← Chapters

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

အခန်း ၂၃၁ - မာနခဲလေး လီ နှင့် အတူတူခရီးသွားခြင်း

တစ်ဖက်စားပွဲဝိုင်းမှာ ခဏကြာ ဆူညံစွာ စကားပြောဆိုပြီးနောက် ကျသင့်ငွေကို ရှင်းကာ လက်ဖက်ရည်ဆိုင်တဲလေးမှ ထွက်ခွာသွားကြလေသည်။ တိမ်လွှာစီးဂိုဏ်းတွင် ဖြစ်ပျက်မည့် ပွဲကြီးပွဲကောင်းကို လွတ်သွားမည် စိုးရိမ်သဖြင့် လမ်းခရီးကို အမြန်နှင်လိုကြပုံရ၏။

သူတို့ထွက်သွားပြီးနောက် ကျန်ရှိသည့် စားပွဲနှစ်ဝိုင်းမှ လူများလည်း ငွေရှင်းကာ ထွက်ခွာသွားကြပြန်သည်။ လုချင်းကတော့ ထိုသူများ၏ ကျောပြင်ကို ကြည့်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေသည့်ဟန်ဖြင့် ကျန်ရစ်ခဲ့လေသည်။

လက်ဖက်ရည်နှစ်အိုး သောက်ပြီး၍ ပေါက်စီများ ကုန်စင်သွားသည့်အခါ လုချင်းနှင့် အပေါင်းအဖော်များသည် ခဏမျှ ထပ်မံအနားယူလိုက်ကြသည်။ မြင်းများကို အစာကျွေး၊ ရေတိုက်ပြီး အားအင်ပြည့်ဝသွားသည့်အခါမှ ခရီးကို ဆက်လက်ထွက်ခွာခဲ့ကြတော့သည်။

"သမားတော်ကြီးချန်... တိမ်လွှာစီးဂိုဏ်းက ဒီလောက်အထိ ဆူဆူပူပူ ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲဗျာ" မြင်းလှည်းအတွင်းမှ ဝေ့ကျိအန်းက အံ့သြတကြီး ပြောလိုက်သည်။

"ဟုတ်ပါ့ကွာ... သူတို့ဂိုဏ်းသခင်လေး ပျောက်သွားလို့ ပျာပျာသလဲ ရှာနေကြမယ်ထင်တာ။ အခုတော့ ဒါကို အကြောင်းပြပြီး တခြားဂိုဏ်းငယ်လေးတွေကို ဗိုလ်ကျလုယက်ဖို့ လုပ်နေကြတာပဲ" မာကူးက သက်ပြင်းချရင်း ဆိုလေသည်။

လုချင်းတစ်ယောက်သာ ဘာမှမပြောဘဲ အတွေးနက်နေ၏။ သမားတော်ကြီးချန်က သူ၏အမူအရာကို သတိထားမိသဖြင့် "အားချင်း... မင်း ဘာတွေ စဉ်းစားနေတာလဲ"

"ဆရာ... ချင်းဖုန်းမြို့မှာ သေသွားတဲ့ တိမ်လွှာစီးဂိုဏ်းက ဂိုဏ်းသခင်လေးနဲ့ တပည့်တွေထဲက တစ်ယောက်မှ လွတ်မသွားဘူးလေ။ တိမ်လွှာစီးဂိုဏ်းက သူ သေသွားပြီဆိုတာကို ဒီလောက်အမြန်ကြီး အတည်မပြုနိုင်သင့်ဘူး။ အလွန်ဆုံးရှိ ပျောက်နေတယ်လို့ပဲ ယူဆရမှာလေ။ ဒါဆို ဘာလို့ ယွင်ကျိုးတစ်ခုလုံးမှာ ဒီသတင်းက ပျံ့နေရတာလဲ" လုချင်းက မေးခွန်းထုတ်လိုက်သည်။

"ဟုတ်သားပဲ" မာကူးကလည်း ထောက်ခံလိုက်သည်။ "ငါတို့ ချင်းဖုန်းမြို့ကနေ မနားတမ်း လာခဲ့တာတောင် အပြင်လူတွေက ဂိုဏ်းသခင်လေး သေတာကို အခုလေးတင် ဖြစ်ထားသလိုမျိုး သိနေကြတာက တော်တော်လေး သံသယဖြစ်စရာပဲ"

ထိုစကားကို ကြားသော် လုချင်း၏ စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာသည်။

"အားချင်း... မင်း တစ်ခုခုကို စဉ်းစားမိသွားတာလား" သမားတော်ကြီးက မေးလိုက်သည်။

"ဟုတ်... ကျွန်တော်ကတော့ တိမ်လွှာစီးဂိုဏ်းမှာ သူတို့လူတွေရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ချက်ချင်းသိနိုင်တဲ့ ရတနာတစ်ခုခု ရှိနေတာလို့ ထင်တယ်။ အဲ့လိုမှမဟုတ်ရင် ဒါက အဓိပ္ပာယ်မရှိဘူးလေ" လုချင်းက ခန့်မှန်းလိုက်၏။

"ဒီကမ္ဘာကြီးမှာ အဲ့ဒီလို ရတနာမျိုး တကယ်ရှိလို့လား" မာကူးမှာ အံ့အားသင့်သွားသည်။ "မြို့စားမင်းပေးတဲ့ မြေပုံအရဆိုရင် တိမ်လွှာစီးဂိုဏ်းက ချင်းဖုန်းမြို့နဲ့ မိုင်ပေါင်းတစ်ထောင်လောက် ဝေးတာလေ"

"ဒီကမ္ဘာမှာ ထူးဆန်းတာတွေ အများကြီးရှိတယ်ဗျ ဆရာမာရဲ့။ ကျိအန်းတို့အိမ်က ဒယ်အိုးကြီးလိုမျိုးပေါ့။ မမြင်ဖူးခင်တုန်းက အဲ့ဒီလို အံ့သြစရာကောင်းတဲ့အရာ ရှိလိမ့်မယ်လို့ ထင်ခဲ့ဖူးလို့လား" လုချင်းက ပြုံးလျက် ပြောလိုက်သည်။

မာကူးသည် ဝေ့မိသားစု၏ မြေအောက်ခန်းတွင် တွေ့ခဲ့ရသော ထူးဆန်းသည့် ဒယ်အိုးကြီးကို ပြန်လည်အမှတ်ရသွားပြီး ခဏမျှ ဆွံ့အသွားလေသည်။ အမှန်ပင် ကိုယ်တိုင်မမြင်ဖူးခင်အထိ ထိုမျှ အံ့သြဖွယ်ကောင်းသော အရာမျိုး ရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

သို့သော် သမားတော်ကြီးချန်ကမူ လုချင်း၏ စကားကို မယုံသင်္ကာမဖြစ်ပေ။ လုချင်းသည် မသေမျိုးကျင့်စဉ် လမ်းစဉ်ကို ဆက်ခံထားသူဖြစ်ကြောင်း သူ သိထားသည်။ လုချင်းက ယုံကြည်မှုရှိရှိ ပြောနေမှတော့ တိမ်လွှာစီးဂိုဏ်းက ဂိုဏ်းသခင်လေး၏သေဆုံးမှုကို မည်သို့အတည်ပြုသလဲဆိုသည်ကို တစ်နည်းနည်းဖြင့် တွေးမိထားသည်မှာ သေချာပေသည်။

