မင်းကိုယ်မင်းစွမ်းတယ်ထင်ရင် ချမယ်လေ
Vol. 8 Ch. 772
ခေါင်းလောင်းသံများမြည်နေပြီး ဗဟိုဧကရာဇ်မြို့၏ လမ်းများတွင် လူများမှာ ပင်လယ်ပြင်အလား ပြည့်နှက်နေသည်။ အထက်ကောင်းကင်ယံမှာလည်း ထိုနည်းတူပင်။ မရေမတွက်နိုင်သော လူရိပ်များစွာမှာ တော်ဝင်နန်းတော်ဆီသို့ ပျံသန်းသွားနေကြသည်။
မြို့တော်အစောင့်များမှာလည်း အင်အားအပြည့်ဖြင့် သာယာအေးချမ်းေစရန် ဆောင်ရွက်နေကြပြီး ဤဘိုးဘေးပူဇော်ပွဲတွင် မထင်မှတ်ထားသည့်အရာများ ဖြစ်မလာစေအောင် စောင့်ကြည့်နေကြသည်။
ထိုသို့ဖြစ်လာနိုင်ခြေမှာလည်း အလွန်နည်းသည်။ မြို့တော်အစောင့်များမှာ သူတို့၏တာဝန်များကို သစ္စာစောင့်သိစွာဖြင့် ထမ်းရွက်ကြသည်သာ ဖြစ်သည်။ စစ်ဆေးရေးစံအိမ်အနားရှိ နေရာတစ်ဝိုက်ကို အစောင့်များ ထူထပ်စွာချထားသည်။
ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သော ကောင်းကင်မြို့စားနှစ်ယောက်၏ ကိစ္စရပ်ကြီးမှာ အင်မတန်ကြီးမားသော ဖြစ်ရပ်ကြီးတစ်ခုဖြစ်သည်။ စစ်ဆေးရေးအရာရှိအသစ်မှာ လူအများကို ရုတ်ရုတ်သဲသဲဖြစ်သွားအောင် ပြုလုပ်ခဲ့ပြီး ဤမင်းဆက်ထဲတွင် လူတိုင်းနီးပါးက မုန်းတီးနေသည့် လူတစ်ယောက်အဖြစ် ရောက်သွားရသည်။ သူသာ မတော်တဆတစ်ခုခု ဖြစ်သွားပါက ဘိုးဘေးပူဇော်ပွဲကို ထိခိုက်နိုင်သဖြင့် မြို့စောင့်တပ်များမှာ ၎င်းကို အဖြစ်မခံနိုင်ကြပေ။
မြို့စောင့်တပ်များမှာ စစ်ဆေးရေးစံအိမ်ကို ဘေးကင်းစေရန် စောင့်ကြည့်နေကြစဥ် ပိုင်ရှောင်ချန်းမှာ အလောင်းတပ်သားတစ်ထောင် ခြံရံလျက် အတွင်းထဲမှပျံထွက်လာသည်။
ထိုအခါ ဘေးနားတစ်ဝိုက်ရှိ မင်းမျိုးမင်းနွယ်များနှင့် မှူးမတ်အနွယ်များက သတိထားမိသွားသဖြင့် သူ့အပေါ်သို့ အကြည့်များစွာ ကျရောက်လာကြသည်။ ထိုအကြည့်များထဲတွင် အမုန်းတရားမှသည် ကြောက်ရွံ့မှုများအထိ ခံစားချက်ပေါင်းစုံ ပါဝင်နေသည်။
ပိုင်ရှောင်ချန်းမှာ သူ့အားလူအများက ဝိုင်းကြည့်နေသည်ကို သိလိုက်သောအခါ ချောင်းဟန့်လိုက်ပြီး လက်ကိုနောက်ပစ်၍ မေးငေါ့လိုက်လေသည်။ သူ့အား မုန်းတီးသောအကြည့်များဖြင့် ကြည့်နေကြသောလူများကို သူသည် ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမှ မကြောက်ရွံ့သည့် အမူအရာဖြင့် ပြန်၍ပြူးကြည့်လိုက်သေးသည်။
သူ၏ ဝင့်ကြွားသော အမူအရာမှာ ' မင်းတို့ သတ္တိရှိရင် လာခဲ့စမ်းပါ ' ဟူသည့်အဓိပ္ပါယ်ကို အတိုင်းသားဖော်ပြနေတော့သည်။
