အခန်း (၄၆၉)
Vol. 32 Ch. 469
ညအချိန် ဖြစ်သည်။ ကျန်းတန်းဟယ်သည် ဖယောင်းတိုင်များကို ငြှိမ်းသတ်ပြီး အိပ်ရာဝင်ရန် ပြင်ဆင်နေသည်။
သို့သော်လည်း ချင်းရှောင်းကောသည် ရုတ်တရက် ဗိုက်ထဲတွင် မသက်မသာဖြစ်လာပြီး ခြေထောက်ကြားတွင် စိုစွတ်မှုကို ခံစားလိုက်ရသည်။ သူမ၏ ရေမြွှာပေါက်သွားပြီဖြစ်ကြောင်း သူမ ခန့်မှန်းလိုက်မိသည်။
သူမသည် တည်ငြိမ်သယောင် ဟန်ဆောင်ကာ ကျန်းတန်းဟယ်ကို ပုတ်လိုက်သော်လည်း ပါးစပ်မှ စကားတစ်လုံးမျှ မဟရဲပေ။ စကားပြောရန် ကြိုးစားလိုက်ပါက ကြောက်လန့်တကြား အော်ဟစ်မိမည်ကို သူမ စိုးရိမ်နေသည်။
ကျန်းတန်းဟယ်မှာ အိပ်မပျော်သေးပေ။ သူမ ပုတ်လိုက်သည်နှင့် သူသည် တုံ့ပြန်မှုမြန်စွာဖြင့် ဝုန်းခနဲ ထရပ်လိုက်ပြီး ဖယောင်းတိုင် ထွန်းရန် အိပ်ရာပေါ်မှ ဆင်းလိုက်သည်။
ဖယောင်းတိုင်မီးက အခန်းထဲတွင် လင်းထိန်သွားသည့် အခိုက်အတန့်မှာပင် အိပ်ရာပေါ်၌ ဖြူဖျော့နွမ်းနယ်နေသော ချင်းရှောင်းကောကို သူ မြင်လိုက်ရသည်။ သူ ထိတ်လန့်သွားပြီး ဦးနှောက်က မတုံ့ပြန်နိုင်ခင်မှာပင် သားဖွားဆရာမကို အော်ခေါ်လိုက်မိသည်။
သားဖွားဆရာမသည် အိမ်ထဲသို့ ချက်ချင်း ပြေးဝင်လာပြီး သားအဖနှစ်ယောက်ကို အပြင်သို့ မောင်းထုတ်လိုက်သည်။ ထို့နောက် တံခါးပိတ်ကာ စောင်ကို မလိုက်သည်။
"ရေနွေး၊ တဘတ်၊ အရက်ပြင်းနဲ့ ကတ်ကြေး သွားပြင်ချေ။"
သားဖွားဆရာမ၏ စနစ်တကျရှိသော စကားများက ကျန်းတန်းဟယ်ကို သတိဝင်လာစေခဲ့သည်။ ဘေးနားတွင် ကြောက်လန့်နေသော ကျွမ်းကျွမ်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူသည် မီးဖိုချောင်သို့ ပြေးသွားတော့သည်။ ဖယောင်းတိုင်ပင် မထွန်းရသေးမီ သူသည် အိုးကို ရှာတွေ့သွားပြီး မီးမွှေးရန် ပြင်ဆင်တော့သည်။
မီးစကို ကိုင်ထားသော သူ၏ လက်များမှာ မရပ်မနား တုန်ယင်နေသည်။ မီးမွှေးရန်မှာ လုံးဝ မဖြစ်နိုင်သလိုပင်။
သူ ပို၍ စိုးရိမ်လာသည်နှင့်အမျှ နဖူးမှ ချွေးများ ပိုထွက်လာသည်။ နောက်ဆုံးတွင် မီးမွှေးနိုင်ခဲ့သော်လည်း စီးကျလာသော သူ၏ ချွေးစက်များကြောင့် မီးမှာ မတော်တဆ ပြန်ငြိမ်းသွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းတန်းဟယ်သည် မိမိကိုယ်ကို တိုးတိုးလေး ဆဲရေးမိတော့သည်။
ထိုအချိန်တွင် ကျွမ်းကျွမ်း ပြေးလာပြီး အော်ပြောလိုက်သည်။"အဖေ... မီးဖိုပေါ်မှာ ရေနွေးရှိတယ်!"
