ငါ့ဦးလေးဘယ်သူတုံး မင်းတို့သိလား
Vol. 8 Ch. 767
ထိုစကားသံ၏ ပိုင်ရှင်မှာ သေခြင်းတရားကို လုံးဝမကြောက်ရွံ့သည့်အလား စကားလုံးများထဲတွင် ခံစားချက်အပြည့် ပါဝင်နေသည်။ ထို့အပြင် ချန်မျိုးနွယ်စု၏လက်ဝယ်တွင် ဖော်ပြ၍မရနိုင်လောက်အောင် နှိပ်စက်ခံခဲ့ရသည့် လူတစ်ယောက်၏ တစ်ဘဝစာမမေ့နိုင်တော့မည့် နာကျည်းမှုနှင့် အမုန်းတရားများမှာလည်း ထိုစကားသံများထဲတွင် ရောယှက်နေတော့သည်။
သို့သော် ချန်မျိုးနွယ်စုမှ တစ်ယောက်တစ်လေပင် ထိုစကားသံကို ဂရုမစိုက်ကြပေ။ သူတို့အားလုံးမှာ ဖြူဆုတ်ကာ တင်းမာနေသည့် မျက်နှာထားများဖြင့် ပိုင်ရှောင်ချန်းကိုသာ စိုးထိတ်စွာစိုက်ကြည့်နေကြသည်။
အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် အလောင်းတပ်သားများပင် စိတ်ဝင်စားဟန် မရှိပေ။
သို့သော် ပိုင်ရှောင်ချန်းမှာ ထိုစကားများနှင့် စုန့်ချွဲဆိုသောနာမည်ကို ကြားလိုက်သည်နှင့် မျက်လုံးပြူးသွားပြီး သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုပေါ်လာတော့သည်။ သူသည် သဘောကျကျေနပ်ကာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေပြီး တချိန်ထဲမှာပင် ပျော်ရွှင်ကာ အံ့အားသင့်နေရတော့သည်။
" စုန့်ချွဲ "
သူက ရေရွတ်လိုက်သည်။ ထို့နောက် သူသည် ချောင်းဟန့်လိုက်ပြီး မျက်နှာပေါ်ရှိ အမူအရာအားလုံးကို ဖယ်ရှားကာ နောက်ဘက်ခြံဝန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
ထို့နောက် လက်နှစ်ဖက်နောက်ပစ်၍ မေးငေါ့ကာ အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်လေသည်။
" အဲဒီကနေ အော်နေတဲ့ကောင် ဘယ်ကောင်ဖြစ်ဖြစ် ငါ့ဆီခေါ်ခဲ့စမ်းကွာ "
ထိုအခါ အလောင်းတပ်သားတစ်ယောက်မှာ နောက်ဘက်ခြံဝန်းထဲမှ ပြေးထွက်လာပြီး ပိုင်ရှောင်ချန်းရှေ့ရှိ မြေပြင်ပေါ်သို့ လူတစ်ယောက်ကို ပစ်ချလိုက်သည်။ ထို့နောက် သူသည် ပိုင်ရှောင်ချန်းသာ အမိန့်ပေးပါက ထိုမြေပြင်ပေါ်ရှိလူကို သတ်ရန်အဆင်သင့်ဖြစ်နေသည့်အလား သတ်ဖြတ်လိုသော အခိုးအငွေ့များ ထွက်နေတော့သည်။
နောက်ဘက်ခြံဝန်းထဲမှ ထိုအလောင်းတပ်သား ခေါ်လာသည့် လူမှာ ဝိညာဥ်ကျင့်ကြံသူတစ်ယောက်မဟုတ်ပဲ ကောင်းကင်တံတားမြစ်ဒေသမှ သာမန်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
သူ့အား တစ်ချက်လောက်ကြည့်လိုက်ရုံဖြင့် ထိုသူမှာ ကျန်းကျန်းမာမာရှိသည့် လူငယ်တစ်ယောက်ပုံစံ ရှိသင့်ကြောင်း သိနိုင်သည်။ သို့သော် ထိုလူငယ်မှာ အရိုးပေါ်အရေတင်ဖြစ်နေပြီး တစ်ကိုယ်လုံးမှာလည်းညစ်ပတ်ပေရေနေတော့သည်။ သူ၏ ပုံမကျ ပန်းမကျသော မုတ်ဆိတ်မွေးကြောင့် သူက အသက်ပိုကြီးသည့်ပုံစံ ပေါ်နေသည်။
