Rod of Asclepius
Vol. 1 Ch. 9
( သတိပေးချက် ။ ။ ကျွန်တော်ရဲ့ ဒီဝတ္ထုမှာ စုစုပေါင်း ၂၉ ခန်းရှိပါတယ်။ အဲမှာ ခက်ခဲတဲ့ ၂ ခန်းပါဝင်ပြီး ၊ အခု အခန်း ၉ ဟာ ခက်ပါတယ်ဆိုတဲ့ ၂ ခန်းထဲက တစ်ခန်းဖြစ်ပါတယ်။ ကျွန်တော်အခုလို ပရိသတ်ကို ချမပြမီ ယုံကြည်ရတဲ့သူတွေကို “Beta စာဖတ်သူ” တွေအဖြစ် ဖတ်ခိုင်းခဲ့ပါသေးတယ်။
အဲမှာ တော်တော်များများက ဒီအခန်းမှာ နံရံနှင့်ခေါင်းဆောင့် မိကြတယ်လို့ မှတ်ချက်ပေးကြပြီး ၊ ဆရာဝန်သူငယ်ချင်း တစ်ယောက်ကဆိုလျှင်
“ဟေ့ကောင် … ငါဆရာဝန်မို့ နားလည်တာဟ … တခြားသူတွေဆို တိုင်ပတ်လိမ့်မယ် … ဆေးပညာဘက်ကို ဒီလောက်ထိ နှိုက်နှိုက်ချွတ်ချွတ် မလိုက်နှင့် ၊ အကုန်ရှုပ်ကုန်မယ်”
လို့ကိုး ဆိုခဲ့တဲ့အတွက် ကျွန်တော်ဟာ ဒီအခန်းရဲ့ ခက်ခဲမှုကို ပထမအစက လျှော့ချပစ်ခဲ့ပါတယ်။
သို့သော် ဤကဲ့သို့လျော့ချလိုက်တဲ့အခါမှာ ဒီအခန်းကို ဖတ်ရတာဟာ ဆားမပါတဲ့ ဟင်းတစ်ခွက်ကိုစားနေရသလို ၊ အမွေးမပါတဲ့ ဒေါင်းတစ်ကောင်ကို ရှုနေရသလို ပေါ့ပျက်သွားခဲ့တယ်။ အလွန်အကျူး လွယ်အောင်လုပ်ပေးရင်းကနေ ဝိညာဉ်ပါပျောက်သွားတဲ့ အဖြစ်ပေါ့။ ဒါကြောင့် ကျွန်တော်က အခုနောက်ဆုံး ဗားရှင်းမှာ လွယ်အောင်လုပ်ထားသမျှ အကုန်ပြန်ဖျက်လိုက်ပါတယ်။
ဒါကြောင့် ထပ်လောင်းသတိပေးပါမယ်။ ဒီအခန်းက High Difficulty ပါ။ အသင့်ပြင်ထားကြပါ။ )
**********
အမှုဖြစ်ထားသည့်နေရာမှာ အရာမယွင်းသေး။ လေဒီဆယ်ဖီးနီးမှာ ခုတင်ကြီးပေါ်၌ လှဲလျောင်းနေဆဲဖြစ်သကဲ့သို့ ၊ အော်စလန်၏ အလောင်းမှာလည်း နေရာမပျက် တည်ရှိနေဆဲ။ သို့သော် မြိုင်ချုပ်အဘွားကြီးကား မရှိတော့။ အလုပ်သင်ပြည့်တန်ဆာလေးများမှာ သူတို့ပြန်ရောက်လာသော် လေဒီ ဆယ်ဖီးနီးဘေး၌ ထိုင်နေရာမှ ထလာကြ၍ မာတိုရိုကိုမြင်လျှင် ၎င်းတို့အားလုံး၏ မျက်နှာများမှာ ဝင်းပပြုံးရွှင်သွားလေသည်။
အကြင်အပြုံးကို လီယိုနာ့ဒ် သဘောပေါက်မိပါသည်။ လူသား ၊ အာပေါဿနှင့် ဝါယောန အမျိုးသုံးမျိုးတို့မှာ ပုံသဏ္ဌာန်ကွဲပြားလွန်းလှသည့်ပြင် လိင်အင်္ဂါနှင့်မျိုးပွါးသော နည်းလမ်းများလည်း မတူကြသည်သာမက ၊ လူမျိုးတစ်မျိုးချင်းစီ၏ အလှစံချိန်များမှာလည်း ခြားနားကြလေရာ လူသားယောက်ျားတစ်ယောက်အတွက် ခါးသေး ၊ ရင်ချီ ၊ တင်စွင့်သော လူသားမိန်းမမှာ ပြီးပြည့်စုံသောအလှတရား ဖြစ်စေကာမူ ဝါယောနယောက်ျားတို့အတွက်ကား ဤသည်မှာ အလှမဟုတ်ဘဲ သာမညရူပကာ တစ်ခုသာဖြစ်ပြီး ၊ ထိုနည်းတူစွာပင် ဝါယောနတို့ သတ်မှတ်ထားသော အလှတရားကိုလည်း လူသားများနှင့် အာပေါဿတို့က အလှဟုမြင်ရန် မစွမ်းသာကြသည့်အားလျော်စွာ ၊ လူမျိုးမတူသောသူဖြင့် အလုပ်တွဲလုပ်ပါက လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများမှ ကင်းဝေးလေသောကြောင့် အလုပ်သင်ပြည့်တန်ဆာမလေးများ ပြုံးသွားခြင်းဖြစ်ဟန်တူသည်။
ဆရာဝန် တော်သည်မတော်သည် အသာထား။ အနည်းဆုံးဇိုက်(ခ်)ကဲ့သို့ အခွင့်အရေးရပါက စောင်လှန်ချင်နေသောသူ လက်က ကင်းဝေးရပြီ မဟုတ်ပါလား။
မာတိုရိုမှာ အူများထွက်လျက်သေဆုံးနေသော အော်စလန်၏ အလောင်းကို တစ်ချက်ငဲ့ကြည့်ပြီးနောက် ခုတင်ပေါ်က လေဒီ ဆယ်ဖီးနီးကို စတင်ကြည့်ရှု၍ ၊ အလုပ်သင်ပြည့်တန်ဆာလေးများဘက်သို့ လှည့်လိုက်လေသည်။
“နှိုးကြည့်ပါဦး ။ လှုပ်ပြီးပါနှိုးကြည့်”
ထိုအခါ အလုပ်သင်များက လေဒီ ဆယ်ဖီးနီး၏ ပခုံးကိုလှုပ်ယမ်းကာ မမလေးဟု ခေါ်လျက်နှိုးပါလင့်ကစား သူ(မ)မှာ လုံးဝမလှုပ်လေသော် မာတိုရိုက ဤကဲ့သို့ခပ်တိုးတိုး ရေရွတ်လေသည်။
“မျက်လုံးမပွင့် ၊ အသံမထွက် ၊ လှုပ်ရှားမှုမရှိ”
၎င်းနောက် အသံကျယ်ဖြင့် လှမ်းပြော၏။
“နာအောင်လုပ်ပြီး နှိုးရမယ်။ မင်းတို့ထဲက သုံးယောက်ကနှိုး။ တစ်ယောက်က လူနာရဲ့ လက်မလက်သည်းခွံကို ဒါနှင့်ဖိကြိတ်ပေး”
ဟုဆိုကာ အိတ်အတွင်းက လက်သန်းလုံး၏ တစ်ဝက်မျှသာတုတ်သော သစ်သားချောင်းလေးကိုပေးသရော် သူတို့အားလုံးမှာ ချင်းကိုဝိုင်းကြည့်ကြလေပြီ ။
“ဟေ့ကောင် … မင်းဒါဘာသဘောလဲ”
“နာအောင်လုပ်တဲ့အခါမှာ ဘယ်လိုတုံ့ပြန်သလဲ ကြည့်ချင်တာလေ။ တပ်မှူးကျေးဇူးပြုပြီး ဝင်မပါပါနှင့်လား။ ခင်ဗျားခေါင်းဆောင်က ကျုပ်ကို ဖရီယာတစ်ရာပေးပြီးငှါးထားတာ ကျုပ်ပညာအတွက်လေ။ ဟုတ်တယ် … ဟုတ်”
“မင်း …”
တင်းမာလာသောအခြေအနေကို သူကပင်ကြားဝင်ဖျက်လိုက်၍ ခိုင်းသည့်အတိုင်း လုပ်ရန်အလုပ်သင်များကို ဆိုလိုက်သည့်အခါ ၊ လေဒီ ဆယ်ဖီးနီး၏ လက်မကလက်သည်းခွံကို သစ်သားချောင်းလေးဖြင့် အလျားလိုက်ဖိကြိတ်လျက် နာမည်ကိုခေါ်ဆိုရာ၌ ၊ ကြွေရောင်သန်းနေသည့် လက်သည်းလေးမှာ သွေးခြေဥကာနီတက်လာသည့်တိုင် သူ(မ)မှာမူ မျက်လုံးပွင့်မလာ ၊ အသံစိုးစဉ်းမျှထွက်မလာ ၊ စောင်အောက်က ခန္ဓာကိုယ်မှာလည်း ကျောက်ရုပ်အလား ငြိမ်သက်နေသည်တွင် မာတိုရို၏ အင်တာနာများ ထောင်ထသွားလေပြီ။
“GCS 3 ကိုမာ ( Coma ) ကြီးဟ။ အဲဒါစောက်ပြဿနာပဲ”
“ဘာလဲ … အခြေအနေကဘယ်လို …”
