ဝမ်းသာနေသော ဟိန်းဟောက်သံ
Vol. 8 Ch. 766
" ဒီလီမျိုးနွယ်စုက ကောင်းတဲ့လူတွေမဟုတ်ဘူး။ လူတွေရဲ့မျက်ခုံးမွှေးပေါ် စြင်္ကံလျှောက်နေတဲ့ကောင်တွေ၊ ငွေတွေကို ဘယ်လိုသဲ့ယူရမလဲ သိတယ် "
အမှန်တကယ်တော့ ထိုအတေွးေကြာင့် ပိုင်ရှောင်ချန်းက လီမျိုးနွယ်စုအပေါ် ငွေညှစ်ရသည်မှာ မှန်ကန်သည်ဟု ယူဆလာသည်။ သူက ဖြောင့်မတ်တည်ကြည်ကာ မခံမရပ်နိုင်မှုများဖြင့် ဘေးတွင်ရပ်ကာ ကျိုးရီရှင်းက သက်တန့်စိတ်စွမ်းအင်ဆူးပန်း၏ အမြစ်အားတူးဖော်နေသည်ကို စောင့်ကြည့်နေလိုက်သည်။
သူက ပန်းပွင့်ကို ကြည့်လိုက်ရင်း ပြောသည်။
“ အဲဒီပန်းကို ဂရုစိုက်ကံ။ မထိခိုက်စေနဲ့။ အီးးး ပန်းကလေးတွေ စိုက်ရတာက ငါ့ဝါသနာဆိုပေမယ့် ဒီပန်းက ငါမှ မပိုင်တာလေ။ ဒီပန်းလေး ထိခိုက်အောင်လုပ်တဲ့ကောင်ကို ငါ လက်ပိုက်ကြည့်မနေနိုင်ဘူးနော် "
ကျိုးရီရှင်းမှာ အတော်လေး ရှက်နေလေပြီ။ ဤပန်းကို ကြည့်လိုက်သည့် မည်သူ့အတွက်မဆို သာမန်သာဖြစ်ကြောင်း သိသာလှသည်။ သူက အလုပ်လုပ်နေရင်း ပိုင်ရှောင်ချန်းမှာ တာဝန်မခံလို၍ ထိုပန်းကို သူ့စံအိမ်ထံ ယူသွားခိုင်းစေသည်မှာ သိသာလွန်းလှသဖြင့် တစ်ယောက်တည်း ပွစိပွစိရေရွတ်နေတော့သည်။
ကျိုးရီရှင်းက သက်တန့်စိတ်စွမ်းအင်ဆူးပန်းကို တူးယူပြီးနောက် ပိုင်ရှောင်ချန်းက မြေကြီးကို လက်ညှိုးထိုးပြီး မျက်လုံးများတလက်လက်တောက်ပနေလျက် ပြောသည်။
" ဒီနေရာနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်။ ရီရှင်းရေ... လုပ်ကွာ နက်နက်တူးကြည့်စမ်းပါ၊ ဘာတွေ့မလဲ ကြည့်ကြတာပေါ့"
သို့နှင့် ကျိုးရီရှင်းက မြေကြီးပေါ်သို့ ခြေကို ဆောင့်နင်းချလိုက်ရာ မြေမှုန်များ ပြိုကျသွားပြီး ဝှီးခနဲပျောက်သွားသည်တွင် အောက်တွင် မြှုပ်ထားသည့်အရာ ပေါ်လာတော့သည်။ ယင်းကား သားရဲသားရေပြားတစ်ချပ်။
၄င်းသည် မည်သည့် သားရဲအမျိုးအစားထံမှ လာကြောင်း အတိအကျပြောရန် ခက်လေသည်။ ၄င်းက နက်မှောင်နေပြီး သာမန်သာဖြစ်ပုံရသည်။ ၄င်းက စိတ်စွမ်းအင်များလည်း ထုတ်လွှတ်ခြင်းမရှိ၍ သာမန်တိရစ္ဆာန်အရေပြားအလား။ သို့သော် ၄င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့အိတ်ထဲရှိ ထာဝရထီးနက်သည် ရုတ်တရက် လှုပ်ရှားလာကြောင်း ပိုင်ရှောင်ချန်း အာရုံရလိုက်သည်။
