← Chapters

အခန်း (၄၄၈)

Vol. 30 Ch. 448

အခန်း (၄၄၈)

Vol. 30 Ch. 448

လီရှို့ကျီ က ထိုစကားများကို တည်ငြိမ်သော မျက်နှာပေးဖြင့် ပြောလိုက်သဖြင့် ချင်းရှောင်းကောမှာ ချွေးစေးများပင် ထွက်လာခဲ့သည်။ ဘေးနားတွင် ရှိနေသော အခြားသူများလည်း စိုးရိမ်တကြီး ဖြစ်သွားကြသည်။

သူတို့၏ တည်ကြည်သော မျက်နှာပေးများကို မြင်သောအခါ လီရှို့ကျီမှာ ရယ်ချင်သွားပြီး တဟားဟား အော်ရယ်တော့သည်။ အဝအော်ရယ်ပြီးနောက် သူက ရှင်းပြခဲ့သည်။

"သူ နေကောင်းကျန်းမာပါတယ်။ ကျွန်တော် ဆိုလိုတာက သူ့နှလုံးသားအကြောင်းပါ။ အဲဒီနှလုံးသားက ပြင်းထန်တဲ့ အလွမ်းရောဂါ ခံစားနေရတာလေ။"

ချင်းရှောင်းကောသည် အစပိုင်းတွင် သူဘာပြောလိုသည်ကို နားမလည်ခဲ့ပေ။ လူတိုင်း၏ စနောက်လိုသော မျက်နှာပေးများကို မြင်လိုက်ရသည့် အချိန်ကျမှသာ သူမ သဘောပေါက်သွားတော့သည်။

'အလွမ်းရောဂါ? ကျန်းတန်းဟယ်က သူမကို လွမ်းနေတာလား?'

ထိုသို့ တွေးမိသည်နှင့် သူမ၏ သွေးကြောထဲတွင် သွေးများ အရှိန်အဟုန်ဖြင့် လှည့်ပတ်သွားသလို ခံစားလိုက်ရပြီး ရှက်ကိုးရှက်ကန်းနှင့် နှုတ်ခမ်းကို ဖိထားမိသည်။

သူမ စိတ်လှုပ်ရှားနေစဉ်မှာပင် ကျွမ်းကျွမ်းကို ငုံ့ကြည့်ရန် မမေ့ခဲ့ပေ။ ကောင်လေးကမူ သူမကို ဇဝေဇဝါဖြင့်သာ မော့ကြည့်နေသည်။ သူက လူကြီးတွေကြားက အချစ်ရေးကိစ္စတွေကို နားလည်ရန် ငယ်လွန်းသေးသည် မဟုတ်ပါလား။

ကျွမ်းကျွမ်းက လီရှို့ကျီ ပြောသည်ကို နားမလည်မှန်း မြင်သောအခါ ချင်းရှောင်းကော စိတ်အေးသွားသည်။ သူမက တည်တည်ငြိမ်ငြိမ် အမူအရာလုပ်ကာ ပြုံးလျက် "စကားတွေကို လျှောက်မပြောပါနဲ့" ဟု ဆိုလိုက်သည်။

လီရှို့ကျီသည် ကျွမ်းကျွမ်း ရှိနေသည်ကို သိသဖြင့် ထပ်မပြောတော့ပေ။ သို့သော် ကျန်းတန်းဟယ် အလွမ်းရောဂါ ရနေသည်ဆိုသည်မှာ သူ လိမ်ပြောနေခြင်း မဟုတ်သည်ကတော့ အမှန်ပင်။

သူတို့တစ်ဖွဲ့လုံး ခရီးပန်းလာကြပြီ ဖြစ်သည်။ လီရှို့ကျီက သူတို့အတွက် အခန်းများကို အမြန်စီစဉ်ပေးလိုက်ရာ အားလုံးက နီးနီးကပ်ကပ်ပင် ရှိကြသည်။ အိတ်များကို ချပြီးနောက် သူတို့ မနားကြသေးဘဲ စကားပြောရန် စုဝေးလိုက်ကြသည်။

ရှု့ပေါ်ထုန်က မြို့တော်အကြောင်း ပိုသိချင်သဖြင့် လီရှို့ကျီနှင့် အစပြုကာ စကားပြောသည်။ သူတို့နှစ်ဦး ရင်းနှီးသွားသောအခါ ကျန်သည့်လူများလည်း တဖြည်းဖြည်း ရောက်လာပြီး ဝိုင်းဖွဲ့ကြသည်။

"တန်းဟယ် ဘယ်တော့ ပြန်လာမလဲ?"

