← Chapters

အဲဒီလိုထပ်လုပ်ကြည့်စမ်းပါ ကောင်းကင်နယ်စားချန်

Vol. 8 Ch. 769

အဲဒီလိုထပ်လုပ်ကြည့်စမ်းပါ ကောင်းကင်နယ်စားချန်

Vol. 8 Ch. 769

ပိုင်ရှောင်ချန်းက တော်ဝင်နန်းတော်ရှိ မဟာကောင်းကင်သခင်ခန်းမ၏ အပြင်ဘက်သို့ ရောက်သောအခါ ယခင်ကကဲ့သို့ လူသူကင်းရှင်းမနေကြောင်း ချက်ချင်း သတိထားမိလိုက်သည်။ ထိုနေရာတွင် မဟာကောင်းကင်သခင်ကို လာရောက်အရိုအသေပေးနေသည့် ကျင့်ကြံသူဒါဇင်ပေါင်းများစွာ ရှိနေသည်။

သူတို့ထဲကတစ်ယောက်သည် ပိုင်ရှောင်ချန်း စောစောက မြင်ခဲ့သည့် အဘိုးကြီးတစ်ယောက်နှင့် ချန်ဟောက်စုန့်ဖြစ်သည်။ သူတို့နှစ်ယောက်လုံးမှာ ကောင်းကင်နယ်စားများဖြစ်ပြီး အခြားကောင်းကင်နယ်စား သုံးဦးလည်း ရောက်ရှိနေ၏။ ပိုင်ရှောင်ချန်းက သူတို့ကို သတိမထားမိသော်လည်း သူတို့၏ အရှိန်အဝါများအရ နတ်အဆင့်ကျင့်ကြံသူများဖြစ်ကြောင်း ပြောနိုင်သည်။

ရောက်ရှိနေကြသည့် ကျန်ရှိသော လူများအားလုံးက ကောင်းကင်မြို့စားများ ဖြစ်ကြသည်။ သူတို့ထဲမှလေးယောက်သည် သူ့ကို ဝိုင်းအနိုင်ကျင့်ခဲ့သည့် လူကိုးယောက်ထဲမှဖြစ်ကြောင်း ပိုင်ရှောင်ချန်း မှတ်မိလိုက်သည်။

သူတို့အားလုံးက သုန်မှုန်နေသောမျက်နှာထားများဖြင့် မဟာကောင်းကင်သခင် ဝင်ရောက်ရန် ဆင့်ခေါ်မည်ကို စောင့်နေကြ၏။ ပိုင်ရှောင်ချန်း ရောက်လာသည်နှင့် တစ်ပြိုင်နက် သူတို့အားလုံး၏ အကြည့်များက သူ့အပေါ် ကျရောက်လာကြသည်။

" ပိုင်ဟောက် "

အများစုက အံကြိတ်ထားသည့်ကြားမှ ဟိန်းဟောက်လိုက်သည်။

အထူးသဖြင့် ချန်ရှုံး၏ မျက်လုံးများမှာ အေးစက်စွာ တောက်ပလာပြီး သူ၏ ပိုင်ရှောင်ချန်းကို သတ်လိုစိတ်များမှာ ပေါ်လွင်နေတော့သည်။ သူသည် ကောင်းကင်မြို့စားလီနှင့် ရင်းနှီးပြီး ယခုအခိုက်အတန့်တွင် ထိုလူ သေလား၊ ရှင်လား မသေချာသေးသည် မဟုတ်ပါလော။