မြို့နယ်အမှတ် ရှစ်ဆယ့်ကိုးမှာ ထာဝရထီးနက်က ပိုင်ရှောင်ချန်းကို ချန်ဟောက်စုန့်၏ နတ်အဆင့်တိုက်ကွက်ကို ခုခံရာတွင် ကူညီပေးခဲ့သည်။ သို့သော် ထီးနက်၏အရွက် ပျက်စီးသွားခဲ့သည်ဖြစ်ရာ ပင်မအရိုးလက်ကိုင်သာ ကျန်ခဲ့လေသည်။
ယခုတွင် ထီးနက်၏ အောက်ခြေမှာ တုန်ခါနေသည့်အတွက် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ သူက သူ့အိတ်ထဲသို့ နတ်ဘုရားအာရုံအနည်းငယ်ကို အလျင်အမြန်ပို့လွှတ်လိုက်သည်တွင် ထီးနက်သည် လိုချင်တပ်မက်မှုများဖြင့် ရုတ်တရက် အသံများထွက်လာကြောင်း အာရုံရလိုက်သည်။ သိသာစွာပင် ၄င်းက ထိုသားရေပြားကို လိုချင်နေသည်။
ပိုင်ရှောင်ချန်း၏အရိပ်အကဲကို သတိမထားမိဘဲ ကျိုးရီရှင်းက ပြောလိုက်သည်။
" ဒါက သားရေပြားချပ်လေးပါပဲ "
သူက သိချင်စိတ်များဖြင့် ကောက်ယူကြည့်လိုက်သော်လည်း ၄င်းနှင့်ပတ်သက်၍ မူမမှန်သည့်အရာ တစ်ခုမှ မတွေ့ပေ။ သူက ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။
ပိုင်ရှောင်ချန်းက မျက်လုံးများကို ပွတ်လိုက်သဖြင့် ချက်ချင်း နီရဲသွားပြီး မျက်ရည်များ ကျလာတော့သည်။ သားရေပြားကို ကြည့်ရင်း သူက သက်ပြင်းချတစ်ချက်ချကာ ပြောသည်။
" ဒီတိရစ္ဆာန်အရေပြားက ကျုပ် ငယ်ဘဝကို ပြန်တွေးမိသွားစေတယ်ဗျာ။ ကျုပ်ရဲ့ အဖော် မဲတူးလေး၊ အာ ဘာပဲဖြစ်ဖြစ်။ ကျုပ်ကို ပေးလိုက်တော့။ ကျုပ် ဒါကို အောက်မေ့လွတ်းဆွတ်စရာ အဖြစ် ထားလိုက်မယ်။ မဟာကောင်းကင်သခင်က ဒီလို သာမန်သားရေပြားကို လက်ခံလို့များ အပြစ်တင်မလားတောင် မသိဘူး "
သူက သက်ပြင်းချရင်း ခေါင်းခါယမ်းလိုက်ကာ ကျိုးရီရှင်းထံမှ သားရေပြားကို လက်ခံလိုက်သည်။ သူ၏လက်ထဲရောက်ပြီးနောက် ပြန်ပြောင်းသတိရနေပြီး စိတ်မကောင်းဖြစ်နေသော အသွင်ဖြင့် သူ့အိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် ထွက်ခွာရန် လှည့်လိုက်သည်။
ကျိုးရီရှင်းက သူ ထွက်သွားသည်ကို သံသယဖြင့် ကြည့်လိုက်သည်။ သူက ခပ်ယဲ့ယဲ့ပြုံးရင်း ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ပစ္စည်းဥစ္စာဆက်လက်စုဆောင်းလိုက်သည်။ မကြာခင် လီမျိုးနွယ်စုကား လုံးဝပြောင်တလင်းခါသွားတော့ည်။