ချင်းအန်းမင်ကို လီရှို့ကျီက ပြန်ဖြေသည်။ "ဒါကတော့ ကျွန်တော် သေချာမသိဘူး။ အဆင်ပြေရင်တော့ ညနေပိုင်း ပြန်ရောက်မယ်။ မဟုတ်ရင်တော့ ညမှ ပြန်လာလိမ့်မယ်။ နောက်မှ ကျွန်တော် တစ်ချက် စုံစမ်းပေးရမလား?"

နောင်တွင် သူသည် ကျန်းတန်းဟယ်နှင့်အတူ ဇာတိရွာသို့ လိုက်သွားရန် အလားအလာ ရှိနေသည်။ ချင်းအန်းမင်က ကျန်းတန်းဟယ်၏ ယောက်ဖဖြစ်သဖြင့် သူ့အတွက်လည်း ညီအစ်ကိုအရင်းအချာကဲ့သို့ ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် သူ၏ မေးခွန်းမှန်သမျှကို သေသေချာချာ ဖြေကြားပေးရန် လိုအပ်သည်။

"ထားလိုက်ပါတော့။ ငါတို့ ဒီမှာ ရှိနေတာကို သူ သိသွားရင် မကောင်းဘူး။"

ချင်းအန်းမင်က ပြုံးလျက် ခေါင်းခါလိုက်သည်။ သူ့ယောက်ဖသည် ချင်းရှောင်းကောနှင့် ခွဲခွာသွားပြီးကတည်းက အလွန် အာရုံစူးစမ်းလွယ်သူ ဖြစ်လာသည်။ အကယ်၍ တစ်စုံတစ်ယောက်က ပေါ့ဆပြီး သံသယဖြစ်စရာ တစ်ခုခု လုပ်မိလျှင် သူက သဲလွန်စနောက် လိုက်ပြီး အမှန်တရားကို ချက်ချင်း သိသွားပေလိမ့်မည်။ သူသည် ချင်းရှောင်းကော အနားမှာ ရှိနေချိန်မှသာ စဉ်းစားဉာဏ်မရှိသည့် လူအနုံအဖျင်းလေးအဖြစ် ပြောင်းလဲသွားတတ်သူ ဖြစ်သည်။

လီရှို့ကျီကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ခဲ့သည်။ ဟုတ်ပေသည်၊ ပါးနပ်လှသော ကျန်းတန်းဟယ်ကို ဤအကြောင်း မသိစေရပေ။ လျှို့ဝှက်ချက်ကို အဆုံးထိ ထိန်းသိမ်းရမည်။

သူတို့အဖွဲ့ ရောက်လာချိန်မှာ နေ့လယ်စာစားချိန် ဖြစ်သည်။ နောက်ဖေးခြံဝင်းမှ စားဖိုမှူးများသည် ချင်းရှောင်းကော ရောက်နေသည်ဟု ကြားသောအခါ သူမကို ချက်ချင်း တွေ့ချင်ဇောဖြင့် အလွန် စိတ်အားထက်သန်နေကြသည်။ သို့သော် အလုပ်များနေသဖြင့် အရင်ပြီးအောင် လုပ်နေကြရသည်။

အလုပ်တွေပြီးသောအခါ စားဖိုမှူးနှစ်ဦးသည် ဟင်းပွဲများ လာချပေးသည့် အကြောင်းပြချက်ဖြင့် ခန်းမထဲသို့ ပျော်ရွှင်စွာ ရောက်လာကြသည်။ ဟင်းပွဲများ ချပေးရင်း သူတို့၏ သခင်မကို နှုတ်ဆက်ကြသည်။

သူတို့နှစ်ဦးသည် သခင်မကို စိတ်ရင်းမှန်ဖြင့် လွမ်းဆွတ်နေကြခြင်း ဖြစ်သည်။ အတူတူရှိချိန် များများစားစား မရှိခဲ့သော်လည်း သူမကို အလွန် သဘောကျကြသည်။

