ဇာတ်သိမ်း
Vol. 32 Ch. 473
ကလေးများမှာ အနာဂတ်ကောင်းများဖြင့် အရွယ်ရောက်လာကြပြီဖြစ်ရာ လူကြီးများအတွက် ယခင်က ကတိပေးထားခဲ့သည့် ခရီးထွက်ရန် အချိန်တန်ပြီ ဖြစ်သည်။
သူတို့ ခရီးစတင်ချိန်မှာ ခန့်မှန်းထားသည်ထက် နောက်ကျခဲ့သည်။ အစီအစဉ်များမှာ နှစ်အနည်းငယ်မျှ ကြန့်ကြာခဲ့ရသည်။
ကျန်းတန်းဟယ်သည် မြင်းလှည်းကို အပြင်သို့ ထုတ်လာခဲ့သည်။ သူသည် ချင်းရှောင်းကောကို တစ်နိုင်ငံလုံး အနှံ့ လိုက်လံပို့ဆောင်ပေးမည်ဟူသော ကတိကို တည်တော့မည် ဖြစ်သည်။
ချင်းရှောင်းကောသည် အလုပ်ရှုပ်နေသော ကျန်းတန်းဟယ်ကို ကြင်နာစွာ ငေးကြည့်နေမိပြီး သူမ၏ ရင်ထဲတွင် အရည်ပျော်ကျမတတ် ခံစားလိုက်ရသည်။ ဤရင့်ကျက်သော အမျိုးသားမှာ ယခုတိုင် ဆွဲဆောင်မှုရှိပြီး ချောမောနေဆဲဖြစ်ရာ သူမ၏ နှလုံးသားမှာ သူ့အတွက် ရင်ခုန်နေဆဲပင်။
ကျန်းတန်းဟယ်သည် သူမ၏ အကြည့်ကို သိရှိသွားပြီး လှည့်၍ ပြုံးပြလိုက်သည်။ ထိုနည်းတူပင် ချင်းရှောင်းကောသည်လည်း အလွန်လှပနေဆဲ ဖြစ်သည်။ အချိန်ကာလသည် သူမ၏ မျက်နှာပေါ်တွင် မည်သည့် အမှတ်အသားမျှ ချန်မထားခဲ့ပေ။ တကယ်တော့ သူမသည် အရင်ကထက်ပင် ပို၍ လှပလာခဲ့သည်။
ဇနီးမောင်နှံနှစ်ဦးမှာ တစ်ဦးပေါ်တစ်ဦး အလွန် ချစ်ခင်ကြသဖြင့် သူတို့၏ သားသုံးယောက်ပင် ကြားထဲသို့ ဝင်ရန် နေရာမရှိသလောက်ပင်။
"အမေ..."
သားသုံးယောက်လုံးက ချင်းရှောင်းကောကို တညီတည်း လှမ်းခေါ်လိုက်သည်။ သူတို့မှာ ငယ်တော့သည်မဟုတ်သော်လည်း အမေ့ရှေ့တွင်မူ ကလေးကဲ့သို့ ချွဲရသည်ကို နှစ်သက်ကြဆဲ ဖြစ်သည်။
ချင်းရှောင်းကောသည် သူတို့သုံးဦးကို မေတ္တာဖြင့် ကြည့်လိုက်သည်။ သူတို့ထဲမှ တစ်ယောက်ကို ကြည့်ရုံနှင့်ပင် အလွန် စွဲမက်စရာ ကောင်းနေပြီ ဖြစ်သည်။ သုံးယောက်လုံး အတူတူ ပေါ်လာသည့်အခါတွင်မူ အမှန်တကယ်ပင် ထူးခြားလှသည်။
စဉ်းစားကြည့်ပါဦး၊ သူမသည် ဤမျှ ချောမောသော ကလေးများကို ဘယ်လိုများ မွေးဖွားခဲ့ပါလိမ့်? သူတို့အားလုံးမှာ ဆွဲဆောင်မှုရှိသော မျက်နှာများ၊ တောက်ပသော မျက်ဝန်းများ၊ ပြည့်စုံသော နှာတံများနှင့် နှုတ်ခမ်းနီရောင် သန်းနေသော နှုတ်ခမ်းများ ရှိကြသည်။ သူတို့မှာ အရပ်ရှည်ပြီး ခန့်ညားကာ ဆွဲဆောင်မှုရှိလွန်းသဖြင့် မည်သူနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။
