အခန်း (၄၇၁)
Vol. 32 Ch. 471
နွေဦးပွဲတော် (တရုတ်နှစ်သစ်ကူး) ပြီးမှသာ သူတို့ မိသားစု ခရီးစတင်ခဲ့ကြသည်။
ချင်းရှောင်းကောသည် အိမ်တံခါးပိတ်ထားသည်ကို ကြည့်ရင်း၊ တံခါးပေါ်တွင် ကပ်ထားသည့် "လာဘ်လာဘ" ဟူသော စာလုံးလေးကို ငေးကြည့်ကာ မျက်ဝန်းတွင် မျက်ရည်များ ဝဲလာခဲ့သည်။ ဤနေရာလေးကို သူမ တကယ်မခွဲနိုင်ပေ။
ကျွမ်းကျွမ်းလည်း ထိုနည်းတူပင် ခံစားနေရသော်လည်း သူ၏ မိဘများနှင့် ညီလေးနှစ်ယောက်ကို ကြည့်ပြီးနောက်မှ စိတ်သက်သာရာ ရသွားတော့သည်။
"သွားကြစို့၊ ကိုယ်တို့ ပြန်မလာတော့မှာမှ မဟုတ်တာ"
ကျန်းတန်းဟယ်က သူမ၏ နဖူးကို နူးညံ့စွာ နမ်းရင်း ပြောလိုက်သည်။
သူတို့ ပြန်လာကြဦးမည်။ ဤနေရာသည် သူတို့၏ အိမ်ဖြစ်သည်။ သူတို့၏ အမြစ်တွယ်ရာနှင့် မိသားစုဝင်များမှာ ဤနေရာတွင် ရှိသည်။ မည်မျှပင် ဝေးရာသို့ ရောက်ပါစေ၊ နောက်ဆုံးတွင် သူတို့ ပြန်လာကြမည်သာ ဖြစ်သည်။
ချင်းရှောင်းကောက ခေါင်းညိတ်ပြပြီး ကလေးငယ်များကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ မြင်းလှည်းပေါ်သို့ တက်ခဲ့သည်။
မြင်းလှည်းသည် ဖြည်းဖြည်းချင်း စတင် ရွေ့လျားလာသည်။ ချင်းရှောင်းကောသည် ပြတင်းပေါက်မှ ခေါင်းလေးပြူကာ ယန်အမျိုးသမီး၏ အိမ်ကို လှမ်းကြည့်နေမိသည်။ မခွဲနိုင်မခွာရက် ဖြစ်ရသော စိတ်မှာ မိနစ်တိုင်း ပိုပြင်းထန်လာခဲ့သည်။
"အစ်မ... ကျွန်မ ပြန်လာခဲ့ပါ့မယ်။"
ရုတ်တရက် ရင်ခွင်ထဲမှ ကလေးငယ် ငိုသံကြောင့် သူမ သတိပြန်ဝင်လာသည်။ ကလေးငယ် ဗိုက်ဆာနေပြီဖြစ်ကြောင်း သိလိုက်သဖြင့် ချင်းရှောင်းကောသည် အင်္ကျီကြယ်သီးများကို ကျွမ်းကျင်စွာ ဖြုတ်လိုက်သည်။
ယန်အမျိုးသမီးသည် မြင်းလှည်း ထွက်သွားသည်အထိ တံခါးနောက်ကွယ်မှ စောင့်ကြည့်နေပြီးမှ အပြင်သို့ ထွက်လာခဲ့သည်။ သူမသည် မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး မြင်းလှည်းရှိရာဘက်သို့ လက်ယမ်းပြလိုက်သည်။
"ညီမလေး... မကြာခဏ ပြန်လာခဲ့နော်!"
