ကျင်းကြီး
Vol. 8 Ch. 768
တချိန်လုံးတွင် သူစကားပြောနေသည့် စွမ်းအားကြီး အရာရှိမှာ… သူ၏စကားထဲတွင်ထည့်ပြောနေသည့် ဦးလေးဖြစ်နေသည်ကို စုန့်ချွဲမှာ လုံးဝမသိလိုက်ပေ။
တစ်နေ့တွင် ထိုအမှန်တရားကို သူသိရှိသွားပါက သွေးများကို ရေပုံးများနှင့်ခံရလောက်အောင် အန်ထွက်လာမည်ဖြစ်ပြီး သူ၏ပြောစကားများအပေါ် အတောမသတ်နိုင်လောက်အောင် နောင်တရနေမည်မှာ အမှန်ပင်။ သို့သော် ပိုင်ရှောင်ချန်းမှာ ဟန်ဆောင်လှုပ်ရှားသည်ကို တစ်ဖတ်ကမ်းခတ်ကျွမ်းကျင်နေပြီဖြစ်ပြီး ထိုသို့ဟန်ဆောင်ရာတွင် ပေါ်လာနိုင်သည့် မတော်တဆများ၊ အမှားအယွင်းများကို မရှိတော့သည့်အလား ဖုံးကွယ်ပေးနိုင်သည့် မျက်နှာဖုံးတစ်ခုကိုပါ ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။
စုန့်ချွဲကို အဝေးသို့ခေါ်သွားကြစဥ် ပိုင်ရှောင်ချန်းမှာ ချန်မျိုးနွယ်စုကို လှည့်ပတ်ကြည့်ကာ စိတ်ထဲတွင် သက်ပြင်းချနေတော့သည်။
" ဒီနေရာမှာ စုန့်ချွဲနဲ့ငါ ဆုံလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ။ သူကတကယ့်ကို အခြေအနေဆိုးတွေထဲ ရောက်တတ်တဲ့အကျင့်ရှိတာပဲ။ ဘယ်လိုနည်းနဲ့များ သက်ရှိစိတ်စွမ်းအင်ကျောက်တုံးတစ်တုံးဘဝ ရောက်သွားပါလိမ့်။ "
သူက လက်ကိုနောက်ပစ်၍ မေးငေါ့ကာ သူ၏ပတ်ပတ်လည်တွင်ရှိနေသည့် ချန်မျိုးနွယ်စု၏ ပင်မရင်ပြင်ကို လှည့်ပတ်ကြည့်ရှုကာ သက်ပြင်းများချနေတော့သည်။
စုန့်ချွဲမှာ သူ၏ ကံကောင်းစေသောကြယ်တစ်လုံးဟု ပိုင်ရှောင်ချန်းက ယုံကြည်စပြုလာနေပြီဖြစ်သည်။ စုန့်ချွဲနှင့်သူဆုံတိုင်း သူသည် စုန့်ချွဲအား ဒုက္ခချောက်နက်များထဲမှ ကယ်တင်ပေးနေကျ ဖြစ်နေသည်။ ကုံမြို့တော်မှာရှိစဥ်ကဖြစ်စေ၊ မဟာတံတိုင်းပေါ်မှာဖြစ်စေ၊ ဤနေရာတွင်ဖြစ်စေ သူ့အား စုန့်ချွဲက ဦးလေးဟုခေါ်ဆိုစေရန် သူစွမ်းဆောင်နိုင်ခဲ့သည်သာ ဖြစ်သည်။
" မဟုတ်မှလွဲရော၊ ဒီလိုဖြစ်ရတာ ငါကပဲ တအားတော်နေလို့များလား "
သူက သက်ပြင်းများချကာ ချန်မျိုးနွယ်စုကို ဆက်၍ ပျော်ပျော်ရွှင်ရွှင် ငွေညှစ်နေတော့သည်။
မကြာမီ ချန်မျိုးနွယ်စု သိမ်းဆည်းထားသော ချမ်းသာကြွယ်ဝမှုအားလုံးမှာ အလောင်းတပ်သားများ၏ သိမ်းယူခြင်းကိုခံလိုက်ရပြီး ရင်ပြင်၏အလယ်တွင် တောင်ငယ်ကလေးတစ်ခုပမာ စုပုံထားခြင်းကို ခံလိုက်ရတော့သည်။ ချန်မျိုးနွယ်စု ကျင့်ကြံသူများမှာမူ စကားတစ်ခွန်းမှ မပြောရဲပဲ တုန်တုန်ရီရီနှင့် မတ်တတ်ရပ်နေကြတော့သည်။
