← Chapters

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အခန်း ၂၃၉ - အစီအရင် ပျက်စီးခြင်း ၊ သွေးဝိညာဉ်အလံ ၊ သမားတော်ကြီး၏ သတ်ဖြတ်လိုစိတ်

"သမားတော်ကြီးချန်က တကယ့်ကို မွေးရာပါနယ်ပယ် သိုင်းပညာရှင်ကြီးပါလား၊ ပြီးတော့ ဟိုဘက်မှာ မွေးရာပါနယ်ပယ် သိုင်းပညာရှင် နှစ်ယောက်တောင် ရှိနေတာပဲ"

တိမ်လွှာမြို့နှင့် မိုင်အနည်းငယ်ဝေးသော သစ်တောထဲတွင် သစ်ပင်တစ်ပင်ပေါ်၌ ရပ်နေသော လူကြီးမင်းဝမ်သည် သမားတော်ကြီးချန်က ဓားချီအများအပြားကို ပေါ့ပေါ့ပါးပါး ထုတ်လွှတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် အလွန်အမင်း တုန်လှုပ်သွားလေသည်။

ရက်ပေါင်းများစွာကြာအောင် သူ အကဲခတ်လို့မရခဲ့သော သမားတော်ကြီးသည် တကယ့် မွေးရာပါနယ်ပယ် သိုင်းပညာရှင်စစ်စစ် ဖြစ်နေသည်ကို သူ ဘယ်လိုလုပ် သတိမထားမိဘဲ နေနိုင်တော့မည်နည်း။

"သမားတော်ကြီးချန်နဲ့ သခင်လေးလုတို့က ဟိုထူးဆန်းတဲ့ အလင်းတန်းအတားအဆီးကို ဖျက်ဆီးဖို့ ကြိုးစားနေကြတဲ့ပုံပဲ။ သူတို့ အောင်မြင်ပါ့မလားမသိဘူး"

အကွာအဝေးကြောင့် လူကြီးမင်းဝမ်သည် လုချင်းနှင့် အခြားသူများ၏ စကားပြောသံကို မကြားရပေ။ သို့သော် လုချင်းက သူ့ကို ဘာကြောင့် အကူအညီမပေးခိုင်းဘဲ တားဆီးခဲ့သည်ကိုတော့ နောက်ဆုံးတွင် သူ နားလည်သွားလေသည်။

မွေးရာပါနယ်ပယ် အဆင့်ရှိသော တိုက်ပွဲတစ်ခုတွင် ဝင်ပါခြင်းသည် သူကဲ့သို့ သာမန် ကိုယ်တွင်းအင်္ဂါအဆင့်ရှိသူအတွက် အမှန်တကယ်ပင် လက်လှမ်းမမီသော ကိစ္စဖြစ်သည်။

မဟာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်ဆိုလျှင်ပင် ဒီလိုအခြေအနေမျိုးမှာ အသက်လာပေးသလို ဖြစ်နေပေလိမ့်မည်။

"ဒါပေမဲ့ သခင်လေးလုက ဘယ်အဆင့်မှာ ရှိတာပါလိမ့်။ သူက မွေးရာပါနယ်ပယ် ချီအစစ်ကို မသုံးဘူးဆိုတော့ မွေးရာပါနယ်ပယ်မှာ မဟုတ်တာတော့ သေချာတယ်။ ဒါပေမဲ့လည်း မွေးဖွားပြီးနယ်ပယ် သိုင်းသမားတွေက မွေးရာပါနယ်ပယ် သိုင်းပညာရှင်တွေကို တိုက်ရိုက် ရင်ဆိုင်နိုင်တဲ့အဆင့်ကို ဘယ်တုန်းက ရောက်သွားတာလဲ"

လူကြီးမင်းဝမ်၏ စိတ်ထဲတွင် သံသယတစ်ခု ထပ်ဝင်လာသည်။ ထို့နောက်တွင်တော့ သူသည် လုချင်းကို ပို၍ လျှို့ဝှက်ဆန်းကြယ်သူအဖြစ် မြင်လာတော့၏။

လူကြီးမင်းဝမ်တစ်ယောက် အံ့သြတုန်လှုပ်နေချိန်တွင် အစီအရင်အတွင်းမှ အနက်ရောင်ဝတ်ရုံနှင့် လူမှာမူ အခြေအနေ မကောင်းလှပေ။ လုချင်းကဲ့သို့ လူငယ်လေးတစ်ယောက်သည် အစီအရင်အကြောင်း ဗဟုသုတ ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

ထို့ပြင် လုချင်းသည် မြို့ထဲရှိ အစီအရင် ဆုံမှတ်နှစ်ခုကို တစ်ခါတည်းနှင့် ဖျက်ဆီးပစ်လိုက်ပြီးပြီပင်။

ထိုမျှ မျှော်လင့်မထားသော အလှည့်အပြောင်းမျိုးကို သူ လုံးဝ တွေးမထားမိခဲ့။

"ဆရာတူညီလေး... ဘာလို့ အစီအရင် ဆုံမှတ်နှစ်ခု ပျက်စီးသွားတာလဲ။ ဘာတွေ ဖြစ်ကုန်တာလဲ"

အနက်ရောင်ဝတ်ရုံနှင့် လူ စိတ်ဒုက္ခရောက်နေချိန်တွင် သူ့စိတ်ထဲ၌ အသံတစ်သံ ပေါ်လာသည်။

"ဆရာတူအစ်ကိုကြီး... အခြေအနေ မကောင်းတော့ဘူး။ ရန်သူတွေထဲမှာ အစီအရင်အကြောင်း နားလည်တဲ့သူ ပါလာတယ်။ သူတို့က အစီအရင်ကို ဝိုင်းဖျက်နေကြတာ။ ကျွန်တော်တစ်ယောက်တည်း သူတို့ကို တားထားနိုင်ပါ့မလားပဲ"

အနက်ရောင်ဝတ်ရုံနှင့် လူက အလျင်အမြန် ပြန်ဖြေလိုက်သည်။

"မင်း သူတို့ကို တားထားမှ ရမယ်။ ဆုံမှတ်တွေ ပျက်စီးသွားတာက ဒီမှာရှိတဲ့ ငါ့ရဲ့ လုပ်ငန်းစဉ်ကိုပါ ထိခိုက်စေတယ်။ အခု ငါပြီးဖို့အတွက် နောက်ထပ် ၁၅ မိနစ်လောက် ပိုကြာသွားလိမ့်မယ်။ မင်းရဲ့ မြစ်တော်မောင်ကို သတ်သွားတဲ့ တရားခံကို ငါ ရှာပေးစေချင်ရင် သွေးဝိညာဉ်အလံကို ပြုပြင်တဲ့နေရာမှာ မင်း ကူညီပေးရမယ်။ နည်းနည်းလောက် ဆက်တောင့်ထားပေး"

ထိုသို့ ပြောပြီးနောက် ယင်းအသံက ပျောက်ကွယ်သွားပြန်သည်။

"ဆရာတူအစ်ကိုကြီး"

အနက်ရောင်ဝတ်ရုံနှင့် လူက လှမ်းခေါ်လိုက်သည်။ သို့သော် ဒီတစ်ခါတွင်တော့ သူ၏ဆရာတူအစ်ကိုကြီးက ပြန်မထူးတော့ပေ။ မြို့ထဲရှိ ကိစ္စရပ်သည်လည်း အရေးကြီးသော အခိုက်အတန့်သို့ ရောက်နေပြီဖြစ်ကြောင်း ပြသနေသည်။

"အပြောကတော့ လွယ်တာကိုး... ကျုပ်က သူတို့ကို ဘယ်လို တားရမှာလဲ"

အနက်ရောင်ဝတ်ရုံနှင့် လူက ခါးသီးစွာ တွေးလိုက်မိသည်။

ထိုအဘိုးအို၏ ဓားချီသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှပါ၏။ သူ တိုက်ခိုက်လိုက်တိုင်း အနက်ရောင်ဝတ်ရုံနှင့် လူမှာ ကာကွယ်ရန်အတွက် အစီအရင်၏ စွမ်းအားအားလုံးကို စုစည်းပြီး ခုခံနေရသည်။

သို့သော် ထိုသို့လုပ်လိုက်ခြင်းက အခြားနေရာများရှိ အလင်းတန်းအတားအဆီးကို အားနည်းသွားစေပြီး ထိုကောင်လေး၏ ကြောက်စရာကောင်းသော မြှားများကို မတားဆီးနိုင်တော့ပေ။

ဒါက ဖြေရှင်းမရသော အခြေအနေပင်။ သူ့တွင် ကိုင်တွယ်စရာ နည်းလမ်း မရှိတော့။ ယခု သူ့တစ်ခုတည်းသော မျှော်လင့်ချက်မှာ ထိုအဘိုးအိုအနေဖြင့် ဤမျှ ကြောက်စရာကောင်းသော ဓားချီများကို ဆက်တိုက် ထုတ်လွှတ်နိုင်စွမ်း မရှိပါစေနဲ့ ဟူ၍သာ ဖြစ်သည်။ သို့မဟုတ်ပါက အစီအရင် လုံးဝ ပျက်စီးသွားရန် သိပ်ကြာတော့မည် မဟုတ်ပေ။

ဤမျှော်လင့်ချက်ဖြင့် အနက်ရောင်ဝတ်ရုံနှင့် လူသည် သွားကိုကြိတ်၍ ဆက်လက် တောင့်ခံနေလိုက်သည်။ သို့သော် သူ မျှော်လင့်မထားသည်မှာ အဘိုးအို၏ စစ်မှန်သောချီမှာ သူထင်ထားသည်ထက် များစွာ သာလွန်အားကောင်းနေခြင်းပင်။

