← Chapters

နင်က ဘယ်ဝိုင်လဲ

Vol. 6 Ch. 86

နင်က ဘယ်ဝိုင်လဲ

Vol. 6 Ch. 86

ရဲ့လင်းချန်၏ အသံက မကျယ်သော်လည်း သူ့စကားက ဤနေရာမှ လူတိုင်းကို ခေါင်းနားပမ်း ကြီးသွားစေသည်။

ရွှေစီးကရက် သောက်တံက ယွမ်နှစ်သိန်း၊ ကျောက်စိမ်း လည်ဆွဲ တစ်ခုက ယွမ်တစ်သိန်းရှစ်သောင်းရှစ်‌ထောင်။ ထိုနှစ်ခုထဲမှ တစ်ခုကို ဝယ်ရုံနှင့်တင် သူတို့အား နှလုံးခုန် မြန်စေလောက်သည်။ သို့သော် သူက သူ့မိဘ နှစ်ပါးအတွက် တစ်ခုစီ ဝယ်ခဲ့သည်။

ဤသည်မှာ ချမ်းသာသော မိသားစုများမှ ကလေးများသာလျင် လုပ်နိုင် သော အရာဖြစ်သည်။ ချူးယွမ်၏ အပြုအမူက ရဲ့လင်းချန်နှင့် ယှဉ်လိုက်လျင် သူတောင်းစားလိုပင်။

“လင်းချန်၊ သား … သား ဘယ်တုန်းက ဒီလောက် ပိုက်ဆံတွေ ရနေတာလဲ”

ရှုကျန်းက တုံ့ဆိုင်းစွာ မေးလိုက်သည်။ ရဲ့လင်းချန် ပြုံးလိုက်သည်။

“အမေ ကျွန်တော်က ပီကင်း တက္ကသိုလ်ကပါ၊ ကုမ္ပဏီတွေက ကျွန်တော်တို့ ကျောင်းသားတွေကို မကြာခဏ အလုပ်ခန့်တယ်လေ၊ သူတို့ တစ်နှစ်ဝင်ငွေကို ယွမ်တစ်သန်းအောက် နိမ့်ပြီး မကမ်းလှမ်း ရဲဘူး”

“ကျွန်တော် ကံကောင်းပြီး ကုမ္ပဏီတစ်ခုက ခန့်တာကို ခံရတယ်လေ၊ တစ်နှစ်ဝင်ငွေက မများပါဘူး၊ တစ်သန်းပါပဲ၊ ဒါပေမဲ့ ဆုကြေးလည်း ရှိတယ်လေ”

“ဟွန့် လာကြွားနေတယ်”

ဆုယာက မကျေမနပ်နှင် နှုတ်ခမ်းစူထားသည်။

“ငါတို့ကို ငတုံးတွေလို့များ ထင်နေလား၊ နင်က အခုမှ တက္ကသိုလ် တက်တာလေ၊ ဒါကို အလုပ်ရတယ်ပေါ့၊ မဟုတ်မှလွဲရော နင် ချေးငွေ ယူထားတာ မဟုတ်လား”

ချူးယွမ်ကလည်း ချက်ချင်း ခေါင်းညိတ်သည်။

“တက္ကသိုလ် ကျောင်းသား တော်တော်များများက သူတို့ နာမည်ကြီးဖို့ အတွက် ချေးငွေယူကြတယ်လို့ ငါ ကြားဖူးတယ်၊ တစ်နေ့ကျရင်တော့ သူတို့က သူတို့မိသားစုကို ဒေဝါလီခံစေမှာပဲ၊ အား … ရှက်ဖို့ ကောင်းလိုက်တာ”

သို့သော် ရဲ့လင်းချန် ပြန်မပြောခင်မှာပင် သူ့ဖုန်းထံမှ အလိုအလျောက် စကားသံ ထွက်ပေါ်လာ၏။

“အကောင့်ထဲသို့ ငွေဝင်ပါသည် … ယွမ် တစ်သန်း …”

