← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉) - အပြာဝတ်စုံက ဝတ်တာ မမှားဘူး

သူမ၏ နည်းလမ်းများက မည်မျှပင် ရက်စက်သည်ဖြစ်စေ၊ စိတ်နေစိတ်ထားက မည်မျှပင် ယုတ်မာသည်ဖြစ်စေ၊ ထိုကျင့်ကြံသူများ၏ ကြင်နာတတ်သော စိတ်နှလုံးကို အသုံးချပြီး လူမည်မျှကိုပင် သတ်ဖြတ်ခဲ့သည်ဖြစ်စေ။

သူမကိုယ်တိုင် သေခြင်းရှင်ခြင်းနှင့် ရင်ဆိုင်ရချိန်တွင်တော့ အသက်ရှင်သန်ရန်သာ ရွေးချယ်ခဲ့သည်။

ဒါဟာ လူသားတွေရဲ့ ဗီဇပါပဲ

ထိုတာအိုဆရာလေးက ရပ်လိုက်သည်ကို မြင်သောအခါ သူမ၏ စကားများက အစွမ်းပြသွားပြီဟု ထင်မှတ်လိုက်သည်၊ မည်သို့ပင်ဆိုစေ သူမ၏ ရုပ်ရည်အလှအပက ထိပ်တန်းအဆင့်တွင် ရှိနေသည်မဟုတ်ပါလား။

ယောကျ်ားတွေကို စိတ်ကျေနပ်အောင် ဘယ်လိုဖျော်ဖြေရမလဲဆိုတဲ့ နည်းလမ်းတွေကိုလည်း သူမ ကောင်းကောင်းသိသည်။

"တာအိုဆရာ... ကျွန်မကို မသတ်ပါနဲ့ ကျွန်မမှာ အိပ်ခန်းတွင်း လျှို့ဝှက်အတတ်တွေ ရှိပါတယ်၊ အဆိပ်ပိုးမွှားအတတ်လည်း တတ်ပါတယ် တာအိုဆရာအတွက် အများကြီး အသုံးတော်ခံနိုင်ပါတယ် ကျွန်မကို အသက်ချမ်းသာပေးထားရင် အသုံးဝင်မှာပါ"

အမျိုးသမီးငယ်က နူးညံ့စွာ ပြောလိုက်သည်။

လီယန်ချူ၏ လက်ဝါးအောက်တွင် အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားရင်း ဆွဲဆောင်မှုရှိသော အမူအရာများကို ပြသနေ၏။

လီယန်ချူသည် လက်ကို ပြန်ရုပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ

"သူက မင်းရဲ့ခင်ပွန်း မဟုတ်ဘူးလား"

ထိုနှစ်ဦးမှာ လင်မယားဖြစ်ကြသဖြင့် သံယောဇဉ် အနည်းနဲ့အများတော့ ရှိသင့်သည် မဟုတ်ပါလား။

အမျိုးသမီးငယ်က ရမ္မက်သံဖြင့် ရယ်မောကာ

"ခင်ပွန်းဆိုတာ ဘာအရေးလဲ၊ သူက ဒီလောက်တောင် ရုပ်ဆိုးတာ၊ တာအိုဆရာရဲ့ ငယ်ရွယ်ချောမောမှုနဲ့ ဘယ်မှာယှဉ်လို့ ရပါ့မလဲ ကျွန်မ တာအိုဆရာရဲ့ ဘေးမှာပဲ တစ်သက်လုံး သစ္စာရှိရှိ ခစားပါ့မယ်"

သူမသည် နှုတ်ခမ်းကို အသာအယာ ကိုက်လိုက်ပြီး မျက်နှာတွင် ရှက်သွေးဖြန်းသလိုမျိုး နီမြန်းလာစေသည်။

"တာအိုဆရာသာ ကြိုက်မယ်ဆိုရင် သူ့ရှေ့တင်ပဲဖြစ်ဖြစ်... ကျွန်မ... ကျွန်မ အကုန်ဖြစ်ပါတယ်ရှင်"

လီယန်ချူ စိတ်ထဲကနေ တော်တော်လေးကို ဟုတ်နေပြီ လို့ ရေရွတ်လိုက်မိသည်။

ဒီအစ်ကိုကြီးက ဘာလို့ အင်္ကျီအပြာ ( တရုတ်ယဉ်ကျေးမှုအရ အိမ်ထောင်ရေးဖောက်ပြန်ခံရခြင်းကို ဆိုလိုသည်) ဝတ်ထားလဲဆိုတာ ခုမှပဲ သဘောပေါက်တော့သည်။

"ဒီနတ်ဘုရားနယ်မြေထဲမှာ အင်အားစုတွေ အများကြီး ရှိနေတယ်လို့ မင်းပြောတယ်၊ ဘယ်အင်အားစုတွေလဲ၊ မင်းကော ဘယ်လိုသိတာလဲ "

လီယန်ချူက မေးလိုက်သည်။

အမျိုးသမီးသည် မျက်လုံးများ တောက်ပသွားပြီး၊ လူငယ်လေးတွေက အရှက်အကြောက်ကြီးတတ်တော့ မိမိရဲ့ အခစားဝင်မယ့် စကားကို ရှောင်ဖယ်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်တာပဲလို့ ထင်လိုက်သည်။

မိမိကသာ သေချာလေး ထပ်ပြီး မြှူဆွယ်လိုက်ရင် ဒီတာအိုဆရာလေးက မိမိကျော့ကွင်းထဲ မဆင်းဘဲ မနေပါဘူး။

ဒီလိုမျိုး ဟန်ဆောင်ပန်ဆောင်နဲ့ တည်ကြည်လှတဲ့ ရဟန်းတွေ၊ တာအိုဆရာတွေ၊ သိုင်းသမား လူငယ်လေးတွေကို သူမ အများကြီး တွေ့ဖူးလှပြီ။

