အခန်း (၁၇၅-၁၇၆)
Vol. 18 Ch. 175-176
အခန်း (၁၇၅) - ရတနာတွေ ဘယ်မှာလဲ
ပြင်းထန်တဲ့ ခေါင်းမူးဝေဝေ ခံစားချက်နဲ့အတူ လီယန်ချူဟာ ပတ်ဝန်းကျင်မှာ နွေးထွေးတဲ့ ရေစီးကြောင်းတွေ ရှိနေသလို ခံစားလိုက်ရတယ်။
အရာအားလုံး ပြန်လည်ငြိမ်သက်သွားတဲ့အခါမှာတော့ လီယန်ချူဟာ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ပါတယ်။
ထို့နောက်...
သူဟာ နေရာမှာတင် ကြောင်အမ်းသွားခဲ့ရတယ်။
မျက်စိရှေ့မှာ မြင်တွေ့နေရတာက သူစိတ်ကူးထားသလို နတ်ဘုရားငှက်တွေ၊ ဝိညာဉ်သားရဲတွေ ပျံ့နှံ့နေပြီး နတ်ဘုရားအငွေ့အသက်တွေ ဝေဖြာနေတဲ့ လူ့ပြည်က နတ်ဘုရားဘုံ (နတ်ဘုရားနယ်မြေ) မဟုတ်ပါဘူး။
ဒါဟာ ကြီးမားကျယ်ပြန့်လှတဲ့ ပျက်စီးနေတဲ့ အဆောက်အအုံ အကြွင်းအကျန်တွေပဲ ဖြစ်နေတယ်
ကျောင်းဆောင်တွေ စီတန်းနေပြီး ခန့်ညားထည်ဝါလှပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ ဒီနေရာတစ်ခုလုံးဟာ ခြောက်ကပ်ပြီး ပျက်စီးနေတဲ့ အပျက်အစီးပုံကြီးတစ်ခု ဖြစ်နေပါပြီ။
လီယန်ချူရဲ့ အကြည့်ဟာ ပြိုပျက်နေတဲ့ အုတ်တံတိုင်းတွေနဲ့ ပြိုကျနေတဲ့ တောင်တန်းတွေကို ဖြတ်ကျော်ကြည့်လိုက်တဲ့အခါ ကောင်းကင်အစွန်းမှာ မားမားမတ်မတ် ရပ်တည်နေတဲ့ နတ်ဘုရားတောင်ကြီးတစ်လုံးကို မြင်လိုက်ရတယ်။
နတ်ဘုရားတောင်ဟာ အတိုင်းအဆမရှိ ကြီးမားလှပြီး တိမ်တိုက်တွေထဲအထိ မြင့်တက်နေပါတယ်။
ဒါပေမဲ့ တောင်ထိပ်ပိုင်းကတော့ တစ်စုံတစ်ခုသော စွမ်းအားကြောင့် ပြတ်တောက်နေပြီး ညီညာနေတယ်၊ လူ့လောကထဲကနေ အတင်းအဓမ္မ ဖယ်ရှားခံလိုက်ရသလိုပါပဲ။
ဒီလောက်ကြီးမားတဲ့ တောင်နက်ကြီးတစ်လုံးကို ပိုင်းဖြတ်ပစ်နိုင်ဖို့ဆိုတာ ဘယ်လိုမျိုး ကြီးမားတဲ့ စွမ်းအားဖြစ်မလဲဆိုတာ မှန်းဆလို့မရပါဘူး။
ဒါဟာ နတ်ဘုရားတွေသာ လုပ်နိုင်တဲ့အရာ ဖြစ်ပါလိမ့်မယ်။
"ဒါဟာ ကျန်းထင်ရှန်း လား"
လီယန်ချူဟာ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။
စိတ်ထဲမှာလည်း အကြီးအကျယ် တုန်လှုပ်သွားရပါတယ်။
သိုင်းနတ်ဘုရား နေထိုင်ခဲ့တဲ့ ခန့်ညားလှတဲ့ ကျောင်းတော်ကြီးပီသပါပေတယ်၊ မပျက်စီးခင်တုန်းကတော့ သေချာပေါက် အလွန်ပင် စည်ပင်ဝပြောတဲ့ နတ်ဘုရားနယ်မြေ ဖြစ်ခဲ့မှာပါ။
"ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ၊ မူလက ဒီမှာနေထိုင်ခဲ့တဲ့ နတ်ဘုရား မာ ကရော ဘယ်မှာလဲ "
လီယန်ချူ စိတ်ထဲကနေ တွေးနေမိတယ်။
ဒီလို ကြီးမားလှတဲ့ အပျက်အစီးပုံကြီးတွေကြားထဲမှာ ရှိနေရတာက လီယန်ချူကို မိမိကိုယ်ကိုယ် အလွန်ပင် သေးငယ်လှတယ်လို့ ခံစားရစေပါတယ်။
ဒါဟာ သာမန်နယ်ပယ်ထက် ကျော်လွန်တဲ့ အရာတွေအပေါ် ရှိတဲ့ ကြောက်ရွံ့ရိုသေမှု တစ်မျိုးပါပဲ။
ကောင်းကင်ယံမှာ ညို့မှိုင်းနေပြီး တိမ်ပင်လယ်ကြားထဲမှာ မီးတောက်တွေနဲ့ မိုးကြိုးအလင်းတွေ ရံဖန်ရံခါ ပေါ်ထွက်နေတာကြောင့် ကမ္ဘာပျက်ကိန်း ဆိုက်နေတဲ့ မြင်ကွင်းလိုပါပဲ။