လီမျိုးနွယ်စုဝင်များ၏ နှလုံးသားများမှ သွေးစိမ်းရှင်ရှင် ကျဆင်းနေတော့သည်။ အထူးသဖြင့် လီထျန်ရှန်၊ သူ့အနေဖြင့် ဓနဥစ္စာများ တစ်သုတ်ပြီးတစ်သုတ် ထွက်သွားသည်ကို ကြည့်နေရုံမှတစ်ပါး ဘာမှမလုပ်နိုင်ပေ။ သူက နာကျင်ခံစားနေရသည့်တိုင် လက်ရှိအခြေအနေတွင် သူလုပ်နိုင်သောအရာ မရှိပေ။ ယခုအချိန်တွင် သူ၏ဆန္ဒသည် လူအားလုံး ချောချောမွေ့မွေ့နှင့်အသက်ရှင်လျက် လွတ်မြောက်ရန်သာဖြစ်ပြီး ပိုင်ရှောင်ချန်းဒေါသထွက်အောင် အမှားသေးသေးလေးပင် လုပ်မိပါက သူ၏သက်စောင့်အားများ နောက်ထပ် စုပ်ယူခံရမည်ဖြစ်ကြောင်း သေချာေနသည်။
၄င်းမှာ လူတစ်ယောက်ငိုနေသည်ထက် ဆိုးရွားသော ခပ်တောင့်တောင့် အပြုံးမျိုးသာ ဖြစ်သည့်တိုင် သူက တချိန်လုံးထိန်း၍ ပြုံးနေရသည်။ လီမျိုးနွယ်စုကို ရှင်းလင်းပြီးနောက် ပိုင်ရှောင်ချန်းက လီထျန်ရှန်ကို ကြည့်လိုက်ပြီး အတန်ငယ်မလေးစားဘဲ မနေတော့ပေ။
" စိတ်စွမ်းအား တော်တော်ကောင်းတာပဲ " သူက တွေးလိုက်သည်။
" သူက သိမ်းနေတဲ့ အတောအတွင်း တချိန်လုံး ပြုံးနေတာပဲ။ လီထျန်ရှန်က ခက်ခဲတဲ့အခြေအနေတွေကို သာမန်လူထက်ပိုပြီး ရင်ဆိုင်နိုင်တယ် "
ရုတ်တရက် သူသည် ယခင်ထက်ပို၍ သတိရှိသွားပြီး နောက်တချိန်ဖြစ်လာမည့် မည်သည့်ပြဿနာကိုမဆို ဟန့်တားရန် ကြိုတင်ပြုဆင်မှုများ အဆင့်မြှင်ခြင်းဆောင်ရွက်ရန် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
"ကိုယ့်လူတို့ သူတို့အကုန် ဖမ်းပြီး စိတ္တဇထောင်ကြီးကို ပို့လိုက်။ ပြီးရင် ဒီ လီထျန်ရှန်က သာမန်မဟုတ်တဲ့ စိတ်စွမ်းအားတွေရှိတာကြောင့် ပိုပြီးကြီးလေးတဲ့ အပြစ်ပေးသင့်တယ်လို့ ပြောလိုက် "
ထို့နောက် သူက ကြိတ်၍ ဒေါသထွက်နေသည့် လီထျန်ရှန်ကို လျစ်လျူရှုလိုက်ပြီး သူ၏ အလောင်းတပ်ဖွဲ့ကို ဦးဆောင်၍ လေပေါ်ပျံတက်လိုက်သည်။
" နောက် ပစ်မှတ်က ချန်မျိုးနွယ်စု။ အချိန်တောင် သိပ်မကျန်တော့ဘူး။ ငါ မြန်မြန်သွားရမယ်"
ထို့နောက် သူက မြို့နယ်အမှတ် ဆယ့်သုံး ရှိ ချန်မျိုးနွယ်စုဖြစ်သည့် နောက်ထပ် သိမ်းမည့်နေရာထံ အမြင့်ဆုံးအရှိန်ဖြင့် ဦးတည်လိုက်သည်။
