ဘိုးဘေးပူဇော်ပွဲ
Vol. 8 Ch. 771
မဟာကောင်းကင်သခင်၏ အမူအရာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သူမည်သည့်အရာအား တွေးတောနေသည်ကို အတိအကျ ပြောရန် မဖြစ်နိုင်တော့ချေ။ သူက ပိုင်ရှောင်ချန်းကို ကြည့်ကာ တည်ကြည်စွာ ဆိုလိုက်လေသည်။
" မင်းရဲ့အကြံ ငါ့ကိုပြောကြည့် "
ပိုင်ရှောင်ချန်းမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး စတင်ရှင်းပြလိုက်တော့သည်။
" မဟာကောင်းကင်သခင်ခင်ဗျား။ ဒီ မင်းအမျိုးအနွယ်တွေနဲ့ မှူးမတ်တွေ စိတ်ထဲမှာ ဘယ်လိုခံစားနေရသလဲဆိုတာကို သူတို့ကိုယ်တိုင် ထုတ်ဖော်ပြောလာအောင် လုပ်နိုင်မယ့် နည်းလမ်းတစ်ခု ကျွန်တော့်ဆီမှာ ရှိပါတယ် "
" ကျွန်တော်မျိုးက အဲဒီ ဉာဏ်များတဲ့ ဝံပုလွေအိုကြီးတွေ ဘာတွေကိုတွေးနေသလဲဆိုတာကို သိရလောက်အောင် လူရည်မလည်သေးပါဘူး။ ဒါပေမဲ့ အရှင် မဟာကောင်းကင်သခင်က သူတို့ရဲ့ စကားလုံးအသုံးအနှုန်းတွေ၊ သူတို့ရဲ့နတ်ဝိညာဥ် အငွေ့အသက်လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီးတော့ သူတို့ရဲ့ စိတ်နေစိတ်ထားကို ဖော်ထုတ်လို့ရပါတယ် "
ယခုတွင် ပိုင်ရှောင်ချန်း၏ အကြံမှာ ပြီးပြည့်စုံသွားပြီဖြစ်သည်။ သူက မျက်ခုံးများကို မြင့်ချီနိမ့်ချီ ကစားလိုက်ပြီး ဆက်၍ ရှင်းပြလိုက်ပြန်သည်။
" ကျွန်တော်မျိုးရဲ့ အကြံက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို တုန်ခါသွားစေနိုင်ပြီး သရဲတွေနဲ့ နတ်ဘုရားတွေပါ ထိုင်ငိုသွားရလောက်အောင် စွမ်းပါတယ်။ အရှင်ဆန္ဒရှိရင် လူတွေရဲ့နှလုံးသားတွေကိုပါ ဖောက်ထွင်းနိုင်တဲ့ ဇီဝိန်ချုပ်ကွက်လို့တောင် ခေါ်လို့ရတယ်။ "
သူက ထိုစကားများကို ပီပြင်စေရန် သူ၏ရင်ဘတ်ကိုပင် ထုနှက်ပြလိုက်သေးသည်။ ထို့နောက် မဟာကောင်းကင်သခင်က သူ့အား ထပ်၍အသေးစိတ်ရှင်းပြခိုင်းမည်ကို စောင့်ဆိုင်းနေလိုက်တော့သည်။
သို့သော် အချိန်အတော်အတန် ကြာသွားသည့်တိုင်အောင် မဟာကောင်းကင်သခင်၏ အမူအရာမှာ မပြောင်းလဲသွားပေ။ အဆုံးတွင် ပိုင်ရှောင်းချန်းမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရတော့သည်။ ထို့ကြောင့် သူသည် ချောင်းဟန့်ကာ ခေါင်းခါ၍ ဆက်၍ရှင်းပြလိုက်ပြန်သည်။