စိတ်ထဲမှာလည်း အလွန်ပင် ဖိနှိပ်မှုကို ခံစားနေရပါတယ်။
"ပါးရှကျောက်ရုပ်လို နတ်ဘုရားပစ္စည်းရဲ့ ကိုယ်ပေါ်မှာတောင် ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ ဒဏ်ရာတွေ ရှိနေလဲဆိုတာ အခုမှ နားလည်တော့တယ်"
လီယန်ချူရဲ့ စိတ်ထဲမှာ ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေအပေါ် ထားရှိတဲ့ နောက်ဆုံးသော လှပတဲ့ စိတ်ကူးယဉ်မှုလေးဟာလည်း ပြိုကွဲသွားခဲ့ပါပြီ။
ဟုတ်ပါတယ်။
အကယ်၍ ဒီနတ်ဘုရားနယ်မြေဟာ မှန်းဆလို့မရနိုင်တဲ့ ပြင်းထန်တဲ့ တိုက်ပွဲကြီးတွေကို မကြုံတွေ့ခဲ့ရဘူးဆိုရင်၊ ပါးရှကျောက်ရုပ်ရဲ့ နတ်ဘုရားဂုဏ်အင်္ဂါတွေ ကုန်ဆုံးပြီး ဒီလောက်အထိ ပျက်စီးသွားစရာ အကြောင်းမရှိပါဘူး။
ထိုပါးရှကျောက်ရုပ်ဟာ ကိုယ်တွင်းက ဝိညာဉ်စွမ်းအားတွေ မကုန်ဆုံးခင်တုန်းက ဝိညာဉ်ကိုယ်ပွား ကျွမ်းကျင်သူ အများအပြားရဲ့ တိုက်ခိုက်မှုကိုတောင် အစင်းရာလေးတစ်ခုတောင် မထင်ဘဲ ခံနိုင်ခဲ့တာပါ။
လီယန်ချူဟာ မူလနေရာမှာ ရပ်မနေဘဲ မိမိနဲ့ အနီးဆုံးမှာရှိတဲ့ ကျောင်းဆောင်တစ်ခုဆီကို အပြေး သွားခဲ့ပါတယ်။
ထိုကျောင်းဆောင်ဟာ မတ်စောက်လှတဲ့ တောင်ကုန်းတစ်ခုကြားမှာ တစ်ဝက်တစ်ပျက် မြုပ်နေပြီး၊ အခြေအနေကတော့ တော်တော်လေး ပြည့်စုံနေပါသေးတယ်။
ဒီနေရာကို ရောက်လာမှတော့ နတ်ဘုရားအခွင့်အရေးတွေကို ရှာဖွေရမှာပေါ့။
လီယန်ချူဟာ ကိုယ်ကိုလှုပ်ရှားလိုက်ပြီး ခြောက်ကပ်နေတဲ့ အပျက်အစီးတွေပေါ်မှာ ပြေးလွှားရင်း ထိုကျောင်းဆောင်ဆီသို့ ဦးတည်သွားပါတယ်။
မြင်မြင်သမျှနေရာတိုင်းမှာ ပြိုပျက်နေတဲ့ အုတ်တံတိုင်းတွေချည်းပါပဲ။
ကောင်းကင်နဲ့ မြေကြီးကြားမှာ ဝိညာဉ်စွမ်းအားတွေကတော့ အလွန်ပင် ကြွယ်ဝလှပါတယ်။
ဒါပေမဲ့ ဒီနေရာမှာတော့ ပန်းတွေ၊ မြက်တွေ၊ သစ်ပင်တွေ တစ်ပင်မှ မရှိသလို အသံတစ်သံတောင် မကြားရပါဘူး။
ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေပါတယ်။
လူကို ဦးနှောက်ထဲကနေ လေးလံလာစေပြီး အလွန်ပဲ ဖိနှိပ်ခံရသလို ခံစားရစေပါတယ်။
ဒီလောက်ကြီးမားတဲ့ ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေ အကြွင်းအကျန်ကြီးထဲမှာ အသံတစ်သံတောင် မရှိတာဟာ လူကို စိတ်မသက်မသာ ဖြစ်စေပါတယ်။
လီယန်ချူဟာ သိုင်းကျမ်းတွေကို အဆင့်မြှင့်တင်ပြီးနောက်မှာ သွေးအားကောင်းစေပြီး အားဖြစ်စေတဲ့ စွမ်းအင်တိုးဆေး တွေကိုလည်း နှစ်ကြိမ်တိုင်တိုင် အဆင့်မြှင့်ထားပါတယ်။
သာမန် သွေးချီအားကောင်းစေတဲ့ ဆေးရည်တွေကတော့ သူ့ရဲ့ကျင့်ကြံမှုအတွက် သိပ်မထူးခြားတော့ပါဘူး။
ကုသိုလ်မှတ် လေးရာ အသုံးပြုပြီးနောက် လီယန်ချူဟာ ပယင်းရောင်လို ကြည်လင်နေတဲ့ ဆေးရည်တွေကို အဆင့်မြှင့်ထားပါတယ်။
သောက်လိုက်တဲ့အခါ ကိုယ်ပေါ်ကနေ ဖြူလွလွ အခိုးအငွေ့တွေတောင် ထွက်လာပါတယ်။