သူ၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး သူ၏ပုံစံမှာ သူတောင်းစားတစ်ယောက်ထက်ပင် ဆိုးရွားနေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးခိုးမှိုင်းနှင့် ပြာကဲ့သို့သောအရာများဖြင့် ပေကျံနေပြီး သူ၏ဝမ်းဗိုက်နေရာမှ အနက်ရောင်မီးခိုးမျှင်လေးများပင် ထွက်နေသည်။
သူသည် အလွန်အမင်း အားအင်ချည့်နဲ့နေပြီဖြစ်ပြီး သေအံ့မူးမူးဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များမှာ သူသည် အစောပိုင်းယင်ယန်ဝိညာဥ်အဆင့်တွင် ရှိနေကြောင်း ဖော်ပြနေသည်။
သူ၏ဝမ်းဗိုက်မှ ပေါ်ထွက်လာနေသည့် အနက်ရောင်မီးခိုးမျှင်များမှာလည်း သူ၏ယင်ယန်ဝိညာဥ်ကို ဖုံးလွှမ်းနေသည်။ ထို့အပြင် သူ၏ကျင့်ကြံခြင်းအခြေခံ တစ်ပတ်လည်သွားတိုင်း ထိုအနက်ရောင်မီးခိုးထဲမှ စိတ်စွမ်းအင်များစိမ့်ထွက်လာနေတော့သည်။
ထိုအရာများကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ မှင်တက်သွားရတော့သည်။
ဤကျင့်ကြံသူမှာ... စုန့်ချွဲပင်ဖြစ်သည်။
သူသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် လက်ရွေးစင်တစ်ယောက် ဖြစ်ခဲ့ပြီး အဏ္ဏဝါခေါ်သံဂိုဏ်း၏ ထိပ်တန်းကျင့်ကြံသူများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။ သူသည် ပိုင်ရှောင်ချန်းနှင့်အတူ တာအိုအစောင့်အရှောက်တစ်ယောက်အဖြစ် ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ လိုက်သွားခဲ့ပြီး မဟာတံတိုင်းအပြင်ဘက်ရှိ ဝင်္ကပါထဲသို့လည်း ဝင်သွားခဲ့သည်။ ပိုင်ရှောင်ချန်း၊ နတ်ဆရာ၊ ကျောက်လုံနှင့် အခြားလူများစွာကဲ့သို့ပင် သူသည်လည်း ထိုနေရာမှနေ၍ မြေရိုင်းဒေသထဲသို့ တည်နေရာရွှေ့ပြောင်းခံလိုက်ရသည်။
ကံကောင်းသူအချို့မှာ မြေရိုင်းဒေသထဲသို့ ရောက်သွားပါသော်လည်း မဟာတံတိုင်းကြီးဆီသို့ ပြန်လာနိုင်ခဲ့ကြသည်။ သို့သော် စုန့်ချွဲမှာမူ ကံမကောင်းခဲ့ပေ... သူသည် ဗဟိုဧကရာဇ်မြို့တော်ထဲသို့ ရောက်သွားခဲ့ရသည်။ ထို့နောက် ပိုင်ရှောင်ချန်းကဲ့သို့ နာမည်မကြီး၊မကျော်ကြားလာပဲ ဖမ်းချုပ်ကျွန်ပြုခံလိုက်ရပြီး ချန်မျိုးနွယ်စုသို့ ရောင်းချခံခဲ့ရသည်။