ထိုသို့ စိန်ခေါ်ရဲသည်မှာလည်း မှန်ပေသည်။ သူ၏နောက်တွင် မဟာကောင်းကင်သခင်နှင့် အလောင်းတပ်သားအယောက်တစ်ထောင် ရှိနေသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် ကောင်းကင်မြို့စားများကိုပင် မဆိုထားနှင့် ကောင်းကင်နယ်စားများကိုပါ အထင်သေးသည့်အကြည့်ဖြင့် ကြည့်လျှင် ကြည့်နိုင်သည်။
လေထဲတွင် ပျံသန်းနေကြသည့် မင်းမျိုးမင်းနွယ်များနှင့် မှူးမတ်နွယ်များက ပိုင်ရှောင်ချန်း၏ အပြုအမူကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားကြပြီး အလောင်းတပ်သားများကို ကြောက်ကြောက်ရွံ့ရွံ့ကြည့်ကာ သူတို့၏ အာရုံကို တော်ဝင်နန်းတော်ဆီသို့ ပြန်ပြောင်းလိုက်ပြီး ရှေ့သို့ဆက်လက်ပျံသန်းသွားကြတော့သည်။
" ငကြောက်တွေ။ စစ်ဆေးရေးအရာရှိကို မြင်တာနဲ့ ကြောက်ဒူးတွေတုန်နေလိုက်ကြတာ "
သူသည် အလွန်ကျေနပ်နေပြီး တော်ဝင်နန်းတော်ဆီသို့ ဖြည်းညင်းစွာဆက်၍ သွားလိုက်တော့သည်။
လေထဲတွင်ပျံသန်းနေသည့် မင်းမျိုးမင်းနွယ်များနှင့် မှူးမတ်နွယ်များသာ ပိုင်ရှောင်ချန်းကို သတိထားမိကြသည်မဟုတ်။ အောက်ဘက် မြို့တော်ရှိ သာမန်ပြည်သူများ၊ မရေမတွက်နိုင်သော ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးကြီးမှာ အပေါ်သို့ပျံတက်သွားသည့် ပိုင်ရှောင်ချန်းအား ကြည့်နေကြသည်။
" စစ်ဆေးရေးအရာရှိ ပိုင်ဟောက်ပဲ "
" အဲဒါသူပဲ။ ပြီးခဲ့တဲ့လက သူ ကောင်းကင်မြို့စားနှစ်ယောက်ရဲ့ မျိုးနွယ်စုတွေကို ငွေညစ်ခဲ့တာ "
" သူ့ကို တစ်လတိတိ ဘယ်သူမှမမြင်ခဲ့ရဘူး။ အခု ဘိုးဘေးပူဇော်ပွဲရောက်မှ သူထွက်လာတာ။ သေချာတယ် သူ ရုတ်ရုတ်သဲသဲဖြစ်အောင် နောက်တစ်ခေါက်ထပ်လုပ်တော့မှာ "
ထိုစကားများကြောင့် ထိုနေရာတစ်ဝိုက်ရှိ မြို့တော်အစောင့်များမှာ ပို၍သတိကြီးကြီး ထားနေကြတော့သည်။ သူတို့သည် ပိုင်ရှောင်ချန်းအနားသို့ကပ်ကာ ဝန်းရံမနေပါသော်လည်း မတော်တဆတစ်ခုခု ဖြစ်ပေါ်လာပါက ဝင်တားရန် အဆင်သင့်ဖြစ်နေသည့်အမူအရာဖြင့် ဘေးဘီဝဲယာကို သတ်ဖြတ်လိုစိတ်များဖြင့် လှည့်ပတ်ကြည့်ရှုနေတော့သည်။
ပိုင်ရှောင်ချန်းမှာ လုံခြုံသည်ဟု ခံစားနေရပြီး မကြာမီဖြစ်တော့မည့်အရာကြီးကို မျှော်မှန်းရင်း ရှေ့သို့ဆက်၍ သွားနေတော့သည်။ ဘိုးဘေးပူဇော်ပွဲအတွက် သူကြံစည်ထားသည့် အစီအစဥ်များကို တွေးကြည့်လိုက်ရုံနှင့် အလွန်စိတ်လှုပ်ရှားလာရသဖြင့် သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်လောက်အောင် ဖြစ်နေရသည်။