ပြောရရင် သူတို့ဟာ အဖိုးကြီးတွေလို အကွက်မများသလို၊ လူငယ်ပီပီ သွေးကြွတတ်ကြသည်။

ပြီးတော့ သွေးသားဆူဖြိုးတဲ့အရွယ်မို့ အလှအပနဲ့ မြှူဆွယ်ရင် အလွယ်တကူ ပါလာတတ်ကြသည်။

"ကျွန်မမှာ သိုင်းလောကထဲမှာ သတင်းအရင်းအမြစ်တွေ ရှိပါတယ်၊ ဒီဝေမြို့မှာ နတ်ဘုရားနယ်မြေ ပေါ်လာတဲ့ကိစ္စက လူအများကြီးရဲ့ အာရုံစိုက်မှုကို ရရှိထားပြီးသားပါ "

"ကျွန်မ သိရသလောက်ဆိုရင် မြို့တော်က တာ့ရှမ်းကော်ကျောင်းတော်ရဲ့ ကျဲ့ခုန်း ရဟန်း ရောက်နေတယ်၊ မော်ရှန်းဂိုဏ်းက တာအိုဆရာ လူငယ်လေးလည်း ပါတာပေါ့ "

"သူတို့ ဘေးနားမှာ ကျွမ်းကျင်သူတွေ အများကြီး ဝန်းရံထားကြတယ်၊ ဒီတစ်ကြိမ် နတ်ဘုရားအခွင့်အရေးကို အပိုင်ရဖို့ ရည်ရွယ်ထားကြတာ "

"ဒါက အင်အားကြီးအဖွဲ့တွေပေါ့၊ မနေ့ညကလည်း လေးယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ကို တွေ့ခဲ့သေးတယ်၊ သူတို့လည်း မဟာမိတ် ဖွဲ့ထားကြတာပဲ "

ဤအမျိုးသမီးငယ်သည် နတ်ဘုရားနယ်မြေအတွင်း ပြိုင်ဆိုင်မှု ပြင်းထန်ပုံကို အသေးစိတ် ရှင်းပြနေသည်။

အဓိကကတော့ လီယန်ချူကို သတိပေးချင်တာပါ။

'တာအိုဆရာ... ကျွန်မကို ရှင့်ရဲ့ လက်ပါးစေအဖြစ် ထားလိုက်ပါ '

လီယန်ချူသည် ထိုစကားကို ကြားသောအခါ အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ဒီလိုမျိုး အုပ်စုဖွဲ့ကြတာကတော့ သေချာပေါက် ဖြစ်မှာပါပဲ။

နောက်တစ်ခုက ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေထဲကို အင်အားကြီးအဖွဲ့တွေ ဝင်လာမယ်ဆိုတာ သူ မစဉ်းစားဘဲနဲ့တောင် သိနေပြီးသားပါ။

တာ့ရှမ်းကော်ကျောင်းတော်ဆိုတာ သူနဲ့ မစိမ်းလှပေ။

ထို ကွမ်းရှင်း ဆိုတဲ့ ကိုယ်တော်တောင် တာ့ရှမ်းကော်ကျောင်းတော်ကို ဝင်သွားတာပဲ၊ ဗုဒ္ဓရဲ့သားတော် လို့တောင် အခေါ်ခံရသေးတယ် မဟုတ်လား။

အနာဂတ်ကတော့ အလွန်တောက်ပမှာ သေချာသည်။

ဒါပေမဲ့ ဒီ ကျဲ့ခုန်း ဆိုတဲ့ ရဟန်းက ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာပဲ မသိရတာ။

မော်ရှန်းဂိုဏ်း လည်း ရှိသေးသည်။

မော်ရှန်းကတော့ တာအိုဘာသာရဲ့ အဓိကဂိုဏ်းကြီးတစ်ခုဖြစ်ပြီး၊ အဆောင်တွေနဲ့ ဂါထာမန္တန်တွေကို ကျွမ်းကျင်ကြတယ်၊ သရဲတစ္ဆေ နှိမ်နင်းရာမှာလည်း နာမည်ကြီးတယ်၊ တာအိုဂိုဏ်းခွဲတွေထဲမှာ လူ့လောကနဲ့ အနီးကပ်ဆုံး ရှိတဲ့ ဂိုဏ်းတစ်ခုပါ။

နာမည်က အလွန်ကြီးလှသည်။

ဒါကြောင့်လည်း မော်ရှန်းဂိုဏ်းသားပါဆိုပြီး အယောင်ဆောင်တဲ့သူတွေ အများကြီး ရှိကြတာပေါ့။

"မင်းပြောတဲ့ မော်ရှန်းက တာအိုဆရာ လူငယ်လေးက ဘယ်လိုလူမျိုးလဲ "

လီယန်ချူက မေးလိုက်သည်။

"ကြားရသလောက်တော့ သူက မော်ရှန်းဂိုဏ်းက အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ မြေးတဲ့၊ တာအိုပညာကတော့ ထက်မြက်တယ်၊ အကျင့်စရိုက်ကတော့ တော်တော်လေး ဗိုလ်ကျတတ်တယ် "

အမျိုးသမီးငယ်သည် သိသမျှကို အကုန်ပြောပြနေသည်။

စကားပြောနေရင်းနဲ့လည်း တမင်တကာ မြှူဆွယ်တဲ့ အမူအရာတွေကို လုပ်နေသေး၏။

ဒီမိန်းမက ယောကျ်ားတစ်ယောက်ရဲ့ စိတ်ဝင်စားမှုကို ဘယ်လိုနှိုးဆွရမလဲဆိုတာ ကောင်းကောင်းသိသည်။

လီယန်ချူက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ဒါတွေအပြင် တခြားရော ရှိသေးလား"

အမျိုးသမီးငယ်က ညုတုတုရယ်ကာ

"ကျွန်မ တာအိုဆရာအတွက် ဆက်ပြီး စုံစမ်းပေးနိုင်ပါတယ်၊ အချိန်တန်ရင် လူတိုင်းက ဟိုနတ်ဘုရားတောင်ဆီကို စုပြုံသွားကြမှာပဲ၊ အဲ့ဒီအချိန်ကျရင် ကျွန်မက အများကြီး အသုံးဝင်မှာပါ "