သူတို့နှစ်ဦးသည် စားဖိုမှူးအဖြစ် လုပ်သက်ကြာပြီဖြစ်ပြီး အခြားနေရာများစွာတွင်လည်း လုပ်ဖူးကြသည်။ စစ်သူကြီး အိမ်တော်သည်သာ သူတို့ကို ခွဲခြားဆက်ဆံမှုမရှိဘဲ လူလူချင်း တန်းတူဆက်ဆံသည့် တစ်ခုတည်းသော နေရာဖြစ်သည်။ ထို့ကြောင့် သူတို့သည် နေ့စဉ်မနက်တိုင်း အလုပ်လာရသည်ကို ပျော်ရွှင်ပြီး စိတ်အားထက်သန်နေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့်အကြိမ်က သခင်မ ပေးထားခဲ့သော ဟင်းချက်နည်းများကို သူတို့ အကုန်စမ်းချက်ဖူးသော်လည်း အရသာမှာ တစ်ခုခု လိုနေသလို ခံစားနေရသည်။ ထို့ကြောင့် သခင်မကိုယ်တိုင် ချက်ပြသည်ကို ကြည့်ချင်နေကြခြင်း ဖြစ်သည်။ အကြာကြီး စောင့်ခဲ့ရပြီးနောက် သူတို့၏ ဆန္ဒ ပြည့်ဝသွားပြီ ဖြစ်သဖြင့် သူမကို မြင်ရသည်မှာ အတိုင်းထက်အလွန် ဝမ်းသာနေကြတော့သည်။

ချင်းရှောင်းကောနှင့် အခြားသူများ အိမ်တော်သို့ ရောက်လာသဖြင့် စားဖိုမှူးနှစ်ဦးသည် စားပွဲအပြည့် ဟင်းပွဲများ ဖြစ်အောင် ကြိုးစားချက်ပြုတ်ခဲ့ကြသည်။

ချင်းရှောင်းကောက စားဖိုမှူးများကိုလည်း အတူတူ စားရန် ဖိတ်ခေါ်သော်လည်း၊ သူတို့တွင် မီးဖိုချောင်၌ အလုပ်များစွာ ကျန်နေသေးသဖြင့် နှမြောတသစွာဖြင့်ပင် ထွက်ခွာသွားကြရသည်။

ထမင်းစားပွဲတွင် လီရှို့ကျီသည် ထမင်းစားရင်း တစ်ခုခုကို သတိရသွားသည်။ "မရီး၊ ဒီတစ်ခါရော ပြန်ဦးမှာလား?"

"အင်း၊ နွေဦးပွဲတော်ပြီးရင် ပြန်မှာပါ။"

ကျွမ်းကျွမ်း၏ ပန်းကန်ထဲသို့ ဟင်းများ ထည့်ပေးပြီးနောက် ချင်းရှောင်းကောသည် သက်ပြင်းချသံကို ကြားလိုက်ရသည်။ သူမက လီရှို့ကျီကို မော့ကြည့်ပြီး "ဘာဖြစ်လို့လဲ?" ဟု မေးလိုက်သည်။

"နှမြောလို့ပါ။ မရီးသာ ဒီမှာ နေရင် ကျွန်တော် နေ့တိုင်း အရသာရှိတဲ့ ဟင်းတွေ စားရမှာ" လီရှို့ကျီက သနားစဖွယ် ပြောခဲ့သည်။ သို့သော်လည်း သူက ချက်ချင်း ပြန်ပြုံးလိုက်သည်။ "ရပါတယ်၊ အနည်းဆုံးတော့ နောက်နှစ်အထိ ကျွန်တော် ဟင်းကောင်းတွေ စားရဦးမှာပဲ။ ဟုတ်တယ်မလား မရီး?"

