အခန်း (၂၃၃-၂၃၄)
Vol. 24 Ch. 233-234
အခန်း ၂၃၃ - တောပုန်းဓားပြများ နှင့် သတ်ဖြတ်ခြင်း
"ဘာဖြစ်တာလဲ"
အပြင်ဘက်မှ ဆူညံသံများကြောင့် ဘုရားကျောင်းထဲတွင် စားသောက်နေကြသူများမှာ ကြောင်အမ်းသွားကြသည်။
"ခေါင်းဆောင်... ဒီမှာ မြင်းလှည်းတစ်စီး ရှိနေတယ်ဗျ" အပြင်ဘက်မှ အသံတစ်သံ ကြားလိုက်ရ၏။
"ဒါကတော့ ရှင်းနေတာပဲ မဟုတ်လား။ သိုးဖြူအုပ်ကြီး ဒီမှာ လာခိုနေတာပေါ့။ ငါတို့တော့ ကံကောင်းပြီဟေ့... အခုလေးတင် တစ်သုတ် အကြီးအကျယ် ရလာတာ၊ အခု နောက်ထပ် စီးပွားရေးတစ်ခုက တံခါးလာခေါက်နေပြန်ပြီ" နောက်ထပ် ကြမ်းတမ်းသောအသံတစ်ခုက ပြန်ဖြေသည်။
"ဟေ့ကောင်တွေ... အလုပ်ထပ်ရပြီဟေ့ ဒီဘုရားကျောင်းအပျက်ကြီးကို ဝိုင်းထားလိုက်ကြ၊ သိုးဖြူတွေကို တစ်ကောင်မှ အလွတ်မပေးနဲ့"
"ဟုတ်ကဲ့"
ပြန်ထူးသံများနှင့်အတူ ခြေသံများမှာ တောင်စောင့်နတ် ဘုရားကျောင်းကို ဝိုင်းရံလာကြတော့သည်။ အပြင်ကလူများသည် တစ်ကျောင်းလုံးကို ပိတ်ဆို့နေကြပြီမှာ သေချာလှ၏။
လုချင်းတို့အဖွဲ့ တုံ့ပြန်ချိန်ပင်မရမီ 'ဒုန်း' ခနဲ အသံကြီးနှင့်အတူ ဝင်းရှေ့က တံခါးပျက်ကြီးမှာ ဝင်းထဲသို့ လွင့်စင်ကျလာလေသည်။
"သိုးဖြူတွေ အတွင်းထဲမှာ တကယ်ရှိတာပဲဟေ့"
ရယ်မောသံနှင့်အတူ ဓားကိုယ်စီကိုင်ထားပြီး လူသတ်နံ့ ပြင်းပြင်းထွက်နေသည့် သန်မာထွားကြိုင်းလှသော လူတစ်ဒါဇင်ကျော် အထဲသို့ ဝင်လာကြသည်။ သူတို့ကို ဦးဆောင်လာသူမှာ ဖရိုဖရဲ ဆံပင်များနှင့် မျက်နှာပေါ်တွင် ပက်ကျိကြီးတစ်ကောင်တွားနေသကဲ့သို့ အမာရွတ်ကြီးရှိသော လူတစ်ယောက် ဖြစ်သည်။ ကြည့်ရသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။
သူ့နောက်က လူများမှာလည်း ဘီလူးသရဲများကဲ့သို့ ရက်စက်မည့်ပုံစံများရှိကြရာ ဘယ်လိုမှ လူကောင်းများ မဟုတ်ကြပေ။
"ခင်ဗျားတို့က ဘယ်သူတွေလဲ၊ ဘာလုပ်ချင်တာလဲ" ဝမ်လူကြီးမင်း၏ တပည့်တစ်ဦးက မတ်တပ်ရပ်ကာ မေးလိုက်သည်။
"ငါတို့က ဘယ်သူလဲ ဟုတ်လား။ တောပုန်းဓားပြတွေပေါ့ကွ။ ဘာလုပ်ချင်တာလဲဆိုတာကတော့ ရှင်းနေတာပဲ မဟုတ်လား၊ မင်းတို့ကို လုဖို့လာတာလေ"
အမာရွတ်နှင့်လူက ပြုံးလိုက်သည်။ သို့သော် သူပြုံးလိုက်သည့်အခါ၌ အမာရွတ်ကြီးမှာ တကယ်လှုပ်ရှားနေသည့် ပက်ကျိကြီးကဲ့သို့ ဖြစ်သွားရာ အလွန်ပင် ရွံရှာထိတ်လန့်စရာ ကောင်းလှပေ၏။ ဤမြင်ကွင်းကြောင့် ဝမ်ပင်းအာမှာ အလန့်တကြားဖြင့် အော်မိသွားကာ အဖေဖြစ်သူ၏ ကျောနောက်သို့ ပုန်းလိုက်တော့သည်။
ဒါကို မြင်တော့ အမာရွတ်နှင့်လူ၏ မျက်လုံးထဲတွင် ရက်စက်မှုများ ဖြတ်ပြေးသွား၏။
"တောပုန်းဓားပြတွေ... လုယက်ဖို့ ဟုတ်လား" လူကြီးမင်းဝမ်က လှောင်ပြုံး ပြုံးလိုက်ကာ "မိတ်ဆွေ... ခင်ဗျား တစ်ခုခု မှားနေပြီ ထင်တယ်။ ငါတို့ကို လုဖို့ ကြိုးစားတာလား"
"ဘာလဲ... မင်းမှာ နောက်ခံအကြီးကြီး ရှိနေလို့လား" အမာရွတ်နှင့်လူက လုချင်းတို့အဖွဲ့ကို စိတ်ဝင်တစား အကဲခတ်လိုက်သည်။
သူ့အာရုံခံစားမှုအရဆိုလျှင် ဤဝင်းထဲ၌ သိုင်းပညာတတ်သူ အချို့ရှိသော်လည်း အသန်မာဆုံးမှာ 'ကြွက်သားနှင့် အရိုးအဆင့်' သာ ရှိသဖြင့် စိုးရိမ်စရာမရှိဟု သူ ယူဆထားသည်။
"နောက်ခံတော့ မရှိပါဘူး၊ သာမန် ခရီးသွားတွေပါပဲ။ ငါတို့မှာ တန်ဖိုးရှိတာ ဘာမှမပါဘူး။ လုချင်တယ်ဆိုရင်တော့ ခင်ဗျား ပစ်မှတ်မှားသွားပြီ"
"တကယ်လား... အဲ့ဒါကတော့ ပြောရခက်တယ်လေ။ အပြင်က မြင်းလှည်းက မင်းတို့ဟာ မဟုတ်လား။ အဲ့ဒီလို မြင်းလှည်းမျိုး စီးနိုင်တဲ့သူက မချမ်းသာဘဲ နေမလား။ ပြီးတော့ တန်ဖိုးရှိတာ ဘာမှမရှိဘူး ဆိုရင်တောင် ဒီမှာ အချောအလှလေးတစ်ယောက် ရှိနေတာပဲ မဟုတ်လား။ ငါ့ရဲ့ ၁၃ ယောက်မြောက် မယားငယ်အဖြစ် ခေါ်သွားရရင်တော့ တကယ့်ကို အဆင်ပြေမှာပဲ"
ထိုစကားကြားသော် လူကြီးမင်းဝမ်၏ မျက်နှာမှာ ဒေါသကြောင့် ချက်ချင်း ပြောင်းလဲသွားတော့၏။ မူလက သူသည် ဓားပြအရေအတွက် များပြားခြင်းနှင့် လေးသမားများ ရှိနေနိုင်ခြင်းကြောင့် သမားတော်ကြီးချန်တို့ကို ထိခိုက်မှာ စိုးရိမ်သဖြင့် ထိန်းနေခြင်း ဖြစ်သည်။ သို့သော် အခုတော့ သူ့သမီးကို ထိပါးလာသဖြင့် မခံနိုင်တော့ပေ။
လူကြီးမင်းဝမ် ပေါက်ကွဲတော့မည့်ဆဲဆဲမှာပင် လုချင်းက ရုတ်တရက် စကားဖြတ်ပြောလိုက်သည်။
"ခင်ဗျား ခါးမှာ ချိတ်ထားတာက ဘာလဲ"
အားလုံးက ကြောင်အမ်းသွားပြီး အမာရွတ်နှင့်လူ၏ ခါးဆီသို့ ကြည့်လိုက်ကြသည်။ ထိုနေရာတွင် ဖောင်းနေသော အဝတ်အိတ်တစ်ခု ချိတ်ထားပြီး အိတ်အောက်ခြေမှ သွေးညိုရောင်များ စိမ့်ထွက်နေသည်ကို တွေ့လိုက်ရသည်။
"ဒါကို ပြောတာလား" အမာရွတ်နှင့်လူက အိတ်ကို ဖြုတ်လိုက်ကာ "ဒါက ငါ့ရဲ့ စစ်သုံ့ပန်းပေါ့"
သူက အိတ်ကို ဖွင့်ပြလိုက်ရာ သွေးချင်းချင်းနီနေသော လူခေါင်းတစ်လုံး ပေါ်လာတော့သည်။
"အား"
ထိုထိတ်လန့်စရာကောင်းသည့် မြင်ကွင်းကြောင့် ဝမ်ပင်းအာမှာ အော်ဟစ်လိုက်မိသည်။ ရှောင်ယန်ကလည်း တိုးတိုးလေး အော်လိုက်မိကာ လုချင်း၏ ရင်ခွင်ထဲ ခေါင်းဝှက်ထားလိုက်၏။ သမားတော်ကြီးမှာလည်း မျက်မှောင်ကြုတ်သွားသည်။ ကျန်သည့် ဝမ်လူကြီးမင်း၏ တပည့်များမှာမူ တုန်လှုပ်ကုန်ကြလေသည်။
"ဒီခေါင်းက..."
