← Chapters

အမေ့သားက ပိုက်ဆံ လိုနေတဲ့သူ မဟုတ်တော့ပါဘူး

Vol. 6 Ch. 85

အမေ့သားက ပိုက်ဆံ လိုနေတဲ့သူ မဟုတ်တော့ပါဘူး

Vol. 6 Ch. 85

ချူးယွမ်က ခပ်သွက်သွက် တစ်ချက်ကြည့်လိုက်ပြီးနောက် ကျောက်စိမ်း ဆွဲကြိုးတစ်ခုကို လက်ညှိုးထိုးပြသည်။

“အမေ အဲ့ဒါလေး မဆိုးဘူး၊ ဈေးက ယွမ်တစ်သောင်းနှစ်ထောင်၊ စမ်းဝတ် ကြည့်ပါလား”

ရှုကျန်းက ဆွဲကြိုးကို ထုတ်ပြသည်။ ဆုယာက ဆွဲကြည့်လိုက် ပြီးနောက် ရှုကျန်းရှေ့၌ ခေါင်းကိုမော်၍ အပြုံးနှင့် ပြောလိုက်သည်။

“ရှုကျန်း နင် ဘယ်လိုသဘောရလဲ၊ ဒါ ငါနဲ့ လိုက်လား၊ ငါ့သား ငါ့ကို ပေးတဲ့ လက်ဆောင်တွေက မတူဘူးလေ၊ နောက်ဆုံးတော့ သူက သူ့အမေ အတွက် ပိုက်ဆံ သုံးနိုင်နေပြီ”

“ကြည့်ကောင်းတယ်”

ရှုကျန်း ခေါင်းညိတ်လိုက်သည်။

ထိုအခိုက်တွင် သူမတစ်ကိုယ်လုံး တောင့်တင်းသွားပြီး ခိုင်ယွမ် ကျောက်စိမ်း ပစ္စည်းဆိုင်၏ အဝင်ဝသို့ ကြည့်နေသည်။ သူမ အထင် မှားသည်ဟု ထင်သောကြောင့် မျက်လုံးကိုပင် ပွတ်ကြည့်မိသည်။

“လင်း … လင်းချန်လား၊ သား ဘယ်လိုလုပ် ပြန်ရောက်နေတာလဲ”

သူမက ရဲ့လင်းချန်ကို မယုံနိုင်သလို ကြည့်ကာ မေးလိုက်သည်။

“အမေ ကျွန်တော် လုပ်စရာကိစ္စလေးရှိလို့ ဒီနားက ဖြတ်သွားရင်း အမေ့ကို လာတွေ့တာ”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။ သူ အစောက ကိစ္စအားလုံးကို မြင်လိုက်ပါသည်။ သူ နောင်တရသလို ခံစားလိုက်ရသည်။ သူ့မိဘများ အတွက် သူ တစ်ခါမှ လက်ဆောင် မဝယ်ပေးခဲ့ဖူးပါ။

“ရှုကျန်း သူက နင့်သားလား၊ အတော်လေး ကြည့်ကောင်းတာပဲ”

ဆုယာက ရဲ့လင်းချန်ကို ကြည့်လိုက်ပြီး ဆက်ပြောလေသည်။

“ဒီနေ့က ကျောင်းပိတ်ရက်မှာ မဟုတ်တာ၊ သူ အတန်းလစ် လာတာ လား”

“ကျုပ် သိသလောက်ဆို တက္ကသိုလ်မှာ အတန်းလစ်တာ မဆန်းဘူး၊ အဲ့ဒါကြောင့် တက္ကသိုလ်တက်တာက အချိန်ဖြုန်းနေတာပဲလို့ ကျုပ် ပိုပြီး သေချာခံစားမိတာ”

ချူးယွမ်က ချက်ချင်း ဝင်ပြောလာသည်။ ပီကင်းတက္ကသိုလ်မှ ကျောင်း သား တစ်ယောက်ရှေ့၌ ကြွားလုံး ထုတ်နိုင်ခြင်းက သူ့အတွက် ရှားမှရှားသည့် ကိစ္စပင်။

သူက သူ့ဘာသာသူ လိုရာဆွဲတွေး၍ ဆက်ပြောလေသည်.

