အဲ့ဒီလူရဲ့ ပုံရိပ်
Vol. 6 Ch. 90
ခရိုင်တစ်ခုလုံးမှ စစ်သည်တော်များကို ပြိုင်ပွဲ၌ ဝင်ပြိုင်ရန် ခွင့်ပြုခြင်း က နည်းပြတစ်ယောက်အတွက် ရူးချင်စရာ ကောင်းသော အပြု အမူပင်။
အဘယ်ကြောင့်ဆိုသော် ထူးချွန်သော စစ်သည်တော် အရေအတွက်က အကန့်အသတ် ရှိသောကြောင့်ပင်။ ခရိုင်တစ်ခုလုံးမှ စစ်သည်တော် များ အားလုံး ထူးချွန်နေရန် မဖြစ်နိုင်ပါ။ အဆင့်နိမ့်သော သူများကို ဝင်ပြိုင်ခွင့် ပေးလိုက်ပြီး နောက်ကောက်ကျန်ခဲ့ပါက သူတို့၏ ပုံရိပ်ကို ရိုက်ချိုးသလို ဖြစ်သွားပေမည်။
သို့သော် ဖန့်ဟုန်က ယုံကြည်ချက်အပြည့် ရှိနေ၏။
ပြိုင်ပွဲတည်နေရာသည် ကျယ်ဝန်းသော ဟင်းလင်းပြင် နေရာတစ်ခု၌ တည်ရှိသည်။ ပြိုင်ပွဲ အမျိုးအစား သုံးခုရှိသည်။ ပထမတစ်ခုမှ အတားအဆီး ဖြတ်ကျော်ခြင်းပြိုင်ပွဲ၊ ဒုတိယတစ်ခုမှာ သေနတ်ပစ် ပြိုင်ပွဲနှင့် တတိယမှာ သိုင်းလက်သီး ပြိုင်ပွဲ ဖြစ်သည်။
ထိုပြိုင်ပွဲ သုံးခုအား ဆက်တိုက် ပြိုင်ခိုင်းထားပြီး ကြားထဲ၌ နားချိန် မရှိချေ။ အတားအဆီး ဖြတ်ကျော်ခြင်း ပြိုင်ပွဲကို ပြိုင်ပြီးသွားသည်နှင့် သေနတ်ပစ် ပြိုင်ပွဲသို့ တန်းသွားရသည်။ ပြီးလျင် သိုင်းလက်သီး ပြိုင်ရပေမည်။
အပြင်အဆင်အစား ဆယ်ခုစာ ပြင်ထားသဖြင့် တစ်ကြိမ်လျင် ဆယ်ယောက် ပြိုင်နိုင်သည်။ လူအယောက်တစ်ရာက တစ်ပြိုင်တည်း ပြိုင်နိုင်သည်ဟု ဆိုရပေမည်။
လူရွေးပွဲ ပြိုင်ပွဲ စသည်နှင့် ပထမတစ်သုတ်မှ လူအယောက်တစ်ရာက ကျားသစ်သဖွယ် ပြေးလွှားကြသည်။
ဤလူရွေးပွဲအတွက် သူတို့အားလုံးသည် နာရီပေါင်း မရေတွက်နိုင် လောက်အောင် လေ့ကျင့်ခဲ့ရသည်။ သူတို့၏ ခန္ဓာကိုယ် လှုပ်ရှားမှု တိုင်းက အလိုလို လှုပ်ရှားမိသည်အထိ ဖြစ်နေ၏။
အသုတ်တိုင်းက အလွန် လျင်မြန်လှသည်။ အတားအဆီး ပြိုင်ပွဲ၏ ပျမ်းမျှ ကြာချိန်မှာ သုံးမိနစ် ဖြစ်သည်။ သေနတ်ပစ် ပြိုင်ပွဲ၏ ပျမ်းမျှ ကြာချိန်မှာ စက္ကန့်လေးဆယ်ဖြစ်ပြီး သိုင်းလက်သီးက သုံးမိနစ်ခွဲ ဖြစ်ပေသည်။