စကားပင်မဆုံးလိုက်။ မာတိုရိုက လီယိုနာ့ဒ်ကို လက်ကာပြပြီး ကျန်လက်တစ်ဖက်က လေဒီ ဆယ်ဖီးနီး၏ ဝမ်းဗိုက်ပေါ်က စောင်ပေါ်သို့ တစ်ခဏမျှကြာအောင် တင်ထားလေ၏။ ယင်းနောက်
“တစ်မိနစ် အသက်ရှူနှုန်း ဆယ့်ခြောက်ကြိမ်။ ပြီးတော့ပုံမှန် Pattern နှင့် … ဘာကြီးလဲဟ”
ဟုဆိုသဖြင့် ဘေးကနားထောင်နေသည့် သူပင် ရင်တွင်းစိုးထိတ်လာရလေ၏။ လေဒီ ဆယ်ဖီးနီး၏ ပြဿနာမှာလည်း ထင်ထားသည်ထက် များစွာရှုပ်ထွေးနေပြီလောဟု တွေးနေကြိုက် မာတိုရိုမှာ အိတ်အတွင်းက လက်နှိပ်မီးအသေးစားလေးကို ထုတ်ယူ၍ ၊ အလုပ်သင်များအား သူ(မ)၏မျက်ခွံကို ဆွဲမခိုင်းပြီးနောက် မျက်လုံးကို အလင်းဖြင့်ထိုးချလိုက်လေရာ သူငယ်အိမ်များ ကျုံ့ဝင်သွားလေလျှင် ၊ မာတိုရို၏ခေါင်းပေါ်က အင်တာနာနှစ်ချောင်းလုံးမှာလည်း နောက်သို့ပြိုင်တူလန်ကျသွားတော့သည်။ ဤသည်ကား အံ့ဩလွန်းပါက ဖြစ်တတ်သည့် ဝါယောနများ၏ လက္ခဏာ။
ထို့နောက် မာတိုရိုမှာ မပြီးသေးဘဲ ၊ အိတ်တွင်းက ဂွမ်းစလေးကို ထုတ်ယူ၍ လေဒီ ဆယ်ဖီးနီး၏ မျက်လုံးပေါ်က အကြည်လွှာကို ဖွဖွလေးကပ်ဆွဲလိုက်သရော် သူ(မ)၏မျက်အိမ်မှာ ခါရုံမျှသာ ခါသွားပြီးနောက် မျက်ခွံမှာလည်း ပိတ်ကျသွားလေ၏။
ဤအခါ ၎င်းမှာအိတ်တွင်းက အကြည်ရောင်ပိုက်ပျော့ရှည်တစ်ခုကို ထုတ်ယူလိုက်ပြီးနောက် သူ(မ)၏ပါးစပ်ကို ဖွင့်ခိုင်းသည်တွင် ၊ အလုပ်သင်များမှာ မျက်မှောင်ကုတ်ကုန်လေ၏။
“ရှင်ဘာလုပ်မလို့လဲ”
“လေပြွန်ဝကို ဆွကြည့်ရမယ် … မြန်မြန်”
ဟုသာ တိုတိုတုတ်တုတ်ပြော၍ ပိုက်ကို အာခေါင်အတွင်းသို့ ထည့်ရာ၌ ၊ နာကျင်အောင်လုပ်ကာ နှိုးခဲ့သည်ကိုပင် တုံ့ပြန်မှုမရှိသော သူ(မ)မှာ ယခုအခါ ချောင်းများတခွီးခွီး စဆိုးလေတော့သည်။
ဤသည်ကား ပထမဦးဆုံး သူ(မ)၏ လှုပ်ရှားမှုကို မြင်ရခြင်းဖြစ်ပြီး ၊ ချောင်းဆိုးပြီးသည်နှင့် သူ(မ)မှာ ပြန်လည်ကာ ငြိမ်သက်သွားလေလျှင် မာတိုရိုမှာလည်း ဆက်မစမ်းတော့ဘဲ ၊ ခုတင်ဘေးတွင် လက်လေးဖက်လုံး တွဲလောင်းချကာ ရပ်နေသောကြောင့် ၊ ဇိုက်(ခ်)က ယင်း၏ပခုံးကို ပုတ်လိုက်လေသည်။
“ဘယ်လိုလဲ … လုပ်ချင်တာတွေ ဝအောင်လုပ်ပြီးပြီဆိုတော့ ပြောဖို့အသင့်ဖြစ်ပြီလား။ ဘာဖြစ်တာလဲ ပြောစမ်း”
ထိုအခါ မာတိုရိုမှာ သူ့ဘက်သို့လှည့်လာ၍ အစွယ်နှစ်ချောင်းကို ဟစေ့ဟစေ့လုပ်လျက် စကားများ တစ်လုံးချင်းစီ ထွက်ကျလာ၏။ ဤသည်တို့ကား
“GCS 3 , FOUR Score 8 Coma ( ကိုမာ )။ ပြီးတော့ လူသတ်မှုနှင့်တွဲနေတာ။ ခင်ဗျားတို့တော့ တကယ့်ပွဲကြီးပွဲကောင်းနှင့်တွေ့ပြီ”
ဟုတည်း။ ။
*************
“ဘာလဲ GCS … ဘာလဲ FOUR Score … ဟေ့ကောင် လူနားလည်အောင်ပြောစမ်း”
“GCS ( Glasgow Coma Scale ) က လူတစ်ယောက်ရဲ့သတိ ဘယ်လောက်ထိ ရှိနေသလဲ အမှတ်ပေးတာ။ တိုတိုပဲပြောမယ်ဗျာ။ အမြင့်ဆုံးက ဆယ့်ငါး ( ၁၅ )။ အနိမ့်ဆုံးက သုံး ( ၃ )။ တပ်မှူးဆို ဆယ့်ငါး ၊ ကိုယ့်လူ လီယိုနာ့ဒ်တို့ကော ကျုပ်တို့ကော အားလုံးဆယ့်ငါးပဲ ။ ဒါပေမဲ့ ဖဲလေဒီကတော့ အနိမ့်ဆုံး ( သုံး ) ရနေတယ် ။ ဒါထက် ပိုမနိမ့်နိုင်တော့ဘူး”
“အဲ့ဒါဆိုအခြေအနေက ဘယ်လောက်ထိဆိုးလဲ”
လီယိုနာ့ဒ်စကားကြောင့် မာတိုရိုက ဟက်ခနဲရယ်သည်။
“GCS 3 ဘယ်လောက်ဆိုးသလဲ ကျုပ်မပြောဘူး။ ကျုပ်တွေ့ဖူးတဲ့ GCS 5 ထဲမှာတော့ အသက်ပြန်ရှင်တဲ့သူ တစ်ယောက်မျှမရှိသေးဘူး ကိုယ့်လူ။ နာအောင်လုပ်တာတောင် ကျောက်ရုပ်လိုငြိမ်နေတာက ဦးနှောက်ထဲမှာ အကြီးအကျယ် ပြဿနာတက်နေတာကိုပြတယ်ဗျ”
ဟုဆိုလျှင် သူတို့သာမက အလုပ်သင်များပါ မျက်နှာအသီးသီးပျက်ကုန်လေပြီ။
“ဒါပေမဲ့ အခုကိစ္စက ဆိုးတာထက်ဆန်းနေတာဗျ။ GCS အရမ်းနိမ့်နေတော့ ကျုပ်က FOUR Score ဘက်လိုက်ကြည့်လိုက်တယ်။ FOUR Score ( Full Outline of UnResponsiveness ) ဆိုတာကလည်း GCS လိုပဲ ကိုမာလူနာကို အမှတ်ပေးတာဗျာ။ ဒါပေမဲ့ GCS ထက်ပိုစုံတယ်။
အဲမှာကြည့်လိုက် လူနာရဲ့ ဦးနှောက်ရိုးတံ လုပ်ဆောင်ချက် ( Brainstem Functions ) တွေက အားလုံးကောင်းနေတာကိုသွားတွေ့တယ်။ အသက်ပုံမှန်တိုင်း ရှူနေတယ်။ မျက်အိမ်တုံ့ပြန်မှုတွေရှိတယ် ( Pupillary Reflex , Corneal Reflex )။ ချောင်းတောင်ဆိုးနေသေးတယ် ( Cough Reflex )”
“ဒါဆို အခုအခြေအနေကဘာလဲ ။ ငါတို့ နားလည်အောင်ပြော”
“ပုံမှန် GCS 3 ကိုမာဆိုရင် ဦးနှောက်အလုံးကြီးတင်မကဘူး … ဦးနှောက်ရိုးတံတွေပါထိနေပြီ။ အဲသည်လိုလူနာတွေက ကိုမာစပြီးဝင်ဝင်ချင်းမှာ အထူးကြပ်မတ်ကုရင်တောင် မလွယ်ဘူးဗျ။ မသိဘဲ ပစ်ထားလို့ကတော့ တစ်နာရီတောင်မခံဘူး သေနေပြီ။
အခုဟာက ခင်ဗျားတို့က GCS 3 လူနာကြီးကို တစ်ညလုံး ဘာမျှမလုပ်ပေးဘဲ ပစ်ထားထားတာ အခုဆိုရင် နေ့လယ်တောင်ရောက်နေပြီ။ အဲဒါကို ဟိုကလည်း ပုံမှန်တိုင်း အသက်တွေရှူနေတယ်”
ဟုဆိုလေရာ အလုပ်သင်လေးယောက်မှာ ခေါင်းများကို မဖော်နိုင်အောင် ငုံ့ကုန်ကြလေသည်။ လီယိုနာ့ဒ်ကမူ လက်ကာပြလိုက်၍
“ဟုတ်ပြီ … တော်ပြီ ။ မင်းပြောတာတွေကို ငါကောင်းကောင်းနားမလည်ဘူး။ အဲသည်တော့ အခုစမ်းပြီး ဘာဖြစ်နေတယ်ဆိုတာကိုပဲပြောတော့”