" ကျွန်တော့်ရဲ့ ဇီဝိန်ချုပ်ကွက်ကို အသုံးချဖို့ဆိုရင် မင်းမျိုးမင်းနွယ်တွေနဲ့ မှူးမျိုးမတ်နွယ်တွေ အားလုံးရှိနေဖို့လိုတယ်။ ဗဟိုဧကရာဇ်ကိုယ်တိုင်လည်း ရှိနေဖို့လိုတယ်။ မဟာကောင်းကင်သခင်ခင်ဗျား၊ လူတိုင်းတက်ရောက်ရမဲ့ ပွဲတော်တစ်ခုဖြစ်ဖြစ်၊ အခမ်းအနား တစ်ခုဖြစ်ဖြစ် လာဖို့ရှိလား "
သူက မျှော်လင့်ချက်များဖြင့် ရင်တဒိန်းဒိန်းခုန်နေလျက် မဟာကောင်းကင်သခင်ကို ကြည့်လိုက်တော့သည်။
မဟာကောင်းကင်သခင်မှာ သူ့ကိုတစ်ခဏမျှ ပြန်ကြည့်လိုက်ပြီးနောက် မျက်လုံးပြူးသွားတော့သည်။
" နောက်လဆိုရင် ဘိုးဘေးပူဇော်ပွဲရှိတယ်။ မင်းကိုယ်မင်း ဒီလောက်ယုံကြည်နေမှတော့ အဲဒီအချိန်ရောက်ရင် မင်းရဲ့ ဇီဝိန်ချုပ်ကွက်ဆိုတဲ့ အကြံကိုစမ်းကြည့်ကြတာပေါ့။ အဲဒီအခါကြမှ ဘာဖြစ်မလဲ ဆက်ကြည့်ကြမယ် "
မဟာကောင်းကင်သခင်မှာ အကြံအစည်၏ အသေးစိတ်အချက်အလက်များကို ထပ်မမေးတော့ပေ။ သူသည် အင်္ကျီလက်ကို ခါယမ်းလိုက်သဖြင့် ပိုင်ရှောင်ချန်း၏ အမြင်အာရုံများမှာ တစ်ခဏမျှ ဝေဝါးသွားရတော့သည်။ သူ၏မြင်ကွင်း ပြန်၍ရှင်းလင်းသွားသောအခါ သူသည် တော်ဝင်နန်းတော်၏ အပြင်သို့ရောက်နေပြီဖြစ်သည်။
" သူက အသေးစိတ်တောင် မမေးပါလား။ မဟုတ်မှလွဲရော ငါကြီးကြီးကျယ်ကျယ်တွေ ပြောနေတယ်လို့များ သူကထင်နေတာလား။ " ကောင်းကင်သခင် ခန်းမကိုလှည့်ကြည့်လိုက်ပြီး သူက စိတ်ထဲတွင် အေးစက်စက် နှာမှုတ်လိုက်တော့သည်။
" ပိုင်ရှောင်းချန်းလှုပ်ရှားပြီဟေ့ဆိုရင် သူ့ကိုယ်သူတောင် ပြန်ကြောက်ရတာနော်။ အချိန်ကျလို့ကတော့ မဟာကောင်းကင်သခင်နဲ့လူတိုင်းကို ငါဘယ်လောက်ကြောက်ဖို့ကောင်းသလဲဆိုတာသိအောင် ပြလိုက်မယ် "
သူသည် ယုံကြည်ချက်များပြင်းထန်နေပြီး သူ၏ အစီအစဥ်ကို ပြန်၍ သုံးသပ်လိုက်သဖြင့် ခဏအကြာတွင် မကြာမီဖြစ်ပျက်လာတော့မည့် ဖြစ်ရပ်များကို ပုံဖော်သွားနိုင်တော့သည်။ ထိုအချိန်သို့ရောက်ရန် သူမစောင့်နိုင်တော့ပေ။ အနာဂတ်တွင် ဖြစ်ပျက်မည့် အံ့သြဖွယ်အရာများကို တွေးမိလိုက်ရုံနှင့် ကျယ်လောင်စွာ ရယ်မောမိနေတော့သည်။ ထို့နောက် သူသည် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် သူ၏ အလောင်းတပ်သားအယောက်တစ်ထောင်ကို စစ်ဆေးရေးစံအိမ်သို့ ပြန်ခေါ်သွားတော့သည်။