မြင်းလှည်းအတွင်း ပြန်လည်ငြိမ်သက်သွားပြီးနောက်၌ လုချင်းက အတွေးကိုပြန်ဆက်လိုက်သည်။ သူ ခန့်မှန်းနေခြင်းသာ ဖြစ်သော်လည်း တိမ်လွှာစီးဂိုဏ်းသည် အသက်ရှင်ခြင်းကို စစ်ဆေးသည့် 'ဝိညာဉ်ကျောက်ပြား' ကဲ့သို့သော အရာမျိုးကို အသုံးပြုခဲ့လျှင် ထိုဂိုဏ်းအတွင်း၌လည်း မသေမျိုးကျင့်စဉ်အမွေအနှစ် တစ်ခုခု ရှိနေနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ဒါဆိုလျှင် တိမ်လွှာစီးဂိုဏ်းသို့ သွားမည့် ခရီးစဉ်မှာ မမျှော်လင့်ထားသော အပြောင်းအလဲအချို့ ရှိလာနိုင်ပေသည်။ သို့သော် လုချင်း မစိုးရိမ်ပါ။ သူ၏ဆရာမှာ ကျင့်စဉ်အဆင့် တက်လှမ်းသွားရုံသာမက 'ချီ' ကို ကျင့်ကြံနိုင်သူလည်း ဖြစ်နေပြီပင်။ ဆရာ၏ အားကောင်းလာသော စိတ်ဝိညာဉ်စွမ်းအားနှင့်ဆိုလျှင် လက်ရှိခွန်အားမှာ 'မွေးရာပါနယ်ပယ်'၏ ပြီးပြည့်စုံခြင်းအဆင့် သိုင်းပညာရှင်နှင့်တောင် ရင်ဆိုင်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။

သူ့ကိုယ်တိုင်မှာလည်း အကျပ်အတည်းဖြစ်လာပါက 'မွေးရာပါနယ်ပယ်'သို့ တိုက်ရိုက် တက်လှမ်းနိုင်ပေသည်။ ထိုသို့ဖြစ်လာပါက သူ ပိုင်ဆိုင်ထားသော မွေးရာပါချီ နှင့် ဝိညာဉ်လက်နက်နှစ်ခု ဖြစ်သည့် ဟင်းလင်ပြင်ချီအိတ် နှင့် မြေကမ္ဘာဝိညာဉ်ပုလဲတို့ကို ပေါင်းစပ်လိုက်လျှင် ဆရာ့ထက်ပင် ပို၍စွမ်းအားကြီးမားမည်မှာ အမှန်ပင်။ ထို့ကြောင့် သူ မည်သူ့ကိုမျှ ကြောက်စရာမလိုပေ။

တကယ်၍ တိမ်လွှာစီးဂိုဏ်းမှ မသေမျိုးကျင့်စဉ်လမ်းစဉ်ကို လိုက်စားသူ အစစ်အမှန် ပေါ်လာလျှင်ပင် သူ့အနေဖြင့် အပြတ်အသတ် အနိုင်ယူနိုင်စွမ်းရှိသည်ဟု ယုံကြည်ချက်ရှိနေလေသည်။

မြင်းလှည်းမှာ ဖြည်းဖြည်းမှန်မှန်နှင့် ခရီးနှင်နေ၏။ ယွင်ကျိုးမှ အဓိကဂိုဏ်းကြီးများသည် ရက်အနည်းငယ်အတွင်း တိမ်လွှာစီးဂိုဏ်းထံသို့ တရားမျှတမှု တောင်းဆိုရန် ရောက်ရှိလာမည်ဖြစ်ကြောင်း သိထားသဖြင့် လုချင်းတို့အဖွဲ့လည်း အလျင်မလိုတော့ပေ။ လက်ရှိ အရှိန်နှင့်ဆိုလျှင် သုံးရက်အတွင်း တိမ်လွှာစီးဂိုဏ်းသို့ သေချာပေါက် ရောက်နိုင်ပါ၏။

ညနေစောင်းသည့်အခါ၌ မြင်းလှည်း ရပ်တန့်သွားသည်။

"သမားတော်ကြီး... မှောင်တော့မယ်ဗျ။ ရှေ့မှာ လူမနေတော့တဲ့ ဘုရားကျောင်းဟောင်းတစ်ခု ရှိတယ်။ ဒီညတော့ အဲ့ဒီမှာပဲ တည်းခိုလိုက်ကြမလား" မာကူးက အကြံပြုလိုက်၏။

"ဒါဆိုလည်း အဲ့ဒီမှာပဲ နားလိုက်ကြတာပေါ့" သမားတော်ကြီးက ခေါင်းညိတ်သည်။

သူတို့သည် အပြင်ဘက်တွင်သာ အိပ်စက်ခဲ့ရသည်မှာ များသဖြင့် နေသားကျနေပြီ ဖြစ်သည်။ ဘုရားကျောင်းဟောင်းတစ်ခုကို အမိုးအကာအဖြစ် ရသည်မှာပင် ကံကောင်းလှပြီဟု ဆိုရမည်။ မာကူးသည် မြင်းလှည်းကို ဘုရားကျောင်းဆီသို့ ဖြည်းညှင်းစွာ မောင်းနှင်သွားလိုက်၏။

အတွင်းသို့ ရောက်သောအချိန်၌ ထိုကျောင်းမှာ စွန့်ပစ်ခံထားရသည့် တောင်စောင့်နတ် ဘုရားကျောင်းလေးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင်...

လုချင်းသည် ကျောင်းပြင်ရှိ မြင်းများကို တစ်ချက်ကြည့်လိုက်ကာ သူတို့ထက် အရင် ရောက်နေသူရှိကြောင်း အာရုံခံမိလိုက်သည်။ ကျောင်းအတွင်းရှိ လူများသည်လည်း မြင်းလှည်းသံကြားသဖြင့် ထွက်ကြည့်ကြရာ နှစ်ဖက်စလုံး ခဏလောက် အံ့သြသွားကြလေ၏။

လုချင်း မျက်ခုံးပင့်မိသွားသည်။

တိုက်ဆိုင်လိုက်တာ။

ထွက်လာသူနှစ်ယောက်မှာ ကျောတွင် ဓားရှည်များ လွယ်ထားသည့် လူငယ်နှစ်ဦးဖြစ်သည်။ သူတို့သည် နေ့လယ်က လက်ဖက်ရည်ဆိုင်တွင် တွေ့ခဲ့ရသောသူများပင်။ မာကူးကလည်း မှတ်မိသဖြင့် အမြန်ပင် နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ... မိန်းကလေးနဲ့ သခင်လေး"

"ဪ... အားနာစရာကြီးဗျာ။ အားလုံးပဲ မင်္ဂလာပါ။ ဒီမှာ ပြန်ဆုံလိမ့်မယ်လို့ မထင်ထားဘူး" လူငယ်နှစ်ဦးကလည်း လုချင်းတို့အဖွဲ့ကို မှတ်မိသဖြင့် အမြန်ပြန်နှုတ်ဆက်ကြသည်။

"ရေစက်လို့ပဲပြောကြတာပေါ့။ ဒီည မြူတွေနဲ့ နှင်းတွေဒဏ်ကနေ လွတ်အောင်လို့ ကျောင်းထဲမှာ နေရာလွတ် ရှိဦးမလားဗျ" သမားတော်ကြီးက ကြင်နာစွာ မေးလိုက်သည်။

"ရှိပါတယ်... ရှိပါတယ်။ အပြင်ကကြည့်ရင် ကျောင်းက သေးပေမဲ့ အတွင်းထဲမှာတော့ ကျယ်ပါတယ်ဗျ။ အားမနာဘူးဆိုရင် အားလုံး စုပြီး တည်းခိုလို့ ရပါတယ်" လူငယ်နှစ်ဦးမှာ လုချင်းတို့အဖွဲ့မှာ လူဆိုးများမဟုတ်မှန်း သိသဖြင့် သတိကို လျှော့ချလိုက်ကြသည်။

"ကျေးဇူးတင်ပါတယ်ကွယ်" သမားတော်ကြီးက ကျေးဇူးတင်စကားဆိုကာ လုချင်းနှင့် တခြားသူများကို အတွင်းသို့ ဦးဆောင်ခေါ်သွားလိုက်၏။ မာကူးကတော့ မြင်းလှည်းကို နေရာချရန် ကျန်ရစ်ခဲ့လေသည်။