ခေါင်းကို မြင်လိုက်ရသည့်အခါ၌ လူကြီးမင်းဝမ်၏ မျက်လုံးများ ပြူးသွားသည်။ မျက်နှာတွင် သွေးများ ပေကျံနေသော်လည်း အလွန်ချောမောသော မိန်းကလေးတစ်ဦး၏ ခေါင်းဖြစ်ကြောင်း သိသာလှသည်။
"လှတယ် မဟုတ်လား" အမာရွတ်နှင့်လူက ဂုဏ်ယူစွာ ပြောသည်။
"ဒီမိန်းကလေးကို ငါ သဘောကျခဲ့တာ။ ဒါပေမဲ့ ငါက လက်ဆောင်ပဏ္ဏာတွေနဲ့ လူကြီးလူကောင်းဆန်ဆန် တောင်းဆိုတာကို သူနဲ့ သူ့အဖေ မြို့ဝန်က ငါ့ကို ငြင်းပယ်ရဲကြတယ်လေ။ အဲ့ဒါကြောင့် ငါလည်း တခြားနည်းလမ်းမရှိတော့လို့ အဲ့ဒီမြို့တစ်ခုလုံးကို သတ်ဖြတ်ပြီး သူ့ခေါင်းကို ယူလာခဲ့ရတာပေါ့။ ငါ သဘောကျတဲ့ မိန်းမဆို သေရင်တောင်မှ ငါ့လက်ထဲကနေ မလွတ်စေရဘူး"
သူက ထိုမိန်းကလေး၏ ခေါင်းကို ရူးသွပ်စွာဖြင့် ပွတ်သပ်နေလေသည်။ ဤကဲ့သို့ ရွံရှာဖွယ် အပြုအမူကြောင့် ဝမ်ပင်းအာမှာ ကြောက်လန့်တကြားဖြင့် တုန်ရီနေတော့သည်။
ထိုဓားပြခေါင်းဆောင်က သူမကိုလည်း ၁၃ ယောက်မြောက် မယားငယ် လုပ်ချင်နေသည် မဟုတ်ပါလား။
"မိစ္ဆာကောင် ခင်ဗျားက ဒီလောက်တောင် ရက်စက်ရလား"
လူကြီးမင်းဝမ်၏ တပည့်တစ်ဦးမှာ မအောင့်နိုင်တော့ဘဲ ဓားကို ဆွဲထုတ်ကာ အမာရွတ်နှင့်လူကို ချိန်ရွယ်လိုက်သည်။
"ဪ... မင်းက လက်တုံ့ပြန်ချင်တယ်ပေါ့လေ ဟုတ်လား"
သူ့ကို ဓားနှင့်ချိန်ထားသော်လည်း အမာရွတ်နှင့်လူမှာ ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။ သူ့နောက်က ဓားပြများမှာလည်း ဘာမှမဖြစ်သကဲ့သို့ လက်နက်များကို ကိုင်ကာ ထိုတပည့်ကို လှောင်ပြောင်သည့်အကြည့်မျိုးဖြင့် ကြည့်နေကြသည်။
"သေချာစဉ်းစားဦးနော်... တိုက်ပွဲစပြီဆိုတာနဲ့ ငါ့လူတွေက ဘယ်သူ့ကိုမှ အသက်ရှင်လျက်နဲ့ ချန်ထားလေ့မရှိဘူး"
ထို့နောက်၌ အမာရွတ်နှင့်လူက လက်ဖျောက်တစ်ချက် တီးလိုက်သည်။ ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်မှ လှုပ်ရှားသံများ ကြားလိုက်ရ၏။ တံတိုင်းများနှင့် ကျောင်းခေါင်မိုးပေါ်တွင် လူပေါင်း ဒါဇင်နှင့်ချီ ပေါ်လာကြပြီး လုချင်းတို့အဖွဲ့ဆီသို့ လေးမြှားများ၊ လက်နက်ပုန်းများဖြင့် ချိန်ထားကြလေသည်။
"မိန်းကလေးကို အပ်မလား... ဒါမှမဟုတ် ငါ့လူတွေရဲ့ မြှားချက်နဲ့ သေမလား... ကြိုက်တာရွေး"
လူကြီးမင်းဝမ်၏ မျက်နှာမှာ ပို၍ပင် ပျက်ယွင်းသွားတော့၏။ အခြေအနေကို လျှော့တွက်မိသွားသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိတော့သည်။ ယခုအခြေအနေမှာ သူ့အတွက်တောင် ကိုင်တွယ်ရခက်လှပါ၏။ သူတို့အစွမ်းနှင့်ဆိုလျှင် ဖောက်ထွက်သွားဖို့ မခက်သော်လည်း သမားတော်ကြီးတို့ကို ကာကွယ်ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
လူကြီးမင်းဝမ်က ဓားပြခေါင်းဆောင်ကို ချက်ချင်းမဖမ်းမိခဲ့သည့်အတွက် နောင်တရနေစဉ်မှာပင် လုချင်းက ထပ်၍ ပြောလိုက်ပြန်သည်။
"ခင်ဗျားဆီက လူသတ်နံ့က ဘာလို့ ဒီလောက်တောင်ပြင်းနေရတာလဲလို့ စဉ်းစားနေတာ။ လက်စသတ်တော့ တစ်မြို့လုံးကို သတ်ဖြတ်ခဲ့တာကို"
"အဲ့ဒါ ဘာဖြစ်လဲ" အမာရွတ်နှင့်လူက လုချင်းကို ထူးဆန်းသလို ကြည့်လိုက်၏။
ဒီကောင်လေးက နည်းနည်း ကျပ်မပြည့်တာများလား။ ခုအခြေအနေကို မမြင်ဘူးလား။ ဒီအချိန်မှာ ဘာလို့ အဲ့ဒီလူသတ်မှုကြီးအကြောင်းကိုပဲ လာပြီး စိတ်ဝင်စားနေရတာလဲ။
သို့သော် လုချင်း၏ မျက်နှာမှာ အေးဆေးတည်ငြိမ်နေဆဲပင်။ သူက ခေါင်းညိတ်လိုက်ပြီး ခပ်အေးအေး ပြောလိုက်လေသည်။ "ဆရာမာ... သူ့ကို ဖမ်းလိုက်"
"ဟုတ်ပြီလေ ညီလေးလု"
အမာရွတ်နှင့်လူမှာ ထိုစကား၏ အဓိပ္ပာယ်ကို နားမလည်မီမှာပင် သူ့ရှေ့၌ ပြင်းထန်သော ဖိအားတစ်ခု ပေါ်ထွက်လာသည်ကို ခံစားလိုက်ရသည်။ နောက်တစ်စက္ကန့်တွင်တော့ လူရိပ်တစ်ခုမှာ သူ့ရှေ့သို့ ရောက်လာတော့သည်။
မာကူးထံမှ ရင်မောဖွယ် ဖိအားကို ခံစားလိုက်ရသဖြင့် အမာရွတ်နှင့်လူမှာ ထိတ်လန့်သွားကာ နောက်သို့ ဆုတ်ရန် ကြိုးစားလိုက်လေ၏။ သို့သော် အခါနှောင်းသွားခဲ့ချေပြီပင်။
ဓားရိပ်နှစ်ချက် ဖြတ်ခနဲ ပေါ်လာပြီးနောက်၌ သူ၏ လက်နှစ်ဖက်မှာ ပြတ်တောက်သွားကာ မြေပေါ်သို့ ကျသွားတော့သည်။ မာကူးက တစ်ချက်တည်းဖြင့် ထိုလူ့လက်ကို ဖြတ်လိုက်ပြီးနောက် ဓားရိုးဖြင့် သူ့ရင်ဘတ်ကို ရိုက်ချလိုက်ပြန်၏။
ထို့နောက်တွင်တော့ ပန်းထွက်လာသော သွေးများကို ရှောင်ရှားရင်း ထိုလူ၏ လည်ပင်းကို ဆွဲကာ လုချင်းအနားသို့ ပြန်လာလိုက်ပြီး မြေပေါ်သို့ ပစ်ချလိုက်လေသည်။