*သောက်ကျိုးနည်း*

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူတို့မေးစေ့က ကြမ်းပြင် ပေါ်သို့ ကျမတတ် ဖြစ်နေသည်။ သူတို့ ပါးစပ် ပြန်ပိတ်ဖို့ အချိန် အတော်ယူ လိုက်ရသည်။

ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်သွားပြီး သူ့အကောင့်၏ အသိ ပေးစာကို ကြည့်လိုက်သည်။ ၎င်းမှာ လုဟောင်ထံမှ ဖြစ်သည်။ ငွေလွှဲစာ၏ ဖော်ပြချက်တွင် တောင်းပန်ခြင်းဟု ရေးထားသည်။

ရှုကျန်းက ရဲ့လင်းချန်ကို တအံ့တဩ ကြည့်လာသည်။

“လင်းချန် ဒါက …”

“အမေ မစိုးရိမ်ပါနဲ့၊ ကျွန်တော် ပြီးခဲ့တဲ့လက အရေးကြီးတဲ့ ဝယ်သူကို ဆွယ်နိုင်ခဲ့တဲ့လေ၊ ဒါက ကုမ္ပဏီကပေးတဲ့ ကော်မရှင်ပါ”

သူသည် ပြောနေရင်းနှင့် မကျေနပ်သလို ခေါင်းခါလေသည်။

“အခု သူတို့က ကျွန်တော့်ကို တစ်သန်း လွှဲပေးနေပြီ၊ ကျွန်တော် အဲ့လောက် ပိုက်ဆံကို ဘာလို့လိုမှာလဲ၊ ခေါင်းကိုက်စရာပဲ”

*မင်း သုံးလို့မကုန်လည်း ငါ့ကို ပေးသုံးလေ*

*ငါလည်း အဲ့လို ခေါင်းကိုက်ချင်တယ်ကွ*

အခြားသူများ၏ စိတ်ထဲတွင် သူ၏ ပြဿနာကို လျော့အောင် လုပ်ပေးချင်နေကြသည်။

ဆုယာ ဖျစ်ညှစ်၍ ပြုံးလိုက်သည်။

“အာ အာ … အစ်မကျန်း ရှင့်သားက ငယ်ငယ်လေးနဲ့ အောင်မြင် နေပြီနော်၊ မနာလိုစရာ ကောင်းလိုက်တာ”

“သူ ကံကောင်းသွားတာပါ၊ ပေကျင်းက အခွင့်အရေးတွေ အများကြီး ရှိတဲ့ မြို့ကြီးကိုး”

ရှုကျန်းက ပြန်ပြောလိုက်လေသည်။

“ဟုတ်တယ်၊ သူ့ကို စာသင်ဖို့ လွှတ်လိုက်တာ မှန်သွားတာပေါ့၊ ရှင် ပင်ပန်းသွားပြီ”

ဆုယာက အထူးတဆန်း ပြုမူနေပြီး အလွန် ရင်းနှီးသယောင် ပြောဆိုနေ၏။

“ရှင့်သားက ပေကျင်းမှာ မိတ်ဆွေတွေ ရလာရောပေါ့၊ ကျွန်မတို့က ကျောင်းနေဖက်ဟောင်းတွေဆိုတော့ ညစာစားပွဲအတွက် ဆုံသင့်တယ် လေ၊ ရှင့်သားလည်း ကျွန်မသားအတွက် အဆက်အသွယ်လေး ပေးနိုင် မှာပေါ့ …”

ရဲ့လင်းချန်သည် ဆိုင်ထဲ၌ အတော်ကြာ၌ လျှောက်ကြည့်နေပြီးနောက် ရှုကျန်းက သူ့ကိုဆွဲ၍ အတန်းနှင့် အလုပ်အတွက် ပေကျင်းပြန်ရန် ပြောလေသည်။

သူမ မပြန်စေချင်သော်လည်း သူမစိတ်ထဲ၌ သူမသား၏ အလုပ်က ပထမ ဦးစားပေးပင်။

ရဲ့လင်းချန်သည် အပြင်သို့ ထွက်လာသည်နှင့် ချက်ချင်း လုဟောင်ကို ဖုန်းဆက် လိုက်သည်။

“မဟာဆရာသခင်ရဲ့လား”

