← Chapters

အခန်း (၄၂၂)

Vol. 29 Ch. 422

အခန်း (၄၂၂)

Vol. 29 Ch. 422

အခုလေးတင် အဆုံးမခံလိုက်ရသော တမောက်သည် အပြစ်ကင်းစင်စွာဖြင့် ခေါင်းကိုကုတ်ရင်း လီရှို့ကျီကို မျက်လုံးလေး ကလယ်ကလယ်ဖြင့် လှမ်းကြည့်နေသည်။

သူက ပြန်လည်ချေပချင်ပုံရသော်လည်း လီရှို့ကျီ၏ အဆိပ်ပြင်းသော နှုတ်သီးကို သတိရသွားသည့်အခါ အနည်းငယ် ကြောက်လန့်သွားသည်။

"ထားလိုက်ပါတော့လေ..."

တမောက် နောက်ဆုံးတွင် အသိဝင်သွားသည်ကို မြင်သောအခါ လီရှို့ကျီသည် အလွန်ကျေနပ်သွားသည်။ သူသည် အရက်ခွက်ကို ချလိုက်ပြီးနောက် တမောက်၏ ပုခုံးကို ပုတ်ကာ ညီအစ်ကိုကောင်းတစ်ယောက်လို နှစ်သိမ့်ပေးလိုက်သည်။

"စိတ်မကောင်းမဖြစ်ပါနဲ့။ မင်းအတွက် အခွင့်အရေးရှိပါသေးတယ်။ ပြန်သွားရင် ရေချိုး၊ မုတ်ဆိတ်ရိတ်လိုက်စမ်းပါ။ မင်းကိုလည်း ရုပ်ချောတဲ့ အမျိုးသားတစ်ယောက်လို့ သတ်မှတ်လို့ ရနိုင်ပါသေးတယ်။"

တမောက် ဝမ်းမသာရသေးမီမှာပင် နောက်ထပ်ထွက်လာသည့် စကားလုံးများက သူ့ကို နာကျင်စေခဲ့ပြန်သည်။

"ဒါနဲ့၊ မင်းရဲ့ ရုပ်က တကယ်တမ်း ဘယ်လိုပုံစံလဲ? ငါ မင်းမျက်နှာကို မမြင်ရတာ နှစ်တော်တော်ကြာပြီဆိုတော့ မေ့တောင်မေ့ချင်နေပြီ။"

လီရှို့ကျီက ပြောပြီးနောက် သက်ပြင်းချလိုက်သည်။

"ထားလိုက်ပါတော့။ မင်းရုပ်က ဘယ်လိုပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ပိုအရေးကြီးတာက မင်းဟာ တမောက် ဖြစ်နေဖို့ပဲ!"

လီရှို့ကျီသည် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ဇဝေဇဝါဖြင့် မေးလိုက်သည် - "ဟင်? မင်းက တမောက်လား?"

"...ဟုတ်ကဲ့။"

တမောက်သည် လီရှို့ကျီ ပုတ်လိုက်သည့် ဒဏ်ကြောင့် ပုခုံးက နာနေသဖြင့် မျက်နှာနီမြန်းနေသော ထိုလူကို ဝေခွဲမရစွာ ကြည့်ပြီး "ခင်ဗျား မူးနေတာလား?" ဟု မေးလိုက်သည်။

"ပေါက်ကရ!"

လီရှို့ကျီက စားပွဲကို ရိုက်လိုက်ပြီး ယောင်ချာချာပုံစံဖြင့် ပြောသည်။

"ငါက ငါးကြော် စားနေတာလေ။ ဘယ်လိုလုပ် မူးမှာလဲ..."

"ဒါပေမဲ့ ခင်ဗျားက..."

တမောက် စကားမဆုံးခင်မှာပင် တစ်ဖက်လူ၏ ခေါင်းက စားပွဲပေါ်သို့ ဘုန်းခနဲ ကျသွားတော့သည်။

"ဘယ်သူလဲ၊ ဘယ်သူ ငါ့ကို ရိုက်တာလဲ!"

