← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း ၂၂၉ - တွေ့ဆုံခြင်း၊ သေမင်း၏ တောင်းဆိုမှု

ဆရာ့၏ အဆင့်တက်မှုကြောင့် ယွင်ကျိုးခရီးစဉ်အပေါ် လုချင်း ပို၍ ယုံကြည်မှု ရှိလာလေသည်။

ဆရာသည် မွေးရာပါနယ်ပယ် အသေးစားပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့်အပြင်၊ ဓာတ်သဘာဝနှစ်မျိုး မွေးရာပါ စစ်မှန်သည့်ချီနှင့် မကြာသေးမီကမှ သဘောပေါက်ထားသည့် မွေးရာပါနယ်ပယ်၏ပိုင်နက်တို့ကိုပါ ပိုင်ဆိုင်ထားရာ မွေးရာပါနယ်ပယ် အကြီးစားပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူနှင့် ယှဉ်ပြိုင်ရလျှင်ပင် ဆရာက အသာစီးရနိုင်သည်ဟု လုချင်း ခန့်မှန်းမိသည်။

တိမ်လွှာစီးဂိုဏ်း၏ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများ မည်မျှပင် စွမ်းအားကြီးပါစေ၊ အကြီးစားပြီးပြည့်စုံခြင်းအဆင့်ထိတော့ ချဲ့ကားနိုင်မည် မဟုတ်တန်ရာ။ ထိုမျှသာ စွမ်းအားကြီးနေပါက တိမ်လွှာစီးဂိုဏ်းသည် ယွင်ကျိုးရှိ ဂိုဏ်းကြီးသုံးဂိုဏ်းအနက် တစ်ခု ဟူသော အဆင့်လောက်သာ ဖြစ်နေမည် မဟုတ်ပေ။

မနက်စာစားပြီးနောက် လုချင်းနှင့်အဖွဲ့သည် ခရီးဆက်ခဲ့ကြသည်။

ထူးဆန်းသည်မှာ သူတို့သည် ယွင်ကျိုးနယ်မြေထဲသို့ တရားဝင် ဝင်ရောက်လာပြီး လမ်းမကြီးအတိုင်း ခရီးနှင်နေသော်လည်း ရက်အတော်ကြာသည်အထိ တိမ်လွှာစီးဂိုဏ်းမှ လူများနှင့် တစ်ယောက်မှ မတွေ့ရခြင်းပင်။

တိမ်လွှာစီးဂိုဏ်းက သူတို့၏ ဂိုဏ်းချုပ်သားပျောက်ဆုံးမှုကို လိုက်လံရှာဖွေရန် လူမလွှတ်သေးတာလား၊ သို့မဟုတ် တခြားလမ်းကြောင်းမှ သွားနေကြသလား ဆိုတာကိုတော့ မသိရပေ။ အကယ်၍ နောက်ကတစ်ချက်သာ မှန်ကန်ပါက လုချင်းတို့အဖွဲ့အတွက် သတင်းကောင်း မဟုတ်ပေ။

အခြေအနေကို စစ်ဆေးရန် တစ်ယောက်ယောက်ကို ပြန်လွှတ်သင့် ၊ မလွှတ်သင့် လုချင်း စဉ်းစားနေစဉ်မှာပင် သူ့မျက်နှာထား ပြောင်းလဲသွားပြီး ရှေ့ကို လှမ်းကြည့်လိုက်သည်။ မကြာမီမှာပင် ဖုန်လုံးကြီးများ တက်လာသည်ကို မြင်လိုက်ရပြီး သန်မာထွားကျိုင်းသော မြင်းကြီးများကို စီးနင်းလာသည့် သိုင်းပညာရှင်တစ်ဖွဲ့ သူတို့ဘက်သို့ ဒုန်းစိုင်း ဝင်ရောက်လာကြသည်။

"ပြောရင်းဆိုရင်းနဲ့ သေမင်းတမန်တွေ ရောက်လာကြပြီပဲ"

ဦးဆောင်လာသူများ၏ ဝတ်စုံကို အဝေးကပင် လှမ်းမြင်လိုက်ရသဖြင့် လုချင်း ပြုံးလိုက်ကာ ရေရွတ်လိုက်သည်။

"အားချင်း... ဘာဖြစ်လို့လဲ"

သမားတော်ကြီးချန်က မြင်းလှည်းလိုက်ကာကို မကာ မေးလိုက်သည်။ လုချင်း စကားမပြန်ရသေးခင်မှာပင် ရှေ့မှ မြင်းစီးသမားများက လှမ်းအော်လိုက်ကြ၏။

"အဲ့ဒီမြင်းလှည်း... လမ်းဖယ်စမ်း အသက်ရှူချိန် သုံးကြိမ်စာအတွင်း မဖယ်ရင် သေဖို့သာ ပြင်ထား"

မျက်တောင်တစ်ခတ်အတွင်းမှာပင် မာကူးက မြင်းလှည်းကို ရပ်တန့်နိုင်ရုံသာ တတ်နိုင်လိုက်ပြီး လမ်းဘေးသို့ ဖယ်ပေးရန် အချိန်မရလိုက်ပေ။ ထိုအခြေအနေကို မြင်သောအခါ တစ်ဖက်မှ သိုင်းပညာရှင်များ၏ မျက်နှာထားများ မည်းမှောင်သွားပြီး ပြင်းထန်သော လေတိုးသံများနှင့်အတူ ကြာပွတ်ရှည်အများအပြားက မြင်းလှည်းဆီသို့ ဝဲပျံလာကြသည်။

လေတိုးသံများကို ထောက်ချင့်ကြည့်လျှင် ထိုကြာပွတ်စာများသာ ထိမှန်ပါက မြင်းလှည်းမှာ တစ်စစီ ကြေမွသွားနိုင်သလို အနည်းဆုံးတော့ ပြင်းထန်သော အရှိန်ကြောင့် လမ်းဘေးသို့ လွင့်စင်သွားနိုင်ပါ၏။ မာကူး၏ မျက်နှာ ပျက်သွားပြီး တိုက်ခိုက်မှုကို ခုခံရန် ပြင်လိုက်စဉ် သူ၏ဘေးမှ လေခွင်းသံတချို့ ထွက်ပေါ်လာသည်။

ရုတ်ချည်းပင် ရှေ့မှ သိုင်းပညာရှင်များက အော်ဟစ်လိုက်ကြပြီး နဖူးများမှ သွေးများ ပန်းထွက်ကာ မြင်းပေါ်မှ ပြုတ်ကျကုန်ကြတော့၏။ သူတို့၏ ကြာပွတ်များမှာလည်း အရှိန်ကုန်သွားပြီး မြင်းလှည်းကို မထိဘဲ လျောကျသွားကြလေသည်။

"ဘာဖြစ်တာလဲ"

မျှော်လင့်မထားသော အဖြစ်အပျက်ကြောင့် တစ်ဖက်မှ လူစုမှာ တုန်လှုပ်သွားကြသည်။ အထူးသဖြင့် မိမိတို့လူများ မြင်းပေါ်မှ ပြုတ်ကျကုန်သည်ကို မြင်ရသောအခါ၌ ပို၍ပင် လန့်ဖျပ်သွားကြလေ၏။

တော်သေးသည်မှာ ဤသိုင်းပညာရှင်များသည် မြင်းစီးကျွမ်းကျင်သူများ ဖြစ်ကြသဖြင့် အရေးကြီးချိန်တွင် မြင်းများကို အချိန်မီ ထိန်းလိုက်နိုင်ပြီး ပြုတ်ကျသွားသော ရဲဘော်များကို မနင်းမိအောင် ရှောင်ရှားနိုင်လိုက်သည်။

သို့သော် ထိုသို့မရှောင်နိုင်လျှင်လည်း အရေးမကြီးတော့ပေ။ အဘယ်ကြောင့်ဆိုသော် မြင်းပေါ်မှ ပြုတ်ကျသွားသူများသည် လှုပ်ရှားခြင်း မရှိတော့ဘဲ သေဆုံးနေပြီဖြစ်သောကြောင့်ပင်။

"ညီလေးကျောက်"

"အစ်ကိုကြီးဟွမ်"

"ညီလေးဝမ်"

ကျန်ရစ်သူများမှာ လွန်စွာ လန့်ဖျပ်သွားကြ၏။ သေဆုံးသွားသူများမှာ အနည်းဆုံး ကြွက်သားနှင့်အရိုးအဆင့်သိုင်းပညာရှင်များ ဖြစ်ကြသော်လည်း မျက်တောင်တစ်ခတ်အတွင်း အသက်ပျောက်သွားခဲ့ရသည်သာ။