ပထမအသုတ်က သိုင်းလက်သီး ပြိုင်နေချိန်တွင် ဒုတိယအသုတ်က အတားအဆီးပြိုင်ပွဲကို စပြိုင်နေပြီး အရာအားလုံးက အစဉ်လိုက် ဖြစ်နေ၏။
“မင်းတို့ အလှည့် ရောက်ခါနီးပြီ၊ ဘယ်လိုခံစားရလဲ၊ စိုးရိမ်နေလား”
ဖန့်ဟုန်က သူ့ဌာနမှ စစ်သည်တော်များကိုကြည့်၍ အပြုံးနှင့် မေးလိုက် သည်။
ဝူယွဲ့က ခေါင်းကုတ်လေသည်။
“နည်းပြဖန့် နည်းနည်းပါ၊ နည်းနည်းလောက်ပေါ့”
“နည်းပြဖန့် ကျွန်တော်တို့က ခင်ဗျား အရှက်ရအောင် လုပ်မိမှာပဲ စိုးတာပါ”
နောက်တစ်ယောက်က ပြောလာသည်။
“စိတ်အေးအေးထား၊ မင်းတို့ ထုတ်နေကြအတိုင်း ခွန်အားကို ထုတ်သုံး၊ ဒါဆို မင်းတို့ ငါ့ကို အရှက်ရအောင် လုပ်မိမှာ မဟုတ်ဘူး”
ဖန့်ဟုန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဟုတ်တယ်၊ မင်းတို့ အဲ့လူကို မင်းတို့ ပန်းတိုင်အဖြစ် သတ်မှတ် ထားတယ် မဟုတ်လား၊ သူ့အကြောင်း များများတွေး”
လင်းအောင်ကလည်း ဘေးနားမှ ပြောလေသည်။
ထိုလူ့အကြောင်း ပြောလာသောအခါ လူတိုင်း လေးနက်သွားသည်။ သူတို့၏ မျက်နှာတွင် ဆုံးဖြတ်ချက် ခိုင်မာပြတ်သားဟန်တို့ ပေါ်လာ ၏။
သူတို့၏ စိတ်ထဲတွင် ထိုလူ၏ ပုံရိပ် ပေါ်လာသည်။ သူသာ ဤနေရာ၌ ရှိနေမည်ဆိုလျင် သူ ပြိုင်ပွဲတစ်ခုလုံးကို ထိတ်လန့်စေလောက်သည်ဟု သူတို့ တွေးမိနေသည်။
အတားအဆီး ဖြတ်ကျော်ခြင်းလား၊ သေနတ်ပစ်ခြင်းလား၊ သိုင်းလက် သီး လား။
ထိုလူအတွက် ၎င်းတို့က ပြိုင်ပွဲ ဖြစ်ပါဦးပါ့မလား။
တစ်ချိန်တည်းမှာပင် ထိုလူအကြောင်း တွေးမိသည်နှင့် သူတို့ လက်သီး ကို ကျစ်ကျစ်ပါအောင် ဆုပ်မိသည်။
“နောက်တစ်သုတ် အသင့်ပြင်ထားပါ”
အမိန့်ပေးသံ ထွက်လာသည်။ ဝူယွဲ့၏ မျက်နှာ မည်းမှောင်သွားပြီး သူ့အဖွဲ့သားများကို တစ်ချက်ကြည့်ပြီးမှ ရှေ့သို့ တက်သွားလေသည်။
“စ”
တစ်ခဏအတွင်းမှာပင် ဝူယွဲ့သည် တာထွက်သည်နှင့် ကျားသစ်အလား လျင်မြန်နေ၏.