လုဟောင်က အလွန် သတိထား၍ ကိုင်လေသည်။

“ဟုတ်တယ် မင်း ငွေလွှဲလိုက်တာလား”

“မဟာဆရာသခင်ရဲ့ လီစစ်က ခင်ဗျားမိတ်ဆွေကို ငါးသိန်း လိမ်ယူဖို့ ကြိုးစားခဲ့တယ်၊ ကျွန်တော် အရမ်း ဒေါသထွက်ရတယ်၊ ခင်ဗျား ကိုယ်စား သူ့ကို သင်ခန်းစာပေးလိုက်တဲ့အပြင် နစ်နာ ကြေးလည်း ပေးသင့်တယ်လို့ တွေးမိလို့ပါ”

လုဟောင်က အလွန် ရိုကျိုးစွာ ပြောလေသည်။

“ဒီတစ်သန်းက သူ့အပြုအမူထက်စာရင် မပြောပလောက်ပါဘူး၊ လက်ခံ ပေးပါ”

“ငါ ငွေရပါတယ်၊ ငါတို့ကြားက ကိစ္စကိုတော့ မရှိတော့ဘူးလို့ သဘော ထားလိုက်တော့”

ရဲ့လင်းချန် အေးအေးလူလူ ပြောလိုက်သည်။

“ဟုတ်ကဲ့ ဟုတ်ကဲ့ မဟာဆရာသခင်ရဲ့က သိပ်သဘောထားကြီးတာပဲ၊ ဒီလို မြင့်မြတ်တာ အံ့ဩစရာ မဟုတ်တော့ပါဘူး”

လုဟောင်က ပါးစပ်ဖြင့် ချီးမွမ်းစကား ပြောနေသော်လည်း စိတ်ထဲ၌ အလွန် ပျော်နေ၏။ သူ ရဲ့လင်းချန်နှင့် တွေ့ပြီးနောက် ဖခင်ဖြစ်သူ လုထျန်းရှုံးထံ လှမ်းဆက်ပြီး အဖြစ်အပျက်အား အစမှအဆုံးတိုင် ပြောပြခဲ့သည်။

လုထျန်းရှုံးသည် အစ၌ ထိတ်လန့်သွားသော်လည်း နောက်ပိုင်းတွင် ဝမ်းသာသွားသည်။ ဤသည်က ရဲ့လင်းချန်ကို မျက်နှာလုပ်နိုင်မည့် အခွင့်အရေးပင်။

သူက လုဟောင်ကို ချက်ချင်း လုပ်ပိုင်ခွင့် ပေးလိုက်သည်။ မဟာ ဆရာသခင်ရဲ့နှင့် ဆုံရန် သိပ်မလွယ်ကူချေ။ ယခု အခြေအနေကိုမှ အသုံးမချလျင် သူတို့နှင့် ငတုံးကြား၌ ကွဲလွဲမှု ရှိပါဦးမည်လော။

“မဟာဆရာသခင်ရဲ့ ဘာများလိုအပ်ပါသလဲ”

လုဟောင်က တက်ကြွစွာ မေးလိုက်သည်။ ရဲ့လင်းချန် တစ်ခဏမျှ စဉ်းစားလိုက်သည်။

“ငါ့ကို ဒီနေ့ ပေကျင်းကိုပြန်တဲ့ လေယာဉ်လက်မှတ် ဝယ်ပေး”

“ဟုတ်ကဲ့”

လုဟောင်က ချက်ချင်း သူ ပြောသည့်အတိုင်း လုပ်ဆောင်လေသည်။

ရဲ့လင်းချန်သည် ဖုန်းချလိုက်ပြီးနောက် မရယ်ဘဲ မနေနိုင်ပါ။

*လုမိသားစုက သားအဖက စိတ်ဝင်စားစရာ ကောင်းသားပဲ*

သူ ကျောင်းသို့ ပြန်ရောက်သောအခါ ညဆယ်နာရီ ရှိနေလေပြီ။ ယနေ့ သူ ဘာမှသိပ်မလုပ်ရချေ။ ပေကျင်းနှင့် ရူကောင်းမြို့ကို အသွားအပြန် လုပ်သည်မှလွဲလျင် လောင်းကစားလုပ်၍ ဟန်ရေးပြရသည်သာ ရှိသည်။ သို့သော် သူ ပင်ပန်းနေ၏။

