အခန်း (၄၄၄)
Vol. 30 Ch. 444
နောက်ဆုံးတွင် ရှု့ပေါ်ထုန်မှာ ဘေးမသီရန်မခ လွတ်မြောက်သွားခဲ့သည်။ သူ အိမ်စောင့်ပေးရန် မလိုတော့ပေ။ အမှန်မှာ ယန်အမျိုးသမီးထံမှ သတင်းကြားပြီးနောက် ယန်ကျား ကိုယ်တိုင် ချင်းရှောင်းကောထံ လာရောက်ကာ အိမ်စောင့်ပေးရန် အားတက်သရော ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
"ရှင့်ကို ထပ်ပြီး ဒုက္ခပေးရတာ အားနာစရာကြီး"
"ဘာမှမဖြစ်ပါဘူး။ ဒါက ပင်ပန်းတဲ့အလုပ်လည်း မဟုတ်ဘူး၊ ပြီးတော့ ကျွန်တော် ကိုယ်လက်လှုပ်ရှားမှု လုပ်ချင်နေတာနဲ့ အတော်ပဲ။ အခုက ဆောင်းတွင်းဆိုတော့ အိမ်ထဲမှာပဲ တစ်နေကုန် အောင်းနေရတာ ကျွန်တော် မခံနိုင်တော့ဘူး။"
"ဒါဆိုရင် ရှင့်ကိုပဲ ထပ်ပြီး အကူအညီတောင်းရတော့မှာပဲ။"
ချင်းရှောင်းကောက အားနာစွာဖြင့် ပြုံးလိုက်သည်။
ယန်ကျားက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သူသည် ကျွမ်းကျွမ်းဆီမှ စာအုပ်များ ငှားဖတ်နေရသည်ကို အားနာနေသဖြင့် တစ်ခုခု ပြန်ကူညီခွင့်ရရန် မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။
"အစ်မရှောင်းကော၊ ကျွန်မတို့ ဘယ်တော့ ထွက်ကြမှာလဲ?"
ချင်းရှောင်းကော အိမ်ထဲသို့ ဝင်လာသည်ကို မြင်လျှင် ရှောင်ကျူးနှင့် ယွီလင်းတို့က စိတ်အားထက်သန်စွာ မေးလိုက်ကြသည်။
သူတို့နှစ်ယောက်စလုံး မြို့တော်သို့ တစ်ခါမှ မရောက်ဖူးကြပေ။ တွေးကြည့်ရုံနှင့်တင် သူတို့ စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။
ကောင်မလေးနှစ်ယောက်မှာ သူမ၏ လက်မောင်းတစ်ဖက်စီကို ဆွဲကာ ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းလိုက်ကြသည်။
"သဘက်ခါ ထွက်ကြမယ်လေ။"
ယခုအချိန်မှာ အတော်လေး နောက်ကျနေပြီဖြစ်ရာ ဒီနေ့ ထွက်ရန် မဖြစ်နိုင်တော့ပေ။ မနက်ဖြန်တွင် ကျွမ်းကျွမ်းကို သွားကြိုရဦးမည်ဖြစ်ပြီး အထုပ်အပိုးများလည်း ပြင်ဆင်ရဦးမည်။ ထို့ကြောင့် သဘက်ခါမှသာ ထွက်ခွာနိုင်မည် ဖြစ်သည်။
"ဝိုး! ကောင်းလိုက်တာ! မြို့တော်မှာလည်း အခုက ဆောင်းတွင်းပဲလားဟင်?"
"ညီမတို့တွေ အဝတ်အစား လှလှလေးတွေ ယူသွားဖို့ လိုမလား? အဲဒါ မြို့တော်ကြီးလေ။"
"မြို့တော်က လူတွေက ညီမတို့တွေလိုပဲ ပုံစံတူလား?"
"မြို့တော်က အရမ်း စည်ကားမှာလား? လမ်းပေါ်မှာ ညီမတို့မြို့နယ်ထက် လူတွေ ပိုများမှာလား?"
"မြို့တော်ကြီးက..."