ချင်းရှောင်းကော မြို့တော်သို့ ပြောင်းရွှေ့ရခြင်းမှာ ပထမအချက်အနေဖြင့် ကျွမ်းကျွမ်း၏ ပညာရေးအတွက်ဖြစ်ပြီး ဒုတိယအချက်မှာ ကျန်းတန်းဟယ်၏ အနားတွင် ရှိနေပေးရန် ဖြစ်သည်။
ယခုအခါ မိသားစုငါးယောက်သား နောက်ဆုံးတွင် ရေရှည် အတူတူ နေထိုင်နိုင်ကြပြီ ဖြစ်သည်။
ရှောက်ကျန့်နှင့် ရှောက်ယိတို့သည် ကျန်းတန်းဟယ်၏ မိသားစု မြို့တော်သို့ ပြောင်းလာသည်ကို မြင်ရသဖြင့် အလွန်အမင်း ဝမ်းသာနေကြသည်။
ဆရာကြီးခုံးနှင့် ဇနီးဖြစ်သူတို့ မြို့တော်သို့ ပြန်ရောက်လာပြီးနောက် သူတို့၏ မျိုးရိုးစဉ်ဆက် အိမ်တော်ကြီးတွင် ပြန်လည် နေထိုင်ကြသည်။ လူတိုင်းက သူတို့ကို နွေးထွေးစွာ ကြိုဆိုကြသည်။ ထိုစဉ်က ကလေးများမှာ လူကြီးနှစ်ဦး ထွက်သွားသည်ကို မကြည့်ရက်နိုင်အောင် ဖြစ်ခဲ့ကြသဖြင့် ယခု ပြန်ရောက်လာခြင်းမှာ အလွန်ပင် ကောင်းမွန်လှသည်။
ကျွမ်းကျွမ်းသည် သင်ခန်းစာများကို ဆက်လက် လေ့လာရသည်။ ရှောက်ကျန့်က ရှောက်ယိကို ကျွမ်းကျွမ်းနှင့်အတူ ဆရာကြီးခုံး၏ အတန်းတွင် တက်ရောက်ရန် စီစဉ်ပေးခဲ့သည်။ ထိုဆိုးပေသော ကောင်လေးမှာ ကျွမ်းကျွမ်းနှင့် အတူရှိမှသာ လိမ္မာယဉ်ကျေးနေတတ်သည်။ သူသည် သူ၏ဖခင်စကားကို ဘယ်တော့မှ နားမထောင်သော်လည်း ကျွမ်းကျွမ်းစကားကိုမူ အမြဲ နားထောင်သည်။ ကျွမ်းကျွမ်းက သူ့ကို ကြည့်ပေးနေသဖြင့် ရှောက်ကျန့်မှာ အလွန် စိတ်အေးသွားရသည်။
သို့သော် ဆရာကြီးခုံးမှာ အသက်ကြီးနေပြီ ဖြစ်သဖြင့် အတန်းများကို သူ၏ အိမ်မှာပင် ပြုလုပ်သည်။
ပုံမှန်အားဖြင့် အိပ်ရာထ နောက်ကျတတ်သော ရှောက်ယိမှာ နေ့တိုင်း ကျွမ်းကျွမ်းနှင့်အတူ ကျောင်းတက်ရသဖြင့် အလွန် ပျော်ရွှင်နေသည်။ နံနက်ပိုင်းတွင် မည်သူကမျှ နှိုးနေစရာ မလိုတော့ပေ။ သူသည် ကျောင်းပြေးခြင်းကိုလည်း ရပ်တန့်သွားပြီး ဘေးပတ်ဝန်းကျင်မှ လူများကို နောက်ပြောင်ကျီစယ်ခြင်းလည်း မလုပ်တော့ပေ။
ဆရာကြီးခုံး၏ သင်ခန်းစာများအပြင် သူတို့နှစ်ဦးအတွက် နောက်ထပ် သင်တန်းများလည်း စီစဉ်ထားသည်။ စာပေပညာများကို လေ့လာနေပြီဖြစ်ရာ ကိုယ်ခံပညာကိုလည်း လျစ်လျူရှု၍ မရပေ။