“အခု သူ ပြန်လာတယ်ဆိုတော့ နေထိုင်စရိတ် ပြတ်သွားလို့ နေမယ်၊ အဲ့ဒါကြောင့် ထပ်တောင်းဖို့ လာတာပဲ”

“အိုး သူက တက္ကသိုလ်တောင် တက်နေပြီကို ပိုက်ဆံတောင်း နေတုန်းလား၊ တက္ကသိုလ်ကျောင်းသား တော်တော် များများက အလုပ်ရပြီးတာတောင် ပိုက်ဆံတောင်းနေတုန်းလို့ ငါ ကြားဖူးတယ်၊ သူတို့က ဘယ်တော့မှ မရင့်ကျက်တော့မယ့် ကလေးတွေပဲ၊ ငါ သူတို့မိဘတွေကို သနားလိုက်တာ”

ဆုယာက သက်ပြင်းချ၍ ပြောလိုက်သည်။ ဆိုင်ထဲမှ လူတစ်ချို့ ကလည်း သဘောတူသလို ခေါင်းညိတ်လေသည်။

“ဘယ်သူက ငြင်းလို့ရမှာလဲလေ၊ ဒီနေ့ခေတ် မိဘတွေက သူတို့ရဲ့ သားတွေက နဂါးလို ဖြစ်လာပြီး သမီးတွေကို ဖီးနစ်ငှက်လို ဖြစ်လာဖို့ မျှော်မှန်းကြတာ မဟုတ်လား၊ အဲ့တော့ သူတို့ကို ပညာရေးအတွက်ပဲ ဆက်အားပေး တယ်လေ၊ ဒါပေမဲ့ ပညာရေးတစ်ခုတည်းက သူတို့ကို ဘဝကောင်းကောင်း ရစေတာ မဟုတ်ဘူး”

“ဟုတ်တယ် ပညာရေးက ဝင်ငွေ မဟုတ်ရုံတင်မကဘူး စရိတ်စက ကြီးမားတယ်၊ ကလေးတွေက အလုပ်ခွင်ကို စောစောဝင်သင့်တာ”

“ကလေးတွေ ပညာသင်ဖို့အတွက်နဲ့ သူတို့အိမ်ကိုရောင်းပြီး ခက်ခက် ခဲခဲနဲ့ တက္ကသိုလ် တက်ခိုင်းနဲ့ မိဘတစ်ယောက်နဲ့ ငါ သိတယ်၊ ဒါပေမဲ့ သူတို့ကလေးတွေက အလုပ်ရှာမတွေ့ဘူးလေ၊ အိမ်ရောင်းလို့ရတဲ့ ပိုက်ဆံကလည်း ပလုံရောပဲ”

“အိုး … ဆိုးလိုက်တဲ့ မြှုပ်နှံမှုပါလား”

…

ရှုကျန်းက ရဲ့လင်းချန်ကိုကြည့်၍ စိုးရိမ်တကြီး‌ မေးလိုက်သည်.

“လင်းချန် သား ပိုက်ဆံ မရှိတော့တာလား၊ အမေ့ကို ပြောပါဦး”

ရဲ့လင်းချန် ခေါင်းခါလိုက်သည်။

“ကျွန်တော်က အလည်လာရုံသက်သက်ပါ၊ ဒါပေမဲ့ ကျွန်တော် အဖေနဲ့ အမေ့ကို တစ်ခါမှ ကောင်းတဲ့ လက်ဆောင်လေး မဝယ်ပေးဖူးတာကို သတိရလို့ ဝင်လာတာ”

“အရူးလေး၊ ဘာလို့ ပိုက်ဆံဖြုန်းနေမှာလဲ”

ရှုကျန်း ရယ်လိုက်သည်။

“လက်ဆောင် ဝယ်ပေးမယ် ဟုတ်လား”

ဆုယာက မနေနိုင်ဘဲ လှောင်ရယ်လေသည်။

“မင်းမိဘပိုက်ဆံနဲ့ သူတို့ကို ယွမ်ရာဂဏန်းလောက်ပဲ တန်တဲ့ လက်ဆောင်လေး ဝယ်ပေးမလို့လား”

ရဲ့လင်းချန်က သူမကို မသိချင်ယောင်ဆောင်ထားသည်။

“အမေ ဒီက ဈေးအကြီးဆုံး ကျောက်စိမ်းပစ္စည်းက ဘာလဲ၊ ကျွန်တော့် ကို ပြလို့ရလား”