ထို့ကြောင့်လည်း မိန်းကလေး အများအပြားက သူတို့သုံးဦးနောက်သို့ တကောက်ကောက် လိုက်နေကြခြင်း ဖြစ်မည်။
အရပ် ၆ ပေ (၁.၈ မီတာ) နီးပါးရှိသော ထိုလူပျိုကြီး သုံးယောက်မှာ ယခုအခါ မျက်ရည်ဝဲလျက် သူမကို ကြင်နာစွာ ကြည့်နေကြသဖြင့် သူမ၏ ရင်ထဲတွင် နာကျင်ရသည်။
"မြန်မြန်... ကျွမ်းကျွမ်း၊ ဖက်တီးကြီးနဲ့ ဖက်တီးလေး၊ ဒီကိုလာပြီး အမေ့ကို ဖက်လိုက်ကြဦး!"
နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ချင်းရှောင်းကောသည် သူတို့ကို အမည်ပြောင်များဖြင့် ခေါ်ရသည်ကို နှစ်သက်ဆဲ ဖြစ်သည်။ အခြားမည်သူကမျှ ထိုသို့ ခေါ်ရဲမည်မဟုတ်ပေ။ ၎င်းမှာ မိသားစုဝင်များအတွက်သာ သီးသန့်ဖြစ်သော အခွင့်အရေး ဖြစ်သည်။
ချင်းရှောင်းကောက သူမ၏ လက်မောင်းများကို ဆန့်ထုတ်လိုက်သည်နှင့် ညီအစ်ကို သုံးယောက်မှာ သူမအနားသို့ စိတ်အားထက်သန်စွာ ဝိုင်းလာကြသည်။ အကယ်၍ အိမ်အပြင်ဘက်တွင်သာ မဟုတ်လျှင် သူတို့မှာ အမေ့ထံမှ နှစ်သိမ့်မှုရရန် ကလေးများကဲ့သို့ ဂျီကျနေကြပေလိမ့်မည်။
ကျွမ်းကျွမ်းမှာ အကြီးဆုံးဖြစ်ပြီး ချင်းရှောင်းကောအပေါ် အကပ်ဆုံး ဖြစ်သည်။ သူ ကြီးလာလျှင် ထိုအကျင့် ပျောက်သွားမည်ဟု သူမ ထင်ခဲ့သော်လည်း ယခုတိုင် သူသည် 'အမေ့သား' ဖြစ်နေဆဲပင်။ အမြွှာလေးများကတော့ သူ့ထက် အနည်းငယ် ပို၍ တည်ငြိမ်ကြသည်။
သူတို့သည် မိဘများနှင့် အချိန်ကြာမြင့်စွာ တစ်ခါမျှ မခွဲခွာဖူးသဖြင့် မိဘများ ခရီးထွက်မည်ကို အလွန် မခွဲနိုင်မခွာရက် ဖြစ်နေကြသည်။ သို့သော် ၎င်းမှာ သူတို့အမေ၏ ဆန္ဒဖြစ်ကြောင်းလည်း သိထားကြသည်။ သူတို့သည် အမေ့ကို အလွန်ချစ်သဖြင့် သူတို့အမေ စိတ်မကောင်းဖြစ်သည်ကို မမြင်ချင်ကြပေ။ ယခုအချိန်တွင် သူတို့ အလုပ်မအား၍သာ ဖြစ်သည်၊ မဟုတ်လျှင် မိဘများကို နှစ်ယောက်တည်း ခရီးထွက်ခိုင်းမည်မဟုတ်ဘဲ မည်သို့ပင်ဖြစ်စေ အတူတူ လိုက်သွားကြပေလိမ့်မည်။
ချင်းရှောင်းကောသည် သူမ၏ လက်မောင်းနှစ်ဖက်ဖြင့် အကုန်မပွေ့နိုင်လောက်အောင် ကျယ်ပြန့်နေသော သူတို့၏ ပုခုံးများကို ပွတ်သပ်ပေးလိုက်သည်။ သူမသည် စိတ်သက်သာရာရသလို အနည်းငယ် ဝမ်းနည်းမိသည်။
သူတို့သည် ဤခရီးကို မိသားစုလိုက် အတူတူသွားရန် သဘောတူခဲ့ကြသော်လည်း ကလေးများမှာ မျက်စိတစ်မှိတ်အတွင်း လူကြီးများ ဖြစ်လာကြလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း?