မြို့တော်တွင် မိသားစု အခြေကျလာသောအခါ ကျန်းတန်းဟယ်သည် သူပေးထားသော ကတိအတိုင်း လုပ်ဆောင်သည်။ သူသည် နှစ်လလျှင် တစ်ကြိမ် မက်မွန်ပွင့်ရွာသို့ သူတို့နှင့်အတူ ပြန်လည် လည်ပတ်ပြီး တစ်ပတ်ခန့် နေထိုင်လေ့ရှိသည်။
အသွားအပြန် ခရီးစဉ်နှင့် နေထိုင်သည့် အချိန်ကို ပေါင်းလိုက်လျှင် အချိန်အတော်များများ ရှိသော်လည်း၊ ရှောက်ကျန့်က ဤအစီအစဉ်ကို သဘောထားကြီးစွာ သဘောတူပေးခဲ့သည်။ ကျန်းတန်းဟယ်သည် သူ၏ တာဝန်များကို မပျက်ကွက်ဘဲ မြို့တော်တွင် နေထိုင်နိုင်သရွေ့ သူ၏ တောင်းဆိုချက်များကို ငြင်းပယ်စရာ အကြောင်းမရှိပေ။
အိမ်သို့ မကြာခဏ ပြန်ဖြစ်သောကြောင့် အိမ်လွမ်းစိတ်မှာလည်း ခံသာသွားရသည်။ မကြာမီ ပြန်ဆုံကြဦးမည် ဖြစ်ကြောင်း လူတိုင်း သိနေသောကြောင့် ဖြစ်သည်။
တစ်ခုတည်းသော ပြဿနာမှာ အကွာအဝေးသာ ဖြစ်သော်လည်း ၎င်းမှာ သူတို့၏ ပတ်သက်မှုကို မထိခိုက်စေပေ။
သူတို့ စစ်သူကြီး အိမ်တော်သို့ ပြောင်းရွှေ့လာကတည်းက ကျန်းတန်းဟယ်သည် ချင်းရှောင်းကောအတွက် ဥယျာဉ်ကို ပြင်ဆင်ပေးခဲ့သည်။ ယခုအခါ ဥယျာဉ်ထဲတွင် ပန်းမျိုးစုံ စိုက်ပျိုးထားပြီး စစ်သူကြီး အိမ်တော် တစ်ခုလုံးမှာ ပန်းရနံ့များဖြင့် သင်းပျံ့နေသည်။
ကျန်းတန်းဟယ်သည် လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံသောအခါ၌ပင် လူတိုင်းက သူ့ကို ဇနီးဖြစ်သူ ဘေးနားရှိနေသဖြင့် လူသစ်တစ်ယောက် ဖြစ်သွားပြီဟု ချီးကျူးကြသည်။ သူသည် ယခုအခါ ပန်းရနံ့ပင် သင်းနေပြီဟု ဆိုကြသည်။
ထိုသို့ နောက်ပြောင်ကျီစယ်မှုများကို သူက တစ်ခွန်းမှ ပြန်မပြောသော်လည်း၊ သူ၏ မျက်နှာကို ကြည့်ရုံနှင့် ပျော်ရွှင်မှုများ လွှမ်းခြုံနေသည်ကို သိနိုင်ပေသည်။
မြို့တော်၏ နွေရာသီမှာ မက်မွန်ပွင့်ရွာထက် များစွာ ပိုပူပြင်းလှသည်။
ချင်းရှောင်းကောသည် ကလေးငယ်နှစ်ဦးကို ပါးလွှာသော အဝတ်အစားများ လဲပေးရန် ပြင်ဆင်နေစဉ် ကျန်းတန်းဟယ် ပြန်ရောက်လာသည်။
ကလေးများကို ပြုစုနေရင်း သူမက သူ့ဘက်သို့ လှည့်ကြည့်ကာ "ဒီနေ့ ဘာလို့ စောစော ပြန်ရောက်လာတာလဲ?" ဟု မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ မင်းနဲ့ ကလေးတွေနဲ့ အတူရှိဖို့ စောစော ပြန်လာတာ။"
