အခန်း (၂၃၇-၂၃၈)
Vol. 24 Ch. 237-238
အခန်း ၂၃၇ - ကမ္ဘာမြေပေါ်က ငရဲခန်းနှင့် အသားနှင့်သွေး ဝိညာဉ်သန့်စင်ခြင်း အစီအရင်
ချိတ်ကဲ့သို့ ကောက်နေသည့် နှာခေါင်းနှင့် အဘိုးအိုသည် လက်ထဲရှိ သွေးရောင်လွှမ်းနေသော အလံကို ဝှေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းသော စွမ်းအားတစ်ခု ပြန့်နှံ့သွားကာ ငွေရောင်လမင်းဂိုဏ်းချုပ်နှင့် သူ၏လူများကို လုံးဝ မလှုပ်ရှားနိုင်အောင် ချုပ်နှောင်လိုက်လေသည်။
"ချန်ပေ့... ခင်ဗျား ဘာလုပ်မလို့လဲ" ငွေရောင်လမင်းဂိုဏ်းချုပ်သည် သွေးရောင်အလံကို ကြည့်ရင်း ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။ ထိုအရာသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ပစ္စည်းတစ်ခုဖြစ်ကြောင်း သူ၏ အင်မတန် ထက်မြက်သော အာရုံက ပြောပြနေလေ၏။
"မကြာခင် မင်း သိရမှာပါ" ချိတ်ကဲ့သို့ ကောက်နေသည့် နှာခေါင်းနှင့် အဘိုးအိုက ပြောလိုက်ပြီး သူ၏ အပြုံးက ပို၍ ယုတ်မာလာသည်။ သူကိုင်ထားသော သွေးရောင်အလံမှ အနက်ရောင် မြူခိုးပါးပါးများ ထွက်ပေါ်လာလေသည်။
ထိုအချိန်၌ပင် တိမ်လွှာမြို့အတွင်းရှိ နေရာအနှံ့အပြားတွင် မူလက စိုက်ထူထားသော ကျောက်တိုင်များသည် စတင် တုန်ခါလာပြီး မမြင်ရသော စွမ်းအားတစ်ခုက ၎င်းတို့ကို ချိတ်ဆက်လိုက်သည်။ ကျောက်တိုင်များပေါ်တွင် အနက်ရောင် မြူခိုးများ ပေါ်လာပြီး မြို့တစ်ခုလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားလေသည်။
"ဒါ ဘာကြီးလဲဟ" လမ်းမပေါ်တွင် မြို့သားတစ်ဦးသည် သူ့ဆီသို့ လွင့်မျောလာသော အနက်ရောင် မြူခိုးကို မြင်လိုက်ရသည်။ စူးစမ်းလိုစိတ်ဖြင့် သူက လက်လှမ်းပြီး ထိုမြူခိုးကို ထိလိုက်သည်။ နောက်တစ်ခဏတွင်တော့ သူ့လုပ်ရပ်အတွက် နောင်တရသွားလေသည်။ သူ၏ လက်ချောင်းများ အနက်ရောင် မြူခိုးနှင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက် ဖယောင်းတိုင် မီးလောင်သကဲ့သို့နှယ် အရည်ပျော်ကျလာပြီး လက်ချောင်းမှတစ်ဆင့် လက်ဖဝါး၊ လက်ကောက်ဝတ်နှင့် လက်မောင်းဆီသို့ လျင်မြန်စွာ ပြန့်နှံ့သွားလေသည်။
"အား" သာမန်လူတစ်ယောက်အတွက်တော့ သည်းမခံနိုင်လောက်အောင် ပြင်းထန်သော နာကျင်မှုပင်။ မြို့သားသည် နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ် လဲကျကာ အနက်ရောင် မြူခိုးကို ဖယ်ရှားရန် ရူးသွပ်မတတ် လူးလှိမ့်နေတော့သည်။ သို့သော် အချည်းနှီးသာ။ အနက်ရောင် မြူခိုးသည် သက်ရှိသတ္တဝါတစ်ကောင်ကဲ့သို့ တွယ်ကပ်နေပြီး သူ့သွေးကို စုပ်ယူကာ ခါချ၍ မရနိုင်ပေ။ ၎င်းသည် သူ့လက်မောင်းကို ရစ်ပတ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို စတင်ဝါးမြိုလေတော့သည်။
ဘုန်း
ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် လမ်းပေါ်ရှိ အခြား လမ်းသွားလမ်းလာများမှာ ထိတ်လန့်တကြား ထွက်ပြေးကြလေသည်။ မြို့သားတစ်ယောက် သူတို့မျက်စိရှေ့တွင်ပင် ပုံပျက်သွားသည်ကို ကြည့်ရင်း အားလုံးသည် တကွဲတပြားဖြင့် ထွက်ပြေးကုန်ကြတော့၏။ အချို့က တံမြက်စည်းများ၊ အဝတ်စများဖြင့် အနက်ရောင် မြူခိုးကို မောင်းထုတ်ရန် ကြိုးစားကူညီကြသော်လည်း အရာမထင်ပေ။ အနက်ရောင် မြူခိုးသည် ထိုမြို့သားအပေါ် တွယ်ကပ်လျက် သွေးများကို ဆက်လက် စုပ်ယူနေသည်။
ပြင်းထန်သော နာကျင်မှုကို မခံနိုင်တော့ဘဲ ထိုမြို့သားသည် မကြာမီမှာပဲ သတိမေ့သွားသည်။ ထို့နောက် အနက်ရောင် မြူခိုးများက သူ့ကို တဖြည်းဖြည်း ဝါးမြိုပြီး အရည်ပျော်သွားစေသည်ကို အားလုံး စောင့်ကြည့်နေလိုက်ရသည်။ အချိန်တိုအတွင်း သူသည် လုံးဝ ပျောက်ကွယ်သွားပြီး အဝတ်အစားများနှင့် သွေးအိုင်တစ်အိုင်သာ ကျန်ရစ်ခဲ့လေသည်။
လူတစ်ယောက်ကို ဝါးမြိုပြီးနောက် အနက်ရောင် မြူခိုးသည် ပြန်လည် မြင့်တက်လာပြီး အရောင်ပိုရင့်လာကာ အခြားသူများဆီသို့ လွင့်မျောသွားလေ၏။
"အား... ပြေးကြဟေ့" ယခင် သားကောင်၏ ဆိုးရွားလှသော နိဂုံးကို မြင်လိုက်ရသဖြင့် အားလုံးက အနက်ရောင် မြူခိုး၏ ကြောက်မက်ဖွယ်အခြေအနေကို နားလည်သွားပြီး ထိတ်လန့်တကြား ထွက်ပြေးကြတော့သည်။ အနည်းငယ် နှေးကွေးသူအချို့မှာ အနက်ရောင် မြူခိုးနှင့် ထိတွေ့မိပြီးနောက်၌ နာကျင်စွာ အော်ဟစ်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ဒီတစ်ခါတော့ ဘယ်သူမှ ရပ်ပြီး မကူညီရဲကြတော့ပေ။ ကိုယ့်အသက်လွတ်မြောက်ရေးကိုသာ ဂရုစိုက်ကြတော့သည်။