တကယ်လည်း ဟုတ်သည်။

ဒီလိုမျိုး ငယ်ရွယ်ချောမောပြီး မြှူဆွယ်တတ်တဲ့ အမျိုးသမီးတစ်ယောက်က ကျင့်ကြံသူတွေကြားထဲမှာတော့ အလွယ်တကူ ဝင်ဆံ့နိုင်ပါလိမ့်မည်။

ကြမ်းပြင်ပေါ်တွင် အသက်မသေသေးဘဲ လဲကျနေသော အင်္ကျီပြာနှင့်လူ၏ မျက်လုံးများထဲမှ သွေးမျက်ရည်များ စီးကျလာပြီး အလွန်အမင်း နာကျည်းနေရှာသည်။

အမျိုးသမီးငယ်၏ စကားသံများသည် သူ့နားထဲတွင်တော့ ကမ္ဘာပေါ်မှာ အထက်မြက်ဆုံး ဓားလှံတွေထက်တောင် ပိုပြီး နာကျင်စေပါသည်။

လီယန်ချူသည် အမျိုးသမီးငယ်ကို ဂရုမစိုက်ဘဲ အင်္ကျီပြာနှင့်လူရှိရာသို့ တည့်တည့်လျှောက်သွားသည်။

"အစ်ကိုကြီး... အေးအေးဆေးဆေးပဲ သေလိုက်ပါတော့၊ မင်းရဲ့ ဇနီးမယားကိုတော့ ငါပဲ စောင့်ရှောက်ပေးလိုက်ပါ့မယ် "

အင်္ကျီပြာနှင့်လူသည် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားပြီး၊ သွေးပူတစ်ချက်က လည်ချောင်းထဲ တက်လာကာ ဒေါသကြောင့်တင် သေလုနီးပါး ဖြစ်သွားရသည်။

ဘုန်း

ထျန်းကန်းလက်ဝါး

လီယန်ချူ၏ ပြင်းထန်ပြီး ပူပြင်းလှသော လက်ဝါးချက် ရိုက်ချလိုက်ရာ အင်္ကျီပြာနှင့်လူ၏ ခန္ဓာကိုယ်တစ်ဝက်မှာ ပေါက်ကွဲထွက်သွားတော့သည်။

သူ့ကိုယ်ထဲက မူလဝိညာဉ်ပိုးမွှားဟာလည်း လီယန်ချူရဲ့ အစွန်းရောက် အပူရှိန် လက်ဝါးချက်ကြောင့် တစ်ခဏအတွင်းမှာတင် ပျက်စီးသွားရသည်။

ကုသိုလ်မှတ် ၁၀၀၀ ရရှိသည်

လီယန်ချူ၏ မျက်နှာမှာ မည်သည့်ခံစားချက်မှ မရှိပေ။

ဒီအင်္ကျီပြာနှင့်လူက သူ့ရဲ့ ဒီဇနီးငယ်လေးအပေါ်မှာ ဒီလောက်အထိ အလေးထားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။

သို့သော်လည်း

လီယန်ချူမှာ ဒီလိုလူမျိုးတွေအပေါ်မှာ သနားစိတ် မရှိပါဘူး။

အကယ်၍ မိမိမှာ ကပ်ကျော်အဆောင်သာ မရှိဘူးဆိုရင်၊ ဒီလောက်အထိ အစွမ်းအစတွေ မရှိဘူးဆိုရင်၊ အခုအချိန်မှာ ကြမ်းပြင်ပေါ်မှာ လဲနေမှာက သူပဲ ဖြစ်နေပါလိမ့်မည်။

အမျိုးသမီးငယ်က ညုတုတုပြုံးရင်း ကပ်လာသည်

"တာအိုဆရာ... ကျွန်မကို အနားယူဖို့ ပြုစုခွင့်ပေးပါဦး "

သို့သော် သူမ ရှေ့သို့ မတိုးရသေးမီမှာပင် လီယန်ချူ၏ အေးစက်လှသော မျက်လုံးအစုံကို မြင်လိုက်ရသဖြင့် ချက်ချင်း ရပ်တန့်သွားသည်။

"ငါ သူ့ကို ညာပြောလိုက်တာပါ၊ မင်းက တကယ်ပဲ ရမ္မက်ကြီးပြီး သံယောဇဉ် ကင်းမဲ့သူပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လက်စားချေဖို့ ငါ့ဘေးမှာ ခိုကပ်ချင်နေတာပဲဖြစ်ဖြစ်၊ ငါကတော့ မင်းကို အရှင်မထားနိုင်ဘူး "

လီယန်ချူက အေးစက်စွာ ပြောလိုက်သည်။

အမျိုးသမီးငယ် ကြောင်သွားသည်။

ထို့နောက်မှာတော့ သူမ၏ ရင်ထဲမှာ တားဆီးမရနိုင်တဲ့ ဒေါသတွေ ပေါက်ကွဲထွက်လာတော့သည်။

ယောကျ်ားတွေကို ဒီလောက် ကောင်းကောင်း ကစားနိုင်တဲ့ မိမိက၊ ဒီလို ရိုးသားပုံပေါက်တဲ့ တာအိုဆရာလေးရဲ့ လှည့်စားတာကို ခံလိုက်ရတာလား။

လီယန်ချူက ခုနက စကားကို ထိုလူကို သေခါနီးမှာ ပိုပြီး နာကျင်သွားအောင် ပြောလိုက်ခြင်းသာ ဖြစ်သည်။

ဒီလိုမိန်းမမျိုးအပေါ်မှာ သူ စိတ်လှုပ်ရှားမှာ မဟုတ်သလို၊ ဖမ်းမိတဲ့ ရန်သူကိုလည်း ဘယ်တော့မှ အရှင်မထားပါဘူး။

"ငါ မင်းကို သင်ခန်းစာတစ်ခု ထပ်ပေးဦးမယ် ခုနက မင်းက ဒူးထောက်တောင်းပန်ပြီး ကျွန်မက ဒီအင်္ကျီပြာနဲ့လူရဲ့ ထိန်းချုပ်တာကို ခံထားရလို့ပါ၊ ကိုယ့်သဘောနဲ့ကိုယ် မဟုတ်ပါဘူး လို့ ပြောခဲ့ရင် ပိုပြီးတော့ ယုံကြည်စရာ ကောင်းဦးမယ် "

