အခန်း (၄၂၆)
Vol. 29 Ch. 426
ရှောင်းကော စိတ်ကို တည်ငြိမ်အောင်ထားပြီး အမျိုးသမီးယန်နားသို့ တိုးသွားလိုက်သည်။
"အစ်မ၊ စိတ်ကို လျှော့ထားနော်။"
အမျိုးသမီးယန်က မျက်လုံးဖွင့်ကြည့်လိုက်သည်။ ရှောင်းကော ဖြစ်နေသည်ကို မြင်သောအခါ သူမ ချက်ချင်းပင် အားတင်း၍ ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားသည်။
"ဒီ... ဒီကလေးစုတ်လေးက တကယ် စိတ်လောနေတာပဲ။ အစောကြီး ထွက်လာချင်နေပြီ။"
သူမ နောက်ပြောင်နိုင်သေးသည်ကို မြင်ရသဖြင့် ရှောင်းကော အနည်းငယ် စိတ်သက်သာရာရသွားသည်။
"ယွီလင်း၊ အရင်ဆုံး ရေနွေးတစ်အိုး သွားတည်လိုက်ဦး။"
ရှောင်းကောသည် ယွီလင်းကို စိတ်ဒဏ်ရာရစေမည့် မြင်ကွင်းများ မမြင်စေချင်သဖြင့် သူမကို အပြင်သို့ လွှတ်လိုက်ခြင်း ဖြစ်သည်။ ယွီလင်းက ခေါင်းညိတ်ပြီး အပြင်သို့ ထွက်သွားသည်။
"အစ်မ ဘယ်လို ခံစားရလဲ?"
သားအိမ်ဝ ပွင့်မှသာ ကလေးမွေးနိုင်မည်ကို ရှောင်းကော ကြားဖူးသော်လည်း၊ မည်သို့ စစ်ဆေးရမည်ကို သူမ မသိပေ။ ထို့ကြောင့် ယန်အမျိုးသမီးကိုသာ မေးမြန်းရတော့သည်။
"အဆင်ပြေပါတယ်။ အခုကတော့ နာနေတာပဲ ရှိသေးတယ်။ ကလေးထွက်လာဖို့က အချိန်လိုဦးမှာပါ။"
ယန်အမျိုးသမီးမှာ နာကျင်နေသော်လည်း ရှောင်းကောကို အားတင်းကာ စကားပြန်ပြောနေရှာသည်။ ရှောင်းကောက ခေါင်းညိတ်လိုက်သည်။ ကံကောင်းသည်မှာ ပြင်ဆင်ရန် အချိန်ရသေးသလို ယန်အမျိုးသမီးမှာလည်း စိတ်ဓာတ်ကြံ့ခိုင်နေဆဲ ဖြစ်သည်။
"အစ်မ၊ အဆင်သင့်ဖြစ်အောင် စောင်လေး ခြုံပေးထားမယ်နော်။"
"ကောင်းပြီ... အား!!"
ယန်အမျိုးသမီး ပါးစပ်ဟရုံရှိသေး၊ ဗိုက်က ပြန်လည် နာကျင်လာပြန်သည်။ ရှောင်းကောက သူမကို စိတ်အေးအေးထားရန် အမြန်ပြောရသည်။ ရှေ့တွင် တကယ့်တိုက်ပွဲကြီး ရှိနေသေးသဖြင့် ယခုအချိန်တွင် အားကို လျှော့သုံးထားရမည် မဟုတ်ပါလား။
အမျိုးသမီးယန်မှာ အတွေ့အကြုံရှိပြီးသူ ဖြစ်သဖြင့် ရှောင်းကော၏ စကားမှာ မှန်ကန်ကြောင်း သိကာ နာကျင်မှုကို အသာတကြည် အောင့်ခံလိုက်သည်။