အစပိုင်း၌ သူသည် အဖွဲ့နှင့် မီတာဝက်မျှ ရှေ့ရောက်နေသော်လည်း တဖြည်းဖြည်း အကွာအဝေးက ကြီးလာသည်။
သူ့အရှေ့မှ အတားအဆီးများအားလုံးကို အတားအဆီးများဟု သူ မမြင်တော့ပါ။ ထိုအခိုက်တွင် သူသည် ပုံရိပ်တစ်ခုကို မြင်ယောင် တွေးတော နေမိသည်။
ထိုလူငယ်၏ ပုံရိပ်က သူ့အရှေ့၌ ရှိနေပြီး အတားအဆီးများအား အသာတကြည် ကျော်သွားပြီး သူ၏နှုန်းက မိမိထက်ပင် မြန်နေ သေးသည်။
*နည်းနည်းလောက်၊ နောက်ထပ် နည်းနည်းလောက်ပဲ*
*ငါ သေချာပေါက် သူ့ကို အမီလိုက်နိုင်မှာ*
*ငါက စစ်သားဘုရင် ဖြစ်လာတော့မှာ*
“သူ မြန်တယ်ဟ”
စောင့်ကြည့်နေသော စစ်သည်တော်များအားလုံး ထိတ်လန့်သွားသည်။ ဝူယွဲ့နှင့် တစ်သုတ်တည်း ပြိုင်နေသော စစ်သည်တော်များလည်း အံ့အားသင့်နေ၏။
“ဒါ … ဒါက …”
စင်မြင့်ထက်မှ အထူး လေ့ကျင့်ရေးစခန်း လေးခု၏ ခေါင်းဆောင် များလည်း ထရပ်လာကြပြီး အကြည့်များက စူးရှလာသည်။ သူတို့၏ အကြည့်တွင် ထိတ်လန့်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေသည်။
“ဒီလူက ရှားပါးတဲ့ ပါရမီရှင်ပဲ”
“ဒီလူကို ဝံပုလွေပြာက အလိုရှိတယ်”
“မဟုတ်ဘူး၊ ဒီလူကို နဂါးအဖွဲ့ကပဲ ပိုင်သင့်တာ”
“အရေးမပါလိုက်တာ၊ သူ့ပုံက ကျားတစ်ကောင်လိုပဲ၊ သူ့ကို ကျားအဖွဲ့ ကပဲ ပိုင်သင့်တယ်”
“ဒိုင်း ဒိုင်း ဒိုင်း”
သေနတ်ပစ်ပြိုင်ပွဲ စတင်လေပြီ။ ဆယ်ချက်ဆက်တိုက် ပစ်သံ ထွက်လာသည်။ ကြားထဲ၌ နားခြင်းပင် မရှိပေ။
ဝူယွဲ့က ကိုယ့်ကိုယ်ကိုယ် မေ့လျော့နေသည်။ သေနတ်ပစ်ချိန်မှာတောင် ထိုလူငယ်၏ ပုံရိပ်ကိုပဲ မြင်နေရသည်။ သူကလည်း မရပ်မနား ပစ်နေ၏။
“မြတ်စွာဘုရား သူ ရူးနေပြီ၊ ဆယ်ချက်ကို အဲ့လို ဆက်တိုက် ပစ်တယ်လား၊ ဒါက ပြိုင်ပွဲလေ”
“သူ အရှုံးပေးလိုက်တာလား”
“သောက်ကျိုးနည်း၊ အမှတ်က ဆယ်ချက်မှာ ရှစ်ချက်က ဆယ်မှတ် တန်မှာ၊ နှစ်ချက်က ကိုးမှတ်တန်မှာဟ၊ ဒီလူက ကောင်းကင်ကို တက်ချင်နေတာလား”
ထို့နောက်တွင်မူ သိုင်းလက်သီးပြိုင်ပွဲ ဖြစ်သည်။
ဝူယွဲ့၏ လှုပ်ရှားမှုက နှေးသော်လည်း မျက်နှာ အမူအရာက အာရုံစိုက် အလေးထားနေပြီး စေ့စပ် တိကျသည်။ သို့သော် လှုပ်ရှားမှုတိုင်းက ပြည့်စုံရန် လိုနေသေးသည်။