ချမ်းသာကြွယ်ဝမှု အားလုံးကို သိမ်းပိုက်ပြီးသွားကာ မျိုးနွယ်စု၏ ဘေးကင်းမှုကို သေချာစေရန် အသေးစိတ် စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် အဆုံးတွင် ပိုင်ရှောင်ချန်းမှာ တစ်စုံတစ်ရာပင် မကျန်ခဲ့စေရန် အတွင်းသို့ဝင်၍ သူကိုယ်တိုင် စစ်ဆေးလိုက်ပြန်သည်။
သူ၏ နတ်အဆင့်ရောက်လုဆဲဆဲဖြစ်သည့်
အလောင်းတပ်သား သက်တော်စောင့်၏ လမ်းပြမှုဖြင့် သူသည် မျိုးနွယ်စုခြံဝန်းများထဲတွင် ဟိုဟိုသည်သည် သွားလာ၍ စစ်ဆေးကြည့်ရှုမှုများကို ပြုလုပ်နေတော့သည်။
" အဲဒီ အလှဆင်ထားတဲ့ ကျောက်အစီအရင်က ထူးဆန်းနေတယ်။ ဖွင့်ကြည့်လိုက်စမ်း။ အဲဒီထဲမှာ လျှို့ဝှက်အခန်းတစ်ခန်းရှိမယ်ဆိုတာ ငါလောင်းရဲတယ် "
" ဒီအဆောက်အဦရဲ့ တံစက်မြိတ်ထဲမှာ မွမ်းမံစီခြယ်ထားတဲ့ ပုလဲလုံးတွေကို ကြည့်ပါဦးဟ။ အဲဒါ စိတ်စွမ်းအင်ပုလဲလုံးတွေပဲ။ အဲဒါတွေကို ခွာထုတ်ပြီး သိမ်းသွားကြစမ်း "
" ဒီနေရာက မြေကြီးက ထူးဆန်းနေတယ်။ ငါ့ကောင်တွေ။ ဒီနေရာကိုတူးပြီး မြေအောက်မှာ ရတနာရှိ၊မရှိ လာစစ်ဆေးကြ။ ရှိရင် သိမ်းလိုက်။ မရှိဘူးဆိုလည်း ဒီ ထုံးကျောက်ပြားတွေကို သိမ်းကွာ "
သူ၏ လမ်းတစ်လျှောက်တွင် အလောင်းတပ်သားများမှာ သူ၏ အမိန့်တိုင်းကို နာခံနေတော့သည်။
ချန်မျိုးနွယ်စု ကျင့်ကြံသူများအားလုံးမှာ ထခုန်လုမတတ်ပင် ဖြစ်နေကြပြီး ပိုင်ရှောင်ချန်းမှာ သူတို့အားအမြစ်ဖြုတ်ရန်ရည်ရွယ်ထားကြောင်း သိလိုက်လေသည်။
သို့သော်လည်း သူတို့မှာ ခေါင်းညိတ်ကာ... ချန်မျိုးနွယ်စုမှာ ကိစ္စတုံးသွားပြီဖြစ်ကြောင်း ရင်နာနာနှင့် လက်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
ပိုင်ရှောင်ချန်းမှာ ဟိုဟိုသည်သည် သွားကာ သူ၏နောက်ဆုံး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသဖြင့် မျိုးနွယ်စုထဲတွင် တဂျုန်းဂျုန်း မြည်သံများဖြင့် ပြည့်နှက်နေတော့သည်။ သူကျေနပ်သွား၍ ထွက်ခွာရန်ပြင်လိုက်စဥ်မှာပင် သူ၏အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
သူ၏ နတ်ဘုရားအာရုံမှာ လက်ရှိတွင် ယင်ယန်ဝိညာဥ်အဆင့်ထက် သာလွန်နေပြီဖြစ်ပြီး နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်နှင့်ပင် နှိုင်းယှဥ်၍ရနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် မျိုးနွယ်စုကို နောက်ဆုံးတစ်ခေါက် စစ်ဆေးကြည့်လိုက်သောအခါ ခပ်လှမ်းလှမ်း တစ်နေရာရှိ မြေအောက်တွင် လှိုဏ်ဂူကြီးတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။