တိမ်လွှာမြို့၏ လမ်းမများပေါ်တွင် အလားတူ မြင်ကွင်းများ ဖြစ်ပေါ်နေပြီး နာကျင်စွာ အော်ဟစ်သံများဖြင့် ပဲ့တင်ထပ်နေကာ မြို့လေးသည် သက်ရှိငရဲခန်းအဖြစ်သို့ ပြောင်းလဲသွားတော့လေသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ" တိမ်လွှာမြို့နှင့် မိုင်အနည်းငယ်ဝေးသော တောင်ကုန်းတစ်ခုပေါ်ရှိ သစ်တောထဲတွင် မာကူးနှင့်အတူ တဲထိုးရန် ပြင်ဆင်နေသော လုချင်း၏ မျက်နှာမှာ ရုတ်ချည်းပင် ပြောင်းလဲသွားသည်။ ဘာမှ ရှင်းပြမနေတော့ဘဲ သူသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး သစ်ပင်ကြီးတစ်ပင်၏ ထိပ်ဖျားသို့ ခုန်တက်ကာ တိမ်လွှာမြို့ဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုမြင်ကွင်းကြောင့် သူ့မျက်နှာထားမှာ ထပ်မံ ပြောင်းလဲသွားရပြန်၏။ တိမ်လွှာမြို့သည် မီးခိုးရောင် အလင်းပါးပါး လွှမ်းခြုံထားပြီး အတွင်းတွင် အနက်ရောင် မြူခိုးများ လှည့်ပတ်နေသည်။ လူများကတော့ လူးလှိမ့် ရုန်းကန်နေကြပြီး အော်ဟစ်နေကြသည်ကို ဝေဝါးစွာ မြင်နေရသည်။ သို့သော် ထူးဆန်းသည်မှာ အသံတစ်ချက်မှ မကြားရခြင်းပင်။
"အားချင်း... ဘာဖြစ်တာလဲ။ မြို့ဘက်ကနေ ပြင်းထန်တဲ့ နာကြည်းမှုတွေ လှိုင်တက်လာတာ ငါ အာရုံခံမိတယ်" သမားတော်ကြီးချန်သည် လုချင်း၏ ဘေးတွင် ပေါ်လာလေသည်။
"ဆရာ... ဟိုမှာ ကြည့်ပါဦး" လုချင်းက ရှေ့သို့ ညွှန်ပြလိုက်သည်။ သမားတော်ကြီးချန်သည်လည်း သူ၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ သူ၏ မွေးရာပါနယ်ပယ် အမြင်အာရုံစွမ်းအားဖြင့် မြို့အတွင်းရှိ ကြောက်မက်ဖွယ် မြင်ကွင်းများနှင့် မြို့ကို လွှမ်းခြုံထားသော မီးခိုးရောင် အလင်းတန်းကို မြင်လိုက်ရလေသည်။
"အဲ့ဒါ ဘာကြီးလဲ" သူ တုန်လှုပ်စွာ မေးလိုက်သည်။
"အဲ့ဒါ အစီအရင်မန္တန်တစ်ခုပဲ... ပြီးတော့ အရမ်းကို ယုတ်မာတဲ့ မိစ္ဆာအစီအရင်ပဲ" လုချင်းက လေးနက်စွာ ဖြေလိုက်သည်။ မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်း၏ အမွေအနှစ် ဗဟုသုတဖြင့် တိမ်လွှာမြို့ကို လွှမ်းခြုံထားသော မီးခိုးရောင် အလင်းတန်းသည် ယုတ်မာသော အစီအရင်မန္တန်တစ်ခု၏ လက်ရာဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။ သို့သော် ဝိညာဉ်စွမ်းအင်များ ယခုမှ ပြန်လည် နိုးထလာစအချိန်တွင် ဤကဲ့သို့သော အစီအရင်မျိုးကို မည်သို့ လုပ်နိုင်သည်ကိုတော့ သူ နားမလည်နိုင်ပေ။
"အစီအရင် ဟုတ်လား... မသေမျိုးတွေရဲ့ နည်းလမ်းလား" သမားတော်ကြီးချန်၏ မျက်နှာမှာ ပြောင်းလဲသွားသည်။ "အားချင်း... မင်း အဲ့ဒါကို ဖျက်ဆီးနိုင်လား"
သမားတော်ကြီးချန်သည် အားကောင်းသော မွေးရာပါနယ်ပယ်သိုင်းပညာရှင် တစ်ဦးဖြစ်သော်လည်း ထိုကဲ့သို့သော ဆန်းကြယ်သည့် နည်းလမ်းများကို နားမလည်သည့်အတွက် လုချင်းအပေါ်တွင်သာ မျှော်လင့်ချက်ထားလိုက်ရသည်။
"အစီအရင်တစ်ခုကို ဖြေရှင်းဖို့ ယေဘုယျအားဖြင့် နည်းလမ်းနှစ်ခု ရှိပါတယ်။ ကြမ်းတမ်းတဲ့ အင်အားသုံးနည်းလမ်းနဲ့ ကျွမ်းကျင်မှုကို သုံးတဲ့နည်းလမ်းပါ။ ကြမ်းတမ်းတဲ့ နည်းလမ်းဆိုတာက အစီအရင်ရဲ့ ခံစစ်ကို ဖျက်ဆီးဖို့ လွှမ်းမိုးနိုင်တဲ့ အင်အားကို သုံးတာပါဗျ၊ ကျွမ်းကျင်မှုကို သုံးတာကတော့ အစီအရင်ရဲ့ လည်ပတ်နေတဲ့ ဆုံမှတ်တွေကို ရှာပြီး ဖျက်ဆီးပစ်တာပါ။ လုံလောက်တဲ့ ဆုံမှတ်အရေအတွက်ကို ဖျက်ဆီးလိုက်ရင် အစီအရင်က အလုပ်မလုပ်တော့ဘဲ ပျက်စီးသွားမှာပါဗျ ဆရာ" လုချင်းက လျင်မြန်စွာ ရှင်းပြလိုက်သည်။
"ငါတို့ ဘယ်နည်းလမ်းကို သုံးနိုင်မလဲ" မြို့ထဲမှ လူများ ထွက်ပြေးရန် ကြိုးစားသော်လည်း မီးခိုးရောင် အလင်းတန်းက ပိတ်ဆို့ထားသည်ကို သမားတော်ကြီးချန် မြင်နေရသည်။ အသည်းအသန် ဖြစ်နေသော သူတို့သည် အတင်းတိုးထွက်ရန် ကြိုးစားကြသော်လည်း အလင်းတန်းနှင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက် လွင့်မျောနေသော အနက်ရောင် မြူခိုးများကြောင့် အရည်ပျော်ကျသွားကြလေသည်။
"ကျွန်တော် မသေချာသေးဘူး" လုချင်း ပြန်ဖြေလိုက်ပြီး အလင်းတန်းကို စိုက်ကြည့်နေသည်။ ခရမ်းရောင် အလင်းမှိန်မှိန် ပေါ်လာပြီးနောက် စာလုံးများက သူ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။
[အသားနှင့်သွေး ဝိညာဉ်သန့်စင်ခြင်းအစီအရင် - ရှေးဟောင်း မိစ္ဆာအစီအရင်တစ်ခု ဖြစ်ပြီး အသားနှင့်သွေးကို အရည်ပျော်စေနိုင်သည့် ပြင်းထန်သော ခံစစ်စွမ်းအားရှိ မီးခိုးရောင် အလင်းတန်းကို ထုတ်လုပ်ပေးသည်။
အသားနှင့်သွေး ဝိညာဉ်သန့်စင်ခြင်း အစီအရင် - အလွန် ယုတ်မာသော ရှေးဟောင်း မိစ္ဆာအစီအရင်။
အစီအရင်အတွင်းရှိ သက်ရှိများ၏ သွေး၊ အသားနှင့် အရိုးများကို နာကြည်းမှုအဖြစ် သန့်စင်ပြီး အစီအရင်၏ အမြုတေနှင့် အလံကို အားဖြည့်ပေးသည်။
အစီအရင်တွင် ဆုံမှတ် ၁၈ ခု ရှိပြီး ၉ ခုထက်ပို၍ ဖျက်ဆီးပါက ပျက်စီးသွားမည်။
ဤအရာသည် ရိုးရှင်းအောင် ပြုလုပ်ထားသော ပုံစံ ဖြစ်ပုံရပြီး မွေးရာပါနယ်ပယ်အဆင့်အောက်ရှိ သက်ရှိများကို အရည်ပျော်စေနိုင်သည်။]