ချင်းရှောင်းကောမှာ မတတ်သာဘဲ နားကို ပိတ်ထားလိုက်ရသည်။ သူမ သူတို့၏ မေးခွန်းများကို ဖြေချင်သော်လည်း ကောင်မလေးနှစ်ယောက်က သူမကို စကားပြောခွင့်ပင် မပေးကြချေ။
"တော်ပြီ၊ တော်ပြီ၊ တော်ကြပါတော့..."
ချင်းရှောင်းကောသည် သူမ၏ လက်နှစ်ဖက်ဖြင့် ကောင်မလေးများ၏ ပါးစပ်ကို ပိတ်လိုက်သည်။ ထိုခဏတွင် ကမ္ဘာကြီးမှာ ငြိမ်သက်သွားသလို သူမ ခံစားလိုက်ရသည်။
"မြို့တော်က တခြားနိုင်ငံမှာ ရှိတာ မဟုတ်ပါဘူး။ ရှောက် တိုင်းပြည်ရဲ့ အစိတ်အပိုင်းပဲဆိုတော့ အဲဒီမှာလည်း ဆောင်းတွင်းပဲပေါ့။ အနွေးထည်တွေ ယူခဲ့ကြ။ တို့တွေ နှစ်သစ်ကူးပြီးမှ ပြန်လာကြမှာ။"
"မြို့တော်ဆိုတာ ဧကရာဇ်မင်းမြတ် စံမြန်းရာနေရာဆိုတော့ တခြားနေရာတွေထက် ပိုစည်ကားတာပေါ့။ လူဦးရေလည်း ပိုထူထပ်တယ်၊ လူတွေလည်း ပိုပြီး ချမ်းသာကြတယ်။ သူတို့မှာလည်း မျက်လုံးနှစ်လုံး၊ နှာခေါင်းတစ်ဖက်၊ ပါးစပ်တစ်ပေါက်နဲ့ နားရွက်တွေ ရှိကြတာပါပဲ..."
သူတို့၏ ရယ်စရာကောင်းသော မေးခွန်းများကို ဖြေပြီးနောက် ချင်းရှောင်းကော သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သူတို့၏ မေးခွန်းများမှာ ဖြစ်လေ့ဖြစ်ထရှိသည့်အရာပင်။ သူမ မြို့တော်သို့ ပထမဆုံးအကြိမ် သွားခဲ့စဉ်ကလည်း အလွန် သိချင်စိတ် ပြင်းပြခဲ့ဖူးသည်ကို သတိရမိသည်။ ရှောင်ကျူးနှင့် ယွီလင်းတို့မှာ သူမထက် ငယ်သေးသဖြင့် သူတို့၏ စိတ်ထဲတွင် ပို၍ သိချင်နေမည်မှာ အမှန်ပင်။
—-
နောက်တစ်နေ့ မနက်တွင် ရှောင်ကျူးနှင့် ယွီလင်းတို့က အိမ်တွင်နေ၍ အထုပ်အပိုးများ ပြင်ဆင်ရန်နှင့် တိရစ္ဆာန်များအတွက် အစာကျွေးရန် တာဝန်ယူကျန်ရစ်ခဲ့သည်။
ချင်းရှောင်းကော တစ်ယောက်တည်း မြို့နယ်အတွင်းသို့ ရောက်လာခဲ့သည်။
သူမသည် ဦးစွာ ခေါက်ဆွဲဆိုင်သို့သွားကာ ချင်းအန်းမင်ကို အသိပေးခဲ့သည်။ သို့သော် သူမ မထင်မှတ်ထားသည်မှာ သူက ပြင်းပြင်းထန်ထန် ကန့်ကွက်နေခြင်းပင်။ ချင်းရှောင်းကော မည်သို့ပင် ဖျောင်းဖျစေကာမူ သူက လုံးဝ သဘောမတူပေ။
"အစ်ကို... ဘာလို့လဲ?"