သူသည် ချက်ချင်း ဟူယွီ ထုတ်လွှင့်ရေး၌ တစ်ရက်နားမည်ဟု တောင်း ဆိုပြီး အဆောင်သို့ ပြန်ရောက်သည်နှင့် တန်းအိပ်လေသည်။

နောက်တစ်နေ့တွင် သူ အိပ်ရာထပြီး ကိုယ်လက်သန့်စင်ကာ မနက်စာ မစားခင် မနက်ပိုင်းလေ့ကျင့်ရေး အတွက် ထလာခဲ့သည်။ အားလုံး လျင်မြန်စွာ ပြီးဆုံးသွားသည်။

ရဲ့လင်းချန်သည် သူ့ခြေလက်များ အလွန် ပေါ့ပါးနေသည်ဟု ခံစား ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။ သူ လင်းအောင်ကို ဆက်သွယ် ၍ သဲအိတ်များကို အစားထိုးမည်ဟု ပြောရမည့်ပုံပင်။

သဲအိတ်တစ်အိတ်ချင်းစီ၏ အလေးချိန်ကို ငါးကီလိုဂရမ် တိုးရန် လိုနေ၏။

သူ၏ အရဟာ လက်သီး တိုးတက်လာကတည်းက သူ၏ လေ့ကျင့်ရေး တစ်လျှောက်တွင် မြန်နှုန်းက ပိုမို တိုးလာပြီး လက်များက လေကဲ့သို့ လျင်မြန်၍ ရေစီးသကဲ့သို့ ညင်သာသည်ဟု ခံစားခဲ့ရသည်။

“ကလင် ကလင် ကလင်”

ထိုအခိုက်တွင် သူ့ဖုန်းမြည်လာ၏။ ဖုန်းခေါ်သူကို ကြည့်လိုက် သောအခါ ရှောင်ဖေးဖေး ဖြစ်နေသည်။

“လင်းချန် အခုတလော ပေါ်လာတဲ့ ဝိုင်နဲ့ နင် ဘာပတ်သက်မှုရှိလဲ”

သူ ဖုန်းကိုင်လိုက်သည်နှင့် ရှောင်ဖေးဖေး၏ အလွန် စိုးရိမ်သော မေးသံကို ကြားလိုက်ရသည်။

ရဲ့လင်းချန် စိတ်လေးသွားသည်။

*မဟုတ်မှလွဲရော ဝိုင်ဆိုတဲ့ နာမည်ကို သုံးလွန်းလို့ လူအများရဲ့ အာရုံကို ဆွဲဆောင်မိတာလား*

*ငါ စနစ်ရှိတာကို မဖုံးနိုင်တော့ဘူးလား*

သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် ချက်ချင်း ငြင်းလိုက်သည်။

“ကျွန်တော် ဘာပတ်သက်မှုမှ မရှိပါဘူး၊ ကျွန်တော်က ရုပ်ရှင်ပဲ ရိုက်တဲ့ ဝိုင်ပါ”

“ဟူး … ဒါဆို တော်သေးတာပေါ့”

ရှောင်ဖေးဖေး သက်ပြင်းချသည်။

“အစ်မဖေးဖေး ဘာ … ဘာဖြစ်လို့လဲဗျ”

“နင် မသိဘူးလား၊ အခု Tik Tok နဲ့ သီချင်းထုတ်လွှင့်မှု ရုပ်သံတွေမှာ ဝိုင်အသစ် ပေါ်လာတယ်လေ၊ သူက နာမည်ကြီးနေတာလေ”