၎င်းမှာ အတော်အတန်ကြီးမားပြီး မီတာသုံးထောင်အထိ ရှည်လျားသည်။ ၎င်းမှာ များစွာသော အချုပ်အနှောင် မန္တန်များဖြင့် ပိတ်ဆို့ထားပြီး အခြားသော အကာအကွယ် ပစ္စည်းများပါရှိနေသဖြင့် ဧရာမ ထည့်စရာအခန်းကြီးတစ်ခန်းကဲ့သို့ ဖြစ်နေသည်။ သူ၏ နတ်ဘုရားအာရုံပင် ထိုအတွင်းသို့ ထိုးဖောက်၍ မရနိုင်ပေ။
" အီးးး "
သူသည် စူးရှတောက်ပနေသည့် မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။ အမှန်မှာ သူသည် လီမျိုးနွယ်စုမှာရှိစဥ်ကအတိုင်း သူ့အတွက် အသုံးဝင်နိုင်မည့်အရာများကို ချန်မျိုးနွယ်စုထဲတွင် ထပ်၍ရှာနေခြင်း ဖြစ်သည်။
သူသည် ထိုနေရာသို့ ပျံသန်းသွားပြီး မြေပြင်ပေါ်သို့ လက်ညှိုးထိုးကာ စိတ်လှုပ်တရှား အမိန့်ပေးလိုက်လေသည်။
“ ဒီနေရာကို တူးကြစမ်း "
ထိုအခါ အလောင်းတပ်သားများမှာ ချက်ချင်းပင် ပျံသန်းလာကြပြီး စတင် တူးဖော်လိုက်ကြတော့သည်။
ထို့နောက် ထစ်ချုန်းသံများ ပေါ်ထွက်လာပြီး ချန်မျိုးနွယ်စု ကျင့်ကြံသူများ၏ မျက်နှာများမှာ ဖြူဆုတ်နေကြတော့သည်။ ထိုကျဥ်းကြီးထဲတွင် မှော်ပစ္စည်းတစ်ခုမဟုတ်ပဲ... ချန်မျိုးနွယ်စု၏ သက်စောင့်အား ရောင်းချနိုင်သည့်အတတ်ပညာ၏ အခြေခံအုတ်မြစ်ကို ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း သူတို့က သိသည်။
ပုံမှန်အခြေအနေတွင် တစ်ယောက်ယောက်သာ ထိုနေရာကို ထိရဲလောက်သည်အထိ အတင့်ရဲနေပါက သူတို့သည် ချက်ချင်းပင် ကြောက်မက်ဖွယ် တိုက်ခိုက်ကြမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ သူတို့သည် ထိုနေရာကို အုပ်မိုးထားသည့် အဆောက်အဦများ မြေလှန်ခံနေရသည်ကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကြည့်နေကြရတော့သည်။
ထိုစဥ် ဝိညာဥ်ကျင့်ကြံသူထောင်သောင်းများစွာမှာ ထိုနေရာတစ်ဝိုက်တွင် စုဝေးလာပြီး ဤ ဖြစ်ရပ်ဆန်းကြီးကို ကြည့်နေကြတော့သည်။ ကောင်းကင်မြို့စားနှစ်ယောက် ကျဆုံးသွားခဲ့သည့် ဖြစ်ရပ်ကြီးကြောင့် ဗဟိုဧကရာဇ်တစ်မြို့လုံးမှာ အံ့အားသင့်နေကြရပြီး ဤအချင်းအရာကို ကိုယ်တိုင်လာရောက်ကြည့်ရှုနေကြသည့် လူများမှာ ပို၍ပင် များပြားလာတော့သည်။
ချန်မျိုးနွယ်စု၏ နောက်ဘက်ရှိ အဆောက်အဦများ ပြိုလဲသွားပြီးနောက် ပေါ်ထွက်လာသည့် အောက်ဘက်ရှိ မြေပြင်မှာ အလောင်းတပ်သားများ၏ မှော်အတတ်များနှင့် နတ်ဘုရားစွမ်းရည်များကြောင့် အက်ကွဲကုန်ကြတော့သည်။ အဆုံးတွင် ထိုသိုေလှာင်အခန်းကြီး၏ အဖုံးမှာ အပြင်သို့ပေါ်ထွက်လာပြီးနောက် ဖယ်ရှားခံလိုက်ရသောအခါ အောက်ဘက်ရှိ ကျဥ်းကြီးမှာ ပေါ်လာတော့သည်။