သူမ ကျွမ်းကျွမ်းကို ပထမဆုံး မြင်ခဲ့သည့် အချိန်ကို သတိရနေဆဲ ဖြစ်သည်။ ထိုစဉ်က ကောင်လေးမှာ ညိုညိုညှက်ညှက်နှင့် ပိန်ပိန်လေး ဖြစ်သည်။ ယခုမူ သူ၏ ခေါင်းကို ပုတ်ရန်အတွက် သူမ ခြေဖျားထောက်ရတော့မည်။ အမြွှာလေးများလည်း ထိုနည်းတူပင်။ ထိုစဉ်က သူတို့မှာ ဘောလုံးလေးများကဲ့သို့ လုံးဝန်းနေခဲ့သော်လည်း ယခုမူ သူတို့၏ အစ်ကိုကဲ့သို့ပင် သွယ်လျ ခန့်ညားလာကြပြီ။
နှစ်များစွာအတွင်း သူမသည် သားသုံးယောက်ကို ပညာပေးရန်နှင့် လေ့ကျင့်ပေးရန် များစွာ အားထုတ်ခဲ့သည်။ သို့သော် ဤသည်မှာ တကယ့်ကို မမျှော်လင့်ထားသော ရလဒ်ပင်။ ညီအစ်ကို သုံးယောက်မှာ အပြင်လောကတွင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီး အရည်အချင်း ရှိကြသော်လည်း၊ သူမရှေ့တွင်မူ သူမ၏ အာရုံစိုက်မှုကို ရရန် အမြဲ ယှဉ်ပြိုင်နေကြသော ကလေးများသာ ဖြစ်သွားကြသည်။
သူမသည် ပျော်လည်းပျော်သလို စိုးရိမ်လည်း စိုးရိမ်မိသည်။ သားသုံးယောက်မှာ နေ့တိုင်း သူမအနားမှာပဲ ဝိုင်းနေကြသည်။ သူမ၏ တစ်သက်တာတွင် မြေးများကို မြင်တွေ့ရမည့် အခွင့်အရေး ရှိပါ့မလားဟု တွေးမိသည်။ ကျန်းတန်းဟယ်နှင့် ခရီးမှ ပြန်လာသည့်အခါ ချွေးမများနှင့် မြေးတစ်ယောက်၊ နှစ်ယောက်လောက်ကို တွေ့ရရန် သူမ မျှော်လင့်နေမိသည်။
"ကဲ... တော်ပြီ၊ တော်ပြီ။" ကျန်းတန်းဟယ်သည် စိတ်မရှည်နိုင်တော့ပေ။ အိတ်များကို သိမ်းဆည်းပြီးနောက် ညီအစ်ကို သုံးယောက်၏ ခေါင်းကို ခေါက်လိုက်သည်။ သူတို့မှာ သူ၏ ဇနီးကို ဖက်ထားသည်မှာ မပြီးနိုင်သေးပေ!