စံအိမ်သို့ပြန်ရောက်သောအခါ သူသည် ကျိုးရီရှင်းကိုဆင့်ခေါ်လိုက်ပြီး အကျိုးသင့်အကြောင်းသင့် ရှင်းပြလိုက်သည်။ ထို့နောက် စစ်ဆေးရေးစံအိမ်ထဲရှိ နေရာတစ်နေရာအား သူ့အား အပိုင်စားပေးလိုက်ပြီး သူ၏ကိုယ်ပိုင်ခန်းမထဲသို့ တရားမှတ်ရန် ဝင်သွားတော့သည်။
ထိုအချိန်တွင် သူသည် စုန့်ချွဲနှင့် တွေ့ဆုံရန် အချိန်ရော၊ အင်အားပါမရှိတော့ချေ။ သူ၏အကြံအစည်ကြီးကိုသာ အာရုံအပြည့်စိုက်နေသည်။ သူ၏ခန်းမတံခါးပိတ်သွားသည်နှင့် သူသည် ပိုင်ဟောက်အား သူ၏ ဝိညာဥ်သိုလှောင်စေတီတော်ထဲမှထုတ်ကာ အစီအစဥ်ကို သူ့အား အသေးစိတ် ရှင်းပြလိုက်တော့သည်။
ပိုင်ဟောက်မှာ နားထောင်နေရင်း မျက်လုံးများပို၍ပြူးလာပြီး အဆုံးတွင် ပင့်သက်ရှိုက်သွားတော့သည်။
" ဆရာရေ.... ဒီအစီအစဥျကို ဆရာတကယျစဥျးစားခဲ့တာလား "
သူက အနည်းငယ် မသေမချာဖြစ်နေသည့် လေသံဖြင့် မေးလိုက်သည်။
ပိုင်ရှောင်ချန်းမှာ ပိုင်ဟောက်၏ အမူအရာကို အလွန်ကျေနပ်နေတော့သည်။
" ဟုတ်တာပေါ့။ ဆရာကိုယ်တိုင် စဥ်းစားထားတာလေ "
သူက ရင်ဘတ်ကိုပုတ်ကာ ဂုဏ်ယူစွာ ပြောလိုက်လေသည်။
" ဘယ်လိုသဘောရလဲ။ မိုက်တယ်မလားကွ "
" ဒီ အစီအစဥ်က ရက်စက်လွန်းပါတယ်ဗျာ "
ပိုင်ဟောက်မှာ ရင်ထဲမှလာသည့် ကြည်ညိုလေးစားမှုအပြည့်ဖြင့် ပြန်ဖြေလိုက်လေသည်။
" ဗဟိုဧကရာဇ်ကိုယ်တိုင် အဲဒီနေရာမှာ ရောက်နေမှာဆိုတော့ ပိုတောင် ရက်စက်ရာကျသေးတယ်။ မင်းမျိုးမင်းနွယ်တွေနဲ့ မှူးမတ်တွေ သွက်သွက်ခါအောင် ရူးသွားမှာ အသေအချာပဲ။ ဒါပေမဲ့ ဒီကိစ္စရဲ့အဓိကသော့ချက်က အစီအစဥ်မဟုတ်ပဲ မဟာကောင်းကင်သခင် ဘယ်လောက် လူကဲခတ်တော်သလဲဆိုတာပဲ "
ထိုသို့ဆိုကာ သူနှင့် ပိုင်ရှောင်ချန်းမှာ အတူပူးပေါင်းလိုက်ပြီး ထိုအကြံအစည်ကို ပြီးပြည့်စုံသွားစေရန် ကြိုးပမ်းလိုက်ကြသည်။ အဆုံးတွင် ပိုင်ရှောင်ချန်းမှာ အရာအားလုံးကို အလွန်ကျေနပ်သွားတော့သည်။
" တစ်ခါတစ်ခါဆို အချိန်ကုန်တာက နှေးလွန်းတယ်ကွာ။ ပူဇော်ပွဲသာ မနက်ဖြန်လုပ်မယ်ဆို ဘယ်လောက်ကောင်းမလဲ "
သူသည် စိတ်လှုပ်ရှားနေပါသော်လည်း အဆုံးတွင်မူ စိတ်အေးအေးထားလိုက်တော့သည်။ လီမျိုးနွယ်စုနှင့် ချန်မျိုးနွယ်စုမှ ကောင်းကင်မြို့စားများကို သူရှင်းလင်းပြီးသွားပြီဖြစ်၍ မြို့တော်ကြီးမှာ အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်နေမည်ဖြစ်ကြောင်း သူကတွက်ထားသည်။ ယခုက ပြဿနာထပ်ရှာရန် သင့်တော်သည့်အချိန်မဟုတ်ပေ။ ထို့ကြောင့် သူသည် နောက်တစ်လအတွက် တံခါးပိတ်ကျင့်စဥ်စတင်ရန် ပြင်လိုက်တော့သည်။