အတွင်းသို့ရောက်သော် ဝင်းငယ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုဝင်းကို ဖြတ်ကျော်လိုက်သည့်အခါ၌ တောင်စောင့်နတ် ရုပ်တုရှိရာ ပင်မဆောင်သို့ ရောက်ရှိလေသည်။ ထိုနေရာတွင် နောက်ထပ်လူသုံးယောက် ရှိနေသည်ကို တွေ့လိုက်ရ၏။ ဝဝဖိုင့်ဖိုင့် လူလတ်ပိုင်းတစ်ဦးနှင့် လူငယ်နှစ်ဦး ဖြစ်သည်။

"ပင်းအာ... အပြင်ကလူတွေက ဘယ်သူတွေလဲ" ထိုဝဝဖိုင့်ဖိုင့်လူကြီးက မေးလိုက်သည်။

"အဖေ... သူတို့က သမားတော်ကြီးချန်နဲ့ သူ့အဖော်တွေပါ။ နေ့လယ်က လက်ဖက်ရည်ဆိုင်မှာ ဆုံခဲ့ကြတဲ့သူတွေလေ။ သူတို့လည်း အခုမှရောက်လာတာ... မှောင်နေပြီဆိုတော့ ဒီမှာ တစ်ညလောက် နားချင်လို့တဲ့" ထိုမိန်းကလေးက ပြန်ဖြေလိုက်၏။

"သမားတော်ကြီးချန် ဟုတ်လား" ထိုလူကြီးက လုချင်းတို့အဖွဲ့ကို ကြည့်လိုက်သည်။

သမားတော်ကြီးက ရှေ့သို့တက်ကာ ယဉ်ကျေးစွာဖြင့် "ကျွန်တော့်မျိုးရိုးက ချန်ပါ၊ သမားတော်တစ်ယောက်ပါ။ ဒါကတော့ ကျွန်တော့်တပည့်တွေနဲ့ အလုပ်အကျွေးပြုသူတွေပါ။ ခရီးကို အမြန်နှင်လာရင်း အချိန်ကို သတိမထားမိလိုက်လို့ အခု မှောင်သွားပြီဆိုတော့... ဒီည တစ်ညလောက် နားခွင့်ပေးဖို့ အနှောင့်အယှက်ပေးရဦးမယ်"

"သမားတော်ကြီးချန်... အားနာစရာ မလိုပါဘူး။ ဒီနေရာက ပိုင်ရှင်မရှိတဲ့နေရာပဲ၊ ဘယ်သူမဆို နားလို့ရပါတယ်။ ကျွန်တော်တို့ကလည်း အရင်ရောက်နေရုံသက်သက်ပါပဲ။ အပြင်မှာ ခရီးသွားလာရတာ မလွယ်ဘူးဆိုတာ နားလည်ပါတယ်။ အားမနာဘူးဆိုရင် အားလုံး စုပြီး နားကြတာပေါ့" ထိုဝဝဖိုင့်ဖိုင့်လူကြီးက ပြန်လည်ဖြေလာသည်။

"ကျေးဇူးတင်ပါတယ်... လူကြီးမင်းရဲ့ အမည်ကို သိခွင့်ရမလား"

"ကျွန်တော့်မျိုးရိုးက ဝမ်ပါ..."

သမားတော်ကြီးနှင့် ထိုလူကြီး စကားပြောနေစဉ် လုချင်းနှင့် ဝေ့ကျိအန်းက နေရာလွတ်တစ်ခုကို ရှာကာ သန့်ရှင်းရေး စလုပ်ကြသည်။

ထိုစဉ် ပင်းအာဆိုသည့် မိန်းကလေးမှာ ရှောင်ယန်ဆီသို့ လျှောက်သွားပြီး သူမရင်ခွင်ထဲက သတ္တဝါလေးကို စိတ်ဝင်တစား ကြည့်ကာ "ညီမလေး... ညီမလေးရဲ့ရင်ခွင်ထဲမှာ ပွေ့ထားတာက ဘာလေးလဲဟင်"

"မင်္ဂလာပါ အစ်မ" ရှောင်ယန်က ချိုသာစွာ နှုတ်ဆက်လိုက်သည်။ "ဒါက သမီးရဲ့ အချစ်ဆုံးသူငယ်ချင်း ရှောင်လီပါ"

"ရှောင်လီ ဟုတ်လား" ပင်းအာသည် မျက်လုံးဖွင့်တစ်ဝက်ပိတ်တစ်ဝက်ဖြစ်နေလေသော ရှောင်လီကို ကြည့်ကာ ပို၍ ချစ်သွားပြီး "အရမ်းချစ်စရာကောင်းတာပဲ။ အစ်မ ကိုင်ကြည့်လို့ ရမလားဟင်"

"ရှောင်လီကို မေးကြည့်ရဦးမယ်" ရှောင်ယန်က ရှောင်လီကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

ရှောင်လီက မျက်လုံးဖွင့်၍ ထိုမိန်းကလေးကို တစ်ချက်ကြည့်လိုက်ကာ ခေါင်းကို ဟိုဘက်လှည့်ပြီး အိပ်ချင်ယောင်ဆက်ဆောင်နေလေသည်။ ကလေးနှစ်ယောက်မှာ တစ်ဦးနှင့်တစ်ဦး အပေးအယူ တည့်နေကြသည်မှာ ကြာပြီဖြစ်သည်။

ရှောင်ယန်က ရှောင်လီ၏ ဆိုလိုရင်းကို ချက်ချင်းနားလည်လိုက်ကာ "အားနာပါတယ် အစ်မရယ်။ ရှောင်လီက သူစိမ်းတွေ ကိုင်တာကို သိပ်မကြိုက်ဘူး"

"ဪ... အဲ့ဒီလိုလား" မိန်းကလေးမှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း သူမ၏ အာရုံက တခြားတစ်ခုဆီသို့ ချက်ချင်း ရောက်သွားပြန်သည်။

"ညီမလေး... မင်းက သူ့ကို မေးကြည့်ရမယ်လို့ ပြောတယ်နော်။ ဒီသားရဲလေးက မင်းပြောတာကို နားလည်လို့လား" သူမက အံ့အားသင့်စွာ မေးသည်။

"နားလည်တာပေါ့... ရှောင်လီက အရမ်းတော်တာလေ။ သမီးတို့ပြောတာမှန်သမျှ အကုန်နားလည်တယ်" ရှောင်ယန်က ဂုဏ်ယူစွာ ပြောလိုက်၏။

ဒါကို ကြားတော့ ပင်းအာသည် ရှောင်လီကို ပိုပြီး စိတ်ဝင်စားသွားသော်လည်း ရှောင်လီ၏ အဖက်မလုပ်သော အမူအရာကြောင့် အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။ သူမ ခဏစဉ်းစားပြီးနောက် "ညီမလေး... ရှောင်လီက ဘာစားရတာ ကြိုက်လဲဆိုတာ သိလား"

"ရှောင်လီက ငါးစားရတာ ကြိုက်တယ်" ရှောင်ယန်က တုံ့ဆိုင်းမနေဘဲ ဖြေလိုက်သည်။

"ငါး ကြိုက်တယ် ဟုတ်လား" ပင်းအာမှာ အခက်တွေ့သွားသည်။ သူတို့အထုပ်ထဲတွင် ငါးမှလွဲ၍ အကုန်ရှိသည်။ ငါးက အနံ့ပြင်းသဖြင့် ခရီးသွားများ သယ်လေ့သယ်ထမရှိကြပေ။

"အသားခြောက်ရော။ ရှောင်လီ အသားခြောက် ကြိုက်လား။ အစ်မ အထုပ်ထဲမှာ အသားခြောက်တွေ အများကြီး ပါတယ်" သူမက မျှော်လင့်ချက်ဖြင့် မေးပြန်သည်။

သို့သော် ရှောင်ယန်က ခေါင်းခါလိုက်၏။ "မကြိုက်ဘူး အစ်မရဲ့။ ရှောင်လီက ငါးပဲ အကြိုက်ဆုံး၊ အသားခြောက်ကိုကျ သိပ်မစားဘူး"

"ဒါဆို မုန့်ခြောက်ရော..."