သတင်းအချက်အလက်များကို ဖတ်ပြီးနောက် လုချင်း သက်ပြင်းချလိုက်မိသည်။ ဤရှေးဟောင်း အစီအရင်သည် တိမ်လွှာမြို့တွင် အဘယ်ကြောင့် ပေါ်ပေါက်လာသည်ကို မသိသော်လည်း ရိုးရှင်းအောင် ပြုလုပ်ထားသော ပုံစံဖြစ်သည့်အတွက် ဖြေရှင်းနိုင်ချေ ရှိနေသည်။
"အားချင်း... မင်း နည်းလမ်း တွေ့ပြီလား" လုချင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို ကြည့်ရင်း သမားတော်ကြီးချန်က ချက်ချင်း မေးလိုက်သည်။
"ကျွန်တော့်မှာ အကြံတချို့ ရှိပါတယ်ဗျ။ ဆရာ... ကျွန်တော်တို့ ဒီအစီအရင်ကို မြန်မြန် ဖျက်ဆီးမှ ဖြစ်မယ်၊ မဟုတ်ရင် အထဲကလူတွေ အကုန် သေကုန်လိမ့်မယ်"
"ဒါဆို ဘာလုပ်ရမလဲ ပြောစမ်း" မြို့ထဲမှ ကြောက်မက်ဖွယ် အခြေအနေများကို မြင်နေရသော သမားတော်ကြီးချန်က တိုက်တွန်းလိုက်သည်။
"အစီအရင်ကို ဖျက်ဆီးဖို့က မခက်ပါဘူး။ ဒါပေမဲ့ အစီအရင်ကို ထိန်းချုပ်ထားတဲ့သူတွေကိုတော့ ဆရာ ရှင်းပစ်မှ ရမယ်"
"အေးပါကွာ... စိတ်ချ" သမားတော်ကြီးချန် ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။ တိုက်ခိုက်ရတာကို မနှစ်သက်သော သူပင်လျှင် မြို့ထဲမှ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းများကြောင့် သတ်ဖြတ်လိုစိတ် ပြင်းထန်လာရသည်။
"ဆရာ... သွားကြရအောင်။ ကျွန်တော် ပစ္စည်းတစ်ခု သွားယူလိုက်ဦးမယ်၊ ဆရာ အရင်သွားနှင့်ပါ" လုချင်း ပြောလိုက်ပြီးနောက် သစ်ပင်ပေါ်မှ ပျောက်ကွယ်သွားကာ မြင်းလှည်းရှိရာသို့ ဦးတည်သွားလေသည်။
သူပြန်ရောက်လာသောအခါ၌ လေးရှည်တစ်လက်နှင့် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။
"သခင်လေးလု... ဘာဖြစ်တာလဲဗျ။ သမားတော်ကြီးချန်ရော" လူကြီးမင်းဝမ်က အနားကပ်လာပြီး မေးလိုက်သည်။
စောစောက လုချင်း သစ်ပင်ပေါ် ခုန်တက်သွားပြီး သမားတော်ကြီးချန်ပါ လိုက်သွားသည်ကို သူ မြင်လိုက်ရကတည်းက ပုံမှန်မဟုတ်သော ကိစ္စတစ်ခု ဖြစ်ပျက်နေကြောင်း သူ သိလိုက်သည်။ ယခု လုချင်း ပြန်ရောက်လာသော်လည်း သမားတော်ကြီးချန်ကို မတွေ့ရသဖြင့် သူ စူးစမ်းချင်စိတ် ဖြစ်နေမိ၏။ အခြားသူများကလည်း လှမ်းကြည့်နေကြသည်။
"တိမ်လွှာမြို့မှာ ကိစ္စတစ်ခု ဖြစ်နေတယ်။ ဆရာနဲ့ ကျွန်တော် သွားကြည့်ဖို့ လိုတယ်။ လူကြီးမင်းဝမ်... ခင်ဗျားတို့ ဒီမှာပဲ ခဏနေခဲ့ပါ" လုချင်း ရှင်းပြလိုက်ပြီး မာကူးနှင့် ဝေ့ကျိအန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ဆရာမာ၊ ကျိအန်း... ဒီမှာနေပြီး ပစ္စည်းတွေကို စောင့်နေပေးပါ"
"ဟုတ်ပြီ ညီလေးလု" လုချင်း၏ လေးနက်သော ပုံစံကို ကြည့်ရင်း မာကူး ကျောချမ်းသွားရသည်။ တိမ်လွှာမြို့တွင် ကြီးလေးသော ကိစ္စတစ်ခု ဖြစ်နေကြောင်း သိလိုက်ပြီးနောက် သူတို့ ထိုနေရာမှာပင် နေခဲ့လိုက်ကြသည်။
"ကဲ... သွားပြီ" လုချင်း ပြောလိုက်ပြီးနောက်တွင်တော့ တောင်အောက်သို့ ပြေးဆင်းသွားတော့သည်။ "ရှောင်လီ... ရှောင်ယန်ကို ကာကွယ်ပေးထား။ ဘယ်သူမဆို သူ့ကို ထိခိုက်အောင်လုပ်ရင် သတ်သာပစ်"
"သခင်လေးလု..." လူကြီးမင်းဝမ်က လှမ်းခေါ်ရန် ကြိုးစားသော်လည်း မာကူးက ညင်သာစွာ တားဆီးလိုက်သည်။
"လူကြီးမင်းဝမ်... ကျွန်တော့်သခင်လေးမှာ အရေးကြီးကိစ္စ ရှိတယ်။ ကျေးဇူးပြုပြီး သူ့ကို မနှောင့်ယှက်ပါနဲ့။ ဒီမှာပဲ စောင့်ကြတာပေါ့" တိမ်လွှာမြို့မှ အခြေအနေသည် အလွန် ဆိုးရွားကြောင်း မာကူး သိနေသည်။ လုချင်းနောက် လိုက်သွားခြင်းသည် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်စေလိမ့်မည်။
"ဒါက..." လူကြီးမင်းဝမ်သည် မာကူး၏ ရုတ်တရက် တင်းမာသော ပုံစံကြောင့် အနည်းငယ် အံ့သြသွားသော်လည်း အခြေအနေ၏လေးနက်မှုကို သဘောပေါက်လိုက်သည်။ သစ်ပင်ပေါ် တက်ကြည့်ပြီးနောက် လုချင်း၏ မျက်နှာထား ပြောင်းလဲသွားသည်ကို တွေးမိပြီး သူကိုယ်တိုင် သွားကြည့်ရန် ဆုံးဖြတ်လိုက်ကာ သူ၏ အားကောင်းသော ချီနှင့်သွေး စွမ်းအားကို အသုံးပြု၍ သစ်ပင်ပေါ်သို့ ခုန်တက်လိုက်သည်။
"အဲ့ဒါ ဘာကြီးလဲ" တိမ်လွှာမြို့ကို လွှမ်းခြုံထားသော မီးခိုးရောင် အလင်းတန်းကို မြင်လိုက်ရသောအခါ သူ ထိတ်လန့်သွားမိ၏။ ဤမျှ ဆန်းကြယ်သော မြင်ကွင်းမျိုး သူ တစ်ခါမှ မကြုံဖူးပေ။
"ပြီးတော့ ဟိုလူတွေက... သမားတော်ကြီးချန်နဲ့ သခင်လေးလု မဟုတ်လား" မြို့ဘက်သို့ ဦးတည်သွားနေသော လူရိပ်နှစ်ခုကို သူ မြင်လိုက်ရသည်။ တစ်ယောက်က သစ်တောထဲတွင် ပြေးလွှားနေပြီး၊ နောက်တစ်ယောက်ကတော့ သစ်ပင်ထိပ်ဖျားများပေါ်တွင် လေဟုန်စီးသကဲ့သို့ သွားလာနေသည်မှာ လူသားနှင့်ပင် မတူတော့ပေ။
"လေပေါ် လမ်းလျှောက်သလိုမျိုးပဲ... တကယ့်ကို အံ့မခန်း သိုင်းကွက်ပါလား... သမားတော်ကြီးချန်က..." သူ မျက်လုံးပြူးကာ ရေရွတ်လိုက်မိသည်။