တောင်ကြီးတစ်လုံးကဲ့သို့ သန်မာနေဆဲဖြစ်သော သူတို့၏ ဖခင်ကို ကြည့်ရင်း ကောင်လေးများ၏ မျက်ဝန်းများတွင် အားကျမှုနှင့် အားကိုးလိုမှုများ ပြည့်နှက်နေသည်။ ကောင်လေးများ မည်မျှပင် အရည်အချင်းရှိပါစေ၊ မိဘများကို မြင်သည့်အခါတွင်မူ မိဘမေတ္တာကို အမြဲ ဆာလောင်နေသော ကလေးငယ်များကဲ့သို့ပင် ပြုမူကြဆဲ ဖြစ်သည်။
ကျန်းတန်းဟယ်သည် အသက်ကြီးလာသည်နှင့်အမျှ သူ၏ အကြည့်များမှာ ပို၍ ပြင်းပြပြီး ရင့်ကျက်လာသည်။ သူသည် သူ၏ သားသုံးယောက်ကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။ "မင်းတို့ရဲ့ အလုပ်ကို သေချာလုပ်ကြ၊ ရိုးသားပြီး အားကိုးထိုက်သူတွေ ဖြစ်အောင် နေထိုင်ကြ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြပါ။ အန္တရာယ်ထဲ ကိုယ့်ကိုယ်ကိုယ် မထည့်ကြနဲ့၊ ငါတို့ကို စိတ်မပူစေနဲ့ဦး..."
မသိလိုက်ဘဲ သူသည် အချိန်အတော်ကြာအောင် စကားများနေမိသည်။ နောက်ဆုံးမှ သတိဝင်လာကာ ရှက်ပြုံး ပြုံးရင်း ပြောလိုင်သည်။ "ကဲ... ငါလည်း စကားမများတော့ဘူး။ မင်းတို့ ဘာလုပ်ရမလဲဆိုတာ သိမှာပါ။ ငါနဲ့ မင်းတို့အမေက အပြီးအပိုင် ထွက်သွားမှာမှ မဟုတ်တာ။ မင်းတို့ ငါတို့ကို လွမ်းလာတဲ့အခါ ငါတို့ ပြန်လာမှာပေါ့"
ထို့နောက် သူသည် ခေါင်းကို ညင်သာစွာ ငုံ့လိုက်ပြီး ချင်းရှောင်းကောကို "သွားဖို့ အချိန်တန်ပြီ" ဟု ပြောလိုက်သည်။
ချင်းရှောင်းကောက မခွဲနိုင်မခွာရက် ခေါင်းညိတ်လိုက်ပြီး သားသုံးယောက်ကို လှည့်ကြည့်လိုက်သည်။ သူတို့က သူမနှင့် မခွဲချင်သလို၊ သူမအတွက်လည်း သူတို့ကို နှုတ်ဆက်ရန် ခက်ခဲလှသည်။
မသိလိုက်ဘဲ သူတို့မှာ ကြီးပြင်းလာကြပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်နှစ်ကျော် အချိန်များ ကုန်လွန်သွားခဲ့ပြီ...
"လီရှို့ကျီ ဘယ်မှာလဲ?"
ချင်းရှောင်းကောသည် အိမ်တော်အဝင်ဝကို ကြည့်လိုက်သော်လည်း ထိုသူ၏ အရိပ်အယောင်ကို မတွေ့ရပေ။
ကျန်းတန်းဟယ်က ခေါင်းခါပြသည်၊ သူလည်း ဘယ်ရောက်နေမှန်း မသိပေ။
ဟုတ်ပေသည်၊ လီရှို့ကျီမှာ ယခုတိုင် လူပျိုကြီးဖြစ်နေဆဲဖြစ်ပြီး သူတို့နှင့်အတူ နေထိုင်နေဆဲ ဖြစ်သည်။
သူတို့ ထွက်ခွာခါနီးတွင် သာမန် မြင်းလှည်း နှစ်စီး ပေါ်လာပြီး သူတို့၏ လမ်းကို ပိတ်လိုက်သည်။
ရှောက်ယိသည် မြင်းလှည်းပေါ်မှ အရင် ဆင်းလာခဲ့ပြီး၊ ထိုသူမှာ မည်သူဖြစ်ကြောင်း သိလိုက်ရသောအခါ ကျန်းတန်းဟယ်က မတတ်သာဘဲ သက်ပြင်းချလိုက်သည်။ သူတို့ ဘယ်လိုမှ ရှောင်လွဲ၍ မရနိုင်ပုံရသည်!