ကျွမ်းကျွမ်း၏ သတိပေးမှုကြောင့်ပင်၊ ချင်းရှောင်းကော ဘယ်အချိန် ဗိုက်နာလာမည်ကို မသိနိုင်သဖြင့် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မီးဖိုပေါ်တွင် ရေနွေးအမြဲ တည်ထားခဲ့သည်ကို သူ သတိရသွားသည်။
ကျွမ်းကျွမ်း၏ စကားကို ခေါင်းညိတ်ပြပြီးနောက် သူသည် ရေနွေးကို ယူကာ အခန်းထဲသို့ ပြေးဝင်သွားသည်။ ကတ်ကြေးနှင့် အရက်ကိုတော့ သူမ အိပ်သည့် အခန်းထဲတွင်ပင် သိမ်းထားခဲ့ခြင်း ဖြစ်သည်။
သူ၏ အဖေက ရေနွေးရှိမှန်း သိသွားသည်နှင့် ကျွမ်းကျွမ်းသည် အပြင်သို့ တစ်ယောက်တည်း ပြေးထွက်သွားသည်။ ယန်အမျိုးသမီး၏ အိမ်သို့ ရောက်သောအခါ တံခါးကို ခေါက်လိုက်သည်။
ယန်ကျား တံခါးလာဖွင့်သည်မှာ တော်တော်လေး မြန်လှသည်။ ထိုကလေးငယ်၏ စိုးရိမ်ပူပန်နေသော မျက်နှာကို ကြည့်ပြီး သူသည် အကြောင်းရင်းကို ခန့်မှန်းမိလိုက်သည်။
"ငါ အစ်ကိုအန်းမင်ကို သွားခေါ်လိုက်မယ်!"
ပြောပြောဆိုဆိုဖြင့် သူသည် အိမ်ထဲသို့ အမြန်ပြေးဝင်သွားသည်။ မကြာမီမှာပင် ချင်းအန်းမင်သည် အဝတ်အစားများ အပြည့်အစုံဖြင့် ပြေးထွက်လာသည်။ သူသည် ကျွမ်းကျွမ်းကို ဆွဲကာ အိမ်ဆီသို့ ပြေးသွားတော့သည်။
ယန်အမျိုးသမီးသည်လည်း ထိုဆူညံသံကို ကြားလိုက်ရသည်။ သူမသည် နိုးလာသော ယန်ဖုန်းကို ကလေးများကို စောင့်ရှောက်ရန် အိမ်မှာ ကျန်ခဲ့ခိုင်းလိုက်သည်။
"ကလေးက ဒီလောက် မြန်မြန် ထွက်လာဦးမှာ မဟုတ်ဘူး။ ရှင် အိမ်မှာပဲ နေပြီး ကလေးတွေကို ကြည့်ထားလိုက်။ ကျွန်မ အရင် သွားနှင့်မယ်။"
ယန်ဖုန်းသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော အမြွှာများကို ငုံ့ကြည့်လိုက်သည်။ သူသည် တုံ့ဆိုင်းစွာ ခေါင်းညိတ်ပြီး အဝတ်အစားများကို ပြန်ချလိုက်သည်။ "မြန်မြန် သွားချေ။"
ယန်အမျိုးသမီးက ခေါင်းညိတ်ပြကာ ဖိနပ်ကို အမြန်စီးပြီး ပြေးထွက်သွားသည်။
အဖွားအိုယန်သည်လည်း ဖယောင်းတိုင်တစ်တိုင် ကိုင်ကာ ထွက်လာပြီး ယန်အမျိုးသမီးနောက်မှ ချင်းရှောင်းကော အိမ်သို့ လိုက်သွားခဲ့သည်။
"အသက်ကို ပြင်းပြင်းရှူ။"
သားဖွားဆရာမ၏ နူးညံ့သော်လည်း အားပါသော အသံက ချင်းရှောင်းကောကို သတ္တိပေးလိုက်သည်။ သူမ၏ စိုးရိမ်ပူပန်မှုများကို ထိန်းချုပ်ရန် ကြိုးစားရင်း သားဖွားဆရာမ၏ ညွှန်ကြားချက်အတိုင်း အသက်ကို ဖြည်းဖြည်းချင်း မှန်မှန်ရှူနေသည်။
"အရမ်းကောင်းတယ်။"
သားဖွားဆရာမက စစ်ဆေးရန် စောင်ကို မကြည့်လိုက်သည်။ ဘာလှုပ်ရှားမှုမှ မရှိသေးသည်ကို မြင်သောအခါ သူမသည် ချင်းရှောင်းကော အနားသို့ လာပြီး သူမ၏ ဗိုက်ကို နှိပ်ပေးကာ ကူညီပေးသည်။