စွန်းယိဖန်၊ စီမာတာအိုတို့နှင့် ယှဥ်ပြိုင်ခဲ့စဥ်က သူသည် သဟဇာတမီးတောက်အဆင့်ကို ရောက်ရှိခဲ့ပြီး ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်နှင့် ပတ်သတ်သည့် ဉာဏ်အလင်းပွင့်မှုများစွာကို ရရှိခဲ့သည်။ ထို့နောက် သူစမ်းသပ်မှုများ လုပ်ခဲ့သဖြင့် ထပ်၍တိုးတက်ခဲ့သေးသည်။ ထို့ကြောင့် သူသည် ဤတံခါးပိတ်ကျင့်စဥ်အတောအတွင်း တိုးတက်မှုများထပ်မံရရှိအောင် အချိန်ပေး၍ ကြိုးစားနေတော့သည်။
ထိုတစ်လမှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ထိုအတောအတွင်း ဗဟိုဧကရာဇ်မြို့ကြီးမှာ ပို၍ မတည်တငြိမ်ဖြစ်လာရသည်။ မဟာကောင်းကင်သခင်က ကောင်းကင်မြို့စားချန်နှင့် ကောင်းကင်မြို့စားလီတို့ကို ဖမ်းလိုက်ပြီး သူတို့၏မျိုးနွယ်စုများ ငွေညှစ်ခံလိုက်ရသည့် ကိစ္စရပ်များမှာ လူတိုင်းအတွက် အံ့အားသင့်စရာတစ်ခု ဖြစ်နေတော့သည်။
မြို့တော်ထဲရှိ ကောင်းကင်မြို့စားအားလုံးမှာ တုန်လှုပ်နေကြပြီး ကောင်းကင်နယ်စားများပင်လျှင် ဖိအားများခံစားနေရတော့သည်။ စစ်ဆေးရေးအရာရှိ ပထမဆုံး သောင်းကျန်းခဲ့သည့် ရှေးယခင်က သွေးညှီနံ့များကို အနံ့ရနေသည့်အလား သူတို့ ခံစားနေရတော့သည်။
ပိုင်ရှောင်ချန်းအား စစ်ဆေးရေးအရာရှိအဖြစ် တင်မြှောက်ပြီးနောက် ဖြစ်ပွားလာနိုင်သည့်တစ်စုံတစ်ရာအတွက် သူတို့က ပြင်ဆင်ထားကြပါသော်လည်း ယခုကဲ့သို့ လျင်မြန်စွာဖြစ်လာလိမ့်မည်ဟု မတွေးထားမိကြပေ။
မဟာကောင်းကင်သခင်မှာ လျှပ်စီးကဲ့သို့ ထက်မြက်သော ပြတ်သားမှုမျိုးဖြင့် လှုပ်ရှားနေသည်။ လေးနာရီ... လေးနာရီအတွင်း ကောင်းကင်မြို့စားနှစ်ယောက်မှာ စွပ်စွဲခံလိုက်ရပြီး ထောင်ချခံလိုက်ရကာ သူတို့၏မျိုးနွယ်စုများမှာလည်း ငွေညှစ်ခံလိုက်ရသည်။
ပိုင်ဟောက်ဆိုသောအမည်မှာ ဗဟိုဧကရာဇ်မြို့တွင် လေပြင်းမုန်တိုင်းတစ်ခုအလား ရိုက်ခတ်နေတော့သည်။ အတွင်းသိအဆင်းသိ လူများဆိုလျှင် သူစရောက်လာသည့် အချိန်မှစ၍ မြို့တော်ကြီးမှာ အလွန်ပြောင်းလဲသွားပြီဖြစ်ကြောင်း ရိပ်မိကြသည်။
" ဒီပိုင်ဟောက်က... သူနဲ့အတူ ပြဿနာတွေကိုပါ တသီတတန်းကြီး အပါခေါ်လာတဲ့ ဒုက္ခကြယ်ဆိုးပဲ "
" ရက်စက်ပါပေ့ကွာ။ အဲဒီ မျိုးနွယ်စုနှစ်ခုကို ပိုင်ဟောက်ငွေညှစ်တုံးက ငါရှိတယ်။ မင်းသိလား အဲဒီကောင်က မြက်ပင်ပါမကျန် နှုတ်သွားတာကွ "
