အခန်း (၄၄၀)
Vol. 30 Ch. 440
နန်းတော်ထဲတွင် ကောင်းကင်ပျံငှက်များမှသည် ကုန်းသတ္တဝါများနှင့် ပင်လယ်သတ္တဝါများအထိ အရသာရှိသော စားဖွယ်စုံလှသည်။ မနက်စာ တစ်နပ်တည်းနှင့်ပင် စားပွဲအကြီးကြီး တစ်လုံး ပြည့်နိုင်သည်ဟု ဆိုလျှင် ပုံကြီးချဲ့ခြင်း မဟုတ်ပေ။
သို့သော် အစားအစာများ မည်မျှပင် အရသာရှိစေကာမူ ရှောက်ယိမှာမူ စားချင်စိတ် မရှိခဲ့ပေ။
သူသည် များသောအားဖြင့် ဟင်းတစ်ခွက်လျှင် အနည်းငယ်စီသာ မြည်းလေ့ရှိပြီး၊ အကယ်၍ သူက တစ်လုပ်ပိုစားမိလျှင် အစေခံများက ထိုဟင်းပွဲကို စားပွဲပေါ်မှ ဖယ်ရှားပစ်ကြသည်။ သူ အလွန်နှစ်သက်သော ဟင်းပွဲဖြစ်သော်လည်း "ဒါလေးက စားလို့ကောင်းသားပဲ" ဟု စိတ်ကြိုက် မဖော်ပြရဲဘဲ "အဆင်ပြေပါတယ်" ဟုသာ ပြောရသည်။ ထို့အတူ သူ မကြိုက်သော ဟင်းပွဲကိုလည်း "မကြိုက်ဘူး" ဟု မပြောရဲဘဲ "အဆင်ပြေပါတယ်" ဟုသာ ဆိုရသည်။ သာမန်ဟင်းပွဲမျိုးကိုလည်း ထိုနည်းအတိုင်းပင် ဖော်ပြရသည်။
အတိုချုပ်ပြောရလျှင် ဟင်းပွဲတိုင်းကို သူက "အဆင်ပြေပါတယ်" ဟုသာ ပြောရမည် ဖြစ်သည်။
ယခင်ကတော့ သူ အနည်းငယ် လွတ်လပ်ခွင့် ရှိသေးသော်လည်း၊ ယခုအခါ နန်းတော်ထဲတွင် ပို၍ တင်းကျပ်လာသည်။ သူ ဘာစားရမည်၊ ဘာသောက်ရမည်ကို ကိုယ်တိုင် ဆုံးဖြတ်ခွင့် မရှိသလို အနားယူရန် အချိန်လည်း မရှိသလောက်ပင်။ သူ၏ အချိန်အားလုံးကို စာသင်ခြင်း၊ ကဗျာရေးခြင်းနှင့် ခမည်းတော်နောက်လိုက်ကာ ညီလာခံတက်ခြင်းများတွင်သာ ကုန်ဆုံးစေရသည်။
နေ့စဉ်နေ့တိုင်း ဝန်ကြီးများ၏ အစီရင်ခံစာများကိုသာ သူ ကြားနေရသည်။ နေ့တိုင်းနေ့တိုင်း သူ့ကို "ဒါမလုပ်ရ၊ ဟိုဟာမကိုင်ရ" ဟု တားမြစ်မည့်သူများသာ ရှိသည်။ တိမ်ထူသောနေ့များတွင် ပုရွက်ဆိတ်လေးများ လမ်းလျှောက်သည်ကို ချောင်းကြည့်ခြင်းကိုပင် တခြားသူများ မြင်သွားပါက ဆူပူကြိမ်းမောင်းခံရမည် ဖြစ်သဖြင့် ခိုးကြည့်ရသည်။
၎င်းကို တွေးမိလိုက်သောအခါ ရှောက်ယိ၏ မျက်လုံးများ မှောင်မှိုင်သွားသည်။
ဤအချိန်တွင် ချင်းရှောင်းကောသည် အခွံနွှာထားသော ကြက်ဥများကို ကျွမ်းကျွမ်းနှင့် ရှောက်ယိတို့အား ပေးနေသည်။