ချင်းရှောင်းကောမှာ ရူးချင်စိတ်ပင် ပေါက်လာသည်။ သူမ၏ မျက်ခုံးနှစ်ဖက်မှာ ခေါင်းဖြတ်ကောင်လေးကဲ့သို့ တွန့်ချိုးနေတော့သည်။
"မရဘူးဆို မရဘူးပဲ။ မိန်းကလေး တစ်ယောက်တည်း ကလေး သုံးယောက်ကို ခေါ်ပြီး မြို့တော်အထိ သွားဖို့ဆိုတာ အရမ်း အန္တရာယ်များလွန်းတယ်။"
"အရင်တစ်ခါတုန်းကလည်း ကျွန်မ သွားခဲ့တာပဲလေ။"
"အဲဒါက မတူဘူး။ အရင်တစ်ခါတုန်းက မြို့နယ်အရာရှိနဲ့ အစောင့်တွေ ပါလို့ပေါ့။ အခုနဲ့ ဘယ်လိုလုပ် အတူတူ ဖြစ်နိုင်မှာလဲ?"
ချင်းရှောင်းကောသည် စားပွဲပေါ် မှီချလိုက်ပြီး သူမ၏ ခေါင်းကို မတတ်သာဘဲ ပွတ်နေမိသည်။
"ကျွန်မ ဆက်သွယ်ရေးစခန်းက မြင်းရထားမောင်းသူကို လိုက်ပို့ခိုင်းဖို့ ပြောထားပြီးသားပါ။ အရမ်း ဘေးကင်းပါတယ်။ တကယ်ပါ။"
"မင်း ခရိုင် အပြင်ဘက်က အခြေအနေကို သိလို့လား?"
ချင်းအန်းမင်က လှည့်ကြည့်ကာ ထူးထူးခြားခြား တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။ "ယုံဟိုင် ခရိုင်က ဘေးကင်းနေရုံနဲ့ တခြားနေရာတွေလည်း ဘေးကင်းမယ်လို့ မထင်နဲ့!"
"အပြင်မှာ ဓားပြတွေ အများကြီး ရှိနေတာ မင်းသိလား? တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?!"
"မင်းက မိန်းကလေး တစ်ယောက်တည်း ကလေး သုံးယောက်ကို ခေါ်ပြီး ခရီးသွားဖို့ လုပ်နေတာ၊ ဘယ်လိုတောင် ဆင်ခြင်တုံတရား မရှိရတာလဲ? လမ်းမှာ တစ်ခုခု ဖြစ်သွားရင်ကော? အရင်တစ်ခါ သင်္ချိုင်းကို မြို့တော်ဆီကို ပြောင်းတုန်းက လူတွေ အများကြီး အတူတူ သွားလို့သာ ငါ စိတ်အေးခဲ့တာ။ အခုကျမှ မင်းက တစ်ယောက်တည်း သွားဖို့ ကြံနေတယ်။ မင်း သိလား..."
"မင်း လူကြီးဖြစ်လာပြီလို့ ငါ အမြဲ ထင်ခဲ့တာ၊ ဒါပေမဲ့ မင်းက ကလေးဆန်နေတုန်းပဲ..."
ချင်းအန်းမင်သည် ယခုကဲ့သို့ တည်ကြည်ပြတ်သားစွာ စကားပြောလေ့မရှိပေ။ ယခုတစ်ခါတွင်မူ သူသည် အလွန်ပင် ခိုင်မာနေသည်။ ညှိနှိုင်းရန် နေရာ လုံးဝမရှိချေ။
သူ၏ ပြတ်သားသော အမူအရာကို မြင်သောအခါ ချင်းရှောင်းကောမှာ အနည်းငယ် ဝမ်းနည်းသွားမိသည်။ သို့သော် သူမ အရှုံးမပေးဘဲ ဆက်ညှိနှိုင်းနေပြန်သည်။
"အစ်ကို၊ ရပါတယ်။ အစိုးရ လမ်းကြောင်းအတိုင်း သွားမှာလေ။ အဲဒီမှာ ဘာအန္တရာယ်မှ မရှိဘူးလို့ မြင်းရထားသမားက ပြောပါတယ်။"
သူမ စကားမဆုံးခင်မှာပင် ချင်းအန်းမင်က ကြားဖြတ်ကာ "မရဘူး" ဟု ပြောလိုက်သည်။
"အစ်ကို!"