သူ့ရဲ့ မူလအခြေခံ အုတ်မြစ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ တိုတောင်းလှတဲ့ သုံးရက်အတွင်းမှာတင် သိုင်းလောက အထွတ်အထိပ်သိုင်းအဖြစ် အဆင့်မြှင့်ထားတဲ့ ထျန်းကန်းလက်ဝါး၊ လျိုယန်ဓားသိုင်း နဲ့ ဟွမ်ယွန့်ကျင့်စဉ် တို့ကို အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်နိုင်ခဲ့ပါတယ်။
သူ့ရဲ့ ခွန်အားကလည်း မိုးနဲ့မြေလို ပြောင်းလဲသွားခဲ့ပါပြီ။
ယခုအခါ ကိုယ်ဖော့ပညာကို သုံးပြီး အပျက်အစီးတွေကြားမှာ ပျံသန်းပြေးလွှားနေတဲ့ အရှိန်ဟာ အရင်ကထက် နှစ်ဆမက ပိုမြန်နေပါပြီ။
ခွန်အားကလည်း သုံးမကုန်နိုင်သလို တည်မြဲနေပါတယ်။
တာအိုဘာသာရဲ့ လေကိုစီးနင်းတဲ့အတတ် နဲ့ ယှဉ်ရင်တောင် မနိမ့်ပါဘူး။
ဒီလိုဖြစ်နေတာတောင်မှ သူဟာ အပျက်အစီးတွေကြားမှာ တစ်ဝက်မျှ ပြေးလွှားခဲ့သော်လည်း မတ်စောက်တဲ့ တောင်ကုန်းထဲမှာ မြုပ်နေတဲ့ ကျောင်းဆောင်ဆီကို မရောက်သေးပါဘူး။
ကောင်းကင်အစွန်းမှာ ရှိနေသေးတဲ့ ကြီးမားလှတဲ့ တောင်ထိပ်ကြီးကိုတော့ ပြောနေစရာတောင် မလိုပါဘူး။
ဒါကို ကြည့်ခြင်းအားဖြင့် ဒီကျန်းထင်ရှန်း နတ်ဘုရားနယ်မြေဟာ ဘယ်လောက်တောင် ကျယ်လဲဆိုတာ သိနိုင်ပါတယ်။
ဒါဟာ ရှေးဟောင်းတိုင်းပြည်တစ်ခုလိုပါပဲ
လမ်းတစ်လျှောက်မှာ လီယန်ချူ မြင်ခဲ့ရတာတွေက သက်ရှိကင်းမဲ့နေတဲ့ အပျက်အစီးတွေချည်းပါပဲ။
သက်ရှိတွေ မရှိတာတင်မကဘဲ နှစ်ပေါင်းထောင်ချီတဲ့ လေဒဏ်မိုးဒဏ် ခံထားရတဲ့ ကျောက်စရစ်တွေနဲ့ အပျက်အစီးတွေကလွဲရင် ဘာမှမရှိပါဘူး။
အရင်က ဟွေ့ကျိန်း နဲ့ တရားရုံးချုပ်အရာရှိ ချန်ယန် တို့ ပြောခဲ့ဖူးတဲ့ "လူ့ပြည်က နတ်ဘုရားဘုံ"၊ "နေရာအနှံ့မှာ ရတနာတွေ ရှိနေတာ" ဆိုတဲ့ ဆန်းကြယ်တဲ့ မြင်ကွင်းတွေနဲ့တော့ လုံးဝကို ကွာခြားလှပါတယ်။
"ကံကောင်းလို့ ပိုင်ကြီး မပါလာတာ မဟုတ်ရင် အစောကြီးကတည်းက ဆဲနေလောက်ပြီ"
လီယန်ချူ စိတ်ထဲကနေ တွေးလိုက်ပါတယ်။
တစ်ဝက်မျှ ကြာသွားပေမဲ့ လူရိပ်လူယောင်တောင် မမြင်ရပါဘူး၊ ဒါပေမဲ့ ပတ်ဝန်းကျင်က ကောင်းကင်အခြေအနေကတော့ တဖြည်းဖြည်း မှောင်လာပါပြီ။
မိုးချုပ်တော့မယ်
လီယန်ချူ ခေါင်းကို မော့ကြည့်လိုက်တဲ့အခါမှာတော့ နောက်ဆုံးမှာ အနားသတ် မြင်လိုက်ရပါတယ်။
ဒီခြောက်ကပ်ပြီး ကြီးမားလှတဲ့ အပျက်အစီးပုံကြီးထဲမှာ နေမင်းရှိတယ်
ဒါပေမဲ့ အဲ့ဒီနေမင်းက အမည်းရောင် ဖြစ်နေတာပါ!
ဒါကြောင့်လည်း လူတွေ သဲသဲကွဲကွဲ မမြင်ရတာ ဖြစ်ပါတယ်။
"ဆိုလိုတာက ဒီကျန်းထင်ရှန်း နတ်ဘုရားနယ်မြေထဲမှာလည်း နေ့နဲ့ည ခွဲခြားထားတာ ရှိတာပေါ့ ခုနက ငါဝင်လာတဲ့အချိန်က နေ့နဲ့ည ပြောင်းပြန်ဖြစ်နေတာ မဟုတ်ဘဲ အဲ့ဒါက ဒီနေရာရဲ့ နေ့ဘက် ဖြစ်နေတာလား "
လီယန်ချူ စိတ်ထဲမှာ ခန့်မှန်းချက်တချို့ ရှိလာပါတယ်။
ဒါပေမဲ့ သူ ချက်ချင်းပဲ တွေးမိလိုက်တာက...