သူ၏ တမူထူးခြားသော ကျင့်ကြံခြင်းအခြေခံနှင့် မွေးရာပါပါရမီများကြောင့် ချန်မျိုးနွယ်စုမှာ ရက်စက်သော လျှို့ဝှက်မှော်အတတ်တစ်ခုကိုသုံး၍ သူ၏ ကျင့်ကြံခြင်းအခြေခံကို အစောပိုင်းယင်ယန်ဝိညာဥ်အဆင့်ထိ တွန်းတင်ခဲ့သည်။
ထိုအချင်းအရာမှာ အဆင့်တက်ခြင်းဟု သတ်မှတ်နိုင်ပါသော်လည်း စုန့်ချွဲအတွက်မူ အလွန် ဆိုးကျိုးများပြီး နာကျင်မှုနှင့် အန္တရာယ်များစွာကို ကျော်ဖြတ်ခဲ့ရသည်။ သို့သော် ထိုအရာများမှာ ရေးကြီးခွင်ကျယ် မဟုတ်သေးပေ။ အဆိုးဆုံးသောအရာမှာ သူသည် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ပြောင်းလဲခံလိုက်ရသည့်အချက်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းခဲ့သည့် အနက်ရောင်မီးခိုးငွေ့ကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံမှာ လည်ပတ်နေပြီး သူ၏ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်များကို စုပ်ယူနေသည်။ အဆုံးတွင် သူသည် ချန်မျိုးနွယ်စု၏ အငယ်ပိုင်း ဝိညာဥ်ကျင့်ကြံသူများက သူတို့၏ကျင့်ကြံခြင်းအတွက် အသုံးပြုသည့် သက်ရှိ စိတ်စွမ်းအင်ကျောက်တုံးတစ်တုံးကဲ့သို့ ဖြစ်သွားရတော့သည်။
ထို့အပြင် သူ၏ကျင့်ကြံခြင်းအခြေခံအစွမ်းများကို အနက်ရောင်မီးခိုးငွေ့က ထိန်းချုပ်ထားသဖြင့် အပြင်ဘက်သို့ ထုတ်သုံး၍မရပေ။ သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း အချုပ်အနှောင်မန္တန်များစွာ တပ်ဆင်ထားသေးသည်။ ထို့ကြောင့် သူသည် ဘေးနားကလူများကို လုံးဝအန္တရာယ်မပြုနိုင်တော့ပဲ နေ့စဥ်ရက်ဆက် နာကျင်ခံစားနေရတော့သည်။
ထို့အပြင် သူ၏ကျင့်ကြံခြင်းအခြေခံကို ပို၍လျင်မြန်စွာ လည်ပတ်စေပြီး စိတ်စွမ်းအင်များစွာ ပို၍ထုတ်နိုင်စေရန်အလို့ငှာ ချန်မျိုးနွယ်စု၏ အငယ်ပိုင်းကျင့်ကြံသူများက သူ့ကိုမကြာခဏ နှိပ်စက်ကြလေသည်။
ထိုနှိပ်စက်မှုများကြောင့် စုန့်ချွဲသည် သေချင်စိတ်များပေါ်လာပါသော်လည်း ချန်မျိုးနွယ်စုမှာ သူကဲ့သို့ သက်ရှိစိတ်စွမ်းအင်ကျောက်တုံးကို မည်သည့်နည်းနှင့်မျှ အပျက်စီးခံမည်မဟုတ်ပေ။ နှစ်ပေါင်းများစွာကုန်ဆုံးသွားသောအခါ စုန့်ချွဲ၏ အသိစိတ်များမှာ အမှောင်ဖုံးသွားရတော့သည်။ ထို့ကြောင့် ဤအနက်ရောင်ချပ်ဝတ်တန်ဆာနှင့် အလောင်းတပ်သားများအား ချန်မျိုးနွယ်စုဝင်များက အလွန်အမင်းကြောက်ရွံနေကြသည်ကို သူမြင်လိုက်သောအခါ သူသည် နှစ်ပေါင်းများစွာ မကြုံတွေ့ခဲ့ရသည့် ပျော်ရွှင်မှုကြီးကို ခံစားလိုက်ရသည့်အလား ဖြစ်သွားပြီး ခေါင်းကိုပင်နောက်ပစ်၍ အသံကုန်အော်ရယ်လိုက်သည်။