ကျွမ်းကျွမ်းက ချင်းရှောင်းကောကို ချိုသာစွာ ပြုံးပြလိုက်သည်။ ထို့နောက် ပေါက်စီကို ချထားလိုက်ပြီး ကြက်ဥကို ကောက်စားလိုက်သည်။
ရှောက်ယိကတော့ တစ်ချက်မှ မလှုပ်ရှားပေ။ သူသည် ပေါက်စီကိုသာ ဆက်ဝါးနေပြီး ပန်းကန်ထဲက ကြက်ဥများကို ကြောင်တောင်တောင်ကြီး စိုက်ကြည့်နေမိသည်။
ချင်းရှောင်းကောက သူ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။ ကြက်ဥပန်းကန်က သူနှင့် လှမ်းနေ၍ ဖြစ်မည်ဟု ထင်ကာ သူမက ပန်းကန်ကို သူ့အနားသို့ တိုးပေးလိုက်သည်။
ထိုအခါမှ ရှောက်ယိ သတိပြန်ဝင်လာသည်။ သူ မော့ကြည့်လိုက်သောအခါ ချင်းရှောင်းကောက သူ့ကို ပြုံးကြည့်နေသည်ကို တွေ့ရသဖြင့် ရင်ထဲတွင် တုန်လှုပ်သွားသည်။
"စားလေ။"
ကောင်လေး ရုတ်တရက် မော့ကြည့်လိုက်သဖြင့် ချင်းရှောင်းကော အံ့သြသွားသော်လည်း သူမက ညင်သာစွာ ပြောလိုက်သည်။
"အများကြီးစားနော်။ မနက်စာကို ဗိုက်ဝအောင် စားရမယ်။ အများကြီးစားမှ အရပ်ရှည်မှာ။"
"အများကြီးစား" ဆိုသည့် စကားကို သူ မကြားရသည်မှာ ကြာပြီဖြစ်သည်။
ရှောက်ယိသည် မျက်ရည်များကို ထိန်းကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ၏ အာရုံအားလုံးကို ထမင်းစားပွဲပေါ်သို့ ပို့လိုက်သည်။ သူသည် မျက်လုံးများ အရောင်တောက်လျက် ဘယ်ဘက်လက်ဖြင့် ပေါက်စီတစ်လုံး၊ ညာဘက်လက်ဖြင့် ကြက်ဥတစ်လုံးကို ကောက်ကိုင်လိုက်သည်။
သူသည် ပေါက်စီ၊ ကြက်ဥနှင့် ဆန်ပြုတ်ကို တစ်လှည့်စီ စားနေတော့သည်။ ကြားထဲတွင် ချင်းရှောင်းကော သူ့ပန်းကန်ထဲ ထည့်ပေးထားသော ဟင်းရွက်ချဉ်များကိုလည်း မြိန်ယှက်စွာ စားလိုက်သေးသည်။
ဒါဟာ ရိုးရှင်းတဲ့ အစားအစာတစ်ခုပါပဲ၊ ဒါပေမဲ့ ရှောက်ယိအတွက်တော့ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ စားခဲ့ရသမျှထဲမှာ စိတ်အအေးချမ်းရဆုံး၊ အဝဆုံးနဲ့ အားရကျေနပ်မှုအရှိဆုံး အစားအစာ ဖြစ်ခဲ့ပါတယ်။
သူတို့ စားပွဲကို သန့်ရှင်းရေး လုပ်ပြီးခါစမှာပင် ရူယီနှင့် တခြားသူများ ရောက်လာကြသည်။