ရှောက်ယိသည် ချင်းရှောင်းကောထံသို့ တိုက်ရိုက် ပြေးလာခဲ့သည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း သူမအပေါ် ထားရှိသော သူ၏ သံယောဇဉ်မှာ မပြောင်းလဲပေ။
ချင်းရှောင်းကောအတွက်လည်း ထိုနည်းတူပင် ဖြစ်သည်။ သူမသည် အရင်ကကဲ့သို့ပင် သူ၏ ခေါင်းကို ပုတ်ပေးလိုက်သည်။ ရှောက်ယိမှာ ဧကရာဇ် ဖြစ်လာခဲ့သော်လည်း အရင်ကကဲ့သို့ပင် တစ်ရက်ခြား တစ်ခါ သူတို့အိမ်သို့ ထမင်းလာစားလေ့ ရှိသည်။
"ဒါ မတရားဘူး။ မင်းတို့ ငါ့ကို ထားခဲ့ပြီး ခရီးထွက်ကြတော့မလို့လား"
နန်းတော်မှ ထွက်လာပြီးနောက် ရှောက်ကျန့်သည် ကိုယ့်ကိုယ်ကိုယ် လုံးဝ လွှတ်ပေးထားပြီး၊ သူတို့အိမ်သို့ မကြာခဏ လာရောက် စားသောက်ခြင်း သို့မဟုတ် အိပ်စက်ခြင်းများ ပြုလုပ်လေ့ရှိသည်။ သူသည် ယခင်ကကဲ့သို့ တည်ငြိမ် လေးနက်သော ပုဂ္ဂိုလ် မဟုတ်တော့ပေ။ တစ်စုံတစ်ယောက်က သူ့ကို စကားများလျှင် သူက "အချိန်အတော်ကြာအောင် ဖိနှိပ်ခံထားရတာပဲ၊ အခုတော့ နည်းနည်းလောက် အနားယူလို့ မရဘူးလား?" ဟု ပြန်ပြောလေ့ရှိသည်။
"မင်းလည်း ငါတို့နဲ့ လိုက်မလို့လား?!"
ကျန်းတန်းဟယ်မှာ တည်ငြိမ်နေပုံရသော်လည်း၊ ချင်းရှောင်းကောမှာမူ အံ့အားသင့်သွားသည်။ 'သူ့လို အငြိမ်းစား ဧကရာဇ် တစ်ယောက်က ဘယ်လိုလုပ် အပြင်ကို ဒီလောက် ခဏခဏ ထွက်လာနိုင်တာလဲ? နန်းတော်မှာပဲ နေသင့်တာ မဟုတ်ဘူးလား? အခုတော့ မြို့တော်ကနေပါ ထွက်ပြေးချင်နေတာလား?!!'
"အတူတူ သွားကြတာပေါ့။ အနည်းဆုံးတော့ မင်းတို့မှာ အဖော်ရတာပေါ့။"
ရှောက်ကျန့်က ပြောရင်း သူ၏ အိတ်ကို သူတို့ မြင်းလှည်းထဲသို့ ထည့်လိုက်သည်။ သူတို့သည် နန်းတော်မှ ခိုးထွက်လာခြင်း ဖြစ်သဖြင့် ကမ္ဘာပေါ်တွင် အလေးစားရဆုံးသော ထိုလူနှစ်ဦးမှာ ကိုယ်ရံတော် တစ်ဦးမျှ ခေါ်မလာခဲ့ကြပေ။ သို့သော် အနီးအနားတွင် လျှို့ဝှက် ကိုယ်ရံတော်များ ရှိ၊ မရှိကိုမူ မည်သူမျှ မသိနိုင်ပေ။
ကျန်းတန်းဟယ်နှင့် ချင်းရှောင်းကောတို့မှာ လူပိုတိုးလာသဖြင့် သိပ်မပျော်ကြပေ။ သူတို့နှစ်ယောက်တည်း ရှိလျှင် ဘယ်တော့မှ ပျင်းရိမည်မဟုတ်သည်မှာ သေချာသည်!