သန့်ရှင်းရေးလုပ်နေသည့် ဝေ့ကျိအန်းသည် ထိုမိန်းကလေးက ရှောင်လီကို နည်းမျိုးစုံဖြင့် ချော့မြှူရန် ကြိုးစားနေသည်ကို မြင်တော့ ပြုံးမိသွားသည်။ ရှောင်လီက တော်တော်မာနကြီးသည်။ ရှောင်ယန်နှင့် လုချင်းမှလွဲ၍ ဘယ်သူ့ကိုမှ အဖက်မလုပ်တတ်ပေ။

ဘယ်သူပဲဖြစ်ဖြစ် အေးစက်စက်ပင် နေတတ်သည်။ သမားတော်ကြီးချန်ကိုတောင် သူက အမြဲတမ်း အနားမကပ်ပေ။ ဝေ့ကျိအန်း၏ အမေကိုယ်တိုင်လည်း လွန်ခဲ့သော နှစ်နှစ်အတွင်း ရှောင်လီနှင့် ရင်းနှီးအောင် နည်းမျိုးစုံ ကြိုးစားခဲ့ဖူးသည်။ ငါးတွေနှင့် မကြာခဏ လာဘ်ထိုးခဲ့သော်လည်း ရှောင်လီကို ပွေ့ချီခွင့်ရသည့် အကြိမ်မှာ လက်ချိုးရေလို့ ရလေ၏။

ဒီမိန်းကလေးက စားစရာလေးနည်းနည်းနဲ့ ရှောင်လီရဲ့ စိတ်ကို ရမယ်လို့ ထင်နေတာကတော့ စိတ်ကူးယဉ်တာ သက်သက်ပဲ။

အမှန်ပင်... ပင်းအာ ဘယ်လောက်ကြိုးစားပါစေ ရှောင်လီနား ကပ်လို့မရပေ။ သူမ၏ အကြိုက်ဆုံး မုန့်များကို ပေးသည့်တိုင် ရှောင်လီက မျက်လုံးပင် မဖွင့်ခဲ့ပေ။ ထိုအစား ရှောင်ယန်သာ အရသာရှိသော မုန့်အချို့ကို စားလိုက်ရလေသည်။

နောက်ဆုံးတွင် ရှောင်လီသည် ထိုမိန်းကလေး၏ နှောင့်ယှက်မှုကို စိတ်မရှည်တော့သဖြင့် ရှောင်ယန်၏ ရင်ခွင်ထဲမှ လုချင်း၏ ပုခုံးပေါ်သို့ ခုန်တက်ကာ သူ၏ အင်္ကျီကြားထဲတွင် ပုန်းနေလိုက်တော့သည်။

ထိုအခါမှ ပင်းအာလည်း ဘာလုပ်ရမှန်းမသိတော့ဘဲ စိတ်ပျက်သွားရသည်။ ဘာပဲဖြစ်ဖြစ် သူမက မိန်းကလေးတစ်ယောက် ဖြစ်လေရာ သူစိမ်းအမျိုးသားတစ်ယောက်ကိုတော့ သွားပြီး အတင်းမကပ်ရဲပေ။

ဤမြင်ကွင်းကို သမားတော်ကြီးနှင့် လူကြီးမင်းဝမ်တို့လည်း သတိထားမိကြသည်။

"သမားတော်ကြီးချန်... ခင်ဗျားတို့ရဲ့ သားရဲလေးက တော်တော်လေး အသိဉာဏ်ရှိတာပဲ။ သမီးလေးက အရမ်းအတင်းအကျပ် လုပ်မိသွားတယ်"

"ကိစ္စမရှိပါဘူးဗျာ။ ရှောင်လီက ထူးဆန်းတဲ့ အမူအရာ ရှိတတ်တယ်။ များသောအားဖြင့် အားချင်းနဲ့ ရှောင်ယန်ကလွဲရင် ဘယ်သူ့ကိုမှ အနားမကပ်ဘူးလေ။ အဲ့ဒါကြောင့် စိတ်မရှိပါနဲ့ဗျာ" သမားတော်ကြီးက ပြုံးလျက် ရှင်းပြသည်။

"ဪ... ဒီသားရဲလေးက တော်တော်လေး တစ်သီးတစ်သန့်ဆန်တာပဲနော်" လူကြီးမင်းဝမ်က မှတ်ချက်ပေးသည်။

"ဒါနဲ့ လူကြီးမင်းဝမ်... စောစောက ပြောတာကြားမိသလောက် ခင်ဗျားတို့လည်း တိမ်လွှာစီးဂိုဏ်းကို သွားမလို့လား" သမားတော်ကြီးက မေးလိုက်သည်။

"ဟုတ်တယ်... နေ့လယ်က လက်ဖက်ရည်ဆိုင်မှာ သမားတော်ကြီး ကြားခဲ့မှာပေါ့။ တိမ်လွှာစီးဂိုဏ်းမှာ ပွဲကြီးပွဲကောင်း ဖြစ်တော့မယ်ဆိုတာလေ။ ကျွန်တော့်တပည့်တွေကို အမြင်ကျယ်အောင် လိုက်ပို့ပေးရင်း ဒီလိုပွဲမျိုးကို ဘယ်အလွတ်ခံနိုင်မလဲဗျ"

"ဒါပေမဲ့ နေ့လယ်က ဟိုလူတွေ ပြောတာအရဆိုရင် တိမ်လွှာစီးဂိုဏ်းက အမြဲတမ်း ဗိုလ်ကျစိုးမိုးတတ်တယ်ဆိုတော့... အန္တရာယ်ဖြစ်မှာ မစိုးရိမ်ဘူးလား"

"ဟားဟား... တိမ်လွှာစီးဂိုဏ်းက ယွင်ကျိုးရဲ့ အဓိကဂိုဏ်းကြီးတွေရဲ့ ဝိုင်းပြီးဆော်တာကို ခံရတော့မှာလေ။ ကျွန်တော်တို့လိုလူတွေကို အာရုံစိုက်ဖို့ အချိန်ရှိမှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်က သိပ်မတော်ပေမဲ့ ကျွန်တော့်တပည့်တွေကို ကာကွယ်ဖို့တော့ ခွန်အားရှိပါသေးတယ်" လူကြီးမင်းဝမ်က ရယ်မောရင်း ပြောသည်။

"လူကြီးမင်းဝမ်က တကယ့်ကို အထင်ကြီးစရာပဲ" သမားတော်ကြီးက ချီးကျူးလိုက်သည်။

"ဒါနဲ့ သမားတော်ကြီးချန်ကရော ဘယ်ကို သွားမှာလဲ"

"ကျွန်တော်တို့က မူလက တိမ်လွှာစီးဂိုဏ်းနယ်မြေဘက်ကို ခရီးလှည့်ဖို့ စဉ်းစားထားတာ။ ဒါပေမဲ့ နေ့လယ်က စကားတွေ ကြားပြီးတော့ နည်းနည်း ဝေခွဲမရ ဖြစ်နေတာ။ တိမ်လွှာစီးဂိုဏ်းက အခု ယွင်ကျိုးရဲ့ မုန်တိုင်းဗဟိုချက် ဖြစ်တော့မယ်ဆိုတော့... အခုသွားရင် မုန်တိုင်းထဲ ပါသွားမှာ စိုးရိမ်မိတယ်" သမားတော်ကြီးက ဝေခွဲမရဟန်ဖြင့် ပြောလိုက်သည်။

"ဒါက ပြဿနာမဟုတ်ပါဘူး။ ခရီးထွက်လာမှတော့ ဒီလိုပွဲကြီးပွဲကောင်းကို မလွတ်သင့်ဘူးလေ။ ယွင်ကျိုးက ဂိုဏ်းပေါင်းစုံ ဒီကို ရောက်လာကြမှာ။ ဒါကို လွတ်သွားရင် နှမြောစရာကြီးဗျ"

"ဒါပေမဲ့..."