လီယန်ချူက လှောင်ပြောင်လိုက်သည်။

"သောက်ရူး "

အမျိုးသမီးငယ်၏ အကြည့်များမှာ အလွန်အမင်း နာကျည်းမုန်းတီး မှုတွေ ပြည့်နှက်နေပြီး စူးစူးဝါးဝါး အော်ဟစ်ကာ လီယန်ချူထံသို့ ပြေးဝင်လာသည်။

ပါးစပ်အတွင်းမှ မည်းမှောင်သော အဆိပ်ပိုးမွှားများ ထပ်မံထွက်ပေါ်လာပြီး လီယန်ချူထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။

ဝုန်း

လီယန်ချူက လက်ဝါးတစ်ချက် ထပ်မံရိုက်ချလိုက်ရာ၊ ပူပြင်းလှသော သွေးသားစွမ်းအားများက ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီး မီးလျှံတစ်ခုကဲ့သို့ ဖြတ်သန်းသွားသည်။

ဒီပိုးမွှားအုပ်ကြီးဟာ တစ်ခဏအတွင်းမှာတင် ပျောက်ကွယ်သွားတော့သည်။

ထွက်လာတဲ့ အဆိပ်ငွေ့တွေကိုလည်း ကပ်ကျော်အဆောင်က တားဆီးပေးထားသည်။

အမျိုးသမီးငယ်၏ ဦးခေါင်းမှာ တိုက်ရိုက် ပေါက်ကွဲထွက်သွားပြီး သွေးမြူမှုန်တွေအဖြစ် ပြောင်းလဲသွားသည်။

ပြီးတော့ တစ်ခဏအတွင်းမှာတင် မြင့်မားတဲ့ အပူရှိန်ကြောင့် အငွေ့ပျံသွားတော့သည်။

ထျန်းကန်းလက်ဝါးရဲ့ ယန်စွမ်းအင် ကို ဒီအဆင့်အထိ လေ့ကျင့်ထားတဲ့အတွက် အလွန်ပင် ပြင်းထန်လှသည်။

ကုသိုလ်မှတ် ၁၀၀၀ ရရှိသည်

ဒီလို စိတ်နှလုံး ယုတ်မာလှတဲ့ လင်မယားကို သတ်ဖြတ်ပြီးနောက် လီယန်ချူသည် သူတို့ဆီက ပစ္စည်းတွေကို စစ်ဆေးလိုက်သည်။

အမျိုးသမီးငယ်ဆီကနေ ရှေးဟောင်းဆန်တဲ့ ဆွဲသီးတစ်ကုံးကို တွေ့လိုက်ရသည်။

အပေါ်မှာ ထူးခြားတဲ့ နတ်ဘုရားအငွေ့အသက်တွေ ပါရှိနေသည်။

ဒါဟာ ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေထဲက နတ်ဘုရားလက်နက် တစ်ခုပါပဲ။

နောက်ထပ်ကတော့ ကျောက်စိမ်းပြားအကျိုးအပဲ့ နှစ်ခု

လီယန်ချူရဲ့ လက်ထဲမှာ ရှိတဲ့ ကျောက်စိမ်းပြားနဲ့ ထပ်တူပါပဲ၊ ဒါဟာ ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေရဲ့ သော့ချက်ပဲ ဖြစ်သည်။

မနေ့ညက အမှောင်ရောင်ထဲက ကြောက်စရာကောင်းတဲ့ အရာရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတဲ့ လူငယ်ဆီမှာလည်း ကျောက်စိမ်းပြား တစ်ခု ရှိခဲ့သည်။

ဒါပေမဲ့ သူကတော့ ဒီနတ်ဘုရားနယ်မြေထဲက နတ်ဘုရားလက်နက်ကို ရှာမတွေ့သေးတဲ့ပုံပါပဲ။

ဒါတွေအပြင်တော့ လီယန်ချူ တခြား တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရှာမတွေ့တော့ပါဘူး။

အမျိုးသမီးငယ်ရဲ့ ဓားရှည်နဲ့ အင်္ကျီပြာနဲ့လူရဲ့ ဓားကြီးကတော့ သာမန်လက်နက်တွေသာ ဖြစ်သည်။

လီယန်ချူက အစကတော့ သူတို့ရဲ့ အလောင်းတွေကို အပြင်ဘက်ကို ပစ်ထုတ်ပြီး အမှောင်ထဲက အရာတွေကို ဆွဲဆောင်မလားလို့ စဉ်းစားလိုက်သေးသည်။

ဒါပေမဲ့ ပြန်တွေးကြည့်တော့ ဒီအကြံက သိပ်ပြီး မသေချာဘူးလို့ ထင်တာနဲ့ လက်လျှော့လိုက်သည်။

ဝုန်း

အမှောင်ထုထဲကနေ ရုတ်တရက် အသံကြီးတစ်ခု ထွက်ပေါ်လာသည်။

မြေကြီးတစ်ပြင်လုံး တုန်ခါသွားပြီး၊ တစ်ခုခုသော ကြီးမားတဲ့ အရာတစ်ခုက မြေကြီးထဲကနေ ရုန်းထွက်ပြီး တက်လာသလိုမျိုးပါပဲ။

အခန်း (၁၈၀) - သခင်လေး

လီယန်ချူသည် အာရုံစူးစိုက်ကာ လှမ်းကြည့်လိုက်ရာ၊ တိမ်ပင်လယ်အတွင်း၌ မိုးကြိုးဘေးဒုက္ခများ တဝုန်းဝုန်းလှုပ်ခတ်နေပြီး မိုးကြိုးကန်ကြီး ဆင်းသက်လာသလိုပင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်မိုးကြိုးများ ကျဆင်းလာသည်

ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေအတွင်းရှိ တစ်နေရာသို့ ပစ်ခတ်နေခြင်းဖြစ်သည်။