ချင်းရှောင်းကောမှာ မတတ်သာသလို ခံစားလိုက်ရပြီး "ငါက ဟင်းချက်ဖို့ လာတာလား" ဟုပင် ပြောချင်သွားမိသည်။ သို့သော် သူမ ဘာမှမပြောရသေးမီမှာပင် လီရှို့ကျီ၏ တောက်ပနေသော မျက်လုံးများကြောင့် သူမ လန့်သွားသည်။

သူမ၏ လည်ချောင်းထဲတွင် စကားလုံးများ တစ်ဆို့သွားပြီး ဘာမှမပြောဘဲ ခေါင်းညိတ်ကာ သဘောတူလိုက်ရတော့သည်။

လီရှို့ကျီ၏ မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။ သူ ဘာမှမပြောသော်လည်း ရှိနေသူတိုင်း သူဘာတွေးနေသည်ကို သိကြသည်။ ၎င်းကို စကားလုံး သုံးလုံးနှင့် အနှစ်ချုပ်ရလျှင် "အရမ်း မိုက်တယ်..." ဟူ၍ ဖြစ်သည်။

"ဒီနေ့ ညနေ ဈေးသွားရအောင်!"

ထမင်းစားပွဲတွင် ရူယီက သူမ၏ တူကို ချလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

မြို့တော်သို့ လာနေစဉ်တွင် အစောင့်စစ်သည်က လူအုပ်နှင့် ဝေးစေရန် တောလမ်းကို ရွေးချယ်ခဲ့သည်။ သို့သော်လည်း နှစ်သစ်ကူးဈေးပွဲတော်သို့ သွားနေကြသည့် လူအမြောက်အမြားနှင့် ကြုံခဲ့ရသေးသည်။ မြို့တော်သည် စည်ကားပြီး သာယာဝပြောသော နေရာဖြစ်သည်ဟူသော ၎င်း၏ ကျော်ကြားမှုနှင့်အညီပင်။

ရူယီသည် မြို့တော်ထဲသို့ ဝင်လာကတည်းက ဈေးပွဲတော်အကြောင်းကိုပဲ တွေးနေမိသည်။ သူမ၏ တစ်သက်တာတွင် ယုံဟိုင် ခရိုင်ရှိ ဈေးကိုသာ ရောက်ဖူးသည်။ သူမ၏ ဘဝတွင် ခရိုင်မြို့၏ ပြင်ပသို့ ထွက်ခွာနိုင်လိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ဖူးပေ။ မြို့တော်သို့ လာရာလမ်းတွင် အရွယ်အစား အမျိုးမျိုးရှိသော ဈေးများကို တွေ့ခဲ့ရပြီး သူမ မြင်သမျှအရာအားလုံးက သူမကို မျက်စိပွင့်သွားစေခဲ့သည်။

မြို့တော်၏ ဈေးတံခါးဝကို ဖြတ်ကျော်ပြီး တစ်ချက်ကြည့်လိုက်ရရုံနှင့်ပင် ထိုနေရာ၏ စည်ကားသော အငွေ့အသက်ကို သူမ မမေ့နိုင်ဖြစ်နေတော့သည်။

ထိုအချိန်တွင် ချင်းရှောင်းကော ထမင်းစားပြီးသွားပြီ ဖြစ်သည်။ သူမက ရူယီကို မတတ်သာသလို ကြည့်လိုက်ပြီး "မပင်ပန်းဘူးလား?" ဟု မေးလိုက်သည်။

"မပင်ပန်းပါဘူး၊ အပြင်သွားရတာ အရမ်း ပျော်ဖို့ကောင်းတာကို!"

ရူယီက အခြားသူများ ကြားသွားမည်ကို ရှက်ပုံရသဖြင့် သူမ၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

ရူယီ၏ ထွက်သက်ကြောင့် ယားကျိကျိ ဖြစ်သွားသော နားကို ချင်းရှောင်းကော ပွတ်လိုက်ပြီး အခြားသူများကို ကြည့်လိုက်သည်။ "ရှင်တို့ကော နားကြမလား၊ ဈေးသွားကြမလား?"

ချင်းအန်းမင်က ရူယီကို ကြည့်ပြီး ပြောလိုက်သည်။ "ငါကတော့ နားချင်တယ်"

ရှု့ပေါ်ထုန်ကလည်း ချက်ချင်း ဝင်ပြောလိုက်သည်။ "ကျွန်တော်လည်း တူတူပဲ!"