" ငါ တစ်လလောက် တံခါးပိတ်ကျင့်စဥ် ဝင်လိုက်တာ တော်တော်အကျိုးရှိတာပဲ။ နောက်ဆုံးတော့ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ကို အောင်မြင်သွားပြီ။ ပြီးတော့ ဟောက်အာကလည်း ဆယ့်ရှစ်ရောင်ခြယ်မီးတောက်နဲ့ ပတ်သတ်လို့ နိမိတ်ဖတ်တဲ့နေရာမှာ အများကြီးပိုတိုးတက်လာတာ။ သိပ်မကြာခင် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်အတွက် ဖော်စပ်နည်းရတော့မယ်ဆိုတာ ငါကျိန်းသေလောင်းရဲတယ် "
" အဲဒီဖော်စပ်နည်း ရပြီး အဲဒီမီးတောက်ဖော်စပ်တဲ့နေရာမှာ အောင်မြင်ပြီဆိုတာနဲ့ ငါ လောကဓာတ်အောက်လမ်းဆရာတစ်ယောက် ဖြစ်ပြီပဲ။ "
ထိုသို့ အဆင့်ဆင့်တွေးတောကာ သူသည် မျှော်လင့်ချက်များဖြင့် တုန်ရီနေတော့သည်။ တချိန်ထဲမှာပင် သူ့အတွက်အခွင့်အလမ်းများမှာ ကောင်းကင်ကြီးတမျှ ကျယ်ပြောနေပြီဖြစ်၍ အလွန်စိတ်ကျေနပ်နေတော့၏။
" မြေရိုင်းဒေသတစ်ခုလုံးမှာ လောကဓာတ်အောက်လမ်းဆရာ စုစုပေါင်း သုံးယောက်ပဲရှိသေးတာ။ ငါသာအောင်မြင်သွားမယ်ဆိုရင် လေးယောက်မြောက် ဖြစ်ပြီ "
မြေရိုင်းဒေသထဲတွင် လောကဓာတ် အောက်လမ်းဆရာများမှာ ရှားပါးလွန်းလှ၍ သူတို့၏ ရာထူးများမှာ ကောင်းကင်နယ်စားများ နီးပါးပင်ရှိသည်။
အချို့သောနေရာများတွင် သူတို့သည် ကောင်းကင်နယ်စားများထက်ပင် သာလွန်နေသေးသည်။ ထိုသူမှာ မြေရိုင်းဒေသကို သစ္စာမဖောက်သ၍ သူတို့စိတ်ကျေနပ်ရာအတိုင်း ပြုမူခွင့်ရှိသည်။ သာမန်ဆိုလျှင် သေဒဏ်ပေးသည့် ပြစ်မှုကြီးများကိုပင် ကျူးလွန်ခွင့်ရှိပြီး သူတို့၏ရာထူးကြောင့် လွတ်ငြိမ်းချမ်းသာခွင့် ရကြမည်ဖြစ်သည်။
မြေရိုင်းဒေသတွင် နတ်အဆင့်ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ ရှိပါသော်လည်း လောကဓာတ်အောက်လမ်းဆရာမှာ သုံးယောက်သာ ရှိသည်မဟုတ်ပါလော။
" ဒါပေမဲ့ အဲဒါက ဒုတိယဦးစားပေးပါ။ အရေးကြီးဆုံးအရာက ငါ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်ပြီဆိုရင် ငါ့ရဲ့ ယင်ယန်ဝိညာဥ်ကို စိတ်စွမ်းအင်အဆင့်မြှင့်တင်နိုင်ပြီပဲ။ အဲဒီအခါ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက တစ်ချက်ထဲနဲ့ နှောင်းပိုင်း ယင်ယန်ဝိညာဥ်အဆင့်အထိ တက်သွားတော့မှာ " ထိုသို့သော အတွေးများကြောင့် ပိုင်ရှောင်ချန်းမှာ ပို၍စိတ်လှုပ်ရှားလာရတော့သည်။ သူသည် လက်ရှိတွင် အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်တွင် ရှိနေပြီဖြစ်သော်လည်း နတ်အဆင့်သို့ တစ်ဝက်တိတိရောက်နေသည့် လူများကို အနိုင်ယူထားနိုင်သည် မဟုတ်ပါလော။ သူသာ နှောင်းပိုင်းယင်ယန်ဝိညာဥ်အဆင့်ထိသာ ရောက်သွားပါက နတ်အဆင့်ကျင့်ကြံသူအစစ်တစ်ယောက်ကိုပင် အနိုင်ယူနိုင်ခြေရှိမည်ဖြစ်သည်။