လီရှို့ကျီသည် တစ်စုံတစ်ယောက်က သူ့ကို တိုက်ခိုက်နေသည်ဟု ထင်မှတ်ကာ ချက်ချင်း ထရပ်ပြီး မရှိသောလူကို ရန်လုပ်နေတော့သည်။

ကံကောင်းထောက်မစွာဖြင့် တမောက်က သူ့ကို အချိန်မီ တားလိုက်နိုင်သောကြောင့်သာ ဖြစ်သည်။ သို့မဟုတ်ပါက ယနေ့ညပြီးနောက် လီရှို့ကျီသည် နန်းတွင်းညီလာခံ၏ ရယ်စရာတစ်ခု ဖြစ်သွားပေလိမ့်မည်။

လီရှို့ကျီသည် တစ်ယောက်တည်း တတွတ်တွတ် ရေရွတ်နေသည်။ သူ ပြဿနာရှာတော့မည့် အချိန်မှာပင် ကျန်းတန်းဟယ်၏ နောက်ထပ်ထွက်လာသော စကားတစ်ခွန်းက သူ့ကျောရိုးကို စိမ့်သွားစေသည်။ ထိုအခိုက်အတန့်တွင် သူသည် အရက်ကို ပိုမသောက်ခဲ့မိသည်ကို နောင်တရသွားသည်။ အရက်နာကျပြီး သတိလစ်သွားခဲ့လျှင် ပိုကောင်းပေလိမ့်မည်။

ထိုသို့ဆိုလျှင် ဤကဲ့သို့ သေမတတ် တိတ်ဆိတ်မှုကို ကြုံတွေ့နေရမည် မဟုတ်ပေ။

ကျန်းတန်းဟယ်သည် ပွဲတော်တွင် ကြာကြာနေလေ ပို၍ ပျင်းရိလာလေ ဖြစ်သည်။ သူ အိမ်ပြန်ချင်သော်လည်း အိမ်မှာ တစ်ယောက်တည်း နေရသည်မှာလည်း ပျင်းစရာကောင်းနေပြန်သည်။

သူ ရှောင်းကောထံသို့ စာအစောင်စောင် ပေးပို့ခဲ့သော်လည်း တစ်စောင်မှ အကြောင်းပြန်စာ မရောက်လာဘဲ လေထဲသို့ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။

တစ်ဖက်လူက သူ့ထံ ရေးခဲ့ဖူးသော စာဟောင်းလေးကိုမူ သူ အကြိမ်ကြိမ် အဖန်ဖန် ဖတ်လွန်းသဖြင့် စာရွက်လေးမှာ ကြေမွနေပြီ ဖြစ်သည်။

ဤကာလအတောအတွင်း ရှောင်းကောက သူ့ထံသို့ စာတစ်စောင်မှ ပြန်မရေးခဲ့ခြင်းက သူ့ကို အလွန်ဝမ်းနည်းစေသည်။

ပိုက်ဆံရှာတာက ငါ့ထက် ပိုအရေးကြီးနေတာလား?

စိတ်ဆိုးမာန်ဆိုး ဖြစ်နေသော ကျန်းတန်းဟယ်သည် အရက်ရှိန်ကြောင့် စိတ်ခံစားမှုများ ပြင်းထန်လာပြီး ဝမ်းနည်းလာတော့သည်။ ဝေဝါးနေသော သူ၏ မျက်လုံးများထဲတွင် မျက်ရည်စများ ဝဲနေပုံရသည်။

သူ့မျက်စောင်းထိုးတွင် ထိုင်နေသော ဝန်ကြီးသည် တစ်ဖက်မှ အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွားသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ သူ သေသေချာချာ ကြည့်လိုက်သောအခါ ထူးခြားမှု ဘာမှမတွေ့သဖြင့် စိတ်ထဲမထားတော့ဘဲ လှပသော ကခုန်မှုများကိုသာ ဆက်လက် ခံစားနေလိုက်သည်။

သို့သော် နောက်တစ်ခဏတွင် သူ၏ မျက်စိထဲသို့ နောက်ထပ် အလင်းရောင်တစ်ခု ဖျတ်ခနဲ ဝင်လာပြန်သည်။