"ဘယ်ကောင်က ငါတို့ကို ချောင်းမြောင်းတိုက်ခိုက်ရဲတာလဲ... သေချင်နေပြီလား"

ခါးတွင် ဓားရှည်ချိတ်ဆွဲထားပြီး မျက်နှာနီနီနှင့် အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်း လူတစ်ယောက်က မြင်းလှည်းကို ဒေါသတကြီး လှမ်းအော်လိုက်သည်။

"တိမ်လွှာစီးဂိုဏ်းက တကယ်ကို ပြုပြင်လို့မရတဲ့လူတွေပဲ... ရောက်လေရာမှာ သောင်းကျန်းပြီး လူ့အသက်တွေကို ပေါ့ပေါ့တန်တန် သတ်ဖြတ်နေကြတာလေ"

လုချင်းက အေးစက်စက် ပြောလိုက်ပြီး တုန်လှုပ်နေသော သိုင်းပညာရှင်များ အာရုံမရခင် မြင်းလှည်းပေါ်မှ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။

"သခင်လေးလု... ဒီလူတွေက တိမ်လွှာစီးဂိုဏ်းကလား" မာကူးက မေးလိုက်သည်။

"ဟုတ်တယ်... သူတို့ဝတ်စုံကို ကြည့်လိုက်"

ထိုအခါ မာကူးသည် မျက်လုံးကျဉ်းမြောင်းပြီး ကြည့်လိုက်ရာ ရင်းနှီးနေသော ဝတ်စုံများကို သတိထားမိလိုက်သည်။ အထူးသဖြင့် လက်မောင်းနှင့် ကော်လာတွင် ပါရှိသော တိမ်တိုက်ပုံစံ ဒီဇိုင်းများသည် လွန်ခဲ့သော ရက်အနည်းငယ်က ချင်းဖုန်းမြို့တွင် သူတို့သတ်ခဲ့သော တိမ်လွှာစီးဂိုဏ်းသားများ၏ ဝတ်စုံနှင့် အတူတူပင် ဖြစ်သည်။

"တကယ့် တိမ်လွှာစီးဂိုဏ်းက အမှိုက်တွေပဲကိုး" မာကူး သဘောပေါက်သွားသည်။

"မောက်မာတဲ့ကောင်လေး"

"သေလမ်းရှာနေတာပဲ"

"သေစမ်း"

စော်ကားမှုကို ကြားလိုက်ရသဖြင့် တိမ်လွှာစီးဂိုဏ်းသားများ ဒေါသပေါက်ကွဲသွားကြသည်။ မျက်နှာနီနှင့်လူ၏ မျက်လုံးများ အေးစက်သွားပြီး ဓားကို ဆွဲထုတ်လိုက်သည့်အခါ၌ ဓားသွားမှာ ရောင်ပြန်ဟပ်မှုကြောင့် လက်ခနဲဖြစ်သွားပြီး မာကူးထံသို့ ချက်ချင်း ဝင်ရောက်လာသည်။

လုချင်း၏ ကျင့်ကြံမှုအဆင့်မှာ မမြင့်ဘဲ ချီနှင့်သွေးအဆင့်သာ ရှိကြောင်းနှင့် မာကူးသည်လည်း ကြွက်သားနှင့်အရိုးအဆင့်သာ ရှိကြောင်း ထိုလူက အကဲခတ်မိသည်။ ဤလူနှစ်ယောက်က သူ့လူတွေကို ချက်ချင်း သတ်နိုင်စွမ်း မရှိ။ ဆိုလိုသည်မှာ တိုက်ခိုက်သူအစစ်က မြင်းလှည်းထဲတွင် ပုန်းနေသေးသည်ဟု သူ ယူဆလိုက်သည်။

မူလက အခြေအနေကို စောင့်ကြည့်ချင်သော်လည်း မာကူး၏ မောက်မာမှုက သူ့သတ်ဖြတ်လိုစိတ်ကို မီးထိုးပေးလိုက်သလို ဖြစ်သွား၏။

"လာစမ်းပါ"

မာကူးသည် ရုတ်တရက် တိုက်ခိုက်မှုကို ကြောက်ရွံ့ခြင်း မရှိဘဲ စိတ်လှုပ်ရှားစွာဖြင့် တိုက်ပွဲဝင်ဓားကို ဆွဲထုတ်ကာ သေစေနိုင်သော ဓားချက်ကို ကာကွယ်လိုက်သည်။

"ဘာ"

မျက်နှာနီနှင့်လူမှာ အံ့အားသင့်သွားလေ၏။ သို့သော် သူ နောက်ထပ် မလှုပ်ရှားနိုင်ခင်မှာပင် မာကူးက မြင်းလှည်းပေါ်မှ ခုန်ဆင်းကာ သူ့ထံသို့ ပြေးဝင်လာတော့သည်။

"ဟားဟား... သခင်လေးလု... ဝင်မပါနဲ့ဦး၊ ဘေးကနေပဲ ကြည့်နေပေး၊ ငါ ကစားပြမယ်" မာကူးက ရယ်မောရင်း ဝင်တိုက်လေသည်။ သူ၏ တိုက်ပွဲဝင်ဓားသည် တောင်ကို ပြိုလဲစေသည့် အားအင်ဖြင့် မျက်နှာနီနှင့်လူထံသို့ ကျဆင်းသွားသည်။

"ဒီဓားသိုင်းက"

ဓား၏ စွမ်းအားကို အာရုံခံမိလိုက်သဖြင့် မျက်နှာနီနှင့်လူမှာ ထပ်မံ၍ အံ့သြသွားပြန်ပါ၏။ စဉ်းစားချိန်မရလိုက်ဘဲ သူ၏ပင်ကိုယ်အသိစိတ်ဖြင့် အားကုန်သုံးကာ မြင်းပေါ်မှ နောက်သို့ ခုန်ဆင်းလိုက်ရသည်။

ရွှပ်

သို့သော် မာကူး၏ ပြင်းထန်သော ဓားချက်ကြောင့် မြင်းကြီးမှာ နှစ်ပိုင်းပြတ်ကာ သွေးများ ပန်းထွက်လာပြီး သေဆုံးသွားတော့သည်။ မာကူးက ရပ်တန့်မနေဘဲ ခြေဖျားကို ခပ်ဖွဖွနင်းကာ မျက်နှာနီနှင့်လူကို နောက်တစ်ချက် ထပ်၍ ပိုင်းချလိုက်ပြန်၏။

"ဆရာမာ... သတိထား၊ ခင်ဗျားပြိုင်ဘက်က ကိုယ်တွင်းအင်္ဂါအဆင့်ကျွမ်းကျင်သူနော်" လုချင်းက တည်ငြိမ်စွာဖြင့် သတိပေးလိုက်သည်။ သူ လုံးဝ စိတ်ပူပုံမရပေ။

လုချင်းက သူ့ကျင့်ကြံမှုအဆင့်ကို ဖော်ထုတ်လိုက်သည်ကို ကြားလိုက်ရသဖြင့် မူလက သတိထားနေသော မျက်နှာနီနှင့်လူမှာ ထပ်မံ တုန်လှုပ်သွားပြန်၏။ သို့သော် သူ ရုတ်တရက် ဆုတ်ခွာနေရာမှ ရပ်တန့်လိုက်ပြီးနောက်၌ ရက်စက်သော အမူအရာ ပေါ်လာကာ သူ့ခန္ဓာကိုယ်မှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ဓားအမြန်နှုန်းလည်း သိသိသာသာ မြင့်တက်လာတော့သည်။

ချွမ်

နားကွဲမတတ် သတ္တုချင်းရိုက်ခတ်သံနှင့်အတူ မာကူးသည် ပြင်းထန်သော အားကြောင့် နောက်သို့ လွင့်စင်သွားတော့လေသည်။

"မင်း ထွက်ပြေးလို့ လွတ်မယ်များထင်နေလား"

သူ့ဓားချက်က မာကူးကို မသတ်နိုင်သည်ကို မြင်သောအခါ၌ မျက်နှာနီနှင့်လူ၏ မျက်လုံးများမှာ အရောင်လက်သွားတော့၏။ ထို့နောက် သတ်ဖြတ်လိုစိတ်များ မြင့်တက်လာပြီး မာကူးကို နှစ်ပိုင်းပိုင်းရန် လိုက်လာသည်။

ဝှစ်

မျက်နှာနီနှင့်လူ မာကူးကို မီခါနီးအချိန်တွင် စူးရှသော လေခွင်းသံတစ်ခု ထွက်ပေါ်လာ၏။ ပြင်းထန်သော အန္တရာယ်အငွေ့အသက်က သူ့ရင်ထဲတွင် ပေါက်ကွဲထွက်လာပြီး နှလုံးသားကိုပင် နာကျင်သွားစေသည်။