ဗဟိုဧကရာဇ်မြို့တော်ရှိ မင်းမျိုးနွယ်အထက်တန်းလွှာများအားလုံးမှာ ကောင်းကင်မြို့စားနှစ်ဦးက မဟာကောင်းကင်သခင်၏ ထောင်သွင်းအကျဥ်းချခြင်း ခံခဲ့ရသည့် အချက်ကြောင့် တုန်လှုပ်သွားခဲ့ကြရသည်။ စုံစမ်းမှုများ ပြုလုပ်ပြီးနောက်တွင် ဤကိစ္စများအားလုံး၏ နောက်ကွယ်တွင် ပိုင်ရှောင်ချန်းရှိကြောင်း ရှင်းလင်းသေချာသွားသည့်အတွက် သူတို့မှာ ယင်းနှင့်ပတ်သက်၍ တည့်တိုးဘာမှမလုပ်ရဲသော်လည်း သူ့အပေါ် သူတို့၏ မုန်းတီးစက်ဆုပ်ခြင်းများ တိုးပွားလာတော့သည်။

နတ်အဆင့်ကျင့်ကြံသူငါးယောက်နှင့် နတ်တစ်ပိုင်းအဆင့်တစ်ဖွဲ့လုံး၏ မျက်ဝန်းများအားလုံး ပိုင်ရှောင်ချန်းအပေါ်ကျရောက်လာသောအခါ သူ့အပေါ်သို့ မရေမတွက်နိုင်သော တောင်လုံးကြီးများ သက်ရောက်လာသည့်အလား သူ ခံစားလိုက်ရတော့သည်။

မရေမတွက်နိုင်သော မျက်ဝန်းများက ပိုင်ရှောင်ချန်း၏ စိတ်အခြေအနေကို ပို၍ပင်ကျဆင်းသွားစေပြီး တစ်ဆက်တည်းမှာပင် သူ စိုးရိမ်သောကရောက်လာတော့သည်။

" ဒီလူတွေ ငါ့ကို ဘယ်လောက်တောင် သတ်ချင်နေတာလဲဆိုတာ ယုံတောင်မယုံနိုင်ဘူးကွာ။ ဟမ့် သူတို့က မဟာကောင်းကင်သခင်ကိုကျ ဒီလိုမကြည့်ရဲဘူး။ ငါ့ကိုကျ လာကြည့်တယ်။ သူတို့မှာ အဆင့်မြင့် ကျင့်ကြံခြင်းအခြေခံတွေရှိတာနဲ့ ငါ့ကို အနိုင်ကျင့်နေကြတာပဲ "

ကြောက်လန့်တုန်လှုပ်ခြင်းများဖြင့် ရင်တုန်နေလျက် သူက ထိုလူစုကို ပြန်ကြည့်လိုက်သည်။

ထိုအချိန်တွင် ချန်ဟောက်စုန့်က စကားပြော၏။

" မဟာကောင်းကင်သခင်ကို ဘယ်လိုတောင် လိမ်လည်ရဲနေတာလဲ ပိုင်ဟောက်။ ကောင်းကင်မြို့စား လီနဲ့ ချန်တို့က သစ္စာဖောက်တွေဆိုတဲ့ သက်သေ မင်းမှာ ရှိရင် ငါ့ကို အခုချက်ချင်းပြစမ်းပါ "

သူ၏စကားလုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များနှင့်အတူ ထွက်ပေါ်လာပြီး စူးရှအကြည့်အရ သူသာ တတ်နိုင်လျှင် ပိုင်ရှောင်ချန်းကို ရက်စက်ကြမ်းကြုတ်စွာ သတ်လိမ့်မည်မှန်း သိသာပေါ်လွင်နေတော့သည်။

ပိုင်ရှောင်ချန်းမှာ သူ့အပေါ် ဖိနှိပ်နေသည့် ဖိအားကို ရင်ဆိုင်ရန် ရုန်းကန်နေရသဖြင့် မျက်စိမျက်နှာပျက်နေသည်။ ချန်ဟောက်စုန့်ထံမှ တလိပ်လိပ်ထွက်ပေါ်လာနေသော စွမ်းအင်များမှာ သူကိုယ်ပေါ်သို့ တောင်တစ်လုံး ဖိကျလာသည့်အလား။ နားများအူလာရင်း သူ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်စဥ် သူ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်လာကာ သူ၏ ကျင့်ကြံခြင်းအခြေခံပင်လျှင် မတည်မငြိမ်ဖြစ်လာပြီး ယိမ်းယိုင်နေတော့သည်။