"ဆရာ... ဒီ မိစ္ဆာအစီအရင်က ဧရိယာ တော်တော်ကျယ်တယ်။ ကြမ်းတမ်းတဲ့ အင်အားတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ကျွန်တော်တို့ ကျွမ်းကျင်မှုကို သုံးပြီး ဖျက်ဆီးမှ ရမယ်" လုချင်းက ပြေးနေရင်း လှမ်းအော်ပြောလိုက်သည်။
"ကျွန်တော်တို့ အစီအရင်နားရောက်ရင် မီးခိုးရောင် အလင်းတန်းကို ဓားချီနဲ့ တိုက်ခိုက်လိုက်ပါ။ ကျွန်တော် အစီအရင်ရဲ့ စွမ်းအင်စီးဆင်းပုံကို ကြည့်ပြီး ဆုံမှတ်တွေကို ရှာလိုက်မယ်။ ဆုံမှတ်တွေ ပျက်စီးသွားတာနဲ့ အစီအရင် ပျက်သွားလိမ့်မယ်"
"ကောင်းပြီ" သမားတော်ကြီးချန် ခေါင်းညိတ်လိုက်ပြီး ဓားရှည်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
သူတို့သည် တိမ်လွှာမြို့နှင့် လျင်မြန်စွာ နီးကပ်လာသည်။ တစ်မိုင်အလိုလောက်တွင် ရှေ့မှ မြို့ဆီသို့ ဦးတည်နေသော အားကောင်းသည့် အရှိန်အဝါတစ်ခု မြင့်တက်လာသည်ကို အာရုံခံလိုက်မိသည်။
"မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ယောက်လား" လုချင်းနှင့် သမားတော်ကြီးချန် နှစ်ယောက်စလုံး အံ့သြသွားပြီး ရှေ့ကို အာရုံစိုက် ကြည့်လိုက်ကြသည်။ ဓားရှည်တစ်လက် ကိုင်ဆောင်ထားပြီး အားကောင်းသော အရှိန်အဝါ ထုတ်လွှတ်နေသည့် လူတစ်ယောက်သည် အနီရောင် ဓားချီဖြင့် မီးခိုးရောင် အလင်းတန်းကို ခုတ်ပိုင်းလိုက်သည်ကို တွေ့လိုက်ရသည်။ ဓားချက် ထိခါနီးတွင် အလင်းတန်းထဲမှ အဖြူရောင် စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ကြားဖြတ် တားဆီးလိုက်ရာ ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း မီးခိုးရောင် အလင်းတန်းမှာ ပျက်စီးခြင်း မရှိပေ။
"ယန်ထျန်းဟွာ... ခင်ဗျား တကယ်ပဲ ပုန်းနေပြီးတော့ ငွေရောင်လမင်းဂိုဏ်းတပည့်တွေနောက်ကို လိုက်နေတာကိုး" လက်ထဲတွင် တုတ်ရှည်တစ်ချောင်း ကိုင်ဆောင်ထားသော အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက် ထွက်ပေါ်လာပြီး အေးစက်စွာ ရယ်မောလိုက်သည်။
"မော့ဖူ... ခင်ဗျားကိုး" ဓားသမား၏ မျက်နှာ မည်းမှောင်သွားသည်။
"နောက်ထပ် မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ယောက်" လုချင်းနှင့် သမားတော်ကြီးချန်တို့ တုန်လှုပ်သွားကြသည်။
"ဟုတ်တယ်... ကျုပ်ပဲ" အနက်ရောင်ဝတ်ရုံနှင့် လူက မောက်မာစွာ ပြောလိုက်သည်။
"မော့ဖူ... တိမ်လွှာစီးဂိုဏ်းက တခြားဂိုဏ်းတွေကို ထိခိုက်စေတဲ့ ဒီလို ယုတ်မာတဲ့ အစီအရင်မျိုးကို လုပ်ရဲတယ်ပေါ့လေ။ ခင်ဗျားတို့ကို မြင့်မြတ်သောတောင်တော်က လာဖျက်ဆီးမှာကို မကြောက်ဘူးလား" ဓားသမားက အော်ဟစ်လိုက်သည်။
"မြင့်မြတ်သောတောင်တော် ဟုတ်လား" အနက်ရောင်ဝတ်ရုံနှင့် လူက ရယ်မောလိုက်သည်။ "ကြီးမားတဲ့ အပြောင်းအလဲတွေ ရောက်လာပြီ။ ဂိုဏ်းတိုင်းက ကိုယ့်အတွက်ကိုယ် ကြံစည်နေကြတာ။ မိစ္ဆာလမ်းစဉ်က ပြန်လည် နိုးထဖို့ အသင့်ဖြစ်နေပြီလေ။ ကျုံးကျိုးမှာတောင် မြင့်မြတ်သောတောင်တော်က နိုင်အောင် မထိန်းနိုင်တော့ဘူး။ အဲ့တော့ ယွင်ကျိုးကို ဘယ်လိုလုပ် ဂရုစိုက်နိုင်တော့မှာလဲ။ ဒါ့အပြင် ဒီနေ့ပြီးရင် ကျုပ်နဲ့ ကျုပ်အစ်ကိုက ပြန်လည် မွေးဖွားပြီး ပိုသန်မာလာတော့မှာလေ။ မြင့်မြတ်သောတောင်တော်တောင် ကျုပ်တို့ကို တားနိုင်မှာ မဟုတ်တော့ဘူး"
"ခင်ဗျားနဲ့ ခင်ဗျားအစ်ကိုက ရူးနေပြီပဲ။ ကိုယ့်တပည့်တွေကိုတောင် မချန်ဘဲ အသက်တွေကို သတ်ဖို့ ယုတ်မာတဲ့ နည်းလမ်းတွေ သုံးနေတယ်။ ခင်ဗျားတို့ ရူးနေပြီ" ဓားသမားက ရွံရှာစွာ ပြောလိုက်သည်။
"စကားများနေတာ တော်တော့။ ဒီလောကမှာ အင်အားကသာ အရာရာပဲ။ ယန်ထျန်းဟွာ... ခင်ဗျားရဲ့ ဝိညာဉ်က ကျုပ်တို့ လက်နက်ရဲ့ စွမ်းအားကို ပိုတိုးစေလိမ့်မယ်" အနက်ရောင်ဝတ်ရုံနှင့် လူက တုတ်ရှည်ဖြင့် တိုက်ခိုက်လိုက်သည်။
"ဘာ" ဓားသမားက ခုခံလိုက်သော်လည်း တုတ်ရှည်၏ ကြီးမားသော အင်အားကြောင့် လွင့်ထွက်သွားလေသည်။
…
အခန်း ၂၃၈ - အစီအရင်ကို ဖျက်ဆီးခြင်းနှင့် လုချင်း၏ ကြောက်ခမန်းလိလိ မြှားပစ်စွမ်းရည်
ဓားကိုင်ဆောင်ထားသော အမျိုးသားသည် အနက်ရောင်ဝတ်ရုံနှင့် လူ၏ တုတ်ရှည်ရိုက်ချက်ကြောင့် လွင့်ထွက်သွားပြီး မီတာပေါင်းများစွာ ဆုတ်ခွာပြီးမှ မိမိကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်လိုက်သည်။ ရှေ့သို့ လှမ်းကြည့်လိုက်သောအခါ၌ သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများ ပေါ်လွင်နေသည်။ "ခင်ဗျားရဲ့ နယ်ပယ်က အဆင့်မတက်သေးပါဘူး၊ မွေးရာပါနယ်ပယ် အောင်မြင်မှုအေသးစားအဆင့်မှာပဲ ရှိသေးတာ၊ ဘာလို့ ခင်ဗျားရဲ့ ခွန်အားက ဒီလောက်တောင် ကြီးနေရတာလဲ"