သို့သော် အခြေအနေမှာ ချက်ချင်းပင် ပို၍ ရှုပ်ထွေးသွားသည်။
ချင်းရှောင်းကောသည် မြင်းလှည်းထဲတွင် ဝင်ထိုင်နှင့်နေပြီဖြစ်သော လီရှို့ကျီကို ကြည့်ကာ မတတ်သာဘဲ မေးလိုက်သည်။ "မင်းလည်း လိုက်မှာလား?!"
"သေချာတာပေါ့!"
လီရှို့ကျီက ပြုံးလျက် ပြန်ဖြေလိုက်သည်။ သူသည် လူပျိုကြီး ဖြစ်နေဆဲဖြစ်သော်လည်း သူ၏ ရာထူးကို ဆက်ခံမည့် သားတစ်ဦးကို မွေးစားထားပြီး ဖြစ်သည်။ သူ အခုမှ ပေါ်လာခြင်းမှာ အလုပ်မှ ကိစ္စများကို အပြီးသတ် ရှင်းလင်းနေခဲ့ရသောကြောင့် ဖြစ်သည်။
"ဒီလို ပျော်စရာမျိုးကို ကျွန်တော် ဘယ်လိုလုပ် လက်လွှတ်ခံမှာလဲ!" လီရှို့ကျီက သူမကို စတင် တိုက်တွန်းတော့သည်။ "မရီး... သွားကြစို့။"
မည်မျှပင် မလိုလားသော်လည်း ချင်းရှောင်းကောနှင့် ကျန်းတန်းဟယ်တို့မှာ သူတို့၏ ကံကြမ္မာကို လက်ခံလိုက်ကြရသည်။ သူတို့ကို လိုက်ခွင့် ပေးလိုက်ရတော့သည်။ ၎င်းမှာ သူတို့၏ သီးသန့်အချိန်ကိုတော့ အနှောင့်အယှက် ပေးလိမ့်မည် မဟုတ်ပေ။
မြင်းလှည်း စတင် ထွက်ခွာခါနီးတွင် စုချန်ရှန်း ပေါ်လာပြီး လိုက်မည်ဟု ဇွတ်ပြောပြန်သည်။ လီရှို့ကျီကဲ့သို့ပင် သူသည်လည်း တစ်ခါမျှ အိမ်ထောင်မပြုဖူးသော လူပျိုကြီး ဖြစ်သည်။ သူတို့ ခရီးထွက်မည့်အကြောင်းကို သူ မည်သို့ သိသွားသည်မသိဘဲ အမြန် ပြေးလိုက်လာခြင်း ဖြစ်သည်။ သူသည် ခရီးသွားလာမှု များပြားပြီး ဗဟုသုတ ကြွယ်ဝသူဖြစ်ရာ ခရီးသွားအဖော်ကောင်း တစ်ဦး ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် လူတိုင်းက သူ့ကို လိုက်ခွင့်ပြုရန် သဘောတူလိုက်ကြသည်။
ကျန်းတန်းဟယ် တစ်ယောက်သာ မပျော်ပေ။ ၎င်းမှာ သူ စိတ်ကူးထားသည်နှင့် လုံးဝ ကွဲပြားနေသောကြောင့် ဖြစ်သည်...
