Quantum Tunneling to Divinity
Vol. 1 Ch. 8
ဤသို့ဖြင့် လီယိုနာ့ဒ်တို့သည် ပိုးပဝါ ၊ မြသလွန်နှင့် သမုဒယ ရတီနန်းတော်မှ ပြန်လည်ထွက်ခွါလာကြပြီးနောက် အပေါ်မြို့မှ အောက်မြို့သို့ ပြန်ဆင်းလာ၏။ ထို့နောက် အောက်မြို့က ဒါမီယာ နွယ်ခွေများနှင့်ပြည့်နှက်နေသော ဆေးဝါးမြို့နယ်ကြီးကို ဖြတ်ကြ၏။ ယင်းနောက် ထိုမြို့နယ်မှ မူးရို့(စ်) ( Muros ) မြစ်ကမ်းထိ ခရီးနှင်၏။ ၎င်းနောက် မြစ်ကမ်းတစ်လျှောက်အတိုင်း ဆန်တက်လာလေရာ နောက်ဆုံးတွင် မူးရို့(စ်)မြစ်၏အပေါ်မြစ်နှင့် အောက်မြစ်ဆက်ရာ ရေတံခွန်ကြီးရှေ့သို့ ရောက်ရှိလာလေသည်။
ထိုရေတံခွန်အောက်သို့ ဝင်သွားသည့်အခါ ရေတံတိုင်းကြီး၏ နောက်ကွယ်၌ လူအရပ် ဆယ်ပြန်စာမျှ မြင့်မားသော ကျောက်လိုဏ်ဂူကြီးတစ်ခုက စောင့်ကြိုနေ၍ ၊ ယင်းအတွင်း၌ ရောင်ခြည်သေနတ်များကိုင်ဆောင်ထားကြသော မန်းဒရိတ်(ခ်)များသည် ကျောက်ဆစ်နရီများအလား မလှုပ်မယှက်ရပ်နေကြပြီး ၊ ၎င်းတို့မှာ ဇိုက်(ခ်)ကိုမြင်လျှင် ပခုံးပေါ်လက်တင်ကာ အရိုအသေပေးကြလေသည်။
ဤသည်ကား အာဇာဂါနာ၏ အန္တရာယ်အများဆုံး ရာဇဝတ်သားများကို ချုပ်ထားသည့် အကျဉ်းထောင်ကြီး။ လီယိုနာဒ့်မှာ ရွှဲရွှဲစိုနေသော အညိုရောင်ဆံပင်များကို လက်ဖြင့်ပွတ်ခါလိုက်ပြီးနောက် ချောကျိနေသော ဖိနပ်ကြားက ရေနှင့်ရွှံ့စေးများကို ကန်ထုတ်ပစ်လိုက်လေသည်။
ယင်းသို့ဖြင့် အတွင်းသို့ရောက်လာသော် ကျောက်ဂူကြီး၏ နံရံဘေး၌ ဂူငယ်လေးများ ဖောက်ထား၍ ၎င်းတို့ကို သံတိုင်တံခါးများဖြင့် ပိတ်ထားသော မြင်ကွင်းမှာ သူ့ရှေ့မှောက်၌ ရှင်းပြတ်လာပြီး ၊ မီးတုတ်ကြီးများ ထောင်ထားသည့်အလျောက် ဂူကြီးတစ်ခုလုံး ထိန်ထိန်လင်းနေပေသော်ငြား မြစ်အောက်နှင့် ရေတံခွန်နောက်က ဂူဖြစ်သဖြင့် အအေးဓာတ်မှာ သူ့အရေပြားမှအသား ၊ အသားမှအရိုး ၊ အရိုးမှ အရိုးတွင်းချဉ်ဆီထဲအထိ ထိုးဖောက်ဝင်ရောက်နေသည်သာမက ၊ ဂူ၏မျက်နှာကြက်ရှိ ကျောက်ဆွယ်များက စီးကျနေသော ရေသံများ ၊ အကျဉ်းသားများ၏ စကားသံများ ၊ အချုပ်ခန်းတံခါးကို သေနတ်ဒင်ဖြင့်ထု၍ ဆဲဆိုကြိမ်းမောင်းသံများကလည်း ဂူကြီး၏သရုပ်ကို အစွမ်းကုန် မှုန်းခြယ်နေသည့်အလားပင်။