"ဟားဟားဟား... ဒါက အစီအရင်ရဲ့ စွမ်းအားပဲ။ ဒါပေမဲ့ ခင်ဗျားလို တွင်းအောင်းဖားတစ်ကောင်က ဒီအထဲက ရှုပ်ထွေးနက်နဲမှုတွေကို စိတ်ကူးယဉ်လို့တောင် ရမှာ မဟုတ်ပါဘူး။ ယန်ထျန်းဟွာ... ဒီနေ့က ခင်ဗျားရဲ့ သေနေ့ပဲ ခင်ဗျားကို သတ်ပြီးတာနဲ့ ငွေရောင်လမင်းဂိုဏ်းနဲ့ ပန်းတစ်ရာနန်းတော်ကို ကျုပ် နင်းချေပစ်မယ်။ ပြီးရင် ကျုပ်ရဲ့ တိမ်လွှာစီးဂိုဏ်းက ယွင်ကျိုးတစ်ခုလုံးကို သိမ်းပိုက်တော့မှာလေ"
အနက်ရောင်ဝတ်ရုံနှင့် လူက အားပါးတရ ရယ်မောလိုက်ပြီး သူ့လက်ထဲမှ တုတ်ရှည်ကို ဝှေ့ယမ်းကာ ဓားသမားကို ထပ်မံ တိုက်ခိုက်လိုက်သည်။ ပြိုင်ဘက်၏ လွှမ်းမိုးထားသော အရှိန်အဝါကို ခံစားလိုက်ရသောအခါ၌ ဓားသမား၏ စိတ်နှလုံး လေးလံသွားသည်။ သူတစ်ယောက်တည်းနှင့် အစီအရင်ကို ဖျက်ဆီးရန် မဖြစ်နိုင်မှန်း သူ သိနေသည်။ အကယ်၍ သတိမထားပါက ဤနေရာ၌ပင် အသက်ဆုံးရှုံးရနိုင်ပါ၏။ သို့သော် ယခုအချိန်တွင် ဆုတ်ခွာ၍လည်း မဖြစ်ပေ။ သူ့ဂိုဏ်းမှ ထူးချွန်သော တပည့်များနှင့် ဂိုဏ်းချုပ်၊ ထို့ပြင် ယွင်ကျိုးမှ ရဲဘော်ရဲဘက်များစွာသည် အစီအရင်အတွင်း ပိတ်မိနေကြသည်။ အကယ်၍ သူသာ ထွက်သွားလိုက်ပါက သူတို့အားလုံး သေကုန်ကြလိမ့်မည်။
"သောက်ကျိုးနည်း... ပန်းတစ်ရာနန်းတော်က အဘွားကြီးက သေမှာကြောက်လွန်းလို့ သူ့ဂိုဏ်းကနေ မခွာဘဲ နေနေတာပဲ။ ငါတို့သာ ပူးပေါင်းလိုက်ရင် ဒီမိစ္ဆာအစီအရင်ကို ဖျက်ဆီးနိုင်မှာကို"
ဓားသမားသည် စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ အနက်ရောင်ဝတ်ရုံနှင့် လူ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း သူ သွားကို ကြိတ်ကာ သူ၏ မွေးရာပါနယ်ပယ် စစ်မှန်သောချီကို လှုံ့ဆော်လိုက်ပြီး အရှိန်အဝါကို မြှင့်တင်လိုက်သည်။ တုတ်ရှည်ကို တားဆီးရန် ဓားကို ဝှေ့ယမ်းလိုက်ပြီး ခြေတစ်လှမ်းမျှ မဆုတ်ဘဲ အနက်ရောင်ဝတ်ရုံနှင့် လူအား အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်လိုက်သည်။
"ဪ... ပေါက်ကွဲအားပြင်း လျှို့ဝှက်နည်းလမ်းကို သုံးလိုက်တာလား" အနက်ရောင်ဝတ်ရုံနှင့် လူက တခစ်ခစ် ရယ်လိုက်၏။ "ဒါပေမဲ့ ကျုပ်မှာက အစီအရင်ရဲ့ စွမ်းအား ရှိတယ်။ ကျုပ်ကို အကန့်အသတ်မရှိ ပံ့ပိုးပေးနေတာလေ။ ခင်ဗျားရဲ့ မွေးရာပါနယ်ယ် ချီအစစ်က ဘယ်လောက်ကြာကြာ ခံနိုင်မှာမို့လို့လဲ"
"ခင်ဗျားကို နိုင်အောင် တိုက်နိုင်သရွေ့ လုံလောက်ပါတယ်။ စကားများမနေနဲ့... လာစမ်း" ဓားသမားက အေးစက်စွာ ပြောလိုက်သည်။
"ကောင်းပြီလေ... ခင်ဗျား ဘယ်လောက် တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့" အနက်ရောင်ဝတ်ရုံနှင့် လူက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ သူသည် ပေါက်ကွဲအားပြင်း လျှို့ဝှက်နည်းလမ်းကို မသုံးဘဲ အစီအရင်၏ စွမ်းအားကိုသာ မှီခို၍ ဓားသမားနှင့် အကြိတ်အနယ် တိုက်ခိုက်နေသည်။ သူသည် သူ၏ ကာလရှည် ပြိုင်ဘက်ဟောင်းကို ကစားကာ တဖြည်းဖြည်းချင်း အင်အားကုန်ခမ်းသွားစေရန် ရည်ရွယ်ထားသည်။
"ဆရာ... ဘာမြင်လဲ" ကျောက်တုံးကြီးတစ်ခု၏ နောက်တွင် ပုန်းအောင်း၍ တိုက်ပွဲကို စောင့်ကြည့်နေသော လုချင်းက သူ့ဘေးမှ သမားတော်ကြီးချန်ကို မေးလိုက်သည်။ အကွာအဝေးက သိပ်မဝေးသော်လည်း သူတို့တွင် ထူးခြားသော အရှိန်အဝါ ဖုံးကွယ်သည့် နည်းစနစ်များ ရှိသောကြောင့် မွေးရာပါနယ်ပယ်အဆင့်ရှိ တိုက်ခိုက်သူနှစ်ဦးက သူတို့ကို သတိမထားမိကြပေ။
"နှစ်ယောက်စလုံးက မွေးရာပါနယ်ပယ် အသေးစားအောင်မြင်မှုအဆင့်မှာ ရှိကြတယ်။ ဒါပေမဲ့ အနက်ရောင်ဝတ်ရုံနဲ့လူက အစီအရင်ကြောင့် စွမ်းအားတွေ အများကြီး တိုးနေတာ။ ဓားသမားကတော့ ပေါက်ကွဲအားပြင်း လျှို့ဝှက်နည်းလမ်းနဲ့ မနည်း တောင့်ခံနေရတာ၊ သိပ်ကြာကြာခံမှာ မဟုတ်ဘူး" သမားတော်ကြီးချန်က လေးလေးနက်နက် ပြောလိုက်သည်။
"ကျွန်တော်လည်း အဲ့လိုပဲ ထင်တယ် ဆရာ။ အနက်ရောင်ဝတ်ရုံနဲ့လူက အစီအရင် မပျက်စီးအောင် စောင့်ကြပ်နေတာ။ တိမ်လွှာစီးဂိုဏ်းက အစီအရင်ထဲမှာ ကြီးကြီးမားမား ကြံစည်နေပုံရတယ်။ ကျွန်တော်တို့ ဒီအစီအရင်ကို မြန်မြန် ဖျက်ဆီးမှ ဖြစ်မယ်"
အစီအရင်၏ အတားအဆီးကြောင့် လုချင်းနှင့် သမားတော်ကြီးချန်တို့သည် အတွင်းဘက် အခြေအနေကို ရှင်းလင်းစွာ အာရုံမခံနိုင်ကြပေ။ မိစ္ဆာအစီအရင်နှင့် ပတ်သက်၍ တိမ်လွှာစီးဂိုဏ်း၏ ရည်ရွယ်ချက်ကို အပြည့်အဝ နားမလည်နိုင်သေးပေ။
"ငါတို့ အခု ဘာလုပ်ကြမလဲ" သမားတော်ကြီးချန်က မေးသည်။
"အနက်ရောင်ဝတ်ရုံနဲ့လူက အစီအရင် စွမ်းအားကြောင့် ကိုင်တွယ်ရ ခက်နေတာ။ သူ့ကို တိုက်ရိုက် သတ်ပစ်နိုင်ရင် အစီအရင်ကို ဖျက်ရတာ ပိုလွယ်သွားလိမ့်မယ်"