ချင်းရှောင်းကော၏ အိမ်သို့ အမြန်ဆုံး ရောက်ရှိရန် ထိုအဖွဲ့မှာ မနက်စောစောကတည်းက ထွက်လာခဲ့ကြခြင်း ဖြစ်သည်။
ချင်းရှောင်းကောက သူတို့ကို ကျွမ်းကျွမ်း၏ မွေးနေ့အတွက်သာမက လူစုံတုန်း တွေ့ဆုံချင်၍ပါ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
လူစုံအောင် မဆုံဖြစ်ကြသည်မှာ လအနည်းငယ် ရှိပြီဖြစ်သည်။ လူတိုင်းမှာ ကိုယ်စီအလုပ်များဖြင့် ရှုပ်နေကြသဖြင့် တစ်ရက်လောက် အနားယူခြင်းမှာ ကောင်းသော အကြံဉာဏ်ပင် ဖြစ်သည်။ ထို့အပြင် ဤကဲ့သို့ တွေ့ဆုံခြင်းက သူတို့ကြားက သံယောဇဉ်ကို ပိုခိုင်မာစေသည်။
ရာသီဥတုက အေးလွန်းလှသလို ရထားလုံးထဲတွင်လည်း လူအများကြီး ဆံ့မည်မဟုတ်ပေ။ ထို့ကြောင့် ကျန်းကျန်းမာမာရှိသော ချင်းအန်းမင်နှင့် ရှု့ပေါ်ထုန်တို့က အပြင်ဘက်တွင် ရထားလုံးကို မောင်းနှင်လာကြပြီး၊ ရူယီ၊ မိန်းကလေးများနှင့် ဦးလေးရွှီတို့က အတွင်းထဲတွင် ထိုင်လိုက်လာကြသည်။
ကျွမ်းကျွမ်းက တံခါးဝတွင် ရပ်လျက် ဧည့်သည်များကို ကြိုဆိုနှုတ်ဆက်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။
ချင်းအန်းမင်က ကျွမ်းကျွမ်း၏ ခေါင်းကို ပွတ်သပ်ပေးကာ ချစ်စရာကောင်းပြီး လိမ္မာပါးနပ်ကြောင်း ချီးကျူးလိုက်သည်။ သူက ကောင်လေးကို အလွန်အမင်း ချီးကျူးလိုက်သဖြင့် ကျွမ်းကျွမ်းမှာ ကောင်းကင်သို့ ပျံတက်မတတ် ပျော်ရွှင်သွားသည်။
ရှောက်ယိ၏ အဆင့်အတန်းနှင့် ပတ်သက်၍မူ ချင်းရှောင်းကောက သင်ခန်းစာ ရသွားခဲ့သည်။ သူမက တခြားသူများကို စိတ်ပူပန်မှု မဖြစ်စေရန်အတွက် သူသည် မြို့တော်က ကျွမ်းကျွမ်း၏ သူငယ်ချင်းဟုသာ ရိုးရိုးရှင်းရှင်း ပြောပြလိုက်သည်။
သူတို့ အိမ်ထဲသို့ လမ်းလျှောက်ဝင်လာကြစဉ် ချင်းအန်းမင်က ချင်းရှောင်းကောကို ရုတ်တရက် ဆွဲခေါ်သွားသည်။
သူမကို တိတ်ဆိတ်သော နေရာတစ်ခုသို့ ခေါ်သွားသဖြင့် ချင်းရှောင်းကောမှာ သူ့၏ လျှို့ဝှက်ချက်ဆန်သော အပြုအမူအတွက် စပ်စုချင်စိတ် ဖြစ်ပေါ်လာသည်။
ရပ်လိုက်သောအခါ သူမက စိတ်အားထက်သန်စွာ မေးလိုက်သည်။"အစ်ကို? ဘာဖြစ်လို့လဲ?"