အပိုဆုအနေနှင့် အဝတ်များရေစိုသည့်အခါ ထွက်သောအောက်နံ့ပြင်းပြင်း ၊ ကျောက်ဂူတွင်းက သတ္တုနံ့ထင်းထင်းနှင့် မီးတုတ်များက ဆီချေးနံ့လှိုင်လှိုင်တို့မှာလည်း ဂူတွင်းက ပကတိသဘောကို ထပ်မံဖော်ညွှန်းပေးနေပြန်၏။
ဂူအနက်ပိုင်းအတွင်းသို့ ဝင်လာသည်နှင့်အမျှ ထိုအသံများ ကျဲပါးလာသော်လည်း ပဲ့တင်သံပါသော ခပ်တိုးတိုးအသံတစ်သံကို လုံးလုံးထွေးထွေးကြားနေရ၍ ၊ ရှေ့ဆက်တိုးလာသည့်အခါ ဤအသံမှာ ကျယ်လောင်လာသကဲ့သို့ ရှင်းရှင်းလင်းလင်းလည်း ဖြစ်လာလေ၏။
“အီလက်ထရွန် ( Electron ) ရဲ့ လှိုင်းသဘော ( Wave function ) က အချိန်နှင့်အမျှ ဒါမျိုးပြောင်းလဲတယ်ဆိုရင် ၊ လှိုင်းသဘောကျဆုံး ( Wave Function Collapse ) တဲ့အခါမှာ သူ့ရဲ့နေရာ ( Position ) က ဘယ်မှာလဲ ။ ကွာ … အဓိပ္ပာယ်မဲ့လိုက်တာ … ရှိုရင်ဂါ ညီမျှခြင်း ( Schrödinger Equation ) ကို မမှတ်မိတော့ဘူးကွာ ။ မသေမီ ငါ့မှတ်စုစာအုပ်ကြီးကို ခဏလောက်ပဲဖြစ်ဖြစ် ပေးဖတ်ရင်ကောင်းမှာ”
ထိုအခါ ဇိုက်(ခ်)က သူ့ဘက်လှည့်လာ၍
“အဲကောင်ပဲ … ခေါင်းဆောင်”
“အဲကောင် ဘာတွေပြောနေတာလဲ”
“မသိဘူး … တကယ့် စောက်ရူးကောင် ။ သူနှင့်စကားပြောကြည့်လိုက် ခင်ဗျားပါ ပေါက်သွားလိမ့်မယ်”
ပြောပြောဆိုဆို ဇိုက်(ခ်)မှာ ရှေ့သို့သွားပြီးနောက် ကျောက်ဂူကြီး၏ ညာဘက်နံရံက သံတံခါးကို ဆောင့်ကန်ပစ်လိုက်လေသည်။
“ဒေါင်း …ဟေ့ အသားမပါတဲ့ အခွံကျွတ်ကောင် … ထစမ်း”
ထိုအခါအမှောင်တွင်းက အရိပ်တစ်ခုထလာ၍ တံခါးသံတိုင်များကို အခွံမာလက် ၄ ဖက်ဖြင့် ပြိုင်တူဆုပ်ကိုင်ကာ သူတို့ကို ခေါင်းပြူကြည့်လေသရော် ၊ ထိုသံတိုင်များကြားမှ အင်တာနာနှစ်ချောင်းကလည်း အပြင်သို့ တိုးထွက်လာလေ၏။
ချင်းသည် ဝါယောနပိုးကောင်မျိုးရိုးဖြစ်ပြီး ၊ မီးတုတ်ရောင်အောက်က အခွံမာများမှာ စိမ်းလဲ့နေသောကြောင့် အသက်သုံးဆယ် ဝန်းကျင်ရှိပြီဟု ခန့်မှန်းရသည့်ပြင် မျက်လုံးခြောက်လုံးကလည်း ပတ္တမြားခဲအလား ရဲတောက်နေလေသည်။
https://mmxianxia.com/wp-content/uploads/2026/03/1ADF3530-7F51-4FEC-9E6F-61FF61C9C70E.webp