ရုတ်တရက် သူ့စိတ်ထဲတွင် သေစေနိုင်သော အန္တရာယ်ကြီး၏ ပြင်းထန်သောအာရုံတစ်ခု ထိုးတက်လာသဖြင့် သူ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ ထိုအချိန်တွင် အလောင်း တစ်သောင်းပြည့်နေသည့် ထိုကျင်းကြီး၏ ဝမ်းနည်းစရာဖြစ်ရပ်အကြောင်း ပြန်တွေးမိလိုက်သဖြင့် သူ၏မျက်လုံးများတွင် မုန်းတီးစက်ဆုပ်သောအရိပ်အယောင်များ ပေါ်လာသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံကို တည်ငြိမ်အောင်လုပ်မည့်အစား သူက နောက်သို့ယိမ်းယိုင်သွားစဥ် လျှာကို ဖိကိုက်လိုက်ပြီးနောက် ထွက်လာသော သွေးများကို ပါးစပ်မှ ထွေးထုတ်လိုက်သည်။

"အတင့်ရဲလိုက်တာ။ ကောင်းကင်နယ်စားချန် "

သူက အော်လိုက်သည်။

" မဟာကောင်းကင်သခင်ရဲ့ ခန်းမရှေ့တည့်တည့်မှာ စစ်ဆေးရေးအရာရှိမင်းကို သတ်ဖို့ ခင်ဗျား ကြိုးစားနေတာလား။ ဒီနေရာ ဒီအချိန်မှာ ပုန်ကန်ဖို့ ကြံစည်နေလို့တော့ ခင်ဗျား မပြောစမ်းနဲ့နော် "

သူ၏ အတွေးလေးတစ်ချက်သည် ရဲသွေးနီ အလောင်းတပ်ဖွဲ့သို့ ရောက်ရှိသွားရာ မရေမတွက်နိုင်သော အလောင်းတပ်သားများသည် သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်လျက် ပျံတက်လာကြသည်။

ချန်ဟောက်စုန့်၏ မျက်လုံးများထဲတွင် အေးစက်သောအလင်းရောင်တစ်ချက် လက်ခနဲ ဖြတ်ပြေးသွားသော်လည်း မည်သည့်အချိန်တွင် မည်သို့ နှုတ်စောင့်ရမည်ကို သူသိသည်။ စောစောက သူ့စကားလုံးများထဲသို့ ကျင့်ကြံခြင်းစွမ်းအားအချို့ထည့်သွင်းခဲ့သော်လည်း ပိုင်ရှောင်ချန်းကို ထိခိုက်စေရန် မဟုတ်ဘဲ အနည်းငယ်လွှမ်းမိုးရန်သာ မျှော်လင့်ခဲ့သည်။ အမှန်တကယ်တော့ သူ့ကို တမင်တကာ ဒဏ်ရာမရစေရန် ထိန်းချုပ်ထားရသည့် တစ်ခုတည်းသော အကြောင်းပြချက်က သူတို့အားလုံး မဟာကောင်းကင်သခင်ခန်းမ၏ အပြင်ဘက်တည့်တည့်တွင် ရပ်နေကြသည့်အတွက်ကြောင့် ဖြစ်သည်။

ပိုင်ရှောင်ချန်းက သူ မလုပ်ခဲ့သည့်အရာတစ်ခုအတွက် သူ့ကို စွပ်စွဲလာလိမ့်မည်ဟု သူဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးပေ။ ထို့အပြင် အဆိုးဆုံးမှာ အကြောင်းပြချက်အနေဖြင့် သူက ရဲသွေးနီ အလောင်းတပ်ဖွဲ့ကို ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။