မျက်နှာနီနှင့်လူမှာ လန့်ဖျပ်သွားပြီး သူ့နဖူးကို ကာကွယ်ရန် တိုက်ပွဲဝင်ဓားကို အလိုအလျောက် မြှောက်လိုက်မိသည်။

ဒုန်း

ကျယ်လောင်သော အသံနှင့်အတူ မျက်နှာနီနှင့်လူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ရှေ့သို့ ပြေးဝင်နေရာမှ ရပ်တန့်သွားရုံသာမက နောက်သို့ပါ ယိုင်နဲ့သွားပြီး မနည်း ထိန်းလိုက်ရလေသည်။

သူ့ဓားကို ပြန်ကြည့်လိုက်သောအခါတွင်တော့ မျက်ဝန်းထဲ၌ ထိတ်လန့်မှုများနှင့်သာ ပြည့်နှက်သွားခဲ့လေ၏။ အဆင့်ဆင့် ပုံသွင်းထားသော သူ၏ တန်ဖိုးကြီး တိုက်ပွဲဝင်ဓားသည် ယခုအခါတွင်တော့ ကွေးကောက်ကုန်ကာ ပုံပျက်ပန်းပျက်ဖြစ်နေလေပြီပင်။ ကျောက်ခဲတစ်လုံး၏ ထိမှန်မှုကြောင့် ကျိုးပဲ့လုနီးပါးပင် ဖြစ်သွားရလေ၏။

"အကြီးအကဲဟုန်" တိမ်လွှာစီးဂိုဏ်းသားများမှာ အံ့အားသင့်သွားကြသည်။

"မဆိုးဘူး... ငါ့ရဲ့ ကျောက်ခဲကို တားနိုင်သားပဲ" လုချင်းသည်လည်း အနည်းငယ် အံ့သြသွားသည်။

"သခင်လေးလု... ဒီမျက်နှာနီနီနဲ့လူရဲ့ ဓားသိုင်းက တော်တော်ကြမ်းတာပဲ၊ ငါ ယှဉ်နိုင်မှာ မဟုတ်ဘူး"

မာကူးက ဘေးကင်းစွာ မြေပေါ်သို့ ဆင်းသက်ရင်း ဝန်ခံလိုက်သည်။ ဓားကိုင်ထားသော သူ့လက်များမှာ အနည်းငယ် တုန်ယင်နေပြီး ဓားချင်းရိုက်ခတ်မှုကြောင့် လက်ဖဝါးမှ သွေးများပင် စိမ့်ထွက်နေလေ၏။

"ဓားသိုင်းအဆင့်မြင့်တဲ့ ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူနဲ့ ယှဉ်ရင် ဆရာမာ အရေးနိမ့်တာက ပုံမှန်ပါပဲ" လုချင်း ပြုံးလိုက်သည်။ အမှန်တော့ မာကူးသာ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူ ဝေ့ရှန်ဟိုင်ထံမှ တောင်နှင့်ပင်လယ်ဓားသိုင်းကို မသင်ကြားခဲ့ရလျှင် ယင်းဓားချက်တစ်ချက်တည်းကိုတောင် ခံနိုင်မည် မဟုတ်ပေ။

"မင်းက ဘယ်သူလဲ... ဘာလို့ ငါတို့ တိမ်လွှာစီးဂိုဏ်းကို ရန်ရှာနေတာလဲ"

မျက်နှာနီနှင့်လူက ဆူပွက်နေသော သွေးများကို ဖိနှိပ်ရင်း လုချင်းကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ အခုမှ သူ အကဲခတ် မှားသွားမှန်း သိတော့သည်။

ဒီလူငယ်လေးက ချီနဲ့သွေးအဆင့်ကို ခုမှရောက်တဲ့ သိုင်းပညာရှင်အသစ်လေးမဟုတ်ဘူးပဲ။ အစွမ်းအစကို ဖုံးကွယ်ထားတဲ့ သိုင်းပညာရှင်ဖြစ်နေတာကို။

ကျောက်ခဲလေးတစ်လုံးနှင့်တင် သူ၏ တန်ဖိုးကြီးဓားကို ပျက်စီးအောင် လုပ်နိုင်သူက အနည်းဆုံး မဟာသခင်ဆင့်တော့ ရှိရမည်။

လုချင်းနှင့် မာကူးတို့ စကားပြောနေပုံကို ပြန်စဉ်းစားကြည့်ရင်း သူ့စိတ်ထဲ ပိုပြီး ခါးသီးလာရ၏။ ထိုလူထူးဆန်းက တိမ်လွှာစီးဂိုဏ်းကို အတော်လေး မုန်းတီးပုံရသည်။

"တိမ်လွှာစီးဂိုဏ်း ဟုတ်လား... ခင်ဗျားတို့ ဂိုဏ်းချုပ်သားပျောက်တာကို ဂရုမစိုက်ဘူး ထင်နေတာ။ ဒါပေမဲ့ ခင်ဗျားတို့ တုံ့ပြန်ပုံက နှေးလွန်းတယ်၊ အခုမှ ပေါ်လာကြတယ်ပေါ့" လုချင်းက မျက်နှာနီနှင့်လူ၏ ခေါင်းကို အေးစက်စက် ကြည့်ရင်း ပြောလိုက်သည်။

"မင်း... ငါတို့ရဲ့ ဂိုဏ်းချုပ်သားကို သိလား" မျက်နှာနီနှင့်လူက မသိချင်ယောင်ဆောင်ကာ မေးလိုက်သော်လည်း ရင်ထဲတွင် ထိတ်လန့်နေပြီ ဖြစ်သည်။ ဂိုဏ်းချုပ်သား သေဆုံးသွားပြီဖြစ်ကြောင်း ဂိုဏ်းချုပ်ကြီးကိုယ်တိုင် အတည်ပြုထားပြီးပြီပင်။

ယခု ဂိုဏ်းချုပ်သားအကြောင်း ထည့်ပြောလာပြီ ဆိုတော့...

"မရင်းနှီးပါဘူး... ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်နည်းနည်းကမှ ငါ သူ့ကို သတ်လိုက်တာလေ"

"ပြေးကြ" ထိုစကားကို ကြားသည်နှင့် မျက်နှာနီနှင့်လူ၏ နှလုံးသား အေးခဲသွားပြီး အော်ဟစ်ကာ နောက်သို့ အမြန် ဆုတ်ခွာတော့သည်။ တိမ်လွှာစီးဂိုဏ်းသားများ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် နဖူးမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြတော့လေ၏။

ထွက်ပြေးနေသော မျက်နှာနီနှင့်လူသည် သူ့တပည့်များ လဲကျကုန်သည်ကို မြင်လိုက်ရသည်။ ထိုလူငယ်၏ ကြောက်မက်ဖွယ် ကျောက်ခဲလက်နက်များကြောင့်ပင်။ ထိုမြင်ကွင်းကြောင့် သူ၏ နှလုံးသား တုန်လှုပ်သွားလေပြီး အသက်ဓာတ်ကို ပေးဆပ်ရသည့် လျှို့ဝှက်နည်းလမ်းကိုပင် ထုတ်သုံးကာ အရှိန်မြှင့်တင်လိုက်ရတော့၏။

လမ်းမကြီးဘေးတွင် တောအုပ်မရှိသည့်အတွက် ပုန်းခိုစရာမရှိဘဲ တည့်တည့်သာ ထွက်ပြေးရသည်ကို သူ မုန်းတီးမိသည်။ ဂိုဏ်းချုပ်သားကို လိုက်ရှာဖို့ ဆုံးဖြတ်ခဲ့မိတာ မှားပြီဟုပင် နောင်တရမိ၏။

လုချင်းလို သေမင်းတမန်နှင့် လာတိုးရလောက်အောင် ကံဆိုးလှချည်လားဟုတောင် ကျိန်ဆဲမိလေသည်။

ဘုန်း

အရှိန်ကုန်ပြေးနေစဉ်မှာပင် သူ့ခြေထောက်များ နာကျင်သွားပြီး အားမပြုနိုင်တော့ဘဲ မြေပေါ်သို့ လဲကျသွားတော့၏။

"ဘာလို့ ဆက်မပြေးတော့တာလဲ"