သူတို့ကိုမြင်သော် ပါးစပ်က အစွယ်နှစ်ခုမှာ ဟစေ့ဟစေ့လုပ်လျက် ခေါင်းပေါ်က အင်တာနာနှစ်ချောင်းမှာလည်း ဘယ်ညာယမ်းခါသွားပြီးနောက်
“ဟ … တပ်မှူးကြီးကိုယ်တိုင်ပါလား ။ ဘာလဲ ကျုပ်ကိုစီရင်တော့မှာလား ။ သေရတော့မယ်ဆိုရင်လည်း မသေမီဆန္ဒဖြည့်ပေးတယ် ဆိုတာရှိတယ်ဆို ။
မသေမီ ဖင်ဆီဖူးဖောင်းဖောင်းနှင့်ကောင်မလေး တစ်ယောက်က အစာခွံ့ကျွေးတာတွေ မလိုချင်ဘူးဗျာ။ ကျုပ်ရဲ့မှတ်စုစာအုပ်ကြီးသာ တစ်ခါပေးဖတ်။ တစ်ခုလောက်သိပြီးမှ သေမယ်”
“ဒီစောက်ရူးကောင်နှင့်တော့ကွာ ။ တိတ်စမ်း … မင်းအစွယ်တွေကိုပိတ်ပြီး ပုံစံထိုင်ထိုင်နေစမ်း”
ဟုဆိုသဖြင့် အကြင်ဝါယောနပိုးကောင်မှာ ယင်း၏အခွံမာလက်ဖဝါး လေးဖက်လုံးကို ခေါင်းပေါ်သို့ပြိုင်တူတင်ကာ ဆောင့်ကြောင့်ထိုင်လေ၏။ ထိုအခါ လီယိုနာ့ဒ်က သင်းကိုခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်၍ ဇိုက်(ခ်)ဘက်လှည့်ကာ
“ဘာလုပ်ခဲ့လို့ သေမိိန့်ကျထားတာလဲ”
“လုပ်ခဲ့တာတွေမှ အများကြီးပဲ။ ဒီကောင့်နာမည် မာတိုရို ( Matoro )။ ရွှေမြို့တော် ယူဆီယာ ( Yusia ) ကဆရာဝန်။ အဓိကကတော့ နတ်ဘုရားမ မေဟန်ဟီရစုရဲ့တန်ခိုးတော်ရတနာတွေကို ခိုးတာ။ ခိုးတာမှနှစ်ကြိမ်တောင်။
ပထမတစ်ကြိမ်ခိုးပြီးတော့ ဒီကောင်က ဆရာဝန်တွေကို ချပေးထားတဲ့ကုထုံးအတိုင်မကုဘဲ လျှောက်ကုလို့ ဆေးကုသခွင့် လိုင်စင်သိမ်းခံရပြီး ဆရာဝန်အသိုင်းအဝိုင်းကပါ ထုတ်ခံလိုက်ရတယ်။ ပြီးတော့ ဒီကောင်က သင်္ချိုင်းပို့မဲ့ အလောင်းတွေကို ဖြတ်ယူပြီး သူ့အသိုက်ထဲမှာ တစ်စစီဖြတ်တောက်ထားတာ”
လီယိုနာ့ဒ် မျက်ခုံးများပင့်တက်သွားလေ၏ ။
“တယ်ဇပြင်းတဲ့ ကောင်ပါလား”
ထိုအခါ ပုံစံထိုင်ထိုင်နေသည့် ဝါယောနပိုးကောင်က ခေါင်းမော့ကြည့်ကာ
“ဟက် … သေတဲ့သူက သေပြီးပြီပဲ။ ရှင်နေသေးတဲ့သူက သေသူဆီက လေ့လာသင့်တာပေါ့ မဟုတ်ဘူးလား”
၎င်း၏အကြောင်းပြချက်မဆိုးဟု သူစိတ်တွင်း မှတ်ချက်ပေးမိသည့်တိုင် ၊ ရိုဒီနီးယား၌ လူတစ်ယောက်သေဆုံးသွားပါက ထိုလူ၏ဝိညာဉ်မှာ ၎င်းအသက်ရှင်ခဲ့စဉ်က ကိုးကွယ်ခဲ့သောနတ်ဘုရားထံသွားရသည်ဟု အယူရှိ၍ ၊ ယင်းတို့၏အလောင်းကိုလည်း ဆိုင်ရာနတ်ဘုရားကသာ ပိုင်သည်ဟု ယုံကြည်ကြလေရာ အလောင်းများကို ခိုးယူဖြတ်တောက်သည်မှာကား ရာဇဝတ်မှုတစ်ခုသာ ဖြစ်လေသည်။