လုချင်းသည် တိုက်ခိုက်သူနှစ်ဦး၏ အမည်နာမများကို ခွဲခြားသိမြင်ပြီး ဖြစ်သည်။ ဓားသမားမှာ ငွေရောင်လမင်းဂိုဏ်း၏ အဓိပတိအကြီးအကဲ ဖြစ်ပြီး၊ အနက်ရောင်ဝတ်ရုံနှင့် လူမှာ တိမ်လွှာစီးဂိုဏ်း၏ အဓိပတိအကြီးအကဲ၊ ကွယ်လွန်သူ မော့ရွှမ်၏ ဘိုးဘေး ဖြစ်သည်။
ဒါကို သိလိုက်ရသဖြင့် သိုင်းသမား ကျင့်ဝတ်ကို ပြနေစရာ မလိုတော့ပေ။
"ကောင်းပြီ" သမားတော်ကြီးချန်က တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။ သူ့တွင် သိုင်းသမားများ၏ မာနမျိုး မရှိပေ။ သမားတော်တစ်ယောက်အနေဖြင့် သူ့ဦးစားပေးမှာ အသက်ကယ်ရန် ဖြစ်သည်။ ပြိုင်ဘက်မှာ မိစ္ဆာလမ်းစဉ်သို့ ကျရောက်နေပြီ ဖြစ်သောကြောင့် ရှင်းလင်းပစ်လိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။
ထို့နောက်တွင်တော့ အချိန်မဆွဲဘဲ ဆရာနှင့် တပည့်နှစ်ယောက်လုံး လှုပ်ရှားလိုက်ကြသည်။ သမားတော်ကြီးချန်က သူ့ဓားရှည်ကို ဆွဲထုတ်လိုက်ရာ စူးရှသော အဖြူရောင် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ လုချင်းသည်လည်း မြှားအိမ်ထဲမှ မြှားသုံးချောင်းကို ယူပြီး လေးကြိုးပေါ် တင်လိုက်သည်။ မွေးရာပါနယ်ပယ်သို့ မရောက်သေးသောကြောင့် သူသည် ဓားချီ သို့မဟုတ် ဓားအရှိန်အဝါကို မသုံးနိုင်ဘဲ မြှားပစ်စွမ်းရည်ကိုသာ အားကိုးရမည်ဖြစ်သည်။
ခဏတာ ပြင်ဆင်ပြီးနောက် သမားတော်ကြီးချန်သည် လက်ကောက်ဝတ်ကို ဝှေ့ယမ်းလိုက်ရာ မျက်စိကျိန်းလောက်သော အဖြူရောင် ဓားချီတစ်ခုက လေထုကို ခွင်းလျက် အနက်ရောင်ဝတ်ရုံနှင့် လူဆီသို့ ပြေးဝင်သွားသည်။ ထိုအချိန်မှာပင် လုချင်း၏ လေးကြိုးသံက မြည်ဟည်းသွားပြီး အလွှာတစ်ထောင် သန့်စင်ထားသော မြှားသုံးချောင်းသည် အနက်ရောင်ဝတ်ရုံနှင့် လူ၏ ဦးခေါင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်ဆီသို့ ပစ်မှတ်ထား၍ ထွက်ခွာသွားလေသည်။
"ဘာ" ဓားသမားကို စိတ်ကြိုက် နှိပ်စက်ကစားနေသော အနက်ရောင်ဝတ်ရုံနှင့် လူသည် ဤရုတ်တရက် အပြောင်းအလဲကို မျှော်လင့်မထားခဲ့ပေ။ သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ ကာကွယ်ရန် ကြိုးစားသော်လည်း လုချင်းနှင့် သမားတော်ကြီးချန်တို့၏ ကိုယ်ဖျောက်စွမ်းရည်မှာ မြင့်မားလွန်းလှ၏။ သူတို့ မတိုက်ခိုက်မီအထိ မည်သည့် သတိပေးချက်မျှ မရှိခဲ့ပေ။ သူ သတိထားမိချိန်တွင်တော့ နောက်ကျသွားပြီပင်။ သူတို့၏ ပူးပေါင်းတိုက်ခိုက်မှု ထိခါနီးအချိန်တွင် အနက်ရောင် စွမ်းအင်များ သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ဘုန်း
လုချင်း၏ မြှားသုံးချောင်းနှင့် သမားတော်ကြီးချန်၏ ဓားချီသည် အနက်ရောင်ဝတ်ရုံနှင့် လူကို ထိမှန်သွားပြီး အနက်ရောင် စွမ်းအင်များကို ဖြိုခွင်းကာ သူ့ကို လွင့်ထွက်သွားစေလျက် သွေးများ ဖြာထွက်လာသည်။
"ငါ့ကို ဘယ်သူ ခိုးတိုက်တာလဲဟ" အနက်ရောင်ဝတ်ရုံနှင့် လူသည် လေထဲတွင် နောက်ပြန်လှန်ချလိုက်လျက် မီးခိုးရောင် အလင်းတန်းအတွင်းသို့ ဒေါသတကြီး ပြန်ဝင်သွားသည်။ သူ့ပုံစံမှာ ကြည့်မကောင်းအောင် ဖြစ်နေလေ၏။ သူ့ရင်ဘတ်နှင့် ဝမ်းဗိုက်ကို ဖြတ်သန်းသွားသော ကြောက်မက်ဖွယ် ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်နေပြီး အရိုးနှင့် အတွင်းကလီစာများ မြင်ရလောက်အောင် နက်ရှိုင်းကာ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်နေသည်။ မြှားသုံးချောင်းမှာလည်း သူ့ဦးခေါင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် စိုက်ဝင်နေသော်လည်း သိပ်တော့ မနက်ပေ။
"သူ မသေဘူးလား" လုချင်း အံ့သြသွားသည်။ သူ မြှားသုံးချောင်းကို အလျင်စလို ပစ်လိုက်ရသော်လည်း သာမန်မွေးရာပါနယ်ပယ် ခန္ဓာကိုယ်မျိုး တောင့်ခံနိုင်သည့်အရာ မဟုတ်ပေ။ သို့သော် အနက်ရောင်ဝတ်ရုံနှင့် လူသည် အလွယ်တကူပင် ကာကွယ်နိုင်ခဲ့သည်။ သမားတော်ကြီးချန်၏ ဓားချီပင် သူ့ကို မသေစေနိုင်ခဲ့ရာ အစီအရင်၏ စွမ်းအားသည် ထင်ထားသည်ထက်တောင် ပို၍အားကောင်းကြောင်း ပြသနေလေ၏။
ရုတ်တရက် အပြောင်းအလဲကြောင့် ဓားသမားလည်း အံ့အားသင့်သွားသည်။ သို့သော် အနက်ရောင်ဝတ်ရုံနှင့် လူ၏ သနားစဖွယ် အခြေအနေကို မြင်လိုက်ရသောအခါ၌ သူ ဝမ်းသာသွားသည်။ "ဘယ်သူများလဲ... ဖြောင့်မတ်မှန်ကန်တဲ့ ရဲဘော်ရဲဘက်များလား"
"ခင်ဗျားတို့မလား... ခင်ဗျားတို့က ဘယ်သူတွေလဲ" တိုက်ခိုက်ပြီးပြီ ဖြစ်သောကြောင့် လုချင်းနှင့် သမားတော်ကြီးချန်တို့ ပုန်းနေ၍ မရတော့ပေ။ မကြာမီ အနက်ရောင်ဝတ်ရုံနှင့် လူနှင့် ဓားသမားတို့ သူတို့ကို သတိထားမိသွားကြပြီး လူငယ်တစ်ယောက်နှင့် အဘိုးအိုတစ်ယောက်ကို မြင်လိုက်ရသဖြင့် အံ့သြသွားကြသည်။ ပို၍ အရေးကြီးသည်မှာ လုချင်းနှင့် သမားတော်ကြီးချန်၏ ကျင့်စဉ်အဆင့်ကို သူတို့ ဖောက်ထွင်းမမြင်နိုင်ခြင်းပင်။