ဤတစ်ကြိမ်တွင်မူ ထိုအလင်းရောင်သည် စစ်သူကြီး၏ တောက်ပနေသော မျက်လုံးများမှ လာခြင်းဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ဤအချက်ကို သဘောပေါက်သွားသည့်အခါ စစ်သူကြီးအပေါ် အလွန်အမင်း ရိုသေလေးစားမှုများ ချက်ချင်း ဖြစ်ပေါ်လာပြီး သူ၏ စိတ်ထဲတွင် ကြည်ညိုသပ္ပာယ်မှုများ ပြည့်လျှံသွားတော့သည်။

စစ်သူကြီးက ဖြောင့်မတ်ရဲရင့်ရုံတင်မကဘဲ တစ်ကိုယ်ရေအချိန်မှာတောင် အရမ်းကို ကြံ့ခိုင်တာပဲ။ ဒီလို ပေါ့ပေါ့ပါးပါး အခြေအနေမျိုးမှာတောင် သူက အမြဲတမ်း တည်တည်ငြိမ်ငြိမ် ရှိနေနိုင်တာပဲ။ ဤအချက်က သူ့ကို စစ်သူကြီးအား ပို၍ပင် အထင်ကြီးစေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် မိမိကိုယ်မိမိလည်း ရှက်မိသွားသည်။

မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ပြီးနောက် ထိုဝန်ကြီးသည် အရက်ခွက်ကို မြှောက်ကာ ကျန်းတန်းဟယ်ကို ဂုဏ်ပြုလိုက်သည်။

ကျန်းတန်းဟယ်သည် အတွေးများမှ ရုန်းထွက်လိုက်ပြီး ယောင်ချာချာဖြင့် အရက်ခွက်ကို မြှောက်ကာ ပြန်လည် ဂုဏ်ပြုလိုက်သည်။

အရက်ကို သောက်ပြီးနောက် သူသည် ရုတ်တရက် ခေါင်းနည်းနည်း မူးသွားသည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားကာ မူးနေသော လီရှို့ကျီဘက်သို့ လှည့်၍ မေးလိုက်သည် - "ငါ့စာတွေကို အကုန် ပို့လိုက်ရဲ့လား?"

"..."

လီရှို့ကျီသည် သူ၏ ဂုတ်သားတွင် အေးစိမ့်သွားသလို ခံစားလိုက်ရပြီး သတိချက်ချင်း ပြန်ဝင်လာသည်။ ၎င်းနောက်တွင် သူသည် တောင့်တောင့်ကြီး လှည့်ကာ တမောက်ကို အသံတိုးတိုးဖြင့် မေးလိုက်သည်။

"မင်း စာတွေ ပို့လိုက်လား?"

သူ့အသံက တိုးလွန်းသဖြင့် တာမောက်ပင် မကြားရပေ။ တမောက်က ဘာပြောတာလဲဟု ထပ်ခါထပ်ခါ မေးနေရသည်။

လီရှို့ကျီမှာ အခြားရွေးချယ်စရာ မရှိတော့ပေ။ သူ့နောက်ကလူ ကြားသွားမည်ကို မလိုလားသဖြင့် သူသည် မေးခွန်းကို အသံတိုးတိုးဖြင့်သာ ထပ်ခါတလဲလဲ မေးနေရသည်။

ကံကောင်းထောက်မစွာဖြင့် တမောက် နောက်ဆုံးတွင် ကြားသွားခဲ့သည်။

လီရှို့ကျီက သက်ပြင်းချကာ မိမိ၏ ကံကောင်းမှုကို အံ့သြမဆုံး ဖြစ်နေစဉ်မှာပင် တမောက်သည် ရုတ်တရက် ခေါင်းကို လှည့်၍ သူ၏ လက်အောက်ငယ်သား တစ်ယောက်ကို ကြည့်လိုက်သည်။

ချွေးသုတ်နေသော ထိုလူ၏ လက်မှာ လေထဲတွင် ရပ်တန့်သွားသည်။ အကြောင်းရင်း မသိရဘဲ သူသည် မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။

တမောက်သည် အသံကို မထိန်းတော့ဘဲ သူ၏ လက်အောက်ငယ်သားကို အသံကျယ်ကြီးဖြင့် မေးလိုက်သည်။ "မင်း စာတွေ ပို့လိုက်ရဲ့လား?"