နောက်ပိုင်းအချိန်များတွင် ဓားချီ လှိုင်းလုံးများသည် မီးခိုးရောင် အလင်းတန်းဆီသို့ တစ်လိမ့်ပြီးတစ်လိမ့် ဝင်ရောက်လာသည်။ တိုက်ခိုက်မှုတစ်ခုပြီးတိုင်း လုချင်းက နောက်ထပ် အစီအရင် ဆုံမှတ်တစ်ခုကို ဖျက်ဆီးပစ်လိုက်ပြန်၏။ မကြာမီမှာပင် ဆုံမှတ်ကိုးခုလုံး ပျက်စီးသွားလေခဲ့ပြီပင်။

ဆုံမှတ်ကိုးခု ပျက်စီးသွားသည်နှင့် မီးခိုးရောင် အလင်းတန်းသည် သိသိသာသာ မှေးမှိန်သွားပြီး ပျက်စီးလုနီးပါး ဖြစ်လာတော့၏။

"ဆရာ... ချန်ပေ့... နောက်ဆုံးတစ်ချက်ပဲ။ ဒီအစီအရင်မှာ စုစုပေါင်း ဆုံမှတ် ၁၈ ခု ရှိတယ်။ ခုဆို ၉ ခု ပျက်စီးသွားပြီ။ နောက်ထပ်တစ်ခု ထပ်ဖျက်လိုက်ရင် သေချာပေါက် ပျက်သွားလိမ့်မယ်"

ပြောပြီးသည်နှင့် လုချင်း နောက်ထပ် မြှားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်ပြန်၏။

သမားတော်ကြီးချန်နှင့် ဓားသမားတို့သည်လည်း မှေးမှိန်လုနီးပါး ဖြစ်နေသော အလင်းတန်းကို မြင်လိုက်ရသဖြင့် တုံ့ဆိုင်းမနေတော့ပေ။ သူတို့သည် ဓားချီများကို စုစည်းပြီး ထပ်မံ တိုက်ခိုက်လိုက်ကြတော့၏။

"မဖြစ်ဘူး"

အနက်ရောင်ဝတ်ရုံနှင့် လူသည် ထိုသည်ကိုမြင်လိုက်သည်နှင့် အခြေအနေ မဟန်တော့မှန်း သိလိုက်သည်။

သူ ပြတ်သားစွာ ဆုံးဖြတ်လိုက်ပြီး အစီအရင်အလံကို နောက်ဆုံးအကြိမ် ဝှေ့ယမ်းကာ အစီအရင် စွမ်းအားများကို စုစည်းပြီး သူ့ရှေ့ရှိ အလင်းတန်းဆီသို့ ပို့လွှတ်လိုက်တော့၏။ တစ်ချိန်တည်းမှာပင် သူ ခြေဆောင့်နင်းလိုက်ပြီး မြို့ထဲသို့ လျင်မြန်စွာ ဆုတ်ခွာသွားလေသည်။

ဘုန်း

အနက်ရောင်ဝတ်ရုံနှင့် လူ ဆုတ်ခွာသွားသည်နှင့် ဓားချီများသည် အလင်းတန်းနှင့် ထပ်မံ၍ ထိပ်တိုက်တွေ့ဆုံသွားပြန်၏။ ဤအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ လုချင်းသည် မြှားတစ်စင်း ပစ်လွှတ်လိုက်ရာ ၁၀ခုမြောက် အစီအရင် ဆုံမှတ်ကို ဖျက်ဆီးလိုက်လေသည်။

ဆုံမှတ် ပျက်စီးသွားသည်နှင့် အစကတည်းက အားနည်းနေပြီဖြစ်သော မီးခိုးရောင် အလင်းတန်းသည် ဆက်လက် မတောင့်ခံနိုင်တော့ဘဲ လက်ကျန် ဓားချီများ၏ ဒဏ်ကြောင့် စုတ်ပြဲကွဲထွက်သွားကာ တဖြည်းဖြည်းဖြင့် ပျောက်ကွယ်သွား‌ေတာ့လေ၏။ ကံဆိုးသည်မှာ အလင်းတန်း ပျက်စီးသွားချိန်တွင် အနက်ရောင်ဝတ်ရုံနှင့် လူသည် မြို့ထဲတွင် ခြေရာဖျောက်ရင်း ပျောက်ကွယ်သွားပြီပင်။

"ငါတို့ အစီအရင်ကို တကယ် ဖျက်ဆီးလိုက်နိုင်တာလား"

ဓားသမားသည် အတိုင်းမသိ ဝမ်းသာသွားသည်။

ဒုန်း... ဒုန်း... ဒုန်း...

မီးခိုးရောင် အလင်းတန်း ပျောက်ကွယ်သွားသော်လည်း လုချင်း ရပ်မနေပေ။ သူသည် နောက်ထပ် မြှားရှစ်စင်းကို လျင်မြန်စွာ ပစ်လွှတ်လိုက်ပြီး ကျန်ရှိနေသော အစီအရင် ဆုံမှတ်ရှစ်ခုလုံးကို အပြီးတိုင် ဖျက်ဆီးပြီးမှ ရပ်တန့်လိုက်၏။

သူ၏နတ်မျက်စိစွမ်းရည်က အစီအရင် ဆုံမှတ်ကိုးခုထက်ပို၍ ဖျက်ဆီးပါက "အသားနှင့်သွေး ဝိညာဉ်သန့်စင်ခြင်း အစီအရင်" ပျက်စီးမည်ဟု ပြောထားသော်လည်း လုံလောက်သော ဘေးကင်းမှု မရှိဟု ခံစားရသဖြင့် ဆုံမှတ်အားလုံးကို ဖျက်ဆီးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ့တွင် အလွှာတစ်ထောင် သန့်စင်ထားသော မြှားများ အလုံအလောက် ရှိသေးသည်ပင်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း လုချင်းမှာ ရွာထဲ၌ ကျင့်ကြံခြင်းဖြင့် အချိန်ကုန်ဆုံးခဲ့သော်လည်း ရံဖန်ရံခါ မြို့နယ်ဘက်သို့ သွားရောက်လေ့ရှိသည်။ အထူးသဖြင့် အဖိုးတန်လေးကို ရရှိပြီးနောက်တွင် သူသည် နှလုံးသား ပန်းပဲဖို၌ အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး ပန်းပဲဖိုမှ သန့်စင်သော သံသတ္တုများကို ကုန်စင်အောင် အသုံးပြုလျက် အလွှာတစ်ထောင် သန့်စင်သော မြှားပေါင်း တစ်ထောင်ကျော်ကို ပြုလုပ်ခဲ့သည်။

"အစီအရင် ဆုံမှတ်တွေ အကုန် ပျက်စီးကုန်ပြီ"

အနက်ရောင်ဝတ်ရုံနှင့် လူသည် ထွက်ပြေးနေရင်း သူကိုင်ထားသော အလံမှတစ်ဆင့် မြို့ထဲရှိ ဆုံမှတ်အားလုံး ပျက်စီးသွားကြောင်းနှင့် အစီအရင် လုံးဝ ပျက်သုဉ်းသွားကြောင်းကို ခံစားလိုက်ရပါ၏။

"အဲ့ဒီအဘိုးကြီးနဲ့ ကောင်လေးက ဘယ်သူတွေလဲ။ အဘိုးကြီးရဲ့ မွေးရာပါနယ်ပယ် ချီအစစ်က မယုံနိုင်စရာကောင်းလောက်အောင်ထိကို များလွန်းအားကြီးတယ်။ သူ့ကျင့်စဉ်အဆင့်ကိုလည်း ခန့်မှန်းလို့ မရဘူး။ ပြီးတော့ ကောင်လေးကလည်း အစီအရင်အကြောင်း အကုန်သိနေပြီး ဆုံမှတ် ၁၈ ခုလုံးကိုလည်း သိနေတာ။ တကယ့်ကို စဉ်းစားလို့ မရနိုင်လောက်အောင်ပဲ"

အနက်ရောင်ဝတ်ရုံနှင့် လူသည် နှလုံးကွဲမတတ် ခံစားနေရသော်လည်း အလွန်အမင်း နားမလည်နိုင် ဖြစ်‌နေလေ၏။ ဤအစီအရင်သည် သူနှင့် သူ၏ဆရာတူအစ်ကိုကြီးတို့ ငယ်စဉ်က ဆန်းကြယ်သော ဂူတစ်ခုအတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဤအစီအရင်ကို လုပ်ရန်အတွက် နှစ်ပေါင်းများစွာတိုင်အောင် အစီအရင်ပုံစံများကို လေ့လာခဲ့ရုံသာမက ဂိုဏ်းသားများကို စေခိုင်း၍ ပစ္စည်းများကို လုယက် ရှာဖွေစေခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာ လေ့လာပြီးနောက်၌ အစီအရင် နှစ်ခုသာ ဖန်တီးနိုင်ခဲ့၏။ မမျှော်လင့်ထားစွာဖြင့် ပထမဆုံး အသုံးပြုသည့် အကြိမ်မှာပင် တစ်ခု ပျက်စီးသွားခဲ့ရသဖြင့် သူ့မှာ အလွန်နာကျင်နေရပါ၏။

အရေးကြီးဆုံးမှာ ဤအစီအရင်ကို လုပ်ရန်အတွက် သူတို့ တော်တော်လေးကို ကြိုးစားအားထုတ်ခဲ့ရသည်။