“မင်းအလောင်းတော်တော်များများကို ခွဲစိတ်ဖူးတယ်ဆိုတော့ ခေါင်းထဲမှာဘာရှိသလဲဆိုတာ သိမှာပေါ့”
ဤအခါမာတိုရိုက လက်လေးဖက်လုံးကို ခေါင်းပေါ်တင်ထားရာမှ လက်တစ်ဖက်နှင့် သူ့နဖူးကို လက်ညှိုးလှမ်းထိုးကာ
“လူသတ်သမားက လူအရှင်ကို ဖြစ်ကတတ်ဆန်း ဖြတ်တောက်တယ်။ ကျုပ်ကတော့ လူအသေကော ၊ အရှင်ကောကို အဏုစိတ်ခွဲတယ်”
“မင်းရောဂါကိုကော ဘယ်လိုရှာသလဲ။ ဓာတ်ကြီးလေးပါးကို အခြေခံရမှာပဲမလား”
“ကျုပ်ကဒါမျိုး အဓိပ္ပာယ်မဲ့တဲ့ ခပ်ညံ့ညံ့ အလုပ်တွေမလုပ်ဘူး။ ကျုပ်ဖြတ်တောက်ထားတဲ့ အလောင်းတွေကပေးတဲ့ ပညာကိုပဲယုံတယ်”
ဟုဆိုသရော် ဇိုက်(ခ်)က “ဟေ့ကောင်” ဟုအော်လျက် သံတံခါးကို ခြေထောက်နှင့် ကန်ပစ်လိုက်သည့်အခါ ၊ ဂျိုင်းခနဲအသံကြီးထွက်လာသည်နှင့်အတူ ပုံစံထိုင် ထိုင်နေသော အနှီပိုးကောင်မှာလည်း ဖင်ထိုင်လျက်သား လဲကျသွားတော့သည်။ သို့သော် လီယိုနာ့ဒ်ကမူ အရောင်တောက်နေသော မျက်လုံးများနှင့် ချင်းကိုစူးစိုက်ကြည့်ရှု၍
“ကြိုက်ပြီ။ အပြင်မှာ မင်းကုရမဲ့ လူတစ်ယောက်ရှိတယ်။ ထွက်တော့”
ဟုဆိုလိုက်သော်လည်း ယင်းမှာ မထွက်ဘဲ ဖင်ထိုင်လျက်လဲနေရာမှ ကျောက်နံရံကို ပြန်မှီနေလေ၏။ ထို့နောက်
“ကုခိုင်းတိုင်း ကုရမှာလား။ ကျုပ်က ဖရီယာဆရာဝန် ကိုယ့်လူ။ ပိုက်ဆံမရရင် မကုဘူး”
“ဘာကွ … မင်းက ရူးတာမှ ကမ်းမမြင်လမ်းမမြင်ပါလား”
ဟုဆို၍ ဇိုက်(ခ်)မှာ သံတံခါးကို ဆွဲဖွင့်ပြီးနောက် ယင်းကို ကုပ်ကကိုင်ကာ အပြင်ဆွဲထုတ်လာလေသည်။ သို့သော် သူကလက်ကာပြလိုက်ပြီး
“ဘယ်လောက်လဲ”
ဟုမေးလိုက်လေ၏။ ဤအခါ ကုပ်ကိုယန္တရားလက်ကြီးဖြင့် အကုပ်ခံထားရသဖြင့် ဇိုက်(ခ်)၏လက်တွင်း တွဲလဲတွဲလောင်းဖြစ်နေသော မာတိုရိုမှာ လက်ညှိုးတစ်ချောင်းထောင်ပြလေသည်။
“တစ်ရာဖရီယာ”
ထိုသရော် ဇိုက်(ခ်)က မာတိုရိုကို ရေများရွှဲရွှဲစိုနေသည့် ဂူကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး
“ခေါင်းဆောင် ခင်ဗျားကပါ ဘာဖြစ်နေတာလဲ။ ဒါမနက်ဖြန် ကွပ်မျက်ခံရမဲ့ ရာဇဝတ်သားဗျ။ ဒီငကြောင်ရဲ့ ခေါင်းကို ဂူနံရံနှင့်နှစ်ချက်လောက် ဆောင့်လိုက်ရင်ပြီးနေပြီ”