သားဖွားဆရာမ၏ လက်များမှာ အလွန်အမင်း နူးညံ့နေခြင်းမျိုး မဟုတ်သော်လည်း၊ သူမ၏ဗိုက်ကို ထိလိုက်သည့် အခိုက်အတန့်တွင် ချင်းရှောင်းကောမှာ သက်ပြင်းအရှည်ကြီး ချလိုက်ကာ စိတ်အေးသွားရသည်။
အခန်းထဲမှ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသဖြင့် ကျန်းတန်းဟယ်မှာ အလွန်အမင်း စိုးရိမ်နေခဲ့သည်။ တံခါးကြားမှ ချောင်းကြည့်ချင်သော်လည်း သူတို့ကို အနှောင့်အယှက် ဖြစ်မှာ စိုးရိမ်နေမိသည်။
ဘာမှ မတတ်နိုင်သည့်အဆုံး သူသည် အသံဖြင့်သာ ချင်းရှောင်းကောကို အားပေးနေမိသည်။ သူတို့ အချင်းချင်း မမြင်ရသော်လည်း သူသည် သူမ၏ အနားတွင် အမြဲရှိနေကြောင်း ချင်းရှောင်းကောကို ပြောနေသည်။
ယန်အမျိုးသမီးနှင့် အဖွားအိုယန်တို့ ပြေးဝင်သွားချိန်တွင် ကျန်းတန်းဟယ်သည် ဟထားသော တံခါးကြားမှ အမြန် ချောင်းကြည့်လိုက်သည်။ ချင်းရှောင်းကောမှာ အဆင်ပြေပုံရသည်ကို မြင်ရမှ သူ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
ချင်းရှောင်းကော အားပြတ်သွားမှာ စိုးရိမ်သဖြင့်၊ ချင်းအန်းမင်သည် သူမ ဘေးကင်းကြောင်း သေချာသွားသည်နှင့် မီးဖိုချောင်သို့ တန်းသွားတော့သည်။ သူမ ကလေးမွေးပြီးလျှင် အားပြန်ဖြည့်နိုင်ရန်အတွက် ချိုသော ဆန်ပြုတ်တစ်အိုး ချက်ပေးရန် ပြင်ဆင်လိုက်သည်။
ကျွမ်းကျွမ်းကတော့ ထွက်မသွားချင်ပေ။ သူ၏ လက်ငယ်လေးများဖြင့် တံခါးကို ဆွဲကိုင်ထားကာ မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ချင်းရှောင်းကော ရှိရာဘက်သို့ တံခါးကြားမှ စိုက်ကြည့်နေသည်။ သူ၏ မိခင်ကို စိတ်မပူစေချင်သဖြင့်သာ ဖြစ်သည်၊ မဟုတ်ပါက သူ ငိုနေမိသည်မှာ ကြာပြီဖြစ်သည်။
ကျွမ်းကျွမ်း ဤမျှအထိ ဝမ်းနည်းနေသည်ကို ကျန်းတန်းဟယ် မကြည့်ရက်ပေ။ သူသည် ကျွမ်းကျွမ်းကို ချီကာ ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းပြီး တိုးညင်းသော အသံဖြင့် နှစ်သိမ့်ပေးလိုက်သည်။ ချင်းရှောင်းကောသည် ကျန်းတန်းဟယ်နှင့် အကြည့်ချင်း ဆုံခဲ့သည်။ သူတို့နှစ်ဦးမှာ အကြည့်တစ်ချက်တည်းနှင့်ပင် အပြန်အလှန် နားလည်ခဲ့ကြသည်။ ချင်းရှောင်းကောက ကျွမ်းကျွမ်းကို ဂရုစိုက်ပေးရန်နှင့် ကလေး၏ ကြောက်စိတ်ကို လျှော့ချပေးရန် သူ့ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ကျွမ်းကျွမ်းသည် သူ၏ အဖေ အသံတွင် တုန်ယင်နေသည်ကို ကြားလိုက်ရသဖြင့်၊ သူသည် အလိုက်သိစွာဖြင့် မိမိ၏ မျက်ရည်များကို သုတ်လိုက်သလို သူ၏ အဖေ မျက်ရည်များကိုလည်း သုတ်ပေးလိုက်သည်။ ယခုအချိန်မှာ သူတို့ မငိုသင့်ဘူးလေ!