“နားမလည်လည်း နားထောင်ကိုယ့်လူ။ ဒီမှာ ခင်ဗျားတို့ဦးနှောက်က အလုံးကြီးဆိုရင် သူ့အောက်မှာ အတံတစ်ခုရှိတယ်ဗျ ။ အလွယ်ခေါ် ဦးနှောက်ရိုးတံလို့ခေါ်တာ။ အခုခင်ဗျား စဉ်းစားတွေးတောတာတွေကို ဦးနှောက် အလုံးကြီးကလုပ်တယ်ဆိုရင် ၊ ခင်ဗျားစဉ်းစားစရာမလိုတဲ့ အသက်ရှူတာတွေ ၊ နှလုံးခုန်တာတွေကို အဲသည်ဦးနှောက်ရိုးတံက လုပ်တယ်။
အဲသည်တော့ အခုဟာက GCS 3 နှင့် ဦးနှောက် ( Brain ) က ကြီးကြီးမားမားထိထားပြီးတော့ FOUR Score 8 နှင့် ဦးနှောက်ရိုးတံ ( Brainstem ) က အကောင်းတိုင်းကျန်နေတဲ့ ရှားပါးဖြစ်စဉ်ပဲ။ ပုံမှန်ဆို ဒါမျိုးကွဲမနေဘူး။ အကုန်ရောထိပြီးသေပဲ။ ဒါကြောင့်ပဲ ဒီလေဒီကို အသက်ရှင်လျက်သား တွေ့နေရသေးတာ။ မဟုတ်လို့ကတော့ နတ်ဘုရားတွေ ဆင်းကယ်မှရမယ်”
လီယိုနာ့ဒ်မှာ ဇိုက်(ခ်)ကိုကြည့်လိုက်လျှင် ယင်းကမျက်နှာတစ်ချက်မဲ့သွား၏။ မည်သို့ပင်ဆိုစေကာမူ ခေါင်းတွင်း အာပေါဓာတ်များနေသည်ဟုဆိုသော ဆရာဝန်ထက် မာတိုရိုမှာကျေနပ်စရာ ပိုကောင်းပေသည်။
“ဒါဆိုဘာကြောင့် ဒီလိုဖြစ်သွားလဲကော သိလား”
ထိုအခါမာတိုရိုမှာ လေဒီ ဆယ်ဖီးနီးကို စိုက်ကြည့်နေပြီးနောက် သူ့အမေးကိုမဖြေဘဲ ဘေးက အလုပ်သင်လေးများကိုသာ မေးခွန်းလှမ်းထုတ်လေသည် ။
“ဖဲလေဒီက မဟာဘူတအာနုဘော် ( Magic , Sorcery ) တွေ ကျင့်လား”
“အလိုရှင် … ဘာတွေလာမေးနေတာလဲ။ ကျွန်မတို့မှာ ကိုယ့်စာတောင် ကိုယ်မနိုင်တဲ့ဟာကို ၊ ဘယ်လိုလုပ်ပြီး မှော်ပညာကျင့်နိုင်ရမှာလဲ။ ကျွန်မတို့ပြည့်တန်ဆာတွေကိုကော ဘယ်သူက မှော်ပညာသင်ပေးရမှာလဲ”
ဟုတုံ့ပြန်သည်တွင် ဇိုက်(ခ်)မှာလည်း မျက်မှောင်ကြုတ်သွားလေသည်။
“မင်းဟာက … ဖဲလေဒီနှင့် မှော်ဝိဇ္ဇာ ( Wizards ) တွေက ဘယ်လိုဆိုင်သွားရပြန်တာတုံး”
“ဦးနှောက်ထိပြီး ဦးနှောက်ရိုးတံ ကောင်းခဲ့တဲ့ လူနာနှစ်ယောက်ကို ကျုပ်တွေ့ခဲ့ဖူးတယ်။ နှစ်ယောက်လုံး အင်ပါယာရဲ့ အထူးလက်ရုံးတပ်က အနားယူခဲ့တဲ့ မှော်ဝိဇ္ဇာတွေ။
တပ်မှူးတို့နဂါးသူရဲကောင်တွေနှင့် မှော်ဝိဇ္ဇာတွေက အတူတူတိုက်ပွဲဝင်ရတဲ့သူတွေမလား။ ဒါဆိုသူတို့ မှော်ပညာသုံးနိုင်ဖို့ ဘာလုပ်ရသလဲ သိတယ်မလား။ မှော်ဆေးရည် သောက်ရတယ်။ ပြီးတော့ အဲသည်ဆေးရည်က အရမ်းပြင်းလို့ သောက်ပြီးရင် ချက်ချင်း ထပ်သောက်လို့မရဘူး”
“ငါမေးနေတာ ဘာဆိုင်တာလဲလို့နော်။ မင်းစကားကို ရှင်းရှင်းပြောစမ်း”
“ပြောနေတယ်လေ … ရှင်းအောင်ပြောနေတာ။ အဲသည်မှော်ဆေးရည်တွေကို နှစ်ရှည်လများ စွဲသောက်လာရင် အသည်းထိတာကိုတော့ မသိဘူးမလား။ နောက်ဆုံး အသည်းပျက်သွားရင် အမိုးနီးယား ( Ammonia ) လိုအန္တရာယ်ရှိတဲ့ ဒြပ်ပေါင်းတွေက သွေးထဲသွားစုမယ်။ အဲဒါတွေက ဦးနှောက်ထိတက်သွားရင် ယကန ဉာဏ ယိုယွင်းခြင်း H E ( Hepatic Encephalopathy ) ဝင်မယ်။
ယကန ဉာဏ ဆိတ်သုဉ်းခြင်း အဆင့် ၄ ( H E Grade 4 ) ဆိုရင် ကိုမာ ( Coma ) ပဲ။ ဒီကောင်က ဦးနှောက်ရဲ့ ရှေ့ပိုင်း ( Frontal Lobe ) တွေ ၊ ဘေဆဲ ဂန်ဂလီယာ ( Basal Ganglia ) ပိုင်းတွေကို ဝင်ထိတာ။ ဇီဝကမ္မဖြစ်စဉ်ကြောင့် ( Metabolic Cause ) ဆိုတော့ အဲသည်တုန်းက ကျုပ်မြင်ခဲ့သလောက် ဦးနှောက်ကိုပဲထိတယ်။ ဦးနှောက်ရိုးတံပိုင်းတွေ မပါသေးဘူး”
ဟုဆိုပြီးနောက် ယင်းကပင် ခေါင်းတစ်ချက် ယမ်းလေ၏ ။
“ဒါပေမဲ့ ဒီလူနာက မဖြစ်နိုင်ပါဘူး ။ ဟိုက အသက်ခြောက်ဆယ်ဝန်းကျင် … ဘဝနေဝင်ချိန်ကို ဖြတ်သန်းနေရတဲ့ ဝိဇ္ဇာအဘွားကြီးတွေ ။ အခုသည်လေဒီက အသက်နှစ်ဆယ်ဝန်းကျင် ပြည့်တန်ဆာတစ်ယောက်ရဲ့ အတောက်ပဆုံး ( Prime ) အချိန်ကို ဖြတ်သန်းနေတဲ့သူ ။ ပြီးတော့ ယကန ဉာဏ ယိုယွင်းနေတဲ့သူရဲ့ အသားအရေကလည်း ဒီလိုမဟုတ်နိုင်ဘူး”
“ဒါဆိုနောက်ထပ် ဖြစ်နိုင်တာတွေ ရှိသေးလား”
လီယိုနာ့ဒ်၏စကားကို မာတိုရိုက လက်လေးချောင်းထောင်ကာတုံ့ပြန်၏။
“အခုလက်ရှိ လေးမျိုး စဉ်းစားမိတယ်။ အဖြစ်နိုင်ဆုံးကနေ သိပ်မဖြစ်နိုင်တာတွေထိ အစဉ်လိုက်ပြောသွားမယ်။
အဖြစ်နိုင်ဆုံးက အဆိပ်ပဲ။ ဦးနှောက်ကိုထိပြီး ဦးနှောက်ရိုးတံကိုမထိတဲ့ အထူးအဆိပ်ပေါ့။ ကြားထဲက လူသတ်မှုဖြစ်ထားတော့ ဒါကိုလည်း ထည့်စဉ်းစားသင့်တယ်မလား”
လီယိုနာ့ဒ် ခေါင်းတဆတ်ဆတ် ညိတ်မိသည်။ လူသတ်သမားက လေဒီ ဆယ်ဖီးနီးကို ဤကဲ့သို့သော အဆိပ်ခတ်ပြီးမှ လူသတ်မှုကျူးလွန်ခဲ့သည်လော။ သို့သော် ဦးနှောက်ကို GCS 3 အထိထိစေပြီး ဦးနှောက်ရိုးတံကို မထိသော FOUR Score 8 အဆိပ်ဆိုသည်မှာကား ကဗျာဆန်လွန်းလှသည်။ သက်သေဖျောက်ချင်ပါက လည်လှီးပစ်လိုက်ရုံ ၊ ဖမ်းခေါ်သွားလိုက်ရုံဖြင့် ကိစ္စပြတ်သောအရာအား အဘယ့်ကြောင့် ဤကဲ့သို့သော အဆိပ်ကို သုံးရအံ့နည်း ဟုတွေးတောနေစဉ် မာတိုရိုက စကားဆက်လာ၏။
“ဒုတိယဖြစ်နိုင်တာက နှလုံးရပ်ပြီးလေဖြတ်တာ ( Post Cardiac Arrest Hypoxic-Ischemic Brain Injury )။ ခင်ဗျားတို့ပြောအရဆိုရင် လူသတ်မှုမှာ ဘာမှန်းမသိတဲ့ အကောင်အကြီးကြီး တစ်ကောင်ပါတယ်ဆို။ အဲအကောင်ကြီးက သူ့လက်သည်းရှည်ကြီးနှင့် အော်စလန်ကို ဗိုက်ခွဲချလို့ အူတွေအပြွတ်လိုက် ထွက်ကျလာတာမြင်တော့ ဖဲလေဒီ ရှော့ခ်ရသွားမယ်။