နာကျင်မှုတစ်လှိုင်း ဖြတ်ကျော်သွားချိန်တွင် ရှောင်းကော မနှောင့်နှေးရဲတော့ပေ။ ယန်အမျိုးသမီး၏ အောက်ပိုင်းကို စောင်ဖြင့် အမြန်ဖုံးပေးလိုက်ပြီး၊ စိုရွှဲနေသော ဘောင်းဘီကို အောက်ကနေ နှိုက်၍ ချွတ်ပေးလိုက်သည်။
အောက်ပိုင်းတွင် အေးစက်သော လေကို ခံစားလိုက်ရသဖြင့် ယန်အမျိုးသမီးမှာ ရှောင်းကောကို ရှက်ကိုးရှက်ကန်း ကြည့်လိုက်မိသော်လည်း၊ အလုပ်ရှုပ်နေသော ရှောင်းကောကမူ သတိမထားမိပေ။
တကယ်တော့ ယန်အမျိုးသမီးအတွက် ဤသည်မှာ တတိယအကြိမ်မြောက် မွေးဖွားခြင်း ဖြစ်သော်လည်း ဤမျှ ရှက်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ထို့အပြင် သူတို့က နေ့တိုင်း တွဲနေကျ သူငယ်ချင်းများ မဟုတ်ပါလား။ ရှောင်းကော၏ ရင်ထဲတွင်လည်း ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသည်။
ယန်အမျိုးသမီးမှာ နာကျင်မှုနှင့် ရှက်ရွံ့မှုတို့ကြားတွင် ခေါင်းကို ဖြည်းဖြည်းချင်း ပြန်ချလိုက်သည်။ ဤခံစားချက်မှာ သူမအတွက် အကြာကြီး စွဲကျန်နေတော့မည် ဖြစ်သည်။ ရှောင်းကောကတော့ စကားပြောရန် အချိန်မရှိပေ။ သူမသည် ယန်အမျိုးသမီး၏ ခြေထောက်တစ်ဖက်စီ ဘေးတွင် စောင်များကို သေသေချာချာ ခုပေးလိုက်သည်။
"အစ်မမ၊ ခြေထောက်ကို စောင်တွေပေါ် တင်ကြည့်ဦး။ အမြင့်က အဆင်ပြေရဲ့လား?"
ယန်အမျိုးသမီးမှာ ဝေဝေဝါးဝါးဖြင့် ရှောင်းကော ခိုင်းသမျှ လုပ်နေရှာသည်။ ယခုအချိန်တွင် သူမမှာ မျက်စိလည် လမ်းမှားနေသလို ခံစားရပြီး ရှောင်းကော၏ အသံတစ်ခုတည်းကိုသာ နားထဲ စွဲနေတော့သည်။ ခြေထောက်များကို ဘေးသို့ ကားလိုက်ပြီးနောက် အမြင့်မှာ အဆင်ပြေကြောင်း ခေါင်းညိတ်ပြသည်။
ယန်အမျိုးသမီးကြီးနှင့် အဖွားဝမ်တို့မှာ အကြာကြီး စောင့်နေသော်လည်း ရောက်မလာကြသေးပေ။ ရှောင်းကောမှာ အလွန်စိုးရိမ်သဖြင့် အခန်းထဲတွင် ပတ်ချာလည် လမ်းလျှောက်နေမိရာ ယန်အမျိုးသမီးမှာ ကြည့်ရင်းနှင့်ပင် ခေါင်းမူးလာရသည်။
အားလုံး ပြင်ဆင်ပြီးပြီ ဖြစ်သော်လည်း လက်သည်က ရောက်မလာသေးပေ။ တကယ်ကို ရင်တထိတ်ထိတ် ဖြစ်ရပါသည်!
"ရှောင်းကော..."
"အစ်မမ၊ ကျွန်မ ဒီမှာ ရှိပါတယ်။ မကြောက်နဲ့နော်။ စိတ်ကို လျှော့ထားပြီး တည်တည်ငြိမ်ငြိမ် နေပါ!"