လူအများက ရဲ့လင်းချန်ကို မယုံနိုင်သလို ကြည့်နေသည်။ ရှုကျန်းသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ကျောက်စိမ်းလည်ဆွဲ တစ်ခုကို ထုတ်ပြ သည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် ၎င်း၏ အရည်အသွေးက အခြား အရာများနှင့် အတော်လေး မတူကြောင်း သိသာသည်။ ၎င်းသည် အတော်လေး အရောင်စို၍ အနာအဆာ တစ်ခုမှ မရှိပေ။ ဆုယာ၏ လက်ထဲမှ ကျောက်စိမ်း ဆွဲကြိုးနှင့် ယှဉ်လိုက်လျင် ကြက်တစ် ကောင်ကို ဖီးနစ်ငှက်နှင့် ယှဉ်နေသလိုပင်။

“ဒီကျောက်စိမ်းလည်ဆွဲက … ဘယ်လောက်လဲ”

ဆုယာ၏ မျက်လုံးများ ပြူးကျယ်နေ၏။

“ဒါက ဒီဆိုင်ရဲ့ ရတနာပဲ၊ မြို့ထဲက ဘယ်သူမှ ဒါကို မဝယ်နိုင်ဘူး၊ ဒါကို ပြဖို့သက်သက်ပဲ ထားထားတာ၊ ဈေးကတော့ ယွမ် တစ်သိန်း ရှစ်သောင်း ရှစ်ထောင်”

ရှုကျန်း ပြောပြလိုက်သည်။

“ဟာ…”

ဆိုင်ထဲမှလူများအားလုံး ပါးစပ်အဟောင်းသားဖြစ်ကာ လည်ဆွဲကို ကြည့်နေကြသည်။

ယွမ်တစ်သိန်းရှစ်သောင်းရှစ်ထောင်၊ ဤသည်က အတော်လေး မြင့်သောဈေးပင်။ သာမန်လူများ ဘယ်သောအခါမှ ဝယ်ဖို့ တွေးနိုင်မည် မဟုတ်ပါ။ သို့သော် …

“ကျွန်တော် ယူမယ်”

ရဲ့လင်းချန်၏ ပေါ့ပေါ့ပါးပါး လေသံက လူတိုင်း၏ ဦးခေါင်းကို သူ့ဘက် လှည့်လာစေပြီး အကြည့်များစွာ ကျရောက်လာသည်။

*ဒါ … သူ ရူးနေပြီပဲ*

*သူ့မှာ ပိုက်ဆံရှိတယ်ဆိုရင်တောင်မှ ကျောက်စိမ်းလည်ဆွဲလေးဝယ်ဖို့ ဒီလောက် သုံးဖို့ တွေးနေမှာ မဟုတ်ဘူး၊ ဒါကို ပိုက်ဆံ ဘယ်မှာဖြုန်းရမလဲ မသိတဲ့လူတွေမှပဲ ဝယ်မှာလေ*

“နင်က ဝယ်မလို့လား”

ဆုယာက ရဲ့လင်းချန်ကို မယုံနိုင်သလို ကြည့်ပြီး ရယ်ချင်သလို ပြောလိုက် သည်။

“နင် ဘာနဲ့ ဝယ်မှာလဲ၊ ဒါ ယွမ်တစ်သိန်းရှစ်သောင်း ရှစ်ထောင်နော်၊ ယွမ် ဆယ့်ရှစ် ဒဿမရှစ် မဟုတ်ဘူး”

ရဲ့လင်းချန်၏ မျက်နှာက လေးနက်နေသည်။

“အဲ့လို့လား၊ ကျွန်တော့်အတွက်ကတော့ တစ်သိန်းရှစ်သောင်း ရှစ်ထောင်နဲ့ ဆယ့်ရှစ် ဒဿမရှစ်က ဘာမှမကွာဘူး”

ထို့နောက် သူက ကဒ်တစ်ကဒ်ကိုထုတ်၍ ရှုကျန်းကို မေးလိုက်သည်။

“အမေ ဒါ အမေ့အတွက် လက်ဆောင်၊ ကျွန်တော် ကဒ်နဲ့ရှင်းမယ်”

“ဒါက …”