အေးစက်သော အသံနှင့်အတူ လုချင်း ရောက်ရှိလာသည်။

"မင်းရဲ့ လက်နက်ပုန်းပညာကတော့ တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ... ငါ လေးစားပါတယ်" မျက်နှာနီနှင့်လူက လဲကျသေဆုံးနေသော သူ့ရဲဘော်များနှင့် ကျိုးပဲ့နေသော သူ့ခြေထောက်များကို ကြည့်ကာ လုချင်းကို ခါးသီးစွာဖြင့် ပြုံးပြလိုက်သည်။

"မသေခင် မေးခွန်းတစ်ခုလောက် မေးပါရစေ... မင်းက ဘယ်သူလဲ၊ ဘာလို့ ငါတို့ ဂိုဏ်းချုပ်သားနဲ့ ငါတို့ကို သတ်ရတာလဲ"

"အပြစ်ကင်းသလို လာလုပ်မနေနဲ့" လုချင်းက အေးစက်စွာ ပြောလိုက်သည်။ "ခင်ဗျားတို့က အရင် စတိုက်တာလေ။ ငါတို့သာ သာမန်လူတွေဆိုရင် ခင်ဗျားတို့ရဲ့ ကြာပွတ်စာနဲ့ သေနေလောက်ပြီ"

မျက်နှာနီနှင့်လူ စကားမပြောနိုင်တော့။

"ခင်ဗျားတို့က အနိုင်ကျင့်တဲ့ လူအုပ်စုပဲ... ဟန်ဆောင်မနေနဲ့" လုချင်းက လှောင်ပြောင်လိုက်သည်။ "ငါက ခင်ဗျားတို့ ယုံကြည်တဲ့ 'အားကြီးသူက အသက်ရှင်မယ်' ဆိုတဲ့ မူဝါဒအတိုင်း လိုက်လုပ်ပေးရုံပဲ"

"ငါတို့ကြားက ရန်ငြိုးအကြောင်း ပြောရရင်တော့ တကယ်တမ်း ဘာမှမရှိပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်သားနဲ့ တပည့်တချို့က မြို့ငယ်လေးတစ်ခုမှာ ခွင့်မလွှတ်နိုင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့လို့ ငါတို့ကလည်း သူတို့ကို သတ်လိုက်မိတာပဲ ရှိတယ်"

"အဲ့ဒါက သူတို့ရဲ့ ကိုယ်ပိုင်လုပ်ရပ်ပါ... ဂိုဏ်းနဲ့ မဆိုင်ပါဘူး ငါသာ အဲ့ဒီမှာ ရှိရင် သူတို့ကို တားမိမှာပါ ငါတို့ဂိုဏ်းက မတရားတဲ့လုပ်ရပ်တွေကို လက်မခံပါဘူး..."

မျက်နှာနီနှင့်လူက အသက်ရှင်ချင်သဖြင့် လုချင်း၏ သတ်ဖြတ်လိုစိတ် ပျောက်သွားအောင် တောင်းပန်လိုက်သည်။

"တရားမျှတတဲ့ ဂိုဏ်း ဟုတ်လား" လုချင်းက မဲ့ပြုံး ပြုံးလိုက်သည်။ "ဟုန်ဟောက်ယီ... ခင်ဗျားရဲ့ မရီး ဘယ်လိုသေသွားလဲ မှတ်မိသေးလား"

"မင်း... မင်း ဘယ်လို..." မျက်နှာနီနှင့်လူမှာ တုန်လှုပ်သွားလေပြီး မျက်လုံးများပင် ပြူးကျယ်သွားတော့သည်။

"ခင်ဗျားမိဘတွေ စောစောစီးစီး ဆုံးပါးသွားကြတော့ အစ်ကိုနဲ့ မရီးကပဲ ခင်ဗျားကို ကျွေးမွေးစောင့်ရှောက်ခဲ့တာ။ ဒါပေမဲ့ ခင်ဗျားက မရီးကို မရိုးမသားစိတ်နဲ့ ပြစ်မှားခဲ့တယ်။ သူက ငြင်းတော့ ခင်ဗျား သူ့ကို သတ်ပစ်လိုက်တယ်လေ။ ပြီးတော့ မူးနေတဲ့ ခင်ဗျားအစ်ကိုရင်းကိုပါ သတ်လိုက်တယ်... မဟုတ်ဘူးလား"

"မင်းက ဘယ်သူလဲ အဲ့ဒါကို ဘယ်လိုလုပ်သိတာလဲ"

သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက် ပေါက်ကြားသွားသဖြင့် မျက်နှာနီနှင့်လူမှာ ရူးသွပ်မတတ် အော်ဟစ်လိုက်သည်။

"ငါကလား... ခင်ဗျားအစ်ကိုနဲ့ မရီးက ခင်ဗျားအသက်ကို လာယူဖို့ လွှတ်လိုက်တဲ့သူပဲ"

ထိုအခါ၌ လုချင်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။

…

အခန်း ၂၃၀ - ဝိညာဉ်ထင်ယောင်ထင်မှား၊ ပွဲကြီးပွဲကောင်း

"မဖြစ်နိုင်တာ... သူတို့သေတာ ဆယ်စုနှစ်တောင် ရှိနေပြီ၊ ဘယ်လိုလုပ် တခြားလူကို သုံးပြီး ကလဲ့စားလာချေနိုင်မှာလဲ မင်း ဘယ်သူလဲ"

လုချင်း၏ စကားကို ကြားသောအခါ မျက်နှာနီနှင့်လူသည် ရူးသွပ်မတတ် အော်ဟစ်လေတော့သည်။ သူ့မျက်နှာထားမှာ စိတ်ဓာတ်ပျက်ပြားလုနီးပါး ဖြစ်နေလေ၏။

"သခင်လေးလု ဘာလုပ်နေတာလဲ"

အဝေးမှ မာကူးနှင့် အခြားသူများမှာတော့ နားမလည်နိုင်စွာဖြင့် လှမ်းကြည့်နေကြသည်။ သူတို့က အတော်လေး ဝေးနေသဖြင့် လုချင်း ပြောသည်ကို မကြားရဘဲ ဟုန်ဟောက်ယီ ရုတ်တရက် ရူးသွပ်စွာ အော်ဟစ်နေသည်ကိုသာ မြင်လိုက်ရသည်။

"ဟုတ်တယ်... သူတို့ သေသွားကြပြီ။ ဒါပေမဲ့ မတရားသဖြင့် သေဆုံးခဲ့ရလို့ သူတို့ရဲ့ နာကျည်းချက်တွေက မပြေပျောက်နိုင်သေးဘူးလေ။ ဆယ်စုနှစ်ပေါင်းများစွာ ဘဝမကူးနိုင်ဘဲ အထီးကျန်တစ္ဆေတွေအဖြစ် လှည့်လည်သွားလာနေရတယ်။ ဟိုမှာကြည့်လိုက်... သူတို့ရဲ့ ဝိညာဉ်တွေကို မြင်လား"

ထိုလုချင်း၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်လာပြီး အနီးနားရှိ စပါးခင်းဘက်သို့ ညွှန်ပြလိုက်သည်။

ဟုန်ဟောက်ယီ ခေါင်းလှည့်ကြည့်လိုက်ရာ နောက်တစ်ခဏတွင်တော့ သူ၏ မျက်ဆံများ ကျယ်သွားတော့သည်။ စပါးခင်းအထက်တွင် အဖြူရောင် ပုံရိပ်နှစ်ခု ဝဲပျံနေသည်ကို သူ မြင်လိုက်ရသည်။

တစ်ခုက သွေးများဖြင့် ဖုံးလွှမ်းနေပြီး နောက်တစ်ခုကတော့ လျှာထွက်နေကာ နှစ်ခုစလုံးက သူ့ကို ခံစားချက်မဲ့စွာဖြင့် ကြောက်မက်ဖွယ် စိုက်ကြည့်နေကြလေ၏။

သူတို့၏ ပုံပန်းသဏ္ဌာန်မှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာက သေဆုံးသွားခဲ့ပြီး သူ၏ အိပ်မက်များထဲတွင် မကြာခဏ ပေါ်လာတတ်သည့် အစ်ကိုဖြစ်သူနှင့် မရီးဖြစ်သူတို့နှင့် တစ်ပုံစံတည်း တူညီနေလေသည်။

"ကြည့်စမ်း... ခင်ဗျားအစ်ကိုနဲ့ မရီးရောက်လာပြီ။ ခင်ဗျားသေမှပဲ သူတို့ကျွတ်လွတ်ပြီး လူပြန်ဝင်စားနိုင်မယ်တဲ့။ ကြည့်ပါဦး... သူတို့က ခင်ဗျားအသက်ကို လာတောင်းနေကြပြီ"