ရှောင်းကောကိုယ်တိုင်လည်း အလွန်စိတ်လှုပ်ရှားနေပြီး လက်များမှာ ထိန်းမနိုင်အောင် တုန်ယင်နေသည်။ ယန်အမျိုးသမီး ခေါ်သံကြားမှ သူမကို အမြန် ပြန်အားပေးလိုက်ရသည်။
ယန်အမျိုးသမီးက အားနည်းစွာ သက်ပြင်းချလိုက်သည်။ မျက်နှာဖြူလျော့နေသော ရှောင်းကောကို ကြည့်ကာ သူမ ပါးစပ်ကို အကြိမ်ကြိမ် ဟလိုက်သော်လည်း အသံထွက်မလာပေ။ သူမ ရှောင်းကောကို ပြောချင်နေသည့် စကားမှာ "မင်းပဲ စိတ်အေးအေးထားပါ" ဆိုသည်မှာ ထင်ရှားလှသည်။
သူမ၏ နှုတ်ခမ်းများ ခြောက်ကပ်နေသည်ကို မြင်သောအခါ ရှောင်းကောက ဘေးက ရေနွေးနွေးကို ဂွမ်းစဖြင့် တို့ယူကာ နှုတ်ခမ်းများကို စိုစွတ်ပေးလိုက်သည်။
ယန်အမျိုးသမီးက ကျေးဇူးတင်စကား ပြောချင်သော်လည်း နာကျင်မှုက ထပ်မံ ရောက်ရှိလာပြန်သည်။ ယခုတစ်ခေါက်မှာ အလွန်ပြင်းထန်ပုံရသည်။ သူမ၏ လည်ပင်းက အကြောများမှာ ဖောင်းတက်နေသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၊ အသက်ကို အောင့်ထားပြီး အောက်နှုတ်ခမ်းကို နာနာကိုက်ကာ သူမ၏ အားရှိသမျှ အောက်သို့ ညှစ်ချလိုက်လေသည်။ တစ်ကိုယ်လုံးမှာလည်း တုန်ယင်ကာ ချွေးများဖြင့် ရွှဲနစ်နေတော့သည်။
ရှောင်းကောမှာ ၎င်းကို မြင်ရသောအခါ ခြေထောက်နှင့် ဗိုက်များပါ တုန်လာရသည်။
"မဖြစ်သေးဘူး၊ မဖြစ်သေးဘူး!!"
သူမ ကြောင်နေစဉ်မှာပင် ယန်အမျိုးသမီးက ရုတ်တရက် အော်လိုက်သည်။"ရှောင်းကော၊ မြန်မြန်!"
ဤအဆင့်တွင် သူမ အားလုံးကို နားလည်သွားပြီ ဖြစ်သည်။ ယန်အမျိုးသမီး ကလေးမွေးနေပြီ!!
သူမ အလိုအလျောက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ယွီလင်းနှင့် ရှောင်ကျူးတို့၏ စိုးရိမ်နေသော မျက်နှာများ၊ ရှောင်းဟွာနှင့် ရှောင်းဟူတို့၏ ကြောက်လန့်ငိုကြွေးသံများမှအပ ဘာမှ ထူးခြားမလာပေ။ လက်သည် အဖွားဝမ် ရောက်မလာသေးပေ။ သူမ ဘာလုပ်ရမလဲ? ဘာလုပ်ရမလဲ?
"အိုး! ရှောင်းကော! မြန်မြန်! အား!"
ယန်အမျိုးသမီး ထပ်မံ အော်ဟစ်လိုက်ပြန်သည်။ ကလေးထွက်လာသည်ကို သူမ ခံစားနေရပြီ ဖြစ်သည်။ ရှောင်းကောသည် ခုတင်ပေါ်တွင် နာကျင်စွာ လူးလိမ့်နေသော အမျိုးသမီးကို ကြည့်လိုက်၊ အပြင်က လမ်းမကို ကြည့်လိုက်နှင့် နောက်ဆုံးတွင် ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။
"ကျွန်မ ရှိတယ်!"
အချိန်က လူကို မစောင့်ပေ။ ယခုအချိန်တွင် ကြောက်နေ၍ မရတော့။ နှောင့်နှေးနေ၍လည်း မရ။ သူမ အစွမ်းကုန် ကြိုးစားရတော့မည်!
ရှောင်းကောသည် ခုတင်ခြေရင်းသို့ သွားကာ သတ္တိမွေး၍ စောင်ကို တစ်ခါတည်း လှန်လိုက်ပြီး ခေါင်းငုံ့ကြည့်လိုက်သည်။ ထိုမြင်ကွင်းကို သူမ တစ်သက်လုံး မေ့နိုင်မည် မဟုတ်ကြောင်း ကျိန်ဆိုရဲသည်။ သူမ သေသွားလို့ ငရဲပြည်ရောက်ရင်တောင် မုန့်ပိုရဲ့ မေ့ဆေးရည်ကို အများကြီး သောက်ရပေလိမ့်မည်။
ရှောင်းကောသည် တုန်ယင်နေသော ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ မူးဝေလာသည်ကို အတင်းအောင့်ထားလိုက်သည်။
"တကယ် ထွက်လာပြီ။ အို... ဘုရားရေ..."