ရှုကျန်း အံ့ဩသွားပြီး ရဲ့လင်းချန်ကိုကြည့်၍ စိုးရိမ်သလို ပြောလိုက် သည်။

“လင်းချန် စိတ်ထိန်းဦးလေ၊ ဒါ ဒီလောက်သုံးဖို့ မတန်ဘူး”

“အမေ ဒါ အမေ့သားဆီက သားသမီး ဝတ္တရား မဆိုသလောက်လေး ဆပ်နေရုံလေးပါ၊ စိတ်မပူပါနဲ့၊ ကျွန်တော် အခု ပိုက်ဆံ ရှာနိုင်နေပါပြီ”

ရဲ့လင်းချန်က ရှုကျန်း၏ မျက်လုံးကို သေချာကြည့်၍ ဆက်ပြောသည်။

“အမေ မယုံတာလား၊ ကျွန်တော့်မှာ တကယ် ပိုက်ဆံရှိတာပါ”

ရှုကျန်းက စိုးရိမ်ပူပန်မှုများစွာနှင့် ကဒ်ကို ယူလိုက်ပြီး ဝန်လေးစွာဖြင့် လျှောက်လှမ်းလိုက်သည်။

“တော်သင့်ပြီ ရှုကျန်း ဟန်ဆောင်နေတာ ရပ်လိုက်တော့၊ နင်က ဒီဆိုင်ရဲ့ အရောင်းသမလေ၊ နင်နဲ့ နင့်သားက ဟန်လုပ်နေတာပဲ”

ဆုယာက အသိဝင်လာပြီး‌ အေးစက်စွာ လှောင်ရယ်လေသည်။

“ငါတို့တွေက ကျောင်းနေဖက်ဟောင်းတွေပဲကို၊ နင့်အခြေအနေကို ငါ မသိဘဲ နေမလား၊ နင် ဘာလို့ ငါ့ရှေ့မှာ ဟန်လုပ်နေတာလဲ”

“ဟုတ်တယ် တက္ကသိုလ်ကျောင်းသား တစ်ယောက်က ဘယ်လောက် ပိုက်ဆံ ရှာနိုင်မှာမို့လို့လဲ”

ချူးယွမ်က မယုံနိုင်သလို ဝင်ပြောသည်။ သူ စက်ရုံတစ်ခု ထောင်ထား သည်ဟု ပြောနေသော်လည်း တကယ်တမ်း၌ ဝန်ထမ်း ငါးယောက်သာ ရှိသော အလုပ်ရုံလေးသာ ဖြစ်သည်။ တစ်နှစ် ဝင်ငွေက အကြမ်းဖျင်း ယွမ်တစ်သိန်းသာ ရှိသည်။ ကျောက်စိမ်းလည်ဆွဲတစ်ခုအတွက် ယွမ်တစ်သိန်း သုံးခြင်းက သူ့အတွက် လွန်လွန်းလှသည်။ တစ်သိန်း ရှစ်သောင်းဆိုလျင် ပို၍တောင်မှ မစဉ်းစားနိုင်ပါ။

ရဲ့လင်းချန် ဘာမှမပြောဘဲ ကဒ်ကို ဖြတ်၍ ပင်နံပါတ်ကို ရိုက်ထည့် လိုက်သည်။ ကဒ်ဖြတ်စက်က ခပ်ဖျော့ဖျော့ လင်းလာပြီး ပြေစာ ထွက်လာသည်။ ပေးချေမှု အောင်မြင်လေ၏။

*ဒါက …*

တစ်ဆိုင်လုံး တိတ်ဆိတ်သွားသည်။ ဆုယာ၏ မေးစေ့က ကြမ်းပြင်ပေါ် ကျလုနီးပါး ဖြစ်နေကာ မျက်လုံးများ ပြူးကျယ်နေ၏။ သူမ တစ်ခွန်းမှ မပြောနိုင်တော့ချေ။

ရဲ့လင်းချန်၏ ကဒ်ထဲ၌ ပိုက်ဆံများစွာ ရှိနေသော အချက်ကပင် အံ့ဩစရာ ကောင်းနေပြီ ဖြစ်သော်လည်း တကယ် ငွေပေးနိုင်သဖြင့် ပို၍ အံ့ဩစရာ ကောင်းလှသည်။