"မရဘူးဆို မရဘူးပဲ!"
"အစ်ကိုကြီး!!"
ချင်းရှောင်းကော စိတ်တိုလာတော့သည်။ ဘာကြောင့် သွားခွင့်မပြုရသည်ကို သူမ နားမလည်နိုင်ပေ။ ၎င်းမှာ ထိုမျှအထိ ကြီးကျယ်သော ကိစ္စမဟုတ်ဟု သူမ ထင်သည်။
ချင်းအန်းမင်ကတော့ မလှုပ်မယှက်ပင်။ သူသည် သူမဘက်မှ မျက်နှာလွှဲလိုက်ပြီး သူ၏ အလုပ်များကိုသာ ဆက်လုပ်နေသည်။
ချင်းရှောင်းကောမှာ ဝမ်းနည်းသည်ထက် ပို၍ ဇဝေဇဝါ ဖြစ်နေရသည်။ သူမအပေါ် အမြဲ လိုက်လျောပေးလေ့ရှိသောသူက ယနေ့တွင် ဘာကြောင့် ဤမျှ အဓိပ္ပာယ်မရှိဘဲ ခေါင်းမာနေရသနည်းဟု နားမလည်နိုင်ပေ။
ထိုအချိန်တွင် ရူယီက ဖျန်ဖြေပေးရန် အမြန် ရောက်လာသည်။ သူမက ချင်းရှောင်းကောကို သူမ၏ အခန်းထဲသို့ ဆွဲခေါ်သွားသည်။
"လာပါ၊ ရေသောက်လိုက်ဦး။"
ချင်းရှောင်းကောသည် ရေခွက်ကို ယူကာ အဝသောက်လိုက်သည်။ သူမ၏ မျက်နှာမှာ စိတ်ပျက်နေဆဲပင်။
ရူယီက သူမကို အကြာကြီး ကြည့်နေပြီးမှ ရုတ်တရက် ရယ်မောလိုက်သည်။
"ကျွန်မ စိတ်ထဲမှာ အစ်မရှောင်းကောကို အမြဲတမ်း လူကြီးတစ်ယောက်လို သတ်မှတ်ထားတာ။ ဒါပေမဲ့ ဒီနေ့ အစ်ကိုအန်းမင် ဆူတာ ခံနေရတဲ့ အစ်မပုံစံက ကောင်မလေး တစ်ယောက်နဲ့ အတော်တူတာပဲ။ ဟားဟား။"
ချင်းရှောင်းကောမှာ မခံနိုင်တော့ဘဲ ရူယီကို မျက်စောင်းထိုးလိုက်သည်။ "မင်းရဲ့ အစ်ကိုအန်းမင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ ကြည့်ဦး။ ကျွန်မ ပြန်ပြောဖို့တောင် နေရာ မရှိဘူး။"
"အစ်မ ပြန်ပြောတာလည်း အတော်များပါတယ်" ဟု ရူယီက အမှန်အတိုင်း ပြောချလိုက်သည်။
ချင်းရှောင်းကောက စူးစူးရဲရဲ စိုက်ကြည့်လိုက်သဖြင့် ရူယီမှာ လန့်သွားပြီး ချက်ချင်း စကားလမ်းကြောင်းလွှဲကာ ချင်းအန်းမင်ကို အပြစ်တင်စကားများ ပြောတော့သည်။
ချင်းရှောင်းကော စိတ်တည်ငြိမ်သွားသည့်အခါတွင်မှ ရူယီက ချင်းအန်းမင်၏ ဘက်မှ ရှင်းပြတော့သည်။ "လွန်ခဲ့တဲ့ ရက်ပိုင်းက လူ သုံးယောက်ပါတဲ့ မိသားစုတစ်စု ဒုက္ခရောက်ပြီး ယုံဟိုင်ခရိုင်ကို ရောက်လာခဲ့တယ်။ သူတို့တွေ ကျွန်မတို့ ခေါက်ဆွဲဆိုင်မှာ အစာ လာတောင်းကြတယ်။ သူတို့ကို သနားလို့ အစ်ကိုအန်းမင်က သူ့ပိုက်ဆံနဲ့သူ ခေါက်ဆွဲ သုံးပွဲ ဝယ်ကျွေးခဲ့တယ်။"