ကျန်းတန်းဟယ်သည် သူမရှေ့မှာပင် အဝတ်အစားများ လဲလှယ်ပြီး သာမန်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ ဤအတောအတွင်း သူသည် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ပြသရန် ပုံစံအမျိုးမျိုး ပေးနေသည်။ သူကတော့ ဝန်မခံသော်လည်း၊ တကယ်တော့ သူသည် ချင်းရှောင်းကောကို ဆွဲဆောင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
သူမသည် သူ၏ ပုံစံကို ကြည့်ပြီး မှင်သက်သွားမလားဟု သူက ခပ်ရှက်ရှက်ဖြင့် အကဲခတ်လိုက်ရာ၊ ချင်းရှောင်းကောသည် သူ့ကို ဂရုစိုက်ရန် အချိန်မရှိသည်ကို တွေ့လိုက်ရသည်။ သူမသည် ကုတင်ပေါ်ရှိ ဝဝတုတ်တုတ် ကလေးနှစ်ယောက်ကိုသာ အာရုံရောက်နေသည်။
ကျန်းတန်းဟယ်၏ မျက်ဝန်းများမှာ မှောင်ကျသွားသည်။ စိတ်ကောက်ကောက်ဖြင့် သူ၏ အင်္ကျီကို အင်္ကျီချိတ်ပေါ်သို့ ပစ်တင်လိုက်ပြီး စားပွဲတွင် တစ်ယောက်တည်း စကားတစ်ခွန်းမှ မပြောဘဲ ထိုင်နေတော့သည်။ သူသည် ကုတင်ပေါ်မှ မိခင်နှင့် ကလေးနှစ်ဦးကို ဝမ်းနည်းသယောင် ကြည့်နေသော်လည်း အဓိကအားဖြင့် ချင်းရှောင်းကောကိုသာ အာရုံစိုက်နေသည်။
ကျွမ်းကျွမ်း အိမ်မှာရှိတုန်းက သူမသည် သူ့ကို ပြုစုနေပြီး၊ အခု ကျွမ်းကျွမ်း မရှိတော့ပြန်တော့လည်း သားအမြွှာနှစ်ယောက်ကို ပြုစုနေရပြန်သည်။ သူသည် သူမ၏ ခင်ပွန်းဖြစ်ပါလျက်နှင့် သူမ၏ ဦးစားပေးစာရင်းတွင် နောက်ဆုံးမှ ပါဝင်နေပြီး၊ သူမ၏ အာရုံစိုက်မှုမှာ သူ့အတွက် မကျန်တော့သလောက် ဖြစ်နေသည်။
ချင်းရှောင်းကောသည် ဖက်တီးကြီးနှင့်ဖက်တီးလေးတို့ကို အဝတ်အစားများ လဲပေးပြီးနောက် လက်သုတ်ပဝါဖြင့် သူတို့၏ ကိုယ်လေးများကို သုတ်ပေးလိုက်သည်။
ထိုဝဝတုတ်တုတ် ကလေးနှစ်ယောက်မှာ တစ်နေ့ထက်တစ်နေ့ ပိုဝလာပြီး၊ ကျွမ်းကျွမ်း ကလေးဘဝတုန်းကထက်ပင် ပိုကြီးနေသည်။ ချင်းရှောင်းကော၏ မိခင်နို့မှာ အာဟာရ အလွန်ပြည့်ဝလွန်းလို့လား သို့မဟုတ် ကလေးနှစ်ယောက်က အာဟာရ စုပ်ယူမှု ကောင်းလွန်းလို့လား မသိပေ။
သူမ တွေးနေစဉ်မှာပင် တံခါးအပြင်ဘက်မှ ကျွမ်းကျွမ်း၏ ကြည်လင် ပြတ်သားသော အသံလေး ထွက်ပေါ်လာခဲ့သည်။
"အမေ... အမေ..."