သူနှင့် အလောင်းတပ်သားများ လီမျိုးနွယ်စုအား ဝင်ရောက်သိမ်းဆည်းခဲ့သည်ကို စောင့်ကြည့်နေခဲ့သည့် လူတိုင်းမှာ ပို၍ပင် တုန်ရီသွားတော့သည်။ အင်အားတောင့်တင်းသော လီမျိုးနွယ်စု၏ ကံကြမ္မာဆိုးသည် ဗဟိုဧကရာဇ်မြို့တော်တွင် သေးသေးမွှားမွှားကိစ္စတော့ မဟုတ်ပေ။
သိသာစွာပင် မဟာကောင်းကင်သခင်သည် မြို့တော်ထဲတွင် အဓိကပြောင်းလဲမှုများစတင်ရန် စူးရှချွန်ထက်သော ဓားတစ်လက်ကို ဆွဲကိုင်ထားပေသည်။
လူတိုင်းမှာ ထိုကိစ္စကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီးသတင်းများဖြန့်လိုက်ကြရာ အမျိုးမျိုးသော မင်းမျိုးနွယ်အထက်တန်းလွှာများအားလုံး သတင်းရသွားကြလေသည်။ ကောင်းကင်ဘုရင်လေးပါးပင် ထိုအကြောင်း သိသွားကြသည်။ လူတိုင်းမှာ အမြုတေအထိ တုန်လှုပ်နေကြပြီး မျက်လုံးပေါင်းများစွာသည် ပိုင်ရှောင်ချန်း နောက်ထပ် ဘာလုပ်မည်ကို ကြည့်ရန် သူ့အပေါ်တွင် အာရုံစိုက်လာကြတော့သည်။
ပိုင်ရှောင်ချန်းက ချန်မျိုးနွယ်စုထံ ဆက်လက်သွားနေစဥ် သူ၏အတွေးများသည် သူ့အိတ်နှင့် ယခုတွင် အံသြဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေသည့် ထာဝရထီးနက်အပေါ်တွင် အာရုံစိုက်နေသည်။
ထိုသာမန်သားရဲသားရေပြားဟုထင်ရသော အရာသည် သက်တန့်စိတ်စွမ်းအင်ဆူးပန်း၏ ကြီးထွားမှုဖြင့် တစ်နည်းနည်း ပတ်သက်နေသည်။ ပိုင်ရှောင်ချန်းက ၄င်းကို သူ၏အိတ်ထဲ ထည့်လိုက်ပြီးနောက်တွင် ရယ်တစ်ဝက် ငိုတစ်ဝက် သရဲကြီးမျက်နှာက ပျက်စီးနေသောထာဝရထီးရိုး၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ ထို့နောက် ၄င်းက သားရဲသားရေပြားကို လောဘတကြီးစုပ်ယူပြီး ၄င်းနှင့်တစ်သားတည်းဖြစ်အောင် ပေါင်းစပ်လိုက်သည်။
ထိုသို့လုပ်လိုက်သည်နှင့် သားရဲသားရေပြားသည် ထီးနက်၏ အရွက်အသစ်ဖြစ်လာသည်။ ထိုမျှသာမက ထီးနက်ထံမှ ထုတ်လွှတ်နေသည့် အရှိန်အဝါတစ်ခုက ပိုင်ရှောင်ချန်းကို အလွန်စိတ်လှုပ်ရှားသွားစေသည်။
၄င်းသည် အလိုအလျောက် ပြန်လည်သန့်စင်နေပုံရပြီး ပို၍ပင် စွမ်းအားကြီးထွားလာပုံရသည်။ ပိုင်ရှောင်ချန်းမှာ သည့်ထက်ပို၍ စိတ်မလှုပ်ရှားနိုင်တော့ပေ။ ထာဝရထီးနက်သည် သူ၏ထာဝရအရိုးများ ကျင့်ကြံရာနှင့် ပတ်သက်လျှင် ကြီးမားသော အကူအညီဖြစ်ခဲ့သည် မဟုတ်ပါလော။