"ဒါပေမဲ့တွေ လုပ်မနေပါနဲ့တော့။ ကျွန်တော်တို့ချင်းကလည်း အပေးအယူတည့်နေတာပဲ။ သမားတော်ကြီး လမ်းမှာ ဘေးကင်းဖို့ စိတ်ပူနေရင် မနက်ဖြန် ကျွန်တော်တို့နဲ့ အတူတူ ခရီးသွားကြတာပေါ့။ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ရတာပေါ့ဗျာ။ ကျွန်တော်တို့ ရှိနေသရွေ့တော့ သာမန်ဓားပြတွေလောက်ကတော့ ခင်ဗျားတို့ကို မထိရဲစေရဘူး" လူကြီးမင်းဝမ်က စိတ်အားထက်သန်စွာ ပြောလေသည်။

သမားတော်ကြီးသည် ထိုလူကြီး၏ ရိုးသားမှုကို မြင်ရသဖြင့် ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင်တော့ ကျုပ်နဲ့ ကျုပ်တပည့်တွေက လူကြီးမင်းရဲ့ ကမ်းလှမ်းမှုကို ကျေးဇူးတင်စွာနဲ့ လက်ခံပါ့မယ်"

"အားနာစရာ မလိုပါဘူး... ဒါဆို အတည်ပဲနော်"

ဒါကို ကြားတော့ ပင်းအာသည် အရမ်းဝမ်းသာသွားသည်။

မနက်ဖြန် အတူတူ ခရီးသွားကြမည်ဆိုလျှင် ရှောင်လီနှင့် ရင်းနှီးအောင် ကြိုးစားဖို့ အချိန်ပိုရပြီလေ။ သူမသည် ရှောင်လီ ဘာကြိုက်တတ်သလဲဆိုတာကို ပိုသိရအောင် ရှောင်ယန်ဆီကို ချက်ချင်း ပြန်သွားလေတော့သည်။

လုချင်းသည် ဆရာဖြစ်သူက ထိုလူကြီးတို့အဖွဲ့နှင့် အတူတူ ခရီးသွားရန် ဆုံးဖြတ်လိုက်ကြောင်း ကြားလိုက်ရသည့်အချိန်၌ အနည်းငယ် အံ့သြသွားသော်လည်း ဘာမှမမေးဘဲ ညစာကိုသာ ဆက်လက်ပြင်ဆင်နေလိုက်လေ၏။

မကြာမီမှာပင် မွှေးပျံ့လှသော ရနံ့တစ်ခုမှာ တောင်စောင့်နတ် ဘုရားကျောင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားလေတော့သည်။

အခန်း ၂၃၂ - ထူးကဲသော အရသာနှင့် နေခြောက်စင်း ငရုတ်ကောင်း

"ဒါ ဘာနံ့လဲ... အရမ်းမွှေးတာပဲ"

ရနံ့များ ပျံ့လွင့်လာသည်နှင့်အမျှ ဝဝဖိုင့်ဖိုင့် လူကြီးမင်းဝမ်သည် နှာခေါင်းကို နှစ်ချက်မျှ ရှုံ့ကြည့်ကာ အံ့သြစွာ မေးလိုက်သည်။

"ဒါက ကျုပ်တပည့်လေး ညစာချက်နေတာ ဖြစ်ရမယ်။ လမ်းတစ်လျှောက်လုံး ကျုပ်တို့ စားဖို့သောက်ဖို့ကို ကျုပ်တပည့်ကပဲ တာဝန်ယူတာလေ" သမားတော်ကြီးချန်က ရင်းနှီးနေသော ရနံ့ကြောင့် ရယ်မောရင်း ပြောလိုက်သည်။

"သမားတော်ကြီးရဲ့ တပည့်က ဟင်းချက်တာမှာလည်း ဒီလောက် ကျွမ်းကျင်လိမ့်မယ်လို့ မထင်ထားဘူးဗျာ" လူကြီးမင်းဝမ်က အနံ့ကို အားပါးတရ ရှူသွင်းရင်း ပို၍ စိတ်ဝင်စားသွားလေသည်။ "ဒီည ညစာအတွက် ခင်ဗျားတပည့်က ဘာတွေများ ချက်နေတာပါလိမ့်"

သူ့ပုံစံကို မြင်ရသဖြင့် သမားတော်ကြီးက ပြုံးကာ "ကျုပ်လည်း မသိသေးဘူးဗျ။ အပြင်ထွက်ပြီး သွားကြည့်ကြမလား"

"အဲ့ဒါ အကောင်းဆုံးပဲ" လူကြီးမင်းဝမ်က လွှတ်ခနဲ ပြောလိုက်မိသည်။

သမားတော်ကြီး၏ အရွှန်းဖောက်သော မျက်နှာထားကို မြင်မှ သူ အနည်းငယ် အားနာသွားပြီး "သမားတော်ကြီးချန်... အမှန်အတိုင်း ပြောရရင် ကျွန်တော့်မှာ အစားအသောက်ကလွဲရင် တခြား ဝါသနာ မရှိဘူးဗျ။ အရသာရှိတာ တစ်ခုခုနဲ့ တွေ့ပြီဆိုရင် ဘာလဲဆိုတာ မသိရမချင်းကို မနေနိုင်တာ"

"လူကြီးမင်းဝမ်က တကယ့်ကို ပွင့်လင်းရိုးသားတဲ့သူပဲ"

သူတို့နှစ်ဦး ကျောင်းဆောင်ထဲမှ ထွက်လာသည့်အခါ ဝင်းထဲတွင် မီးခိုးများ ထွက်နေသည်ကို တွေ့လိုက်ရသည်။ ထိုစဉ် လူကြီးမင်းဝမ်၏ တပည့်များနှင့် ဝေ့ကျိအန်းတို့သည် မီးပုံဘေးတွင် ဝိုင်းနေကြကာ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြ၏။

မီးပုံပေါ်တွင် ကင်နေသော ဆူဖြိုးလှသည့် ယုန်များနှင့် ငါးများမှ ထွက်ပေါ်လာသော ရနံ့မှာ ကျောင်းတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။ ဟုတ်ပါသည်... လုချင်းက အသားကင်နေခြင်း ဖြစ်သည်။

သူသည် စောစောက ရှောင်လီနှင့်အတူ အနီးနားရှိ တောထဲသို့ သွားကာ ယုန်များကို ဖမ်းခဲ့ပါ၏။

အကြောင်းမှာ လမ်းတွင် အမြန်စားသောက်ခဲ့ရသဖြင့် ယခု နားနားနေနေ စားရန် ရည်ရွယ်ထားသောကြောင့်ပင်။

ငါးများကတော့ မမျှော်လင့်ဘဲ ရလာခြင်း ဖြစ်သည်။ ယုန်ဖမ်းပြီးနောက် တောင်ကျစမ်းချောင်းတစ်ခုကို တွေ့ခဲ့ရာ ရှောင်လီ ငါးမစားရတာ ကြာပြီဖြစ်ကြောင်း သတိရသဖြင့် လုချင်းက သူ၏ ဟင်းလင်ပြင်ချီအိတ်ထဲမှ ငါးမျှားတံကို ထုတ်ကာ ခဏလောက် ငါးမျှားလိုက်လေသည်။ မကြာမီပင် ငါးကြင်းကြီး အတော်များများကို ရလိုက်ရာ ရှောင်လီမှာလည်း အရမ်းကိုပျော်သွားလေတော့၏။

"အသားကင်နေတာလား ဒါပေမဲ့ ယုန်ကင်နဲ့ ငါးကင်က ဘာလို့ ဒီလောက်တောင် မွှေးနေရတာလဲ" လူကြီးမင်းဝမ်က အံ့သြနေသည်။ သူ အသားကင်တွေ အများကြီး စားဖူးသော်လည်း ဤမျှ မွှေးကြိုင်လှသော ရနံ့မျိုးကိုတော့ တစ်ခါမှ မကြုံဖူးပေ။