" ငါ မနိုင်နိုင်သေးဘူးဆိုရင်တောင် မဟာစက်ဝန်းအဆင့်ရောက်တဲ့အထိ စောင့်ကြည့်လိုက်။ အဲဒါဆို သေချာပေါက် နတ်အဆင့်ကျင့်ကြံသူတွေကို အနိုင်ယူနိုင်ပြီ " ပိုင်ရှောင်ချန်းမှာ ယခင်အချိန်များထက် ပို၍ စိတ်ဓာတ် တက်ကြွနေတော့သည်။ သူသည် အရှိန်ကိုပင် မြှင့်လိုက်ပြီး တော်ဝင်နန်းတော်ဆီသို့ ဦးတည်သွားတော့သည်။ သူနှင့် သူ၏အလောင်းတပ်သားများမှာ အလင်းတန်းများအသွင် နန်းတော်၏ ရှေ့ဘက်တံခါးဆီသို့ ပျံသန်းသွားကြတော့သည်။
သူထိုအနားသို့ ရောက်သောအခါ ခပ်လှမ်းလှမ်းတွင် သက်လတ်ပိုင်းလူကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ သူသည် ဒေါသမထွက်နေပါသော်လည်း ကြောက်စရာကောင်းနေပြီး နေလုံးများ၊ လများနှင့် တိမ်တိုက်ရုပ်ပုံများကို ရေးထိုးထားသည့် ရွှေရောင် ဝတ်ရုံရှည်ကြီးတစ်ထည်ကို ဆင်မြန်းထားသည်။ ခြုံငုံကြည့်လိုက်ပါက သူသည် အလွန်အမင်း ရင်သက်ရှုမောဖွယ် ကောင်းနေသည်။
ထို့အပြင် လူများမှာ သူ့ဘေးမှဖြတ်သွားတိုင်း တရိုတသေလက်ယှက်ကာ ဦးညွှတ်၍ နှုတ်ဆက်ကြသည်။
ထိုလူကြီးမှာ ကောင်းကင်နယ်စားတစ်ယောက်ဖြစ်သော... ချန်ဟောက်စုန့်ပင် ဖြစ်သည်။
သူသည် တစ်ယောက်ထဲ မဟုတ်ပေ။ သူ၏ဘေးတွင် ရွှေရောင်စပါးအုံးမြွေတစ်ကောင်၏ ရုပ်ပုံကို ရေးထိုးထားသည့် အရာရှိ ဝတ်ရုံကိုဆင်မြန်းထားသော အရပ်မြင့်မြင့်နှင့် ထွားကြိုင်းသန်မာလှသည့် လူတစ်ယောက်လည်းရှိသည်။ သူ၏ ကြီးထွားသန်မာသော ခန္ဓာကိုယ်ကိုကြည့်၍ သူ၏အပြင်ခန္ဓာကိုယ်အစွမ်းမှာ တမူထူးခြားနေမည်ဖြစ်ကြောင်း သိနိုင်သည်။ သို့သော် သူသည် ချန်ဟောက်စုန့်၏ နောက် တစ်လှမ်းအကွာတွင် တရိုတသေ မတ်တတ်ရပ်နေသည်။
ပိုင်ရှောင်ချန်းမှာ ချန်ဟောက်စုန့်ကို တွေ့လိုက်သည်နှင့် စိတ်ထဲတွင်အေးစက်စက် နှာမှုတ်လိုက်တော့သည်။ ချန်ဟောက်စုန့်၏ မျက်ဝန်းများထဲတွင်မူ အေးစက်စက်အလင်းတစ်ချက် တောက်ပသွားပြီး သူ၏ ရွံရှာစက်ဆုပ်နေသည့် အမူအရာကြီးကို ဖုံးကွယ်ရန် ကြိုးစားမနေပေ။
ပိုင်ရှောင်ချန်းမှာ ထိုလူသန်ကြီးကိုလည်း ယခင်ကမြင်ဖူးသည်။ သူသည် ကျောက်ဒုံရှန်နှင့် ပုံစံအလွန်တူပြီး ကျောက်ဒုံရှန်တို့မျိုးနွယ်စု၏ ဝါရင့်ဂိုဏ်းဝင်များထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် သာမန် ကောင်းကင်မြို့စားတစ်ယောက် မဟုတ်ပဲ ပိုင်ရှောင်ချန်းကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည့် စွမ်းအားကြီး ကောင်းကင်မြို့စားကိုးယောက်ထဲမှ တစ်ယောက်အပါအဝင် ဖြစ်သည်။