" အေးကွ ပိုင်ဟောက်ကိုလည်း အပြစ်တင်လို့မရဘူး။ သူနဲ့ မှူးမျိုးမတ်နွယ်တွေကြားမှာက အမြဲတမ်း ကတောက်ကဆတွေရှိနေတာ။ နောက်ဆုံးမှာတော့ တစ်ဖက်ဖက်ကပဲ အနိုင်ရသွားတာပါပဲ "
ဗဟိုဧကရာဇ်မြို့တွင်သာမက မြေရိုင်းဒေသတစ်ခုလုံးတွင် စကားအမျိုးမျိုး ပျံ့နှံ့နေတော့သည်။ ကောင်းကင်ဘုရင်လေးပါး၏ မြို့များဆီသို့ပင် ထိုသတင်းများ ရောက်သွားရသည်။
ပိုင်ရှောင်ချန်းနှင့် ဝိညာဥ်ရေနွေးအိုးထဲတွင် ငြိစွန်းခဲ့ဖူးသည့် လက်ရွေးစင်များအားလုံးမှာ ကြောက်ကြောက်လန့်လန့်နှင့် တုန်ရီနေကြတော့သည်။ လီထျန်ရှန်၏ အဖြစ်ဆိုးကြောင့် သူတို့အားလုံးမှာ မျက်ခုံးများလှုပ်နေကြရသည်။ ထို့အပြင် သူတို့၏မျိုးနွယ်စုများမှာ သူတို့အပေါ် အပြင်းအထန် ချုပ်နှောင်မှုများ ချမှတ်ထားကြပြီး မြို့အပြင်သို့ ထွက်ခွင့်မပေးကြပေ။ ပိုင်ရှောင်ချန်းကိုသာ လျှို့ဝှက်စွာ မကောင်းကြံနိုင်ပါသော်လည်း ပေါ်ပေါ်ထင်ထင် ဆန့်ကျင်၍မရနိုင်ကြောင်းကို လူတိုင်းကသိသည်။
ထိုကိစ္စတွင် ပါဝင်ပတ်သက်သမျှလူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် စာနာသနားနေကြပြီး သတိအပြည့် ထားနေကြတော့သည်။ တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းကိုသတ်လိုသည့် သူတို့၏စိတ်များမှာ ပို၍ပြင်းထန်လာကြတော့သည်။
ထို့အပြင် မည်သူကမှ မဟာကောင်းကင်သခင်ကို မထိပါးရဲကြသဖြင့် သူတို့၏သတ်ဖြတ်လိုစိတ်အားလုံးမှာ ပိုင်ရှောင်ချန်းအပေါ်သို့သာ ကျရောက်နေရတော့သည်။ သာမန်အချိန်များဆိုလျှင် မင်းမျိုးမင်းနွယ်များနှင့် မှူးမျိုးမတ်နွယ်များမှာ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် မကောင်းကြံစည်နေကြသည်ဖြစ်သော်လည်း ယခုတွင်မူ သူတို့အားလုံးမှာ ထူးဆန်းသောမဟာမိတ်တပ်ကြီးတစ်ခု၏ အဖွဲ့ဝင်များအလား ဖြစ်နေကြတော့သည်။
သူတို့မှာ ဗဟိုဧကရာဇ်အား သစ္စာရှိရှိ၊ မရှိရှိ အရေးမပါပဲ။ ကောင်းကင်မြို့စားနှစ်ယောက်တိတိ ကိစ္စတုံးခံလိုက်သည့် ဖြစ်ရပ်ကြီးကြောင့် သူတို့မှာ အလွန်အမင်းတုန်လှုပ်နေကြရသည်။ အချို့သောအဖွဲ့အစည်းများမှာ မဟာကောင်းကင်သခင်အား သွာ၍နှုတ်ခွန်းဆက်သခြင်းသည် ကောင်းမွန်သောအရာတစ်ခုဖြစ်ကြောင်း တွေးနေကြသော်လည်း အများစုမှာမူ ပိုင်ရှောင်ချန်း အသက်ပျောက်သွားစေရန် နည်းလမ်းများကို တွေးတောကြံဆနေကြတော့သည်။