တစ်ခဏမျှ ငြိမ်သွားပြီးနောက် ရှောင်ဖေးဖေးက ဆက်ပြောသည်။

“အထူးသဖြင့် ချန်ရှောင်ယန်လို့ခေါ်တဲ့ နာမည်ကျော် ကောင်မလေး လေ၊ သူက ဝိုင်ကိုပဲ လက်ထပ်မယ်လို့ ပွင့်ပွင့်လင်းလင်း ပြောနေတာ၊ အခု သူ ငါ့ကို ဖုန်းခေါ်နေတာ ငါးခါရှိပြီ”

“ဪ အဲ့လိုကိုး”

ရဲ့လင်းချန် စိတ်အေးသွားသည်။

“ဒီကိစ္စက ဘယ်လောက် လေးနက်လဲ နင် မသိဘူးနော်၊ ငါက မိန်းကလေး ဆိုတော့ ချန်ရှောင်ယန် ဘယ်လောက် စိတ်ပိုင်းဖြတ် ထားလဲ ခံစားမိတယ်၊ သူ သေချာပေါက် ဝိုင်ကို တွေ့နိုင်မယ့် နည်းကို ရှာမှာပဲ”

ရှောင်ဖေးဖေး၏ အသံက စိုးရိမ်သံ ပေါက်နေသည်။

“သူက ငါကတစ်ဆင့် နင့်အကြောင်းကို အရင် အတည်ပြုဖို့ ဆုံးဖြတ် ထားတာ၊ နင် အပြင်မှာ တစ်ယောက်တည်း ရှိတဲ့အချိန် သတိထားဖို့ လိုတယ်”

*အစ်မ နည်းနည်းနောက်ကျသွားပြီ၊ ကျွန်တော့်ရဲ့ ဖြူစင်မှုက တစ်ဝက်လောက် ညစ်ထေးကုန်ပြီဗျ*

*အာ … ယောက်ျားလေး ဖြစ်ရတာ ခက်ပါတယ်ဗျာ*

“အစ်မဖေး‌ဖေး စိတ်မပူပါနဲ့၊ ကျွန်တော် သတိထားပါ့မယ်”

ရဲ့လင်းချန် ပြောလိုက်သည်။

“အင်း ပြောချင်တာတော့ ဒါပါပဲ၊ နင်က သူ ရှာနေတဲ့ ဝိုင် မဟုတ်ဘူးဆို တော့ ငါ စိတ်အေးရပြီ”

ရှောင်ဖေးဖေးက ပြောပြီး ဖုန်းချသွားသည်။

*အစ်မဖေးဖေး ငါ့ကို ဂရုစိုက်တဲ့ပုံက နည်းနည်း ထူးဆန်းနေတယ်၊ သူက ဘာလို့ ငါ့လူပျိုစစ်စစ် ဘဝကို အရေးစိုက် နေတာလဲ*

ရဲ့လင်းချန် တွေးနေစဉ်မှာပင် ဖုန်းက ထပ်မြည်လာသည်။ သူ ကြည့်လိုက်သောအခါ စုန့်ချမ် ဖြစ်နေ၏။

“ဝိုင် ဟဲလို … ဘာလို့ နောက်ထပ် ဝိုင်တစ်ယောက် ရုတ်တရက် ပေါ်လာတာလဲ၊ မင်းတို့က ဆက်စပ်မှု ရှိတာလား”

စုန့်ချမ်ကလည်း စိုးရိမ်မှုတို့ဖြင့် မေးလာသည်။

“လုံးဝ မပတ်သက်ပါဘူး၊ ကျွန်တော်က တိုက်ရိုက်ထုတ်လွှင့်မှုပဲ လုပ်တဲ့ ဝိုင်ပါ”

ရဲ့လင်းချန် ချက်ချင်း ဖြေလိုက်သည်။

“ဪ … အဲ့လို့ဆိုရင်တော့ … ထားလိုက်ပါတော့”

ရှောင်ဖေးဖေးနှင့် မတူသည်က စုန့်ချမ်၏ အသံက စိတ်ပျက် သွားပုံရသည်။

All Chapters