သူသည် ပိုင်ရှောင်ချန်းအရှေ့ရှိ မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရသောအခါ ဘေးပတ်ပတ်လည်ရှိ ချန်မျိုးနွယ်စုဝင်များကို လှည့်ပတ်ကြည့်ရှုလိုက်ကာ အများစုကို သူ မျက်မှန်းတန်းမိလိုက်သည်။ အလောင်းတပ်သားများ၏ အငွေ့အသက်များမှာ အံ့သြစရာကောင်းလွန်းလှ၍ သူ ဂယောက်ခြောက်ခြား ဖြစ်နေတော့သည်။
သို့သော်လည်း စိတ်ဝင်စားစရာ အကောင်းဆုံးအရာသည်ကား လူတိုင်းမှာ ပိုင်ရှောင်ချန်းတစ်ယောက်ထဲကိုသာ အာရုံစိုက်နေကြသည့် အချက်ပင်ဖြစ်သည်။
စုန့်ချွဲ၏ရှေ့တွင်ရပ်နေသောသူမှာ ရုပ်ရည်ချောမောပြေပြစ်ပြီး အကောင်းစား အဝတ်အစားများကို ဆင်မြန်းထားသည့် လူငယ်တစ်ယောက်ဖြစ်သည်။ သူသည် ရာထူးကြီးမားသူတစ်ယောက် ဖြစ်နေမည်မှာ အထင်အရှားပင်။ သူ၏ သက်တော်စောင့်ဖြစ်သော အလောင်းတပ်သားတစ်ယောက်၏ အငွေ့အသက်ကြောင့် စုန့်ချွဲမှာ မှင်တက်နေရတော့သည်။ သူသည် ကောင်းကင်နှင့်တသားထဲဖြစ်နေသည့်ပုံပေါ်နေပြီး သူတစ်ချက်လောက် တွေးလိုက်ရုံဖြင့် စုန့်ချွဲမှာ သူ၏အသက်ပျောက်သွားနိုင်သည်လောက်သည်အထိ အင်အားချည့်နဲ့နေတော့သည်။
" နတ်အဆင့်ပါလား၊ သူ့ သက်တော်စောင့်တွေက နတ်အဆင့်မှာရှိနေတာပါလား။ ဘယ်သူတုံးဟ သူက... "
စုန့်ချွဲမှာ အင်အားကြီးချန်မျိုးနွယ်စုဝင်များ၏ စိတ်နှလုံးများထဲသို့ ကြောက်ရွံ့မှုများ ရိုက်သွင်းကာ နတ်အဆင့် သက်တော်စောင့်တစ်ယောက်ကို ပိုင်ဆိုင်ထားသည့် မည်သူမည်ဝါမှန်းမသိသော အနှီလူငယ်ထံမှ အံ့အားသင့်ဖွယ်ကောင်းသည့် ဖိအားများကို ခံစားနေရတော့သည်။ သူက အလွန်အရေးပါအရာရောက်သောသူတစ်ယောက် ဖြစ်နေမည်မှာ ဧကန်ပင်။
" မြေရိုင်းဒေသမှာ သူ့လိုမျိုး လူအများကြီးမရှိနိုင်ဘူး။ ပြီးတော့ သူက ငယ်ငယ်လေးရှိသေးတာ။ သူက... တော်ဝင်မင်းသား တစ်ပါးများလား "
စုန့်ချွဲမှာ ဗဟိုဧကရာဇ်မြို့တွင် နေထိုင်သည်မှာ ကြာပြီဖြစ်၍ မြေရိုင်းဒေသ၏ အသွားအလာကို အနည်းငယ်နားလည်စပြုလာပြီ ဖြစ်သည်။
သူသည် ပိုင်ရှောင်ချန်းကို လှိုက်ဖိုနေသော ရင်ဘတ်ကြီးဖြင့် မော့ကြည့်လိုက်သောအခါ သူ၏နှလုံးသားထဲတွင် ခါးသီးမှုများ ပြည့်နှက်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာမူ စုန့်ချွဲကိုငုံ့ကြည့်ကာ သူကြုံတွေ့ခဲ့ရသည့် အခက်အခဲပြဿနာများကို ခန့်မှန်းရင်း သက်ပြင်းချလိုက်သည်။ သူတို့နှစ်ယောက် ဆုံတွေ့တိုင်း စုန့်ချွဲမှာ အမြဲတမ်း အခြေအနေ ဆိုးရွားနေသည်သာဖြစ်သည်။ သူ၏ စိတ်ကျန်းမာရေးမှာ တစ်ခုခုချို့ယွင်းနေသလော။