ထိုစဉ် လုချင်းက သူ၏ခြေရင်းရှိ ခွက်ထဲမှ မီးခိုးရောင်မှုန့်အချို့ကို ယူကာ ကင်နေသည့် ယုန်များပေါ်သို့ ဖြူးလိုက်သည်ကို သူ မြင်လိုက်ရသည်။ ချက်ချင်းဆိုသလိုပင် ပို၍ ပြင်းထန်သော ရနံ့တစ်ခုက ထွက်ပေါ်လာရာ ဝေ့ကျိအန်းနှင့် တခြားသူများမှာတော့ သွားရည်ကျမတတ် ဖြစ်သွားကြလေသည်။

"ဒါပဲ"

လူကြီးမင်းဝမ်၏ မျက်လုံးများ ဝင်းလက်သွားသည်။ စောစောက သူ သတိထားမိလိုက်သော ထူးခြားသည့်ရနံ့မှာ လုချင်း ဖြူးလိုက်သည့် အမှုန့်များမှ ထွက်လာခြင်း ဖြစ်သည်။

"ကိုကို... ယုန်ကင် ရပြီလားဟင်" လုချင်းဘေးတွင် ထိုင်နေသော ရှောင်ယန်က သွားရည်လေး သုတ်ရင်း မေးလိုက်သည်။

"ခဏလေးနေပါဦး ညီမလေးရဲ့" လုချင်းက ယုန်များပေါ်သို့ ဆီသုတ်ရင်း ပြောလိုက်၏။ "အရင်ဆုံး အရေခွံလေးက ကြွပ်နေရမယ်၊ အဲ့ဒါမှ အကောင်းဆုံးဖြစ်မှာလေ။ အပြင်က ကြွပ်ပြီး အတွင်းက နုနုလေး ဖြစ်နေမှာ"

ဂလု

ဒါကို ကြားတော့ ဝေ့ကျိအန်းနှင့် တခြားသူများမှာ သွားရည်ကို အတင်းမြိုချလိုက်ရသည်။

"ဟားဟား... သခင်လေးလု ဘာတွေများ ချက်နေတာလဲဗျာ။ အနံ့က အတွင်းထဲအထိ လာပြီးမြူဆွယ်နေလို့ ထွက်လာကြည့်ရတာလေ" လူကြီးမင်းဝမ်က ရယ်မောရင်း အနားသို့ လျှောက်လာသည်။

"ဆရာ..."

သူ့တပည့်များမှာ ဆရာဖြစ်သူကို မြင်မှ အနည်းငယ် အားနာသွားကြသည်။

"အဖေ" ပင်းအာက ပျော်ရွှင်စွာ ပြေးလာပြီး "အစ်ကိုလုက အသားကင်နေတာလေ၊ အရမ်းမွှေးတာပဲ အဖေ"

"အေးပါ... အဖေလည်း အနံ့ရလို့ ထွက်လာတာ" လူကြီးမင်းဝမ်က ရယ်မောကာ "သခင်လေးလု... မင်းရဲ့ အသားကင်က တကယ့်ကို စွဲမက်စရာကောင်းတာပဲဗျာ"

"လူကြီးမင်းဝမ်က ချီးကျူးလွန်းနေပါပြီဗျာ။ ဒါက သာမန်ပညာလေးတစ်ခုပါပဲ" လုချင်းက နှိမ့်ချစွာ ပြန်ပြောလိုက်၏။

"ဒါနဲ့... စောစောက ယုန်ပေါ် ဖြူးလိုက်တဲ့ အမှုန့်က ဘာလဲဗျ။ အဲ့ဒါ ဖြူးလိုက်မှ အနံ့က ပိုမွှေးသွားတာလေ"

"ဒါက ကျွန်တော် ကိုယ်တိုင်လုပ်ထားတဲ့ ဟင်းခတ်မှုန့်ပါ။ အသားကင်ပေါ် ဖြူးလိုက်ရင် အရသာကို ပိုပြီးထူးကဲစေတယ်လေ" လုချင်းက ရှင်းပြရင်း ထိုမီးခိုးရောင်ခွက်ကို ကမ်းပေးလိုက်သည်။

လူကြီးမင်းဝမ်ကလည်း ယူကြည့်လိုက်ကာ အနံ့ခံပြီးနောက်၌ အနည်းငယ် မြည်းကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ မျက်လုံးများ တောက်ပသွားလေသည်။

"ဒီအမှုန့်က တော်တော်ထူးခြားတာပဲ၊ ရနံ့ကလည်း တကယ်ဆန်းကြယ်တယ်"

ထို့နောက် လုချင်းသည် ယုန်များကို ဆက်လက်ကင်နေ၏။ အသားများမှာ တဖျစ်ဖျစ်မြည်လာပြီး ဆီများ တစက်စက် ကျလာသည့်အခါတွင်တော့ သူက အမှုန့်တစ်ဆုပ် ထပ်ဖြူးလိုက်ကာ ပြီးနောက်မှပဲ မီးပေါ်မှ ချလိုက်တော့သည်။ သူသည် ကင်ထားသော ယုန်လေးကောင်ကို ဆယ်ပုံ ပုံလိုက်ပြီး လူတိုင်း တစ်ပုံစီ ရအောင် ဝေပေးလိုက်၏။

အားလုံးကို ဝေပေးပြီးနောက် လုချင်းသည် ဝါးပြွန်တစ်ခုကို ဖွင့်ကာ အနီရောင်အမှုန့်အချို့ကို ခွက်ထဲသို့ ထည့်လိုက်ပြီး "ဆရာ... လူကြီးမင်းဝမ်... သုံးဆောင်ကြပါဦး"

လူကြီးမင်းဝမ်ကလည်း ဝမ်းသာအားရ လက်ခံလိုက်သည်။

"အားချင်းရဲ့ အသားကင်ကို မစားရတာ ကြာပြီပဲ" သမားတော်ကြီးကလည်း သူ၏ပန်းကန်ကို ယူကာ ပြောလိုက်၏။

"ဆရာနဲ့ လူကြီးမင်းဝမ်တို့ အရင်စားနှင့်ကြပါ။ ကျွန်တော် နောက်ထပ်ဟင်းတွေ ပြင်လိုက်ဦးမယ်" လုချင်းက မီးပုံဆီသို့ ပြန်သွားလေ၏။

"သမားတော်ကြီး... သုံးဆောင်ကြရအောင်ဗျာ" လူကြီးမင်းဝမ်က ပြောပြောဆိုဆိုနှင့် ယုန်သားတစ်ဖဲ့ကို မြည်းလိုက်သည်။ အသားက လျှာပေါ်ရောက်သည်နှင့် သူ၏မျက်လုံးများကလည်း ပြူးထွက်သွားတော့လေ၏။

ယုန်သားမှာ အပြင်ဘက်က ကြွပ်ရွနေပြီး အတွင်းကတော့ နူးညံ့နေလေကာ အလွန်ပင် အရသာရှိလှပေ၏။ သူ စားဖူးသမျှ အသားကင်များထဲတွင် အကောင်းဆုံးပင်။

"သမားတော်ကြီး... ခင်ဗျားတပည့်ရဲ့ အသားကင်က တကယ့်ကို ပြိုင်ဘက်ကင်းပဲဗျာ။ ဒီယုန်ကင်က တကယ့်ကို ထူးကဲတဲ့ အရသာပဲ" သူက တစ်လုပ်စားပြီးနောက် အံ့သြတကြီး အော်ဟစ်လိုက်လေသည်။

"ဟားဟား... ချီးကျူးလွန်းနေပါပြီဗျာ..."