ထိုသို့ဖြင့် သူတို့ ငါးယောက်သည် မခွဲနိုင်မခွာရက် ဖြစ်နေကြသော ကလေးများကို လက်ယမ်းနှုတ်ဆက်ကာ မြင်းနှစ်ကောင်ဆွဲသော မြင်းလှည်းဖြင့် ထွက်ခွာလာခဲ့ကြသည်။
သူတို့သည် ပထမဆုံးအနေဖြင့် ယုံဟိုင်ခရိုင်နှင့် မက်မွန်ပွင့်ရွာသို့ ဝင်ကာ သူငယ်ချင်းများနှင့် မိသားစုများကို သွားရောက် ကြည့်ရှုခဲ့ကြသည်။
လွန်ခဲ့သော အချိန်အတော်ကြာက ချင်းရှောင်းကောသည် ဆိုင်ကို ရှု့ပေါ်ထုံနှင့် ယွီလင်းတို့အား ပေးခဲ့သည်။ သို့သော် သူတို့နှစ်ဦးမှာ ဆိုင်အမည်ကို ပြောင်းလဲရန် ငြင်းဆန်ခဲ့သဖြင့် ယခုတိုင် "ချင်းရှောင်းကော၏ ဆိုင်" ဟုပင် ခေါ်ဝေါ်နေကြဆဲ ဖြစ်သည်။ ယခုအခါ ၎င်းမှာ ရွာသားများ၏ မျက်စိထဲတွင် နာမည်ရနေသော ဆိုင်တစ်ဆိုင် ဖြစ်လာခဲ့ပြီး လမ်းကြုံသူတိုင်း ဝင်လေ့ရှိသော ဆိုင်ဖြစ်သည်။
သူတို့၏ ဂရုစိုက်မှုအောက်တွင် နွားအကောင်ရေမှာ ဆယ်ဆခန့် တိုးပွားလာခဲ့သည်။ ၎င်းကို မြင်သောအခါ ကျန်းတန်းဟယ်က တောင်ကုန်းဒေသရှိ မြေအချို့ကို ဝယ်ယူကာ ထိုနေရာတွင် မွေးမြူရေးခြံတစ်ခု တည်ထောင်ပေးခဲ့သည်။
ရူယီနှင့် ချင်းအန်းမင်တို့သည် သမီးဖြစ်သူနှင့်အတူ ခေါက်ဆွဲဆိုင် ခွဲများကို ဖွင့်လှစ်ခဲ့ကြသည်။ နှစ်များစွာအတွင်း လုပ်ငန်းမှာ အောင်မြင်ခဲ့ပြီး သူတို့အတွက် ငွေအမြောက်အမြား ရှာပေးနိုင်ခဲ့သည်။
လင်းလုံနှင့် ဖူအာတို့မှာလည်း တစ်ဦးပြီးတစ်ဦး အိမ်ထောင်ကျခဲ့ကြသည်။ ရှောင်ချွေ့လည်း ခင်ပွန်းကောင်း တစ်ဦးကို ရရှိခဲ့သည်။ ဦးလေးရွှီမှာ အိုမင်းလာပြီဖြစ်သော်လည်း နားနှင့် မျက်စိမှာ ကြည်လင်နေဆဲ ဖြစ်သည်။ သူ၏ လက်ချောင်းများမှာ ပေသီးခုံ ပေါ်တွင် မြန်ဆန် ဖျတ်လတ်နေဆဲပင်။ ငွေစာရင်း တွက်ချက်မှုမှာ အမြဲတမ်း တိကျလှသည် - တစ်ပြားမျှ ပိုခြင်း၊ လိုခြင်း မရှိပေ။
ယန်အမျိုးသမီး၏ မိသားစုမှာလည်း ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနေကြသည်။ အစ်ကိုကြီးယန်မှာ ရွာသူကြီး ဖြစ်လာခဲ့ပြီး၊ ရှောင်းဟွာမှာလည်း ပျော်ရွှင်စွာ အိမ်ထောင်ကျသွားခဲ့သည်။ ရှောင်းဟူမှာလည်း လှပသော ဇနီးတစ်ဦးကို ရရှိကာ သာယာသော ဘဝကို ပိုင်ဆိုင်ထားသည်။ ယန်အမျိုးသမီးမှာ မြေးများပင် ရနေပြီ ဖြစ်သည်။