ထိုအခါ ချက်ချင်းပင် ဖော်ပြ၍မရနိုင်လောက်သည့် စက်ဆုပ်ဖွယ်ရာ အနံ့အသက်ကြီးတစ်ခုပေါ်ထွက်လာသဖြင့် လူများစွာမှာ အလိုအလျောက် အော့အန်ကုန်ကြတော့သည်။
ပိုင်ရှောင်ချန်းမှာမူ မျက်မှောင်ကြုတ်၍ သူ၏ရှေ့တွင် လက်ကိုဝေ့ယမ်းကာ အနံ့ဆိုးကြီးကို ဖယ်ရှားလိုက်ပြီး ကျဥ်းထဲသို့ ငုံ့ကြည့်လိုက်သည်။ ထိုအခါ သူသည် တုန်လှုပ်သွားပြီး သူ၏ပါးစပ်မှ အာမေဋိတ်သံတစ်သံ ထွက်လာတော့သည်။
" ဒါ "
သူမြင်နေသည်ကို သူကိုယ်တိုင်ပင် မယုံကြည်နိုင်ပေ။ ထိုမြင်ကွင်းကြောင့် သူ၏ အသိစိတ်မှာ ချာချာလည်နေရပြီး သူ၏မျက်ဝန်းများမှာ နီမြန်းလာရတော့သည်။
တချိန်ထဲမှာပင် ထိုကျဥ်းကိုမြင်နေရသည့် အခြားလူများအားလုံးမှာ အထိတ်တလန့် အော်ဟစ်ကုန်ကြတော့သည်။
" ဒါ၊ ဘုရားရေ "
" လက်စသတ်တော့ ချန်မျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်က ဒါကိုး "
" ဒါ့ကြောင့် ချန်မျိုးနွယ်စုက သက်စောင့်အားတွေ ရောင်းချနေနိုင်တာပဲ "
ထို မီတာသုံးထောင် အကျယ်ရှိသည့် ကျဥ်းကြီးထဲတွင် လူအယောက်တစ်သောင်းခန့် ရှိနေသည်။
၎င်းကျဥ်းကြီးထဲတွင် ပုပ်သိုးသိုး အနံ့အသက်ဆိုးရွားလှသော ရေများရှိပြီး ထိုရေထဲတွင် လူသေအလောင်းများမှာ တစ်သောင်းထက်မနည်း ရှိနေသည်။ အလောင်းအချို့မှာ ပုပ်ပွထပြီး ပျက်စီးနေပြီဖြစ်သည်။ အခြားအလောင်းများမှာ တစိတ်တပိုင်းမျှသာ ပုပ်ပွနေပြီး အသက်ရှင်နေသေးသည့် လူများလည်း ရှိနေသည်။
ထိုသူများ၏ အဝတ်အစားများမှာ မြေရိုင်းသားများ၏ အဝတ်အစားများ မဟုတ်ပေ။ ထိုလူများမှာ ကောင်းကင်တံတားဒေသမှ ကျင့်ကြံသူများဖြစ်ကြောင်း ပိုင်ရှောင်ချန်းက ချက်ချင်း သိလိုက်သည်။
သူတို့မှာ ပိန်လှီကာ အရိုးပေါ်အရေတင် ဖြစ်နေပြီး ဝိညာဥ်မရှိတော့သည့်အလား အမူအရာများမှာ အသက်မဲ့နေကြသည်။ သူတို့၏ အရေပြားအောက်တွင် အနက်ရောင် မီးခိုးမျှင်များမှာ လူးလွန့်ေနပြီး သူတို့၏ သက်စောင့်အားများကို အဆက်မပြတ် စုပ်ယူနေသည်။ ဤကျင့်ကြံသူများမှာ ဖမ်းဆီးခံခဲ့ရပြီး ရက်စက်ကြမ်းကြုတ်စွာ ဝိညာဥ်ရှာဖွေခြင်းခံခဲ့ရသူများ ဖြစ်သည်မှာ ဧကန်ပင်။