ဟိုလူငယ်လေးက ဒါကို ဘယ်လို ဖျက်ဆီးရမလဲဆိုတာ ဘယ်လိုလုပ် သိနေရတာလဲ။

ကြီးမားသော သံသယများဖြင့် အနက်ရောင်ဝတ်ရုံနှင့် လူသည် တည်းခိုခန်းဆီသို့ အလျင်အမြန် ဦးတည်သွားလိုက်၏။ အဘိုးကြီး၏ စွမ်းအားမှာ အလွန် ကြောက်စရာကောင်းလှသည်။

စောစောက သူသည် ဓားချီတစ်ချက်တည်းဖြင့်တောင် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ အစီအရင်၏ စွမ်းအားဖြင့် အနည်းငယ် ကုသထားသော်လည်း အပြည့်အဝတော့ ပြန်မကောင်းသေးပေ။ ယခုအချိန်တွင် သူ၏ဆရာတူအစ်ကိုကြီးနှင့် ပူးပေါင်းမှသာ ထိုအဘိုးကြီးကို ခုခံနိုင်မည့် အခွင့်အရေး ရှိ‌ပေတော့မည်။

"ငါ့အစီအရင်ကို ဘယ်သူက ဖျက်ဆီးရဲတာလဲ"

သို့သော် အနက်ရောင်ဝတ်ရုံနှင့် လူ တည်းခိုခန်းသို့ မရောက်မီမှာပင် ရှေ့မှ ကြမ်းတမ်းသော အရှိန်အဝါတစ်ခုက ရုတ်တရက် မြင့်တက်လာပြီး ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

"ဆရာတူအစ်ကိုကြီး"

အနက်ရောင်ဝတ်ရုံနှင့် လူသည် တည်းခိုခန်းထဲသို့ အလျင်အမြန် ဝင်သွားလိုက်ရာ မြင်လိုက်ရသော မြင်ကွင်းကြောင့် တုန်လှုပ်သွားသည်။

တည်းခိုခန်းအတွင်းတွင် လူအများအပြား လဲကျသေဆုံးနေကြလေသည်။ ထက်ဝက်ခန့်မှာ ခြောက်သွေ့သော အလောင်းကောင်များ အဖြစ် ပြောင်းလဲသွားပြီး၊ ကျန်ထက်ဝက်မှာတော့ ခန္ဓာကိုယ်များ ကျုံ့ကာ မျက်နှာတွင် သွေးမရှိတော့ဘဲ ဆယ်နှစ်ခန့် အိုမင်းသွားသကဲ့သို့ ဖြစ်နေလေ၏။ အလွန် ကြောက်မက်ဖွယ်ကောင်းလှသောမြင်ကွင်းပင်တည်း။

အရေးကြီးဆုံးမှာ သေဆုံးသူများထဲတွင် တိမ်လွှာစီးဂိုဏ်းမှ တပည့်များကိုပါ သူ တွေ့လိုက်ရခြင်းပင်။

"အဘိုး ၊ အဘိုး ဒဏ်ရာရထားတာလား"

မော့ကျန်းသည် အနက်ရောင်ဝတ်ရုံနှင့် လူ၏ ခန္ဓာကိုယ်မှ သွေးစွန်းနေသော ဒဏ်ရာများကို မြင်လိုက်ရသဖြင့် လန့်သွားသည်။ မွေးရာပါနယ်ပယ် အဆင့်ရှိသော သူ့အဘိုးလောက် လူတစ်ယောက် ဤမျှ ဆိုးဆိုးရွားရွား ဒဏ်ရာရလာသည်ဆိုလျှင် မြို့ပြင်တွင် ဘာတွေ ဖြစ်ခဲ့သနည်း။ အစီအရင် အတားအဆီးကြောင့် ချိတ်ကဲ့သို့ ကောက်နေသည့် နှာခေါင်းနှင့် အဘိုးအိုမှလွဲ၍ မြို့ထဲမှ မည်သူမျှ အပြင်က အဖြစ်အပျက်ကို မသိကြပေ။

"နောက်ထပ် မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ယောက်"

အသက်ရှင်ကျန်ရစ်သူများထဲတွင် ငွေရောင်လမင်းဂိုဏ်းချုပ်လည်း ပါဝင်သည်။ ယခုအချိန်တွင် သူသည် ချိတ်ကဲ့သို့ ကောက်နေသည့် နှာခေါင်းနှင့် အဘိုးအို၏ ယုတ်မာသော နည်းလမ်းများကြောင့် အသက်စွမ်းအား အများအပြား စုပ်ယူခံထားရသဖြင့် သနားစဖွယ် ဖြစ်နေလေ၏။ အစီအရင် အတားအဆီးနှင့် သွေးစုပ်နည်းလမ်းကို ခုခံနေရခြင်းတို့ကြောင့် သူသည်လည်း အပြင်ဘက်အခြေအနေကို မသိခဲ့ပေ။

အနက်ရောင်ဝတ်ရုံနှင့် လူ ဝင်လာသည်ကို မြင်လိုက်ရပြီး သူ့အရှိန်အဝါကို အာရုံခံမိသောအခါ သူ အလွန် စိတ်ပျက်အားငယ်သွားသည်။ ချိတ်ကဲ့သို့ ကောက်နေသည့် နှာခေါင်းနှင့် အဘိုးအို တစ်ယောက်တည်းနှင့်ပင် သူတို့ကို ဒီအခြေအနေထိ နှိပ်စက်ထားနိုင်ခဲ့သည်။

အခု နောက်ထပ် မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ထပ်ရောက်လာပြီး ချိတ်ကဲ့သို့ ကောက်နေသည့် နှာခေါင်းနှင့် လူကို "ဆရာတူအစ်ကိုကြီး" ဟု ခေါ်နေပြန်သည်။

ဒါဆို သူတို့အားလုံး ဒီမှာ သေရတော့မှာလား။

ဂိုဏ်းတူဦးလေး... ခင်ဗျား ဘယ်ရောက်နေတာလဲ။

ငွေရောင်လမင်းဂိုဏ်းချုပ်၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်နေသည်။

"ဆရာတူညီလေး... မင်း ဘာလုပ်နေတာလဲ။ ဒီ ယဇ်ကောင်တွေရဲ့ ချီ၊ သွေးနဲ့ ဝိညာဉ်တွေကို သွေးဝိညာဉ်အလံထဲ သန့်စင်ထည့်သွင်းတော့မလို့ လုပ်နေတုန်း မင်းက အစီအရင်ကို အပျက်စီးခံလိုက်တယ်ပေါ့"

ချိတ်ကဲ့သို့ ကောက်နေသည့် နှာခေါင်းနှင့် အဘိုးအို၏ ပုံစံမှာ အလွန် အေးစက်နေလေ၏။

"ဆရာတူအစ်ကိုကြီး... ကျွန်တော့်အပြစ် မဟုတ်ပါဘူး။ ဝင်လာတဲ့ အင်အားက အရမ်းကြီးလွန်းတယ်၊ ပြီးတော့ သူတို့က အစီအရင်အကြောင်းကို ကောင်းကောင်းကြီး သိနေတဲ့ပုံပဲ။ ဆုံမှတ်တိုင်းကို သိနေပြီး ခဏလေးအတွင်း ဖျက်ဆီးပစ်လိုက်တာလေ။ ကျွန်တော် မတားနိုင်ခဲ့ဘူး"

အနက်ရောင်ဝတ်ရုံနှင့် လူက စိတ်ဆင်းရဲစွာ အော်ပြောလိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ချိတ်ကဲ့သို့ ကောက်နေသည့် နှာခေါင်းနှင့် အဘိုးအိုက တုန်လှုပ်သွားသည်။ "ငါတို့ ဒီအစီအရင်ကို နားလည်သဘောပေါက်ဖို့ ဆယ်စုနှစ်နဲ့ချီ အချိန်ပေးခဲ့ရတာ။ ငါတို့ကလွဲရင် တခြားတစ်ယောက်က နားလည်နေစရာ ဘာအကြောင်းမှမရှိဘူး။ ဘယ်လိုလုပ် ဒီလောက်လွယ်လွယ်လေးနဲ့ ဖျက်ဆီးနိုင်မှာလဲ"

"ကျွန်တော်လည်း နားမလည်နိုင်ဘူး။ ပြီးတော့ အစီအရင်ကို ဖျက်ဆီးလိုက်တာက ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ လူငယ်လေးတစ်ယောက်ဗျ" အနက်ရောင်ဝတ်ရုံနှင့် လူက နားမလည်နိုင်စွာ ပြောလိုက်သည်။

"ဆရာတူအစ်ကိုကြီး... သူတို့ မြို့ထဲ ဝင်လာလောက်ပြီ။ သူတို့ထဲမှာ ကျင့်စဉ်အဆင့်ကို ခန့်မှန်းလို့မရတဲ့ အဘိုးကြီးတစ်ယောက်လည်း ပါတယ်။ အစီအရင် အကာအကွယ် ရှိတာတောင် ကျွန်တော် သူ့ဓားချက်ကြောင့် ဒဏ်ရာရခဲ့တယ်လေ။ ကျွန်တော်တို့ ဆုတ်ခွာဖို့ စဉ်းစားသင့်လား"

"ဆုတ်ခွာမယ် ဟုတ်လား။ ငါ အပင်ပန်းခံ လုပ်ထားတဲ့ အစီအရင်ကို သူတို့က ဖျက်ဆီးလိုက်တာလေ။ ဘယ်ကောင်ကများ ဒီလောက် မိုက်ရူးရဲဆန်လဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