ချင်းရှောင်းကောမှာ ဤအချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ သူမ ဘာကြောင့် စိတ်လှုပ်ရှားနေသည်ကိုတော့ မသိပေ။
ချင်းအန်မင်းက သူမကို ထူးဆန်းစွာ ကြည့်ပြီး ပြောလိုက်သည်။ "ငါ အမျိုးသမီးယန်အတွက် ကြက်မ နှစ်ကောင် ဝယ်လာတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က ကလေးတွေရဲ့ တစ်လပြည့် မွေးနေ့ကို ငါ မလာဖြစ်ဘူးလေ။ ခဏနေရင် ငါ သူတို့ဆီ သွားတဲ့အခါ နင် လိုက်ခဲ့ဦး။"
"ဒါပဲလား?"
"ဒါပဲလေ။ တခြား ဘာရှိဦးမှာလဲ?"
ချင်းအန်မင်းက ထူးဆန်းသလို ပြန်မေးခဲ့သည်။ ချင်းရှောင်းကောမှာ ခုနကတည်းက ထူးထူးဆန်းဆန်း ဖြစ်နေသည်။ ဘာကြောင့်များပါလိမ့်?
ချင်းရှောင်းကောက သူမ၏ စိတ်ပျက်သွားသော မျက်နှာပေးကို ဖျောက်လိုက်ပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။ သူမက ခဏလောက်တော့ သူ နိုးကြားလာပြီး ရူယီကို လက်ထပ်ခွင့်တောင်းဖို့ သူမကို အကူအညီ တောင်းတော့မည်ဟု ထင်လိုက်ခြင်း ဖြစ်သည်။
"ဘာဖြစ်လို့လဲ?"
ချင်းအန်းမင်မှာ ဇဝေဇဝါ ဖြစ်နေသခဲ့ည်။
"သူ ဘာဖြစ်လို့ ဒီလောက် ထူးဆန်းနေပြီး စကားကို ဆုံးအောင် မပြောတာလဲ? တကယ်ပဲ စိတ်တိုစရာ ကောင်းလိုက်တာ"
ချင်းရှောင်းကောက လက်ကာပြလိုက်ပြီး ဘာမှ မပြောတော့ပေ။ ခဏနေမှ သူ့ကို သေချာ စကားပြောရန် အခွင့်အရေး ရှာရပေလိမ့်မည်။
"ဘာတွေ ဖြစ်နေတာလဲဆိုတာ ငါ့ကို ပြောစမ်းပါဦး။"
ချင်းအန်းမင်က အမှန်တရားကို သိချင်ဇောဖြင့် ချင်းရှောင်းကော နောက်သို့ လိုက်မေးသည်။
ဒါပေမဲ့ ချင်းရှောင်းကောက ဘယ်သူလဲ? အကယ်၍ သူမ အခုသာ ပြောလိုက်လျှင် ချင်းအန်းမင်မှာ ရှက်ကိုးရှက်ကန်း ဖြစ်ပြီး အားလုံးရှေ့က ပျောက်သွားပေလိမ့်မည်။ ထို့ကြောင့် တစ်ဖက်လူက မည်မျှပင် မေးပါစေ သူမကတော့ လုံးဝ မပြောပေ။
ချင်းအန်မင်းမှာ လက်လျှော့လိုက်ရတော့သည်။ "ထားလိုက်ပါတော့၊ ထားလိုက်ပါတော့။ ခဏနေရင် ယန်အမျိုးသမီး အိမ်ကို ငါနဲ့ လိုက်ခဲ့ဖို့ပဲ မမေ့နဲ့နော်။"
"အခုပဲ သွားကြစို့လေ၊ တစ်ခါတည်း သူတို့ကို ဒီဘက်ကို လာဖို့ ဖိတ်လို့ရတာပေါ့။"
"ငါကတော့ အဆင်ပြေတယ်။"
ဘယ်အချိန်ဖြစ်ဖြစ် အဆင်ပြေသည်။
သူတို့နှစ်ဦး ခြံထဲသို့ သွားကာ ရထားလုံးထဲမှ အရှင်လတ်လတ် ကြက်နှစ်ကောင်ကို ထုတ်ယူလိုက်သည်။