ချန်ဟောက်စုန့် မျက်မှောင်ကြုတ်သွား၏။ သူ့ဘက်ရှိ ကောင်းကင်နယ်စားလေးဦးသည်လည်း ထိုနည်းတူပင်။

ပိုင်ရှောင်ချန်း၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။ ထိုလူများက သူ့ကို ဤနေရာတွင် သတ်ရဲမည်မဟုတ်ကြောင်း သူ တထစ်ချ ယုံကြည်သည်။ မဟာကောင်းကင်သခင်သာ သူ့ကို သတ်ရန် အလွယ်တကူ ခွင့်ပြုနေပါက သတိပေးချက်ထုတ်ပြန်ရာတွင် သူ့ကို မည်သည့်အတွက်ကြောင့် အသုံးပြုနေမည်နည်း။

ဤနည်းအားဖြင့် ပိုင်ရှောင်ချန်းသည် ထိုနေရာတွင် သူ့အသက်ကို ခြိမ်းခြောက်ခံနေရစေကာမူ အမှန်တကယ် စိုးရိမ်ခြင်းအလျဥ်းမရှိပေ။ သူက စိတ်ပျက်လက်ပျက်ဖြစ်နေရာမှ ထွက်ပေါက်ရလိုက်သည့်အလား ခံစားလိုက်ရရာ စစ်ဆေးမှုအနည်းငယ် ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်သည်။

" အဲဒီလို ထပ်လုပ်ကြည့်စမ်းပါ ကောင်းကင် နယ်စားချန်"

သူက အော်လိုက်သည်။ တချိန်တည်းမှာပင် သူ၏ အလောင်းတပ်သား တစ်ထောင်မှ ထွက်ရှိနေသော သတ်ဖြတ်လိုသည့် အရှိန်အဝါများက ပို၍ ပြင်းထန်လာတော့သည်။ သူတို့အားလုံးက နည်းနည်းလေးရန်စသည်နှင့် ချန်ဟောက်စုန့်ကို တိုက်ခိုက်တော့မည့်အလား သူ့ကို စူးစိုက်ကြည့်နေကြသည်။

" မင်း မလုပ်ရဲပါဘူး "

ချန်ဟောက်စုန့်က ပိုင်ရှောင်ချန်းမည်မျှ မကောင်းဆိုးဝါးဆန်ကြောင်း နောက်တစ်ဖန် သိလိုက်ရသည့်အတွက် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

" ကျုပ် မလုပ်ရဲဘူးဟုတ်လား။ ကျုပ် မလုပ်ရဲတာ မရှိဘူး။ ကျုပ်က သရဲကြီးဘုရင်ကို ပါးရိုက်ခဲ့တယ်။ ဝိညာဥ်ရေနွေးအိုးထဲမှာ လူတစ်ရာကျော်ကို ပြန်ပေးဆွဲခဲ့တယ်။ မြို့နယ်အမှတ် ၈၉မှာ ကျုပ်တစ်ယောက်တည်း လက်ရွေးစင်ရာချီကို တိုက်ခိုက်ခဲ့တယ်။ ဒီတော့ ထပ်ပြောပါဦး။ ကျုပ်မလုပ်ရဲတာ ဘာရှိလဲလို့။ နောက်ထပ် လှုပ်ရှားကြည့်လိုက်စမ်းပါ ။ ခင်ဗျား ကိုယ်တိုင် တွေ့ပါလိမ့်မယ် "