ချိတ်ကဲ့သို့ ကောက်နေသည့် နှာခေါင်းနှင့် အဘိုးအိုက အေးစက်စွာ နှာမှုတ်လိုက်၏။ သူ့မျက်နှာထားကတော့ ယုတ်မာနေလေသည်။

"ကွက်တိပဲ... ငါ့ရဲ့ သွေးဝိညာဉ်အလံက မွေးရာပါနယ်ပယ် ပင်မဝိညာဉ်တစ်ခု လိုနေတာ။ သူတို့ကို သတ်ပြီး ယူရမယ်"

"ဆရာတူအစ်ကိုကြီး... သွေးဝိညာဉ်အလံကို သုံးလို့ရပြီလား" အနက်ရောင်ဝတ်ရုံနှင့် လူခင်မျာ ဝမ်းသာသွားလေ၏။

"အစီအရင် ပျက်သွားလို့ အပြည့်အဝ ပြန်မကောင်းသေးပေမဲ့ သူ့စွမ်းအား တော်တော်များများ ပြန်ရနေပြီ။ ပြီးတော့ ဝိညာဉ်စွမ်းအင်တွေ ပြန်လည် နိုးထလာတဲ့အချိန်က ဒီရှေးဟောင်း ရတနာရဲ့ စွမ်းအားကို ကမ္ဘာကြီးသိအောင် ပြရမယ့်အချိန်ပဲ"

"သွေးဝိညာဉ်အလံကို သုံးလို့ရရင်တော့ ဘာမှ ကြောက်စရာ မလိုတော့ဘူး"

သွေးဝိညာဉ်အလံ သုံးလို့ရပြီ ဆိုတာ ကြားလိုက်ရချိန်၌ အနက်ရောင်ဝတ်ရုံနှင့် လူလည်း ယုံကြည်မှု ပြန်ရသွား‌တော့၏။

ဂူကို အတူတူ ရှာတွေ့ခဲ့တာကြောင့် ဒီအလံ ဘယ်လောက် အစွမ်းထက်လဲဆိုတာ သူ ကောင်းကောင်းသိသည်။

ဟိုအဘိုးကြီး ဘယ်လောက်တော်တော် ဒီရှေးဟောင်း ရတနာကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး။

"သွားကြစို့။ ကျူးကျော်သူတွေ ဘယ်နားမှာလဲဆိုတာ ငါ အာရုံခံမိပြီ။ သွားတွေ့ကြတာပေါ့"

ချိတ်ကဲ့သို့ ကောက်နေသည့် နှာခေါင်းနှင့် အဘိုးအိုက အေးစက်စွာ ပြောလိုက်ပြီး တည်းခိုခန်းအပြင်ဘက်သို့ ထွက်သွားလေသည်။

"အကြီးအကဲချုပ် ၊ အဘိုး... ဒီလူတွေကို ဘယ်လိုလုပ်မလဲ"

သူတို့နှစ်ယောက် ထွက်သွားတာကို မြင်တော့ မော့ကျန်းက အလျင်အမြန် မေးလိုက်သည်။

ထိုအခါ၌ အသက်ရှင်ကျန်ရစ်နေသေးသည့် ငွေရောင်လမင်းဂိုဏ်းချုပ်နှင့် အခြားသူများသည် ကြောက်လန့်တကြား တုန်ယင်နေကြသည်။ အပြင်ဘက်မှ တစ်စုံတစ်ယောက် သူတို့ကို ကယ်တင်ရန် လာနေသည်ဟု ကြားလိုက်ရသဖြင့် မျှော်လင့်ချက်ရောင်ခြည်သမ်းလာသော်လည်း ယခုတွင်တော့ စိတ်ပျက်အားငယ်မှုများ ပြန်လည် ဝင်ရောက်လာပြန်၏။

"ဒီလူတွေကို ခဏ ထားလိုက်ဦး။ သူတို့ရဲ့ ချီနဲ့ သွေးက ငါ့အတွက် အသုံးဝင်သေးတယ်။ သူတို့ကို စောင့်ကြည့်ထား။ ကိုယ်တစ်ပိုင်းသေနေပြီမို့ ပြဿနာ မရှာနိုင်ပါဘူး"

ချိတ်ကဲ့သို့ ကောက်နေသည့် နှာခေါင်းနှင့် အဘိုးအိုက ငွေရောင်လမင်းဂိုဏ်းချုပ်နှင့် အခြားသူများကို တိရစ္ဆာန်များသဖွယ် အေးစက်စွာ ကြည့်လိုက်သည်။

"ဟုတ်ကဲ့ပါ အကြီးအကဲချုပ်"

မော့ကျန်း စိတ်မပါသော်လည်း လေးစားစွာ ပြန်ဖြေလိုက်ရသည်။

ထိုအချိန်တွင် တိမ်လွှာမြို့၏ လမ်းမများပေါ်၌ လုချင်းနှင့် သူ့အဖော်နှစ်ဦးသည် မြေပြင်ပေါ်မှ သွေးကွက်များကို လေးနက်သော မျက်နှာထားများဖြင့် ကြည့်နေကြသည်။

သွေးကွက်တစ်ခုစီသည် အသက်တစ်ချောင်း ဆုံးရှုံးသွားခြင်းကို ကိုယ်စားပြုကြောင်း သူတို့ သိကြသည်။

ကံကောင်းသည်မှာ မြို့ထဲတွင် လူများစွာ အသက်ရှင်နေသေးကြောင်း သူတို့ အာရုံခံမိပါ၏။

အစီအရင်မှ ထွက်ပေါ်လာသော အနက်ရောင် မြူခိုးများသည် အသားနှင့်သွေးကို စားသုံးနိုင်သော်လည်း အုတ်ခဲ၊ သစ်သား စသည့် သက်မဲ့ပစ္စည်းများကို ထိခိုက်မှု မရှိပုံရသည်။ မြို့သားများစွာသည် အဆောက်အဦးများထဲတွင် ပုန်းအောင်းနေခြင်းဖြင့် ဘေးအန္တရာယ်မှ ယာယီ ရှောင်ရှားနိုင်ခဲ့ကြသည်။

"မော့ညီအစ်ကိုတွေက တကယ့်ကို အသည်းနှလုံး မရှိကြဘူးပဲ။ ဒီမြို့သားတွေ အများစုက သူတို့ ဂိုဏ်းသားတွေနဲ့ သွေးသားတော်စပ်ကြတာ။ ဒါကိုတောင် ရက်ရက်စက်စက် သတ်ဖြတ်ကြတယ်။ တကယ့်ကို မိစ္ဆာကောင်တွေပဲ"

ဓားသမားသည် လမ်းပေါ်မှ မြင်ကွင်းကို နာကြည်းစွာ ကြည့်ရင်း ပြောလိုက်သည်။ တိမ်လွှာစီးဂိုဏ်းကို မကြိုက်သော်လည်း မော့ညီအစ်ကိုတွေ ဒီလောက်ထိ ရက်စက်လိမ့်မည်ဟုတော့ သူ ထင်မထားခဲ့ပေ။

"ဆရာ... တစ်ယောက်ယောက် လာနေတယ်"

ထိုအချိန်တွင် လုချင်းက တိုးတိုးလေး ပြောလိုက်သည်။

"အေး"

သမားတော်ကြီးချန်က ခေါင်းညိတ်လိုက်၏။ သူ့မျက်နှာထားကတော့ အေးစက်နေသည်ပင်။ ဆရာ တကယ် ဒေါသထွက်နေမှန်း လုချင်း သိလိုက်သည်။ တိမ်လွှာစီးဂိုဏ်း၏ ရက်စက်သော လုပ်ရပ်များက အဘိုးအို၏ သတ်ဖြတ်လိုစိတ်ကို နှိုးဆွလိုက်ပြီ ဖြစ်သည်။

"ဟားဟားဟား..."

ဓားသမားသည် ဘာမှ အာရုံမခံမိသေးသဖြင့် စကားပြောရန် ပြင်လိုက်စဉ် ရှေ့မှ အရိုင်းဆန်သော ရယ်မောသံကြီး ထွက်ပေါ်လာပြီး ခေါင်မိုးပေါ်တွင် အားကောင်းသော အရှိန်အဝါနှင့် လူနှစ်ယောက် ပေါ်လာလေသည်။

မော့ညီအစ်ကိုများမှလွဲ၍ ဘယ်သူ ဖြစ်နိုင်ဦးမည်နည်း။

ဓားသမားသည် လုချင်းကို အံ့သြစွာ ကြည့်လိုက်မိသည်။ ဤလူငယ်လေးသည် တကယ်ပင် ဆန်းကြယ်လှ၏။ မွေးရာပါနယ်ပယ် သိုင်းပညာရှင်ဖြစ်သော သူပင်လျှင် မော့ညီအစ်ကိုများ၏ အရှိန်အဝါကို အာရုံမခံမိခင် လုချင်းက ကြိုသိနေသည်။ ထို့ပြင် သူသည် လုချင်း၏ ကျင့်စဉ်အဆင့်ကို ခုချိန်ထိ မခွဲခြားနိုင်ဘဲ ဖြစ်နေသည်။

ဒီလူငယ်လေးရဲ့ ကျင့်စဉ်က ငါ့ထက်များ မြင့်နေတာလား။

ဓားသမား၏ စိတ်ထဲတွင် ရယ်စရာကောင်းသော အတွေးတစ်ခု ဝင်လာသည်။

"ခင်ဗျားတို့နှစ်ယောက်က တိမ်လွှာစီးဂိုဏ်းရဲ့ အဓိပတိအကြီးအကဲတွေလား"