ချင်းရှောင်းကောက အတောင်ပံ တဖျပ်ဖျပ် ခတ်နေသော ကြက်နှစ်ကောင်ကို ကြည့်လိုက်သည်။ သူမ တံတွေး တစ်ချက် မျိုချလိုက်မိသည်။ ကြက်အရှင်ကြီးတွေပါလား။ သူမက ချင်းအန်းမင်က သတ်ပြီးသား ကြက်တွေကို ယူလာသည်ဟု ထင်ထားခြင်း ဖြစ်သည်။
"သွားကြစို့။"
ချင်းရှောင်းကောက ခေါင်းညိတ်ပြလိုက်ပြီး ယန်အိမ်ဆီသို့ သူ့နောက်မှ လိုက်သွားသည်။
ယန်အမျိုးသမီးနှင့် သူမ၏ မိသားစု ရောက်လာပြီးနောက် လူတိုင်း နေ့လည်စာအတွက် စတင် ပြင်ဆင်ကြသည်။
အမျိုးသမီးများအားလုံး မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေကြသည်။ ဦးလေးရွှီမှလွဲ၍ အမျိုးသားများမှာလည်း ကူညီပေးနေကြသည်။
ရှောက်နိုင်ငံတွင် အမျိုးသား အများစုမှာ မီးဖိုချောင်နှင့် ဝေးဝေးနေတတ်သော်လည်း၊ ယခု ဆုံတွေ့ပွဲသို့ ရောက်ရှိနေသော အမျိုးသားများမှာမူ ၎င်းကို သိပ်ဂရုမစိုက်ကြပေ။
ဦးလေးရွှီ မီးဖိုချောင်ထဲတွင် မရှိသည့် အကြောင်းရင်းမှာ အလွန်ရိုးရှင်းပါသည်။ ပြီးခဲ့သည့် ပြိုင်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ဦးလေးရွှီက မီးမွှေးရန် ကြိုးစားစဉ် မီးဖိုချောင်တစ်ခုလုံးကို မီးရှို့မိတော့မလို ဖြစ်ခဲ့ဖူးသည်။ ဤဖြစ်ရပ်တစ်ခုတည်းနှင့်တင် အတော်လေး ကြောက်စရာ ကောင်းနေပါပြီ။
သူ့ကို ကလေးတွေကိုပဲ စောင့်ကြည့်ခိုင်းထားတာက ပိုကောင်းပါလိမ့်မည်။
ဒါဟာ ရှောက်ယိအနေနဲ့ ဒီလောက် သေးငယ်တဲ့ ကလေးတွေကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူသည် ကလေးငယ်များကို စပ်စုလိုစိတ်ဖြင့် အကြာကြီး ကြည့်နေမိသည်။ သူတို့နှစ်ယောက်စလုံးက ယောက်ျားလေးတွေမှန်း သိလိုက်ရသောအခါ သူ အလွန် ပျော်ရွှင်သွားသည်။ သူက ယောက်ျားလေးတွေနဲ့ပဲ ကစားချင်တာပါ။ မိန်းကလေးတွေက အရမ်း နုနယ်လွန်းသည်။
သူ ဤသို့ တွေးမိသည်မှာလည်း မဆန်းပေ။ မြို့တော်က ဝန်ကြီးအတော်များများမှာ သူတို့၏ ကလေးများကို ရှောက်ယိနှင့် ကစားရန် နန်းတော်သို့ လွှတ်လေ့ရှိသည်။ သို့သော် ထိုကလေးများမှာ အလွန် အနေအထိုင် အမူအရာ တည်ငြိမ်လွန်းကြသည်။ ယောက်ျားလေးတွေကတောင် ဒီလောက် လိမ္မာနေကြတာ၊ မိန်းကလေးတွေဆိုရင်တော့ ပြောနေစရာပင် မလိုတော့ပေ။ ရှောက်ယိက မိန်းကလေး တစ်ယောက်ကို သစ်ပင်ပေါ်တက်ဖို့ ခေါ်ကစားချင်သော်လည်း သူမက ငိုဖို့ပဲ သိသည်။