မာကူး၏ လှုပ်ရှားမှုမှာ မြန်ဆန်လွန်းလှ၏။ ဓားပြများ ဘာမှမလုပ်နိုင်ခင်မှာပင် ခေါင်းဆောင်ဖြစ်သူမှာ ဖမ်းဆီးခံလိုက်ရပြီ ဖြစ်သည်။
"အား... ငါ့လက်တွေ"
အမာရွတ်နှင့်လူမှာ နာကျင်မှုကို မခံစားနိုင်တော့ဘဲ အော်ဟစ်တော့သည်။ ထိုအခါမှ ဓားပြများမှာလည်း သတိဝင်လာကြသည်။
"ခေါင်းဆောင်"
"ငါတို့ ခေါင်းဆောင်ကို လွှတ်စမ်း"
"မဟုတ်ရင် မင်းတို့ကို အကုန်သတ်ပစ်မယ်"
"ပစ်ကြ အခုချက်ချင်း ပစ်ကြစမ်း"
ဓားပြများမှာ ရူးသွပ်စွာဖြင့် အော်ဟစ်နေကြတော့သည်။
"ပါးစပ်ပိတ်ထားစမ်း" မာကူးက ဓားကို ခေါင်းဆောင်၏ လည်ပင်းတွင် တေ့လိုက်၏။ "မင်းတို့ ခေါင်းဆောင်ကို အသေခံခိုင်းချင်နေတာလား"
"......"
သူတို့ခေါင်းဆောင်၏ လည်ပင်းမှ သွေးများ စိမ့်ထွက်လာသည်ကို မြင်လိုက်ရသဖြင့် ဓားပြများမှာ ချက်ချင်းပင် ငြိမ်ကျသွားလေပြီး ထပ်မအော်ရဲကြတော့ပေ။ တံတိုင်းနှင့် ခေါင်မိုးပေါ်က လူများပင် သူတို့ခေါင်းဆောင်ကို ထိမှာစိုးသဖြင့် လက်နက်များကို အလိုလို အောက်သို့ ချလိုက်ကြသည်။
လူကြီးမင်းဝမ်နှင့် သူ၏တပည့်များမှာမူ ကြောင်အမ်းကာ ကျန်ရစ်ခဲ့ကြလေ၏။
"ဒီလိုမှပေါ့"
လုချင်းက အမာရွတ်နှင့်လူ၏ ကိုယ်ပေါ်ရှိ အပ်စိုက်မှတ်အချို့ကို နှိပ်ကာ သွေးခဏတိတ်အောင် လုပ်ပေးလိုက်ပြီး မေးလိုက်၏။ "အခုကော ဘယ်လိုနေသေးလဲ"
အမာရွတ်နှင့်လူမှာ တကယ့် ရာဇဝတ်ကောင်ကြီးဖြစ်သဖြင့် နာကျင်မှုကို အောင့်ခံကာ "ငါ မှားသွားလိမ့်မယ်လို့ မထင်ထားဘူး။ မင်းရဲ့ အစေခံက 'ကြွက်သားနဲ့ အရိုးအဆင့်' ပဲ ရှိသေးတာကို 'ကိုယ်တွင်းအင်္ဂါအဆင့်' နဲ့ တန်းတူတဲ့ ခွန်အားကို ထုတ်နိုင်တာပဲ။ ငါ ပေါ့လျော့မိသွားလို့ ခံလိုက်ရတာပေါ့။ ဒါပေမဲ့ ငါ့ကို ဖမ်းထားရုံနဲ့ မင်းတို့ ဘေးကင်းကင်း ထွက်သွားနိုင်မယ် ထင်နေလား။ ငါသာ အမိန့်ပေးလိုက်ရင် ငါ့လူတွေက မင်းတို့ကို အကုန် ပစ်သတ်မှာပဲ"
"ဪ... ဒါဆိုလည်း အမိန့်ပေးလိုက်လေ" လုချင်းက ခပ်အေးအေးပင် ပြောလိုက်၏။
"ဘာပြောတယ်" အမာရွတ်နှင့်လူခင်မျာ ကြောင်အသွားသည်။
"ငါ ပြောတာက အခုချက်ချင်း အမိန့်ပေးလိုက်လို့။ မင်းလူတွေကို ငါတို့ကို ပစ်ခိုင်းလိုက်စမ်းပါ... ငါတို့က တကယ်ပဲ မြှားတွေ စိုက်နေတဲ့ ဖြူကောင်တွေ ဖြစ်သွားမလားဆိုတာ ကြည့်ရအောင်" လုချင်းက အေးစက်စက် ပြောလိုက်၏။
"မင်း ရူးနေပြီလား"
အမာရွတ်နှင့်လူမှာ လုချင်းကို မယုံနိုင်သလို ကြည့်နေသည်။ လုချင်းက ဟန်လုပ်နေခြင်းမဟုတ်ဘဲ သူ အမိန့်ပေးနိုင်တာကို တကယ် ဂရုမစိုက်ကြောင်း သူ ခံစားမိနေသည်။ ဒါက သူ့ကို အကျပ်ရိုက်သွားစေ၏။ သူ အမိန့်ပေးလိုက်လျှင် သူလည်း သေရမှာ အသေအချာပဲပင်။ သူက ရက်စက်သော်လည်း ကိုယ့်အသက်ကို စွန့်လွှတ်ရဲသူတော့ မဟုတ်ပေ။
"ခင်ဗျားက ကြောက်နေတုန်းပဲကိုး"
လုချင်းက ထိုလူ၏ ဝေခွဲမရဖြစ်နေမှုကို မြင်လိုက်ရသဖြင့် လှောင်ရယ်လိုက်သည်။ "ခင်ဗျားတို့လို အောက်တန်းစားတွေက သူများကို ဒုက္ခပေးနေချိန်မှာတော့ အကြီးကြီးတွေ လုပ်နေပြီး သေခြင်းတရားနဲ့ ရင်ဆိုင်ရတော့မှ ကြွက်တွေထက်တောင် ကြောက်တတ်နေကြပါလား။ သနားစရာပဲနော်"
ထိုကဲ့သို့ အစော်ကားခံရသဖြင့် အမာရွတ်နှင့်လူ၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့သွားသော်လည်း လက်ရှိအခြေအနေမှာတော့ ဘာမှ မလုပ်ရဲပေ။
"ငါ့ကို လွှတ်ပေးနိုင်ဖို့အတွက် မင်း ဘာလိုချင်လဲ" သူက အေးစက်စက် မေးလိုက်သည်။ ဝင်းထဲတွင် ကလေးတွေ၊ လူကြီးတွေနှင့် အားနည်းသူတွေ ရှိနေတာက သူ့အတွက် အခွင့်အရေး ဖြစ်လာနိုင်သေးသည်ဟု သူ မျှော်လင့်နေဆဲပင်။
သို့သော် လုချင်းက သက်ပြင်းချလိုက်ကာ "ထားလိုက်ပါတော့... ခင်ဗျား အမိန့်မပေးရဲဘူးဆိုရင်လည်း ငါပဲ ကူညီပေးလိုက်ပါ့မယ်"
"နေဦး"
အမာရွတ်နှင့်လူမှာ ရင်ထဲတွင် အေးစက်သွားကာ အလန့်တကြား အော်လိုက်သော်လည်း မထူးတော့ပေ။ လုချင်းက ထိုလူ၏ နဖူးကို အသာအယာ ပုတ်လိုက်ရာ အမာရွတ်နှင့်လူမှာ တုန်တက်သွားပြီး သူ၏ မျက်စိသူငယ်အိမ်များမှာ ကျယ်လာကာ ထွက်သက်မှာလည်း တဖြည်းဖြည်း ရပ်တန့်သွားလေတော့၏။
"ခေါင်းဆောင်"
သူတို့ခေါင်းဆောင် သေသွားသည်ကို မြင်လိုက်ရချိန်၌ ဓားပြများမှာ ထိတ်လန့်ကုန်ကြတော့သည်။ လုချင်းက ဒီအချိန်မှာ ဓားပြခေါင်းဆောင်ကို သတ်ပစ်လိမ့်မည်ဟု ဘယ်သူမှ ထင်မထားကြပေ။ လူကြီးမင်းဝမ်နှင့် တပည့်များပင် ကြောင်အမ်းသွားကြလေ၏။
"ပစ်ကြ အခုချက်ချင်း ပစ်ကြစမ်း သူတို့ကို အကုန်သတ်ပစ်" နောက်ဆုံးတွင် ဓားပြခေါင်းဆောင်တစ်ဦးက သတိဝင်လာပြီး ရူးသွပ်စွာဖြင့် အော်လိုက်သည်။