သမားတော်ကြီးချန်က ခေါင်မိုးပေါ်မှ လူနှစ်ယောက်ကို မော့ကြည့်လိုက်သည်။

"ဟုတ်တယ် အဘိုးကြီး။ ခင်ဗျားက ငါ အပင်ပန်းခံ လုပ်ထားတဲ့ အစီအရင်ကို ဖျက်ဆီးလိုက်တာလား။ ခင်ဗျားကိုယ်ခင်ဗျား ကြီးလေးတဲ့ ရာဇဝတ်မှု ကျူးလွန်လိုက်ပြီဆိုတာ သိရဲ့လား"

ချိတ်ကဲ့သို့ ကောက်နေသည့် နှာခေါင်းနှင့် အဘိုးအိုက အေးစက်စွာ ပြောလာ၏။

"ကောင်းပြီလေ... လူမှား ရှာမိတာ မဟုတ်ဘူးပေါ့"

သမားတော်ကြီးချန်က တိုးတိုးလေး ပြောလိုက်သည်။

ချိတ်ကဲ့သို့ ကောက်နေသည့် နှာခေါင်းနှင့် အဘိုးအိုက နောက်ထပ် စကားပြောရန် ပြင်လိုက်စဉ် သူ့မျက်လုံးရှေ့တွင် ရုတ်တရက် လက်ခနဲ ဖြစ်သွားပြီး အလွန် ထက်မြက်သော ဓားချီနှစ်ခုသည် သူနှင့် သူ့၏ဆရာတူညီလေးထံသို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။

ဓားချီပေါ်တွင် ပါရှိသော ထက်ရှသော ဓားအသိကြောင့် သူသည် ချက်ချင်းပင် ကြီးမားသော အန္တရာယ်ကို ခံစားလိုက်ရတော့၏။

…

အခန်း ၂၄၀ - သွေးရောင်အလင်းနယ်ပယ်၊ လက်သီးတစ်ချက်၏ စွမ်းအား

"မဖြစ်ဘူး"

သမားတော်ကြီးချန်၏ ဓားအရှိန်အဝါ ထက်မြက်မှုကို အာရုံခံမိသည်နှင့် ချိတ်ကဲ့သို့ ကောက်နေသည့် နှာခေါင်းနှင့် အဘိုးအို တစ်နည်းအားဖြင့် ဝူယွမ်သည် ၏ စိတ်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။ ဓားချီ ရောက်လာသည်မှာ မြန်ဆန်းလွန်းပြီး ရုတ်တရက် ဆန်လွန်းလှသဖြင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။ သူသည် ဓားချီတွေ မိမိထံ ဝင်ရောက်လာသည်ကို လက်မှိုင်ချကြည့်နေရုံသာ တတ်နိုင်တော့သည်။

ကံကောင်းသည်မှာ အရေးကြီးသော အခိုက်အတန့်၌ သူ့ခန္ဓာကိုယ်မှ သွေးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဓားချီနှင့် ထိပ်တိုက် တွေ့ဆုံသွားလေ၏။

ဒုန်း

အသံအုပ်အုပ်တစ်ခု ထွက်ပေါ်လာပြီးနောက်၌ သွေးရောင်အလင်းတန်း ကွဲသွားသော်လည်း ဓားချီကို တားဆီးနိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် တိမ်ပါးသော ဒဏ်ရာတစ်ခုသာ ကျန်ရစ်ခဲ့သည်။

"အား"

သို့သော် ဝူယွမ်တွင် ကာကွယ်ပေးသော ရတနာ ရှိသော်လည်း သူ့ဘေးမှ အနက်ရောင်ဝတ်ရုံနှင့် လူမှာမူ ကံမကောင်းရှာပေ။

သမားတော်ကြီးချန်၏ ဓားချီသည် ပြိုင်ဘက်ကင်းပြီး ထက်မြက်လှပါ၏။ သူ သတိထားနေခဲ့သော်လည်း လုံးဝ ရှောင်တိမ်းနိုင်ခြင်း မရှိပေ။ ဓားချီ ဖြတ်သန်းသွားသည်နှင့် အနက်ရောင်ဝတ်ရုံနှင့် လူ၏ လက်မောင်းတစ်ဖက်လည်း ပြတ်ကျသွားတော့လေသည်။

"ဆရာတူညီလေး အဆင်ပြေရဲ့လား"

ဝူယွမ်သည် အနက်ရောင်ဝတ်ရုံနှင့် လူ၏ ပြတ်သွားသော လက်မောင်းမှ သွေးကြောများကို အလျင်အမြန် ပိတ်လိုက်ပြီး သွေးတိတ်အောင် လုပ်ပေးလိုက်သည်။

"ငါ့လက်"

အနက်ရောင်ဝတ်ရုံနှင့် လူသည် ပြတ်ကျနေသော သူ့လက်ကို ကြည့်ပြီး မျက်လုံးထဲတွင် ဒေါသများ ပြည့်နှက်နေသည်။ သူ အလွန် သတိထားနေသည့်ကြားမှ အဘိုးအို၏ ဓားချီကို မရှောင်နိုင်ဘဲ လက်တစ်ဖက် ဆုံးရှုံးလိုက်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

မွေးရာပါနယ်ပယ်သည် စွမ်းအားကြီးသော်လည်း ပြတ်သွားသော ခြေလက်များကို ပြန်လည်အသစ်ဖြစ်စေနိုင်သော စွမ်းရည်မျိုးတော့ မရှိပေ။ လက်တစ်ဖက် ဆုံးရှုံးခြင်းသည် သူ့ဘဝတစ်လျှောက်လုံး မသန်စွမ်း ဖြစ်သွားခြင်းပင်။

"ကိစ္စမရှိဘူး... သူတို့ကို သတ်ပြီးရင် မင်းလက်ကို ငါ ပြန်ဆက်ပေးမယ်" ဝူယွမ်က ပြောလိုက်သည်။

"ဟင်"

ဝူယွမ်၏ ခန္ဓာကိုယ်မှ သွေးရောင်အလင်းတန်းက ဆရာ၏ ပြင်ဆင်ထားသော ဓားချီကို တားဆီးလိုက်နိုင်သည်ကို မြင်တော့ လုချင်း၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ ထိုအချိန်တွင် စာသားအချို့က သူ့မြင်ကွင်းထဲ ပေါ်လာခဲ့၏။

[ဝူယွမ် : တိမ်လွှာစီးဂိုဏ်း၏ အဓိပတိအကြီးအကဲ၊ ရက်စက်ကြမ်းကြုတ်ပြီး အလွန်အတ္တကြီးသည်။]

[ကျင့်စဉ် : မွေးရာပါနယ်ပယ် အသေးစားအောင်မြင်မှုအဆင့် ၊ အကြီးစားအောင်မြင်မှုအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ရေဓာတ်သဘာဝ မွေးရာပါနယ်ပယ် စစ်မှန်သောချီ။]

[တစ်ခါက ရှေးဟောင်း မိစ္ဆာကျင့်ကြံသူ၏ ဂူဗိမာန်ကို သူ့ဆရာတူညီလေးနှင့်အတူ ရှာတွေ့ခဲ့ပြီး မိစ္ဆာကျင့်စဉ်အမွေအနှစ်ကို ရရှိခဲ့သည်။]

[ပျက်စီးနေသော ရှေးဟောင်း ဝိညာဉ်လက်နက် "သွေးဝိညာဉ်အလံ" ကို ပိုင်ဆိုင်သည်။]

"သွေးဝိညာဉ်အလံ ဟုတ်လား"

ဝူယွမ်အကြောင်း အချက်အလက်များကို မြင်လိုက်ရတော့ လုချင်း အနည်းငယ် အံ့သြသွားသည်။

ဒီအဘိုးကြီးမှာ ဝိညာဉ်လက်နက် ရှိနေတာကိုး၊

အဲ့ဒါကြောင့် ဆရာ့ရဲ့ ဓားချီကို တားနိုင်တာပဲ။

ဒါပေမဲ့ ဝိညာဉ်လက်နက်ရဲ့ စွမ်းအား ဘယ်လောက်ကို သူ သုံးနိုင်လဲဆိုတာတော့ မသေချာဘူး။

ထိုသည်က တိမ်လွှာစီးဂိုဏ်း ဘာကြောင့် "အသားနှင့်သွေး ဝိညာဉ်သန့်စင်ခြင်း အစီအရင်" ကို လုပ်နိုင်သလဲ ဆိုတာကိုလည်း ရှင်းပြနေသည်။

သူတို့က ရှေးဟောင်းမိစ္ဆာကျင့်စဉ် အမွေအနှစ်ကို ရရှိထားတာကြောင့်ပင်။

"တကယ့်ကို အားကောင်းတဲ့ ဓားချီပဲ"

သူ့ညီလေး၏ ဒဏ်ရာကို အနည်းငယ် ကုသပေးပြီးနောက်၌ ဝူယွမ်သည် သမားတော်ကြီးချန်အ‌ပေါ် အထင်သေးခြင်း မရှိတော့ဘဲ ကြောက်ရွံ့မှုဖြင့် ကြည့်လိုက်သည်။

အဘိုးအို၏ နက်နဲသော ဓားသိုင်းပညာနှင့် ကြောက်မက်ဖွယ် ဓားချီအကြောင်း သူ့ညီလေးက သတိပေးခဲ့သော်လည်း သူ သိပ်ဂရုမစိုက်ခဲ့ပေ။ သို့သော် စောစောက ဓားချက်ကြောင့် အဘိုးအို၏ ဓားသိုင်းပညာသည် အမှန်တကယ်ပင် မြင့်မားသော အဆင့်၌ ရှိကြောင်း သူ နားလည်လိုက်၏။ သွေးဝိညာဉ်အလံ၏ အလိုအလျောက် ကာကွယ်မှုသာ မရှိပါက သူသည်လည်း ထိုဓားချက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်ပင်။