လုချင်း၏ အသံတွင် ထူးဆန်းသော စည်းချက်တစ်ခု ပါဝင်နေလေ၏။

သူစကားပြောလိုက်သည်နှင့် တပြိုင်နက် လယ်ကွက်ထဲမှ အဖြူရောင် ပုံရိပ်နှစ်ခုသည် မျက်နှာနီနီနှင့်လူထံသို့ ဖြည်းညှင်းစွာ လွင့်မျောလာပြီး သူ၏လည်ပင်းဆီသို့ လက်များကို တဖြည်းဖြည်း ဆန့်တန်းလိုက်ကြလေသည်။

"မလုပ်ပါနဲ့... မလုပ်ပါနဲ့ အစ်ကိုရယ်.. မရီးရယ်.. ကျွန်တော် တမင်သတ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့်အသက်ကို မယူပါနဲ့... မလုပ်ကြပါနဲ့ဗျာ... တောင်းပန်ပါတယ်"

အဖြူရောင်ပုံရိပ်နှစ်ခု ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ၌ မျက်နှာနီနီနှင့်လူ၏ မျက်နှာပေါ်တွင် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်မှုများ ပေါ်လာတော့သည်။ သူသည် အနောက်သို့ ဆုတ်ခွာရန် ကြိုးစားရင်း အသည်းအသန် အော်ဟစ်လိုက်သည်။

သို့သော် သူ၏ ကြိုးစားမှုများမှာ အချည်းနှီးသာပင်။ သူသည် ခြေထောက်များကျိုးနေသည့်အပြင် ကြောက်လွန်းသဖြင့် အားအင်များလည်း ကုန်ခမ်းနေပြီ ဖြစ်သည်။ သူ မည်မျှပင် တွားသွားရန် ကြိုးစားစေကာမူ အဖြူရောင်ပုံရိပ်နှစ်ခုမှာ တဖြည်းဖြည်း နီးကပ်လာပြီး လက်များက သူ၏ လည်ပင်းကို ညှစ်ရန် ပြင်လိုက်ကြလေသည်။

"ဟင့်အင်း... မလုပ်ပါနဲ့"

မျက်နှာနီနီနှင့်လူသည် သူ၏ လည်ပင်းကို လက်များဖြင့် ကာကွယ်ကာ ဖြူဖျော့ဖျော့လက်များမှ ရုန်းထွက်ရန် ကြိုးစားလေသည်။

သို့သော် အရာအားလုံးက အချည်းနှီးသာဖြစ်၏။ ထိုလက်နှစ်ဖက်မှာ ဝိညာဉ်များကဲ့သို့ပင် ဖြစ်ပြီး မျက်နှာနီနီနှင့်လူ၏ လက်များကို ဖြတ်သန်းကာ သူ၏ လည်ပင်းကို တင်းကျပ်စွာ ညှစ်ထားလိုက်တော့သည်။

ထိုအချိန်မှာပင် အဖြူရောင်ပုံရိပ်နှစ်ခု၏ မျက်နှာများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီး ရူးသွပ်စွာ စိတ်လှုပ်ရှားနေသည့် ပုံစံများ ဖြစ်သွားကြလေသည်။

လည်ပင်းကို ရေခဲတမျှအေးစက်စွာ ညှစ်ထားမှုကို ခံစားလိုက်ရပြီး အသက်ရှူကျပ်လာသည်နှင့်အမျှ၊ အစ်ကိုနှင့် မရီးဖြစ်သူတို့၏ တစ္ဆေဝိညာဉ်များမှ ရူးသွပ်ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားများကို မြင်လိုက်ရသောအခါ၌ မျက်နှာနီနီနှင့်လူမှာ လုံးဝကို စိတ်ဓာတ်ကျသွားပြီး ကြောက်ရွံ့မှုအထွတ်အထိပ်သို့ ရောက်သွားတော့သည်။ သူအော် ဟစ်ချင်သော်လည်း လည်ပင်းကို တင်းကျပ်စွာ ညှစ်ထားခံရသဖြင့် အသက်ရှူရခက်ခဲလာကာ လည်ချောင်းထဲမှ တဂွပ်ဂွပ်မြည်သံများသာ ထွက်ပေါ်လာသည်။

နောက်ဆုံးတွင်တော့ ကြီးမားသော ကြောက်ရွံ့မှုနှင့် မွန်းကြပ်မှုတို့အကြား၌ မျက်နှာနီနီနှင့်လူ၏ အမြင်အာရုံများ ဝေဝါးသွားကာ တိတ်တဆိတ်ပင် သေဆုံးသွားလေတော့၏။

ဖြစ်ပျက်သမျှ အရာအားလုံးကို လုချင်းကတော့ ဘာအသံမှမပြုဘဲ အေးစက်စွာ ရပ်ကြည့်နေခဲ့သည်။

"ညီလေးလုချင်း... ဘာဖြစ်သွားတာလဲ"

ထိုအချိန်တွင် မာကူး လျှောက်လာပြီး မျက်နှာနီနီနှင့်လူ၏ သေဆုံးနေပုံကိုကြည့်ကာ လန့်သွားလေသည်။

"ဒီလူက သူ့ကိုယ်သူ ပြန်ညှစ်သတ်သွားတာလား... ရက်စက်လိုက်တာ"

"ဘာမှမဟုတ်ပါဘူး... သွားကြစို့။ အလောင်းကို ရှင်းပြီးရင် ကျွန်တော်တို့သွားလို့ရပြီ"

လုချင်းက လှည့်ထွက်သွားသည်။

မာကူးသည် မျက်နှာနီနီနှင့်လူကို တစ်ချက်ပြန်ကြည့်လိုက်သည်။ အထူးသဖြင့် မသေခင်က အလွန်အမင်း ကြောက်ရွံ့ခဲ့သည့် လက္ခဏာများ ကျန်ရစ်နေသော မျက်နှာကို ကြည့်မိသောအခါ၌ တစ်ခုခု လွဲနေသည်ဟု ခံစားမိသော်လည်း ဘာလဲဆိုတာကိုတော့ သူ စဉ်းစားမရပေ။

သို့သော် သူ ဆက်မတွေးတော့ပေ။

ဘာပဲဖြစ်ဖြစ် ဒီလူတွေက အမှိုက်တွေပဲလေ... သေတာက သေတာပါပဲ။ ညီလေးလုချင်းက ထူးဆန်းတဲ့နည်းလမ်းတစ်ခုခု သုံးလိုက်တာနေမှာပါ။

မာကူးသည် တွေးပြီးနောက် ခေါင်းခါလိုက်ပြီး အလောင်းကို သယ်ရန် ပြင်လိုက်သည်။

လုချင်းသည် မြင်းလှည်းဆီသို့ လျှောက်သွားရင်း တွေးတောနေမိသည်။

မျက်နှာနီနီနှင့်လူ၏ တုံ့ပြန်မှုမှာ တကယ့်သရဲခြောက်ခံရခြင်းကြောင့် မဟုတ်ဘဲ လုချင်း၏ စိတ်ဝိညာဉ်အာရုံထင်ယောင်ထင်မှားဖြစ်စေမှုထဲသို့ ကျရောက်သွားခြင်းကြောင့် ဖြစ်သည်။

သူ၏ နတ်မျက်စိစွမ်းရည်မှတစ်ဆင့် ရရှိသော သတင်းအချက်အလက်များအရ လုချင်းသည် ထိုလူ၏ လျှို့ဝှက်ချက်တစ်ခုကို သိထားခဲ့သည်။ ငယ်စဉ်က ထိုလူသည် သူ့အား ကျွေးမွေးစောင့်ရှောက်ခဲ့သော အစ်ကိုနှင့် မရီးဖြစ်သူကို သတ်ဖြတ်ခဲ့သည့် ယုတ်မာမှုကို ကျူးလွန်ခဲ့ဖူးပြီး ၎င်းမှာ သူ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ပင်။

ထို့ကြောင့် လုချင်းက သူ့ကို ဒီတိုင်းလွယ်လွယ်လေး အသေမခံချင်ခဲ့ပေ။

မကြာသေးမီက သူ၏ ဝိညာဉ်စွမ်းအား များစွာတိုးတက်လာခဲ့သဖြင့် ယခင်က မလုပ်ဆောင်နိုင်ခဲ့သော စိတ်ဝိညာဉ်ဆိုင်ရာ လျှို့ဝှက်နည်းလမ်းများကို အသုံးပြုနိုင်လာပြီဖြစ်ရာ မျက်နှာနီနီနှင့်လူကို စမ်းသပ်ကြည့်လိုက်ခြင်း ဖြစ်သည်။