ပြီးတော့ Cardiac Arrest အဆင့်ထိရောက်လို့ နှလုံးက ခဏတာ ရပ်သွားခဲ့ရင် ၊ အဲရပ်သွားတဲ့ အခိုက်အတန့်လေးမှာ ဦးနှောက်ကိုသွေးမရောက်တော့ဘူး။ အဲသည်အခါမှာ ဦးနှောက်ဆဲလ်တွေ သွေးငတ်ပြီးပျက်စီးကုန်မယ်။ ပထမဆုံး ထိရှလွယ်တဲ့ ဟစ်ပိုကမ်းပက်(စ်) ( Hippocampus ) လိုအပိုင်းတွေ အရင်ပျက်လိမ့်မယ်။
ဒါပေမဲ့ ဦးနှောက်ရိုးတံဆဲလ်တွေက ဦးနှောက်အလုံးကြီးက ဆဲလ်တွေထက် သွေးငတ်တာ ၊ အောက်ဆီဂျင်ပြတ်လပ်တာကို ပိုခံနိုင်ရည်ရှိတယ် … သူ့ဘာသာသူ ခံနိုင်ရည်အားကောင်းနေတာပြင် လည်ရိုးဦးခြေ သွေးကြောခွ ကွန်ရက်စနစ် ( Vertebrobasilar System ) က ထောက်ကန်ပေးထားတာတွေလည်း ပါမှာပေါ့ ။
ပြီးတော့ နှလုံးပြန်ခုန်လာခဲ့ရင် ဦးနှောက်ပိုင်းက ပျက်စီးသွားပြီး ဦးနှောက်အရိုးတံက ကောင်းနေသေးတော့ အသက်ရှူနေဦးမယ် ။ လုံးဝတော့ နှိုးမရတော့ဘူး”
သူသည် မာတိုရိုကိုကြည့်ကာ ခေါင်းယမ်းလေသည်။
“သိပ်မဖြစ်နိုင်ဘူး။ ဒီအကောင်ကြီးမြင်လို့ နှလုံးရပ်လောက်အောင်ထိလန့်ဖျပ်တယ်ဆိုရင် ဝရုန်းသုန်းကားတွေ ထဖြစ်မှာပဲ။ အခုက လက်ကောက်ဝတ်မှာ ရုန်းကန်ထားရာတွေမရှိဘူး။ ခုတင်ပေါ်မှာတောင် ရှိနေနိုင်စရာ အကြောင်းမရှိဘူး။ ဒါမျိုးဖြစ်ရင် အနည်းဆုံး ထပြေးမှာပေါ့ … တတိယဟာကိုပြော”
“တတိယဟာက ပြောပြီးပြီလေ။ ယကန ဉာဏ ယိုယွင်းခြင်း အဆင့် ၄ ( Grade 4 H E ) … ဒါကတော့ သိပ်မဖြစ်နိုင်ပါဘူး”
ထိုအခါ ဇိုက်(ခ်)က စကားဝိုင်းတွင်းသို့ ပြန်ဝင်လာသည် ။
“နေပါဦး အသည်းကို ဖြည်းဖြည်းချင်းမထိဘဲ အဆိပ်ကြောင့် ရုတ်တရက်ကောက်ထိပြီး မင်းပြောတဲ့ ယကန ဘာရယ် ( H E ) … အဲဒါ ဝင်တာကော မဖြစ်နိုင်ဘူးလား”
“ဖြစ်နိုင်တာပေါ့။ ဒါကို ရုတ်ခြည်းအသည်း ကျဆုံးခြင်း ( Acute Liver Failure ) လို့ခေါ်တယ်။ ဒါပေမဲ့ပြဿနာက ရုတ်ခြည်းအသည်း ကျဆုံးခြင်း ( Acute Liver Failure ) မှာရတဲ့ ယကန ဉာဏ ယိုယွင်းခြင်း ( H E ) တွေမှာ ဦးနှောက်ဖောတာ ( Cerebral Edema ) ကပါ တွဲလိုက်လေ့ရှိတယ်။ ဦးနှောက်ဖော ( Cerebral Edema ) တာပါလာရင် ဦးနှောက်တွင်းဖိအားများ ( Raised ICP ) မယ်။ ဒါဆို ဦးနှောက်က ကျွံကျ ( Brainstem Herniation ) ပြီး အောက်ကဦးနှောက်ရိုးတံကိုပါ သွားဖိမယ် … ထိကုန်မယ်။ အဲဒါဆို အသက်မရှူတော့ဘဲ နာရီပိုင်းအတွင်းသေပြီ”
ဟုဆိုရကား ဇိုက်(ခ်)၏မျက်နှာရှုံ့မဲ့သွားတော့သဖြင့် လီယိုနာ့ဒ်ကပင် နောက်ဆုံးတစ်ခုအကြောင်းကို မေးမြန်းရာ၌ ၊ မာတိုရိုမှာ ခုတင်တိုင်ကြီးကို ယင်း၏အခွံမာလက်ဖြင့် ထောက်ထားလျက်ဆိုလေ၏။
“နောက်ဆုံးတစ်ခုကတော့ ကိုယ်တွင်းအပူချိန် အလွန်အကြူးကျ ( Severe Hypothermia ) ရင် ဒါမျိုးကိုမာဝင်နိုင်တယ်။ ၂၈ ဒီဂရီဆင်တီဂရိတ်လောက်ထိ ကျတာပေါ့။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး … အဲသည်လိုမျိုးကိုမာဝင်ရင် အခုချိန်ပြန်ကောင်းနေလောက်ပြီ။ ဒါမှမဟုတ် သေနေလောက်ပြီ”
ဤစကားကြောင့် လီယိုနာ့ဒ်မှာ လေဒီ ဆယ်ဖီးနီးကို တစ်လှည့် ၊ ဘေးဘီကိုတစ်လှည့် ဝှေ့ကြည့်လေသည်။ စကားပြောသံများ ငြိမ်သွားသည်နှင့် ကျောက်နဂါးခေါင်းကြီးမှ ရေကန်တွင်းသို့ ရေကျသံများက ပတ်ဝန်းကျင်ကို ပြန်လည်လွှမ်းမိုးလာရုံမျှမက ၊ အနားကအလောင်းမှ ထွက်သောအနံ့နှင့် အခန်းတွင်းအအေးဓာတ်တို့ကြောင့် ခန်းမတွင်းကလေထုမှာကား စိုစိစိ ၊ ညှီစို့စို့။ တစ်ခဏကြာမှ မာတိုရိုဘက်သို့ ပြန်လှည့်လာ၍
“ကဲဟုတ်ပါပြီ … ဒါဆိုမင်းဒီရောဂါကို ကုနိုင်လား”
“ရောဂါအတိအကျ မသိရသေးဘဲ ဘယ်လိုလုပ် ကုနိုင်ပြီ ၊ မကုနိုင်ဘူးပြောလို့ရမှာလဲ။ ကျုပ်အခုလုပ်မှာက ဘာရောဂါလဲဆိုတာကို ဆက်စစ်မယ်။ ပြီးတော့ လူနာက GCS 3 ကြီး ၊ FOUR Score 8 ဆိုပေမဲ့ အချိန်မရွေး အခြေအနေဆိုးသွားနိုင်တော့ ဒါတွေကိုကြိုကာကွယ်ထားချင်တယ်။
အဲဒါအတွက် အခုချက်ချင်းလေးမျိုးလုပ်မယ်။ ပါးစပ်ကနေ အသက်ရှူပိုက်ထည့်မယ် ( Intubation )။ ဆီးပိုက်ထည့်မယ် ( Foley Catheter )။ သွေးဖောက်မယ် … ခါးကနေ ဦးနှောက်အရည် ( Cerebrospinal fluid ) ယူမယ်”
ဟု လက်ချောင်းများ ထောင်လျက် တန်းစီရေရွတ်လိုက်လေလျှင် အလုပ်သင်များအနက်က တစ်ယောက်မှာ သူတို့အနားသို့လျှောက်လာပြီး
“နေ … နေပါဦး မမလေးကို ဘာတွေလုပ်မလို့လဲ။ ဆီးပိုက်ထည့်မှာဟုတ်လား။ ဘယ်ကထည့်မလို့လဲ”
ဟုမေးသရော် မာတိုရိုက ခေါင်းမော့ကာ ၎င်း၏အစွယ်ကို အခွံမာလက်ဖြင့် ပွတ်နေလျက် ခံစားချက်မရှိသောလေသံနှင့် ဆိုလေသည်။
“ဘယ်လိုထည့်ချင်တာလဲ။ ယောနိကိုဖြဲပြီး ထည့်ရမှာပေါ့”
“ဟေ့ကောင် … မင်းကများ …”
စကားဆုံးသည်နှင့် ဇိုက်(ခ်)မှာ မာတိုရို၏ လည်ပင်းကို ယန္တရားလက်ကြီးဖြင့်ညှစ်ကာ ဆွဲမပစ်လိုက်သည့်အလျောက် ယင်းမှာ လေတွင်း၌ ခြေနှစ်ဖက် ၊ လက်လေးဖက်လုံး ကားယား ၊ ကားယားဖြစ်နေလေသည်။
“မင်းကိုငါ တစ်ခွန်းပဲပြောမယ်။ ဘာပိုက်မျှ မထည့်ရဘူး။ ရအောင်ကု။ မကုနိုင်ရင် ခေါင်းဖြတ်မယ်။ ကြားလား …”