စကားပုံတစ်ခုရှိသည်မှာ ကောင်းကင်က မိုးကြိုးပစ်သည် ဟူ၍ပင်

မိုးကြိုးအတတ်သည် လောကရှိ အစွန်းရောက် ယန်စွမ်းအင် ဖြစ်သည်၊ တစ်စုံတစ်ရာသော နေရာတွင် ယင်စွမ်းအင်၊ မိစ္ဆာစွမ်းအင် သို့မဟုတ် မကောင်းဆိုးဝါးစွမ်းအင်များ အလွန်အမင်း ထူထပ်နေချိန်တွင် ကောင်းကင်မိုးကြိုးကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။

"ဒါဟာ မိစ္ဆာတစ်ကောင် ရုန်းထွက်လာတာလား "

လီယန်ချူသည် အဝေးက ဖြူဖွေးသွားသော ကောင်းကင်ယံကို ကြည့်ရင်း စိတ်ထဲမှ တွေးတောနေမိသည်။

ဤမြင်ကွင်းသည် တကယ်ကိုပင် စိတ်နှလုံးကို တုန်လှုပ်စေပါသည်

ကောင်းကင်မိုးကြိုး၏ အရှိန်အဝါသည် လူကို တုန်လှုပ်ချောက်ချားစေရန် လုံလောက်လှသည်။

ဝုန်းဝုန်း... ဒိုင်းဒိုင်း

တိမ်ပင်လယ်အတွင်း၌ ကောင်းကင်ဘုရင် တစ်ပါး ဒေါသတကြီး စိုက်ကြည့်နေသလိုပင်

လက်ထဲတွင် ကောင်းကင်မိုးကြိုးကို ကိုင်ဆောင်ကာ မကောင်းဆိုးဝါးနှင့် တိုက်ခိုက်နေသလိုပါပဲ

မြေကြီးများ တုန်ခါကာ တောင်များ လှုပ်ခတ်နေသည်

ထူးဆန်းသည်မှာ လီယန်ချူသည် ကောင်းကင်မိုးကြိုး ပစ်ခတ်နေသည်နှင့် တိမ်ပင်လယ်ထဲမှ မရေမရာ မြင်တွေ့ရသော ကောင်းကင်ဘုရင်၏ ပုံရိပ်ကိုသာ မြင်တွေ့ရခြင်းဖြစ်သည်။

သို့သော်လည်း မိစ္ဆာကောင်၏ လှုပ်ရှားမှုကိုတော့ အစအနမျှ မမြင်ရပေ။

ဟိန်းဟောက်သံပင် မကြားရချေ။

ဝုန်းဝုန်း... ဒိုင်းဒိုင်း

မိုးကြိုးဘေးဒုက္ခသည် ၁၅ မိနစ်ခန့် တိတိ ကြာမြင့်ပြီးမှသာ တဖြည်းဖြည်း အစုကွဲသွားသည်။

မြေကြီးသည်လည်း ဆက်လက်တုန်ခါခြင်း မရှိတော့ဘဲ၊ အရာအားလုံး ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားသလိုပင်

လီယန်ချူသည် တာအိုနန်းတော် အပျက်အစီးအတွင်း၌သာ အေးအေးဆေးဆေး နေထိုင်နေပြီး၊ အန္တရာယ်ရှိသော နေရာသို့ ခြေတစ်လှမ်းမျှ မတိုးခဲ့ပေ။

ဒီနေ့ညရဲ့ အရှိန်အဝါက ဒီလောက်အထိ ကြီးမားနေတာကြည့်ရင်၊ အကယ်၍ မိစ္ဆာကြီး သို့မဟုတ် မိစ္ဆာဘုရင်တစ်ကောင် ထွက်ပေါ်လာတာဆိုရင်တောင် ဒါဟာ ကြောက်စရာကောင်းတဲ့ နှစ်တစ်ထောင် မိစ္ဆာမျိုး ဖြစ်နိုင်ပါတယ်။

ကောင်းကင်မိုးကြိုးရဲ့ အရှိန်အဝါလည်း ပါဝင်နေသေးသည်။

ဒါဟာ နတ်ဘုရားတွေ တိုက်ခိုက်နေသလို ခံစားချက်မျိုး ပိုပေးနေသည်၊ အကယ်၍ အပြင်ထွက်ပြီး အပျော်သွားကြည့်ရင် ကျွဲနှစ်ကောင်သတ်လို့ မြေစာပင် နာရ သလို ဖြစ်သွားနိုင်ပါသည်။

အဆိုးဆုံးအနေနဲ့။

အကယ်၍ ပြန်လာတဲ့အခါမှာ အမှောင်ထဲက မိစ္ဆာတွေ၊ မကောင်းဆိုးဝါးတွေကို ကိုယ့်နောက်မှာ သယ်လာမိရင် ဘယ်လိုလုပ်မလဲ။

လီယန်ချူသည် အစွမ်းအစရှိပြီး သတ္တိရှိသူ ဖြစ်သော်လည်း၊ ထိုကဲ့သို့ ကံဆိုးမည့်ကိစ္စမျိုးကိုတော့ သွားမလုပ်ချင်ပေ။

ကံကောင်းသည်မှာ မိုးကြိုးဘေးဒုက္ခသည် ခဏသာ ကြာမြင့်ခဲ့ပြီး၊ နောက်ဆက်တွဲ ပြဿနာ တစ်စုံတစ်ရာလည်း မဖြစ်ပေါ်ခဲ့ပေ။

ညဖက် ရောက်သောအခါ တာအိုနန်းတော် ကျောင်းဆောင်ကြီး၏ အပြင်ဘက်မှာ မှောင်မည်းနေပြီး လက်ဝါးဖြန့်ကြည့်လို့တောင် မမြင်ရပေ။

ခုနက အဝေးမှ မိုးကြိုးဘေးဒုက္ခ၏ အလင်းရောင်အနည်းငယ်ကို အကူအညီယူပြီး။

လီယန်ချူသည် အမှောင်ထဲတွင် ဖုံးကွယ်နေသော ထိုပုံရိပ်အချို့ကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။

အားလုံးက လူပုံသဏ္ဌာန်တွေပါပဲ။

ဒါပေမဲ့ သေသေချာချာတော့ မမြင်ရသေးဘူး၊ သူလည်း သိပ်ပြီးတော့ မသေချာလှဘူး။

သို့သော် လီယန်ချူ အသေအချာ သိလိုက်ရသည့် အချက်တစ်ခု ရှိသည်။

၎င်းမှာ ထိုကျန်းထင်ရှန်း နတ်ဘုရားနယ်မြေကြီးသည်...