ထိုလူသန်ကြီးမှာ ပိုင်ရှောင်ချန်းကို ဖျတ်ခနဲ ကြည့်လိုက်ပြီး အေးစက်စက် ရယ်မောလိုက်လေသည်။
" ဘိုးဘေးပူဇော်ပွဲဆိုတာ ကောင်းကင်နယ်စားတွေနဲ့ ကောင်းကင်မြို့စားတွေအတွက်လေ " သူက အသံကျယ်ကြီးဖြင့် ရွဲ့စောင်းပြောလိုက်သည်။
" ဒီအသုံးမကျတဲ့ကောင်က ဒီနေရာကို ဘာလာလုပ်တာတုံး "
သူ၏စကားသံမှာ ကျယ်လွန်းလှသဖြင့် အရှေ့တံခါးနားတွင် စုဝေးနေကြသည့် မင်းမျိုးမင်းနွယ်များနှင့် မှူးမတ်နွယ်များမှာ ရှင်းလင်းစွာ ကြားနေရသည်။
ထိုလူများအားလုံးသည် ပိုင်ရှောင်ချန်းကို အမြင်မကြည်ကြသဖြင့် ချက်ချင်းပင် စက်ဆုပ်ရွံရှာသည့် အကြည့်များဖြင့် သူ့အားလှမ်းကြည့်လိုက်ကြတော့သည်။
ပိုင်ရှောင်ချန်းမှာ ထောင်းခနဲ ဒေါသထွက်သွားပြီး သူတို့အား ပြန်၍ပြူးကြည့်လိုက်လေသည်။ သူက မဟာကောင်းကင်သခင်၏ ထောက်ပံ့မှုအား အပြည့်အဝရထားသဖြင့် ထိုလူများကို လုံးဝမကြောက်ပေ။ ထိုလူသန်ကြီးကို သူက လက်ညှိုးပင်ထိုးလိုက်သည်။
" ဒီလူက မဟာကောင်းကင်သခင်ကို မလေးမစားလုပ်နေတာပဲ။ သူ့ကိုဖမ်းလိုက်ကြစမ်း " ထိုအခါ သူ၏အလောင်းတပ်သား အယောက်တစ်ထောင်မှာ ချက်ချင်းပင် ခေါင်းများမော့လာပြီး အယောက်တစ်ရာမှာ ထိုလူသန်ကြီးဆီသို့ ပြေးသွားကြတော့သည်။
ပိုင်ရှောင်ချန်းမှာ ဘိုးဘေးပူဇော်ပွဲတော်၏ နေ့ရက်တွင် တော်ဝင်နန်းတော်၏ အရှေ့တံခါး၌ ဤကဲ့သို့ ပြုမူရဲလိမ့်မည်ဟု ထိုလူကြီးက လုံးဝမထင်မိပေ။ သူသည် အမူအရာပြောင်းလဲသွားပြီး နောက်သို့ဆုတ်ရန် ပြင်လိုက်စဥ်တွင် ချန်ဟောက်စုန့်က အေးစက်စက် နှာမှုတ်ကာ ကြားဖြတ်ဝင်ပြောလိုက်လေသည်။
" ပေါက်တက်ကရလုပ်နေတာတွေ တော်လိုက်တော့ " သူက ထိုသို့ ဆိုကာ ရှေ့သို့ တစ်လှမ်းလှမ်းလာတော့သည်။
သူ၏ အသံတွင် အစွမ်းများပါဝင်နေသဖြင့် ရှေ့သို့ချီတက်လာနေသည့် အလောင်းတပ်သားများမှာ သိသိသာသာ တုန်ရီသွားကြပြီး ချုပ်နှောင်ခံလိုက်ရသည့်အလား ရပ်တန့်သွားကြသည်။
တချိန်ထဲမှာပင် ချန်ဟောက်စုန့်၏ ေခြေထောက်မှာ အောက်သို့ကျသွားသောအခါ သူ့ထံမှ စွမ်းအားများစွာ ပေါ်ထွက်လာသည်။ လေပြင်းမုန်တိုင်းတစ်ခု ချက်ချင်း တိုက်ခတ်လာပြီး ထိုအလောင်းတပ်သား အယောက်တစ်ရာကို ဖမ်းဆုပ်ကာ ပိုင်ရှောင်ချန်းထံသို့ ပြန်၍ ပစ်လွှတ်လိုက်လေသည်။