ကျန်းတန်းဟယ်မှာ အံ့သြသွားရသည်။ သူ၏ ရင်ထဲတွင် ထုံထိုင်းနေသဖြင့် သူ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသည်ကိုပင် သူ မသတိထားမိခဲ့ပေ။
အိမ်ထဲတွင်မူ ချင်းရှောင်းကောသည် နာကျင်မှုလှိုင်းပေါင်းများစွာကို အလူးအလဲ ခံစားနေရသည်။ တစ်ကြိမ်ထက် တစ်ကြိမ် ပို၍ နာကျင်လာသည်။ နောက်ဆုံးတွင် သားဖွားဆရာမ၏ စကားကြောင့် သူမ စတင် အားစိုက် ညှစ်ထုတ်တော့သည်။
ယန်အမျိုးသမီးက ရေနွေးဝတ်ဖြင့် သူမ၏ ချွေးများကို သုတ်ပေးကာ စိုးရိမ်တကြီး သတိပေးနေသည်။ "အော်မနေနဲ့ဦး။ အားကို ချွေတာထားရမယ်။"
ချင်းရှောင်းကောမှာ ပြန်ဖြေရန်ပင် အားမရှိတော့ပေ။ သူမက ခေါင်းညိတ်ပြကာသာ တုံ့ပြန်လိုက်သည်။
အဖွားအိုယန်သည် သားဖွားဆရာမ၏ ဘေးတွင် ရပ်ကာ ကူညီပေးနေသည်။ သူမ အများကြီး မကူညီနိုင်သော်လည်း ပစ္စည်းများ ကမ်းပေးခြင်း၊ ရေလောင်းပေးခြင်း စသည့် အလုပ်များကိုတော့ ကူညီပေးနိုင်သေးသည်။
အချိန်များမှာ တစ်မိနစ်ချင်း ကုန်ဆုံးနေပြီး၊ ချင်းရှောင်းကော၏ မျက်နှာပေါ်ရှိ သွေးကြောမျှင်လေးများမှာ အားစိုက်လွန်းသဖြင့် ပေါက်ထွက်ကုန်ကာ အချို့နေရာများတွင် နီမြန်းညိုမည်းနေသည့် အကွက်များ ဖြစ်ပေါ်နေသည်။ ၎င်းမှာ ကြည့်ရသည်မှာ တော်တော်လေး ကြောက်စရာ ကောင်းလှသည်။
ယန်အမျိုးသမီးသည် ဤသည်ကို မြင်သောအခါ ချွေးစေးများ ထွက်လာသည်။ သူမက သားဖွားဆရာမကို စိုးရိမ်တကြီး မေးလိုက်သည်။ "ဘာလို့ ဒီလောက်ကြာနေတာလဲ?"
"ကလေးက ဦးခေါင်းကြီးလို့ပါ။ အားစိုက်ရလိမ့်မယ်။"
သားဖွားဆရာမမှာတော့ လုံးဝ မပြာယာပေ။ သူမသည် ဤထက် ပိုကြီးသော ဦးခေါင်းများကိုပင် မွေးပေးဖူးသည်။ "ဆက်ပြီး ညှစ်ပါ!"