ယွီဝမ်ကွေ့၏ အမြွှာနှစ်ယောက်မှာလည်း သူတို့၏ အမည်များနှင့်အညီ ထူးချွန်ကြသည်။ သူတို့သည် ငယ်စဉ်ကတည်းက ပညာရှာမှီးရန် မိသားစုမှ ထွက်ခွာခဲ့ကြသည်။ တစ်ဦးမှာ ဆေးပညာကို လေ့လာပြီး အခြားတစ်ဦးမှာ စာပေကို လေ့လာခဲ့သည်။ ယခုအခါ သူတို့နှစ်ဦးလုံးမှာ မိမိတို့၏ နယ်ပယ်အသီးသီးတွင် လေးစားခြင်း ခံရသော ပညာရှင်များ ဖြစ်နေကြပြီ။
ယန်ကျားနှင့် ဇနီးဖြစ်သူ ရှောင်ကျူးတို့မှာ ယခုအခါ မွေးမြူရေးခြံကို စီမံခန့်ခွဲရင်း ကလေးများနှင့်အတူ ထိုနေရာတွင် နေထိုင်နေကြသည်။ သူတို့၏ စနစ်တကျ စီမံမှုကြောင့် တိရစ္ဆာန်များမှာ တိုးပွား ရှင်သန်နေကြသည်။ အားလပ်ချိန်များတွင် သူတို့သည် မွေးမြူရေးခြံကို လည်ပတ်စရာ နေရာတစ်ခုအဖြစ် ဖွင့်လှစ်ခဲ့ရာ၊ အပန်းဖြေ လည်ပတ်သူများ အဆက်မပြတ် လာရောက်ကြလေသည်။
သူတို့ ယုံဟိုင်ခရိုင်သို့ သွားစဉ်က မြင်းလှည်းတစ်စီးတွင် လူငါးဦးသာ ရှိခဲ့သော်လည်း၊ ပြန်ထွက်လာသည့် အခါတွင်မူ မြင်းလှည်း သုံးစီးနှင့် လူခုနစ်ဦး ဖြစ်သွားသည်။ ရူယီနှင့် ချင်းအန်းမင်တို့လည်း သူတို့နှင့် ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။
၎င်းမှာ မတတ်သာပေ၊ သူတို့တွင် ငွေလည်းရှိ၊ အချိန်လည်း အားနေကြသည်မဟုတ်ပါလား။ သူတို့၏ ကလေးများမှာလည်း ကြီးပြင်းကုန်ကြပြီဖြစ်ပြီး ပြုစုရမည့် မြေးများလည်း မရှိသေးသဖြင့် ဘဝကို အေးအေးဆေးဆေး အပန်းဖြေနိုင်ကြပြီ ဖြစ်သည်။
ထိုသို့ဖြင့် ထိုအဖွဲ့ကြီးသည် အလှပဆုံးသော နွေဦးရာသီတွင် ခရီးစတင်ခဲ့ကြသည်။
နောက်ပိုင်း နှစ်အနည်းငယ်အတွင်း ရှောက်နိုင်ငံတော် တစ်ဝှမ်းလုံးရှိ ပြည်သူများမှာ လူလတ်ပိုင်းအရွယ် လူစုတစ်စုအကြောင်းကို သိလာကြသည်။ ထိုလူစုမှာ အိမ်တွင် မြေးထိန်းနေရမည့်အစား အရိုးရှင်းဆုံး အဝတ်အစားများကို ဝတ်ဆင်ကာ တစ်နိုင်ငံလုံး အနှံ့ လှည့်လည် ခရီးသွားရင်း၊ အရသာရှိသော အစားအစာများကို မြည်းစမ်းကာ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြသူများ ဖြစ်သည်။ သူတို့သည် နိုင်ငံတစ်ဝှမ်းလုံးတွင် သူတို့၏ ရယ်မောသံများနှင့် ပျော်ရွှင်မှုများကို ပျံ့နှံ့စေခဲ့သည်။
သူတို့၏ လုပ်ရပ်များမှာ လူအများ၏ ပြောစမှတ်ပြုစရာနှင့် အားကျစရာများ ဖြစ်လာခဲ့တော့သည်။