သူက ထာဝရထီးနက် ပျက်စီးသွားခြင်းနှင့်ပတ်သက်၍ မည်သို့ ပြုပြင်ရန်တွေးကာ စိတ်ဆင်းရဲနေခဲ့ရသည်။ သို့သော် ယခုတွင် ၄င်းက အလိုအလျောက် ပြုပြင်နေပြီး ပို၍ပင် သန်မာလာတော့သည်။ လက်ရှိအချိန်တွင် ပိုင်ရှောင်ချန်းသည် ပစ္စည်းဥစ္စာသိမ်းပိုက်ခြင်းက ထိုက်တန်နေပြီဖြစ်ကြောင်း လက်ခံယုံကြည်သွား၏။
" လီမျိုးနွယ်စုက ငါ့ရဲ့ ထာဝရထီးနက်ကို ပြန်ရအောင် ကူညီပေးတယ်ဆိုတော့.... ချန်မျိုးနွယ်စုရဲ့ သိုလှောင်ရုံမှာ ဘယ်လို အံသြစရာတွေများ ရှိမလဲ သိချင်လိုက်တာ "
သူက စိတ်လှုပ်ရှားလျက် သူ၏အိတ်ထဲမှ နတ်ဘုရားအာရုံများကို သိမ်းဆည်းလိုက်ပြီး မြို့နယ်အမှတ် ၁၃ ထံ ပို၍လျင်မြန်သော အရှိန်ဖြင့် အားထည့်လိုက်သည်။
ပို၍များပြားလာသော လူများက သူ၏လုပ်ဆောင်ချက်များကို စောင့်ကြည့်နေကြပြီး မကြာမီ မြို့နယ်အမှတ် ၁၂၊ ၁၃ နှင့် ၁၄တို့၌ ကောင်းကင်မြို့စားများရှိကြောင်း သတိထားမိလိုက်သည်တွင် အံ့သြတုန်လှုပ်သွားကြတော့သည်။ ကောင်းကင်မြို့စားလီ မည်သို့ ဖြစ်သွားသည်ကို စဥ်းစားကြည့်ပါက သူတို့စိတ်ကူးသာယဥ်နိုင်သည့်အရာ ဖြစ်လာတော့ပေမည်။
" ဒီတစ်ကြိမ် ဘယ်သူ့ဆီ သွားမှာလဲ "
" သေစမ်း ။ ငါ ပိုင်ဟောက်ကိုကော၊ မဟာကောင်းကင်သခင်ကိုကော အတိုက်အခံမလုပ်ခဲ့ပါဘူး"
ပိုင်ရှောင်ချန်း မြို့နယ်အမှတ် ၁၂ကို ကြီးကျယ် ခမ်းနားစွာ ဖြတ်သန်းသွားသောအခါ ထိုနေရာရှိကောင်းကင်မြို့စားမှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တော့သည်။ သို့သော် မြို့နယ်အမှတ် ၁၃ရှိ ချန်မျိုးနွယ်စုမှာ စိတ်လှုပ်ရှားလာသည်။ ထို့နောက် သူက သူတို့၏ မျိုးနွယ်စုအပြင်လက် လေထဲတွင် ရပ်လိုက်သည်။
" ကောင်းကင်မြို့စားချန် အခုချက်ချင်း ကျုပ်ကို ထွက်တွေ့ပါ "
မြို့နယ်အမှတ် ၁၄ ရှိ ကောင်းကင်မြို့စားမှာ အတန်ငယ် စိတ်သက်သာရာရသွားသည်။ ထိုအချိန်တွင် ကောင်းကင်မြို့စားချန်သည် သူ၏ကောင်းကင်မြို့စားစေတီတော်၏ ထိပ်ဆုံးအဆင့်တွင် နိမိတ်ဖတ်ရင်း ထိုင်နေ၏။ ပိုင်ရှောင်ချန်းကို စိန်းစိန်းဝါးဝါးကြည့်ရင်း သူက ပူပန်သောကများဖြင့် တုန်ရီနေတော့သည်။