“သူ့လှုပ်ရှားမှုက တည်ငြိမ်တယ်၊ အလျင်မလိုဘူး၊ ဟားဟားဟား သိပ်ကောင်းတယ်၊ တကယ် တော်တယ်”
ချင်ပိုင်ချွမ် အားပါးတရ ရယ်လေသည်။
“နောက်တစ်သုတ်”
ကြည့်နေသူများ အံ့ဩမှုမှ မလွတ်မြောက်သေးခင်မှာပင် နောက် တစ်သုတ် စပြိုင်လေသည်။
“နည်းပြဖန့် ကျုပ်တို့ သွားပြီ”
ဖန့်ဟုန်၏ အဖွဲ့နှင့် အခြား စစ်သည်တော်များလည်း ရှေ့တက် လာသည်။
“စ”
“ဒါ … ဒါ …”
လူတိုင်း စကားဆက်မပြောနိုင်တော့ချေ။ သူတို့၏ မျက်နှာတွင် အံ့ဩမှု တို့ ပြည့်နေပြီး အိပ်နေရင်း လမ်းထ လျှောက်သကဲ့သို့ ခံစားနေရသည်။
“သူတို့ မြန်တယ်၊ ဒီတစ်သုတ်က လူတွေကလည်း ဘာလို့ အထင် ကြီးစရာ ကောင်းရတာလဲ”
“ဒါ … ဒါ ရူးဖို့ကောင်းတယ်မလား၊ သူတို့က ဘယ်အဖွဲ့ကလဲ”
“သူတို့က ဖန့်ဟုန်ရဲ့ အဖွဲ့ကလို့ ငါ ထင်တယ်၊ စောနက ငကြောင် ဝူယွဲ့ရောပဲ၊ စုစုပေါင်း ဆယ့်ငါးယောက်လေ …”
“ဒါ … ဒါကြီးက များလွန်းတယ်ကွာ”
….
ဆယ့်ငါးယောက်လုံး အံ့ဩစရာ ကောင်းသော လျင်မြန်မှုန်းဖြင့် ပြိုင်၍ ပြီးသွားသည်။
ပြိုင်ပွဲဆုံးသည်အထိ ပွဲကြည့်သူများ အံ့ဩရာမှာ သတိဝင် မလာသေးချေ။ စင်မြင့်ထက်မှ ခေါင်းဆောင် လေးယောက်သည် နေ့တစ်ဝက်မျှ ရပ်နေမိသည်ကို သတိမမိမိဘဲ အမူအရာများက ပဟေဠိဖြစ်နေပုံ ပေါ်နေ၏။
ညခုနစ်နာရီ၌ ပြိုင်ပွဲ ပြီးသွားသည်။
“တန်းစီ”
“သတိ”
“ဆာ ပြိုင်ပွဲ ရလဒ်ကို လုပ်ပြီးပါပြီ”
“နေဦး”
ချင်ပိုင်ချွမ်က ဝင်တားသဖြင့် အားလုံး၏ အကြည့်က သူ့ထံ ရောက်လာ သည်။
“ဖန့်ဟုန် မင်းအဖွဲ့နဲ့အတူ ရှေ့တက်လာခဲ့”
ချင်ပိုင်ချွမ်က ဖန့်ဟုန်ကို ကြည့်နေသည်။
“သူတို့အမှတ်ကို အရင် တင်ပြ”
ဖန့်ဟုန်နှင့် သူ့လူ ဆယ့်ငါးယောက်လုံး၏ မျက်နှာက လေးနက် နေသည်။ သူတို့ ရှေ့တက်လာပြီး မတ်မတ် ရပ်နေကြသည်။
“ဝူယွဲ့ အတားအဆီး ဖြတ်ကျော်ခြင်း ရှစ်ဆယ့်ကိုး စက္ကန့်၊ ပထမ အဆင့်။ သေနတ်ပစ် ရမှတ် ကိုးဆယ့်ရှစ်မှတ်၊ အဆင့် ဆယ့်ငါး။ သိုင်းလက်သီး အဆင့် ပထမအဆင့်”
“ဟာ …”
လူတိုင်း အံ့ဩသွားသည်။
“ရှစ်ဆယ့်ကိုး စက္ကန့်လား၊ အထူးပြိုင်ပွဲတုန်းကတုန်း မှတ်တမ်းက ကိုးဆယ်သုံး စက္ကန့်ပဲ ရှိတာကို ငါ မှတ်မိတယ်၊ ဒါ … ဒါ စံချိန်ချိုး တာလား”