"ဆရာ... ဒီလူ့ဆီမှာ ဝိညာဉ်လက်နက်ရတနာတစ်ခု ရှိတဲ့ပုံပဲ။ ဆရာ သတိထားမှ ဖြစ်မယ်" လုချင်းက တိုးတိုးလေး သတိပေးလိုက်သည်။

"အင်း" သမားတော်ကြီးချန်လည်း ခေါင်းညိတ်လိုက်သည်။ အနီရောင်အလင်း ပေါ်လာစဉ်အခါက ယင်းမှာ အလွန် ယုတ်မာပြီး ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုထံဆီမှ ဖြစ်ကြောင်း သူလည်း အာရုံခံမိပါ၏။

သို့သော် သမားတော်ကြီးချန်သည် မွေးရာပါနယ်ပယ်၏ပိုင်နက်ဖြင့် ဖုံးကွယ်မထားသည့်အတွက် ဝူယွမ်သည် လုချင်း၏ စကားကို ကြားလိုက်ရသည်။ ထို့နောက် သူက မျက်လုံးကို ကျဉ်းမြောင်းလိုက်လျက် လုချင်းကို စိုက်ကြည့်လိုက်သည်။

"ကောင်လေး... မင်းက တော်တော် သိနေပါလား။ စောစောက ငါ့အစီအရင် ဆုံမှတ်တွေကို မြှားနဲ့ပစ်ပြီး ဖျက်ဆီးတာ မင်းမလား။ မင်းက ဘယ်သူလဲ"

လုချင်းက သူ့စကားကို လျစ်လျူရှုပြီး ဓားသမားဘက်သို့ လှည့်လိုက်သည်။

"ချန်ပေ့... ကျွန်တော့်ဆရာနဲ့ ကျွန်တော် ဒီနှစ်ယောက်ကို တားထားလိုက်မယ်။ ချန်ပေ့က အသက်ရှင်နေသေးတဲ့ ယွင်ကျိုးက ရဲဘော်ရဲဘက်တွေကို သွားကယ်လိုက်ပါ"

"ကျုပ်က ကယ်ရမယ် ဟုတ်လား" ဓားသမားမှာ ကြောင်သွားသည်။ "သခင်လေး... ကျုပ်နဲ့ ခင်ဗျားဆရာက ဒီမိစ္ဆာနှစ်ကောင်ကို တိုက်ပြီး၊ သခင်လေးက သွားကယ်ရင် မကောင်းဘူးလား"

ဓားသမားက လုချင်းကို အထင်သေး၍ မဟုတ်သော်လည်း လုချင်းမှာ ငယ်ရွယ်လွန်းသေးသည်။ တစ်ဖက်ရှိ ပြိုင်ဘက်များက မွေးရာပါနယ်ပယ် အသေးစားအောင်မြင်မှုအဆင့် သိုင်းပညာရှင်နှစ်ဦး ဖြစ်သည်။ ထို့ပြင် မော့ညီအစ်ကိုများသည် မိစ္ဆာကျင့်စဉ် လျှို့ဝှက်နည်းလမ်းများကို ရရှိထားသဖြင့် စွမ်းအားများစွာ တိုးတက်နေသည်။ သူကိုယ်တိုင်ပင် အနိုင်ယူနိုင်မည်ဟု ယုံကြည်မှု မရှိပေ။

"ကိစ္စမရှိပါဘူး။ မသန်မစွမ်းဖြစ်နေတဲ့ မွေးရာပါနယ်ပယ် ကျင့်ကြံသူတစ်ယောက်က ကျွန်တော့်ကို မထိခိုက်စေနိုင်ပါဘူး။ ချန်ပေ့ပဲ သွားသင့်ပါတယ်။ လူစိမ်းတစ်ယောက်အနေနဲ့ ယွင်ကျိုးက ချန်ပေ့တွေက ကျွန်တော် လာကယ်တာကို ယုံချင်မှ ယုံမှာလေ။ အဲ့လိုသာဆို ရှုပ်ကုန်လိမ့်မယ်။ ချန်ပေ့သွားတာကပဲ ပိုကောင်းပါတယ်ဗျ" လုချင်းက ရှင်းပြလိုက်သည်။

ဓားသမားလည်း စဉ်းစားကြည့်တော့ လုချင်းပြောတာ အဓိပ္ပာယ်ရှိမှန်း သိလိုက်သည်။ သူသာ အန္တရာယ် ကြုံနေချိန် လူစိမ်းတစ်ယောက် ရုတ်တရက် ပေါ်လာပြီး လာကယ်တာဟု ပြောလျှင် သူလည်း ယုံဖို့ ခက်လိမ့်မည်ပင်။

"ဒါပေမဲ့..."

လုချင်းက မော့ညီအစ်ကိုများကို ရင်ဆိုင်ရမည် ဆိုသည့် အတွေးကြောင့် ဓားသမားမှာ တွန့်ဆုတ်နေမိ၏။

"ဒါပေမဲ့တွေ မလိုပါဘူးဗျ။ ဒါ အတည်ပါပဲ။ ချန်ပေ့... အချိန်ကောင်း စောင့်ပြီး ဖောက်ထွက်သွားလိုက်ပါ" လုချင်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။

"ကောင်းပြီလေ... တော်တော်လေးကို အဆင်ပြေနေတာပေါ့"

ခေါင်မိုးပေါ်မှ ဝူယွမ်သည် လုချင်းက သူ့ကို လျစ်လျူရှုပြီး သူတို့မျက်စိရှေ့မှာတင် ထွက်ပြေးဖို့ အစီအစဉ် ဆွဲနေသည်ကို မြင်သောအခါ၌ ဒေါသတကြီး ရယ်မောလိုက်သည်။ သူ့ဘေးမှ အနက်ရောင်ဝတ်ရုံနှင့် လူသည်လည်း ဒေါသကြောင့် တုန်ရီနေလေ၏။

လုချင်း၏ စကားများသည် သူ့ကို လုံးဝ အရေးမစိုက်ကြောင်း ပြသနေသည်။ "မသန်မစွမ်း" ဟု ခေါ်လိုက်ခြင်းသည် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။

လုချင်းကို မသန်အစွမ်းအစစ်က ဘယ်လိုလဲဆိုတာ ပြသရန်အတွက် ထိုကောင်လေး၏ခြေလက်အင်္ဂါအားလုံးကို ကိုယ်တိုင် ဖြတ်တောက်ပစ်မည်ဟု ဆုံးဖြတ်လိုက်တော့၏။

"ချန်ပေ့... ဖောက်ထွက်ဖို့ ပြင်တော့"

ဝူယွမ်နှင့် သူ့အဖော်တို့၏ စိတ်ခံစားမှု အတက်အကျကို အာရုံခံမိသော လုချင်းက လှမ်းအော်လိုက်သည်။

ထို့နောက် သူသည် မြှားတစ်ဆုပ်ကို လျင်မြန်စွာ ဆွဲယူပြီး ဆက်တိုက် ပစ်လွှတ်လိုက်သည်။ ထက်ရှလှသော မြှားခုနစ်စင်းသည် တစ်ခုနှင့်တစ်ခု ဆက်နွှယ်လျက် ဆန်းကြယ်သော လမ်းကြောင်းဖြင့် ဝူယွမ်ထံသို့ ပျံသန်းသွားတော့၏။

[မြှားပစ် လျှို့ဝှက်နည်းစနစ် - တစ်ကြိမ်တည်းဖြင့် ကြယ်ခုနစ်ပွင့်စီတန်းခြင်း]

ဒါက လုချင်းတစ်ယောက် မြှားပစ် "အသိ" နယ်ပယ်ကို သဘောပေါက်ပြီးနောက် ဖန်တီးခဲ့သော နည်းစနစ်ဖြစ်သည်။ ၎င်း၏ စွမ်းအားမှာ ကြီးမားပြီး သူ့အပြင်းထန်ဆုံး မြှားပစ်နည်းစနစ်များထဲမှ တစ်ခုဖြစ်သည်။

အစီအရင် ဖျက်ဆီးရာတွင် လုချင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသော ဓားသမားသည် လုချင်းကို အပြည့်အဝ ယုံကြည်သည်။ လုချင်း၏ အော်သံကို ကြားလိုက်သည်နှင့် သူသည် မြို့ထဲရှိ အမြင့်ဆုံး အဆောက်အဦးဆီသို့ ချက်ချင်း ပြေးထွက်သွားသည်။ သူ့မွေးရာပါ အာရုံခံစားမှုများက သူ့တပည့်များနှင့် ဂိုဏ်းချုပ် ထိုနေရာတွင် ရှိနေကြောင်း ပြောပြနေလေ၏။

"ကလေးကလား နည်းလမ်းတွေနဲ့။ မင်းတို့ လွတ်နိုင်မယ် ထင်နေလား"

ဝူယွမ်သည် လုချင်း၏ မြှားစွမ်းအားကြောင့် အံ့သြသွားသော်လည်း အထင်သေးသည့် အရိပ်အယောင် ပြလိုက်သည်။ သူ့ခန္ဓာကိုယ်မှ သွေးရောင်အလင်းများ ထွက်ပေါ်လာပြီး မြှားခုနစ်စင်းကို ဖျက်ဆီးရန် လှိမ့်ဝင်သွားသည်။

တစ်ချိန်တည်းမှာပင် သူ လက်ညှိုးထိုးလိုက်ရာ သွေးရောင်အလင်းတန်းတစ်ခုသည် ဓားသမားထံသို့ ပြေးဝင်သွားတော့၏။