ထိုလက်အောက်ငယ်သားသည် ယခုအခါ လီရှို့ကျီကဲ့သို့သော မျက်နှာပေးမျိုး ဖြစ်သွားပြီး သူ၏ လက်အောက်ငယ်သားဘက်သို့ အသည်းအသန် လှည့်ကာ မေးသည်။

"မင်း စာတွေ ပို့လိုက်ရဲ့လား?"

ကြောက်ရွံ့တုန်လှုပ်နေသော ထိုမျက်နှာပေးမျိုးသည် နောက်ထပ် လူတစ်ယောက်ထံသို့ ကူးစက်သွားပြန်သည်။

ဤသို့ဖြင့် ထိုမေးခွန်းသည် တစ်ယောက်ပြီးတစ်ယောက် ကူးစက်သွားတော့သည်။

ထိုအတန်းရှိ နောက်ဆုံး စစ်ဘက်အရာရှိထံသို့ ရောက်သည်အထိပင်။ အခြားစစ်ဘက်အရာရှိများ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ထိုဝန်ကြီးသည် လက်လှမ်းကာ အပြင်က အစေခံများကို ခေါ်လိုက်ရသည်။

ထိုအချိန်တွင် ဝန်ကြီးအားလုံး တစ်ခုတည်းကိုသာ သဘောပေါက်သွားကြသည်။ သူတို့အားလုံးတော့ အသတ်ခံရတော့မည်...

ကျန်းတန်းဟယ်သည် ခေါင်းကိုငုံ့ကာ လှောင်ပြုံး ပြုံးလိုက်သည်။

"ဟွန်း..."

"ကျွန်တော် ရှင်းပြနိုင်ပါတယ်..."

ကျန်းတန်းဟယ်၏ အမူအရာကို မြင်သောအခါ လီရှို့ကျီသည် သူ၏ တူကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ ထိုအချိန်တွင် သူသည် မိမိ၏ အထက်လူကြီးကို ဖားရန် ကြိုးစားရင်း အမှားအယွင်း ဖြစ်သွားခဲ့သည့် ကိစ္စအတွက် မိမိကိုယ်မိမိ အပြစ်မှ ကင်းလွတ်အောင် နည်းလမ်းရှာနေတော့သည်။

လီရှို့ကျီ၏ နောက်က ဝန်ကြီးများသည်လည်း သူတို့၏ စိတ်ထဲတွင် ဆင်ခြေဆင်လက်များကို အသီးသီး စဉ်းစားနေကြသည်။

အထက်လူကြီးကို ဖားရန် ကြိုးစားရင်း ဖြစ်သွားသည့် ဒီပြဿနာကို သူတို့ ဘယ်လို ရှင်းပြကြမလဲ?

"ဒီအလုပ်ကို လုပ်ပါ့မယ်လို့ အတင်းအကျပ် တောင်းဆိုခဲ့တဲ့သူက ဘယ်သူလဲ? ဒီကိစ္စကို တစ်ခြားတစ်ယောက်ကို လွှဲထားလို့ ရပါတယ်လို့ ပြောခဲ့တာ ဘယ်သူလဲ?"

ကျန်းတန်းဟယ်က ရက်စက်သော အပြုံးဖြင့် ပြုံးလိုက်သည်။ ခန်းမထဲတွင် မီးသွေးများဖြင့် နွေးထွေးနေသော်လည်း လီရှို့ကျီမှာမူ ထိုအချိန်တွင် အေးခဲနေတော့သည်...

ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးဝန်ကြီး ခေါ်လိုက်သော အစေခံထံမှ အကြောင်းပြန်စာ နောက်ဆုံးတွင် ရောက်လာခဲ့သည်။

လီရှို့ကျီသည် တံတွေးကို အသာအယာ မျိုချလိုက်သည်။ ထိုအချိန်တွင် သူ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ အပြစ်ပုံချရမည့်သူတစ်ယောက် ရှာရမည်!