သရဲခြောက်နေပြီ

သာမန် လေလွင့်သရဲ၊ မကောင်းဆိုးဝါးတွေကတော့ လီယန်ချူရဲ့ အနားကိုတောင် မကပ်နိုင်ပါဘူး၊ သူ့ရဲ့ မီးဖိုတစ်ခုလို ပူပြင်းလှတဲ့ သွေးသားစွမ်းအား ကြောင့် လောင်ကျွမ်းသေဆုံးသွားပါလိမ့်မည်။

ထို့အပြင် သူ့ကိုယ်ပေါ်တွင်လည်း မကောင်းဆိုးဝါးကို နှိမ်နင်းကာ ဘေးအန္တရာယ်ကို ကာကွယ်ပေးသည့် ရတနာများစွာ ရှိနေသေးသည်။

သို့သော် ဤနတ်ဘုရားတွေ စံမြန်းရာ တာအိုနယ်မြေမှာ သရဲခြောက်နေတာဆိုရင်တော့

ဒါဟာ နောက်ပြောင်ရမယ့် ကိစ္စမဟုတ်တော့ဘူး

လီယန်ချူ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားကာ လေးနက်သွားသည်၊ ထိုကျန်းထင်ရှန်း နတ်ဘုရားနယ်မြေသည် တာအိုနန်းတော် ကျောင်းဆောင်ကြီးအတွင်း၌သာ တည်ကြည်ဖြောင့်မတ်သော အရှိန်အဝါ ရှိနေသော်လည်း။

ညဖက်ရောက်သောအခါတွင်မူ ကြောက်မက်ဖွယ်ကောင်းပြီး ငရဲခန်းတစ်ခုကဲ့သို့ ဖြစ်နေသည်။

ဒါဟာ တကယ်ကို နားမလည်နိုင်စရာပါပဲ။

လီယန်ချူသည် အလောင်းနှစ်လောင်းကို မီးရှို့ဖျက်ဆီးလိုက်ရာ ပြာအဖြစ် ပြောင်းလဲသွားသည်။

ထိုအခါမှသာ စိတ်အေးလက်အေး အနားယူတော့သည်။

ပိုးမွှားအတတ် ကျင့်ထားတဲ့သူ နှစ်ယောက်ရဲ့ အလောင်းက ဘာတွေ ပြောင်းလဲသွားမလဲဆိုတာ သရဲပဲ သိလိမ့်မည်။

သန်းခေါင်ယံမှာ ပြန်ရှင်လာရင် ဘယ်လိုလုပ်မလဲ

တစ်ညလုံး တရားထိုင်ကာ အသက်ရှူကျင့်စဉ် ကျင့်ကြံပြီးနောက်၊ လီယန်ချူသည် စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွလာသည်။

တစ်ကိုယ်လုံး အင်အားအပြည့် ဖြစ်နေ၏။

ဆာလောင်မွတ်သိပ်ခြင်းလည်း မရှိဘဲ၊ တစ်ကိုယ်လုံးရှိ အခြေအနေမှာ အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။

"ဒါဟာ တကယ့်ကို အစာဖြတ်အတတ် ရဲ့ အစွမ်းပဲ၊ တကယ်ပဲ လေကိုစားပြီး နှင်းရည်ကို သောက်ကာ လူ့လောကရဲ့ အစားအသောက်တွေကို မစားဘဲ နေနိုင်တာပဲ။"

လီယန်ချူ စိတ်ထဲမှ တွေးလိုက်မိသည်။

သူသည် ထိုကြီးမားလှသော နတ်ဘုရားတောင်ဆီသို့ ဆက်လက် ခရီးနှင်ခဲ့သည်၊ တကယ်ကိုပင် 'တောင်ကိုလှမ်းမြင်ရပေမဲ့ မြင်းဇောကပ်သေ' ဆိုသလို ခရီးက အလွန်ဝေးကွာလှသည်။

ထိုကြီးမားလှသော ကျန်းထင်ရှန်းကို အဝေးကကြည့်လျှင် တိမ်တိုက်တွေထဲ ထိုးဖောက်ဝင်ရောက်နေသည်ကို မြင်ရသည်၊ လီယန်ချူ ခရီးနှင်ခဲ့သည်မှာ နှစ်ရက်ရှိပြီဖြစ်သော်လည်း ထိုပုံစံအတိုင်းပင် ရှိနေသေးသည်။

လုံးဝ ပြောင်းလဲသွားခြင်း မရှိပေ။

လီယန်ချူသည်ပင် သံသယဝင်လာမိသည်၊ ဒါဟာ ပုံရိပ်ယောင် တစ်ခုလားလို့တောင် ထင်မိသည်။

၎င်းကို မြင်တွေ့ရသောသူသည် အကယ်၍ လောဘစိတ် ဝင်လာပါက၊ အမြဲတမ်း ပြေးနေရပြီး ပြေးနေရကာ။

မောဟိုက်သေဆုံးသွားတဲ့အထိပါပဲ

သို့သော် ခမ်းနားထည်ဝါလှသော နတ်ဘုရားတောင်ဘက်တွင် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင် တွေ ကြွယ်ဝရုံသာမက၊ ပါးလွှာသော မြူခိုးများလည်း ဝန်းရံနေသည်။