"စကားစပ်မိလို့ မေးကြည့်တော့မှ သူတို့က ပင်းတု မြို့ကနေ မြို့တော်မှာရှိတဲ့ ဆွေမျိုးတွေဆီ လာရှာကြတာတဲ့။ ဒါပေမဲ့ အစိုးရ လမ်းကြောင်းအတိုင်း လာနေတုန်းမှာ ဓားပြတွေနဲ့ တိုးခဲ့ကြတယ်။ လုယက်ခံရ၊ အရိုက်ခံရတာအပြင် အသက် ၁၅ နှစ်ပဲ ရှိသေးတဲ့ သူတို့သမီးလေးတောင် အဓမ္မပြုကျင့်ခံရလုနီးပါး ဖြစ်ခဲ့ရတယ်။ ကံကောင်းလို့ လူတစ်စု ဖြတ်သွားလို့သာ သူတို့ လွတ်လာခဲ့တာ။"
"ဒါကြောင့် အစ်ကိုအန်းမင်က အစ်မကို တစ်ယောက်တည်း မြို့တော်အထိ မသွားစေချင်တာ။ ဓားပြနဲ့တိုးဖို့ ခဲယဉ်းတယ်ဆိုပေမဲ့ သတိထားတာ အကောင်းဆုံးပဲလေ။ အစ်မဘေးမှာ အစောင့်အရှောက် တစ်ယောက်မှ မပါဘဲ ခရီးသွားရင် သူ စိတ်အေးမှာ မဟုတ်ဘူး။ အစ်မကို တစ်ခုခု ဖြစ်သွားမှာကို အစ်ကိုအန်းမင်က အရမ်းကြောက်တာ။ အခုက မငြိမ်မသက် ဖြစ်နေတဲ့ အချိန်လေ။"
"အရင်တစ်ခါ အစ်မ မြို့တော်ကို သွားတုန်းက စစ်သားတွေ ပါသွားတာတောင် အစ်ကိုအန်းမင်က အစ်မအတွက် စိုးရိမ်လွန်းလို့ ထမင်းမေ့ ဟင်းမေ့ ဖြစ်ခဲ့တာ။ နေ့တိုင်း အားတဲ့အချိန်ဆိုရင် ဆက်သွယ်ရေးစခန်း (ဒါမှမဟုတ်) ခရိုင်ရုံးကို သွားပြီး မြို့တော်က ပြန်လာတဲ့ လူတွေဆီကနေ အစ်မသတင်းကို စုံစမ်းနေခဲ့တာ။"
ရူယီ ပြောပြလေလေ ချင်းရှောင်းကော ပိုပြီး စိတ်မကောင်းဖြစ်လာလေလေပင်။ ချင်းအန်းမင်သည် သူမကို ချစ်သောကြောင့်သာ ကာကွယ်ပေးချင်နေခြင်းဖြစ်ကြောင်း သူမ သဘောပေါက်သွားသည်။ သူ့အပေါ် စိတ်တိုခဲ့မိသည့်အတွက် သူမ အပြစ်ရှိသလို ခံစားလိုက်ရသည်။
ရူယီက စကားပြောရင်း ရုတ်တရက် ရပ်လိုက်ကာ ချင်းရှောင်းကော၏ မျက်နှာပေါ်မှ မျက်ရည်များကို ပျာပျာသလဲ သုတ်ပေးလိုက်သည်။
"မငိုပါနဲ့တော့။ ကျွန်မ ဆက်မပြောတော့ပါဘူး။"
"ရပါတယ်။ အကုန်လုံးက ငါ့ အမှားတွေပါ။"
ချင်းရှောင်းကောက သူမ၏ လက်အင်္ကျီဖြင့် မျက်ရည်များကို သုတ်လိုက်သည်။ "ငါ အစ်ကို့ဆီ အခုပဲ သွားလိုက်ဦးမယ်။ ကျေးဇူးတင်ပါတယ် ရူယီ။ မင်းသာ ဒီအကြောင်းတွေ ပြောမပြရင် ငါ သိမှာ မဟုတ်ဘူး။"