ထို့ကြောင့် သူသည် အမြန်လှည့်ကာ ဇဝေဇဝါ ဖြစ်နေသော တမောက်ကို ကြည့်ပြီး အပြစ်တင်သော လေသံဖြင့် ပြောလိုက်သည်။

"ဒီကိစ္စကို အဆင်ပြေပြေ ပြီးသွားစေရမယ်လို့ ကျိန်ဆိုခဲ့တဲ့သူက ဘယ်သူလဲ?!"

"ကျွန်တော် မပြောပါဘူး။ အဲဒါ ခင်ဗျား ပြောတာလေ။ ခင်ဗျားက ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို ပြသဖို့ အခွင့်အရေး ပေးနေတာလို့ ပြောခဲ့တာ"

တမောက်သည် ကျန်းတန်းဟယ်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ ထိုအချိန်တွင် ဆင်ခြေပေးနေခြင်းသည် အကောင်းဆုံး နည်းလမ်းမဟုတ်မှန်း သူ ခံစားလိုက်ရသည်။ ကြောက်ရွံ့မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ ထိုသို့ဆိုလျှင် အနည်းဆုံးတော့ သူ မြန်မြန်ဆန်ဆန် သေရပေလိမ့်မည်။

"မင်း၊ မင်း၊ မင်း၊ မင်း၊ မင်း..."

တမောက်၏ ချက်ချင်း သစ္စာဖောက်ခြင်းကို ခံလိုက်ရသဖြင့် လီရှို့ကျီမှာ စိတ်လှုပ်ရှားလွန်း၍ စကားပင် ထစ်ကုန်တော့သည်။

တမောက်သည်လည်း လီရှို့ကျီကို ကြောက်သော်လည်း ကျန်းတန်းဟယ်ကို ပို၍ ကြောက်သည်။ ထို့ကြောင့် သူ သေရမည်ဆိုလျှင် အနည်းဆုံးတော့ လက်ထောက်စစ်သူကြီးက သူ့အရင် အသေခံရပေလိမ့်မည်။

ထင်သည့်အတိုင်းပင်၊ ထိုစကားကို ကြားပြီးနောက် ကျန်းတန်းဟယ်၏ အမူအရာမှာ ပို၍ပင် အေးစက်သွားသည်။ သူသည် တိုးတိုးလေးပင် ရယ်မောလာတော့သည်။ သူ နောက်ဆုံးအကြိမ် ဤသို့ ရယ်မောခဲ့တုန်းက ဘာဖြစ်ခဲ့သလဲ?

ဪ ဟုတ်သားပဲ! သူတို့ရဲ့ ရန်သူ အုပ်စုကြီး တစ်ခုလုံး အသတ်ခံခဲ့ရတာပဲ...

ထိုအချိန်တွင် ကျန်းတန်းဟယ်၏ အသက်ရှူသံ တိုင်းမှာ ထိုလူများ၏ လည်ပင်းကို ညှစ်ထားသကဲ့သို့ ခံစားရစေပြီး သူတို့မှာ ပိတ်မိနေသလို ခံစားနေရကာ သေရမှာကိုပင် တောင့်တနေကြတော့သည်။ သို့သော် သူတို့၏ အထက်လူကြီးများက ဒေါသအရှိန်ကို တောင့်ခံပေးနိုင်ပါစေဟုလည်း ဆုတောင်းနေကြသည်။ ထိုသို့ဆိုလျှင် သူတို့ အနည်းငယ် ပို၍ အသက်ရှင်ခွင့် ရနိုင်ပေလိမ့်မည်။

လီရှို့ကျီသည် အတော်ကြာ စကားထစ်နေပြီးမှ နောက်ဆုံးတွင် အားကိုးရာမဲ့သော စကားတစ်ခွန်းကို ပြောလိုက်သည်။

"မင်း ငါ့ကို မဟုတ်မတရား စွပ်စွဲနေတာပဲ! မင်း ငါ့ကို မဟုတ်မတရား စွပ်စွဲနေတာ!"