ဟုဆို၍ ပစ်ချလိုက်သည့်အခါ ၊ မာတိုရိုမှာ ကြမ်းပြင်ပေါ်၌ ဖင်ထိုင်လျက်သားလဲကျသွားပြီးနောက် လည်ပင်းကို လက်လေးဖက်လုံးဖြင့် ပွတ်နေလေ၏။
“တပ်မှူးရာ … ခင်ဗျားက ထစ်ခနဲဆို လက်ပဲပါနေတယ်။ မထည့်နှင့်ဆို မထည့်ပါဘူး။ ဒါဆို အသက်ရှူပိုက်နှင့် ဆီးပိုက်မထည့်တော့ဘူး။ သွေးနှင့်ခါးရိုးတော့ ဖောက်မယ်”
“ဘာမျှမဖောက်ရဘူး။ ထိကိုး မထိရဘူး …”
“အဲဒါဆိုလည်း မကုဘူးဗျာ။ သံသယအရှိဆုံးက အဆိပ်လို့ပြောထားတယ်လေ။ ဘာအဆိပ်လဲဆိုတာကို သွေးနှင့်ဦးနှောက်ရည်က တစ်ဆင့် ရှာရမှာကို … ဒါပါပေးမလုပ်တော့ ရှေ့ဘယ်လိုဆက်မလဲ။ မဟုတ်လည်း မနက်ဖြန်ကွပ်မျက်ခံရမှာ နှင့်အတူတူတော့ အခုသာသတ်လိုက်တော့။ သတ်ပြီးရင်သာ ကျုပ်အခွံမာတွေကို ကာဒိုနီယမ်တိုင်းပြည်ဆီ ဆက်ဆက်ပို့ပေး”
ဟုဆို၍ ထိုင်နေရာမှ ပြန်မထလာတော့ဘဲ တင်းခံနေသောကြောင့် လီယိုနာ့ဒ်က ကြားနေဝင်ရောက်ညှိနှိုင်းပေးသောအခါမှ ၊ အလုပ်သင်လေးများကလည်း သဘောတူကြ၍ သွေးနှင့်ခါးရိုးဖောက်ရန် အဆင်ပြေ သွားလေတော့သည် ။ ။
( မှတ်ချက် ။ ။ “ယကန ဉာဏ ယိုယွင်းခြင်း” ဟူသော အခေါ်အဝေါ်မှာ ကျွန်တော် ကိုယ်ပိုင်တီထွင်ထားသော စကားလုံးသာ ဖြစ်ပါသည် ။ တရားဝင်အမည် မဟုတ်ပါ ။ ဆေးလောကတွင် Hepatic Encephalopathy ကို “H E ဝင်သည်” ဟုသာ ခေါ်ကြပါသည် ။
အလားတူ “လည်ရိုးဦးခြေ သွေးကြောခွစနစ်” မှာလည်း တရားဝင်အခေါ်အဝေါ် မဟုတ်ပါ ။ Vertebral Artery သည် Subclavian Artery မှ မြစ်ဖျားခံပြီး လည်ပင်းကို နှစ်ချောင်းခွတက်၍ ဦးနှောက်၏ အခြေ၌ Basilar Artery အနေနှင့် “Y” သဏ္ဌာန်ပေါင်းသွားသောကြောင့် Vertebrobasilar System ကို အထက်ပါအတိုင်း မြန်မာဘာသာ အဖြစ်ပြန်ဆိုရန် ကြိုးစားခဲ့ခြင်းဖြစ်သည် ။ )
***********
သွေးဖောက်မည်ဆိုသောအခါမှ အလုပ်သင်လေးများက လေဒီဆယ်ဖီးနီး၏ လက်တစ်ဖက်အား စောင်တွင်းမှထုတ်ယူလိုက်ရာ၌ ၊ နို့နှစ်ရောင်ဖျော့ဖျော့ လက်ခုံပေါ်ဝယ် ယှက်ဖြာနေသော အကြောစိမ်းလေးများ သည်လည်းကောင်း ၊ နုဖတ် သွယ်လျနေသော လက်ချောင်းများ သည်လည်းကောင်း ဝင့်ဝင့်ငြားငြားပေါ်ထွက်လာသရော် မာတိုရိုက
“အကြောတောင် အထူးတလည် ရှာနေစရာမလိုဘူး။ ခင်ဗျားတို့လူသားတွေအတွက်ဆိုရင် ဒီလက်က ထိပ်တန်းအလှရှင်လက်ပဲ ဟုတ်တယ်မလား။ ကျုပ်တို့ကတော့ ဒီလိုပျော့အိအိလက်တွေ မကြိုက်ပေါင်ဗျာ။ လက်ဆိုတာ အခွံမာမာပေါ်မှာ အမွေးချွန်ချွန်စူးစူးလေးတွေပေါက်နေမှဗျ။ ကျုပ်မိန်းမရဲ့ လက်လိုပေါ့ ဟက်ဟက် …”
ဟုဆိုလေ၏။ ယင်းနောက် ၎င်း၏လက်တစ်ဖက်က လေဒီ ဆယ်ဖီးနီးကို လက်သီးဆုပ်ထားစေကာ ၊ ကျန်လက်တစ်ဖက်က အိတ်တွင်းမှ အပ်ချွန်ပါဝင်သော ပြွန်ရှည်ကိရိယာလေးကိုထုတ်ယူ၍ ၊ ဤကိရိယာလေး၏ ထိပ်ကအပ်ကို သူ(မ)၏လက်ခုံပေါ်က အကြောစိမ်းတစ်ခုထဲသို့ ထိုးသွင်းလိုက်ပြီးနောက် ၊ ကိရိယာနောက်က အချောင်းလေးကို ဆွဲလိုက်သည့်အခါ ထိုပြွန်အတွင်းသို့ နီညိုရောင်သွေးများဝင်လာလေသည်။
ဤကိရိယာကို မာတိုရိုက ဆေးထိုးအပ်ဟုခေါ်သည်။ သို့သော်သူကမူ ယင်းအရာကို ယခုမှပထမဆုံးမြင်ဖူးခြင်းဖြစ်၍ ယခုမာတိုရို လုပ်နေသည်ကိုကြည့်နေကာ ရိုဒီးနီးယားက ဆေးပညာအကြောင်းများကို တွေးတောနေမိသည်။
သူတို့၌ လူသားဆရာဝန်နှင့် နတ်ဘုရားများ၏ တန်ခိုးတော်ဟူ၍ နှစ်မျိုးရှိပြီး ဆရာဝန်တို့မှာ ဓာတ်ကြီးလေးပါးကို အခြေခံကာ ရောဂါရှာ၍ ဆေးကိုပါးစပ်က တိုက်သည်မှတစ်ပါး မာတိုရိုကဲ့သို့ ထွေထွေထူးထူးမလုပ်နိုင်ကြသည့်ပြင် ဆန်းဆန်းပြားပြားများလည်း မတွေးနိုင်ကြဘဲ ၊ ဤသည်ကား သာမန်လူသားများအတွက် အကောင်းဆုံးရရှိနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုသာဖြစ််၏။
သို့သော် နတ်ဘုရားများအပါးတော်၌ အနီးကပ်ခစားရသော လူသားများဖြစ်ကြသည့် နဂါးသူရဲကောင်းများ ၊ မှော်ဝိဇ္ဇာများကိုမူ နတ်ဘုရားများက လွယ်လွယ်နှင့် အသေမခံခိုင်းဘဲ ရောဂါဖြစ်ပါက ၎င်းတို့၏တန်ခိုးတော်ဖြင့် ကုသပေးကြပြီး ၊ မည်ကဲ့သို့ ကုသသည်ကိုမူ သေသေချာချာမသိရဘဲ ရောဂါကုမည်ဆိုပါက “နွေဦးခန်းမ” ဟူသော အခန်းကြီးတစ်ခန်းတွင်းသို့ ခေါ်ဆောင်သွား၍ ဤအခန်းကြီးထဲရောက်သော လူနာအားလုံးမှာ မေ့မြောသွားလေသည်။ ပြန်ထလာသည့်အခါ ထိုသူ၏ရောဂါမှာ ပျောက်ကင်းသွားပြီဖြစ်၏။
နတ်ဘုရား အက်(စ်)မန်းဒက်(စ်)၏ ညာလက်ရုံးဖြစ်ခဲ့သော သူလည်းထိုကဲ့သို့သော အခွင့်အရေးများရခဲ့၍ ၊ လက်ကျိုးခဲ့စဉ်ကပင် ထိုလက်ကိုကုပေးမည်ဟု ပြောခဲ့သော်လည်း ပျောက်သွားပါက “ပါရာဂွန်” လုပ်ရမည် ဟုဆိုလာသောကြောင့် “ပါရာဂွန်“ မဖြစ်ချင်သည်က တစ်ကြောင်း ၊ ထိုအချိန်က စိတ်ဓာတ်အလွန်အမင်း ပျက်ပြားနေခဲ့သည်က တစ်ကြောင်းတို့ကြောင့် နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ခြုံငုံသုံးသပ်ပါက မာတိုရို၏ ယခုဆေးပညာမှာ သူတို့လူသားဆရာဝန်များထက် များစွာသာလွန်လင့်ကစား နတ်ဘုရားများနှင့်ယှဉ်ပါက တစ်ခုခုလိုနေသည်ဟု ခံစားမိသည်။