ချင်းအန်းမင်ကတော့ ရူယီ ပြောပြသည့် အကြောင်းအရာများကို သူမအား ပြောပြမည် မဟုတ်သည်မှာ သေချာသည်။ သူသာ အစကတည်းက အကြောင်းရင်းကို သေသေချာချာ ရှင်းပြခဲ့လျှင် နားလည်မှုလွဲစရာ အကြောင်း ရှိမည်မဟုတ်ပေ။
"သွားပါ၊ သွားပါတော့။"
သူမ ချင်းအန်းမင်ဆီ သွားမည်ဟု ကြားသောအခါ ရူယီက ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။ သူတို့ နှစ်ယောက်မှာ တစ်ဦးအပေါ်တစ်ဦး အလွန် ဂရုစိုက်ကြသူများဖြစ်ရာ ရန်မဖြစ်သင့်ကြပေ။
ချင်းရှောင်းကောသည် မျက်ရည်များကို သုတ်ကာ တံခါးဖွင့်ပြီး ထွက်လာခဲ့သည်။ နှစ်လှမ်းခန့် လျှောက်လိုက်သည်နှင့် အဝေးတွင် စောင့်နေသော ချင်းအန်းမင်ကို တွေ့လိုက်ရသည်။
တံခါးပွင့်သံကို ကြားလျှင် သူသည် ထိုနေရာမှာတင် တောင့်ခဲသွားသည်။ အတန်ကြာမှ သူ လှည့်ကြည့်ကာ တုံ့ဆိုင်းစွာဖြင့် ခေါ်လိုက်သည်။ "ရှောင်းကော..."
"အစ်ကို၊ ကျွန်မ တောင်းပန်ပါတယ်။"
ချင်းအန်းမင်မှာ မှင်သက်သွားသည်။ သူက တောင်းပန်ရန် ပြင်နေစဉ်မှာပင် ချင်းရှောင်းကောက သူ့ထက် အရင်ဦးအောင် တောင်းပန်လိုက်ခြင်း ဖြစ်သည်။
"ကျွန်မက အရမ်း ကလေးဆန်ခဲ့လို့ ဒါတွေ အကုန်လုံး ဖြစ်ရတာပါ။ အစ်ကို ပြောတာ မှန်ပါတယ်။ ဒီကမ္ဘာကြီးမှာ အန္တရာယ်တွေက နေရာတိုင်းမှာ ရှိနေတာပဲ။ ကျွန်မက အားနည်းတဲ့ မိန်းမတစ်ယောက် ဖြစ်နေပြီးတော့ ကလေး သုံးယောက်ကို ခေါ်ပြီး တစ်ယောက်တည်း သွားဖို့ ကြံစည်ခဲ့တာ။ ကျွန်မ စိတ်လိုက်မာန်ပါ လုပ်မိပြီး ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို မစဉ်းစားမိခဲ့ဘူး။ အစ်ကိုက ကျွန်မ ကောင်းဖို့အတွက် လုပ်ပေးတာပါ။ ကျွန်မ အစ်ကို့ကို စိတ်မတိုသင့်ဘူး။ ပြီးတော့..."
တစ်ဖက်လူက ဘာမှ ပြန်မပြောသည်ကို မြင်သောအခါ သူမ၏ မျက်ရည်များမှာ ပိတ်၍မရသော ရေဘုံဘိုင်ကဲ့သို့ ပြန်ကျလာပြန်သည်။ သူမ စကားပြောလေလေ မျက်ရည်များ ပိုထွက်လာလေလေ ဖြစ်နေတော့သည်။