သူပြောရင်းနှင့် ကျန်းတန်းဟယ်ကို ကြည့်ကာ ဝမ်းနည်းသော အမူအရာဖြင့် ကရုဏာသက်အောင် ကြိုးစားသည်။

"သူ ကျွန်တော့်ကို မဟုတ်မတရား စွပ်စွဲနေတာပါ..."

ထိုအချိန်တွင် ခန်းမအတွင်းရှိ ဂီတသည် စိတ်လှုပ်ရှားဖွယ် ရစ်သမ်တစ်ခုသို့ ပြောင်းလဲသွားသည်။ စာရင်းဟောင်းတွေ ရှင်းဖို့အတွက် အကောင်းဆုံး အချိန် မဟုတ်ပါလား?

ကျန်းတန်းဟယ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။ ထို့နောက် ဗုံသံနှင့်အတူ လီရှို့ကျီ၏ ကော်လာကို ဆွဲလိုက်သည်။ လီရှို့ကျီကလည်း တမောက်၏ ကော်လာကို ချက်ချင်း လှမ်းဆွဲလိုက်ပြီး တမောက်ကလည်း သူ၏ ညာဘက်ကလူကို သတိမထားမိဘဲ လှမ်းဆွဲလိုက်ပြန်သည်။ ဤသို့ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဆွဲကြရင်း ထိုတုံ့ပြန်မှုသည် ရုတ်တရက် ရပ်တန့်သွားသည်။

အသက်ဘေးမှ လွတ်မြောက်သွားသော ပုံစံမျိုးဖြင့် ဝန်ကြီးများသည် သတင်းကို တမောက်ထံသို့ အသည်းအသန် ပေးပို့လိုက်ကြသည်။

တမောက်သည် မျက်လုံးများ ပြူးသွားကာ လီရှို့ကျီကို ကျော်ပြီး သူ အခုလေးတင် ရရှိသော သတင်းကို ကျန်းတန်းဟယ်ထံသို့ တိုက်ရိုက် ပေးပို့လိုက်သည်။

"စာတွေ ပို့လိုက်ပြီ။ စာတွေ ပို့လိုက်ပြီ..."

ကျန်းတန်းဟယ်သည် ထိုစကားကို ကြားသောအခါ လီရှို့ကျီ၏ ကော်လာကို လွှတ်ပေးလိုက်သည်။ သို့သော် သူ၏ လက်မောင်းကို ပြန်ရုပ်သိမ်းစဉ်မှာပင် လီရှို့ကျီကို တောင်ဝှေးဖြင့် တိုက်မိသလို တံတောင်နှင့် အမှတ်တမဲ့ တိုက်မိသွားသည်။ ထိုတိုက်မိမှုက တမင်သက်သက်လား၊ မဟုတ်ဘူးလားဆိုတာတော့ မရှင်းလင်းပေ။

လီရှို့ကျီမှာ အလွန်နာကျင်သွားသဖြင့် ခုန်တက်မတတ် ဖြစ်သွားသည်။ နောက်ဆုံးတွင် 'စာနာတတ်သော' တမောက်ကသာ သူ့ကို ထိန်းပေးထားလိုက်သည်။

လီရှို့ကျီက သူ၏ လက်အောက်ငယ်သားကောင်းကို ကြည့်ကာ ပြုံးပြလိုက်သည်။

"မဆိုးဘူး၊ မဆိုးဘူး။ မင်းရဲ့ အသက်ရှင်သန်ချင်စိတ်က တော်တော်လေး ပြင်းထန်တာပဲ..."

"ဟီးဟီး။"

တမောက်သည် ရိုးအသူဖြစ်သဖြင့် ထိုရွဲ့ပြောသော စကားကို ချီးကျူးစကားဟု နားလည်မှုလွဲသွားသည်။ သူသည် ခေါင်းကို ကုတ်ကာ နှိမ့်ချစွာဖြင့် ပြောလိုက်သည်။

"မဟုတ်ပါဘူး... ကျွန်တော်က လက်ထောက်စစ်သူကြီးလောက် မတော်ပါဘူး!"

All Chapters