ဇိုက်(ခ်)ပြောပုံအရ သင်းသည် နတ်ဘုရားမ မေဟန်ဟီရစု၏ ရတနာများကို နှစ်ကြိမ်တိုင်တိုင်ခိုးယူ၍ မှတ်တမ်းတင်ခဲ့သောကြောင့် ချင်း၏ဆေးပညာမှာ နတ်ဘုရားများထံမှ ဆင်းသက်လာခြင်းပေလော။ သို့ဆိုပါက ပညာကုန်ရလိုက်ခြင်းမဖြစ်နိုင်။ တစ်ဝက်တစ်ပျက်သာ ရလိုက်ပုံပေါ်သည်။ မည်သို့ပင်ဆိုစေကာမူ အနှီပိုးကောင်ကား အသုံးကျ၏။
သွေးဖောက်ပြီးနောက် ခါးရိုးကိုဖောက်ရန် လေဒီ ဆယ်ဖီးနီးကို ဘေးတစောင်း အနေအထားဖြင့်ထားလျက် ခါးကိုကွေးစေသည်တွင် ၊ အလုပ်သင်လေးများက ခါးဖောက်မည့်နေရာမှတစ်ပါး ကျန်နောက်ပိုင်းနေရာအားလုံးကို စောင်ဖြင့်လုံခြုံသွားအောင် အုပ်ပစ်လိုက်လေသည်။
၎င်းနောက် မာတိုရိုက ခါးအထက်ပိုင်း ၊ ကျောရိုးနှစ်ခုဆက်ရာ အဆစ်ကြားသို့ အခေါင်းပွအပ်ဖြင့်ထိုးသရော် ၊ ထိုအပ်၏ဖင်ဝမှ ရေအလားကြည်လင်နေသည့် အရည်များမှာ ကျောက်ချွန်ထိပ်မှ ကျသောရေများနှယ် တစ်စက်ပြီး တစ်စက်ကျလာလေသည်။ ထိုအရည်ကြည်များကို မာတိုရိုမှာ ဖန်ပြွန်ပုလင်းလေးနှင့် ခံထားရာ၌ ၊ သူတို့အားလုံးလည်း ၎င်းဘေးနားသို့ ဝိုင်းအုံလာလေသည်။
ခါးကိုအပ်နှင့်ထိုးပါက သွေးထွက်မည်ဟုထင်ခဲ့သော်လည်း ရေကဲ့သိုအရည်များထွက်လာသည်ကား လူတစ်ယောက်၏ ခန္ဓာဗေဒကို မသိသောသူ့အတွက်မူ အထူးအဆန်းတစ်ခု ဖြစ်နေသည့်အတွက် ဤအခြင်းအရာကို ငေးကြည့်မိနေကြိုက် ၊ မာတိုရိုက ဒူးတစ်ဖက်ထောက်ထိုင်နေရာမှ သူတို့ကိုလှည့်ကြည့်၍
“အေးဗျာ … ဒါမျိုးက ပိုးသတ်ထားတဲ့နေရာမှာ လုပ်ရတာဗျ။ အခုတော့ အလောင်းဘေး ၊ လူတွေကလည်း ဝိုင်းအုံနေသေး။ ဟုတ်တော့လည်းဟုတ်နေပြီ။ နတ်ဘုရားမ နီရင်ရဲ့ဆေးပင်တွေကိုသာ ကျေးဇူးတင်ပေတော့။ ဒီက ပိုးသတ်ဆေးတွေ တော်တော်ကောင်းနေလို့ တော်တော့တယ်”
ဟုဆိုပြီးနောက် ခါး၌စိုက်ထားသော အပ်ကိုဖြုတ်ယူ၍ အစိမ်းရောင်ဆေးစိမ်ထားသော ဂွမ်းစကို ထိုနေရာ၌ဖိကပ်လိုက်လေသည်။ ထိုအခါဇိုက်(ခ်)က
“ကဲ … လုပ်ချင်တာလုပ်လို့ ဝပြီလား”
“ဘယ်ပြီးဦးပါ့မလဲ။ ဖြစ်နိုင်ရင်ကျုပ်က တပ်မှူးရဲ့ ရုံးခန်းအဝင်ဝမှာထားတဲ့ စစ်ဆေးရေးယန္တရားကြီးကို ဒီကိုမလာစေချင်သေးတာဗျ”
ယင်းစကားကြောင့် လီယိုနာ့ဒ်မှာ ဦးခေါင်းကို အလုပ်ပေးလိုက်လေ၏။ ယခု တိတယခေတ် စစ်အေးကာလ၌ ရာဗလွန်နှင့် တန်နားဘရက်(စ်)အင်ပါယာကြီး နှစ်ခုသည် တစ်ဘက်နှင့်တစ်ဘက် သူလျှိုများ အပြန်အလှန်စေလွှတ်၍ သတင်းထောက်လှမ်းခြင်းများပြင် ၊ အရေးပါအရာရောက် သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများကိုလည်း ပြုလုပ်ကြပြီး ၊ ထိုကဲ့သို့သောလုပ်ကြံမှုများအနက် အံသွားအတွင်းဝှက်လာသည့် ဗုံးငယ်ဖြင့် အသေခံ ဖောက်ခွဲတိုက်ခိုက်ခြင်းများ ၊ ပေါင်သားအတွင်း ခွဲထည့်ထားသည့်ဗုံးကြီးနှင့် ပစ်မှတ်ကို သူသေကိုယ်သေ ဖောက်ခွဲခြင်းများမှာ အင်မတန်သုံးခဲ့သည့်နည်းများ ဖြစ်သည့်အလျောက် စစ်တပ်တွင်း အရေးပါ အရာရောက်သူတို့၏ ရုံးခန်းများရှေ့ဝယ် သက်ရှိတစ်ယောက်၏ ကိုယ်တွင်းကလီစာများအထိ ဖောက်ထွင်းမြင်နိုင်သော စစ်ဆေးရေးယန္တရားများကို တပ်ဆင်ထားကြလေရာ ၊ မာတိုရိုမှာ ယင်းဗုံးရှာသည့် စက်ယန္တရားကိုသုံးလျက် လေဒီ ဆယ်ဖီးနီး၏ ခေါင်းတွင်းကရောဂါကို ရှာချင်နေပုံပေါ်သည်။ အနှီအကြံ မဆိုးပါ။
ထိုအခါဇိုက်(ခ်)က သူ့ကိုငုံ့ကြည့်လာသဖြင့် ခေါင်းညိတ်ပြလိုက်လျှင်
“ကိုယ်တွင်းဗုံးရှာစက်ကိုပြောတာလား… မင်းက တစ်ခုပြီးတစ်ခုပါလား။ ဟုတ်ပြီ … ဟုတ်ပြီ လိုချင်တာအကုန်ပေးမယ်။ မကုနိုင်လို့ကတော့ နာဖို့ပြင်ထား”
ဟုဆို၍ ဝိုက်ဗန်အမ်းကအား နတ်နဂါးတပ်က ထိုယန္တရားကြီးကို သယ်လာရန် အမိန့်ပေးလိုက်လေသည်။ မာတိုရိုမှာမူ လေဒီ ဆယ်ဖီးနီးနားပြန်သွား၍
“ဒါဆိုရင် စုံသလောက်ရှိသွားပြီဗျ။ နောက်ဆုံးအနေနှင့် အသက်ရှူပိုက်မထည့်ဘူးဆိုတော့ အသက်ရှူလမ်းကြောင်းမှာ အကျိအချွဲတွေပိတ်နေသလား ကြည့်ချင်သေးတယ်။ ကိုယ့်လူ မီးထိုးပေးဗျာ”
ဟုဆိုပြီးနောက် သူ့အားဓာတ်မီးငယ်ပေး၍ ၎င်းကိုယ်တိုင်ကမူ သူ(မ)၏ ပါးစပ်ကို ကိုင်ဟလိုက်လေသည်။ ထိုအခါသူက အနားကပ်လျက် မီးထိုးပေးနေရသည်ဖြစ်ရာ သူ(မ)၏ပါးစပ်အတွင်းမှ မွှေးရှရှအနံ့သင်းသင်းလေး တစ်ခုက သူ့နှာဝကိုဆော့ကစားကာ ကျီစယ်လာပြန်ရကား သူ(မ)၏ခန္ဓာကိုယ်က မာယာရှင်ရနံ့မဟုတ်သောကြောင့်သာ တော်သေးသည်ဟု တွေးနေမိခိုက် ၊ အကြင်ရနံ့ထွက်လာသည်နှင့် မာတိုရိုမှာ သူ(မ)၏ပါးစပ်တွင်းနှိုက်၍ လျှာကိုဆွဲမလိုက်သည့်အခါ ၊ လျှာအောက်ဝယ်ကပ်နေသော အဖြူရောင် အပြားငယ်လေးတစ်ပြားမှာ ထင်းခနဲပေါ်လာသဖြင့် သူ့မျက်လုံးများလည်း တဖျတ်ဖျတ်နှင့် စူးလက်သွားရလေပြီ။
ဇိုက်(ခ်)မှာလည်း လေဒီ ဆယ်ဖီးနီး၏ ပါးစပ်အတွင်းမှ ထုတ်ယူလိုက်သော အဖြူရောင်အဝိုင်းပြားလေးကို မြင်သရော်
“ဒါဘာလဲ … အဆိပ်ပြားလား”
ဟုမေးမြန်သည်တွင် ၊ မာတိုရိုမှာ ဤစကားကြားသည့်အခါ အတွန့်များပါသော ယင်း၏ပိုးကောင်ဗိုက်သားကို လက်လေးဖက်လုံးဖြင့် ပြိုင်တူဖိလျက် ၊ ခါးကိုရှေ့သို့ကိုင်းလျက် ၊ ခေါင်းပေါ်က အင်တာနာများ ခါယမ်းနေလျက် စတင်ရယ်မောလေတော့သည် ။ နှုတ်မှလည်း
“ဘာ … တပ်မှူး။ အဆိပ်ဟုတ်လား … ဟားဟားဟား … ဟဟ … ဟာဟား .. အဟဟား”
“ဒါ ရယ်စရာပါလား”