" အကောင်းဆုံးလုပ်ရမှာက ဒီနေရာကနေ မြန်နိုင်သမျှ မြန်မြန်ထွက်သွားဖို့ပဲ "
တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူက ကျောက်စိမ်းပေလွှာကို ချိုးပစ်လိုက်ရာ သူ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် စတင် ပျောက်ကွယ်လာ၏။
ကျိုးဟုန်ကို ချင်းမေ့ယွမ်နှင့် ရွှီရှန်အကြောင်း ကောလဟာလများကို ဖြန့်ရန်ကူညီပေးခဲ့သည့် ထိုလက်ရွေးစင်အပါအဝင် ချန်မျိုးနွယ်စုရှိ လူတိုင်းမှာ လိပ်ပြာလွင့်မတတ်ကြောက်ရွံ့နေကြသည်။ ယခုတွင် လူတိုင်းသည် လီထျန်ရှန်၏ ကံကြမ္မာအကြောင်းနှင့်ပတ်သက်၍ သတင်းအချို့ရထားကြလေရာ ပိုင်ရှောင်ချန်း ဤနေရာကို လာခဲ့သည့်အကြောင်းမှာ တိုင်းထွာ၍မရလောက်အောင် ကြောက်လန့်စရာကောင်းပေသည်။
ချန်မျိုးနွယ်စုထဲဝယ် မျိုးနွယ်စုဝင်များ၏ စိတ်လှုပ်ရှားနေသော ရင်ခုန်သံများမှ အပ တိတ်ဆိတ်မှုများ မင်းမူနေလျက်ရှိသည်။ မရေမတွက်နိုင်သော မျက်လုံးများသည် အနက်ရောင်ချပ်ဝတ်တန်ဆာ အလောင်းတပ်သားများ ဝိုင်းရံနေသည့် လေထဲတွင် ရပ်နေသော ပိုင်ရှောင်ချန်းကို မမှိတ်မသုန်ကြည့်နေကြသည်။
သူက လက်နှစ်ဖက်ကို ကျောနောက်ပစ်ထားပြီး သူ၏ခမ်းနားကြီးကျယ်ခြင်းများကို သဘောကျနေလျက် ဂုဏ်ယူမော်ကြွားစွာ မေးကို ပင့်ထားသည်။ သို့သော် တခဏကြာစောင့်နေပြီးနောက် ကောင်းကင်မြို့စားချန်ကို မမြင်သောအခါ သူ့လူများထံ လက်ကို ဝှေ့ယမ်းကာ ပြောသည်။
“ ဒီတော့ သူက မဟာကောင်းကင်သခင် အရှင်ကို မထီလေးစား လုပ်တာလား။ချန်မျိုးနွယ်စုကို မွှေနှောက်ရှာစမ်း ။ တစ်ယောက်ယောက် ခုခံရင် ချက်ချင်း သတ်ပစ်လိုက်"
ထိုအချိန်တွင် အလောင်းတပ်သားများထံမှ မကောင်းသော အရှိန်အဝါများထွက်ပေါ်လာကာ ချန်မျိုးနွယ်စုထံ ပျံသန်းဝင်ရောက်သွားသည်။ နတ်အဆင့်အလောင်းတပ်သားနှစ်ယောက်မှာမူ ပိုင်ရှောင်ချန်းဘေးတွင် ကိုယ်ရံတော်များအဖြစ် ကျန်ရစ်ခဲ့လေသည်။
ကျိုးရီရှင်းမှာ ပိုင်ရှောင်ချန်း၏ ဘေးတွင် ဖြစ်ပြီး ပိုင်ရှောင်ချန်း မည်မျှ အံ့သြစရာကောင်းကြောင်း မြင်ရသောအခါ မှန်ကန်သော ဆုံးဖြတ်ချက်ချခဲ့ကြောင်း နောက်တစ်ကြိမ် ယုံကြည်သွားတော့သည်။