ထိုအခါမှပဲ တံတိုင်းနှင့် ခေါင်မိုးပေါ်မှ ဓားပြများကလည်း သတိဝင်လာကာ လေးများကို ဆွဲပြီး လုချင်းတို့အဖွဲ့ဆီသို့ ပစ်ရန် ပြင်ကြတော့သည်။
"မကောင်းတော့ဘူး" လူကြီးမင်းဝမ်မှာ လန့်သွားပြီး အရင်ဦးအောင် တိုက်ခိုက်ရန် ခုန်ထွက်လိုက်သည်။
သို့သော် သူ မလှုပ်ရှားမီမှာပင် 'ဖုတ်... ဖုတ်' ဆိုသည့် အသံများနှင့်အတူ တံတိုင်းနှင့် ခေါင်မိုးပေါ်က ဓားပြများမှာ အော်ဟစ်ကာ မုန့်လုံးများ ပြုတ်ကျသကဲ့သို့ တစ်ယောက်ပြီး တစ်ယောက် ပြုတ်ကျလာကြတော့သည်။
"ဆရာမာ... ကျိအန်း... အကုန်သတ်ပစ်။ တစ်ယောက်မှ အသက်ရှင်လျက် မချန်ထားနဲ့"
"ဟုတ်ပြီလေ သခင်လေးလု"
ထို့နောက်တွင်တော့ မာကူးနှင့် ဝေ့ကျိအန်းတို့မှာ တိုက်ချင်ခိုက်ချင်စိတ်ပြင်းပြနေသဖြင့် ဝင်းထဲတွင် ကျန်နေသည့် လူတစ်ဒါဇင်ကျော်ဆီသို့ ပြေးဝင်သွားကြတော့သည်။
"ဒါကို ခံစားကြည့်လိုက်စမ်း"
မာကူးမှာ ဝေ့ကျိအန်းထက် ပိုသန်မာသူဖြစ်ရာ အရှိန်အဝါ အကြီးဆုံး ဓားပြခေါင်းဆောင်ဆီသို့ အရင်ဦးတည်လိုက်ပြီး ဓားနှင့် ခုတ်ချလိုက်တော့သည်။ ထိုဓားပြမှာ သူ့ခေါင်းဆောင် တစ်ချက်တည်းနှင့် ကျသွားသည်ကို မြင်ထားသဖြင့် ကြောက်လန့်နေပြီး ပျာပျာသလဲလဲ ဓားနှင့် ကာလိုက်သည်။
သို့သော် မာကူး၏ လက်နက်မှာ လုချင်းကိုယ်တိုင် သွန်းလုပ်ထားသည့် အလွှာတစ်ထောင်ဓား ဖြစ်ပြီး ဓားပြ၏ လက်နက်ကတော့ အလွန်ဆုံးရှိ အလွှာအနည်းငယ်သာ ရှိပေသည်။ ထို့ကြောင့် ဒိန်ခဲကို လှီးသကဲ့သို့ပင် မာကူး၏ ဓားချက်မှာ ဓားပြနှင့် သူ၏ဓားကိုပါ တစ်ပိုင်းစီ ပြတ်တောက်သွားစေတော့၏။
ဝုန်း ဝုန်း
မာကူး ဓားပြတစ်ယောက်ကို ရှင်းထုတ်လိုက်ပြီးနောက် ဝေ့ကျိအန်း၏ တုတ်ကြီးအလှည့် ရောက်လာသည်။ သူက ဓားပြနှစ်ယောက်၏ ရင်ဘတ်ကို ရိုက်ချလိုက်ရာ ထိုဓားပြတို့မှာလည်း နံရံဆီသို့ လွင့်စင်သွားကြတော့သည်။ သူတို့၏ ရင်ဘတ်များမှာ ချိုင့်ဝင်သွားလေပြီး မြေပေါ်တွင်ပဲ သေဆုံးသွားကြလေ၏။
ဝေ့ကျိအန်းမှာ ဓားပြနှစ်ယောက်ကို ရှင်းပြီးနောက် ကျန်ရှိသည့် လူများဆီသို့ တုတ်ဖြင့် ဆက်လက် တိုက်ခိုက်နေလေသည်။
"တပည့်ရေ... ဆရာ့အတွက်လည်း ချန်ထားပါဦးဟ" မာကူးက သူ့တပည့် လက်သွက်နေသည်ကို မြင်လိုက်ရသဖြင့် သူလည်း ဝေစုရအောင် အပြေးအလွှား တိုက်ခိုက်နေတော့သည်။
အခြားတစ်ဖက်တွင်မူ ဤကဲ့သို့ သတ်ဖြတ်ပွဲကြီးကို မြင်နေရသည့် လူကြီးမင်းဝမ်နှင့် တပည့်များမှာ ဘာစကားမှ မပြောနိုင်တော့ဘဲ မှင်သက်စွာဖြင့် ကြည့်နေမိကြလေတော့သည်။
…
အခန်း ၂၃၄ - ရှေ့မှ အန္တရာယ်ကြီး
မာကူးနှင့် ဝေ့ကျိအန်းတို့ ကျန်ရှိသည့် တောပုန်းဓားပြများကို ရှင်းလင်းပြီးသည်အထိ လူကြီးမင်းဝမ်နှင့် သူ၏တပည့်များမှာ သတိမဝင်နိုင်သေးပေ။ ဝင်းအတွင်း ပျံ့နှံ့နေသော အလောင်းများနှင့် အေးဆေးတည်ငြိမ်နေဆဲ ဖြစ်သည့် လုချင်း၊ ထို့ပြင် သက်ပြင်းအသာချနေသော သမားတော်ကြီးကို ကြည့်ပြီးနောက် လူကြီးမင်းဝမ် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ သူ တကယ်ပဲ လူမှားသွားခဲ့ပြီပင်။ သမားတော်ကြီးချန် ဦးဆောင်သည့် ဤအဖွဲ့မှာ တကယ့်ကို ထူးခြားဆန်းကြယ်ပြီး အစွမ်းအစများကို ဖုံးကွယ်ထားသူများ ဖြစ်ကြသည်။
ကလေးမလေးတစ်ယောက်ကို ခေါ်ပြီး ခရီးထွက်ရဲကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ လုချင်းနှင့် တခြားသူများမှာ အလွန်စွမ်းအားကြီးနေကြသည် မဟုတ်ပါလား။
အခုတင် ရင်ဆိုင်ခဲ့ရသော ဓားပြများမှာ ရက်စက်ပြီး ခွန်အားမနည်းလှပေ။ ဓားပြခေါင်းဆောင်မှာ 'ကိုယ်တွင်းအင်္ဂါအဆင့်' ကို ရောက်ခါနီးနေပြီဖြစ်ပြီး သူ့နောက်က လူတစ်ဒါဇင်ကျော်မှာလည်း သိုင်းပညာရှင်များ ဖြစ်ကြသည်။ 'ကြွက်သားနှင့် အရိုးအဆင့်' ရှိသူများပင် ပါသေးသည်။ ထို့အပြင် သူတို့က အမြင့်တစ်နေရာတွင် လေးမြှားများနှင့် လက်နက်ပုန်းများ ကိုင်ဆောင်ထားလျက် ရှိနေကြသည်။
ဒီအခြေအနေမှာ 'ကိုယ်တွင်းအင်္ဂါအဆင့်' ၏ အထွတ်အထိပ်ကို ရောက်ခါနီးနေပြီဖြစ်သော သူကိုယ်တိုင်ပင် ဝင်းထဲကလူတိုင်းကို ဘေးကင်းအောင် ကာကွယ်ပေးနိုင်မည်ဟု အာမမခံနိုင်ပေ။ သို့သော် ဤအန္တရာယ်ရှိသော အခြေအနေကို လုချင်းတို့အဖွဲ့က ခဏချင်းအတွင်းမှာပင် ချေမှုန်းပစ်လိုက်ကြသည်။
ဒါက လူကြီးမင်းဝမ်ကို အကြီးအကျယ် အံ့သြသွားစေ၏။ မာကူး၏ ကြမ်းတမ်းပြီး အစွမ်းထက်သော ဓားသိုင်း၊ လုချင်း၏ ဆန်းကြယ်သော လက်နက်ပုန်းအတတ်၊ ဝေ့ကျိအန်း၏ ထက်မြက်သော တုတ်သိုင်း...