ရလဒ်ကတော့ တော်တော်လေး ကျေနပ်စရာကောင်းသည်ဟု ဆိုရမည်။

မိမိ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခံလိုက်ရသည့်အချိန်၌မ မျက်နှာနီနီနှင့်လူ၏ စိတ်ဓာတ်ခိုင်မာမှုမှာ ယိုင်နဲ့သွားပြီး လုချင်း၏ စိတ်ဝိညာဉ်အာရုံထင်ယောင်ထင်မှားဖြစ်စေမှုထဲသို့ လုံးလုံးလျားလျား ကျရောက်သွားကာ သူ့အစ်ကိုနှင့် မရီးက သူ့ကို ခြောက်လှန့်နေသည်ဟု တကယ်ယုံကြည်သွားခြင်း ဖြစ်သည်။

လက်တွေ့တွင်မူ သူက သူ့လည်ပင်းသူ ပြန်ညှစ်နေခဲ့ခြင်းသာ။

သို့သော် သေဆုံးသွားသည့်အချိန်ထိ မျက်နှာနီနီနှင့်လူမှာ ထိုအချက်ကို သတိမထားမိလိုက်ရှာပေ။

တိမ်လွှာစီးဂိုဏ်းမှ တပည့်များ၏ အလောင်းများကို လမ်းဘေးရှိ သစ်တောထဲတွင် မြှုပ်နှံပြီးနောက် လုချင်း အနည်းငယ် စိတ်ရှုပ်သွားသည်။

အလောင်းများကို ရှင်းလင်းရန် ပိုမိုအဆင်ပြေသော နည်းလမ်းတစ်ခုကို တီထွင်သင့်သည်ဟု သူ တွေးမိသည်။ သို့မဟုတ်ပါက လူသတ်ပြီးတိုင်း အလောင်းရှင်းနေရသည်မှာ တော်တော်လေးကို အလုပ်ရှုပ်လှပြီး အချိန်ကုန်စေသောကြောင့်ပင်။

အလောင်းများကို မြေမြှုပ်ပြီးနောက် လုချင်းတို့အဖွဲ့ ခရီးဆက်ခဲ့ကြသည်။

“အားချင်း... စောစောက တိမ်လွှာစီးဂိုဏ်းက အဘိုးကြီး ဘာလို့ ရုတ်တရက်ကြီး သွေးရူးသွေးတန်းနဲ့ အော်ဟစ်နေတာလဲ"

မြင်းလှည်းပေါ်တွင် သမားတော်ကြီးချန်က မေးလိုက်သည်။

သူသည် စောစောက မြင်းလှည်းပေါ်မှ မဆင်းခဲ့သော်လည်း လုချင်း၏ ဝိညာဉ်စွမ်းအား အတက်အကျကိုတော့ ခပ်ရေးရေး အာရုံခံမိလိုက်သည်။ မြင်းလှည်းမောင်းနေသော မာကူးကလည်း နားစွင့်နေလိုက်သည်။

"စောစောက ကျွန်တော် ဝိညာဉ်စွမ်းအား နည်းနည်းသုံးပြီး အဲ့ဒီ တိမ်လွှာစီးဂိုဏ်းက အဘိုးကြီးကို အတိတ်က သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ ပြန်မြင်ယောင်လာအောင် လုပ်ခဲ့တာကြောင့်ပါ။ ဒါပေမဲ့ သူက အရမ်းကိုကြောက်သွားပြီး သူ့ကိုယ်သူ လည်ပင်းပြန်ညှစ်ပြီး သတ်သေသွားတယ်လေ" လုချင်းက ပြန်ဖြေလိုက်သည်။

"ကြောက်လွန်းလို့ သေသွားတာလား... သူက ဘယ်လိုတောင်ကြီးလေးတဲ့ အပြစ်မျိုး ကျူးလွန်ခဲ့လို့လဲ" သမားတော်ကြီးချန်က စိတ်လှုပ်ရှားသွားသည်။

"သူက သူ့ရဲ့ ယုတ်မာတဲ့ ရမ္မက်ဆန္ဒတွေကြောင့် သူ့ကို ကျွေးမွေးစောင့်ရှောက်လာတဲ့ အစ်ကိုရင်းနဲ့ မရီးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ဖူးတယ်လေ" လုချင်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"......"

သမားတော်ကြီးချန်မှာ ဆွံ့အသွားပြီး ဘာမှမပြောနိုင်တော့ပေ။

"သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အစ်ကိုနဲ့ မရီးကိုတောင် သတ်ရက်တယ်ပေါ့လေ... ဒီ တိမ်လွှာစီးဂိုဏ်းက တကယ့်ကို မြွေပွေးမြွေဟောက်အသိုက်အမြုံပါလားနော်။ လူကောင်းတစ်ယောက်မှကို မရှိပါလား" ဝေ့ကျိအန်းက ဒေါသတကြီး ဆဲရေးလေသည်။

ရှေ့မှ မြင်းလှည်းမောင်းနေသော မာကူးလည်း ဒေါသထွက်သွားသည်။ ထို့ပြင် သူသည် အံ့အားသင့်နေမိပါ၏။

ညီလေးလုချင်းက ပိုပြီးတော့တောင် ကြောက်စရာကောင်းလာပါလား... ကိုယ်တွင်းအင်္ဂါအဆင့်ရောက်နေတဲ့ သိုင်းပညာရှင်တစ်ယောက်ကိုတောင် ဘာအသံမှမထွက်စေဘဲ အာရုံထင်ယောင်ထင်မှားဖြစ်စေမှုထဲ ကျရောက်စေပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားအောင် လုပ်နိုင်တယ်ဆိုတော့...

ထိုနည်းလမ်းမျိုးအား သူ ကြားတောင်မကြားဖူးခဲ့ပေ။

ယခု ထိပ်တိုက်တွေ့ဆုံမှုကြောင့် လုချင်းတို့အဖွဲ့လည်း စိတ်အေးသွားရသည်။ အနည်းဆုံးတော့ တိမ်လွှာစီးဂိုဏ်းက သူတို့ကို ကျော်ပြီး ချင်းဖုန်းမြို့ဆီ မရောက်သွားဘူးဆိုတာ သေချာသွားပြီဖြစ်သည်။

နောက်တစ်ဆင့်အနေနှင့် သူတို့သာ တိမ်လွှာစီးဂိုဏ်းဆီ တန်းတန်းမတ်မတ် သွားလိုက်ရင် ချင်းဖုန်းမြို့က ဘေးကင်းလောက်ပြီဖြစ်သည်။

လုချင်းက အလောင်းဖျောက်ဖျက်မည့် နည်းလမ်းကို စဉ်းစားနေစဉ် မြင်းလှည်းက ပုံမှန်လေး ဆက်သွားနေသည်။ နောက်ဆုံးတွင် သူ့ခေါင်းထဲ အကြံဉာဏ်အချို့ ရလာချိန်မှာပင် မြင်းလှည်း ရပ်သွားလေ၏။

"သမားတော်ကြီး... ကျွန်တော်တို့ ခရီးနှင်လာတာ နည်းနည်းကြာနေပြီ။ မြင်းတွေလည်း ပင်ပန်းနေလောက်ရောပေါ့။ ရှေ့မှာ လက်ဖက်ရည်ဆိုင်လေး ရှိတယ်... အဲ့ဒီမှာ ခဏလောက်နားကြမလားဗျ" မာကူးက အကြံပြုသည်။

"ကောင်းပြီလေ" သမားတော်ကြီးချန်က ခေါင်းညိတ်လိုက်သည်။

ခွင့်ပြုချက်ရသည်နှင့် မာကူးက မြင်းလှည်းကို ဆိုင်နားသို့ ကပ်လိုက်သည်။ လုချင်းတစ်ယောက် လိုက်ကာကို မကာ ကြည့်လိုက်သောအခါ၌ ရှေ့နားတွင် မြက်မိုးထားသော တဲလေးတစ်လုံးကို တွေ့လိုက်ရပြီး "လက်ဖက်ရည်" ဟု ရေးထိုးထားသော အလံကြီးတစ်ခု လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်ကို မြင်လိုက်ရသည်။

"ဟေး... ဧည့်သည်တို့... လက်ဖက်ရည် သောက်ကြမလားဗျ"

မြင်းလှည်း အရှိန်လျှော့လိုက်သည်ကို မြင်လိုက်ရသည့်အချိန်၌ အဝတ်အစားနွမ်းပါးပါးနှင့် ပုခုံးပေါ်တွင် တဘက်တစ်ထည် တင်ထားသော လူငယ်လေးတစ်ယောက်က ရိုကျိုးသော အပြုံးဖြင့် လျှောက်လာပြီး နှုတ်ဆက်လေသည်။