ထိုစဉ် မီးပုံဘေးတွင် လုချင်းက ရှောင်ယန်အတွက် အသားပုံလေးကို ကမ်းပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ကိုကို"

ရှောင်ယန်က ယုန်သားကို ယူကာ ပျော်ရွှင်စွာဖြင့် စားနေတော့သည်။ လုချင်းက တခြားသူများကိုလည်း ပြောလိုက်၏။ "အားမနာကြပါနဲ့။ ယုန်သားက သိပ်အများကြီး မဟုတ်ပေမဲ့ အားလုံး မြည်းကြည့်ကြပါဦး"

ထိုအခါတွင်တော့ အသားကို ငမ်းငမ်းတက် ကြည့်နေကြသော မိန်းကလေးများမှာလည်း မစောင့်နိုင်တော့ဘဲ တစ်ယောက်တစ်ပုံစီ ယူကာ စားကြတော့သည်။ မာကူးနှင့် ဝေ့ကျိအန်းကတော့ စားနေကျဖြစ်သဖြင့် အနီရောင်အမှုန့်များကိုပါ ထည့်ကာ အားရပါးရ စားနေကြလေသည်။

"ညီလေးလု... ညီလေးလုရဲ့ အသားကင်လက်ရာက အရင်အတိုင်း လက်ရာမပျက်သေးဘူးပဲ" မာကူးက ချီးကျူးလိုက်သည်။ ထိုအခါ ဝေ့ကျိအန်းကလည်း ခေါင်းညိတ်လိုက်ရင်း ထောက်ခံလာလေ၏။

လုချင်း၏ ဟင်းချက်လက်ရာမှာ သူစားဖူးသမျှထဲတွင် အကောင်းဆုံးပင်။ အိမ်တော်က စားဖိုမှူးကြီးတောင် လုချင်းကို မယှဉ်နိုင်ပေ။ သူ၏အမေကိုယ်တိုင်ပင် တစ်ခါတလေ အပူရှောင်သည်ဟု အကြောင်းပြကာ သူတို့အိမ်သို့ လာနေတတ်ခြင်းမှာ လုချင်း၏ ဟင်းလက်ရာကို စားချင်သောကြောင့် ဖြစ်သည်။

သူတို့၏ အမူအရာများကို မြင်သောအခါ၌ မိန်းကလေးများလည်း ယုန်သားကို စားကြည့်ကြရာ အရသာရှိလွန်းလှသဖြင့် အံ့သြတကြီး အော်ဟစ်ကြကုန်တော့၏။ လုချင်းသည် သူတို့၏ ချီးကျူးစကားများကို ပြုံးလျက် နားထောင်နေစဉ် သူ၏ ဘောင်းဘီစကို တစ်စုံတစ်ခုက လာဆွဲသည်ကို ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်သော် ရှောင်လီတစ်ယောက် သူ့ကို မော့ကြည့်နေသည်အား တွေ့လိုက်ရလေ၏။

"စိတ်မပူပါနဲ့ ရှောင်လီရဲ့။ မင်းအတွက် ငါးကင်လည်း ရတော့မှာပါကွာ"

လုချင်းသည် ယုန်များကို အရင်ကင်ပြီးမှ ငါးများကို စကင်လိုက်ခြင်းကြောင့် ငါးကင်မှာ အနည်းငယ် ပိုကြာသွားခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ငါးကင်ကို ရှောင်လီထံ ပေးလိုက်ပြီးနောက် သူက ထမင်းနှင့် အသားဟင်းကို အိုးထဲ ထည့်ကာ မီးဖိုပေါ်တွင် ဖြည်းဖြည်းချင်း နှပ်ထားလိုက်သည်။ ထိုအခါမှ သူကိုယ်တိုင်လည်း ယုန်သားကို စတင်စားလိုက်တော့၏။

အသားမှာ ပူနွေးနေဆဲဖြစ်ပြီး အပြင်က ကြွပ်ကာ အတွင်းက နူးညံ့နေလေ၏။ လုချင်းမှာ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

မဆိုးပါဘူး...

အသားမကင်တာ ကြာပြီဖြစ်သော်လည်း လက်ရာကတော့ မပျက်သေးပေ။ သူသည် မူလအရသာကို ခံစားပြီးနောက် အနီရောင်အမှုန့် တစ်နည်းအားဖြင့် ငရုတ်သီးမှုန့်ကို ထည့်ကာ ဆက်စားလေသည်။

မာကူးနှင့် ဝေ့ကျိအန်းတို့လည်း အနီရောင်အမှုန့်ကို အသားပေါ် ထပ်ခါထပ်ခါ ဖြူးနေကြသည်ကို မြင်သောအခါ၌ မိန်းကလေးတစ်ယောက်က စပ်စုလိုက်၏။

"အစ်ကိုလု... ခဏခဏ ထည့်နေတဲ့ အနီရောင်အမှုန့်က ဘာလဲဟင်"

"ဒါက ငရုတ်သီးမှုန့်ပါဗျ၊ ကျွန်တော်ကိုယ်တိုင် လုပ်ထားတဲ့ နောက်ထပ် ဟင်းခတ်မှုန့်တစ်ခုပေါ့။ အရသာက နည်းနည်း ထူးခြားတယ်၊ ဒါကြောင့် မင်းတို့ အသားပေါ်မှာ မထည့်ပေးခဲ့တာ။ ရှောင်ယန်လည်း ဒါကို မကြိုက်ဘူးလေ" လုချင်းက ပြုံးလျက် ရှင်းပြလာ၏။

"ဟုတ်တယ် အစ်မရဲ့၊ အဲ့ဒါက အရမ်းစပ်တာလေ။ ညီမလေး မကြိုက်ဘူး" ရှောင်ယန်က မကောင်းသော အမှတ်ရစရာတစ်ခုခုကို သတိရဟန်ဖြင့် နှာခေါင်းလေး ရှုံ့ကာ ပြောလာလေသည်။

"ငရုတ်သီးမှုန့် ဟုတ်လား" မိန်းကလေးများက စိတ်ဝင်တစား ကြည့်နေကြသည်။

"ငရုတ်သီးမှုန့်လား" လုချင်း၏ စကားကို ကြားသော လူကြီးမင်းဝမ်သည်လည်း စပ်စုချင်လာ၏။ "သမားတော်ကြီး... ငရုတ်သီးမှုန့်ဆိုတာ ဘာလဲဗျ"

"အဲ့ဒါက လုချင်း ထွင်ထားတဲ့ နောက်ထပ် ဟင်းခတ်မှုန့်တစ်ခုပေါ့။ အရသာက တော်တော်လေး လှုံ့ဆော်မှု ရှိတယ်။ ကျုပ်ကတော့ အဲ့ဒီလောက်ကြီး မခံနိုင်ဘူး၊ ဒါပေမဲ့ လုချင်းနဲ့ ကျိအန်းကတော့ အဲ့ဒါမပါရင် မစားနိုင်ကြဘူးလေ" သမားတော်ကြီးက ရှင်းပြလိုက်သည်။

"ဪ... စိတ်ဝင်စားစရာပဲ။ ကျွန်တော်လည်း မြည်းကြည့်မှ ဖြစ်မယ်"

အမြဲတမ်း အသစ်အဆန်း စားချင်သော လူကြီးမင်းဝမ်သည် ချက်ချင်းပင် စိတ်ဝင်စားသွားကာ သူ စားလက်စ ယုန်သားကို ကိုင်လျက် လျှောက်လာလေ၏။

"သခင်လေးလု... ကျွန်တော်လည်း အဲ့ဒီ ငရုတ်သီးမှုန့်လေး နည်းနည်း မြည်းကြည့်လို့ ရမလား"

"ရတာပေါ့ လူကြီးမင်းဝမ်ရဲ့။ ဒါပေမဲ့ ဒါက တော်တော်စပ်တယ်နော်။ လူကြီးမင်း ကြိုက်ပါ့မလားတော့ မသိဘူး" လုချင်းက ငရုတ်သီးမှုန့်ခွက်ကို ကမ်းပေးလိုက်သည်။

"ဟားဟား... ကျွန်တော်က ထူးဆန်းတဲ့ အစားအသောက်တွေဆို အရမ်းကြိုက်တာဗျ၊ စိတ်မပူပါနဲ့" လူကြီးမင်းဝမ်က ငရုတ်သီးမှုန့်အချို့ကို ဖြူးကာ အသားကို ကိုက်ချလိုက်တော့သည်။