"အစ်မ၊ ကျွန်မ ရှိတယ်!"
"ညှစ်ပါဦး!"
ယန်အမျိုးသမီးမှာ ဝေဝေဝါးဝါး ဖြစ်နေသော်လည်း ရှောင်းကောမှာ အတွေ့အကြုံ မရှိသေးသူ ဖြစ်သည်ကို ထည့်တွက်ကာ၊ သူမ သိသမျှကို အားတင်း၍ လမ်းညွှန်ပေးရှာသည်။ သို့သော် ရှောင်းကောမှာတော့ သူမ ပြောသမျှကို တစ်လုံးမှ နားမလည်တော့ပေ။
"ရှောင်းကော... အင်း... အား... ကပ်ကြေး... အား!!"
ယန်အမျိုးသမီး ပြောသည်ကို အားမကိုးနိုင်တော့သဖြင့် ရှောင်းကောသည် အသက်ပြင်းပြင်းရှူကာ စောင်အောက်သို့ နှိုက်၍ ကလေးထွက်လာမည့် နေရာကို တည့်တည့်ကြည့်လိုက်သည်။
"အစ်မ၊ တစ်၊ နှစ်၊ သုံး။ ညှစ်! ကောင်းပြီ! အသက်ပြင်းပြင်းရှူ။ တစ်၊ နှစ်၊ သုံး၊ ညှစ်!"
ယန်အမျိုးသမီးမှာ ရှောင်းကော၏ စကားအတိုင်း အသက်ရှူခြင်းကို ချိန်ညှိလိုက်သည်။ ရှောင်းကောသည်လည်း အစပိုင်းတွင် ပျာယာခတ်နေသော်လည်း ခဏအကြာတွင် တည်ငြိမ်လာပြီး ယန်အမျိုးသမီး ညှစ်သည့် အရှိန်နှင့်အညီ ကလေးကို အသာအယာ ဖေးမပေးလိုက်သည်။
၎င်းမှာ အလယ်တန်းကျောင်းတုန်းက ဇီဝဗေဒ အတန်းတွင် ဆရာမ ပြခဲ့သော ဆေးရုံက ကလေးမွေးသည့် ဗီဒီယိုကြောင့်လည်း ပါသည်။ ထိုစဉ်က မြင်ခဲ့ရသော အဆင့်ဆင့်ကို သူမ ရုတ်တရက် ပြန်လည် သတိရလာခြင်း ဖြစ်သည်။
ယခုအချိန်တွင် တခြားနည်းလမ်း မရှိတော့ပေ။ မှတ်မိသမျှ အဆင့်အတိုင်းသာ ဆက်လုပ်ရတော့မည်။ ကံကောင်းသည်မှာ ယန်အမျိုးသမီး၏ ကျန်းမာရေးနှင့် အတွေ့အကြုံကြောင့် မွေးဖွားခြင်းမှာ ချောမွေ့လှသည်။
ခဏအကြာတွင် ရှောင်းကော၏ လက်ထဲ၌ လေးလံသော အထိအတွေ့ကို ခံစားလိုက်ရသည်။ သွေးများနှင့် မွေးကင်းစ အညစ်အကြေးများ ပေကျံနေသော ဖိုသီဖတ်သီ ကလေးလေးကို မြင်ရသောအခါ သူမ မျက်နှာ ဝင်းလက်သွားသည်။ သူမသည် ပြုတ်ပြီး၊ ပေါင်းပြီး၊ အရက်ပြန်ဖြင့် ဆေးထားသော ကပ်ကြေးကို ချက်ချင်း ယူကာ ချက်ကြိုးကို ဖြတ်လိုက်သည်။
ထွားထွားကြိုင်းကြိုင်း ကောင်လေးမှာ ရှောင်းကော၏ လက်ထဲသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ထိုကလေးလေးမှာ သူသည် မိခင်၏ ဝမ်းဗိုက်ထဲမှာ ရှိနေသေးသည်ဟု ထင်နေပုံရသည်။ ရှောင်းကောက ကလေး၏ ကျောကို လက်ဝါးဖြင့် အသာအယာ ပုတ်ပေးလိုက်သည်။ နာကျင်မှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရသော ကလေးငယ်မှာ သူသည် မိခင်ဝမ်းထဲမှာ မဟုတ်တော့ကြောင်း သိသွားကာ မျက်နှာလေး ရှုံ့မဲ့သွားပြီးနောက် တအားအော်ငိုလေတော့သည်။
ကလေးငိုသံကို ကြားရသောအခါ ယန်အမျိုးသမီးနှင့် ရှောင်းကောတို့ ချက်ချင်း စိတ်အေးသွားကြသည်။ အပြင်တွင် စိုးရိမ်တကြီး စောင့်နေကြသော လူများလည်း ဝမ်းသာသွားကြသည်။
"မမရှောင်းကော၊ အကူအညီ လိုလား?" ယွီလင်းက တံခါးဝကနေ လှမ်းမေးသည်။
ရှောင်းကောက မလိုကြောင်း ပြောရန် ပြင်စဉ်မှာပင် ယန်အမျိုးသမီးက ပြန်လည် ညှစ်လာပြန်သည်။
"ရှောင်းကော၊ နောက်တစ်ယောက် လာနေပြီ!"