ထိုမြူခိုးသည် သာမန်မြူခိုး သို့မဟုတ် အဆိပ်ငွေ့ မဟုတ်ဘဲ ဝိညာဉ်မြူခိုး ဖြစ်သည်။

၎င်းတွင် ကြွယ်ဝလှသော ဝိညာဉ်စွမ်းအင်များ ပါဝင်နေ၏။

ဤဝိညာဉ်မြူခိုးသည်ပင် အလွန်ရှားပါးသော အရာဖြစ်သည်၊ ပြင်ပလောကတွင် ဝိညာဉ်မြူခိုးရှိသော နေရာမျိုးကို မတွေ့ရသလောက်ပင်။

လီယန်ချူသည် အပျက်အစီးများကြားတွင် နှစ်ရက်တိုင်တိုင် ပြေးလွှားပြီးနောက် ပြဿနာတစ်ခုကို နောက်ဆုံးတွင် နားလည်သွားသည်။

၎င်းမှာ ယခုတစ်ကြိမ် နတ်ဘုရားနယ်မြေထဲသို့ ပို့ဆောင်လိုက်ခြင်းမှာ ကျပန်း ဖြစ်ဟန်တူသည်။

သူ ရောက်ရှိလာသည့် နေရာမှာ အပြင်ဘက်ဆုံး အဝိုင်းလားဆိုတာ မသိရပေမဲ့၊ အတွင်းပိုင်းတော့ မဟုတ်တာ သေချာပါသည်။

လမ်းခွဲတစ်လျှောက်တွင် သူသည် အသက်ရှင်သော လူတစ်ယောက်ကိုသာ တွေ့ခဲ့ရသည်။

၎င်းမှာ အလောင်းထမ်းသမား တစ်ဦးဖြစ်ပြီး၊ ဖြူဖွေးသော ခေါင်းတလားတစ်ခုကို ကျောပိုးထားသော်လည်း လှုပ်ရှားမှုကတော့ အလွန်လျင်မြန်သွက်လက်လှသည်။

အလောင်းထမ်းသမား ဆိုသည့် အသက်မွေးဝမ်းကျောင်းသည် သိုင်းလောက၏ ထူးဆန်းသူများ ထဲတွင် ပါဝင်ပြီး၊ အများအားဖြင့် သာမန်လူတွေကြားတွင် လှုပ်ရှားကြသည် မတော်တဆ သေဆုံးသူများ သို့မဟုတ် ရက်ရက်စက်စက် အသတ်ခံရသူများ၏ အလောင်းမှာ ရန်ငြိုး စွဲတတ်သဖြင့် သာမန်လူများ မသယ်ရဲကြပေ။

ထိုအချိန်မျိုးတွင် အလောင်းထမ်းသမားကို ရှာဖွေကာ အလောင်းကို သယ်ယူ မြှုပ်နှံစေပြီး၊ နာကျည်းချက်နှင့် သရဲစွမ်းအင်များကို ငြိမ်သက်စေရသည်။

ဝေမြို့က စုန့်စန်းလန် သည်လည်း အလောင်းထမ်းသမား တစ်ဦးဖြစ်ပြီး၊ သူ့ကိုယ်ထဲတွင် အပိုင်းနှစ်ပိုင်းအလောင်း တစ်ခုကို မွေးမြူထားခဲ့သည်၊ သို့သော် အဆင့်မမီသေးခင်မှာပင် လီယန်ချူ၏ အသတ်ခံလိုက်ရသည်။

ထို့ကြောင့် လီယန်ချူသည် အလောင်းထမ်းသမားများနှင့် မစိမ်းလှပေ။

သူ အနည်းငယ် ထူးဆန်းနေသည်မှာ တစ်ဖက်လူ ကျောပိုးထားသည့် ခေါင်းတလား၏ အရောင်ပင်။

အဖြူရောင် ခေါင်းတလားကို အများအားဖြင့် အိမ်ထောင်မပြုရသေးဘဲ သေဆုံးသွားသော အမျိုးသမီး သို့မဟုတ် ဇနီးမရသေးဘဲ သေဆုံးသွားသော အမျိုးသားများကို မြှုပ်နှံရန် အသုံးပြုလေ့ရှိသည်။

သာမန်လူတွေ အသုံးပြုသည့် ခေါင်းတလားမျိုး မဟုတ်ပေ။

အလောင်းထမ်းသမားများသည် တစ်နေ့ကုန် အလောင်းများနှင့် ထိတွေ့နေရသဖြင့် တစ်ခါတလေ အချို့သော အလောင်းထမ်းသမားများ၏ စိတ်နေစိတ်ထားက တဖြည်းဖြည်း ပုံပျက်ပန်းပျက် ဖြစ်လာတတ်သည်။

အချိန်ကြာမြင့်စွာ ဇနီးမယား မရရှိနိုင်သဖြင့်၊ လူအများစုသည် အလောင်းများအပေါ်တွင်ပင် ဖော်ပြမရနိုင်သော စိတ်ဝင်စားမှုမျိုး ရှိလာတတ်ကြသည်။

ပုံမှန်အားဖြင့် အလောင်းထမ်းသမားများသည် အားအင်အလွန်ကြီးပြီး၊ ဇာတာအလွန်ခဲ (အသက်ပြင်း) သော ကြမ်းတမ်းသည့် အမျိုးသားများ ဖြစ်ကြသည်။

ကျောပေါ်က ခေါင်းတလားသည် သူတို့၏ နည်းလမ်းပင်။

ဒါဟာ အလောင်းမွေးမြူခြင်း သို့မဟုတ် အလောင်းမောင်းနှင်ခြင်း ဂိုဏ်းဝင်တွေရဲ့ နည်းလမ်းနဲ့ ဆင်တူသည်၊ အလောင်းကောင်းတစ်ခုကို မွေးမြူခြင်းသည် သူတို့အတွက် ကျင့်ကြံခြင်း နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