"ကျွန်တော်တို့က ဘယ်သူတွေလဲ ဟုတ်လား။ လမ်းကြုံလို့ ဝင်ပါပြီး တရားမျှတမှုအတွက် ဆောင်ရွက်ပေးတာပါ။ တိမ်လွှာစီးဂိုဏ်းက မိစ္ဆာအစီအရင်ကို လုပ်ပြီး ယွင်ကျိုးရဲ့ ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ်ကို ထိခိုက်အောင် လုပ်နေတယ်လေ။ ဒီလိုလုပ်ရပ်တွေကို ကောင်းကင်နဲ့ မြေကြီးက ရှုတ်ချတာမလို့ အပြစ်ပေးရလိမ့်မယ်" လုချင်းက ကျယ်လောင်စွာ ပြောလိုက်သည်။
"ပြောတာ ကောင်းတယ် လူငယ်လေး" ဓားသမားက အားပေးလိုက်သည်။ "ဒီမိစ္ဆာအစီအရင်ကို ဖျက်ဆီးပြီး အတွင်းမှာ ပိတ်မိနေတဲ့ ရဲဘော်ရဲဘက်တွေကို ကယ်တင်ဖို့ ကျုပ်နဲ့ ပူးပေါင်းပေးကြပါ"
"လူကယ်မယ် ဟုတ်လား... စိတ်ကူးယဉ်နေလိုက် မင်းတို့ ဘယ်လို လုပ်မလဲ ကြည့်ကြသေးတာပေါ့" အနက်ရောင်ဝတ်ရုံနှင့် လူက လှောင်ပြောင်လိုက်ပြီး မြှားသုံးချောင်းကို ဆွဲထုတ်ကာ မြေကြီးပေါ် ပစ်ချလိုက်သည်။
ထို့နောက်၌ အနက်ရောင် စွမ်းအင်များ ပေါ်လာပြီး သူ့ဒဏ်ရာများကို ဖြည်းဖြည်းချင်း ကုသပေးနေလေ၏။ အစီအရင်တွင် ကုသနိုင်စွမ်းလည်း ပါရှိနေသည်။ သူ့ဒဏ်ရာများ ဖြည်းဖြည်းချင်း သက်သာနေသော်လည်း မီးခိုးရောင် အလင်းတန်းထဲမှတော့ ထွက်မလာရဲသေးပေ။ လုချင်းနှင့် သမားတော်ကြီးချန်တို့၏ တိုက်ခိုက်မှုသည် ခိုးတိုက်ခြင်း ဖြစ်သော်လည်း အလွန် အားကောင်းလှသည်။ အထူးသဖြင့် သမားတော်ကြီးချန်၏ ဓားချီသည် သူ့ကို နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်စေခဲ့သည်။ အစီအရင်၏ အကာအကွယ်သာ မရှိပါက သူ သေဆုံးသွားလောက်ပြီပင်။
ထိုအခိုက်၌ အဘိုးအို၏ ကျင့်စဉ်အဆင့်သည် သူ့ထက် များစွာ သာလွန်ကြောင်း သူ နားလည်လိုက်သည်။ အစီအရင်၏ စွမ်းအား ရှိလျှင်ပင် သူ ယှဉ်နိုင်ချင်မှ ယှဉ်နိုင်မည်။ "ယွင်ကျိုးမှာ ဒီလို ကြောက်စရာကောင်းတဲ့ သိုင်းပညာရှင်မျိုး ဘယ်တုန်းက ရှိသွားတာလဲ"
အနက်ရောင်ဝတ်ရုံနှင့် လူ၏ အတွေးများ ရှုပ်ထွေးနေပြီး အခြေအနေများ ထိန်းချုပ်မရ ဖြစ်လာသည်ကို ခံစားလိုက်ရသည်။
"ဆရာ... တိုက်တော့" လုချင်းက စကားအများကြီး ပြောမနေဘဲ အော်လိုက်သည်။
သမားတော်ကြီးချန်လည်း ခေါင်းသာညိတ်လိုက်ပြီး ဘာမှ မပြောပေ။ သူ့ဓားရှည် တုန်ခါသွားပြီးနောက် ဓားချီ ဒါဇင်ပေါင်းများစွာကို ငါးအုပ်ကဲ့သို့ ရှေ့သို့ ပစ်လွှတ်လိုက်သည်။
"မဖြစ်နိုင်ဘူး" မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ လာနေသော မွေးရာပါနယ်ပယ် ဓားချီများကို မြင်လိုက်ရသောအခါတွင် အနက်ရောင်ဝတ်ရုံနှင့် လူမှာ ထိတ်လန့်သွားရ၏။ သူ ရုတ်တရက် အလံသေးတစ်လက်ကို ကိုင်မြှောက်လိုက်ပြီး သူ့ဝိညာဉ်စွမ်းအားများကို အလံထဲသို့ ထည့်လိုက်သည်။ အလံ အသက်ဝင်လာသည်နှင့် အနက်ရောင် စွမ်းအင်များကလည်း သူ့ရှေ့တွင် စုဝေးလာကာ မီးခိုးရောင် အလင်းတန်းများသည် အနက်ရောင်အဖြစ် ပြောင်းလဲသွားတော့၏။ ဓားချီများက ယင်းအလင်းတန်းကို ဝင်တိုက်လိုက်သည့်အခါ၌ လှိုင်းများ ဖြစ်ပေါ်လာလျက်ဖြင့် အနက်ရောင် စွမ်းအင်များမှာ ကွဲထွက်သွားသော်လည်း အလင်းတန်းမှာ ခိုင်မြဲနေဆဲပင်။
"နောက်ဆုံးတော့ တားနိုင်သွားပြီ" အနက်ရောင်ဝတ်ရုံနှင့် လူသည် သက်ပြင်းချလိုက်မိပြီး နဖူးတွင် ချွေးစေးများ ထွက်နေသော်လည်း စိတ်မအေးနိုင်သေးပေ။ ထိုတိုက်ခိုက်မှုတစ်ခုတည်းကပင် သူ့ဝိညာဉ်စွမ်းအား ငါးပုံတစ်ပုံကို ကုန်ခမ်းစေခဲ့သည်။ အကယ်၍ ထိုအဘိုးအိုကသာ ဒီလိုမျိုး ထပ်တိုက်ခိုက်နိုင်သေးလျှင် အစီအရင် မပျက်စီးမီ သူ့ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားလိမ့်မည်။
သူ့တွင် သတင်းပို့ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ "အစ်ကိုကြီး... ပြီးပြီလား။ ဒီမှာ တော်တော်အားကောင်းတဲ့ ပြိုင်ဘက် ရောက်နေတယ်။ ကျုပ် သိပ်ကြာကြာ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး"
"နည်းနည်းပဲ လိုတော့တယ်။ လက်ဖက်ရည်တစ်ခွက်သောက်စာလောက်ပဲ တောင့်ထားပေး" သူ့စိတ်ထဲတွင် အသံတစ်သံကို ပြန်ကြားလိုက်ရသည်။
"နောက်ထပ် ၁၅ မိနစ် ဟုတ်လား" အနက်ရောင်ဝတ်ရုံနှင့် လူ ခါးသီးသွားသည်။ သို့သော် သူတို့တွင် ဆုတ်ခွာစရာ လမ်းမရှိမှန်း သူ သိပါ၏။ ဒီအစီအစဉ်သာ ပျက်သွားလျှင် သူတို့ ထွက်ပြေးတိမ်းရှောင်ရတော့မည်။ "ကောင်းပြီလေ... လောင်းကြေးထပ်လိုက်မယ်။ ဒီအဘိုးကြီး ဒီလောက် အများကြီး ထပ်မတိုက်နိုင်လောက်ပါဘူး" အနက်ရောင်ဝတ်ရုံနှင့် လူက အံကြိတ်လိုက်သည်။
"အလင်းတန်းထဲက အနက်ရောင် စွမ်းအင်က ငါ့ရဲ့ ဓားချီကို ပျက်ပြယ်စေနိုင်တယ်" သမားတော်ကြီးချန်က အနည်းငယ် အံ့သြသွားသည်။ သူ့ဓားချီသည် အနက်ရောင် စွမ်းအင်များကို ဖြိုခွင်းနိုင်သော်လည်း သိသိသာသာ အားနည်းသွားသော အလင်းတန်းက တောင့်ခံနိုင်ခဲ့သွားသည်ကို သူ အာရုံခံမိသည်။ အစီအရင်၏ စွမ်းအားမှာ တကယ်ပင် ထူးခြားလှပါ၏။