"ဟုတ်တယ်၊ အကူအညီ လိုတယ်။ ယွီလင်း၊ မြန်မြန် ဝင်ခဲ့!"
ယွီလင်း တံခါးဖွင့်ဝင်လာသည်နှင့် သွေးနံ့နှင့် အခန်းထဲက အပူရှိန်က သူမကို ရိုက်ခတ်သွားသည်။ သူမသည် မတွန့်ဆုတ်ဘဲ ရှောင်းကော ဘေးသို့ လျှောက်သွားသည်။
"ယွီလင်း၊ ကလေးကို သုတ်ပေးလိုက်။ ပြီးရင် ချက်ကြိုးကို အရက်ပြန်နဲ့ ဆေးပြီး စောင်လေးနဲ့ ပတ်ထားပေး။ မြန်မြန်လုပ်နော်၊ ကလေး အအေးမိသွားမယ်။"
ယွီလင်းက ကလေးကို တစ်ဖက်သို့ သယ်သွားသည်။ ရှောင်းကောမှာ မရပ်နားရဲပေ။ သူမသည် ယန်အမျိုးသမီး ဘေးသို့ ပြန်သွားပြီး စောင်ကို လှန်ကြည့်လိုက်ရာ နောက်ထပ် ကလေးခေါင်းလေး တစ်ခု ထပ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
"အစ်မ၊ ဆက်လုပ်ပါဦး။ အသက်ပြင်းပြင်းရှူ။ တစ်၊ နှစ်၊ သုံး၊ ညှစ်! ကဲ... အသက်ပြင်းပြင်းရှူ။ တစ်၊ နှစ်၊ သုံး..."
ဤအချိန်တွင် ယန်အမျိုးသမီး၏ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနေပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေသည်။ နှုတ်ခမ်းများမှာ ကိုက်ထားလွန်းသဖြင့် ပေါက်ပြဲကုန်သည်။ အားစိုက်ညှစ်ထားလွန်းသဖြင့် မျက်နှာပေါ်တွင် သွေးကြောလေးများ ပေါက်ထွက်ကာ အနီကွက်လေးများပင် ဖြစ်နေသည်။
ရှောင်းကောမှာလည်း အခြေအနေ မထူးလှပေ။ သူမမှာ ရေထဲက ဆွဲတင်ထားသလို ချွေးများ ရွှဲနေသည်။ သူမသည် နောက်ဘာဖြစ်မည်ကိုပင် မတွေးရဲတော့ပေ။
ခဏအကြာတွင် ရှောင်းကောသည် ကလေးနှစ်ယောက်ကြားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသော ယန်အမျိုးသမီးကို ကြည့်ရင်း အကြာကြီး ငေးမောနေမိသည်။
လေထဲက သွေးနံ့များ တဖြည်းဖြည်း လျော့ပါးသွားချိန်၊ ဒုတိယကလေး မွေးပြီးပြီးချင်းမှာပင် အဖွားဝမ်နှင့် မေမေယန်တို့ ရောက်ရှိလာကြလေတော့သည်။
.....
မုန့်ပိုရဲ့ မေ့ဆေးရည် - တရုတ်ဒဏ္ဍာရီအရ လူသေပြီးနောက် နောင်ဘဝသို့ ကူးပြောင်းရာတွင် ယခင်ဘဝက အမှတ်ရစရာများကို မေ့ပျောက်စေရန် သောက်ရသော ဆေးရည် ဖြစ်သည်။