အားလုံးက သူ့ကို ရင်သက်ရှုမော ဖြစ်စေခဲ့သည်။ အထူးသဖြင့် သတ်ဖြတ်ရာတွင် ပြတ်သားမှုရှိခြင်းကလည်း လုချင်းတို့အဖွဲ့ကို ပို၍ လျှို့ဝှက်ဆန်းကြယ်သွားစေလေ၏။
"သခင်လေးလု... မင်းရဲ့ အစွမ်းတွေက ဒီလောက်အထိ ထက်မြက်လိမ့်မယ်လို့ မထင်ထားဘူးဗျာ။ ကျွန်တော်တော့ စောစောက အလကားနေရင်း စိတ်ပူနေမိတာပဲ" လူကြီးမင်းဝမ်က သက်ပြင်းချရင်း ဆိုသည်။
"သူခိုးလေးတွေမလို့ပါဗျာ လူကြီးမင်းဝမ်ရဲ့။ လူကြီးမင်းရဲ့ အစွမ်းနဲ့ဆိုရင်လည်း သူတို့ကို ကိုင်တွယ်ရတာ လွယ်ကူမှာပါ။ ကျွန်တော်တို့က ဟန်ပြရုံသက်သက်ပါပဲဗျ" လုချင်းက ပြုံးလျက် ပြောသည်။
ဝမ်ပင်းအာနှင့် သူမ၏ သူငယ်ချင်းများမှာတော့ စကားပင် မပြောနိုင်တော့ပေ။ ထိုဓားပြများမှာ မာကူးတို့ရှေ့တွင် ဘာမှမဟုတ်သော်လည်း ထုတ်ဖော်ခဲ့သော စွမ်းအားများမှာ အစစ်အမှန် ဖြစ်သည်။ သူတို့ထဲတွင် ဝမ်ပင်းအာတို့ထက် ကျင့်စဉ်အဆင့် မြင့်သူများပင် ပါသေးသည်။ ထိုဓားပြများနှင့် ရင်ဆိုင်ရလျှင် သူတို့အနေဖြင့် အခွင့်အရေးရှိမည် မဟုတ်မှန်း သိပါ၏။ လုချင်း၏ မျက်လုံးထဲတွင်တော့ ထိုကဲ့သို့သော ရက်စက်သည့် ဓားပြအုပ်စုက 'သူခိုးလေးတွေ' သာ ဖြစ်နေသည်ကို သူတို့ ဘာပြန်ပြောရမှန်း မသိတော့ပေ။
"ညီလေးလု... အလောင်းတွေကို ပြန်ပြီး ရှင်းရဦးမယ်" မာကူးက ဝင်းထဲက အလောင်းများကို ကြည့်ကာ ခေါင်းကုတ်ရင်း ပြောသည်။
"ဟုတ်ပါ့ဗျာ... တော်တော်လေးတော့ အလုပ်ရှုပ်ဦးမှာပဲ" လုချင်းက အလောင်းများကို ကြည့်ကာ အသက်မဲ့စွာ ပြောလိုက်သည်။
ဒီတစ်ကြိမ်မှာတော့ လွန်ခဲ့သော နှစ်ရက်က သတ်ခဲ့သည့် တိမ်လွှာစီးဂိုဏ်း တပည့်တွေထက်တောင် အလောင်းတွေက ပိုများနေသေးပါ၏။ ဒါတွေကို မြှုပ်နှံရမှာက ပိုပြီးတော့တောင် အလုပ်ရှုပ်ပါသည်။ သူ၏ 'အလောင်းဖျောက်သည့် နည်းစနစ်'ကို အမြန်ဆုံး အချောသတ်ဖို့ လိုနေပြီဟု သူ တွေးလိုက်မိသည်။ မဟုတ်လျှင် တိုက်ပွဲတစ်ခုပြီးတိုင်း အလောင်းရှင်းရသည်မှာ အချိန်ကုန်လွန်းလှသည်။
ထိုစကားကို ကြားသောအခါ လူကြီးမင်းဝမ်နှင့် တပည့်များမှာ ကြက်သီးထသွားကြ၏။ လုချင်းတို့အဖွဲ့၏ တိုက်ပွဲဝင်ရာတွင် ပြတ်သားမှုနှင့် တစ်ဦးကိုတစ်ဦး နားလည်မှုရှိပုံမှာ လူငယ်တွေ ရှိသင့်တာထက် ပိုနေသည်ဟု သူတို့ ထင်ထားခဲ့သည်။
အခု သူတို့ပြောပုံအရဆိုလျှင် "ပြန်ပြီး" အလောင်းရှင်းရဦးမယ် ဆိုတော့...