ပိုင်ရှောင်ချန်းမှာ စုန့်ချွဲကို စနောက်ချင်ပါသော်လည်း သူ၏ ခေါင်းထဲတွင် မေးခွန်းများစွာပေါ်လာပြီးနောက် သနားစိတ်များဝင်သွားသဖြင့် ထိုအတွေးစများမှာ ပျောက်ကွယ်သွားတော့သည်။ သို့သော် သူ၏ သရုပ်မှန်ကို ပေါ်သွားစေနိုင်မည့် သဲလွန်စအနည်းငယ်ပင် ချန်မထားနိုင်သဖြင့် ထိုအတွေးများကိုပါ ချောင်ထိုးလိုက်ပြီး လက်ကိုဝှေ့ယမ်း၍ အမိန့်ပေးလိုက်လေသည်။
" ဒီသက်ရှိ စိတ်စွမ်းအင်ကျောက်တုံးက မဆိုးဘူးပဲ။ ငါ့ရဲ့ကျင့်ကြံခြင်းမှာ အသုံးပြုဖို့ သူ့ကိုငါ့အိမ်ထဲ ပို့ထားလိုက် "
ကျိုးရီရှင်းမှာ ချက်ချင်းပင် တွေဝေသွားပြီး တစ်စုံတစ်ရာပြောလိုသည့် ပုံပေါ်နေပါသော်လည်း သူတစ်ခွန်းတစ်လေပင် မပြောနိုင်ခင်မှာပင် ပိုင်ရှောင်ချန်းက သူ့ကိုအဓိပ္ပါယ်ပါပါ ပြူးကြည့်လိုက်လေသည်။
ထိုအကြည့်ကြောင့် ကျိုးရီရှင်းမှာ တုန်ရီသွားရသည်။ သူသည် ချက်ချင်းပင် အမိန့်နာခံကြောင်း ဆိုလိုက်ပြီး ရှေ့သို့လှမ်းကာ စုန့်ချွဲကို ဖမ်းယူရန်ပြင်လိုက်သည်။ သို့သော် သူထိုသို့မလုပ်နိုင်ခင်မှာပင် စုန့်ချွဲက ကမူးရှူးထိုး အော်ဟစ်လိုက်လေသည်။
" မင်းတို့ကောင်တွေ အဲဒီလောက်မှ စွမ်းနေရင် ငါ့ကိုသတ်လိုက်။ သက်ရှိစိတ်စွမ်းအင်ကျောက်တုံးတစ်တုံးအဖြစ် နေမဲ့အစား အသက်ပဲအသေခံလိုက်မယ်ဟေ့ "
သူ၏အော်ဟစ်သံများမှာ ကျိုးရီရှင်းအား တစ်ခဏလေးပင် မရပ်တန့်သွားစေပဲ ရှေ့သို့ပြေးထွက်လာတော့သည်။ သို့သော် ကျိုးရီရှင်းမှာ သူ့အားမထိရသေးချိန်တွင် စုန့်ချွဲက နီမြန်းနေသည့် မျက်ဝန်းကြီးများဖြင့် ပိုင်ရှောင်ချန်းကိုကြည့်ကာ အော်ဟစ်လိုက်တော့သည်။
" ငါ...ငါ့ဦးလေးက ပိုင်ရှောင်ချန်းကွ။ သူက ငရဲဧကရာဇ်ကျောက်တိုင်ပေါ်မှာ နံပါတ်တစ်နော်။ သူသာ နတ်အဆင့်ရောက်သွားရင် ငရဲဧကရာဇ်အသစ်ဖြစ်သွားမှာ။ မင်းတို့ ငါ့ကို တစ်ခုခုလုပ်ရဲရင်လုပ်ကြည့်။ ငါ့ဦးလေးက ငါ့အတွက် လက်စားချေလိမ့်မယ်။ မင်းတို့ကောင်တွေ ပြေးလွတ်မှာမဟုတ်ဘူး "
စုန့်ချွဲမှာ ကြံရာမရတော့သည်ဖြစ်၍ နတ်အဆင့်စွမ်းအင်ရှိသူတစ်ယောက်ကို ခြိမ်းခြောက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သက်ရှိစိတ်စွမ်းအင်ကျောက်တုံးတစ်တုံးအဖြစ် နေထိုင်ရမည်ကို တွေးပင်မတွေးဝံ့သဖြင့် ပိုင်ရှောင်ချန်း၏ အမည်ကို ထုတ်ပြောရန် ဆုံးဖြတ်လိုက်တော့သည်။ ငရဲဧကရာဇ်ကျောက်တိုင်ပေါ်သို့ ပိုင်ရှောင်ချန်းရောက်နေရသည့် အကြောင်းကိုမူ ယခင်က ချန်မျိုးနွယ်စု၏ အငယ်ပိုင်းကျင့်ကြံသူများ ပြောဆိုနေရာမှ သူကြားသိခဲ့ရသဖြင့် သူ၏ခံစားချက်များမှာ ရောထွေးနေခဲ့ရသည်။