သို့သော်လည်း ကံမကောင်းစွာပင် သူသည် လူအများ၏ မြင်ကွင်းမှ တစ်လတိတိ ပျောက်ကွယ်သွားတော့သည်။ သူ့အား သေစေချင်နေသည့် လူများမှာ စစ်ဆေးရေးစံအိမ်ထဲသို့ ဝင်သောင်းကျန်းရန် မဖြစ်နိုင်သဖြင့် ဘိုးဘေးပူဇော်ပွဲနေ့ရက်နှင့် နီးကပ်လာသည်အထိ စောင့်ဆိုင်းနေကြရတော့သည်။
မြေရိုင်းဒေသရှိ လူတိုင်းမှာ ဘိုးဘေးပူဇော်ပွဲကို အလွန်တရာအလေးထားကြသည်။ မျိုးနွယ်စုများဖြစ်စေ၊ လူမျိုးစုများဖြစ်စေ ထိုနေ့ရက်မှာ ဗဟိုဧကရာဇ်မင်းဆက်တစ်ခုလုံးအတွက် ခမ်းနားကြီးကျယ်သော ပွဲတော်တစ်ခုဖြစ်သည်။
ဗဟိုဧကရာဇ်မှာ ထိုပူဇော်ပွဲများတွင် အမြဲတမ်းရှိနေသည်ဖြစ်ပြီး သူသည် ရုပ်သေးရုပ်တစ်ရုပ်မျှသာဖြစ်သော်လည်း ထိုအချက်မှာ အလွန်အရေးပါသည်။ ထို့အပြင် မထင်မှတ်ထားသည့် ကိစ္စရပ်များ၊ အခြေအနေများမရှိသရွေ့ မင်းမျိုးမင်းနွယ်နှင့် မှူးမတ်အားလုံး တက်ရောက်ရသည်။
ထိုပွဲတော်တွင် မရှိသည့် အဓိကလူများမှာ ကောင်းကင်ဘုရင်လေးပါးသာ ဖြစ်သည်။ သူတို့သည် ကောင်းကင်ကိုတုန်ရီစေကာ မြေပြင်ကိုအက်ကွဲစေနိုင်သည့် ဖြစ်ရပ်မျိုး မဖြစ်သရွေ့ ဗဟိုဧကရာဇ်မြို့သို့ လာမည်မဟုတ်ပေ။
ထိုအကြောင်းအရင်းမှာ သူတို့နှင့် မဟာကောင်းကင်သခင်တို့အကြားရှိ အထိအရှလွယ်သော ဆက်ဆံရေးကြောင့်ဖြစ်သည်။ ကောင်းကင်ဘုရင်များနှင့် မဟာကောင်းကင်သခင်တို့အကြား ကိစ္စရပ်များမှာ တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း ကောင်းကင်ဘုရင်များ ဗဟိုဧကရာဇ်မြို့တော်သို့ ရောက်ရှိလာချိန်တွင် တစ်စုံတစ်ရာ အမှားမှားအယွင်းယွင်း ဖြစ်သွားခဲ့ပါက အကျိုးဆက်များမှာ အလွန်ပြင်းထန်နေမည်ဖြစ်သည်။
သူတို့မှာ ကိုယ်တိုင်မလာပဲ သူတို့၏ အရိုက်အရာဆက်ခံသူများကိုသာ စေလွှတ်လေ့ရှိကြသည်။
ပူဇော်ပသမှုများကို လက်ခံရရှိသူမှာကား... ပထမမျိုးဆက် ဗဟိုဧကရာဇ်ပင်ဖြစ်သည်။ သူအသက်ရှင်နေသည့် အချိန်မှ နှစ်ပေါင်းမည်မျှပင် ကြာမြင့်နေစေကာမူ ဗဟိုဧကရာဇ်မင်းဆက်၏ ပြည်သူများအတွက်မူ ပထမမျိုးဆက် ဗဟိုဧကရာဇ်သည် ဘုန်းတန်ခိုးအကြီးမားဆုံးသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည်။