ချင်းရှောင်းကောသည် သူ၏ အသံကို ကြားရသဖြင့် ဝမ်းသာသွားသည်။ သူမသည် နောက်ထပ် လက်သုတ်ပဝါတစ်ခုကို ထုတ်လိုက်ပြီး လူသားလေး ဝင်လာမည့်အချိန်ကို စောင့်နေသည်။
ချင်းရှောင်းကော၏ မျှော်လင့်တကြီး အမူအရာကို မြင်သောအခါ ကျန်းတန်းဟယ်မှာ ပို၍ပင် စိတ်မကောင်း ဖြစ်သွားသည်။ သူ အိမ်ပြန်ရောက်လာကတည်းက ချင်းရှောင်းကောသည် သူ့ကို စကားအနည်းငယ်သာ ပြောခဲ့သည်။ အရေးကြီးဆုံးကတော့ သူမသည် သူ၏ ချွေးများကိုပင် သုတ်မပေးခဲ့ပေ!
ကျွမ်းကျွမ်းသည် ယခုအခါ ခြောက်နှစ် ရှိနေပြီ ဖြစ်သည်။ မနှစ်ကစ၍ ထိုကောင်လေးမှာ များစွာ အရပ်ရှည်လာသည်။ သူစားသမျှ အာဟာရများမှာ ဘေးတိုက် မကြီးတော့ဘဲ အရပ်ဘက်သို့သာ တိုးလာသည်။
ခြောက်နှစ်သား ကောင်လေးမှာ ကျန်းတန်းဟယ်နှင့် တူပုံရသည်။ နှစ်သစ်ကူးပြီးနောက် သူသည် ပိုလျင်မြန်စွာ ကြီးထွားလာရာ၊ သူမ၏ ခါးအထက်ကို ကျော်လွန်နေပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကကဲ့သို့ သူ့ကို ချီရန်မှာ မဖြစ်နိုင်တော့ပေ။
ကျွမ်းကျွမ်းသည် ချင်းရှောင်းကောကို ကြာမြင့်စွာ စောင့်မနေခိုင်းပေ။ ခဏအတွင်းမှာပင် သူသည် ပြုံးရွှင်သော မျက်နှာလေးဖြင့် ပြေးဝင်လာသည်။ သူ၏ မျက်နှာလေးမှာ နီမြန်းနေသော်လည်း သူ၏ ချောမောမှုကို မထိခိုက်ပေ။
မြို့တော်သို့ ရောက်ပြီးနောက် ကျွမ်းကျွမ်းသည် အဆင့်မြင့် အရာရှိကြီးများ၏ သားသမီးများနှင့်လည်း ရင်းနှီးလာခဲ့သည်။ သို့သော် ရှောက်ယိကဲ့သို့ပင် သူသည် သူတို့နှင့် ကစားရန် မနှစ်သက်ပေ။ တစ်ဖက်တွင်မူ ထိုကလေးများသည် ကျွမ်းကျွမ်းနှင့် ကစားရန် အလွန် နှစ်သက်ကြသည်။ ၎င်းမှာ သူ၏ အလွန် ချောမောသော မျက်နှာလေးကြောင့်လည်း ဖြစ်နိုင်ပေသည်။
ကျွမ်းကျွမ်းမှာ ချောမောသော ကောင်လေးဖြစ်သည်မှာ ငြင်းမရပေ။ သူသည် ကျန်းတန်းဟယ်နှင့် ချင်းရှောင်းကောတို့၏ အကောင်းဆုံး အစိတ်အပိုင်းများကို အမွေရရှိထားပြီး၊ သူ့ကို တွေ့သူတိုင်းက မချီးကျူးဘဲ မနေနိုင်ကြပေ။
"အမေ..."