"သောက်မယ်လေ... ငါတို့ ခရီးနှင်လာတာ ပင်ပန်းနေလို့ လက်ဖက်ရည်သောက်ချင်တယ်။ ပြီးတော့ မြင်းစာရော ရှိလား" မာကူးက မေးလိုက်သည်။

"ရှိပါတယ်... ရှိပါတယ်ခင်ဗျာ။ တဲအနောက်မှာ အကောင်းစား မြင်းစာတွေ ရှိပါတယ်။" လူငယ်လေးက အလျင်အမြန် ပြောလိုက်သည်။

"ကောင်းပြီ... နှစ်စည်းလောက်ယူပြီး ငါတို့မြင်းတွေကို ကျွေးထားလိုက်။ ပိုက်ဆံ ကောင်းကောင်းပေးမယ်"

"ဟုတ်ကဲ့ပါခင်ဗျာ... ဧည့်သည်တို့ အထဲကြွကြပါ"

လူငယ်လေးက မြင်းများကို ကူညီထိန်းကျောင်းပေးလိုက်သည်။ လုချင်းနှင့်အဖွဲ့လည်း လက်ဖက်ရည်ဆိုင်တဲထဲသို့ ဝင်ခဲ့ကြသည်။

ထိုအခါတွင် အဘိုးအိုတစ်ဦး ထွက်လာပြီး ပြုံးကာ ဆီးကြိုလာလေ၏။ "ဧည့်သည်တို့... ဒီမှာ ထိုင်ကြပါ"

သူတို့ ထိုင်လိုက်ပြီးနောက် အဘိုးအိုက မေးလာသည်။ "ဘာများ သုံးဆောင်ချင်ပါလဲ"

"ထွေထွေထူးထူး မလိုပါဘူး... ရိုးရိုးလက်ဖက်ရည် နှစ်အိုးနဲ့ စားစရာ တစ်ခုခု ချပေးပါ" သမားတော်ကြီးချန်က ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ... ခဏလေး စောင့်ပါနော်"

အဘိုးအို ထွက်သွားပြီးနောက်၌ လုချင်းက လက်ဖက်ရည်ဆိုင်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ တဲက တော်တော်လေး ကျယ်ဝန်းလှပြီး တခြားစားပွဲဝိုင်းအနည်းငယ်တွင် ဧည့်သည်များ ရှိနေကြကာ ဘယ်သူမှတော့ သာမန်လူပုံ မပေါက်ပေ။

လုချင်းကတော့ မအံ့သြမိပါ။ သူတို့ကိုင်ဆောင်ထားသော လက်နက်များကို မြင်ရုံနှင့် သိပ်အာရုံမစိုက်တော့ပေ။

ဒီလိုခေတ်ကာလကြီးမှာ ခရီးသွားလာရဲသူတွေက သာမန်လူတွေ မဟုတ်ကြတာ များသည်။ အများစုက မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိသည့် သိုင်းပညာရှင်များ သို့မဟုတ် ကိုယ်ရံတော် ငှားရမ်းနိုင်သည့် သူဌေးများသာ ဖြစ်သည်။ တကယ့် ဆင်းရဲသားများကတော့ အလွယ်တကူ ခရီးမထွက်ရဲကြပေ။

တခြားဝိုင်းမှ လူများက လုချင်းတို့အဖွဲ့ကို တစ်ချက်လှမ်းကြည့်ကြသော်လည်း သိပ်စိတ်ဝင်စားပုံ မရပေ။ မြင်းလှည်းနှင့် ခရီးသွားသူများသည် ယေဘုယျအားဖြင့် သာမန်မဟုတ်ကြမှန်း သိကြသလို၊ တစ်ဖက်က မတရားမလုပ်သရွေ့ တစ်ဖက်ကလည်း ရန်စစရာအကြောင်း မရှိပေ။

မကြာမီပင် ဆိုင်ရှင်က လက်ဖက်ရည် နှစ်အိုးနှင့် စားစရာအချို့ လာချပေးသည်။ လက်ဖက်ရည်ကြမ်းနှင့် ပေါက်စီ၊ ဟင်းရွက်အချို့သာ ဖြစ်ပြီး ရိုးရှင်းလှပါ၏။ သို့သော် ဒီလို ဝေးလံခေါင်သီသောနေရာမျိုးတွင် ဒီလောက်ရသည်ကပင် မဆိုးလှပေ။ လုချင်း စစ်ဆေးကြည့်ပြီး ပြဿနာမရှိမှန်း သိလိုက်မှ ပေါက်စီတစ်လုံးကို ယူကာ စားလိုက်သည်။

"ဒီတစ်ခါတော့ တိမ်လွှာစီးဂိုဏ်း သိက္ခာကျပြီဟေ့။ ဂိုဏ်းသခင်လေးတောင် အသတ်ခံလိုက်ရတယ်တဲ့... ဘယ်သူသတ်သွားလဲဆိုတာလည်း မသိရဘူးဆိုပဲ"

လုချင်းတို့အဖွဲ့ တိတ်တဆိတ် စားသောက်နေစဉ် ဘေးဝိုင်းမှ ပြောစကားသံများက သူတို့အာရုံကို ဖမ်းစားလိုက်သည်။

"မဖြစ်နိုင်တာ... တိမ်လွှာစီးဂိုဏ်းက ယွင်ကျိုးရဲ့ အဓိကဂိုဏ်းကြီးသုံးခုထဲက တစ်ခုလေ... ဘယ်သူက သူတို့ကို ရန်စရဲမှာလဲ" တစ်ယောက်က သံသယဖြင့် မေးလာ၏။

"ဘာလို့ မရရမှာလဲ... ထျန်းယန်ဂိုဏ်းထဲ ရောက်နေတဲ့ ငါ့တူလေး ပြောပြတာကွ။ ဒီသတင်းက ယွင်ကျိုးတစ်ခုလုံး ပျံ့နေပြီတဲ့... သတင်းမှားလုံးဝမဟုတ်နိုင်ဘူး" ပထမလူက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

"အစ်ကိုဝမ်က အဆက်အသွယ် ကောင်းသားပဲ။ ထျန်းယန်ဂိုဏ်းဆိုတာ အဓိကဂိုဏ်းကြီးသုံးခုရဲ့ အောက်မှာပဲ ရှိတာလေ။ ခင်ဗျားတူလေးက တော်တော် အရည်အချင်းရှိမှာပဲ"

ထိုစကားကို ကြားသောအခါ တစ်ယောက်က ချက်ချင်း ဝင်၍ မြှောက်ပင့်ပြောဆိုလေသည်။

"မဟုတ်ပါဘူးဗျာ... သူက ထျန်းယန်ဂိုဏ်းထဲ ကံကောင်းပြီး ရောက်သွားတာပါ"

အစ်ကိုဝမ်က နှိမ့်ချပြောဆိုသော်လည်း သူ့အပြုံးကိုတော့ မထိန်းနိုင်ပေ။ တခြားသူများကလည်း အံ့သြတကြီးဖြင့် "ဒါဆို တကယ်ပေါ့နော်... တိမ်လွှာစီးဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးကိုတောင် သတ်ရဲတဲ့သူက ဘယ်သူများပါလိမ့်... သေမှာ မကြောက်ကြဘူးလား"

"ဟုတ်တယ်... အဲ့ဒီ ဂိုဏ်းသခင်လေးက ဂိုဏ်းချုပ်ရဲ့ သားအရင်းခေါက်ခေါက်လို့ ကြားဖူးတယ်။ တိမ်လွှာစီးဂိုဏ်းက ဗိုလ်ကျစိုးမိုးတတ်ပြီး ကိုယ့်လူဆို အရမ်းကာကွယ်တတ်တာ... သူတို့တွေ ခုချိန်လောက်ဆို ရူးသွားလောက်ရောပေါ့"

"ဘယ်သူသတ်လဲဆိုတာ သူတို့ မသိကြဘူးလေ။ ဒါပေမဲ့ မကြာသေးခင်က တိမ်လွှာစီးဂိုဏ်းက အရူးလိုမျိုး ယွင်ကျိုးတစ်ခုလုံးကို မြေလှန်ရှာနေတာတဲ့။ သူတို့ရဲ့ဂိုဏ်းသခင်လေးကို တခြားဂိုဏ်းတွေက လုပ်ကြံတယ်လို့ သံသယဝင်နေကြတဲ့ပုံပဲ။ အဲ့ဒါကြောင့် အခုတလော ယွင်ကျိုးက နာမည်ကြီးဂိုဏ်းအများစုကို တိမ်လွှာစီးဂိုဏ်းက လိုက်မေးပြီး သဲလွန်စ ပေခိုင်းနေတာလေ။ မပေးနိုင်ရင် အပြစ်ပေးတာမျိုး၊ ဂိုဏ်းသခင်လေးကို သတ်ပါတယ်ဆိုပြီး စွပ်စွဲပြီးတော့ အဲ့ဒီဂိုဏ်းတွေပိုင်တဲ့ ပစ္စည်းတွေကို သိမ်းယူတာမျိုးတွေ လုပ်နေကြတာတဲ့လေ... သူတို့တွေ ရူးနေကြပြီထင်တယ်"