"ကျွန်မတို့လည်း နားမှာပါ" ရှောင်ကျူးနှင့် ယွီလင်းတို့က ရူယီကို အားနာသလို ကြည့်ရင်း တပြိုင်နက် ပြောလိုက်ကြသည်။

လူတိုင်း၏ တုံ့ပြန်မှုမှာ ထင်ထားသည့်အတိုင်းပင်။ ချင်းရှောင်းကောကလည်း ခေါင်းညိတ်ပြီး "ကျွန်မလည်း နားမှာပဲ" ဟု ဆိုလိုက်သည်။

မည်သူမျှ သူမဘက်တွင် မရှိတော့သဖြင့် ရူယီသည် စကားမပြောရသေးသော တစ်ဦးတည်းသော လူကို သနားစဖွယ် ကြည့်လိုက်သည်။ "ကျွမ်းကျွမ်း?"

ကျွမ်းကျွမ်းသည် အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။ သူက အစ်မရူယီကို စိတ်မဆိုးစေဘဲ ဘယ်လို ငြင်းရမလဲဟု စဉ်းစားနေခြင်း ဖြစ်သည်။

အတော်ကြာ စဉ်းစားပြီးနောက် သူသည် စကားမပြောတော့ဘဲ သူ၏ အပြုအမူဖြင့်သာ ပြသရန် ဆုံးဖြတ်လိုက်သည်။ ကျွမ်းကျွမ်းသည် အိပ်ချင်ဟန်ဆောင်ကာ သူ့အမေ၏ ပခုံးပေါ်သို့ မှီလိုက်တော့သည်။

ရူယီသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး အားမရှိသလို ပြောလိုက်သည်။ "ကောင်းပါပြီ၊ ကျွန်မလည်း ဒီမှာပဲ နားပါ့မယ်။"

ချင်းရှောင်းကောက သူမကို ဖက်ထားသော ကျွမ်းကျွမ်းကို ဆုချသည့်အနေဖြင့် ပုတ်ပေးလိုက်သည်။ ကောင်လေးကလည်း သူမကို ချစ်စရာကောင်းသော အပြုံးလေး ပြန်ပေးခဲ့သည်။

"အိမ်မှာပဲ အေးအေးဆေးဆေး နားကြပါ။ ဘာပဲဖြစ်ဖြစ် ဈေးပွဲတော်က အကြာကြီး ဖွင့်ထားဦးမှာပဲ။ နောက်နှစ်ရက်လောက်နေမှ သွားလည်း ရပါတယ်" လီရှို့ကျီက ပြောလိုက်သည်။

လီရှို့ကျီ စကားဆုံးသည်နှင့် တစ်ဖွဲ့လုံးက သဘောတူခဲ့ကြသည်။

ရူယီသည် မတတ်သာဘဲ ခေါင်းညိတ်လိုက်သည်။ သူတို့ ပြောတာ မှန်သည်။ လူတိုင်း ခရီးသွားလာရသဖြင့် ပင်ပန်းနေကြပြီ။ ဤအတောအတွင်း ဈေးများစွာကို သူမ ရောက်ခဲ့သဖြင့် သူမ၏ စိတ်လှုပ်ရှားမှုမှာ အနည်းငယ် ထိန်းမရ ဖြစ်သွားခြင်း ဖြစ်သည်။ သူမ၏ စိတ်အခြေအနေကို ဖြည်းဖြည်းချင်း ပြန်ညှိရမည်ဟု သူမ ခံစားလိုက်ရသည်။

ရူယီ၏ စိတ်ဓာတ်ကျနေသော ပုံစံကို မြင်သောအခါ သူတို့အားလုံး ရယ်လိုက်ကြသည်။ "ဒီကလေးမလေးက တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဈေးပတ်ရတာကို ဒီလောက် ဝါသနာပါတာ။ လူငယ်ဘဝက အကောင်းဆုံးပါပဲ။"

'နေဦး၊ ရှောင်ကျူးနဲ့ ယွီလင်းက သူမထက် ငယ်တာ မဟုတ်လား? သူတို့ကျတော့ ဘာလို့ ဈေးပတ်ရတာ မကြိုက်တာလဲ?'