ကျွမ်းကျွမ်းသည် ချင်းရှောင်းကော၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး၊ သူမကို ချွေးသုတ်ခိုင်းကာ သူ၏ ဝတ်ရုံကို ချွတ်ခိုင်းသည်။ သူသည် အလွန် ပျော်ရွှင်နေသည်။ တစ်ချိန်တည်းမှာပင် သူသည် အမေ့နောက်ကွယ်မှ သူ့ကို လှမ်းဆွဲနေသော ညီလေးနှစ်ယောက်ကို ထိတွေ့ရန်လည်း မမေ့ပေ။
ရုတ်တရက် သူ၏ မျက်လုံးလေးများက အခန်းထဲတွင် ဝေ့ကြည့်လိုက်ရာ၊ အထီးကျန်နေပုံရသော ကျန်းတန်းဟယ်ကို တွေ့သွားသည်။ နောက်တစ်စက္ကန့်တွင် သူက ပြုံးလျက် လှမ်းခေါ်လိုက်သည်။ "အဖေ။"
"ဟူး..." ကျန်းတန်းဟယ်မှာ ငိုချင်သွားသည်။ နောက်ဆုံးတော့ သူ့သားက သူ့အဖေကို သတိထားမိသွားပြီ။
ချင်းရှောင်းကော ရယ်မောလိုက်မိသည်။ သူ၏ ပြင်းထန်သော မကျေနပ်ချက်ကို သူမ ဘယ်လိုလုပ် မသိဘဲ နေပါမည်နည်း? မကြာသေးမီက သူမ သူ့ကို အမှန်တကယ်ပင် လျစ်လျူရှုထားမိသည်။ သူ့ကို ပြန်လည် ချော့မြှူရန် အခွင့်အရေး တစ်ခု ရှာရပေဦးမည်။
ချင်းရှောင်းကော၏ မွေးနေ့မှာ ဇွန်လတွင် ဖြစ်သည်။ ကျန်းတန်းဟယ်သည် သူမ၏ မွေးနေ့ကို ဆင်နွှဲရန် မိသားစုကို မက်မွန်ပွင့်ရွာသို့ ပြန်ခေါ်လာခဲ့သည်။
ညဘက်တွင် ကလေးသုံးယောက်ကို အိပ်အောင် ချော့ပြီးနောက် ကျန်းတန်းဟယ်သည် အခန်းထဲသို့ ဝင်လာပြီး သူမအား လျှို့ဝှက်သော ပုံစံဖြင့် စာအုပ်တစ်အုပ် ပေးလိုက်သည်။
ချင်းရှောင်းကော ဖွင့်ကြည့်လိုက်သောအခါ၊ ၎င်းမှာ ကိုယ်တိုင်ဆွဲထားသော ပန်းချီကားချပ် အထူကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည်!
"ဒါက ဘာလဲ?!" ချင်းရှောင်းကောသည် မယုံနိုင်စရာ ဖြစ်ကာ ပန်းချီကားများကို တစ်ချပ်ချင်း လှန်ကြည့်လိုက်သည်။ သူမသည် ပြုံးနေသော ကျန်းတန်းဟယ်ကို မော့ကြည့်လိုက်ရာ၊ အလွန်အမင်း စိတ်လှုပ်ရှားသွားရသည်။
"မင်းအတွက် မွေးနေ့လက်ဆောင်လေ။"
ကျန်းတန်းဟယ်က သူမ၏ နဖူးကို အသာအယာ နမ်းပြီး "မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ ကိုယ့်ရဲ့ အချစ်ဆုံး ဇနီးလေး" ဟု ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်" ချင်းရှောင်းကောသည် မျက်ရည်များကို သုတ်လိုက်ပြီး သူ့ကို ပြန်နမ်းလိုက်သည်။
သူ၏ မျက်ဝန်းများ နက်မှောင်လာသည်ကို မြင်သောအခါ သူမသည် အကြောင်းအရာကို အမြန်ပြောင်းကာ မေးလိုက်သည်။ "ဒီပန်းချီတွေကို ဘယ်တုန်းကတည်းက စပြီး ပြင်ဆင်နေတာလဲ?"
မေးရင်းနှင့် သူမသည် ထိုစာအုပ်ကို လှန်ကြည့်လိုက်သည်။ သူမ မြင်လိုက်ရသည်မှာ သူမ ကိုယ်ဝန်ရှိကြောင်း သိရပြီးနောက် ဆေးခန်းတွင် လဲလျောင်းနေသည့် ပုံရိပ်ဖြစ်သည်။ သူမသာ ဤပုံကို မတွေ့ခဲ့လျှင် သူမ မသိနိုင်ပေ။ ထိုစာမျက်နှာကို ကြည့်ရင်း သူမ အလွန်အမင်း ရယ်မောလိုက်ရသည်။
'အဲဒီတုန်းက ကျွန်မက ဒီလောက်တောင် တောင့်တောင့်ကြီး ဖြစ်နေတာလား?'