ကျောက်စိမ်းရောင်းဝယ်ရေးသည် အခြားနေရာများနှင့် မတူချေ။ ဝယ်ယူမှုပြု ပြီးသည်နှင့် ပြန်အမ်းငွေ ရရန် မဖြစ်နိုင်ပါ။ တစ်နည်း အားဖြင့် ငွေပေးချေမှုက အစစ် ဖြစ်လေသည်။

“မဖြစ်နိုင်ဘူး၊ နင့်မှာ ဘာလို့ ပိုက်ဆံ ဒီလောက် အများကြီး ရှိတာလဲ”

ဆုယာက ပြေးလာပြီး ကဒ်ဖြတ်စက်မှ ပရင့်ထုတ်နေသော ပြေစာကို ကောက်ယူ၍ သေချာကြည့်လေသည်။ ပေးချေမှုက ယွမ်တစ်သိန်း ရှစ်သောင်းရှစ်ထောင် ဖြစ်ပြီး ပြားတစ်ချပ်မှ မလျော့ချေ။

“ဟဲလို ဒီမှာ မစ္စတာယဲ့ ရှိပါသလား”

ထိုအခိုက်တွင် ဝန်ထမ်းဝတ်စုံ ဝတ်ထားသော မိန်းမပျိုလေး တစ်ယောက် ဝင်လာသည်။ အများအားရုံကို ဆွဲဆောင်နေသည်က သူမလက်ထဲမှ ဖောက်ထွင်းမြင်ရသော ဘူးလေးပင်။ ထိုဘူးလေးထဲ၌ မျက်စိကျိန်း လောက်သည့် ရွှေရောင် စီးကရက်သောက်တံ ရှိနေ၏။

“ကျွန်တော်ပါ”

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။ မိန်းမပျိုလေးက အနားသို့ လျှောက်လာပြီး ယဉ်ကျေးစွာ ပြောလာသည်။

“မစ္စတာယဲ့ ကောင်းသောနေ့ပါ၊ ဒါက ရှင် ဝယ်ထားတဲ့ ရွှေစီးကရက် သောက်တံပါ၊ ဒီမှာက ဒါရဲ့ တန်ဖိုး ယွမ်နှစ်သိန်းရဲ့ ပြေစာပါ၊ ရှင် သိမ်းထားပေးပါရှင့်”

“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်”

“မစ္စတာယဲ့ ဒါက တရှန်း ရွှေဆိုင်ရဲ့ ဗွီအိုင်ပီကဒ်ပါ၊ ဒါနဲ့ဆို နောက်တစ်ခါ ဝယ်ရင် ဆယ်ရာခိုင်နှုန်း လျှော့ပေးမှာပါ”

“အင်း”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ မိန်းမပျိုလေး ထွက်သွားသောအခါ တစ်ဆိုင်လုံး ငြိမ်သက်နေ၏။ သူတို့အားလုံး အံ့ဩနေ၏။ ဆုယာနှင့် ချူးယွမ်လည်း ပါပေသည်။

အစောပိုင်းက မယုံသလို ပြောနေသော စကားများက ယခု တိခနဲ တိတ်ကုန်သည်။

ပြေစာ၊ ရွှေစီးကရက်သောက်တံ၊ ဗွီအိုင်ပီကဒ်၊ ၎င်းတို့ထဲမှ မည်သည့် တစ်ခုမဆိုက မျက်စိကျိန်းစရာ ကောင်းလှပြီး ဆုယာ မျက်လုံး ကန်းမတတ် ဖြစ်နေသည်။

“အမေ ကျွန်တော် ကျောင်းကို မြန်မြန်ပြန်သွားဖို့ လိုတယ်၊ ဒီရွှေစီးကရက် သောက်တံက အဖေ့အတွက်ပါ၊ ဒီကျောက်စိ မ်းလည်ဆွဲကို အမေ ဆွဲထားပါ၊ အမေ့အတွက် ကောင်းတယ်လေ”

ရဲ့လင်းချန် ပြုံးနေသည်။

“လင်းချန် ဒါက …”

ရှုကျန်း၏ မျက်လုံးမှ မျက်ရည်များ စီးကျလာပြီး ဆက်မပြော နိုင်တော့ပါ။

“အမေ အမေ့သားက ပိုက်ဆံ လိုနေတဲ့သူ မဟုတ်တော့ပါဘူး၊ ပိုက်ဆံ သုံးမကုန်တဲ့အဆင့်ကိုတောင် ရောက်နေပါပြီ …”

All Chapters