ကံကောင်းထောက်မစွာဖြင့် ချင်းရှောင်းကောတွင် ထိုရှည်လျားသော တိုက်ပွဲကို ဆက်တိုက်ပွဲဝင်ရန် အားအင် ရှိနေသေးသည်။
ဘာကိုမှ မမြင်ရ၊ မကြားရသဖြင့် ကျန်းတန်းဟယ်မှာ စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လျှောက်နေမိသည်။ သူ၏ အင်္ကျီမှာလည်း ဆွဲလွန်းသဖြင့် ပြဲလုနီးပါး ဖြစ်နေပြီ။ သူ၏ ခွန်အားနှင့် စိတ်ဓာတ်ခွန်အားအချို့ကို ချင်းရှောင်းကောထံသို့သာ လွှဲပြောင်းပေးနိုင်လျှင် သိပ်ကောင်းမှာပဲဟု တွေးနေမိသည်။
ချင်းအန်းမင်မှာလည်း ခက်ခဲသော အချိန်ကို ဖြတ်သန်းနေရသည်။ မီးဖိုချောင်ထဲတွင် အလောတကြီး လုပ်ကိုင်နေစဉ် သူ၏ လက်ကို မီးလောင်သွားသော်လည်း၊ ဆေးကုရန် အချိန်မပေးနိုင်ဘဲ အခန်းထဲတွင် ဘာတွေဖြစ်နေလဲဆိုသည်ကိုသာ လာလာကြည့်နေမိသည်။
နောက်ဆုံးတွင်တော့ သတင်းကောင်း ရောက်ရှိလာသည်။
သားဖွားဆရာမသည် ဖြူဖြူဖွေးဖွေးနှင့် ဝဝကတုတ်ကတုတ် ကောင်လေးတစ်ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။ သူမ၏ များပြားလှသော အတွေ့အကြုံများအရ၊ ချင်းရှောင်းကော၏ ဗိုက်ကို တစ်ချက်ကြည့်လိုက်ပြီး စောင်ကို မကြည့်ကာ - "နောက်ထပ် တစ်ယောက် ကျန်သေးတယ်" ဟု ပြောလိုက်သည်။
ဤသတင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြပြီး ချင်းရှောင်းကောမှာ ပို၍ပင် အံ့သြသွားသည်။ သူမသည် ခုနက အားစိုက်ထားရသဖြင့် မောပန်းနေသည်မှာ မသက်သာသေးဘဲ ယခု ထပ်ပြီး ညှစ်ထုတ်ရပေဦးမည်။
ယန်အမျိုးသမီးသည် သန့်စင်ပြီး ထုပ်ပိုးထားသော ကလေးကို ချင်းရှောင်းကော၏ ဘေးတွင် ထားပေးလိုက်သည်။ ထို့နောက် ရေကို အမြန်လဲကာ နောက်ထပ် ကလေးအတွက် စောင့်နေလိုက်သည်။
ကလေးငယ်လေးမှာ မသိစိတ်ဖြင့် နို့စို့ချင်နေသော်လည်း ဤအခိုက်အတန့်တွင် မည်သူမျှ သူ့ကို ဂရုမစိုက်နိုင်ကြပေ။ သူ လိုချင်တာ မရသဖြင့် ကောင်လေးမှာ နှုတ်ခမ်းဆူကာ ငိုတော့သည်။
သူ၏ ငိုသံမှာ အလွန်ကျယ်လောင်ပြီး ပြတ်သားလှသည်။ အပြင်မှ လူများ ကြားလိုက်ရသောအခါမှသာ စိတ်အေးသွားကြတော့သည်။ ထိုလူအုပ်စုသည် တံခါးဝတွင် စောင့်နေသည်မှာ ကြာပြီဖြစ်သော်လည်း အခန်းထဲမှ ဘယ်သူမှ ထွက်မလာသည်ကို မြင်လိုက်ရသည်။ သူတို့ စိတ်အေးရပြီဟု ထင်လိုက်ချိန်မှာပင် သူတို့၏ ရင်ထဲတွင် စိုးရိမ်စိတ်များ တစ်ဖန် ပြန်လည် ပြည့်နှက်လာပြန်သည်။
ချင်းရှောင်းကောသည် မျက်လုံးကို မှိတ်ကာ အစွမ်းကုန် ညှစ်ထုတ်လိုက်သည်။ နောက်ဆုံးတွင် သူမသည် ခန္ဓာကိုယ်ကို လျှော့ချလိုက်ပြီး အိပ်ရာပေါ်သို့ ပစ်လဲကာ အမောတကော ရှုရှိုက်နေတော့သည်။
သူမ၏ မျက်လုံးများမှာ အလွန်ပင် ပင်ပန်းနေသဖြင့် ဖွင့်ရန်ပင် ခက်ခဲနေသည်။ သူမ၏ သတိများမှာ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်နေပြီ ဖြစ်သည်။ သူမ နောက်ဆုံး မှတ်မိလိုက်သည်မှာ သူမ၏ ဘေးနားရှိ ဝဝတုတ်တုတ် ကလေးနှစ်ယောက်ပင် ဖြစ်သည်။
သူမ သတိမေ့မသွားမီမှာပင်၊ ကျန်းတန်းဟယ်၏ သမီးလေး လိုချင်သည့် ဆန္ဒမှာတော့ အငွေ့ပျံသွားပြီဖြစ်ကြောင်း တွေးနေမိသေးသည်။
သားဖွားဆရာမက သန့်ရှင်းရေးများ လုပ်ပြီးသောအခါ အပြင်တွင် စောင့်နေသော လူများကို အခန်းထဲသို့ ဝင်ခွင့်ပြုလိုက်သည်။
အခန်းထဲမှ ပြင်းထန်သော သွေးညှီနံ့ကြောင့်၊ ထိုအနံ့ကို ယဉ်ပါးနေသော ကျန်းတန်းဟယ်ပင်လျှင် ရုတ်တရက် မျက်ရည် ဝဲသွားရသည်။
အိပ်ရာပေါ်မှ လူကြီး၏ မှန်မှန်ကန်ကန် အသက်ရှူသံကို ကြားလိုက်ရမှ သူ၏ ရင်ထဲတွင် နောက်ဆုံး၌ စိတ်အေးသွားတော့သည်။
ထိုအခါမှသာ ချင်းရှောင်းကော ဘေးနားရှိ ကလေးနှစ်ယောက်ကို အာရုံစိုက်ရန် အားအင် ရှိတော့သည်။
ကျွမ်းကျွမ်းက ကလေးနှစ်ယောက်၏ စောင်ကို အရင်ဆုံး မကြည့်လိုက်ရာ သူတို့၏ လိင်အမျိုးအစားကို သိလိုက်ရသည်။ သားအဖနှစ်ယောက်စလုံး၏ အပြုံးများမှာ တစ်ပြိုင်နက်တည်း အေးခဲသွားတော့သည်။
နှစ်ယောက်လုံး မိန်းကလေး မဟုတ်ဘူးလား?