ဒီလိုနေရာမျိုးမှာ တကယ်ပဲ ပါရမီရှင်တွေအတွက် ရတနာတွေ ရှိနိုင်ပါ့မလား
လီယန်ချူဟာ နောက်ဆုံးမှာတော့ ထိုကျောင်းဆောင်ကြီးရဲ့ ရှေ့ကို ရောက်ရှိလာခဲ့ပါတယ်။
ဒါဟာ အလွန်ကြီးမားတဲ့ ကျောင်းဆောင်ကြီးဖြစ်ပြီး အပေါ်မှာ နှစ်ကာလတွေရဲ့ အမှတ်အသားတွေ ပြည့်နှက်နေပါတယ်။
ကျောင်းဆောင်ကြီးထဲမှာ တာအိုဆရာ နတ်ဘုရားရုပ်ထုတစ်ခုကို ကိုးကွယ်ထားပါတယ်။
ကျောမှာ မက်မွန်သစ်သားဓားတစ်လက် လွယ်ထားပြီး၊ မုတ်ဆိတ်ရှည် သုံးစုနဲ့ အရှိန်အဝါကတော့ သာမန်မဟုတ်ပါဘူး။
လီယန်ချူ အသေအချာ ကြည့်လိုက်တဲ့အခါ ဒီရုပ်ထုပေါ်မှာ လူတို့ရဲ့ ကိုးကွယ်မှုစွမ်းအား အကြွင်းအကျန်လေး တစ်စွန်းတစ်စ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။
ဒါပေမဲ့လည်း ကုန်ဆုံးလုနီးပါးပါပဲ။
သူဟာ ဒီတာအိုပညာရှင်ကြီးကို လေးစားမှုပြတဲ့အနေနဲ့ ဂါရဝပြု နှုတ်ဆက်လိုက်ပါတယ်။
အဲ့ဒီနောက်မှ ကျောင်းဆောင်ထဲကို ဝင်သွားခဲ့ပါတယ်။
ကျောင်းဆောင်ထဲမှာ ဆီမီးခွက်အချို့ ထွန်းညှိထားပြီး အားနည်းတဲ့ အလင်းရောင်လေးတွေ ထွက်ပေါ်နေပါတယ်။
ဒါတောင်မှ ကျောင်းဆောင်တစ်ခုလုံးဟာ မှောင်မည်းပြီး ကြောက်စရာမကောင်းဘဲ မြင့်မြတ်ဖြောင့်မတ်တဲ့ အရှိန်အဝါတွေ ရှိနေတာကြောင့် စိတ်ကို အေးချမ်းစေပါတယ်။
"ဒါဟာ ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေမှာ နေထိုင်ခဲ့တဲ့ သိုင်းနတ်ဘုရား လား "
လီယန်ချူရဲ့ အကြည့်ထဲမှာ စဉ်းစားမှုတွေ ရှိနေပါတယ်။
တာအိုကျမ်းစာတွေထဲမှာ မှတ်တမ်းတင်ထားတာ ရှိပါတယ်
"မြေပြင်နတ်ဘုရား (သိုင်းနတ်ဘုရား )ဆိုတာ ကောင်းကင်နဲ့ မြေကြီးရဲ့ တစ်ဝက်၊ နတ်ဘုရားတို့ရဲ့ ပါရမီရှင်ပဲ တာအိုတရား အလုံးစုံ မသိမြင်သေးပေမဲ့ အဆင့်နိမ့်တဲ့ နည်းလမ်းတွေမှာတော့ အထွတ်အထိပ် ရောက်နေသူပေါ့ နတ်ဘုရားဘုံကို တက်လှမ်းဖို့ မရည်ရွယ်ဘဲ လူ့လောကမှာပဲ ထာဝရအသက်ရှင်ပြီး မသေမျိုးအဖြစ် နေထိုင်သူတွေပဲ ဖြစ်တယ် "
ရိုးရိုးရှင်းရှင်း ပြောရရင် မြေပြင်နတ်ဘုရား (သိုင်းနတ်ဘုရား) ဟာ နတ်ဘုရားတွေထဲမှာ အလယ်အလတ်အဆင့်ဖြစ်ပြီး၊ ကောင်းကင်ဘုံကို ပျံတက်သွားတဲ့ နတ်ဘုရားတွေထက်တော့ နိမ့်ပါတယ်။
ဒါပေမဲ့လည်း သူတို့ဟာ ထာဝရအသက်ရှင်တဲ့သူတွေပါပဲ။
ကျမ်းစာတွေထဲက မှတ်တမ်းအရဆိုရင် နတ်ဘုရားနယ်မြေ ၇၂ နေရာမှာ နေထိုင်သူတွေဟာ သိုင်းနတ်ဘုရား (မြေပြင်နတ်ဘုရား) တွေပဲ ဖြစ်ပါတယ်။
(သိုင်းနတ်ဘုရား နဲ့ မြေပြင်နတ်ဘုရား က တူတူပါပဲနော် ရှုပ်သွားမှာဆိုးလို့ အထက်ဘုံံမတက်ပဲ အောက်ဘုံမှာ နေလို့ မြေပြင်နတ်ဘုရားပဲ သုံးတာ ပိုသင့်တော်ပါတယ် )
ဒါပေမဲ့ အခု ဒီကျန်းထင်ရှန်း နတ်ဘုရားနယ်မြေဟာ ကြောက်စရာကောင်းတဲ့ ရန်သူတွေရဲ့ ကျူးကျော်မှုကို ခံခဲ့ရပုံပေါ်ပြီး နတ်ဘုရားနယ်မြေတစ်ခုလုံး ပျက်စီးသွားရပါတယ်။
လမ်းစဥ်လည်း ပြတ်တောက်သွားပုံပါပဲ။
လီယန်ချူဟာ ကျောင်းဆောင်ထဲမှာ ချက်ချင်း လိုက်မရှာသေးဘဲ ငြိမ်သက်စွာ ထိုင်လိုက်ပြီး တရားထိုင် ကျင့်ကြံအားထုတ် လိုက်ပါတယ်။
ခန္ဓာကိုယ်အခြေအနေကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေတာပါ။
စကားပုံတစ်ခု ရှိပါတယ်
"တစ်ယောက်တည်း ကျောင်းမဝင်နဲ့"
ဒါဟာ တောတောင်ထဲက ဘုရားကျောင်းတွေမှာ ခိုးသူ၊ ဓားပြတွေ ပုန်းအောင်းနေတတ်တာကြောင့် တစ်ယောက်တည်း ခရီးသွားသူတွေ အန္တရာယ် ကြုံရနိုင်လို့ ပြောတာလား။