“ဥယျာဉ်ပျိုတစ်ယောက်နှင့် နာရီဝက်အတူတူအိပ်ဖို့တောင် ဖရီယာငါးရာကို ရက်ရက်ရောရော ပေးနေကြသေးတာကွာ။ လူ့အသက်ကယ်ဖို့ တစ်ရာတောင်းတာပဲ”
ဟုဆိုနေလျက်ပင် သူ၏ဆော်လ်နမ်ဥ ရောင်းရငွေ ငါးရာအတွင်းမှ တစ်ရာကို မာတိုရိုအား ပစ်ပေးလိုက်သည့်အခါ ယင်းက လက်လေးဖက်လုံးဖြင့် ဖမ်းယူလိုက်၍ အင်တာနာများ ယမ်းနေလေ၏။
“ဟာ ဟ တပ်မှူး။ ခင်ဗျားရဲ့ ခေါင်းဆောင်ဆိုသူက ဘယ်ဆိုးလို့လဲဗျ … ကျိန်စာမြေက ပြာမှုန်တွေ ကိုယ့်လူကို လွှမ်းခြုံပါစေဗျာ”
“အေး … အဲသည်တစ်ရာကို ဒီနေ့အဝသုံးစမ်း။ မနက်ဖြန်ရောက်ရင် ငါကိုယ်တိုင်မင်းကို ခေါင်းဖြတ်မယ်။
ပြီးတော့ခေါင်းဆောင်။ မြိုင်ချုပ်က တော်ဝင်သမားတော်ထိ ခေါ်မယ်ပြောနေတဲ့ကြားက ဒီကောင့်ကိုရွေးတာကြီးကိုတော့ ကျုပ်လုံးဝလိုက်မမီတော့ဘူး။ တစ်ခုခုလွဲချော်ခဲ့ရင် ခေါင်းဆောင်တာဝန်ယူနိုင်လား”
“မင်းဒီလိုဆုံးဖြတ်ချက်တွေ လိုချင်လို့ပဲ ငါ့ကို အကျပ်ကိုင်ပြီး ခိုင်းနေတာပဲမလား။ ပြီးတော့ မင်း … ငါ့လက်အောက်မှာနေတုန်းက ငါတာဝန်မခံတဲ့ကိစ္စလုပ်တာကို မြင်ခဲ့ဖူးလား”
ဤစကားကြောင့် ဇိုက်(ခ်)မှာ ဟမ်းခနဲ သက်ပြင်းတစ်ချက်ချ၍ တိတ်သွားလေသည်။
ထို့နောက် မာတိုရိုသည် လီယိုနာ့ဒ်အား လူနာ၏ရောဂါအခြေအနေနှင့် လူသတ်မှုဖြစ်ပုံတို့ကို အကြမ်းဖျင်းမျှမေးမြန်း၍ ၊ ဇိုက်(ခ်)ကို လှည့်ကြည့်လေသည်။
“တပ်မှူးကြီး ကျုပ်ရဲ့ပစ္စည်းပစ္စယတွေ မပါဘဲဘယ်လိုကုမလဲဗျ။ တပ်မှူးကြီးတို့ စစ်တိုက်ရင်တောင် ယန္တရားချပ်ဝတ်တွေ ၊ စီးတော်ဝူးလို့(စ်)ကြီးတွေလိုသေးတာ ဒီမှာရောဂါနှင့်တိုက်ရမဲ့သူကို လက်ဗလာနှင့် လွှတ်တော့မလို့လား”
ထိုစကားကြောင့် ဇိုက်(ခ်)မှာ ယင်းကို မျက်စောင်းတစ်ချက်ခဲပြီးနောက် ဘေးနားက ဝိုက်ဗန်အမ်းကို မျက်ရိပ်ပြလိုက်သည်တွင် ၊ ထိုလက်ဖြောင့်ဗိုလ်မှာ ကျောက်ဂူကြီး၏ ခပ်လှမ်းလှမ်းနေရာက ငါးပေပတ်လည်မျှရှိသော သံသေတ္တာကြီးတစ်လုံးကို ခြေထောက်များ ယိမ်းယိုင်မတတ် မလာလေသော် ၊ မာတိုရိုမှာ ၎င်းအနားသို့သွား၍ သေတ္တာကို ကူချပေးလေ၏။
ယင်းနောက် အဆိုပါသေတ္တာကို ဖွင့်လေရာ၌ ပိုက်ပျော့များ ၊ ပုံသဏ္ဌာန်စုံဖန်ပြွန်ပုလင်းများ ၊ အရွယ်အစားအမျိုးမျိုးရှိသော အပ်များ ၊ ဓားများ ၊ ကတ်ကြေးများပြင် ၊ သူလုံးဝမမြင်ဖူးသော ကိရိယာပေါင်းစုံကိုပါ တွေ့မြင်လိုက်ရလေသည်။