“ဘယ်ကလာ အဆိပ်ဖြစ်ရမှာလဲ။ ဒါပြည့်တန်ဆာတွေ ဧည့်သည်နှင့် နမ်းရင် ပါးစပ်တွင်းမှာ အနံ့နှင့်အရသာပါအောင် ကပ်ထားတဲ့အနမ်းဆေးပြားဗျ။ ဒါမျိုးဆေးပြားကို အဆင့်ငါးပြည့်တန်ဆာက စပြီးသုံးကြတယ်။
ဪတပ်မှူး … တပ်မှူး … ကျုပ်အကျဉ်းကျနေတုန်းက ခင်ဗျားအကြောင်းတွေ အများကြီးကြားထားပါတယ်။ နေ့တိုင်းနေ့တိုင်း သမုဒယရတီ နန်းတော်မှာ ခြေချင်းလိမ်နေတဲ့ အကြောင်းတွေပေါ့။ ဒါပေမဲ့ လက်စသတ်တော့ တပ်မှူးက အဆင့်ခုနစ်နှင့် အဆင့်ခြောက်ပြည့်တန်ဆာကြားမှာပဲ လည်ထွက်နေတာကိုး။ ကြည့်ရတာ အဆင့်ငါးနှင့်တောင် အိပ်ဖူးပုံမရဘူး”
ဟုဆိုလိုက်သည့်အခါ မာတိုရိုဘေးက အလုပ်သင်ပြည့်တန်ဆာလေးတစ်ယောက်ထံမှ ခစ်ခနဲရယ်သံလေး တစ်ချက်ပါထွက်လာလေလျှင် ၊ ဇိုက်(ခ်)၏မျက်နှာမှာ လက်ဖလက်ဆီအဖူးကို မီးဖုတ်ထားသည့်နှယ် ရဲပုပ်သွား၍ ၊ လီယိုနာ့ဒ်ကိုယ်တိုင်မှာလည်း ၎င်းကိုပြူးကျယ်နေသော မျက်လုံးများဖြင့် ကြည့်မိလေပြီ။
ဇိုက်(ခ်)တစ်ယောက် ဆောင်ကြာမြိုင်မှာ ခြေချင်းလိမ်နေသည်လော။ မဖြစ်နိုင်။ ဇိုက်(ခ်)သည် ယင်း၏မိန်းမနှင့် အန်းဆော့ကို အင်မတန်ချစ်တတ်သူဟု သိထားသည်။ အိမ်ထောင်ရှိပါလျက်နှင့် ပြည့်တန်ဆာနှင့် တစ်ခါနှစ်ခါအိပ်သည်က ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေသောကြောင့် အဆန်းတကြယ်မဟုတ်လင့်ကစား နေ့စဉ်နေ့တိုင်းခြေချင်းလိမ်နေသည်ကား တစ်ခုခုမှားနေသည်။
သူ သူရဲကောင်းဘဝမှ အနားယူခဲ့သည့်အချိန်မှစ၍ မည်သည့်အရာများ မည်မျှထိပြောင်းလဲသွားပါသနည်းဟု တွေးပြီးနောက် မာတိုရိုကို သူလှည့်ကြည့်လိုက်လေသည်။ ဇိုက်(ခ်)ထူးဆန်းသည်ထက် ချင်းကပို၍ပင် ထူးဆန်းနေ၏။
“မင်းကကော ဒါတွေကို ဘယ်လိုလုပ်ပြီး အတိအကျ သိနေရတာလဲ”
“ပြည့်တန်ဆာတွေအကြောင်း ပြောတာလား။ အဟက် … ကိုယ့်လူကိုကြည့်ရတာ ဘာမျှသိပုံမပေါ်ဘူး။ ဒီလိုလေ … ဒီမှာ ဥယျာဉ်ပျိုတွေကော ၊ ပြည့်တန်ဆာတွေကိုပါ ဧည့်သည်တွေက မှတ်ချက်ပေးလို့ရတယ်ဗျ။ အဆိုကောင်းတယ် ၊ အကမကောင်းဘူး ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ ဒီမှတ်ချက်တွေအပေါ်မူတည်ပြီး သူတို့ရဲ့အဆင့်အတက်အကျတွေရှိတာ။ အဲသည်မှာ ကျန်တဲ့အဆင့်တွေက သိပ်မဟုတ်ပေမဲ့ ပြည့်တန်ဆာတွေရဲ့ အဆင့်ခြောက်နှင့်အဆင့်ငါးကြားက ပွဲတော်တော်ကြမ်းတယ်။
အဆင့်ခြောက်ပြည့်တန်ဆာက မှတ်ချက်ကောင်းပြီး အဆင့်ငါးကိုတက်လာရင် အဲသူက အနမ်းဆေးပြားမဖော်တတ်ဘူး။ တခြားအဆင့်ငါးမှာ ရှိနေပြီးသားတွေကလည်း ညီမလေး ငါတို့အလွှာမှာ ဒါမျိုးအထာတွေရှိတယ်လို့ ပြောမယ်ထင်မနေနှင့်။ အချင်းချင်း ပညာလျှိုထားကြတာ။ တစ်ယောက်နှင့်တစ်ယောက်သုံးတဲ့ အမွှေးပြားမတူတော့ အနမ်းတွေရဲ့ အရသာတွေလည်း မတူကြဘူး။
အဲသည်တော့ အခုမှအဆင့်တက်လာတဲ့ ပြည့်တန်ဆာက အဆင့်ခြောက်မှာ ဘယ်လောက်မှတ်ချက်ကောင်းခဲ့ ကောင်းခဲ့ ၊ အဆင့်ငါးမှာ သူ့အနမ်းက အနံ့အရသာမရှိရင် ၊ တခြားတေးဂီတပညာဘက်တွေ မှာလည်း တခြားသူထက် ဘာမျှထူးပြီးပိုတော်မနေရင် မှတ်ချက်ဆိုးတွေရပြီး ပြန်ပြုတ်ကျပါလေရော။ ဒီလိုမဖြစ်ချင်ရင် ကျုပ်ဆီ ချဉ်းကပ်ရတယ်လေ … ဟဲဟဲ”
ဟုဆိုပြီးနောက် မာတိုရိုမှာ လေဒီ ဆယ်ဖီးနီး၏ ပါးစပ်တွင်းက ဆေးပြားကို လက်မ ၊ လက်ညှိုးဖြင့်ညှပ်ကိုင်ကာ ထောင်ကြည့်လေသည်။
“ဒါကတော့ ကမ္ဘာ့အဆင့်နှစ် ပြည့်ကြီးတန်ဆာရဲ့ အထာပေါ့ ။ ကျုပ်ဖော်တာတွေထက်တောင် ပိုကောင်းဦးမယ်”
“မင်းကဒါမျိုးတွေလည်း လုပ်တာပဲပေါ့။ အေး … အေး မထင်ထားမိတာကိုက ငါ့အမှား”
ဇိုက်(ခ်)၏ စကားကြောင့် မာတိုရိုမှာ လက်လေးဖက်လုံးကို ပြိုင်တူပိုက်လိုက်လေသည်။
“ကျုပ်က ဖရီယာဆရာဝန်။ ပိုက်ဆံရရင် အားလုံးလုပ်တယ်။ ပြည့်တန်ဆာကို အနမ်းဆေးဖော်ပေးရမှာလား … ဒါမှမဟုတ် ခုနစ်လသား ကိုယ်ဝန်ကို ဖျက်ချပေးရမလား။
ခင်ဗျားတို့ လူ့ဘောင်မှာချထားတဲ့ ကျင့်ဝတ်တွေကို ကျုပ်စိတ်မဝင်စားဘူး။ ဒီနေ့ဆရာဝန် ၊ မနက်ဖြန်လူသတ်သမား … တကယ်တမ်းတော့ ဒီနှစ်ခုရဲ့ကြားမှာ အလွှာပါးပါးလေးပဲ ခြားတာမလား”
ဟုဆိုရကား ဇိုက်(ခ်)၏ မျက်နှာရှုံ့မဲ့သွားစေကာမူ လီယိုနာ့ဒ်ကတော့ ပြုံးလိုက်မိသည်။ ငါတို့နှစ်ယောက်နီးစပ်သည် ဟူသောအဓိပ္ပာယ်တို့ သက်ဝင်နေသည့်အပြုံး။ နတ်ဘုရားအပါးတော်၌ ခစား၍ ပြည်သူတို့၏ အသက်အိုးအိမ်ကို စောင့်ရှောက်ရသော နဂါးသူရဲကောင်းများနှင့် လူသတ်သမား။ ထိုနှစ်ခုကြားတွင်လည်း အလွှာပါးပါးလေး တစ်ခုသာခြားသည် မဟုတ်ပေလော။ ထိုစဉ် အလုပ်သင်တစ်ယောက်က သူ့အနားချဉ်းကပ်လာပြီး
“သူရဲကောင်းရှင့်။ ပြီးပြီဆိုရင် အလောင်းကို ထုတ်သွားရတော့မလား”
ဟုမေးလာသည့်အခါ သူလည်း အလောင်းကိုတစ်လှည့် မာတိုရိုကိုတစ်လှည့် ကြည့်လျက် အကြံတစ်ခုရလာပြီးနောက် ၊ ထိုပျိုမေကို ခေတ္တစောင့်ပါရန်ဆို၍
“မင်း အလောင်းတော်တော်များများ ခွဲဖူးတယ်မလား။ ဒီအလောင်းကိုကော မင်းရဲ့ပညာအမြင်နှင့် ကြည့်ပေးနိုင်လား”
ဟုပြောလေလျှင် ၎င်းကလည်းလက်ခံသဖြင့် သူတို့သုံးယောက်သားမှာ အလောင်းကို နောက်ဆုံးတစ်ကြိမ် ပြန်ကြည့်ကြရာ၌ မာတိုရိုက