ဒါမှမဟုတ် တောနက်ထဲက ရှေးဟောင်းကျောင်းတွေမှာ မိစ္ဆာတွေ ခိုအောင်းနေတတ်လို့ မသန့်ရှင်းတဲ့အရာတွေနဲ့ တွေ့မှာစိုးလို့လား။
လူများရင်တော့ ယန်ချီ အားကောင်းပြီး ယန်ချီအားကောင်းရင် ဝိညာဉ်တွေက မချဉ်းကပ်ရဲပါဘူး။
ဒီကျန်းထင်ရှန်း နတ်ဘုရားနယ်မြေဟာ တိုက်ပွဲကြီး ဖြစ်ခဲ့တာဆိုတော့ အဲ့ဒီတုန်းက လူတွေအများကြီး သေဆုံးခဲ့မှာ သေချာပါတယ်။
ဒါပေမဲ့ လမ်းတစ်လျှောက်မှာ လီယန်ချူဟာ အလောင်းအကြွင်းအကျန် တစ်ခုမှ မတွေ့ခဲ့ပါဘူး။
ဒီတာအိုဘာသာရဲ့ မြင့်မြတ်တဲ့နယ်မြေမှာ မူလက နေထိုင်ခဲ့တဲ့သူတွေ၊ တပည့်တွေကော ဘယ်ရောက်ကုန်ပြီလဲ။
ကျူးကျော်ခဲ့တဲ့ ရန်သူတွေကော ဘယ်မှာလဲ။
ဘာအမှတ်အသားမှ မရှိပါဘူး။
လီယန်ချူ စိတ်ထဲမှာတော့ သတိထားနေမိပါတယ်။
"အဲ့ဒီတုန်းက တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ"
လီယန်ချူ စိတ်ထဲကနေ တွေးနေမိပါတယ်။
ကျန်တဲ့ တခြား နတ်ဘုရားနယ်မြေတွေကော ဒီလိုပဲ ဖြစ်နေမှာလား
သူ စဉ်းစားနေတုန်းမှာပဲ...
နားထဲမှာ အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရပါတယ်။
ခြေသံ
အခန်း (၁၇၆) - ရှစ်မြှောင့်ကြေးခေါင်းလောင်း
သူသည် မတ်တတ်ရပ်လိုက်ပြီး ကျောင်းဆောင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
သန်မာဖျတ်လတ်သော လူငယ်တစ်ဦးသည် ထိုနေရာသို့ ဦးတည်ပြေးလာနေသည်၊ မိုးချုပ်စပြုနေပြီဖြစ်ရာ သူ၏ရုပ်ရည်ကို သဲသဲကွဲကွဲ မမြင်ရပေ။
သို့သော် ဤလူငယ်၏ လှုပ်ရှားမှုမှာ တောတောင်ထဲမှ မျောက်အိုကြီးများထက်ပင် ပိုမိုသွက်လက်ချက်ချာလှသည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ထိုကြီးမားလှသော နတ်ဘုရားကျောင်းဆောင်ကြီးအနားသို့ ချဉ်းကပ်လာခဲ့သည်။
နောက်ဆုံးတော့ သက်ရှိလူသားတစ်ယောက် မြင်လိုက်ရပြီ။
လီယန်ချူ စိတ်အနည်းငယ် လျော့ချလိုက်မိသည်။
သူသည် ထိုလူငယ်၏ ရုပ်ရည်ကို အသေအချာ မြင်လိုက်ရသည်၊ အသားအရေမှာ ညိုမည်းနေပြီး မျက်နှာသွင်ပြင်က ခက်ထန်ကာ အကြည့်များမှာ ထက်မြက်လှသည်။
လီယန်ချူကို မြင်လိုက်ရသောအခါ ထိုလူငယ်မှာ အနည်းငယ် သတိထားနေသော်လည်း ရန်လိုသည့်အရိပ်အယောင်တော့ မရှိပေ။
လီယန်ချူလည်း ထို့အတူပင်။
ယခုမှ ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေထဲ ရောက်ကာစရှိသေးသည်၊ စရောက်ချင်းမှာတင် အသေအလဲ တိုက်ခိုက်ပြီး လူသတ်လုယက်ရန် မလိုအပ်သေးပေ။
ထို့အပြင် ဤမျှကြီးမားသော အပျက်အစီးပုံကြီးထဲတွင် ဝင်လာသည့်လူများမှာ ရတနာကောင်းကောင်း ရှာတွေ့နိုင်ဖို့ အချိန်မရသေးလောက်ဟု သူယူဆသည်။
ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း ပိုမိုမှောင်မည်းလာသည်။
မကြာမီမှာပင် ကျောင်းဆောင်မှ အလင်းရောင် ရောက်ရှိရာ ဧရိယာအပြင်ဘက် တစ်ခုလုံးကို မှောင်မိုက်မှုက လွှမ်းမိုးသွားတော့သည်။
ဒါဟာ ပုံမှန် မိုးချုပ်တာမျိုးနဲ့ မတူဘူး။
ထိုလူငယ်သည် ကျောင်းဆောင်နှင့် အတောင် ၃၀ ခန့်အကွာသို့ ရောက်ရှိချိန်မှာပင် ရုတ်တရက် မှောင်မိုက်မှု၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
မျက်စိနဲ့မမြင်ရတဲ့ လက်မည်းကြီးတစ်ခုက သူ့ကို နောက်သို့ ပြန်ဆွဲခေါ်သွားသလိုပင်။
ထိုအသားညိုညိုနှင့် လူငယ်မှာ မျက်နှာပျက်သွားပြီး အော်ဟစ်ဖို့တောင် အချိန်မရလိုက်ခင်မှာပင်။