စုန့်ချွဲပါးစပ်မှ ထိုစကားများထွက်လာသောအခါ ကျိုးရီရှင်း၏လက်များမှာ တုန်ရီသွားတော့သည်။ ဘေးနားရှိ ချန်မျိုးနွယ်စု ကျင်ကြံသူများမှာမူ မှင်တက်ကုန်ကြပြီး စုန့်ချွဲကို လှမ်းကြည့်လိုက်ကြတော့သည်။ ဤအကြောင်းအရာကို စုန့်ချွဲမှာ ယခင်က တစ်ခါမှထုတ်မပြောခဲ့ဖူးပေ။ သူသာထုတ်ပြောခဲ့ပါက သူတို့မှာ သူ့အား ပို၍အကျိုးရှိအောင် ခိုင်းစားခဲ့မည်သာဖြစ်သည်။
ပိုင်ရှောင်ချန်းဆိုသော နာမည်မှာ မြေရိုင်းဒေသတစ်ခွင် အမည်းစက်တစ်စက်ကဲ့သို့ ဖြစ်နေပြီမဟုတ်ပါလော။ သူ ငရဲဧကရာဇ်ကျောက်တိုင်ပေါ်တွင် နံပါတ်တစ်နေရာကို ပိုင်ဆိုင်ထားသည့်အချက်မှာ လူတိုင်းမထင်မှတ်ထားသည့် ကိစ္စရပ်ကြီးဖြစ်သည်။ စမ်းသပ်ပွဲ ပြီးဆုံးသည်အထိ ထိုနာမည်မှာ ထိပ်ဆုံးတွင်ရှိနေခဲ့ပါက ပိုင်ရှောင်ချန်းသည် ငရဲဧကရာဇ်ဖြစ်လာမည်ဖြစ်ပြီး ထိုအချင်းအရာမှာ ဗဟိုဧကရာဇ်မင်းဆက်တစ်ခုလုံးအား ပါးရိုက်လိုက်သည့်အလား ဖြစ်နေမည်သာ ဖြစ်သည်။
စုန့်ချွဲ၏စကားသံများ ထွက်လာသောအခါ ပိုင်ရှောင်ချန်း၏မျက်နှာအမူအရာမှာ ပို၍ထူးဆန်းသွားတော့သည်။ အမှန်တကယ်တော့ သူက ဤအခြေအနေတစ်ရပ်လုံးကို ကျေနပ်အားရနေသည်ဖြစ်ပြီး ယခင်က သူသည် စုန့်ချွဲအား ချွဲအာဟု ခေါ်လိုက်တိုင်း သူဒေါသထွက်ခဲ့သည့်ပုံရိပ်များကို ပြန်လည်တွေးတောနေသည်။ ယခုတွင်မူ သက်ရှိစိတ်စွမ်းအင်ကျောက်တုံးမဖြစ်ချင်သည်နှင့် စုန့်ချွဲသည် သူ့နာမည်ကိုပင် ထုတ်ပြောနေပြီ မဟုတ်ပါလော။
" ငတုံးလေး " သူက တွေးနေတော့သည်။
" ငါက မင်းဦးလေးမဟုတ်ရင်တောင် အဏ္ဏဝါခေါ်သံဂိုဏ်းအတွက် မင်းကိုကယ်မှာပါကွ။ ပြီးတော့ မင်းရဲ့အဒေါ်နဲ့ငါ့ကြား ဖြစ်ခဲ့တဲ့အရာတွေအားလုံးကြောင့်.... "
ပိုင်ရှောင်ချန်းမှာ သက်ပြင်းချလိုက်ပြီး စုန့်ချွဲကိုကြည့်ကာ သူ့နားသို့သွား၍ ဆံပင်များကို ထိုးဖွပစ်ချင်စိတ်များကို မနည်း ထိန်းထားရတော့သည်။
" သူ့ကို ခေါ်သွားတော့ "
ပိုင်ရှောင်ချန်းက အင်္ကျီလက်ကိုခါယမ်း၍ ဆိုလိုက်သည်။ သူ၏ အတွေးထဲတွင် ချန်မျိုးနွယ်စုမှ ရရှိခဲ့သည့် အကျိုးအမြတ်များမှာ အတော်အတန် များနေပြီဖြစ်သည်။
စုန့်ချွဲမှာမူ ဒေါသတကြီးဖြင့် သနားစဖွယ် အော်ဟစ်မြည်တမ်းနေစဥ် ကျိုးရီရှင်းမှာအံကြိတ်၍ သူ့အားသတိမေ့အောင် လုပ်လိုက်လေသည်။ ထို့နောက် သူ့အားအဝေးသို့ ခေါ်ဆောင်သွားစဥ် စုန့်ချွဲနှင့် ပိုင်ရှောင်ချန်းမှာ အမှန်တကယ် ဆက်စပ်နေမည်လားဟု စိုးရိမ်တကြီး တွေးတောနေမိတော့သည်။