အတိုချုပ်ပြောရလျှင် သူ ကျွမ်းကျွမ်းနှင့် ကစားရသည်ကို အနှစ်သက်ဆုံးပင်။ ဒုတိယကတော့ ရှောင်းဟူ ဖြစ်သည်၊ ဘာကြောင့်လဲဆိုတော့ ရှောင်းဟူက သစ်ပင်တက်တာနှင့် မြစ်ထဲမှာ ကစားတာကို အလွန် ကျွမ်းကျင်သောကြောင့် ဖြစ်သည်။
သူသည် မြို့တော်က နုနုနယ်နယ် ကလေးများနှင့် ကစားရသည်ကို လုံးဝ မနှစ်သက်ပေ။ သူတို့အားလုံးက အရမ်း ပျင်းစရာကောင်းလွန်းသည်။
မီးဖိုချောင်ထဲတွင် လူအများကြီး ရှိနေသော်လည်း လုံးဝ ဗရုတ်သုတ်ခ မဖြစ်ပေ။ ထိုအစား အလွန် စနစ်တကျ ရှိလှသည်။ အချို့က ဟင်းသီးဟင်းရွက် ဆေးကြောကြသည်၊ အချို့က ဟင်းသီးဟင်းရွက် လှီးဖြတ်ပြီး ဆီသတ်ကြသည်၊ အချို့က မီးကြည့်ပေးခြင်း၊ အိုးဆေးခြင်းနှင့် ရေဖြည့်ခြင်းတို့ကို လုပ်ဆောင်ကြပြီး၊ အချို့ကတော့ မုန့်စိမ်းနယ်ခြင်းနှင့် ခေါက်ဆွဲ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်ကြသည်။ လူတိုင်းမှာ ကိုယ်စီတာဝန်များ ရှိကြသည်။
"ကျွန်မ အမေ ကိုယ်တိုင်လုပ်တဲ့ ခေါက်ဆွဲတွေက အရမ်း စေးပိုင်တာပဲ။ စားကြည့်ရင် သိပါလိမ့်မယ်။ ကျွန်မက ကြွားပြောနေတာ မဟုတ်ဘူးနော်။"
ယန်အမျိုးသမီးက ဟင်းသီးဟင်းရွက်များ လှီးဖြတ်ရင်း ပြောလိုက်သည်။
"ဒါဆို ခဏနေရင် ကျွန်တော် အများကြီး စားရမှာပေါ့။"
ရှု့ပေါ်ထုန်က အလွန် ပေါင်းသင်းဆက်ဆံရေး ကောင်းသူဖြစ်သည်။ မကြာခင်မှာပင် သူသည် လူတိုင်းနှင့် သူငယ်ချင်းကောင်းများ ဖြစ်သွားသည်။
"တကယ် အရသာရှိတာနော်။ တစ်ခါစားပြီးရင် ထပ်စားချင်နေဦးမှာပဲ။"
ယန်အမျိုးသမီးက ပြုံးလျက် ပြောပြီးနောက်၊ ယန်အမျိုးသမီးကြီးကလည်း ရှက်ကိုးရှက်ကန်းဖြင့် ပြုံးကာ ပြောလိုက်သည်။
"သမီးကလည်း ပိုပြောနေပြန်ပြီ။ ရိုးရိုး ခေါက်ဆွဲလေးပါပဲ။ အဲဒီလောက်လည်း မကောင်းပါဘူး။"
"အဒေါ်ကလည်း နှိမ့်ချလွန်းနေပြန်ပြီ။ ကျွန်တော် ပြီးခဲ့တဲ့ တစ်ခေါက်က စားခဲ့တဲ့ အရသာကို အခုထိ မှတ်မိနေတုန်းပဲ။"
ကျန်းတန်းဟယ်၏ စကားက လူတိုင်း၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လိုက်သည်။
"ရှင် ဘယ်တုန်းက စားခဲ့တာလဲ?"