သူ့ကိုယ်ပေါ်ရှိ အရေပြားနှင့် အသားများအားလုံး ပျောက်ကွယ်သွားတော့သည်
ခဏချင်းအတွင်းမှာပင် ဖြူဖွေးသော အရိုးစုကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်
ဦးခေါင်းနေရာမှာသာ အသားအနည်းငယ် ကျန်ရှိနေသေးသည်
မျက်လုံးထဲတွင်မူ အတိုင်းအဆမရှိ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည်။
ဇီဝိန်ချုပ်သွားလေပြီ
အပြင်သို့ ပြေးထွက်ရန် ပြင်နေသော လီယန်ချူသည် ချက်ချင်းပင် ခြေလှမ်းရပ်လိုက်ပြီး မျက်နှာပျက်သွားသည်။
မျက်စိရှေ့က မြင်ကွင်းက တကယ့်ကို ထူးဆန်းလွန်းလှသည်
သက်ရှိလူသားတစ်ယောက်ဟာ သူ့မျက်စိရှေ့တင် အရှင်လတ်လတ် သွေးသားတွေ ပျောက်ကွယ်သွားရတာပဲ
လီယန်ချူ အာရုံစိုက်ကြည့်လိုက်ရာ အပြင်ဘက်မှ နောက်ဆုံးသော အလင်းတန်းလေးပင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
လုံးဝကို မှောင်အတိ ကျသွားလေပြီ။
ထိုလူငယ်ကို ဘယ်လိုအရာက သတ်ဖြတ်လိုက်လဲဆိုတာ လုံးဝကို သဲသဲကွဲကွဲ မမြင်ရပေ
လီယန်ချူသည် အရှိန်အဝါကြည့်အတတ် ကို အသုံးပြုလိုက်ရာ မျက်လုံးနှစ်ဖက်တွင် စိမ်းပြာရောင်အလင်းများ ဝန်းရံလာသည်။
သူ့မျက်စိရှေ့တွင် ရုတ်တရက်ဆိုသလို ကောင်းကင်သို့ ထိုးတက်နေသော သတ်ဖြတ်ခြင်းအငွေ့အသက် နှင့် မိစ္ဆာအငွေ့အသက်များ တက်လာပြီး မြင်ကွင်းတစ်ခုလုံး နီရဲသွားတော့သည်။
ဒါဟာ ဘယ်မှာ နတ်ဘုရားကျောင်းတော် ဖြစ်မှာလဲ
ငရဲပြည်လို့ ပြောရင်တောင် လွန်မယ်မထင်ဘူး
ခဏမျှ စိုက်ကြည့်ပြီးနောက် လီယန်ချူ၏ မျက်လုံးများမှ ပူနွေးသော မျက်ရည်များ စီးကျလာသည်
သူ့စိတ်ထဲမှာ အလွန်အံ့သြသွားမိသည်။
"ဒါဟာ တကယ်ပဲ ဘာဖြစ်နေတာလဲ"
အရင်က သူ အရှိန်အဝါကြည့်အတတ်နဲ့ ဒီနေရာကို စစ်ဆေးတုန်းက ဘာထူးခြားမှုမှ မတွေ့ခဲ့ဘူး။
ပြည့်စုံတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ အသက်စွမ်းအားတွေကိုပဲ တွေ့ခဲ့တာ။
ဒါပေမဲ့ ဘာဖြစ်လို့ အခုကျမှ အပြင်ဘက်မှာ သွေးရောင်သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ကောင်းကင်ထိ ထိုးတက်နေရတာလဲ
လီယန်ချူ စိတ်ထဲကနေ တစ်ခုခုကို သတိပြုမိလိုက်သည်။
"ဒါဟာ မိုးချုပ်သွားလို့လား"
နေ့ဘက်မှာ ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေဟာ ခြောက်ကပ်ပြီး ဟောင်းနွမ်းနေတဲ့ အပျက်အစီးပုံကြီး တစ်ခုဖြစ်ပေမဲ့၊ ညဘက်ရောက်သွားရင်တော့ အပြင်ဘက်မှာ မျက်စိနဲ့မမြင်နိုင်တဲ့ ကြီးမားတဲ့ ထိတ်လန့်စရာတွေ ရှိနေတာလား။
လီယန်ချူသည် ဓားရိုးကို လက်နဲ့ကိုင်ထားပြီး အကြည့်များကတော့ သတိကြီးစွာ ထားနေသည်။
ဒါဟာ မြေပြင်နတ်ဘုရား နေထိုင်ခဲ့တဲ့ နယ်မြေပဲ၊ ပျက်စီးသွားပြီးနောက် ဘယ်လိုထူးဆန်းတဲ့ အရာတွေ ဖြစ်ပေါ်နေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။
သို့သော် အချိန်အတော်ကြာသည်အထိ ဘာလှုပ်ရှားမှုမှ ထပ်မရှိတော့ပေ။
ကျောင်းဆောင်ထဲက အလင်းရောင်ဟာ အားနည်းသော်လည်း ဧရိယာတစ်ခုကိုတော့ ကာကွယ်ပေးထားနိုင်သည်။
အပြင်ဘက်က မှောင်မိုက်မှုတွေကို လုံးဝ ဝင်မလာနိုင်အောင် တားဆီးထားသည်။
"ဒါဟာ ဘေးကင်းလုံခြုံတဲ့ အိမ်တစ်လုံးလို နေရာမျိုးပဲ "
လီယန်ချူသည် ထိုကောက်ချက်ကို လျင်မြန်စွာ ချလိုက်သည်။