“ဘယ်အချိန်သေသလဲ သိပြီးပြီလား”
“မသိရသေးဘူး”
“ဒါဆို ကျုပ်မှန်းဆပေးလို့ရတယ်။ အတိအကျတော့မဟုတ်ဘူး”
သူတို့နှစ်ယောက်လုံး သင်းကို ပြိုင်တူကြည့်မိသွား၏။
“လုပ်စမ်းပါဦး။ ဘယ်အချိန်က သေခဲ့တယ်ဆိုတာ … ခန့်မှန်းခြေလောက်ပေါ့”
“ရတယ် … ဖင်ဖြဲလိုက်”
“ဘာ … ဘာ”
သူတို့၏ အာမေဍိတ်သံများကို အကြင်ပိုးကောင်က ဂရုမစိုက်ဘဲ အိတ်တွင်းက ဖန်ချောင်းငယ်လေးကို ထုတ်ယူ၍ အလောင်း၏ဖင်ကိုသာ ဖြဲခိုင်းနေသောကြောင့် ဇိုက်(ခ်)မှာ အော်စလန်၏ ဖင်မည်းမည်းကြီးနှစ်လုံးကို လက်နှစ်ဖက်ဖြင့် ဖြဲဟပေးလိုက်သည့်အခါ ၊ မာတိုရိုမှာ ကိုင်ထားသောဖန်ချောင်းလေးကို အလောင်း၏ စအိုတွင်းသို့ ထိုးသွင်းလိုက်ရာ၌ ၊ အလုပ်သင်လေးများမှာ မျက်နှာများ ရှုံ့မဲ့ကုန်ကြပြီး ဆက်ပင်မကြည့်တော့ဘဲ ခေါင်းများလှည့်ကုန်လေ၏။
“မင်း … အလောင်းကို ဘယ်လောက်ထိ စော်ကားနေတာလဲကော သိရဲ့လား”
“စိတ်လျှော့စမ်းပါ တပ်မှူးရ ။ ဖင်ခေါင်းထဲက အပူချိန်ကိုသိရင် သေခဲ့တဲ့အချိန်ကို မှန်းဆလို့ရတယ် ။ ဒီမယ်ဖော်မြူလာ”
ဟုဆိုပြီးနောက် အိတ်တွင်းက ဝါကျင်ကျင်စာရွက်တစ်ရွက်နှင့် ဖောင်တိန်တစ်ချောင်းကို ထုတ်ယူ၍ ဤကဲ့သို့ရေးပြလေသည် ။
Time Since Death = 99 degree − Rectal Temperature / 1.5
ထို့နောက် သုံးမိနစ်ခန့်မျှကြာသော် စအိုတွင်းက ဖန်ချောင်းလေးကို ဆွဲနှုတ်ပြီးနောက် အနှီအချောင်းလေးကို မျက်လုံးခြောက်လုံးဖြင့် စိုက်ကြည့်နေကာ
“ညနှစ်နာရီဝန်းကျင်က သေခဲ့တာ။ ဒါပေမဲ့ ဒီအချိန်က အတိအကျယူလို့ မရဘူး။ ဆယ့်နှစ်နာရီလောက်ကသေတာလည်း ဖြစ်နိုင်တယ်။ အဲဒါထက်တော့ မစောနိုင်ဘူး”
အကြင်စကားကြောင့် လီယိုနာ့ဒ်မှာ မေးစေ့ကို လက်နှင့်ကိုင်လျက် သူသိရှိခဲ့သမျှနှင့် ယခုရရှိလာသော အချက်အလက်သစ်များကို နှီးနွှယ်ကြည့်နေမိ၏။
“လူသတ်သမားက ကိုးနာရီဆယ့်ငါးမိနစ် ကတည်းက ဝင်လာပြီး ၊ ဆယ့်နှစ်နာရီနှင့် နှစ်နာရီကြားမှာမှ သတ်သွားတာလား။ ကြားထဲမှာ ဒီနှစ်ယောက်ဘာလုပ်နေကြတာလဲ”
“နှိပ်စက်နေတာနေမှာပေါ့ ခေါင်းဆောင်။ နောက်ကျောက အကွက်တွေကသက်သေပဲ”
ဟုဇိုက်(ခ်)ကဆိုသည်တွင် ၊ မာတိုရိုက နှိပ်စက်ရာများကိုလည်း ကြည့်ချင်သည်ဟုဆိုသဖြင့် အလောင်း၏နောက်ကျောကို လှန်ပြလတ်သော် ၊ ယင်းသည် ထိုအနီကွက်များကိုကြည့်ကာ ဟက်ခနဲတစ်ချက်ရယ်လေသည် ။
“ဒါနှိပ်စက်ရာတွေမျှ မဟုတ်တာ။ လိုက်ဗာမောတစ်(စ်) ( Livor Mortis ) တွေကို”
“ငါတို့နားလည်အောင်ပြော မာတိုရို”
“ဒီလိုလေကိုယ့်လူ ခင်ဗျားတို့ကိုယ်ထဲက သွေးတွေကို နှလုံးက စက္ကန့်နှင့်အမျှညှစ်နေတာ။ အဲသည်တော့ လည်ပတ်နေတယ်လေ။ သေတဲ့လူရဲ့နှလုံးက မညှစ်နိုင်တော့ဘူး။ အဲတော့ ကမ္ဘာ့မြေဆွဲအား ( Gravity ) က သွေးဆဲလ်တွေကို အောက်ဆွဲချနေတာကြောင့် ဒီလိုနေရာတွေမှာ သွေးတွေအိုင်လာတယ်။ အိုင်တော့ အနီပြင်လိုတွေ ထလာတယ်။ ဒီလူမှာ နှိပ်စက်ဒဏ်ရာနှင့် တူတာဆိုလို့ နဖူးမှာတုံးသောလက်နက်နှင့် တစ်ချက်ထုခံထားရတာ ( Bruise ) ပဲရှိတယ်။ ဒီနောက်ကျောက လိုက်ဗာမောတစ်(စ်)တွေနှင့် ဘာမျှမဆိုင်ဘူး။
ကိုယ့်လူတို့ လူတွေကိုသာ သတ်တာ … ကိုယ်သတ်လိုက်တဲ့လူ သေပြီးတဲ့အခါမှာ အလောင်းကအချိန်နှင့်အမျှ ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကို စောင့်မကြည့်ဖူးဘူးထင်ပါရဲ့”
ဤအခါတွင်ကား ဇိုက်(ခ်)မှာ ဟက်ခနဲ အသံတစ်ချက်ပြုလျက် ၎င်းကိုဆက်မကြည့်တော့ဘဲ ၊ သူ့ဘက်သို့သာ ခေါင်းငဲ့လာလေ၏။
“ဒါဆို နှိပ်စက်တာ မဟုတ်ဘူးဆိုရင် ဒီနှစ်ယောက်က ဘာလုပ်နေခဲ့ကြလောက်မလဲ။ စကားထိုင်ပြောနေကြတာလား ခေါင်းဆောင်”
“အေးပေါ့ … စကားပြောနေတာပဲနေမှာပေါ့။ ကြည့်ရတာ လူသတ်သမားက ခေါင်းကိုတစ်ချက်ပဲ ရိုက်လိုက်ပုံရတယ်။ ပြီးတာနှင့် အော်စလန်က လူသတ်သမား သိလိုသမျှကို အကုန်ပြောရလောက်တယ်။ ဒါပေမဲ့ နာရီနှင့်ချီပြီး ပြောရတဲ့အရာက ဘာလဲ။ ပြီးတော့ တစ်ချိန်တည်းမှာပဲ ကိုမာဝင်နေတဲ့ လေဒီ ဆယ်ဖီးနီး”
အမှုမှာကား လိုက်လေလေ ၊ ပွေလိမ်လေလေဖြစ်နေပြီး ၊ ဤသည်ကား သူဖြေရှင်းရမည့် ပြဿနာကြီး ခြောက်ခုအနက် တစ်ခုသာရှိသေးသည်ဖြစ်ရာ မိုယာဝုထ်က ဆေးမလောက်ငမှုကြောင့် အသက်ငင်နေသော အဘိုးကြီး ၊ အဘွားကြီးများ၏ မျက်နှာများကို မြင်ယောင်ကာ ရင်အုပ်တစ်ခုလုံး မြင့်တက်သွားသည်အထိ သက်ပြင်းကြီးတစ်ချက်သာ ချမိပြီးနောက် စိတ်ကို အတတ်နိုင်ဆုံးပြန်လည်ထိန်းချုပ်လိုက်လေသည်။ ၎င်းနောက်
“ကောင်းပြီ … ဒါဆိုရင် ငါတို့က မှုခင်းကို စစ်ဆေးပြီးပြီဆိုတော့ သံသယရှိသူတွေကို ဆက်တွေ့မယ်။ မာတိုရို … မင်းက လေဒီ ဆယ်ဖီနီးကို ဆက်စောင့်ကြည့်ပေးထားပြီး မင်းလုပ်ချင်တဲ့ သွေးစစ်တာတွေ ၊ ဆေးစစ်တာတွေလုပ်ထား။ ငါတို့စစ်ဆေးပြီး ပြန်လာရင်တော့ မင်းမှာ အဖြေတစ်ခုရှိနိုင်တယ်မလား”
ဟုဆိုသည့်အခါ အကြင်ပိုးကောင်မှာ ခေါင်းညိတ်ပြနေသည့်အလျောက် သူလည်း အလောင်းကို အခန်းတွင်းက သယ်ထုတ်ခိုင်းလိုက်ပြီးနောက် အမှုကိုဆက်လိုက်ရန် ပြင်ဆင်ရလေတော့သတည်း ။ ။
***************