ချင်းအန်းမင်ကတော့ ထိုသို့ မတွေးပေ။ သူသည် အိပ်ရာပေါ်မှ ကလေးများကို မျက်ရည်ဝဲလျက် ငေးကြည့်နေသည်။ သူ၏ အချစ်ဆုံး ညီမလေး ချင်းရှောင်းကောမှာ ကလေးသုံးယောက်၏ မိခင် ဖြစ်သွားပြီလေ!
ချင်းရှောင်းကော မျက်လုံးဖွင့်လိုက်သည့် အခါတွင် အောက်ပါ မြင်ကွင်းကို မြင်လိုက်ရသည်။
ကျန်းတန်းဟယ်သည် ကလေးနှစ်ယောက်ကို နူးညံ့စွာ ပွေ့ဖက်ထားပြီး တစ်လှည့်စီ နမ်းနေသည်။ ကျွမ်းကျွမ်းမှာ ကလေးများကို ထိချင်သဖြင့် ဟိုဟိုဒီဒီ ခုန်နေသော်လည်း၊ သူ၏ အဖေက ကလေးများကို သူ လက်လှမ်းမမီသော နေရာသို့ ရွှေ့ကာ တမင် စနောက်နေသည်။ ထို့ကြောင့် ကောင်လေးမှာ အလွန် စိတ်တိုသွားပြီး သူ၏ အဖေကို ပညာပြချင်နေသော်လည်း၊ အိပ်နေဆဲဖြစ်သော သူ၏ အမေ နိုးသွားမှာကို စိုးရိမ်နေရသည်။
ချင်းအန်းမင်သည် ဘေးမှ ပြုံးလျက် ကြည့်နေသည်။ သူ လက်ကမ်းလိုက်သည်နှင့် ကျန်းတန်းဟယ်သည် ကလေးများကို သူ့ထံသို့ ချက်ချင်း လွှဲပေးလိုက်သည်။ ခုနက ကျွမ်းကျွမ်းနှင့် စနောက်နေသည့် ပုံစံမျိုး လုံးဝ မရှိတော့ပေ။
ကျွမ်းကျွမ်းသည် ကျန်းတန်းဟယ်ကို နှာခေါင်းရှုံ့ပြလိုက်ပြီး သူ့ကို ဆက်မနှောင့်ယှက်တော့ပေ။ သူသည် သူ၏ ဦးလေးဘေးသို့ တန်းသွားပြီး သူ၏ ညီလေးနှစ်ယောက်နှင့် နီးကပ်စွာ နေလိုက်သည်။
ချင်းအန်းမင်က သူ့ကို မစတော့ပေ။ ကောင်လေး အနားသို့ လာသည်ကို မြင်သောအခါ သူသည် ကလေးများကို ချီကာ ကောင်လေး၏ မျက်နှာနှင့် နီးကပ်အောင် ထားပေးလိုက်သည်။
ကလေးများ၏ အသံကို ကြားလိုက်ရသောအခါ ကျွမ်းကျွမ်း၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားပြီး သူ၏ ညီလေးနှစ်ယောက်ကို တစ်ယောက်စီ အသာအယာ နမ်းလိုက်တော့သည်။