ထိုဝိညာဥ်ရှာဖွေခြင်း၏ဒဏ်ကြောင့် သူတို့၏ ဝိဉာာဥ်များမှာ ပျက်စီးသွားရပြီး အပြင်ခန္ဓာကိုယ်များသာ ကျန်ရစ်ခဲ့သည်။ အထူး အစီအရင်အချို့ပြုလုပ်ပြီးနောက် သူတို့အား ဤကျဥ်းကြီးထဲသို့ ပစ်ထည့်ကာ ချုပ်နှောင်ခဲ့ပြီး သူတို့၏ သက်စောင့်အားများကို ဖြေးဖြေးချင်း စုပ်ယူခဲ့ကြသည်။
သူတို့အား ခြောက်ကပ်နေသည့် အလောင်းများဖြစ်သွားသည့်အလား စုပ်ယူပြီးသော်လည်း သူတို့၏ ဝေဒနာမှာ မပြီးဆုံးသွားသေးပေ။ သူတို့ဆီမှ ထွက်ရှိလာသည့် ပုပ်စော်နံနေသောအရည်ဆိုးများကို စစ်ထုတ်၍ ချန်မျိုးနွယ်စု၏ သက်စောင့်အားများကို သန့်စင်ရာတွင် သုံးသည့် အဓိက ပါဝင်ပစ္စည်းများအဖြစ် ပြောင်းလဲကြလေသည်။
ထိုကျဥ်းကြီးကိုမြင်လိုက်ရသည့် မြေရိုင်းသားများမှာ တုန်လှုပ်သွားကြသော်လည်း ပိုင်ရှောင်ချန်းလောက်တော့ မည်သူမှ စိတ်မထိခိုက်သွားကြပေ။ သူသည် မြေရိုင်းသား မဟုတ်ပဲ ကောင်းကင်တံတားမြစ်ဒေသမှ သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်ပါလော။ ထို့ကြောင့် သူသည် အသားများတဆတ်ဆတ်တုန်ရီလာပြီး အလွန် စိတ်မကြည်မလင်ဖြစ်သွားရတော့သည်။ အချိန်အနည်းငယ်မျှကြာသွားပြီးနောက် သူသည် ခံစားချက်များကို ဆက်၍မထိန်းနိုင်တော့မည်စိုးသဖြင့် မျက်လုံးများကိုပင် မှိတ်လိုက်ရတော့သည်။
အချိန်အတော်အတန်ကြာသွားပြီးနောက် သူသည် မျက်လုံးများပြန်ဖွင့်လိုက်ပြီး သက်ပြင်းချလိုက်တော့သည်။ မြေရိုင်းဒေသနှင့် ကောင်းကင်တံတားမြစ်ဒေသ အကြားရှိစစ်ပွဲမှာ သူပြောင်းလဲ၍မရနိုင်သည့် အရာတစ်ခုဖြစ်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအကြားရှိ ပဋိပက္ခကို သူဖြေရှင်းနိုင်ခဲ့သည်မှာ နှစ်ဖက်စလုံးက ရည်ရွယ်ချက်တစ်ခုထဲ ရှိနေ၍ဖြစ်သည်။
သူက စကားတစ်ခွန်းမှ မပြောပဲ လက်သီးဆုပ်လိုက်လေသည်။ ထို့နောက် သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အပြင်ခန္ဓာကိုယ်၏ စွမ်းအားအပြည့်ကိုထုတ်ယူကာ ထိုကျဥ်းပေါ်သို့ လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်တော့သည်။
ထိုအခါ အရာရာတိုင်းမှာ တုန်ရီသွားပြီး ကျဥ်းထဲရှိ အလောင်းများပေါ်သို့ ကြီးမားသောအားကြီးတစ်ခု သက်ရောက်သွားသဖြင့် ၎င်းတို့မှာ ချက်ချင်းပင် ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အသက်ရှင်ကျန်နေသေးသည့် လူများမှာလည်း မည်သည့်ရှုထောင့်မှကြည့်သည်ဖြစ်စေ သေလူများနှင့် မထူးမခြားနား ဖြစ်နေပြီဖြစ်သည်။ သူတို့၏ အပြင်ခန္ဓာကိုယ်များသာ ကျန်ရှိနေတော့သည် မဟုတ်ပါလော။ သူတို့အတွက်မူ ပိုင်ရှောင်ချန်း၏ လက်သီးချက်မှာ ဝဋ်ဒုက္ခကို ချွတ်ပေးသကဲ့သို့ပင် ဖြစ်နေသည်။