“ဒါမင်းဆေးကုတဲ့ ပစ္စည်းတွေလား။ တစ်ခါမျှ မမြင်ဖူးဘူး”
“ယူဆီယာက ပန်းပဲဆရာကြီးဆီမှာ လုပ်ခိုင်းထားရတာလေးတွေဗျ။ စိတ်ကူးထဲကအတိုင်းရအောင် မနည်းပြောပြီး လုပ်ခိုင်းထားရတယ်”
ယင်းက ထိုအတွင်းက ပစ္စည်းတချို့ကို ဘေးလွယ်အိတ်တစ်လုံးတွင်း ထည့်နေလျက် ပြောခြင်းဖြစ်ပြီး ၊ ယင်းမှာ သေတ္တာကြီးကို မွှေနှောက်ရှာဖွေ၍
“နေပါဦး တပ်မှူး ၊ ကျုပ်ရဲ့ မှတ်စုစာအုပ်က ဘယ်ရောက်သွားတာလဲ”
“မင်းကြိုက်တာယူလို့ရတယ်။ အဲသည်မှတ်စုစာအုပ်တော့ မရဘူး”
ဤမှတ်စုစာအုပ်ဆိုသည့်စကားကို နှစ်ခါမက ကြားဖူးနေသောကြောင့် လီယိုနာ့ဒ်မှာ အောင့်မထားနိုင်တော့ဘဲ ၎င်းအကြောင်းကို မေးမြန်းလေသရော် ၊ ဇိုက်(ခ်)မှာ မီးတုတ်နားရှိ သစ်သားစားပွဲပေါ်က သားရေဖုံးဖြင့်အုပ်ထားသော စာအုပ်အထူကြီးကို သူ့အား ကမ်းလိုက်လေ၏။
“ဒီကောင်က ရမထာသိင်္ဂီ နတ်ကလျာရဲ့ဘုန်းတော်ရတနာတွေပေါ်က စာတွေကို ဒီထဲမှာ မှတ်တမ်းတင်ထားတယ်ဗျ။ ဒါအကြီးဆုံးရာဇဝတ်မှုပဲ။ ပေးကိုင်လို့မရဘူး။ ခေါင်းဆောင်ကြည့်ချင်တော့ကြည့်ပေါ့”
စာအုပ်ကို လှန်လှောကြည့်ရှုလိုက်သော် ရာဗလွန်ဘာသာစကားဖြင့် ရေးထားသောစာများ ဖြစ်ပါလျက်နှင့် လက်ရေးမှာ စုတ်ချာညံ့ဖျင်း လွန်းလှသည့်အတွက် သူလုံးဝမဖတ်တတ်ဘဲရှိလေ၏။ စာအုပ်ကြီးမှာ လက်လေးလုံးမျှထူပြီး စာအုပ်တစ်အုပ်လုံးကို အနှီနုံချာလှသည့် လက်ရေးဖြင့် ရေးထားသည်သာမက သူလုံးဝနားမလည်သော ပုံများလည်းဆွဲထားသေးသည်။
“မင်းဟာက … မင်းရေးထားတာကိုကော ပြန်ဖတ်တတ်ရဲ့လားကွာ”
ယင်းစကားကို မာတိုရိုမှာ မတုံ့ပြန်ဘဲ ပခုံးကိုသာတွန့်ပြရကား သူတို့သည် ဆရာဝန်မဟုတ်သော ဆရာဝန်တစ်ယောက်ကို အကျဉ်းထောင်ကြီးအတွင်းမှ ခေါ်ထုတ်လာ၍ ၊ အောက်ပိုင်းမြို့မှ အပေါ်ပိုင်းမြို့သို့လည်းကောင်း ၊ အပေါ်ပိုင်းမြို့မှ ပိုးပဝါ ၊ မြသလွန်နှင့် သမုဒယရတီနန်းတော်သို့လည်းကောင်း ၊ အကြင်နန်းတော်ကြီးမှ အမှုဖြစ်ရာ လေဒီ ဆယ်ဖီးနီး၏ အထပ်သို့လည်းကောင်း ပြန်လည်ရောက်ရှိလာပြန်တော့သည်။ ။
**************