လုချင်းတို့အဖွဲ့က အရင်ကလည်း လူတွေ အများကြီး သတ်ခဲ့ဖူးတာလား။
လုချင်းကတော့ လူကြီးမင်းဝမ်တို့၏ မျက်နှာအမူအရာကို သတိမထားမိပေ။ သူက လူကြီးမင်းဝမ်ကို ကြည့်ကာ "လူကြီးမင်းဝမ်... ကျွန်တော်တို့ ဒီည ဒီမှာပဲ နားဖို့ စဉ်းစားထားတာ။ အလောင်းတွေ ဒီလောက်များနေတာဆိုတော့ ဒီအတိုင်း ထားခဲ့ဖို့က မသင့်တော်ဘူးလေ။ လူကြီးမင်းရဲ့ တပည့်တွေကို ဒါတွေ သယ်ထုတ်ပြီး မြှုပ်နှံဖို့ ကူညီခိုင်းလို့ ရမလားဗျ"
လူကြီးမင်းဝမ်က ခေါင်းညိတ်လိုက်ပြီး "ရတာပေါ့... ဝမ်ပင်း၊ ဝမ်ဝူ... မင်းတို့ အကုန်လုံး အလောင်းတွေကို အပြင်သယ်ထုတ်ဖို့ ကူညီလိုက်ကြ"
"ဟုတ်ကဲ့ ဆရာ" တပည့်များက တညီတညွတ်တည်း ပြန်ဖြေကြသည်။
"အားချင်း..." သမားတော်ကြီးက ရုတ်တရက် စကားပြောလာ၏။ "ဟောဒီ မိန်းကလေးရဲ့ ခေါင်းကိုတော့ ကောင်းကောင်းမွန်မွန် မြှုပ်နှံပေးလိုက်ပါဦး"
"ကျွန်တော် နားလည်ပါတယ် ဆရာ"
လုချင်းသည် မြေပေါ်က မိန်းကလေး၏ ခေါင်းကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး အဝတ်အိတ်ထဲသို့ သေချာထည့်လိုက်သည်။ နောက်မှ သင့်တော်သည့်နေရာရှာကာ မြှုပ်နှံပေးရန် သူ စဉ်းစားလိုက်၏။
မိုးကောင်းကင်ကြီးလုံးဝ မမှောင်မီမှာပင် အားလုံး ဝိုင်းဝန်းကာ အလောင်းများကို ဝင်းထဲမှ သယ်ထုတ်ကြတော့သည်။ ဝမ်ပင်းအာမှာ မိန်းကလေးဖြစ်တာကြောင့်သော်လည်းကောင်း၊ စောစောက အကြီးအကျယ် ထိတ်လန့်ခဲ့တာကြောင့်သော်လည်းကောင်း ဤအလုပ်ကြမ်းကို လုပ်စရာမလိုပေ။
ဝင်းထဲတွင် အလောင်းများ တစ်ဖြည်းဖြည်း နည်းပါးသွားသည့်အခါမှ ဝမ်ပင်းအာ၏ စိတ်မှာလည်းလည်း တဖြည်းဖြည်း ပြန်၍ငြိမ်ကျလာတော့သည်။ သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ၌ ရှောင်ယန်မှာ ရှောင်လီကို ပွေ့ချီကာ သမားတော်ကြီးဘေးတွင် အေးဆေးစွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာတွင် ထိတ်လန့်နေသည့် အရိပ်အယောင် လုံးဝ မရှိပေ။
ဒါက သူမကို အံ့သြသွားစေမိပါ၏။
ထိုစဉ် စောစောက ဓားပြတွေ ဘုရားကျောင်းကို ဝိုင်းထားစဉ်ကလည်း ရှောင်ယန်က မကြောက်ပုံရသည်ကို သူမ သတိရသွားသည်။ အနည်းဆုံးတော့ သူမနှင့် ယှဉ်လျှင် ရှောင်ယန်ကတောင် ပို၍ တည်ငြိမ်နေခဲ့သေးသည်ပင်။
"ရှောင်ယန်... ညီမလေး မကြောက်ဘူးလား။ ဒီမှာ လူသေတွေ အများကြီးပဲလေ" ဝမ်ပင်းအာက တိုးတိုးလေး မေးလိုက်သည်။
"ဟင့်အင်း... မကြောက်ပါဘူး" ရှောင်ယန်က ခေါင်းခါလိုက်ပြီး "သူတို့က လူဆိုးတွေလေ။ ပြီးတော့ ကိုကိုနဲ့ ရှောင်လီက သမီးကို ကာကွယ်ပေးမှာဆိုတော့ သမီး မကြောက်ပါဘူး"
ဝမ်ပင်းအာမှာ ရှောင်ယန်၏ အဖြေကြောင့် အံ့သြသွားသလို ထိုစကားက သူမ၏ စိတ်ကိုလည်း ထိခိုက်စေခဲ့သည်။
"ရှောင်ယန်... ညီမလေး ပြောပုံအရဆိုရင် အရင်ကလည်း လူဆိုးတွေက ညီမလေးကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ဖူးလို့လား" သူမသည် ရှောင်လီက ကာကွယ်ပေးမည်ဆိုသည့် စကားကိုတော့ လျစ်လျူရှုထားလိုက်သည်။ ကလေးမလေးဖြစ်တာကြောင့် သူမ၏ ကစားဖော်ကို အထင်ကြီးနေခြင်းသာ ဖြစ်မည်ဟု သူမ ယူဆလိုက်သည်။
"ဟုတ်တယ်... လူဆိုးတွေ အများကြီးပဲ။ ဒါပေမဲ့ သူတို့ကို ကိုကိုနဲ့ ဦးလေးမာတို့က အကုန်သတ်ပစ်လိုက်တယ်လေ" ရှောင်ယန်က အတည်ပေါက် ခေါင်းညိတ်ပြလိုက်၏။
ထိုအခါ၌ ဝမ်ပင်းအာသည် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ သူမ ထင်တာ မှန်နေပြီပင်။ လုချင်းတို့အဖွဲ့မှာ တိုက်ပွဲပေါင်းများစွာကို ကြုံဖူးခဲ့ကြသဖြင့် တိုက်ခိုက်ရာတွင် ဤမျှ ပြတ်သားနေကြခြင်း ဖြစ်သည်။ "အလောင်းတွေကို ပြန်ပြီး ရှင်းရဦးမယ်" ဆိုသည့် စကား၏ အဓိပ္ပာယ်ကိုလည်း သူမ အခုမှ သဘောပေါက်သွားတော့၏။
လုချင်းနှင့် တခြားသူများ ဝိုင်းဝန်းလုပ်ကိုင်ကြသဖြင့် ညတာသို့ မကူးပြောင်းမီမှာပင် အလောင်းအားလုံးကို သယ်ထုတ်နိုင်ခဲ့ကြသည်။ သူတို့သည် အနီးနားရှိ တောအုပ်ထဲတွင် ကျင်းကြီးတစ်ကျင်းတူးကာ အလောင်းများကို မြှုပ်လိုက်ကြ၏။ မိန်းကလေး၏ ခေါင်းကိုတော့ လုချင်းက ဖုန်းရွှေကောင်းသည့် နေရာတစ်ခုကို ရှာလိုက်ကာ ကောင်းမွန်စွာ မြှုပ်နှံပေးခဲ့သည်။
အလောင်းအားလုံးကို မြှုပ်နှံပြီးနောက် ကျောင်းထဲသို့ ပြန်လာလိုက်ကြ၏။ လုချင်းသည် သွေးနံ့များ ပျောက်သွားအောင် ဝင်းအတွင်းနှင့် ကျောင်းဆောင်အတွင်း ဆေးမြစ်အချို့ကို မီးရှို့လိုက်ကာ အနံ့ပျောက်အောင် လုပ်လိုက်သည်။ ဤအလုပ်များအားလုံး ပြီးသွားချိန်တွင်တော့ ကောင်းကင်ကြီးမှာလည်း လုံးဝကို မှောင်မိုက်သွားလေပြီပင် ဖြစ်သည်။
"လူကြီးမင်းဝမ်... ဒီနေ့တော့ ကိစ္စတွေ အများကြီး ဖြစ်သွားပြီဆိုတော့ အားလုံးလည်း ပင်ပန်းနေကြပြီ ထင်တယ်။ အခုပဲ နားလိုက်ကြရအောင်။ မနက်ဖြန်မနက်မှ အတူတူ ထွက်ကြတာပေါ့" လုချင်းက အကြံပြုလိုက်သည်။
"အဲ့ဒါကောင်းတာပေါ့။ သမီးလေးလည်း တော်တော် လန့်သွားတာဆိုတော့ နားဖို့ လိုနေပြီ" လူကြီးမင်းဝမ်က ခေါင်းညိတ်လိုက်သည်။