" မင်း ငါ့ကို ခြိမ်းခြောက်နေတာလား " ချန်ဟောက်စုန့်၏မျက်လုံးများ ကျဥ်းမြောင်းသွားြပီး သတ်ဖြတ်လိုစိတ်အပြည့်နှင့် ပြောလိုက်သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ဘာမှစဥ်းစားတွေးတော မနေရန် ဆုံးဖြတ်လိုက်သည်။ ဒေါသမီးများတောက်လောင်နေလျက် သူက စုဝေးနေကြသည့် ကျန်လူများကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ ခင်ဗျားတို့ထဲက ဘယ်သူဖြစ်ဖြစ် နည်းနည်းလေးလှုပ်ရဲရင် လှုပ်ကြည့်လိုက်ပါ။ ကျုပ် အဆိုးမဆိုနဲ့။ ချီးပဲဗျာ၊ ကျုပ်က ကောင်းကင်နယ်စားကိုတောင် ခြိမ်းခြောက်နိုင်တယ်နော်။ ခင်ဗျားတို့လို့ ကောင်းကင်မြို့စားလေးတွေကို ကျုပ် ကြောက်မယ်လို့ ထင်နေကြတာလား။ ခင်ဗျားတို့အားလုံး နားထောင်၊ အခုကစပြီး ကျုပ်အနားမှာဆို ဂရုစိုက်ကြပါ။ စစ်ဆေးရေးအရာရှိမင်းတစ်ယောက်အနေနဲ့ ခင်ဗျားတို့အားလုံးကို ကျုပ် မျက်စိဒေါက်ထောက် ကြည့်နေမှာနော် "

ကောင်းကင်မြို့စားများမှာ ဒေါသများထွက်နေသော်လည်း ချန်ဟောက်စုန့်က ချုပ်တည်းထားပြီး မလှုပ်ရဲသည်ကို မြင်သောအခါ သူတို့မှာ ပိုင်ရှောင်ချန်းကို ဒေါသတကြီးစိုက်ကြည့်နေရုံမှ တစ်ပါး ရွေးချယ်စရာမရှိကြောင်း သိလိုက်သည်။

အမှန်တကယ်တော့ ပိုင်ရှောင်ချန်းသည် သူ့ကို လူအများက စူးစိုက်ကြည့်လာလျှင် ကြောက်လန့်တုန်လှုပ်သွားသူတစ်ယောက် မဟုတ်လေရာ သူတို့ကို တစ်ချက်လေးပင်မတွန့်ဘဲ ပြန်၍ စူးစိုက်ကြည့်လိုက်သည်။

ချန်ဟောက်စုန့်၏ အမူအရာမှာ ပို၍ပင် သုန်မှုန်လာပြီး အချိန်မရွေး ဒေါသပေါက်ကွဲနိုင်သည့်အချိန်မှာပင် မဟာကောင်းကင်သခင်ခန်းမအတွင်းထဲမှ လူတစ်ယောက်က ချောင်းဟန့်လိုက်သည်။ ထို့နောက် တံခါးသည် ဖြေးညင်းစွာ ပွင့်လာပြီး မဟာကောင်းကင်သခင်က လမ်းလျှောက်ထွက်လာတော့သည်။

" ဒီလို ဆူဆူညံညံတွေ ဖြစ်နေရင် ငါတို့ ဘယ်လိုလုပ် သင့်မြတ်နေနိုင်မှာလဲ "

သူက အက်ကွဲသံဖြင့် ပြောလိုက်သည်။

ချန်ဟောက်စုန့်အပါအဝင် လူတိုင်းမှာ လှည့်၍ လက်များယှက်ကာ အရိုအသေပေးလိုက်သည်။

" မဟာကောင်းကင်သခင်အား ဂါဝရပြုပါတယ်"

မဟာကောင်းကင်သခင်ခန်းမရှေ့တွင် ရပ်နေစဥ် မဟာကောင်းကင်သခင်သည် အတန်ငယ် ခါးကိုင်းနေပုံရသည်။ သူက အသက်အရွယ်ကြီးရင့်ကာ အနည်းငယ်မျှ ကြောက်စရာမကောင်းသည့်တိုင်အောင် လူတိုင်းက သူ့ကို ထိတ်လန့်ကြောက်ရွံခြင်းများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