အစပိုင်းတွင် ဘာမှမခံစားရသော်လည်း ဝါးလိုက်သည့်အခါတွင်တော့ အစပ်အရသာမှာ ပါးစပ်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။ ပြင်းထန်ပြီး နာကျင်သလို ခံစားရသော်လည်း ယုန်သား၏ အရသာနှင့် ပေါင်းစပ်လိုက်သည့်အခါတွင်တော့ စိတ်လှုပ်ရှားဖွယ်ကောင်းသော အရသာတစ်ခု ဖြစ်သွားလေသည်။

"တကယ်ကို ထူးခြားတဲ့ အရသာပဲဗျာ"

လူကြီးမင်းဝမ်မှာ အလွန်ကျေနပ်သွားလေ၏။ ဒါက အတွေ့အကြုံသစ်တစ်ခုဖြစ်ပြီး သူကလည်း အကြိုက်တွေ့သွားသည်ပင်။ ဆရာဖြစ်သူက သဘောကျနေသည်ကို မြင်လိုက်ရသည့်အခါ၌ တပည့်များကလည်း လိုက်မြည်းကြပြန်သည်။ လူငယ်သုံးဦးက ငရုတ်သီးအရသာကို ကြိုက်သော်လည်း မိန်းကလေးမှာတော့ မခံနိုင်ဘဲ ချောင်းဆိုးလာတာကြောင့် ရေပင်ပြေးသောက်ရလေတော့သည်။

"အဖေ... သမီးကို ညာတယ်။ ဒါက လုံးဝ မစားကောင်းဘူး"

သူမသည် ရေအတော်များများ သောက်ပြီးမှ လျှာလေးလည်း ပြန်ကောင်းလာကာ အဖေဖြစ်သူကို ပြန်ရန်တွေ့လေတော့၏။

"မဟုတ်ပါဘူး... စားလို့ကောင်းပါတယ်" လူကြီးမင်းဝမ်က ငရုတ်သီးဖြူးထားသော အသားကို ထပ်စားရင်း အရသာခံနေသည်။ ဒါကို မြင်တော့ သမီးဖြစ်သူမှာ ဆွံ့အသွားရလေ၏။

အဖေနှင့် အစ်ကိုများက ဒီလောက်ပြင်းထန်တာကြီးကို ဘယ်လိုများ စားနိုင်ကြသလဲဆိုတာ သူမ နားမလည်နိုင်ပေ။ လုချင်း ပြောခဲ့သလိုပင် ဒါက လူတိုင်း မခံနိုင်သော ထူးခြားသည့် အရသာ ဖြစ်နေလေသည်။

သားအဖနှစ်ယောက် ငြင်းခုံနေကြသည်ကို ကြည့်ပြီး လုချင်း မရယ်ဘဲ မနေနိုင်တော့ပေ။ ဒီလို တုံ့ပြန်မှုမျိုး ရလာမည်ကို သူ မျှော်လင့်ထားပြီးသား ဖြစ်သည်။ ဒီလောကက လူတွေက အစပ်အရသာနှင့် သိပ်မရင်းနှီးကြပေ။ အနည်းဆုံး ချန်ကျိုးမှာတော့ ထိုသို့ ဖြစ်သည်။ သူတို့ ဟင်းချက်ရာတွင် သုံးသည့် အစပ်ဆုံးအရာမှာ ဂျင်းသာ ဖြစ်၏။ သူပြုလုပ်ထားသော ငရုတ်သီးမှုန့်မှာ ၎င်းထက် များစွာပိုစပ်သဖြင့် လူတိုင်း မခံနိုင်ခြင်းမှာ သဘာဝပင်။

"သခင်လေးလု... ဒီငရုတ်သီးမှုန့်က တကယ့်ကို ထူးခြားတာပဲနော်။ ကျွန်တော်တော့ တစ်ခါမှ မစားဖူးဘူး။ ဒါကို ဘာနဲ့ လုပ်ထားတာလဲ" လူကြီးမင်းဝမ်က မေးသည်။

"အဓိက ပါဝင်ပစ္စည်းကတော့ ကျွန်တော် မတော်တဆ တွေ့ခဲ့တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးပါဗျ..." လုချင်းက ရှင်းပြလိုက်သည်။

သူသည် ထိုအပင်ကို ရှောင်လီနှင့်အတူ ဆေးမြစ်ရှာထွက်စဉ် 'နေခြောက်စင်း ငရုတ်ကောင်း' ဟူသောအမည်ဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သူ၏ယခင်ဘဝက ငရုတ်သီးများနှင့် တူသော်လည်း ပို၍စပ်ပြီး 'ချီ' အားကို တိုးတက်စေသည့် ဂုဏ်သတ္တိရှိသဖြင့် တန်ဖိုးရှိသော ဆေးဖက်ဝင်အပင်လည်း ဖြစ်သည်။

တွေ့ရှိပြီးနောက်၌ လုချင်းသည် အပင်အချို့ကို သူ၏အိမ်ဝင်းထဲတွင် ပြောင်းရွှေ့စိုက်ပျိုးခဲ့ရာ နှစ်အတော်ကြာသည့်အခါတွင်တော့ ဖြစ်ထွန်းအောင်မြင်ပြီး 'နေခြောက်စင်း ငရုတ်ကောင်း' များစွာ ရရှိခဲ့လေသည်။ သူသည် ၎င်းကို နည်းမျိုးစုံဖြင့် စမ်းသပ်အသုံးပြုခဲ့ရာ ငရုတ်သီးမှုန့်မှာ သူ၏ ဖန်တီးမှုများထဲမှ တစ်ခု ဖြစ်လေ၏။

"ဆေးဖက်ဝင်အပင်ကနေ ဒီလို အရသာရှိတဲ့ ဟင်းခတ်မှုန့်ကို ဖန်တီးနိုင်တယ်ဆိုတော့... သခင်လေးလုကလည်း ကျွန်တော့်လိုပဲ အစားအသောက်ကို အရမ်းစိတ်ဝင်စားပုံရတယ်" လူကြီးမင်းဝမ်က ဝမ်းသာအားရ ပြောလာ၏။

"ကျွန်တော်က အားလပ်ချိန်တွေမှာ အစားအသောက်တွေ စမ်းသပ်ရတာ ဝါသနာပါတယ်လေ" လုချင်းက ဝန်ခံလိုက်၏။

"ဟားဟား... ဒီလို ဝေးလံခေါင်သီတဲ့နေရာမှာ ဒီလို အရသာမျိုးကို မြည်းစမ်းခွင့်ရတာ တကယ် ကံကောင်းတာပဲ" လူကြီးမင်းဝမ်က အားရပါးရ ရယ်မောလိုက်သည်။

နောက်ရက်များတွင် လုချင်းတို့အဖွဲ့နှင့် အတူတူ ခရီးသွားရမည်ကို သိရသဖြင့် သူ ပို၍ပင် ပျော်ရွှင်နေမိတော့သည်။ ဒါက နှစ်ပေါင်းများစွာအတွင်း သူပြုလုပ်ခဲ့သမျှ ဆုံးဖြတ်ချက်တွေထဲမှာ အကောင်းဆုံးပဲဟုတောင် သူ ခံစားနေရလေ၏။

သိုင်းပညာရှင်များ ဖြစ်ကြသဖြင့် အသားကင်တစ်ပန်းကန်တည်းနှင့် မဝကြပေ။ လုချင်းက နောက်ထပ် ဟင်းအတော်များများကို ထပ်မံပြင်ဆင်ပေးလိုက်သည်။ ဟင်းတစ်ခွက်စီတိုင်းက လူကြီးမင်းဝမ်နှင့် သူ၏တပည့်များကို အံ့သြကျေနပ်စေခဲ့ပြီး အားလုံးကလည်း ဗိုက်ကားအောင် စားခဲ့ကြရသည်။

သို့သော်... တောင်စောင့်နတ် ဘုရားကျောင်းအတွင်း အားလုံး ပျော်ရွှင်စွာ စားသောက်နေကြစဉ်မှာပင် အပြင်ဘက်၌ ရုတ်ရုတ်သည်းသည်းအသံများ ရုတ်တရက် ပေါ်ထွက်လာခဲ့၏။

All Chapters