အလောင်းတပ်ဖွဲ့က ချန်မျိုးနွယ်စုကို ကျူးကျောက်ဝင်ရောက်လိုက်သည့်အတွက် မျိုးနွယ်စု၏ အလယ်တည့်တည့်ရှိစေတီကြီးထံမှ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအား ရုတ်တရက် ထွက်ပေါ်လာသည်။ သို့သော် ထိုစဥ် အေးစက်သော နှာမှုတ်သံတစ်ခုသည်လည်း လေထဲတွင် ပြည့်နှက်သွားတော့၏။
" မင်း ဘာလုပ်နေတယ် ထင်လဲ "
ထိုရင်းနှီးသော အနက်ရောင်ဝတ်ရုံနှင့်လူက နောက်တစ်ကြိမ်ပေါ်လာပြန်သည်။ ကောင်းကင်မြို့စားစေတီကို လျစ်လျူရှုရင်း သူက ရှေ့ကို လွှားခနဲသွားလိုက်ပြီးနောက် ပါးလွှာသောလေထုထဲ လက်လှမ်းလိုက်သည်။ ချက်ချင်းပင် လေထုသည် ပုံပျက်ရှုံ့တွသွားပြီး မျိုးနွယ်စုထံမှ ထွက်ပြေးရန် ကြိုးစားနေသည့် ကောင်းကင်မြို့စားချန်၏ ပုံရိပ်ပေါ်လာတော့သည်။
မျိုးနွယ်စုဝင်များမှာ သူတို့၏ ကောင်းကင်မြို့စားက ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်သောအခါ သူတို့၏ နှလုံးသားများထဲသို့ အကြောက်တရားများ ရိုက်ထည့်ပေးကာ နင်းခြေခံလိုက်ရသည့်အလား ခံစားလိုက်ရတော့သည်။ သူတို့က တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ အလောင်းတပ်သားများ ဝင်ရောက်လာပြီး မျိုးနွယ်စုကို မွှေနှောက်နေကြသည်အား ကြည့်သာ ကြည့်နေကြလေသည်။
ချန်မျိုးနွယ်စုသည် အမှန်တကယ်တွင် လီမျိုးနွယ်စုထက် များစွာ ချမ်းသာကြွယ်ဝလေသည်။ ပစ္စည်းဥစ္စာသိမ်းပိုက်ခြင်း အတွေ့အကြုံများစွာနှင့် ပိုင်ရှောင်ချန်းပင်လျှင် ဓနဥစ္စာများအားလုံး မြင်ကွင်းကြောင့် ပင့်သပ်ရှိုက်ကျန်ရစ်တော့သည်။
သို့သော် သူက အနီးကပ်ကြည့်ရန် စဥ်းစားလိုက်သည့်အခိုက်အတန့်မှာပင် အလောင်းတပ်သားများ ယခုလေးတင် ထိန်းချုပ်လိုက်သည့်နေရာရှိ မျိုးနွယ်စုမှ ခပ်လှမ်းလှမ်းတစ်နေရာတွင် ဝမ်းသာလုံးစို့နေသော ဟိန်းဟောက်သံတစ်ခု ပေါ်ထွက်လာတော့သည်။
" နောက်ဆုံးကျရင် မင်းတို့နဲ့ ထိုက်တန်တာရမယ်ဆိုတာ ငါ သိတယ် ချန်မျိုးနွယ်စု။ ငါ ဒီနေ့ ဒီနေရာမှာ သေသွားခဲ့ရင်တောင်မှ ငါ စုန့်ချွဲက မင်းတို့ ဝဋ်ပြန်လည်တာကို ကျေကျေနပ်နပ်ကြီးကြည့်ရင်းနဲ့ မျက်လုံးပိတ်ပြီး သေနိုင်ပြီကွ "