" အင်း၊ မင်းတို့ ဒီကို အဖွဲ့လိုက်ကြီးလာတယ်ဆိုတော့.. အရေးတကြီး ဆွေးနွေးစရာရှိလို့မလား "

အလွန်လေးစားကြည်ညိုနေသည့် လေသံဖြင့် ချန်ဟောက်စုန့်က ပြောသည်။

" မဟာကောင်းကင်သခင်ခင်ဗျား။ ကျွန်တော်တို့ ခင်ဗျားရဲ့ စကားတွေကို ရင်ထဲကနေ မှတ်သားထားပါ့မယ်။ ကျွန်တော်မျိုး ဒီနေ့ ဒီကို လာရတဲ့ အကြောင်းရင်းက မဟာတံတိုင်းမြောက်ပိုင်းက တိုက်ပွဲ အခြေအနေမကောင်းကြောင်း တင်ပြဖို့ပါ။ ကျွန်တော်တို့ ခင်ဗျားဆီက လျှို့ဝှက်ရတနာတစ်ပါးဖြစ်တဲ့ ကောင်းကင်တံတားဆူးပင်ကို အသုံးပြုဖို့ ခွင့်တောင်းလိုပါတယ် ခင်ဗျာ "

အခြားကောင်းကင်နယ်စားလေးဦးသည်လည်း ထို့အတူ မျိုးနွယ်စုများ ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း သို့မဟုတ် မည်သည့်အဖိုးထိုက်ရတနာများ ပေါ်လာခဲ့သည့်အကြောင်းတို့ကို အစီရင်ခံနေကြလေသည်။ အချို့က ကောင်းကင်တံတားမြစ်ဒေသမှ သတင်းများကို လျှောက်တင်ကြသည်။

ကောင်းကင်မြို့စား အများစုမှာ ထိုနည်းတူပင်။ သူတို့က ကောင်းကင်မြို့စားလီသော်လည်းကောင်း၊ ချန်သော်လည်းကောင်း တစ်ယောက်နှင့်မှ မသက်ဆိုင်သည့် ကြုံရာကျပန်းအကြောင်းများကို တင်ပြနေကြသည်။ ပိုင်ရှောင်ချန်းမှာ သူတို့၏အစီရင်ခံစာများကို နားထောင်ခြင်းမှ အပြင်ဘက်လောကရှိ အခြေအနေ အနည်းငယ်ကို ထပ်မံသိရသော်လည်း သူတို့အားလုံးက ကောက်ကျစ်သော မြေခွေးအိုကြီးများ ဖြစ်သည့်အတွက် သူတို့၏ ရည်ရွယ်ချက်အစစ်အမှန်ကို တည့်တိုးလျှောက်လဲမည်မဟုတ်ကြောင်း သူ သိသည်။ ဤနေရာသို့ ယနေ့ သူတို့အားလုံး လာရောက်ခြင်းက အလွန်သိသာထင်ရှားသောသတင်းကို ပေးရန် လုံလောက်ပေသည်။

ထိုမျှသာမက သူတို့သည် ဗဟိုဧကရာဇ်ကို သစ္စာရှိပုံ မရပေ။ စစ်ဆေးရေးအရာရှိမင်းဟူသော ရာထူးနေရာသည် နှစ်ပေါင်းများစွာ လစ်လပ်နေခဲ့သော်လည်း ယခုတွင် ၄င်းကိုဖြည့်ခံလိုက်သည်နှင့် ကောင်းကင်မြို့စားနှစ်ဦး ချက်ချင်း ဖမ်းခံလိုက်ရပေသည်။ ထိုသည်က မင်းမျိုးနွယ်အထက်တန်းလွှာများအားလုံး ထိတ်လန့်သွားစေရန် လုံလောက်ပြီး ထိုအခြေအနေနှင့် ပတ်သက်၍ အနည်းငယ် ရှင်းလင်းသွားစေရန် ကြိုးစားမည်မှာ ပုံမှန်သာဖြစ်သည်။