“အထင်ကြီးစရာ ကောင်းလွန်းတယ်၊ နောင်အနာဂတ်မှာ စစ်သည် တော် ဌာနရဲ့ နောက်ထပ် ဒဏ္ဍာရီလာတစ်ခု ရှိလာမယ် ထင်တယ်”
“တကယ်ကြီးလား၊ ဘယ်လိုလုပ် သူက ဒီလောက် မြန်တာလဲ”
ချင်ပိုင်ချွမ်က ဝူယွဲ့ကို ကျေနပ်သလို ကြည့်နေကာ ပုံမှန်အတိုင်း ပြောလိုက် သည်။
“ဆက်ပြော”
“ယွဲ့ချုံး အတားအဆီး ဖြတ်ကျော်ခြင်း တစ်ရာ့ငါး စက္ကန့်၊ အဆင့် ဆယ့်ခြောက်။ သေနတ်ပစ် ရမှတ် ကိုးဆယ့်ရှစ်၊ အဆင့် ဆယ့်ငါး၊ သိုင်းလက်သီး အဆင့် နှစ်ဆယ်”
“ထျန်းဖုန့် အတားအဆီး ဖြတ်ကျော်ခြင်း တစ်ရာ့ခုနစ် စက္ကန့်၊ အဆင့် နှစ်ဆယ့်သုံး။ သေနတ်ပစ် …”
…
ဆယ့်ငါးယောက်တွင် အားလုံး၏ ရလဒ်က အံ့ဩစရာချည်းပင်။ တင်ပြမှုအဆုံး၌ လူတိုင်း နှလုံးခုန်မြန်၍ သွေးတိုးသလို ခံစားနေရသည်။
တစ်ယောက်ချင်းစီတိုင်း အောင်မြင်သွားကြလေပြီ။ ခရိုင်ဌာနတစ်ခုမှ စစ်သည်တော်များအားလုံး ပြိုင်ပွဲကို အောင်ကြသည်။
အဆိုးဆုံးအဆင့်ရသူပင် ပထမအယောက်နှစ်ရာအတွင်း၌ အဆင့် တစ်ရာရှစ်ဆယ့်နှစ်နေရာ ရလေသည်။
ဤသည်က မထင်မှတ်ထားသော ကိစ္စပင်။ အတိတ်တုန်းက ဤသို့သော ကိစ္စမျိုး မရှိခဲ့ပါ။
ချင်ပိုင်ချွမ် အော်ရယ်၍ ဖန့်ဟုန်အား ကြည့်လိုက်သည်။
“ဖန့်ဟုန် မင်းက တကယ်ကို တော်ပါတယ်၊ ဒီလို သိပ်ကောင်းတဲ့ လေ့ကျင့်ရေး နည်းလမ်းကို လျှိုထားတယ်ပေါ့၊ မင်း ဘယ်လိုလုပ်လဲ ငါတို့ကို ပြောပါဦး၊ ငါ မင်းကို ဆုချမယ်”
“ဆာ ကျွန်တော့်မှာ ဘာအထူး လေ့ကျင့်ရေး နည်းလမ်းမှ မရှိပါဘူး”
ဖန့်ဟုန် ခေါင်းခါ၍ အောင့်သက်သက် ပြုံးလိုက်မိသည်။ ချင်ပိုင်ချွမ် မသိမသာ မျက်မှောင်ကြုတ်သွားသည်။ သူ မယုံကြည်နိုင်ပါ။
သူက ဖန့်ဟုန်ကို လက်ညှိုးထိုး၍ ပြုံးကာ အပြစ်တင်သလို ပြောလိုက်သည်။
“ငနာလေး မင်းက လျှိုထားချင်တယ်ပေါ့လေ”
“ဝူယွဲ့ ပြောစမ်း၊ မင်းနည်းပြက မင်းကို ဘယ်လို လေ့ကျင့်ပေးလဲ”
ဝူယွဲ့ အနေရခက်နေပုံပေါ်ကာ မျက်မှောင်ကြုတ်နေ၏။ သူ ပထမ ရသော်လည်း ပျော်ပုံမပေါ်ဘဲ ပြဿနာတက်နေပုံသာ ပေါ်နေသည်။ သူက တီးတိုး ရေရွတ်နေသည်။
“ငါ သူ့ကို မနိုင်သေးပါလား …”
စာစဉ် ၆ ပြီးပါပြီ။