျက်အားငယ်ခဲ့မှာ မဟုတ်သလို၊ မသေမျိုးခေတ်က စွမ်းအားကြီး ကျင့်ကြံသူတွေလည်း ပျောက်ကွယ်သွားမှာ မဟုတ်ပေ။
"အဲ့ဒီလောက် မလွယ်ပါဘူးကွာ"
သမားတော်ကြီး ပြုံးလိုက်သည်။ "လူသားတွေက လောကကြီးကို မှီခိုနေရတာလေ။ ငါတို့ ကျင့်ကြံသူတွေလည်း မကင်းပါဘူး။ အခု ငါက မွေးရာပါ စစ်မှန်တဲ့ချီကို ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲပြီး ချီသန့်စင်ခြင်းကို အမြန် မြှင့်တင်မယ်ဆိုရင် ရေတိုမှာတော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ ကြာလာရင် ဝိညာဉ်စွမ်းအားတွေ လွင့်ပါးပျောက်ကွယ်သွားတာကို ငါ ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး။ ဘာလို့လဲဆိုတော့ လောကကြီးရဲ့ နိယာမတွေက အဲ့ဒီအဆင့်ကို လက်ခံနိုင်တဲ့အထိ မပြောင်းလဲသေးလို့ပဲ"
"သဘောပေါက်ပြီ... ခြောက်သွေ့ပူပြင်းနေတဲ့ သဲကန္တာရထဲ ရောက်နေသလိုပေါ့။ ရေတွေ ဘယ်လောက်ပဲ သောက်သောက် အစိုဓာတ်မရှိဘဲ ပူပြင်းနေတဲ့ ပတ်ဝန်းကျင်ကြောင့် နောက်ဆုံးတော့ ရေငွေ့ပြန်သွားမှာပဲ" လုချင်း နားလည်လိုက်သည်။
သမားတော်ကြီးလည်း ခေါင်းညိတ်လိုက်၏။ "လုံးဝကြီး မမှန်ပေမဲ့လည်း သဘောတရားကတော့ ခပ်ဆင်ဆင်ပါပဲ"
ရှေးခေတ်က စွမ်းအားကြီး ကျင့်ကြံသူတွေ ပျောက်ကွယ်သွားရတာက အဲ့ဒီအကြောင်းပြချက်ကြောင့် ဖြစ်နိုင်တယ်။ ပြောင်းလဲသွားတဲ့ လောကကြီးက ဒီလို စွမ်းအားကြီးသူတွေကို လက်မခံနိုင်တော့တာ ဖြစ်မယ်။
ဆရာနှင့် စကားပြောပြီးနောက် လုချင်းလည်း ဗဟုသုတအများကြီး ရလိုက်သည်။ ဆရာ အဆင့်တက်သွားတာကလည်း ဝမ်းသာစရာပင်။ ထို့အတွက်ကြောင့် ယွင်ကျိုးခရီးစဉ်ကိုလည်း ပိုပြီးတော့တောင် စိတ်ချလက်ချသွားလို့ရပြီ ဖြစ်သည်။