ချင်းရှောင်းကောက ယောက်မကို ချလိုက်ပြီး စပ်စုသလို လှည့်မေးလိုက်သည်။ သူ ပြန်ရောက်လာကတည်းက ယန်အိမ်မှာ ထမင်းသွားမစားဖူးသေးပေ။
ကျန်းတန်းဟယ်က တည်ငြိမ်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။ "ကိုယ် ဆယ်ကျော်သက် အရွယ်တုန်းကလေ။"
"ဟားဟားဟားဟား..."
သူ စကားပြောပြီးသည်နှင့် လူတိုင်း အားရပါးရ ရယ်မောလိုက်ကြတော့သည်။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ခေါက်ဆွဲအရသာကို သူ ဘယ်လိုလုပ် မှတ်မိနိုင်ပါ့မည်နည်း? တစ်ယောက်ယောက်ကို ချီးကျူးချင်ရင်တောင် ဒီလောက်ကြီး ပုံကြီးချဲ့စရာ မလိုပါဘူး။ တကယ်ကို ရယ်စရာကောင်းလှသည်။ ထို့ကြောင့် လူတိုင်းမှာ သူ၏ စကားကြောင့် အလွန်အမင်း ရယ်မောနေကြရသည်။
ထိုသို့ဖြင့် ကျန်းတန်းဟယ်၏ မရည်ရွယ်သော ဟာသလေးက မီးဖိုချောင်ထဲက လူတိုင်း၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်သလို ဖြစ်သွားသည်။ ထို့ကြောင့်ပင် ချက်ပြုတ်ခြင်းမှာ အလွန် လျင်မြန်စွာ ပြီးစီးသွားခဲ့သည်။ မကြာမီမှာပင် ရယ်သံမောသံများကြား၌ ဟင်းပွဲအပြည့်နှင့် စားပွဲအကြီးကြီး နှစ်လုံး ပြင်ဆင်ပြီးစီးသွားတော့သည်။
ချင်းရှောင်းကောသည် လူတိုင်း၏ အကြိုက်ကို ကြိုတင် စုံစမ်းထားပြီး ဧည့်သည်များအတွက် အထူးမီနူးတစ်ခုကို ပြင်ဆင်ထားခဲ့သည်။ လူတိုင်း၏ အကြိုက်ဆုံး ဟင်းပွဲများမှာ စားပွဲပေါ်တွင် အစုံအလင် ရှိနေသည်။
ကြက်သားစပ်ကြော်၊ မာပိုတိုဖူး၊ ဆန်ပြားခေါက်ဆွဲ၊ ငါးချိုချဉ်၊ မုန်လာထုပ်ချဉ်၊ ရွှေရောင်ဟင်းရည်နှင့် မုန်လာထုပ်အနှစ်၊ မီးကင် ဝက်နံရိုး၊ ဝက်ခြေထောက်စိမ်၊ ဝက်ခြေထောက်ဆီသတ်၊ ခရမ်းသီး အသားကပ်၊ ခရမ်းချဉ်သီး ကြက်ဥကြော်၊ ပုစွန်နှင့် တရုတ်နံနံ၊ဝက်သားလုံးဟင်း၊ မှိုနှင့် ဟင်းသီးဟင်းရွက်များ၊ အသီးအရွက်စုံ ဟင်းရွက်သုပ်နှင့် ဝက်သုံးထပ်သား ဆီသတ်တို့ ဖြစ်သည်။