"မင်း တစ်ခါတုန်းက အမှတ်တရ အခိုက်အတန့်တွေကို မှတ်တမ်းတင်ထားချင်တယ်လို့ ပြောခဲ့ဖူးတယ် မဟုတ်လား? မင်းပြောတဲ့ ဓာတ်ပုံတော့ ကိုယ် မရိုက်တတ်ပေမဲ့၊ မင်းအတွက် ဒီလို ဆွဲပေးလို့တော့ ရတယ်လေ။"
ချင်းရှောင်းကော ပြန်စဉ်းစားကြည့်ရာ၊ လွန်ခဲ့သော အချိန်အတော်ကြာက ကျွမ်းကျွမ်း သစ်ပင်တက်နေသည်ကို ကြည့်နေစဉ်က ဖြစ်ကြောင်း သတိရလိုက်သည်။ ထိုအချိန်က နေဝင်ချိန်မှာ အလွန် လှပသဖြင့် ဤအခိုက်အတန့်ကို မှတ်တမ်းတင်ထားချင်ကြောင်း ကျန်းတန်းဟယ်ကို ပြောပြခဲ့ဖူးသည်။ သူသည် သူမ၏ စကားကို မှတ်မိနေရုံတင်မကဘဲ လက်တွေ့ပါ လုပ်ဆောင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ!
ထိုပန်းချီစာအုပ်ထဲတွင် သူတို့၏ အတိတ်က အမှတ်တရများကို အပိုင်းအစများအဖြစ် မြင်တွေ့ရသည်။ လမင်းပွဲတော်တုန်းက အမျိုးသားအဖွဲ့နှင့် အမျိုးသမီးအဖွဲ့ ယှဉ်ပြိုင်နေသည့် မြင်ကွင်း၊ မြို့တော်ရှိ နွေဦးပွဲတော်တုန်းက မီးရှူးမီးပန်းများ အတူတူ ကြည့်ခဲ့ကြသည့် ပုံရိပ်များ... သူမ ကိုယ်ဝန်စရှိသည့် အချိန်မှ နောက်ဆုံးအဆင့်အထိ၊ အမြွှာလေးများ မွေးဖွားသည့်နေ့၊ ကျွမ်းကျွမ်း၏ မွေးနေ့၊ တစ်လပြည့် ပွဲ၊ သူမ၏ အစ်ကိုနှင့် ရူယီတို့၏ မင်္ဂလာဆောင်၊ နွေဦးပွဲတော်၊ မြို့တော်သို့ ပြောင်းရွှေ့ခြင်း၊ ကျွမ်းကျွမ်း စာသင်နေသည့် ပုံစံ၊ မြားပစ်သင်နေသည့် ပုံစံ၊ ဖက်တီးကြီးနှင့် ဖက်တီးလေးတို့ မှောက်တတ်သည့် အချိန်၊ စတင် သွားတတ်သည့် အချိန်၊ အမြွှာလေးများက ကျွမ်းကျွမ်း၏ ဆံပင်ကို ဆွဲနေသည့် အချိန်...
နောက်ဆုံး ပန်းချီကားမှာ မှင်ရည်များပင် မခြောက်သေးပေ။ ၎င်းမှာ သူငယ်ချင်းအားလုံး စုဝေးကာ ချင်းရှောင်းကော၏ မွေးနေ့ကို ဆင်နွှဲနေကြသည့် မြင်ကွင်း ဖြစ်သည်။ သူမသည် မျက်လုံးလေးများ မှိတ်ကာ ဆုတောင်းနေသည်။
အောက်ဆုံးတွင် စာလုံးအသေးလေး အချို့ ရေးထားသည်မှာ... ဆက်ရန် ဟူ၍ပင်။