ဘိုးဘေးပူဇော်ပသမှုများမှာ ငရဲဧကရာဇ်နှင့် ဆက်နွယ်မှုရှိနေသည်ဟုလည်း ထင်ရသည်။ ပူဇော်ပသမှုများကို ပြုလုပ်တိုင်း ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ပွင့်သွားပြီး မြေအောက်မြစ် ပါဝင်နေသည့် ဧရာမလေပွေကြီးတစ်ခု ပေါ်ပေါက်လာစမြဲပင်။
ထိုလေပွေကြီးမှာ ဗဟိုဧကရာဇ်မြို့တစ်မြို့လုံးကို လွှမ်းခြုံသွားပြီး ၎င်းထဲတွင် ပြည့်နှက်နေသည့် မရေမတွက်နိုင်သော ဝိညာဥ်များမှာ ပြည်သူများ ရယူနိုင်ရန်အလို့ငှာ မြို့တော်ပေါ်သို့ ကျဆင်းလာကြသည်။
ဒဏ္ဍာရီများအရ နတ်ဝိညာဥ်တစ်ခုမှာ ထိုသို့ကျဆင်းလာခဲ့ဖူးသည်ဟု သိရသည်။ ထို့အပြင် ဤပွဲတော်တွင် မင်းမျိုးမင်းနွယ်နှင့် မှူးမတ်များသာ ပါဝင်ခွင့်ရှိသည်မဟုတ်။ သာမန်ပြည်သူများလည်း ဝင်ရောက်ဆင်နွှဲကြသည်သာဖြစ်သည်။
မင်းမျိုးမင်းနွယ်များနှင့် မှူးမတ်များမှာ ထိုဝိညာဥ်များကို လိုက်၍ ဖမ်းယူကြပါသော်လည်း ထိုအချင်းအရာကို အလေးသိပ်ထားကြသည်မဟုတ်ပေ။ သူတို့အတွက်မူ ၎င်းမှာ ကောင်းမွန်သော နိမိတ်တစ်ခုအဖြစ်သာ မှတ်ယူထားကြသည်။
ပူဇော်ပသမှုများ ပြုလုပ်ရမည့် နေ့ရက်ရောက်သောအခါ ဗဟိုဧကရာဇ်တစ်မြို့လုံးတွင် မှိုင်းညှို့သောလေထုများက လွှမ်းခြုံသွားကြသည်။ မိသားစုများမှာ သူတို့၏ နေအိမ်များထဲမှ ထွက်လာကြပြီး လမ်းပေါ်တွင် ဒူးများထောက်ကာ ကောင်းကင်ကို အရိုအသေပေးကြလေသည်။ တချိန်ထဲမှာပင် တော်ဝင်နန်းတော်တွင် ခေါင်းလောင်းများကိုတီးကြသဖြင့် တစ်မြို့လုံးတွင် ခေါင်းလောင်းသံများဖြင့် ပြည့်နှက်နေတော့သည်။
ကောင်းကင်မြို့စားများနှင့် နယ်စားများမှာ ပွဲတက်အဝတ်အစားများကိုဆင်မြန်း၍ တည်ကြည်အေးချမ်းသောမျက်နှာအမူအရာများဖြင့် တော်ဝင်နန်းတော်ရှိ ပင်မရင်ပြင်သို့ ရောက်လာကြသည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာတော့သည်။ သူသည် ကောင်းကင်ပေါ်သို့မော့ကြည့်နေစဥ် သူ၏မျက်နှာပေါ်တွင် ပေါ်ပေါက်နေသည့် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ ရောယှက်နေသည့်အမူအရာကို ဖုံးကွယ်၍မရနိုင်ပေ။
" နောက်ဆုံးတော့ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ကို ငါအောင်မြင်သွားပြီ။ အခုတော့ ဘိုးဘေးပူဇော်ပွဲအတွက် အချိန်ကျပြီ "
သူက သက်ပြင်းချလိုက်ပြီး အလောင်းတပ်သားအယောက် တစ်ထောင်နှင့်အတူ လေပေါ်သို့ပျံတက်သွားတော့သည်။