လီယန်ချူနှင့် ထိုအလောင်းထမ်းသမားသည် အဝေးကနေ တစ်ချက်သာ ဆုံတွေ့ခဲ့ကြသည်။

နှစ်ဦးသား ခေါင်းညိတ် အသိအမှတ်ပြုလိုက်ကြပြီး၊ ရပ်တန့်ကာ စကားမပြောခဲ့ကြပေ။

အသီးသီး ထွက်ခွာသွားကြသည်။

နတ်ဘုရားအခွင့်အရေး ကို ရှာဖွေဖို့ကသာ အရေးကြီးဆုံးကိစ္စ ဖြစ်သည်။

လီယန်ချူသည် နတ်ဘုရားနယ်မြေ၏ အလယ်ဗဟိုတွင် တည်ရှိသော ကြီးမားလှသော နတ်ဘုရားတောင်ဆီသို့ ဆက်လက် ခရီးနှင်ခဲ့သည်။

လမ်းတစ်လျှောက်တွင် မည်သည့် သက်ရှိသတ္တဝါကိုမျှ မတွေ့ရပေ။

ငှက်များ၊ သားရဲများ သို့မဟုတ် ထူးဆန်းသော သစ်ပင်ပန်းမန်များ။

ဘာတစ်ခုမှ မရှိပေ။

ဒါဟာ လူသူကင်းမဲ့တဲ့ တောရိုင်းမြေ အပျက်အစီးတစ်ခုပါပဲ။

မြင်မြင်သမျှသည် ခြောက်ကပ်ပြီး အေးစက်လှသည်၊ ထိုအပျက်အစီးများကြားတွင်ပင် တန်ဖိုးရှိသော အရာတစ်ခုမျှ မရှိပေ။

အကုန်လုံး သန့်ရှင်းနေ၏။

ရံဖန်ရံခါတွင် နတ်ဘုရားလက်နက် ပုံသဏ္ဌာန် အရာအချို့ကို တွေ့ရသော်လည်း၊ ၎င်းတို့မှာ ဆွေးမြည့်ပျက်စီးနေပြီး နတ်ဘုရားအငွေ့အသက်များ ပျောက်ကွယ်နေပြီဖြစ်ရာ ယူဆောင်သွားရန် မလိုအပ်ပေ။

လီယန်ချူ၏ ကိုယ်ဟန်သည် ကြီးမားလှသော အပျက်အစီးများကြားတွင် ပြေးလွှားဖြတ်သန်းသွားရင်း၊ နောက်ဆုံးတွင် တာအိုနန်းတော် ကျောင်းဆောင်ကြီး တစ်ခု၏ ရှေ့သို့ ထပ်မံရောက်ရှိလာသည်။

ထိုတာအိုနန်းတော်သည် ယခင်တွေ့ခဲ့သည့် နန်းတော်ထက် သိသိသာသာ ပိုမိုကြီးမားသည်၊ အဝေးက လှမ်းကြည့်လျှင် တကယ့်ကိုပင် နတ်ဘုရားတွေ စံမြန်းရာ နန်းတော်ကြီး သို့မဟုတ် ဘုရင့်နန်းတော်ကြီး အတိုင်းပင်။

သို့သော် ယခုအခါတွင်မူ အကြီးအကျယ် ပျက်စီးနေပြီး၊ အုတ်ခဲကျောက်ခဲများမှာလည်း နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော လေးလံသည့် ခံစားချက်မျိုး ပေးနေသည်။

နောက်တစ်ခဏမှာပင် သမိုင်းရဲ့ ဖုန်မှုန့်တွေကြားထဲ လုံးဝ ပျောက်ကွယ်သွားတော့မယ့်အတိုင်းပါပဲ။

လီယန်ချူသည် ယခုတစ်ကြိမ်တွင် ကျောင်းဆောင်ကြီး၏ တံခါးဝ၌ လူတစ်ယောက် ရပ်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

၎င်းမှာ ရုပ်ရည်ကြမ်းတမ်းလှသော အရပ်ရှည်ရှည် ရဟန်းတစ်ဦးဖြစ်ပြီး၊ ခံ့ညားထည်ဝါသော အရှိန်အဝါရှိကာ အကြည့်များက မောက်မာလှသည်။

"ခဏလေး "

ကြမ်းတမ်းသော ရဟန်းက လီယန်ချူကို လှမ်းတားလိုက်သည်။

သူ၏ သန်မာထွားကျိုင်းသော ကိုယ်လုံးကြီးဖြင့် တာအိုနန်းတော် ကျောင်းဆောင်ကြီး၏ ရှေ့တွင် ပိတ်ရပ်ထား၏။

"မိတ်ဆွေ... ဘာကိစ္စရှိလို့လဲ "

လီယန်ချူက အေးဆေးစွာ မေးလိုက်သည်။

"ငါက ငါ့ရဲ့သခင်လေးအတွက် ဒီနတ်ဘုရားနယ်မြေထဲက ကျွမ်းကျင်သူတွေကို စုဆောင်းပေးနေတာ၊ ကိုယ့်လူတွေပဲ ကျောင်းဆောင်ထဲကို ဝင်ခွင့်ရှိမယ်"

ကြမ်းတမ်းသော ရဟန်းက အသံခပ်လေးလေးဖြင့် ပြောလိုက်သည်။

လီယန်ချူ မျက်ခုံးတစ်ချက် မြှင့်လိုက်မိသည်၊ ဒါဟာ ဘယ်အင်အားစုက သခင်လေးလဲ။

အလုပ်လုပ်ပုံက တော်တော်လေး ဗိုလ်ကျလွန်းလှသည်။

တာအိုနန်းတော် ကျောင်းဆောင်ကြီးရဲ့ တံခါးကို တိုက်ရိုက် ပိတ်ဆို့ထားတယ်ပေါ့။

ကောင်းကင်ယံ မှောင်မည်းသွားပြီးနောက်တွင် ဤတာအိုနန်းတော် ကျောင်းဆောင်ကြီးသည် ခိုလှုံရာ တစ်ခုကဲ့သို့ ဖြစ်သည်ကို သိထားရမည်။

တစ်ဖက်လူရဲ့ ပုံစံကို ကြည့်ရတာ၊ အကယ်၍ အထဲကို မဝင်ရင် သို့မဟုတ် အဖွဲ့ထဲမဝင်ရင် လွယ်လွယ်နဲ့ လွှတ်ပေးမယ့်ပုံ မပေါ်ဘူး။

All Chapters