ဒီအချိန်မှာ လုချင်းသည် ဓားပြများကို သတ်ပြီးနောက် မူလကကဲ့သို့ သိုသိုသိပ်သိပ် မနေတော့ဘဲ ပို၍ ပြတ်သားသော ခေါင်းဆောင်ပုံစံ ဖြစ်လာသည်ကို သူ သတိထားမိလိုက်သည်။ သမားတော်ကြီးချန်က ဆုံးဖြတ်ချက်များ မချတော့ဘဲ လုချင်းကသာ အားလုံးကို စီမံနေလေသည်။ ထို့နောက်တွင်တော့ သူတို့သည် ကျောင်းဆောင်၏ တစ်ဖက်တစ်ချက်စီကို ယူကာ အိပ်ရာပြင်ပြီး နားကြတော့သည်။
ခဏအကြာတွင် ဝါးလိုက်ကာတစ်ခု၏ နောက်ကွယ်၌ သမားတော်ကြီးနှင့် လုချင်းတို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ထူးခြားသော အရှိန်အဝါတစ်ခုက သူတို့ကို ဝန်းရံထားသဖြင့် အပြင်မှ မည်သည့်အသံနှင့် လှုပ်ရှားမှုကိုမျှ မကြားနိုင်ပေ။
"ဆရာ... ကျွန်တော် မေးချင်တာက ဆရာက ဘာလို့ လူကြီးမင်းဝမ်တို့အဖွဲ့ကို တိမ်လွှာစီးဂိုဏ်းအထိ အတူတူသွားဖို့ ဖိတ်ခေါ်ခဲ့တာလဲဗျ" လုချင်းက မေးလိုက်သည်။ ဤမေးခွန်းက တစ်နေ့ခင်းလုံး သူ့စိတ်ထဲတွင် ရှိနေခဲ့တာပင်။
သူတို့သည် တိမ်လွှာစီးဂိုဏ်းသို့ အရေးကြီးသော ကိစ္စဖြင့် သွားနေကြခြင်း ဖြစ်ရာ ပေါ့ဆ၍ မရပေ။ ဆရာ၏ သတိကြီးသော ပုံစံအရဆိုလျှင် တခြားသူများကို ပတ်သက်မိအောင် လုပ်လိမ့်မည် မဟုတ်ပေ။
"ငါလည်း သေချာတော့ မပြောတတ်ဘူး။ ငါတို့ ဒီတောင်စောင့်နတ် ဘုရားကျောင်းကို ရောက်လာပြီး လူကြီးမင်းဝမ်တို့နဲ့ ဆုံတဲ့အချိန်မှာ ငါ့စိတ်ထဲမှာ ပြင်းထန်တဲ့ နိမိတ်တစ်ခုကို ရခဲ့တယ်။ လူကြီးမင်းဝမ်တို့အဖွဲ့က အန္တရာယ်ကြီးကြီးမားမားနဲ့ ကြုံပြီး အားလုံး ဝမ်းနည်းစရာကောင်းအောင် သေသွားကြလိမ့်မယ်လို့လေ"
"ဆရာ... ဆရာ နိမိတ် ရခဲ့တာလား" လုချင်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
ဆရာ့ထံတွင် 'ကုသိုလ်တော်အလင်း' ရှိပြီး ကောင်းကင်ဘုံ၏ စောင့်ရှောက်မှုကို ခံရသူဖြစ်ကြောင်း သူ သိသည်။ ထိုကဲ့သို့သော နိမိတ်များမှာ စိတ်ကူးယဉ်မှု မဟုတ်ဘဲ ကောင်းကင်ဘုံမှ ပေးသော သတိပေးချက်များသာ ဖြစ်နိုင်ပေသည်။
"ဟုတ်တယ်... အဲ့ဒီနိမိတ်က ငါ့ရဲ့ ဝိညာဉ်ကိုတောင် တုန်လှုပ်စေတဲ့အထိ ပြင်းထန်တယ်။ ဒါက အရမ်းကိုအရေးကြီးတဲ့ အရာတစ်ခုခုနဲ့ ဆက်စပ်နေတဲ့ပုံပေါက်လို့ ဘာလဲဆိုတာကို သိချင်နေတာလေ"
"အန္တရာယ်ကြီးကြီးမားမားဆိုတာက... စောစောက ဓားပြတွေကို ပြောတာများလား" လုချင်းက ရေရွတ်လိုက်သည်။
သို့သော် သူ ချက်ချင်းပင် ထိုအတွေးကို ပယ်လိုက်၏။ စောစောက အခြေအနေမှာ အန္တရာယ်ရှိသော်လည်း ဓားပြများမှာ ထိုမျှအထိတော့ မပြင်းထန်လှပေ။ လူကြီးမင်းဝမ်၏ 'ကိုယ်တွင်းအင်္ဂါအဆင့်' အစွမ်းနှင့်ဆိုလျှင် သူတို့ မကူညီလျှင်ပင် ထိုအကျပ်အတည်းမှ ဖောက်ထွက်နိုင်စွမ်း ရှိပါ၏။ တပည့်များ ဒဏ်ရာရနိုင်သော်လည်း ဤမျှ ပြင်းထန်သော နိမိတ်ရစရာ အကြောင်းမရှိပေ။
"ဒါဆိုရင် တိမ်လွှာစီးဂိုဏ်းမှာ တစ်ခုခု အကြီးအကျယ် ဖြစ်လာတော့မှာများလား" လုချင်းက မေးစေ့ကို ပွတ်ရင်း စဉ်းစားနေသည်။
လူကြီးမင်းဝမ်တို့အဖွဲ့ကလည်း တိမ်လွှာစီးဂိုဏ်းက ပွဲကြီးပွဲကောင်းကို သွားကြည့်ကြမှာ ဖြစ်သည်။ ယွင်ကျိုးက ဂိုဏ်းပေါင်းစုံ တိမ်လွှာစီးဂိုဏ်းဆီကို တရားမျှတမှု သွားတောင်းကြမည့် အခမ်းအနားက တကယ့်ကို ကြည့်ချင်စရာ မဟုတ်ပါလော။ သို့သော် ဆရာ့၏ နိမိတ်အရဆိုလျှင် ထိုပွဲမှာ ထင်သလောက် မရိုးရှင်းနိုင်ပေ။
"အားချင်း... မင်း တစ်ခုခု စဉ်းစားမိလို့လား" သမားတော်ကြီးက မေးသည်။
"နည်းနည်းပါ ဆရာ၊ ဒါပေမဲ့ သေချာတော့ မပြောတတ်သေးဘူး။ ဆရာက လူကြီးမင်းဝမ်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံလိုက်ပြီဆိုတော့ သူတို့နဲ့အတူ သွားရင်းနဲ့ပဲ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့" လုချင်းက ပြုံးလိုက်သည်။
"ငါလည်း အဲ့ဒီလိုပဲ တွေးထားတာ။ လူကြီးမင်းဝမ်တို့အဖွဲ့က လူရိုးလူဖြောင့်တွေဆိုတာ ငါ အာရုံခံမိတယ်။ သူတို့ အန္တရာယ်ရှိနေတယ်ဆိုရင် ငါတို့ ကူညီပေးသင့်တာပေါ့၊ အထူးသဖြင့် ငါတို့ သွားမယ့် လမ်းကြောင်းကလည်း အတူတူပဲကို"
"ကျွန်တော် ဆရာ့နောက်ကပဲ လိုက်ပါ့မယ်"
'ကုသိုလ်တော်အလင်း' က တကယ့်ကို အံ့သြစရာ ကောင်းလှသည်။ ဆရာသည် 'မွေးရာပါနယ်ပယ်' သို့ ရောက်ပြီးကတည်းက သူ၏ ထူးခြားသော အာရုံခံစွမ်းအားများမှာလည်း ပို၍ပင် ထက်မြက်လာခဲ့လေ၏။ လူကောင်း၊ လူဆိုး ခွဲခြားနိုင်စွမ်းမှာလည်း လုချင်း၏ 'နတ်မျက်စိ'စွမ်းရည် နှင့်ပင် ရင်ဘောင်တန်းနိုင်စွမ်း ရှိလာပြီ ဖြစ်သည်။
သံသယများ ပြေပျောက်သွားပြီးနောက် လုချင်းနှင့် သမားတော်ကြီးတို့လည်း အနားယူလိုက်ကြတော့၏။ သူတို့၏ စကားဝိုင်းကို တခြားသူများ လုံးဝ မကြားနိုင်ခဲ့ပေ။
နောက်တစ်နေ့မနက်တွင် လုချင်းသည် စောစောနိုးလာကာ ဝင်းထဲတွင် မနက်စာ ပြင်ဆင်နေသည်။
"သခင်လေးလု... စောစောစီးစီး နိုးနေတာပဲ" လူကြီးမင်းဝမ်သည် အပြင်မှ အသံကြားသဖြင့် ထွက်လာကာ ပြော၏။
"ဟုတ်တယ်.... ကျွန်တော်နဲ့ ဆရာမာက ညဘက် ကင်းစောင့်တာကို အလှည့်ကျ လုပ်ကြတာပါဗျ။ ကျွန်တော်က ညဉ့်နက်ပိုင်းအလှည့်ဆိုတော့ အားလုံး မနိုးခင်မှာပဲ မနက်စာ ပြင်လိုက်တာပေါ့"
"လူကြီးမင်းတို့အတွက်လည်း ကျွန်တော် လုပ်ပေးထားပါတယ်။ ခဏနေရင် အတူတူ စားကြတာပေါ့"