"ဒါက စုံစမ်းသလိုလိုနဲ့ ဓားပြတိုက်နေတာပဲလေ။ တိမ်လွှာစီးဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးကို သတ်တဲ့ တရားခံအစစ်ကို ရှာရမယ့်အစား တခြားဂိုဏ်းတွေကို လိုက်ပြီး လုယက်နေတာပဲ... တော်တော် ဗိုလ်ကျတာပဲကွာ"

"တိမ်လွှာစီးဂိုဏ်းက အမြဲတမ်း ဗိုလ်ကျနေကျပါပဲကွာ။ အနီးအနားက ဂိုဏ်းတွေဆီကနေ ဆက်ကြေးတောင်းနေကျလေ။ အခုတော့ အကြောင်းပြချက်ကောင်း ရသွားပြီး ပိုတောင် လုယက်လို့ ကောင်းသွားတာပေါ့"

"လောဘကြီးပြီး ရက်စက်လိုက်ကြတာကွာ။ သူတို့ ဂိုဏ်းသခင်လေး အသတ်ခံရတာ မဆန်းပါဘူးလေ။ အမြဲ အဖိနှိပ်ခံနေရတဲ့ ဂိုဏ်းတစ်ခုခုက မခံနိုင်တော့ဘဲ တိတ်တိတ်လေး သတ်လိုက်တာလည်း ဖြစ်နိုင်တာပဲဟာ" တစ်ယောက်က တီးတိုးရေရွတ်သည်။

"အမှန် ဟုတ်တာ ၊ မဟုတ်တာ အသာထား... တိမ်လွှာစီးဂိုဏ်းကတော့ အဲဒီလိုပဲ ထင်နေပုံရတယ်။ လူသတ်တရားခံကို တွေ့ကရာနေရာ လိုက်ရှာနေတာလေ။ ဒါပေမဲ့ ယွင်ကျိုးကို တိမ်လွှာစီးဂိုဏ်း တစ်ခုတည်းက စိုးမိုးထားတာမှ မဟုတ်တာ။ မနေ့တနေ့ကပဲ သူတို့နဲ အဆင့်တူတဲ့ ပြိုင်ဘက်နဲ့ တွေ့သွားကြတယ်လေ" အစ်ကိုဝမ်က ပြောလိုက်သည်။

"ဘယ်သူနဲ့ တွေ့တာလဲ" အပေါင်းအဖော်များက ချက်ချင်း စိတ်ဝင်စားသွားကြ၏။

"တိမ်လွှာစီးဂိုဏ်းက အကြီးအကဲတစ်ယောက်က တပည့်တွေကို ခေါ်ပြီး ဂိုဏ်းငယ်လေးတစ်ခုကို သွားလုယက်တာလေ။ အဲ့ဒီမှာ ဖြတ်သွားတဲ့ လူငယ်သူရဲကောင်းတချို့က ဝင်တားရင်း ပဋိပက္ခ ဖြစ်ကြတာပေါ့။ အဲ့ဒီ အကြီးအကဲက သူ့သိုင်းကွက်ကို ယုံပြီး လူငယ်သူရဲကောင်း နှစ်ယောက်ကို သတ်လိုက်မိတယ်လေ။ မထင်မှတ်ဘဲ အဲ့ဒီ လူငယ်သူရဲကောင်းတွေထဲက တစ်ယောက်က ငွေရောင်လမင်းဂိုဏ်းက တပည့်ဖြစ်နေတယ်လေ... အဲ့ဒါကိုမှ အဲ့တစ်ယောက်က ဂိုဏ်းချုပ်ရဲ့ တပည့်အရင်းခေါက်ခေါက်ကွ"

"ငွေရောင်လမင်းဂိုဏ်းကလား" တခြားသူများကလည်း အံ့အားသင့်သွားကြလေ၏။

ငွေရောင်လမင်းဂိုဏ်းသည်လည်း ယွင်ကျိုး၏ အဓိကဂိုဏ်းကြီးသုံးခုထဲမှ တစ်ခုဖြစ်ပြီး အင်အားချင်း ယှဉ်လျှင် တိမ်လွှာစီးဂိုဏ်းအောက် မနိမ့်ကျပေ။

"ဟုတ်တယ်... ငွေရောင်လမင်းဂိုဏ်းကပဲ။ ဂိုဏ်းချုပ်က ဒီကိစ္စကို ဒီအတိုင်း မထားဘူးလေ။ တိမ်လွှာစီးဂိုဏ်းရဲ့ အရူးချီးပန်းလုပ်ရပ်တွေက လူအများကြီးကို ဒေါသထွက်စေခဲ့တာကို။ အဲ့ဒါနဲ့ ငွေရောင်လမင်းဂိုဏ်းချုပ်က အခွင့်ကောင်းယူပြီး ယွင်ကျိုးက ဂိုဏ်းအဖွဲ့အစည်းတွေကို ဖိတ်လိုက်တယ်လေ။ သူတို့က ပူးပေါင်းပြီးတော့ တိမ်လွှာစီးဂိုဏ်းကို မေးခွန်းထုတ်ဖို့ လုပ်နေကြတာ"

"အကြီးကြီးပဲဟေ့..." ဘေးနားမှ လူများ စိတ်လှုပ်ရှားသွားကြသည်။

"အစ်ကိုဝမ်... ငွေရောင်လမင်းဂိုဏ်းနဲ့ တခြားသူတွေ တိမ်လွှာစီးဂိုဏ်းကို ဘယ်တော့ သွားတွေ့ကြမလဲဆိုတာရော သိလား"

"ငါ့တူ ပြောတာတော့ သုံးရက်နေရင်တဲ့" အစ်ကိုဝမ်က ပြန်ဖြေလိုက်သည်။

"သုံးရက်လား... အဲ့ဒါကြောင့် မနေ့က လမ်းမှာ သိုင်းပညာရှင်အများကြီးကို တွေ့ခဲ့တာကို။ တချို့ဆို အရှိန်အဝါတွေ အရမ်းပြင်းထန်လွန်းလို့ ငါတောင် လန့်သွားတယ်လေ။ ဘာလို့ ရုတ်တရက်ကြီး သိုင်းပညာရှင်တွေအများကြီး အပြင်ထွက်လာကြတာလဲလို့ တွေးနေတာ... ဒီပွဲကြီးဆီ သွားနေကြတာ ဖြစ်မယ်"

"ဒီလောက် သတင်းကြီးတာကို ငါတို့လို ဂိုဏ်းအဖွဲ့အစည်း မရှိတဲ့ သိုင်းသမားတွေက အသိနောက်ကျလိုက်တာကွာ"

"ဒါဆို အစ်ကိုဝမ်... ခင်ဗျားလည်း ဒီပွဲကြီးကို သွားမလို့လား"

"ဒါပေါ့... ငွေရောင်လမင်းဂိုဏ်းက ယွင်ကျိုးက ဂိုဏ်းပေါင်းစုံရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို စုစည်းပြီး တိမ်လွှာစီးဂိုဏ်းကို ရင်ဆိုင်မှာလေ... ဒီလို ပွဲကြီးပွဲကောင်းကို ဘယ်အလွတ်ခံလို့ဖြစ်မလဲကွ"

"ဒါဆို ကျွန်တော်တို့လည်း အလွတ်မခံသင့်ဘူးပေါ့ဗျာ။ အစ်ကိုဝမ်... ရေစက်ဆုံတုန်း အတူတူ သွားကြမလားဗျာ"

"ဝမ်းသာအားရကို လက်ခံပါတယ်ဗျာ..."

ဘေးဝိုင်းမှ လူတစ်စု ခင်မင်ရင်းနှီးသွားကာ ညီအစ်ကိုများသဖွယ် ဖြစ်လုနီးပါး ဖြစ်နေသည်ကို ကြည့်ပြီး နားစွင့်နေကြသော လုချင်းနှင့် သူ့အဖွဲ့သားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေတော့သည်။

All Chapters