တစ်ယောက်နှင့် တစ်ယောက် ဝါသနာချင်းတော့ မတူနိုင်ကြပေ။

ကျန်းတန်းဟယ်ကို ချင်းရှောင်းကောတို့ ရောက်ရှိလာသည့်အကြောင်း မပြောရန် စီစဉ်ထားသော်လည်း၊ ဘာမှ မပြောဘဲ နေမည်ဆိုလျှင် ဇာတ်လိုက်ကြီး မည်သည့်အချိန်တွင် ပြန်လာမည်ကို မသိနိုင်ပေ။

ထို့ကြောင့် ထောက်ထားစာနာတတ်သော လက်အောက်ငယ်သားဖြစ်သူ လီရှို့ကျီသည် လက်တစ်ချက်ဝေ့ကာ စစ်စခန်းသို့ လူလွှတ်၍ စစ်သူကြီးကို သွားခေါ်ခိုင်းလိုက်သည်။

"ကျွန်တော် ဘာပြောရမလဲ၊ လက်ထောက်စစ်သူကြီး?"

တိုက်တိုက်ဆိုင်ဆိုင်ပင် လီရှို့ကျီသည် အသစ်ဝင်လာသော စစ်သားလေးတစ်ဦးကို ခေါ်လိုက်မိခြင်း ဖြစ်သည်။ ချင်းရှောင်းကောတို့ ရောက်လာချိန်တွင် ထိုစစ်သားလေးမှာ နေ့လယ်စာ စားနေခြင်း ဖြစ်သည်။ သူ ထွက်လာချိန်တွင်လည်း ဘာသတင်းမှ မကြားခဲ့ရသဖြင့် အိမ်တော်သို့ မည်သူရောက်နေသည်ကို သူ မသိပေ။

ကျန်းတန်းဟယ်၏ စစ်သည်များသည် တစ်ခါတရံ အတင်းအဖျင်း ပြောတတ်ကြသော်လည်း သူတို့သည် အလွန် သစ္စာရှိကြသည်။ သူတို့အချင်းချင်း လွတ်လပ်စွာ ပြောဆိုကြသော်လည်း စခန်းပြင်ပသို့မူ မည်သည့်သတင်းမျှ မပေါက်ကြားစေပေ။

ထို့အပြင် ဤစစ်သားလေးမှာ အသစ်ဖြစ်သဖြင့် အခြားစစ်သားများနှင့် မရင်းနှီးသေးပေ။ ထို့ကြောင့် အိမ်တော်တွင် ဖြစ်ပျက်နေသည်များကို မည်သူကမျှ သူ့ကို တကူးတက အပ်ဒိတ်လုပ်ပေးမည် မဟုတ်ပေ။

ထို့ကြောင့် ထိုစစ်သားသစ်လေးသည် စစ်စခန်းသို့ ဇဝေဇဝါနှင့် ရောက်သွားပြီး စစ်သူကြီးနှင့် ထပ်မံ တွေ့ဆုံရတော့သည်။

စစ်သူကြီး၏ အရှိန်အဝါရှိသော အကြည့်များအောက်တွင် ထိုစစ်သားလေး၏ စိတ်မှာ ဗလာဖြစ်သွားသည်။ သူ မှတ်မိသည်မှာ လက်ထောက်စစ်သူကြီး ပြောလိုက်သော စကားတစ်ခွန်းတည်းသာ ရှိသည်။ "သူ့ကို ပြောတဲ့အခါ သေသေချာချာ မပြောဘဲ ဝိုးတဝါးပဲ ပြောလိုက်။"

ဝိုးတဝါး... ဝိုးတဝါး...!!

"စစ်သူကြီး၊ အိမ်တော်မှာ ဧည့်သည်အချို့ ရောက်နေပါတယ်။ လက်ထောက်စစ်သူကြီးက စစ်သူကြီးကို အိမ်စောစောပြန်လာဖို့ ပြောခိုင်းလိုက်ပါတယ်"

"ဘယ်သူလဲ?" ကျန်းတန်းဟယ်က မျက်မှောင်ကြုတ်လိုက်သည်။ မြို့တော်ရှိ အဆင့်မြင့် ပုဂ္ဂိုလ်များမှာ ကြိုတင်အကြောင်းမကြားဘဲ သူ၏အိမ်သို့ မလာရဲကြပေ။

"စစ်သူကြီး၊ အဖွဲ့လိုက်ကြီး ရောက်နေတာပါ!"

ထိုစစ်သားလေးမှာ မိမိကိုယ်ကိုယ် အလွန် ကျေနပ်နေပုံရသည်။ "ဒီလောက်ဆို ဝိုးတဝါး ဖြစ်သွားပြီ မဟုတ်လား?"

All Chapters