"ဒါဆိုရင်တော့ အားနာနာနဲ့ပဲ လက်ခံရမှာပဲ" လူကြီးမင်းဝမ်က ပြောရင်း သက်ပြင်းချလိုက်ကာ "ဒါဆို မင်းက မနေ့ညက တစ်ညလုံး မအိပ်ရဘူးပေါ့"
"အပြင်မှာ ခရီးသွားရင်တော့ သတိထားရတာပေါ့၊ ဒါက ကျွန်တော်တို့အတွက်တော့ နေသားကျနေပါပြီ"
"တကယ်ကို သတိထားသင့်တာပေါ့ဗျာ။ နှမြောစရာကောင်းတာက ကျွန်တော့်တပည့်တွေမှာ မင်းတို့လို သတိဝီရိယ မရှိကြဘူး။ မနေ့ညက အိပ်လိုက်ကြတာဆိုတာလေ ၊ ဖင်ထဲ ကြွက်ဝင်တာတောင် သိမဲ့အကောင်တွေ မဟုတ်ဘူး။ တကယ်လို့ ဓားပြတွေ ထပ်လာရင်တော့ သူတို့တွေ အရင်ဆုံး သေကြမှာပဲ" လူကြီးမင်းဝမ်က ခေါင်းခါရင်း ဆိုသည်။
တပည့်ချင်း အတူတူပဲကို... သူ့တပည့်တွေနဲ့ သမားတော်ကြီးချန်ရဲ့ တပည့်က ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ။ လုချင်းကို ကြည့်ဦး... ဟင်းချက်လည်း အရမ်းတော်သလို သတိဝီရိယလည်း ရှိလိုက်တာ။ သမားတော်ကြီးချန် စိုးရိမ်စရာမလိုဘဲ အိပ်နိုင်အောင် သူက အကုန်တာဝန်ယူထားတာလေ။
လုချင်းနှင့် ယှဉ်လိုက်လျှင် သူ့တပည့်တွေက ဘာမှ အသုံးမကျသလို ဖြစ်နေတော့သည်။
"သူတို့တွေလည်း မနေ့က ပင်ပန်းသွားလို့ ဖြစ်မှာပါ" လုချင်းက ပြုံးလျက် နှစ်သိမ့်ပေးလိုက်သည်။
စကားပြောရင်းနှင့်ပင် လူကြီးမင်းဝမ်၏ တပည့်သုံးဦးအနက် နှစ်ဦးမှာ ညီအစ်ကိုများ ဖြစ်ကြပြီး 'ဝမ်ပင်း' နှင့် 'ဝမ်ဝူ' ဟု အမည်ရကြောင်း၊ နောက်တစ်ဦးမှာ 'စု' ဟု အမည်ရကာ ငယ်စဉ်ကတည်းက သူ့နောက်သို့ လိုက်လာသူများ ဖြစ်ကြောင်း သိရသည်။
"သူတို့ကို ကာကွယ်မပေးပါနဲ့တော့။ အခုတော့ သူတို့အပေါ် ငါ အများကြီး မျှော်လင့်မထားတော့ပါဘူး။ မင်းရဲ့ အရည်အချင်းတစ်ဝက်လောက် ရှိရင်တောင် ငါ ကျေနပ်ပါပြီ" လူကြီးမင်းဝမ်က ခေါင်းခါသည်။
ဝေကျိအန်းက အခုမှ နိုးလာပြီး ထိုစကားကို ကြားသော် ကြောင်အမ်းသွားသည်။
လူကြီးမင်းဝမ်ရဲ့ မျှော်လင့်ချက်က တော်တော်ကြီးတာပဲ။ ဝေမိသားစုရဲ့ ဘိုးဘေးတွေတောင် လုချင်းရဲ့ တစ်ဝက်လောက် ရှိဖို့ဆိုတာ ဘယ်ပြောရဲပါ့မလဲ။ အခုတော့ 'ကိုယ်တွင်းအင်္ဂါအဆင့်' ဆရာတစ်ယောက်က ဒီလို အိမ်မက်တွေမက်နေရှာတာကို။
"ကျိအန်း... နိုးပြီလား။ ရှောင်ယန်နဲ့ ရှောင်လီကို သွားခေါ်လိုက်ဦး၊ မနက်စာ အဆင်သင့် ဖြစ်ပြီ" လုချင်းက လှမ်းခေါ်လိုက်သည်။
ဝေကျိအန်း ကျောင်းဆောင်ထဲ ဝင်သွားပြီးနောက် လူကြီးမင်းဝမ်ကလည်း "ငါလည်း ငါ့ရဲ့ ပျင်းရိနေတဲ့ တပည့်တွေကို သွားနှိုးလိုက်ဦးမယ်" ဟု ပြောကာ ထွက်သွားတော့သည်။
သူ သွားနှိုးသည့်အခါတွင်တော့ သူ၏ ဒေါသများမှာ သိသာလှသည်။ လုချင်းက အားလုံးကို အပြစ်ပြောစရာမရှိ စီမံထားသည်ကို မြင်ရသဖြင့် သူ့တပည့်တွေကို ကြည့်ကာ ပို၍ စိတ်တိုနေခြင်းပင်။ ထို့ကြောင့် နှိုးသည့်အခါတွင်လည်း အနည်းငယ် ကြမ်းတမ်းသွားမိလေ၏။
ဘယ်လောက်တောင် ကြမ်းသွားသလဲဆိုလျှင် နောက်ဆုံးမှ နိုးလာသည့် ဝမ်ပင်းအာက သူမ၏ အစ်ကိုများ၏ မျက်နှာတွင် အညိုအမည်းစွဲနေသည်ကို မြင်လိုက်ရသဖြင့် အံ့သြစွာဖြင့် မေးမိတော့သည်။
"အစ်ကိုဝမ်ပင်း... အစ်ကိုတို့ မျက်နှာတွေက ဘာလို့ ညိုမည်းစွဲနေတာလဲ။ အိပ်ရင်းနဲ့ ပြုတ်ကျလို့လား"
လူကြီးမင်းဝမ်က သူတို့ကို ချက်ချင်း စိုက်ကြည့်လိုက်သည်။ ဆရာ့အကြည့်ကို ခံစားလိုက်ရသဖြင့် ဝမ်ပင်းမှာ တုန်သွားကာ အမြန်ပင် ပြန်ဖြေလိုက်ရ၏။ "ဟုတ်တယ်... ငါတို့ လူးလိမ့်ရင်းနဲ့ အောက်ကို ပြုတ်ကျကုန်တာလေ"
"သုံးယောက်စလုံးလား" ဝမ်ပင်းအာက မယုံသလို မေးလိုက်၏။
"ဟုတ်တယ်လေ... ငါတို့က နတ်စင်နောက်မှာ အိပ်တာဆိုတော့ နေရာက အရမ်းကျဉ်းလို့ပါ" ဝမ်ပင်းက ကမူးရှူးထိုး ပြန်ဖြေသည်။
"ဒါဆိုလည်း နောက်ခါ သတိထားကြပေါ့" ဝမ်ပင်းအာက ခေါင်းညိတ်ကာ လုချင်းချက်ပေးသည့် ဆန်ပြုတ်ကို ဆက်စားနေတော့သည်။ ရိုးရှင်းသော်လည်း အရမ်းကို အရသာရှိလှပါသည်။
အဲ့ဒီအစ်ကိုလုဆိုတာက လူကသာ အေးစက်စက်နဲ့ မာနကြီးသလိုလို ရှိတာ...
ကျန်တာကတော့ အပြစ်ပြောစရာ မရှိအောင် ပြည့်စုံလွန်းလှပါ၏။
သူမ ထပ်မမေးတော့မှ ဝမ်ပင်းတို့အဖွဲ့လည်း သက်ပြင်းချနိုင်တော့သည်။ သူတို့ တကယ်ပဲ အရှက်ရနေကြခြင်း ဖြစ်သည်။ ဒီမနက်မှာ သူတို့ တကယ်ကို ပေါ့ဆမိသွားသည်။
သမားတော်ကြီးတို့အဖွဲ့က အကုန်နိုးနေပြီး မနက်စာတောင် ပြင်ပြီးနေပြီလေ၊ အဲ့အချိန် သူတို့ကတော့ အိပ်ပျော်နေတုန်းပေါ့။ ဆရာ စိတ်တိုတာလည်း မဆန်းပါဘူး။
လုချင်းတို့အဖွဲ့ကတော့ ထိုသည်ကို ကြည့်ပြီး ရယ်ချင်နေကြသော်လည်း သူတို့ကို အရှက်မခွဲခဲ့ပေ။ မနက်စာ စားပြီးနောက် အားလုံးက ပစ္စည်းများသိမ်းကာ ခရီးဆက်ခဲ့ကြသည်။ ဒီတစ်ကြိမ်မှာတော့ ခရီးစဉ်မှာ ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ပေ။
နှစ်ရက်အကြာတွင်တော့ သူတို့သည် စည်ကားလှသော မြို့လေးတစ်မြို့သို့ ရောက်ရှိလာကြသည်။
"တိမ်လွှာမြို့... သမားတော်ကြီးချန်... ကျွန်တော်တို့ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ" မြို့ပြင်က ကျောက်စာတိုင်ကို ကြည့်ကာ လူကြီးမင်းဝမ်က ဝမ်းသာအားရ ပြောလိုက်လေတော့သည်။