လုချင်း ပြုံးလိုက်သည်။ "ကျွန်တော့်မြှားပညာက အဲ့လောက် ဖျက်ရလွယ်တာ မဟုတ်ဘူးဗျ"

အနီရောင်အလင်း ဝါးမြိုတော့မည့် မြှားခုနစ်စင်းသည် အသက်ဝင်နေသကဲ့သို့ လမ်းကြောင်းပြောင်းသွားသည်။ ၎င်းတို့သည် ဆန်းကြယ်စွာဖြင့် ဝူယွမ်ကို ရှောင်ကွင်းပြီး အနက်ရောင်ဝတ်ရုံနှင့် လူဆီသို့ ဦးတည်သွားလေသည်။ လုချင်း၏ ပစ်မှတ်မှာ အကာအကွယ်ရှိသော ဝူယွမ် မဟုတ်ဘဲ အင်အား ပြန်မပြည့်သေးသော လက်တစ်ဖက်ပြတ် အနက်ရောင်ဝတ်ရုံနှင့် လူသာ ဖြစ်သည်။

"ဘာ"

ထိုအခိုက်အတန့်၌ ဝူယွမ်၏ နောက်တွင် ခြေလှမ်းအနည်းငယ်ခွာ ရပ်နေသော အနက်ရောင်ဝတ်ရုံနှင့် လူမှာ တုန်လှုပ်သွားသည်။ လုချင်း၏ မြှားများက သူ၏ဆရာတူအစ်ကိုကြီးကို ကျော်ပြီး သူ့ဆီ လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

သို့သော် သူသည် မွေးရာပါနယ်ပယ် အသေးစားအောင်မြင်မှုအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သည်။ ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း သူ့တုံ့ပြန်မှုကတော့ မြန်ဆန်နေဆဲပင်။ သူ တုတ်ရှည်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်အလင်းနှင့် ဒိုင်းကာတစ်ခု ဖြစ်ပေါ်လာချေ၏။

အနက်ရောင်အလင်းကြားတွင် သတ္တုချင်း ရိုက်ခတ်သံများ ပဲ့တင်ထပ်သွားပြီး လုချင်း၏ မြှားများလည်း လမ်းကြောင်းလွဲသွားတော့သည်။ သို့သော် လက်တစ်ဖက် မရှိတော့သဖြင့် ကျန်လက်တစ်ဖက်တည်းဖြင့် ကာကွယ်ရခြင်းသည် လက်နှစ်ဖက်ဖြင့် ကာကွယ်သလောက်တော့ ထိရောက်မှု ရှိမနေပေ။ မြှားခြောက်စင်းကို လမ်းကြောင်းလွဲနိုင်ခဲ့သော်လည်း တစ်စင်းက ဖောက်ထွက်လာပြီး သူ့ပခုံးကို ရှပ်ထိသွားကာ သွေးထွက်စေခဲ့သည်။

ဒုန်း

ထိုအချိန်မှာပင် ဝူယွမ်က ဓားသမားထံ ပစ်လွှတ်လိုက်သော သွေးရောင်အလင်းတန်းကို သမားတော်ကြီးချန်၏ ဓားချီက ပိုင်းဖြတ်လိုက်သည်။

"သခင်လေးရဲ့ မြှားပညာက တကယ့်ကို အံ့မခန်းပါလား"

ဓားသမားသည် ဖောက်ထွက်ပြေးနေသော်လည်း နောက်မှ အခြေအနေကို စောင့်ကြည့်နေသည်။ လုချင်းက အနက်ရောင်ဝတ်ရုံနှင့် လူအား ဒဏ်ရာရအောင် လုပ်နိုင်သည်ကို မြင်လိုက်ရသည့်အခိုက်၌ သူသည်လည်း အံ့အားသင့်သွားမိပါ၏။

"ဒါပေမဲ့ သခင်လေးက မြှားပညာမှာ ထူးချွန်တယ်။ သူ့ရဲ့ အဝေးပစ် တိုက်ခိုက်မှုတွေက အားကောင်းပေမဲ့ အနီးကပ် တိုက်ပွဲဆို ခက်လိမ့်မယ်။ မော့ညီအစ်ကိုတွေအနားကို ကပ်သွားရင် အန္တရာယ် ရှိနိုင်တယ်။ ငါ လူတွေကို မြန်မြန်ကယ်ပြီး သူ့ကို သွားကူညီမှ ဖြစ်မယ်"

ထို့နောက်တွင်တော့ ဓားသမားသည် စိတ်ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် တည်းခိုခန်းဆီသို့ အရှိန်ပြင်းပြင်း ပြေးသွားလေသည်။

"မော့ကျန်း... ဆုတ်တော့"

အနက်ရောင်ဝတ်ရုံနှင့် လူသည် သူ့ဆရာတူအစ်ကိုကြီး၏ သွေးရောင်အလင်းတန်းက ဓားသမားကို မတားနိုင်သည်ကို မြင်လိုက်ရသောအခါ၌ မျက်နှာပျက်သွားပြီး မြို့တစ်ခုလုံး တုန်ခါသွားအောင် အော်ဟစ်လိုက်သည်။

"ကောင်လေး... မင်း ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်လိုက်တာပဲ"

လုချင်း သူ့ကို လှည့်စားလိုက်မှန်း သိသွားသော ဝူယွမ်၏ မျက်နှာမှာ မည်းမှောင်သွားသည်။

"ငါ မင်းတို့နဲ့ နည်းနည်းလောက် ကစားချင်သေးတာ၊ အခုတော့ မင်းတို့အကုန် သေကြပေတော့"

ရုတ်ချည်းပင် သွေးရောင်အလံတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး လျင်မြန်စွာ ကြီးမားလာကာ သူ့လက်ထဲသို့ ရောက်ရှိလာတော့သည်။

ဒုန်း

သွေးရောင်အလံ လက်ထဲရောက်သည်နှင့် ဝူယွမ်သည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး အလံကို အားဖြင့် စိုက်ချလိုက်သည်။

နက်ရှိုင်းသော အသံအုပ်အုပ်ကြီး ထွက်ပေါ်လာပြီးနောက်၌ သိပ်သည်းသော သွေးရောင်အလင်းများ အလံမှ ထွက်ပေါ်လာကာ အရပ်မျက်နှာအနှံ့အပြားသို့ ပြန့်ကားသွားပြီး လုချင်းနှင့် သူ့ဆရာဆီသို့ ဦးတည်သွားလေသည်။ ယင်း၏ အမြန်နှုန်းမှာ လုချင်းပင် အံ့သြသွားလောက်အောင် မြန်ဆန်းလှပါ၏။

"အားချင်း... ဆုတ်လိုက်"

သမားတော်ကြီးချန် တိုးတိုးလေး အော်လိုက်ပြီး လုချင်း၏ ပခုံးကို ဆွဲကာ အပြင်ဘက်သို့ ပစ်ထုတ်လိုက်သည်။ အလစ်ငိုက်မိသွားသော လုချင်းသည် အရှိန်ကို အသုံးပြု၍ လေထဲတွင် နောက်ပြန်လှန်ချလိုက်၏။ သူ ပြန်လည် ဆင်းသက်လိုက်ချိန်တွင် ရှေ့မှ ဧရိယာတစ်ခုလုံး သွေးရောင်အလင်းများ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရတော့သည်။

အကွာအဝေးမှာ မီတာတစ်ရာကျော် ရှိသည်။ သူသည် သွေးရောင်အလင်း၏ အစွန်းတွင် ရပ်နေပြီး သူ့ဆရာမှာမူ အတွင်းတွင် ပိတ်မိနေလေပြီပင်။

"ဆရာ" လုချင်းက စိုးရိမ်တကြီး ခေါ်လိုက်သည်။

"ကိစ္စမရှိဘူး... ဒီ သွေးရောင်အလင်းက ငါ့ကို မထိခိုက်နိုင်ဘူး။ ဒါပေမဲ့ မင်း ဝင်မလာနဲ့။ ဒီအလင်းက စိတ်ကို ရှုပ်ထွေးစေပြီး အသားကို ပုပ်ပွစေနိုင်တယ်။ မွေးရာပါနယ်ပယ် ချီအစစ် မရှိရင် ခုခံဖို့ ခက်လိမ့်မယ်။ ဒီမိစ္ဆာကောင်ကို သတ်ပြီးရင် ငါ ထွက်လာခဲ့မယ်"

သမားတော်ကြီးချန်၏ တည်ငြိမ်သော အသံသည် သွေးရောင်အလင်းထဲမှ ထွက်ပေါ်လာသည်။

"ဂရုစိုက်ပါ ဆရာ"

ဆရာ၏ ပြတ်သားသော လေသံကို ကြားလိုက်ရသဖြင့် လုချင်းမှာလည်း ထိုသည်ကိုပဲ ပြန်ပြောရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

ဒီတစ်ခါတော့ ဆရာ တကယ် ဒေါသထွက်နေပြီး ဝူယွမ်ကို မသတ်ရမချင်း နားမည်မဟုတ်ကြောင်း သူ သိသည်။