သူသည် တပ်အပ်မပြောနိုင်ပါသော်လည်း ထိုသက်ရှိခန္ဓာကိုယ်အချို့မှာ အပြီးတိုင် ပျောက်ကွယ်မသွားခင် ပြုံးလိုက်သည်ဟုပင် မြင်ယောင်မိနေတော့သည်။
ထို့နောက် သူသည် တင်းမာနေသည့် အမူအရာဖြင့် အင်္ကျီလက်ကိုဝှေ့ယမ်း၍ အေးစက်စက် အမိန့်ပေးလိုက်တော့သည်။
" ချန်မျိုးနွယ်စုဝင်အားလုံးကိုဖမ်းပြီး စိတ္တဇထောင်ထဲ ပို့လိုက်ကြ "
ထိုအခါ အလောင်းတပ်သားများမှာ ချက်ချင်းပင် သူ့အမိန့်အတိုင်း ဆောင်ရွက်လိုက်ကြပြီး ချန်မျိုးနွယ်စုဝင်များမှာလည်း အမိန့်ကို ဖီဆန်မနေတော့ပေ။
ပိုင်ရှောင်ချန်းမှာ အလွန် စိတ်မကြည်မလင်ဖြစ်နေပြီဖြစ်သည်။ သူသည် လီမျိုးနွယ်စုနှင့် ချန်မျိုးနွယ်စုထံမှ ချမ်းသာကြွယ်ဝမှုများစွာ သိမ်းပိုက်နိုင်လိုက်ပါသော်လည်း သူ၏ ကိုယ်ရေးကိုယ်တာကိစ္စအတွက် အတိအကျ လက်တုံ့မပြန်လိုက်ရသေးသည့်အလား ခံစားနေရတော့သည်။ ထို ကျဥ်းကြီးကိစ္စကြောင့် ထိုခံစားချက်မှာ ပို၍ ပြင်းထန်နေရတော့သည်။
သူသည် အတွေးများထဲတွင် နစ်မျောကာ အချိန်အတော်အတန် ကြာသည်အထိ မတ်တတ်ရပ်နေတော့သည်။ ထို့နောက် သက်ပြင်းချကာ သူ၏အလောင်းတပ်သားများနှင့်အတူ ထွက်ခွာသွားတော့သည်။
ဤ အခြေအနေတစ်ခုလုံးကို ပြောင်းလဲနိုင်ရန် သူစွမ်းဆောင်နိုင်သည့်အရာ တစ်ခုတစ်လေပင် မရှိပေ။ ထို့အပြင် သူ၏သရုပ်မှန်ကို အများသိသွားစေနိုင်မည့် လုပ်ရပ်မျိုးလုပ်လိုက်ပါက ထိုကျဥ်းထဲကလူများအတိုင်း သူ၏ဘဝမှာ အဆုံးသတ်သွားမည်ဖြစ်ကြောင်း သူကသိသည်။ ယခုတွင် သူသည် အဏ္ဏဝါခေါ်သံဂိုဏ်းသို့ ရောက်နေသည်မဟုတ်ပဲ မြေရိုင်းဒေသထဲရှိ ဗဟိုဧကရာဇ်မြို့သို့ ရောက်နေသည် မဟုတ်ပါလော။
လီမျိုးနွယ်စုနှင့် ချန်မျိုးနွယ်စုတို့ကို သူဖြေရှင်းပြီးသွားပြီဖြစ်ရာ စစ်ဆေးရေးအရာရှိတစ်ယောက်၏ တာဝန်အရ တော်ဝင်နန်းတော်သို့ပြန်ကာ မဟာကောင်းကင်သခင်ထံသို့ သွား၍ တရားဝင် အစီအရင်ခံရမည်ဖြစ်သည်။
သူသည် လမ်းတစ်လျှောက်တွင် စိတ်မကြည်မလင်နှင့် ထိုကျဥ်းကြီးအကြောင်းကိုသာ တွေးတောနေတော့သည်။ နန်းတော်သို့ရောက်သောအခါ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး လေးလံထိုင်းမှိုင်းနေသည့်အတွေးများကို ချောင်းထိုးလိုက်တော့သည်။
" ငါ့ရဲ့ မီးတောက်ဖန်တီးခြင်းကို အာရုံစိုက်ဖို့လိုတယ်။ ငါ့ ကျင့်ကြံခြင်းအခြေခံ အဆင့်တက်ပြီးတာနဲ့ ဒီနေရာကနေ ထွက်လို့ရပြီ "
ယခုတွင် သူက အိမ်ကို လွမ်းနေပြီဖြစ်သည်။