ပိုင်ရှောင်ချန်းမှာ ထပ်မံမျက်လုံးပြူးသွားရပြီး စကားပြောရန်ပြင်လိုက်စဥ်တွင် ချန်ဟောက်စုန့်ထံမှ စကားသံများ ထွက်လာသည်။
" ကျောက်ရှောင်လင်းက ကောင်းကင်မြို့စားတစ်ယောက်ကွ။ မင်းကို ဆူရင်ဆူခွင့်ရှိတယ်။ မင်းဟာမင်း ဦးမညွှတ်ပဲ အရိုအသေမပေးတာ ကိစ္စမရှိဘူး။ ဒါပေမဲ့ သွားပုတ်လေလွင့် ပြောရလောက်အောင်အထိ အတင့်ရဲ... "
" မဟာကောင်းကင်သခင်ကိုယ်တိုင် ကျုပ်ကို စစ်ဆေးရေးအရာရှိအဖြစ် ခန့်အပ်ထားတာ " ပိုင်ရှောင်ချန်းက မေးငေါ့က အသံကျယ်ကျယ်ဖြင့် ကြားဖြတ်ပြောလိုက်သည်။
“ ဘိုးဘေးပူဇော်ပွဲမှာ ကျုပ်ပါဝင်ဆင်နွှဲဖို့ သူကိုယ်တိုင် အမိန့်ပေးထားတာ။ ကျောက်ရှောင်လင်း ရိုင်းရိုင်းပြပြနဲ့ ကျုပ်ကို ဆူပူကြိမ်းမောင်းတာက မဟာကောင်းကင်သခင်ရဲ့ အမိန့်တော်ကို ငြင်းဆိုနေတာနဲ့ အတူတူပဲ။ သူ မလေးမစားလုပ်တယ်လို့ ပြစ်မှုတပ်တာတောင် ကျုပ် လျှော့ပေါ့ပေးထားတာ။ "
" မင်း "
ကျောက်ရှောင်လင်းမှာ ပါးစပ်မှ ဒေါသတကြီး လွှတ်ခနဲထွက်သွားသည်။ ပိုင်ဟောက်မှာ အာသွက်လျှာသွက်ရှိကြောင်း သူက ကြားဖူးထားပါသော်လည်း ကျောက်ရှောင်လင်းကိုယ်တိုင် မဟာကောင်းကင်သခင်ကို စော်ကားနေသည့် ပုံစံသို့ ရောက်သွားအောင် အကြောင်းအရာများကို လှည့်ပတ်ကာ ပြောဆိုနိုင်လိမ့်မည်ဟု သူကလုံးဝမထင်ထားပေ။
" မင်းပြောနိုင်တာဒါပဲလား။ 'မင်း' ဆိုတဲ့ စကားလုံးတစ်လုံးထဲလား။ မင်းကိုယ်မင်းစွမ်းတယ်လို့ ထင်နေရင် ငါ့ရဲ့ အလောင်းတပ်သား အယောက်တစ်ထောင်နဲ့ ချလေ။ တစ်ထောင်များနေရင် တစ်ရာကွာ။ မင်းကြိုက်တဲ့ အယောက်တစ်ရာကိုရွေးလိုက်။ ငါ့လက်ချက်နဲ့ မင်းသေ၊ မသေ ကြည့်ကြတာပေါ့ "
ပိုင်ရှောင်ချန်း စကားပြောလေလေ သူ၏အလောင်းတပ်သား အယောက်တစ်ထောင်ထံမှ သတ်ဖြတ်လိုစိတ်များ ပို၍ ပြင်းထန်လာလေလေဖြစ်နေတော့သည်။
" အရှက်မဲ့လှပါလား "
ကျောက်ရှောင်လင်းက အံကြိတ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူသည် စွမ်းအားအကြီးဆုံး ကောင်းကင်မြို့စားများထဲမှ တစ်ယောက်ဖြစ်သော်လည်း လက်ရုံးရည်တိုက်ပွဲတွင် အလောင်းတပ်သား တစ်ထောင်မဆိုထားနှင့် တစ်ရာကိုပင် နိုင်အောင်တိုက်ခိုက်နိုင်မည်မဟုတ်။ အလောင်းတပ်သားများသည် သေခြင်းတရားကို မကြောက်ရွံ့သည့်အပြင် အတောင့်တင်းဆုံး ခန္ဓာကိုယ်များကိုပါ ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလော။ သူတို့က သွေးချောင်းစီးတိုက်ပွဲများစွာ ဆင်နွှဲခဲ့ပြီး တိုက်ပွဲမပြီးသေးသရွေ့ မရပ်တန့်ကြသူများ ဖြစ်ပေသည်။