သူသည် ရှေ့သို့ တစ်ဖန်တိုးသွားပြီး ထိုဆီမီးခွက်အချို့ကို သေချာစစ်ဆေးကြည့်ရာ၊ ၎င်းတို့သည် သာမန်ဆီမီးခွက်များသာ ဖြစ်သည်ကို တွေ့ရသည်။
ထူးခြားသော ပစ္စည်းများ မဟုတ်ပေ။
ထိုအပေါ်တွင်လည်း ထူးခြားသော နတ်ဘုရားအငွေ့အသက်များ မရှိပေ။
အဘယ်ကြောင့် နှစ်ပေါင်းထောင်ချီကြာသော်လည်း မငြိမ်းသတ်နိုင်ရသနည်းဆိုသည်မှာ၊ ဤကျောင်းဆောင်ထဲရှိ တာအိုပညာရှင်ကြီး၏ ရုပ်တုနှင့် ပတ်သက်နေနိုင်သည်ဟု လီယန်ချူ ယူဆလိုက်သည်။
"ဒီဆီမီးခွက်တွေဟာ ဆီနဲ့ လောင်ကျွမ်းနေတာမဟုတ်ဘဲ ဒီတာအိုပညာရှင် ရုပ်တုပေါ်က လူတို့ရဲ့ ကိုးကွယ်မှုစွမ်းအားတွေနဲ့ လောင်ကျွမ်းနေတာ ဖြစ်နိုင်မလား "
လီယန်ချူ စိတ်ထဲကနေ တွေးနေမိသည်။
ထို့နောက်
သူသည် ကျောင်းဆောင်တစ်ခုလုံးကို အနှံ့ရှာဖွေကြည့်သော်လည်း နတ်ဘုရားအရှိန်ဝါရှိသော ပစ္စည်း တစ်ခုမှ မတွေ့ရပေ။
စာဖြင့် မှတ်တမ်းတင်ထားသော အရာများလည်း မတွေ့ရပေ။
အလောင်းအကြွင်းအကျန် ဆိုသည်မှာလည်း တစ်ခုမှ မရှိပေ။
ခြောက်ကပ်နေသော်လည်း တကယ်ကို ပြောင်စင်နေခြင်းပင်။
ဘယ်မှာလဲ ပါရမီရှင်တွေအတွက် ရတနာတွေ၊ ဆေးလုံးတွေ၊ နတ်ဘုရားလက်နက်တွေ။
လီယန်ချူသည် နောက်ဆုံးအခန်းကို ရှာဖွေပြီးနောက် ထွက်ခွာရန် ပြင်လိုက်စဉ်၊ အခန်းတံခါးအထက်တွင် ချိတ်ဆွဲထားသော ရှစ်မြှောင့်ကြေးခေါင်းလောင်း တစ်ခုကို မြင်လိုက်ရသည်။
၎င်းမှာ သံချေးအနည်းငယ် တက်နေပြီဖြစ်သည်။
သို့သော် ထိုအပေါ်တွင် နတ်ဘုရားအငွေ့အသက်များ ရှိနေသည်။
သိသာထင်ရှားစွာပင် သာမန်ပစ္စည်းတော့ မဟုတ်ပေလီယန်ချူ စိတ်ထဲမှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်၊ ဒီကိုတစ်ခေါက် လာရတာ နောက်ဆုံးတော့ ပစ္စည်းကောင်းလေး တစ်ခုတော့ တွေ့ပြီ။
တခြားလူတွေ နတ်ဘုရားနယ်မြေထဲ ဝင်ရင် ခြေလှမ်းတိုင်းမှာ နတ်ဘုရားလက်နက်တွေ၊ ဆေးလုံးတွေ တွေ့နေကြတာ၊ မိမိကျမှ ဘာမှ ရှာမတွေ့ဘူး။
နောက်ဆုံးတော့ နတ်ဘုရားလက်နက် တစ်ခု ရှာတွေ့ပြီ။
လီယန်ချူသည် ကိုယ်ကို အနည်းငယ် ကိုင်းညွတ်ကာ
"ပြစ်မှားမိရင် ခွင့်လွှတ်ပါ"
ဟု ခွင့်တောင်းလိုက်သည်။
ထို့နောက် ထိုရှစ်မြှောင့်ကြေးခေါင်းလောင်းကို ဖြုတ်ယူလိုက်သည်။
ဘာကြောင့်မှန်းမသိ၊ ဤတာအိုအကျော်အမော် ပညာရှင်ကြီး ကာကွယ်ထားသော ကျောင်းဆောင်ထဲတွင် ပစ္စည်းယူရခြင်းမှာ သူ အနည်းငယ် အားနာနေမိသည်။
"လူဆိုတာ သိပ်ပြီးတော့လည်း အားနာမနေသင့်ဘူး"
လီယန်ချူသည် မိမိကိုယ်ကိုယ် အားပေးလိုက်သည်။
ထို့နောက် သူသည် လက်ထဲရှိ ရှစ်မြှောင့်ကြေးခေါင်းလောင်းကို အသေအချာ ကြည့်လိုက်သည်အပေါ်ရှိ ဝိညာဉ်စွမ်းအားများမှာ အလွန်ပင် အားနည်းနေပြီဖြစ်သည်။
သို့သော်လည်း နတ်ဘုရားနယ်မြေမှ ထွက်ပေါ်လာသော နတ်ဘုရားလက်နက် ဖြစ်သည့်အတွက် အလွန်ပင် တန်ဖိုးရှိလှသည်။
လီယန်ချူ စစ်ဆေးကြည့်လိုက်ရာ ထိုရှစ်မြှောင့်ကြေးခေါင်းလောင်းသည် ဝိညာဉ်ကို ကာကွယ်ပေးနိုင်သည့် စွမ်းရည်ရှိပုံရသည်။
ထို့နောက် သူသည် ထိုရှစ်မြှောင့်ကြေးခေါင်းလောင်းကို ခါးပတ်တွင် ချိတ်ဆွဲလိုက်သည်။
ကျန်ရှိနေသော ဝိညာဉ်စွမ်းအားမှာ မများသော်လည်း၊ သာမန်တာအို နတ်ဘုရားလက်နက်များထက်တော့ အများကြီး ပိုမိုစွမ်းဆောင်နိုင်သည်။
ဤတွေ့ရှိချက်ကြောင့် လီယန်ချူ၏ စိတ်ထဲတွင် စိတ်အားထက်သန်မှုများ ရှိလာသည်။
ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေ အပျက်အစီးများထဲတွင် ကျောင်းဆောင်များစွာ ရှိနေသည်၊ ကျောင်းဆောင်တစ်ခုတည်းမှာတင် ထိုကဲ့သို့ တွေ့ရှိရခြင်းဖြစ်သည်။
အခြားသော ကျောင်းဆောင်ကြီးများထဲတွင် သေချာပေါက် နတ်ဘုရားအငွေ့အသက် ပိုမိုအားကောင်းသော ရတနာများ ရှိနေပေလိမ့်မည်။
တစ်ညလုံး ဘာမှမထူးခြားပေ။
လီယန်ချူသည် ကျောင်းဆောင်ထဲတွင် ငြိမ်သက်စွာ ထိုင်ကာ တရားထိုင် ကျင့်ကြံနေခဲ့သည်။
ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေ၏ ဝိညာဉ်စွမ်းအားမှာ အပြင်လောကထက် ၃၊ ၄ ဆမက ပိုမိုများပြားလှသဖြင့် ထိုနေရာတွင် ကျင့်ကြံရသည်မှာ အလွန်ပင် မြန်ဆန်လှသည်။
လီယန်ချူသည် ညဘက်တွင် ခရီးမဆက်ခဲ့ပေ၊ မှောင်မိုက်မှုထဲတွင် ကြီးမားသော ထိတ်လန့်စရာများ ရှိနေသဖြင့် မလိုအပ်ဘဲ ကျောင်းဆောင်ထဲမှာ နေခြင်းက ပိုမို ဘေးကင်းပါသည်။
နောက်တစ်နေ့
ကောင်းကင်နှင့် မြေကြီးကြားရှိ မှောင်မိုက်မှုများ လွင့်စင်သွားသည်။
နဂိုအတိုင်း ညို့မှိုင်းနေသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး တိမ်ပင်လယ်ကြားတွင် မီးတောက်များ ပြန်လည် ပေါ်ထွက်လာသည်။
ထာဝရည ရောက်လာသကဲ့သို့ ကြောက်စရာကောင်းသော မှောင်မိုက်မှုကို ကြုံတွေ့ပြီးနောက်၊ လီယန်ချူသည် ထိုညို့မှိုင်းနေသော ရာသီဥတုကို ပြန်မြင်ရသည့်အခါ လက်မခံနိုင်စရာ မရှိတော့ဟု ခံစားရသည်။
"သေချာပြီ၊ ဒါဟာ ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေရဲ့ နေ့ဘက်ပဲ နေ့ဘက်မှာ ခရီးသွားရင်တော့ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အရာတွေနဲ့ တွေ့မှာမဟုတ်ဘူး "
လီယန်ချူ စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
သူသည် ထိုကြီးမားလှသော ကျန်းထင်ရှန်း တောင်ကြီးဆီသို့ ပြန်လည် ဦးတည်ထွက်ခွာခဲ့သည်။
အရှိန်အဝါကြည့်အတတ်နှင့် ကြည့်လိုက်လျှင် ထိုနေရာသည် ဝိညာဉ်စွမ်းအား အကြွယ်ဝဆုံး နေရာပင်ဖြစ်သည်။
ထိုနေရာသည် ဤနတ်ဘုရားနယ်မြေ၏ အလယ်ဗဟို ကျန်းထင်ရှန်း ဖြစ်ပေလိမ့်မည်
နှစ်နာရီခန့် ကြာပြီးနောက် လီယန်ချူသည် ခဏရပ်ကာ အနားယူလိုက်သည်။
သူ့စိတ်ထဲတွင် မေးခွန်းနှစ်ခု ရုတ်တရက် ပေါ်လာသည်။
"အကယ်၍ မှောင်မိုက်မှုက ဒီကမ္ဘာကြီးကို ဝါးမျိုလိုက်တဲ့အချိန်မှာ ကာကွယ်ပေးနိုင်တဲ့ ကျောင်းဆောင်တစ်ခုမှ ရှာမတွေ့ခဲ့ရင်၊ ထိုကြီးမားတဲ့ ထိတ်လန့်စရာကို တိုက်ရိုက် ရင်ဆိုင်ရတော့မှာလား "
"ပြီးတော့ ဒီကျန်းထင်ရှန်း အပျက်အစီးပုံကြီးက ဒီလောက်ကျယ်တာ ကြီးမားတဲ့ တောင်ကြီးဆီ ရောက်ဖို့ဆိုရင် အချိန်အတော်ကြာမှာပဲ၊ အစားအသောက်နဲ့ ရေကို ဘယ်လိုလုပ်မလဲ "
လီယန်ချူ စဉ်းစားလိုက်ရင်း သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အနည်းငယ် ပေါ်လာသည်။
ဤကျန်းထင်ရှန်း နတ်ဘုရားနယ်မြေထဲတွင် အစားအသောက်နှင့် သောက်ရေ ရှိ၊ မရှိ ဆိုသည်မှာ မသေချာပေ။
တာအိုကျင့်ကြံသူဖြစ်စေ၊ သိုင်းသမားဖြစ်စေ။
အားလုံးဟာ သာမန်လူသား ခန္ဓာကိုယ်တွေပဲ ဖြစ်ကြသည်။
မစားမသောက်ဘဲ ရက်အနည်းငယ် တောင့်ခံနိုင်သော်လည်း အချိန်ကြာလာလျှင်တော့ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။
ဒီနေရာမှာ အန္တရာယ်တွေ အများကြီး ရှိနေတာကြောင့် ခွန်အားကို မထိန်းသိမ်းနိုင်ရင် အခြေအနေ ဆိုးရွားသွားနိုင်ပါသည်။