သို့သော် လူတိုင်းက အသာတကြည် လက်လွှတ်လိုပုံမရပေ။ လူတိုင်းက သူတို့၏ အစီရင်ခံစာများကိုတင်ပြပြီးနောက် အခြားလူတကာထက် အကင်းပါးပုံမပေါ်သည့် ကောင်းကင်မြို့စားတစ်ဦးက ပြောသည်။

" မဟာကောင်းကင်သခင် အမ်..ဟို ကောင်းကင်မြို့စား လီနဲ့ ပတ်သက်ပြီး..... "

သူ့စကားကြောင့် လူတိုင်းမှာ သူ့ကို အလန့်တကြားကြည့်လိုက်ကြပြီး အများစုမှာ စိတ်လှုပ်ရှားစွာ ချွေးများပင် ထွက်လာတော့သည်။ မဟာကောင်းကင်သခင်မှာမူ အကြည့်စူးစူးဖြင့် စောစောက စကားပြောလိုက်သည့် လူထံလှည့်လိုက်သည်။

" ကျယ်ကျယ်ပြော" သူက တစ်လုံးချင်းပြောသည်။

“ ငါ သေချာ မကြားရဘူး "

" အမ် ဟို ကျွန်တော်...."

" ကျယ်ကျယ်ပြော "

မဟာကောင်းကင်သခင်က ထပ်ပြောသည်။

ကောင်းကင်မြို့စား၏ မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များ ကျလာတော့သည်။ တဆတ်ဆတ်တုန်ရီလျက် သူက ကပျာကယာပြောလိုက်သည်။

" ကျွန်တော်မျိုးမှာ..... မေးစရာ မေးခွန်းမရှိတော့ပါဘူး"

မဟာကောင်းကင်သခင်က ခေါင်းညိတ်လိုက်ပြီးနောက် ထိုအဖွဲ့ကို နှုတ်ဆိတ်စွာ ဝေ့ကြည့်လိုက်သည်။ စိတ်မချမ်းမြေ့ဖွယ် အခိုက်အတန့်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ချန်ဟောက်စုန့် ထွက်ခွာသွားသည်။ ထို့နောက် ကျန်ရစ်ခဲ့သော အဖွဲ့မှ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြ၏။

ထိုအချိန်တွင် မဟာကောင်းကင်သခင်ခန်း၏ အပြင်ဘက်၌ ပိုင်ရှောင်ချန်းနှင့် မဟာကောင်းကင်သခင်သာလျှင် ကျန်ခဲ့တော့သည်။

ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ယခုလေးတင် ဖြစ်သွားခဲ့သော မြင်ကွင်းမှာ သူမြင်လေ့မြင်ထမရှိသည့် အရာတစ်ခုဖြစ်ပေသည်။ မဟာကောင်းကင်သခင်က စကားအနည်းငယ်သာ ပြောခဲ့သည့်တိုင် လက်ဖျားခါလောက်အောင် အထင်ကြီးဖွယ် ကောင်းသွားခဲ့သည်။

ပိုင်ရှောင်ချန်းက ထိုအဖြစ်ကို စဥ်းစားခန်းဖွင့်နေစဥ် မဟာကောင်းကင်သခင်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

" တစ်ခါတလေ ငါ ကောင်းကင်တံတားကျွန်းက ကောင်းကင်ဧကရာဇ်ကို တကယ် လေးစားတယ်။ သူနဲ့ ငါက နှိုင်းယှဥ်လို့တောင် မရဘူး "

ထို့နောက် သူက ပိုင်ရှောင်ချန်းကို ငဲ့ကြည့်လိုက်သည်။

" ဒီတော့ စောစောက အဖွဲ့ထဲမှာ ဘယ်သူတွေက အင်ပါယာမျိုးနွယ်စုကို သစ္စာရှိတယ်လို့ မင်းထင်လဲ"

All Chapters