ကံကောင်းသည်မှာ လုချင်းသည် "သွေးဝိညာဉ်အလံ" ကို စစ်ဆေးရန် သူ့နတ်မျက်စိစွမ်းရည်ကို သုံးထားပြီး ဖြစ်သည်။ ထိုမှော်လက်နက်သည် အပြစ်အနာအဆာရှိသော ပစ္စည်းတစ်ခုသာ ဖြစ်ပြီး အရင်စွမ်းအားကို ထက်ဝက်ပင် ပြန်မရသေးပေ။ သူ့ဆရာအတွက် ကြီးမားသော ခြိမ်းခြောက်မှု မဟုတ်ပေ။ ထို့ပြင် သူ့ဆရာတွင် "ကုသိုလ်ကံအလင်းရောင်" ရှိပြီး ၎င်းသည် ထိုကဲ့သို့သော မိစ္ဆာဝိညာဉ်လက်နက်များ၏ ရန်သူဖြစ်သည်။

သွေးရောင်အလင်းက သူ့ဆရာကို ထိခိုက်နိုင်မည် မဟုတ်။

ထို့အပြင် ဆရာ တကယ် ဒေါသထွက်လာလျှင် ဘယ်လောက် စွမ်းအားကြီးမလဲဆိုတာကိုလည်း လုချင်း သိချင်နေမိ၏။

ပုံမှန်ဆိုလျှင် ဆရာက တိုက်ခိုက်ခဲသည်။ ရံဖန်ရံခါ ဝေ့ရှန်ဟိုင်နှင့် လက်ရည်စမ်းသော်လည်း အကွက်အနည်းငယ်လောက် ထုတ်ပြီးနောက်တွင်တော့ အရှုံးပေးတတ်ပါသည်။ ဘယ်တော့မှ အတည်အတံ့ မတိုက်ခိုက်ဖူးပေ။ ထို့ကြောင့် ဆရာ၏ နယ်ပယ်နှင့် ဝှက်ဖဲများကို သိသော်လည်း ဆရာ့စွမ်းအားအပြည့် ထုတ်သုံးသည်ကိုတော့ လုချင်းမှာ တစ်ခါမှ မမြင်ဖူး‌သေးပေ။

ဆရာ မနိုင်မှပဲ ဝင်ပါလိုက်ပါ့မယ်လေ။

လုချင်း၏ အတွေးများက ခါးတွင် ချိတ်ထားသော "ချီအိတ်" ဆီသို့ ရောက်သွားသည်။ ပြုပြင်မွမ်းမံမှုနှင့် ဝိညာဉ်စွမ်းအင် စုပ်ယူမှုများ ပြုလုပ်ပြီးနောက် သု၏ ရှေးဟောင်းဝိညာဉ်လက်နက်သည်လည်း စွမ်းအားအချို့ ပြန်လည် ရရှိနေပြီ ဖြစ်သည်။

"လေကြီးနေလိုက်တာ ငါ့ရဲ့ သွေးရောင်အလင်းနယ်ပယ်ထဲမှာတောင် မင်းက မောက်မာရဲသေးတယ်ပေါ့။ အဘိုးကြီး... မင်းမှာ ငါ့ကို သတ်နိုင်တဲ့ စွမ်းရည်ရှိ ၊ မရှိ ကြည့်ကြသေးတာပေါ့"

ဝူယွမ်၏ အသံသည် သွေးရောင်အလင်းထဲမှ ထွက်ပေါ်လာသည်။

ထို့နောက် ပြင်းထန်သော စွမ်းအင် အတက်အကျများက ထိုအတွင်းမှ ပြန့်နှံ့လာရာ ထိပ်သီးသိုင်းပညာရှင်နှစ်ဦး တိုက်ခိုက်နေကြပြီ ဖြစ်ကြောင်း ပြသနေလေ၏။

"ဆရာ အသာစီး မခံရဘူးပဲ"

ဆရာ၏ မလျော့ပါးသော အရှိန်အဝါကို အာရုံခံမိသဖြင့် လုချင်း စိတ်အေးသွားသည်။ ဆရာ့မှာ ဝှက်ဖဲတွေ ရှိသေးမှန်း သူ သိတာကြောင့် နိုင်ဖို့ မခက်ခဲလောက်ဘူး။

ဆရာက တိုက်ပွဲ အတွေ့အကြုံ နည်းလွန်းတယ်။ ဒီတိုက်ပွဲက ဆရာ့အတွက် လေ့ကျင့်ခန်းတစ်ခု ဖြစ်သွားမှာပါ‌လေ။

လုချင်း တွေးလိုက်သည်။

"ကောင်လေး... မင်းက မွေးရာပါနယ်ပယ်တောင် မဟုတ်သေးဘူးပဲ"

"အခု မင်းဆရာက ငါ့ရဲ့ သွေးရောင်အလင်းနယ်ပယ်ထဲမှာ ပိတ်မိနေပြီဆိုတော့ မင်းကို ဘယ်သူက ကာကွယ်ပေးနိုင်မလဲ ကြည့်ရသေးတာပေါ့"

လုချင်း တွေးနေစဉ် အနောက်ဘက်မှ ယုတ်မာသော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။ လုချင်းကလည်း လှည့်ကြည့်ပြီး ပြုံးလိုက်သည်။

"ခင်ဗျားကို မေ့တော့မလို့ပဲ မသန်စွမ်းကြီးရေ။ ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို ခိုးပြီး မတိုက်တာက အံ့သြစရာပဲ"

"ကောင်လေး... မင်း သေချင်နေတာပဲ"

အနက်ရောင်ဝတ်ရုံနှင့် လူက ဟိန်းဟောက်လိုက်သည်။ သူ့တုတ်ရှည်သည် အနက်ရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက်၌ လုချင်း၏ ရင်ဘတ်ဆီသို့ လျင်မြန်စွာ ရိုက်ချလိုက်တော့၏။

သူ ခိုးမတိုက်ခဲ့ခြင်းမှာ ဂုဏ်သိက္ခာကြောင့် မဟုတ်ဘဲ၊ ယခု လုချင်းနှင့် တစ်မီတာ အကွာအဝေးသို့ ရောက်နေပြီ ဖြစ်သောကြောင့်ပင်။ ဒီလောက် နီးကပ်သော အကွာအဝေးတွင် လုချင်း၏ မြှားပညာ ထိရောက်နိုင်မည် မဟုတ်။ ထို့ပြင် လုချင်းက မွေးရာပါနယ်ပယ် မဟုတ်ကြောင်း ကြားလိုက်ရသဖြင့် သူ ပို၍ပင် အထင်သေးသွားသည်။

သေချာပေါက် နိုင်မည်ဟု ယုံကြည်နေသဖြင့် ခိုးတိုက်ရန်ပင် ဝန်လေးနေ၏။ သူသည် ဤမောက်မာသော ကောင်လေးကို အရက်စက်ဆုံးနည်းလမ်းဖြင့် ချေမှုန်းပစ်ချင်ရုံသာ။

"အချိန်ကိုက်ပဲ"

အနက်ရောင်ဝတ်ရုံနှင့် လူ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း လုချင်းသည် ကိုယ်ကို အနည်းငယ် နှိမ့်လိုက်ရာ အဝါရောင် အလင်းဖျော့ဖျော့ သူ့ဆီမှ လက်ခနဲ ပေါ်လာသည်။ သူ ရှောင်တိမ်းခြင်း မပြုဘဲ ညာဘက် လက်သီးဆုပ်ဖြင့် ရှေ့သို့ တည့်တည့် ထိုးချလိုက်သည်။

"ဒီကောင်လေး ရူးနေတာလား... ငါ့လက်နက်ကို သူ့အသားနဲ့ တားဖို့ ကြိုးစားနေတယ်ပေါ့"

လုချင်းက သူ့တုတ်ရှည်ကို လက်သီးဖြင့် ထိုးလာသည်ကို မြင်သောအခါ၌ အနက်ရောင်ဝတ်ရုံနှင့် လူမှာ နားမလည်နိုင်ဖြစ်သွားသည်။

သို့သော် နောက်တစ်ခဏတွင်တော့ သူ၏နားမလည်မှုသည် တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားတော့လေ၏။

ဘုန်း

လုချင်း၏ လက်သီးနှင့် တုတ်ရှည် ထိတွေ့လိုက်သည်နှင့် ပြင်းထန်သော အင်အားတစ်ခုက ပေါက်ကွဲထွက်လာကာ အဖြူရောင် မြူခိုးများကလည်း လှည့်ပတ်ထွက်ပေါ်လာခဲ့သည်။

အနက်ရောင်ဝတ်ရုံနှင့် လူသည် တုတ်ရှည်မှတစ်ဆင့် တွန်းလှန်၍ မရနိုင်သော အင်အားတစ်ခုကို ခံစားလိုက်ရ၏။ သူသည် မွေးရာပါနယ်ပယ် ကျင့်ကြံသူ ဖြစ်သော်လည်း ထိုအင်အားကို မထိန်းချုပ်နိုင်ဘဲ ယိုင်နဲ့နဲ့ဖြင့် နောက်သို့ ဆုတ်ခွာလိုက်ရပါသည်။

ဤအခိုက်၌ သူ့လက်ထဲမှ တုတ်ရှည်သည် ပြင်းထန်စွာ တုန်ခါနေရှာသည်။ သူ့လက် နာကျင်နေတာကြောင့် တုတ်ရှည်လည်း လွတ်ကျလုနီးပါး ဖြစ်သွားလေ၏။

"မဖြစ်နိုင်ဘူး"

ဆယ်လှမ်းကျော် နောက်ဆုတ်ပြီးနောက်တွင်တော့ အနက်ရောင်ဝတ်ရုံနှင့် လူသည် မိမိကိုယ်ကို ပြန်လည် ထိန်းချုပ်လိုက်နိုင်သော်လည်း လုချင်းကို ကြည့်သော သူ့အကြည့်များတွင်တော့ မယုံကြည်နိုင်မှုများဖြင့်သာ ပြည့်နှက်နေတော့သည်။

All Chapters