"ဆရာ... ဆက်တိုက်ပါ။ သူက ဆရာ့ရဲ့ တိုက်ခိုက်မှုတွေကို ခုခံဖို့ အစီအရင်ရဲ့ စွမ်းအားတွေကို စုစည်းနေတာ၊ တခြားနေရာက အလင်းတန်းတွေ အားနည်းသွားလိမ့်မယ်" လုချင်းသည် မျက်လုံးမှိတ်ပြီး သူ၏အားကောင်းသော ဝိညာဉ်အာရုံခံစွမ်းအားကို အသုံးပြုလျက် တိမ်လွှာမြို့တစ်ခုလုံးကို အာရုံခံကာ အစီအရင် လည်ပတ်ပုံကို ခွဲခြမ်းစိတ်ဖြာနေသည်။
"ဒီကောင်လေးက အစီအရင်အကြောင်းလည်း သိတာလား" အနက်ရောင်ဝတ်ရုံနှင့် လူမှာ အံ့အားသင့်သွား၏။ သို့သော် သမားတော်ကြီးချန်က နောက်ထပ် ဓားချီတစ်သုတ် ပစ်လွှတ်လိုက်သဖြင့် သူ အံ့သြချိန် မရလိုက်ပေ။
"ချန်ပေ့... ကျုပ် ကူညီမယ်" ဓားသမားသည် သမားတော်ကြီးချန်၏ ဓားချီကြောင့် အံ့သြနေသော်လည်း အစီအရင်ကို ဖျက်ဆီးခြင်းက အဓိကဖြစ်ကြောင်း သိသည်။ သူ ဓားကို ဝှေ့ယမ်းလိုက်ပြီး ဓားချီအများအပြားကို အလင်းတန်းဆီသို့ ပစ်လွှတ်လိုက်သည်။
အနက်ရောင်ဝတ်ရုံနှင့် လူသည် အလံကို ဝှေ့ယမ်းပြီး တိုက်ခိုက်မှုများကို ကာကွယ်ရန် အနက်ရောင် စွမ်းအင်များကို စုစည်းလိုက်သည်။
ဘုန်း
ပြင်းထန်သော ထိတွေ့မှုကြောင့် အလင်းတန်းမှာလည်း တုန်ခါသွားပြန်သည်။
"တွေ့ပြီ" ထိုအချိန်မှာပင် လုချင်း၏ မျက်လုံးများ ပွင့်လာသည်။
ထို့နောက်၌ သူ နောက်ထပ် မြှားတစ်ချောင်းကို ဆွဲထုတ်ပြီး လေးကြိုးပေါ်တင်ကာ ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်တော့၏။ လုချင်းကို ကြည့်ရင်း အနက်ရောင်ဝတ်ရုံနှင့် လူသည် သူ့ကို တိုက်ခိုက်မည်ထင်၍ သတိထားနေခဲ့သည်။ သို့သော် မြှားကို ကောင်းကင်ပေါ်သို့ ပစ်လိုက်သည်ကို မြင်သောအခါ သူ စိတ်အေးသွားပြီး လှောင်ပြောင်လိုက်သည်။ "ကောင်လေး... မင်းရဲ့ ပစ်မှတ်က လွဲနေပါလား။ သွားပြီး ထပ်လေ့ကျင့်ဦး..."
သူ စကားမဆုံးခင်မှာပင် တိမ်လွှာမြို့ထဲမှ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ အနက်ရောင်ဝတ်ရုံနှင့် လူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး အစီအရင်၏ စွမ်းအား နှေးကွေးသွားသည်ကို ခံစားလိုက်ရ၏။
သူ အလံကို အလျင်အမြန် စစ်ဆေးကြည့်လိုက်ရာ အကြောင်းရင်းကို သိလိုက်ရသည်။ သူ မယုံကြည်နိုင် ဖြစ်သွားမိ၏။ "မင်းက အသားနှင့်သွေး ဝိညာဉ်သန့်စင်ခြင်း အစီအရင်ရဲ့ ဆုံမှတ်တွေကို အာရုံခံနိုင်တယ်လား"
လုချင်းက ပြုံးလိုက်ပြီး လေးကို ဝှေ့ယမ်းပြသည်။ "ခင်ဗျားက အစီအရင်ရဲ့ စွမ်းအားတွေကို စုစည်းပြီး ကျွန်တော့်ဆရာနဲ့ ချန်ပေ့ရဲ့ တိုက်ခိုက်မှုတွေကို ခုခံနေချိန်မှာ တခြားအလင်းတန်းတွေက ကျွန်တော့်မြှားတွေကို မတားနိုင်တော့ဘူးလေ"
လုချင်းသည် ကောင်းကင်ပေါ်သို့ တမင် ပစ်တင်လိုက်ခြင်း ဖြစ်ပြီး မြှားကို အကွေးပုံသဏ္ဌာန်အဖြစ် ကျဆင်းစေကာ အစီအရင် ဆုံမှတ်တစ်ခုကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။
"ဆရာ၊ ချန်ပေ့... ဆက်တိုက်ပါ။ ကျွန်တော် နောက်ထပ် ဆုံမှတ် ၈ ခုကို ဖျက်ဆီးလိုက်ရင် အစီအရင် ပျက်သွားလိမ့်မယ်" လုချင်းက နောက်ထပ် မြှားတစ်ချောင်း ဆွဲထုတ်လိုက်သည်။
သမားတော်ကြီးချန်နှင့် ဓားသမားတို့ကလည်း နောက်ထပ် ဓားချီတစ်သုတ်ကို ချက်ချင်း ပစ်လွှတ်လိုက်ကြသည်။ လုချင်း၏ အစီအရင် ဖျက်ဆီးနိုင်စွမ်းကို မြင်လိုက်ရသော ဓားသမားမှာတော့ အစွမ်းကုန် အားထုတ်လိုက်ပြီး ဓားချီ တစ်ဒါဇင်ကျော်ကို ပစ်လွှတ်လိုက်သည်။
"သောက်ကျိုးနည်း" အနက်ရောင်ဝတ်ရုံနှင့် လူ ဒေါသထွက်နေသော်လည်း သူတို့၏ တိုက်ခိုက်မှုများကို ဘာမှမလုပ်နိုင်ဘဲ အစီအရင် စွမ်းအားဖြင့် ကာကွယ်ရုံသာ တတ်နိုင်တော့သည်။ အနက်ရောင် စွမ်းအင်များ စုစည်းနေချိန်တွင် လုချင်းသည် နောက်ထပ် မြှားတစ်ချောင်း ပစ်လွှတ်လိုက်ရာ ပေါက်ကွဲသံနှင့်အတူ နောက်ထပ် အစီအရင် ဆုံမှတ်တစ်ခု ပျက်စီးသွားပြန်၏။
"ဒီကောင်လေးရဲ့ မြှားပစ်စွမ်းရည်က ကြောက်စရာကောင်းလိုက်တာ" အနက်ရောင်ဝတ်ရုံနှင့် လူမှာ တုန်လှုပ်သွားမိသည်။
ဤအခိုက်တွင်တော့ လုချင်းတွင် အစီအရင်ကို ဖျက်ဆီးနိုင်စွမ်း တကယ်ရှိကြောင်း သူ နားလည်လိုက်ပါ၏။
တစ်ချိန်တည်းတွင်ပဲ လုချင်း၏ မြှားပစ်စွမ်းရည်ကိုလည်း သူ အံ့သြနေမိသည်။
တိမ်လွှာမြို့သည် မသေးငယ်လှပေ။ ဒုတိယမြောက် ပျက်စီးသွားသော ဆုံမှတ်သည် တစ်မိုင်အကွာတွင် ရှိသည်။ အစီအရင်၏ စွမ်းအားနှင့် အဆောက်အဦးများစွာ ပိတ်ဆို့နေသည့်ကြားမှ လုချင်း၏ မြှားများသည် ဆုံမှတ်ကို တိတိကျကျ ဖျက်ဆီးနိုင်ခဲ့လေ၏။
ဒီလို မြှားပစ်စွမ်းရည်မျိုး တစ်ခါမှ မကြားဖူးပေ။ "ဒုက္ခပဲ"
သူတို့ ဒုက္ခအကြီးအကျယ် ရောက်တော့မယ်ဆိုတာ သူ သဘောပေါက်လိုက်ပြီ။