အခန်း (၁၇၃-၁၇၄)
Vol. 12 Ch. 173-174
အခန်း ၁၇၃
- အပိုင်း ၃၃ - ထပ်မံ ဖတ်ရှုခြင်း (၄)
ကျနော်၏ ခန္ဓာကိုယ်ကို လျှပ်စစ်မီးစများက ရစ်ပတ်ထားပြီး ဖြစ်နိုင်စွမ်း မုန်တိုင်းတစ်ခု၏ အငွေ့အသက်များကို ခံစားနေရသည်။ လက်ရှိအခြေအနေမှာ ဒဏ္ဍာရီလာအဆင့် မဟုတ်သော နက္ခတ်တစ်ပါးအဖို့ မတောင့်ခံနိုင်လောက်သည့် အလွန်ပင် ကြီးမားသော ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်၏။
ချောက်ဂျွန်ဂယောင်းသည် စစ်တပ်တစ်ခုလုံးကို တစ်ကိုယ်တော် မည်သို့ ရင်ဆိုင်ခဲ့သည်ဟူသော မှတ်တမ်းများမှာ ချဲ့ကားထားခြင်း ဖြစ်သည်ဟု ကျနော် ထင်မှတ်ခဲ့မိသည်။ သို့သော် အမှန်တကယ်တွင် ထိုဇာတ်လမ်းများမှာ ချဲ့ကားထားခြင်း မဟုတ်ဘဲ လျှော့ပေါ့ ရေးသားထားခြင်းသာ ဖြစ်ပေသည်။
အမှန်တကယ်တွင် ချောက်ဂျွန်ဂယောင်းသည် နက္ခတ်တစ်ပါး ဖြစ်လာပြီးနောက် ကမ္ဘာမြေ၏ မှတ်တမ်းများတွင် ရေးသားထားသည်ထက် များစွာ ပိုမို အစွမ်းထက်လာခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရသော် ဤနက္ခတ်၏ အမည်ကို ကြားရုံမျှဖြင့်ပင် ထိတ်လန့်သွားမည့် ဓါးသခင်များစွာ ရှိပေ၏။
မည်သို့ပင်ဖြစ်စေ ကျနော် အောင့်အီး သည်းခံရမည် ဖြစ်သည်။ အကယ်၍ ကျနော်သာ ချောက်ဂျွန်ဂယောင်း၏ စိတ်ဝိညာဉ်ကို မတွန်းလှန်နိုင်ပါက ရက် ၁၀၀ ချိပ်တံဆိပ်ကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
[သင်၏ ‘အဆင့်အတန်း’ မှာ လောလောဆယ် ချိပ်ပိတ်ခံထားရပါသည်။]
[သင်၏ အဓိကစွမ်းရည်များမှာ လောလောဆယ် ချိပ်ပိတ်ခံထားရပါသည်။]
[ကျန်ရှိသော အချိန် - ရက် ၁၀၀။]
‘ဟုန်းဂစ်’ နက္ခတ်များ၏ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်သုံးဦးက ပြုလုပ်နိုင်သော ရက် ၁၀၀ ချိပ်တံဆိပ်မှာ ပစ်မှတ်၏ စွမ်းရည်များကို ပိတ်လှောင်နိုင်သည့် အဆင့်မြင့်ဆုံး ချိပ်တံဆိပ် ဖြစ်သည်။
[ကြက်သွန်ဖြူနှင့် မက်မန်းရွက်ကို စားသုံးပြီး ရက် ၁၀၀ တောင့်ခံပါ။]
အမှန်တကယ်တန်းတွင် ဤချိပ်တံဆိပ်မှာ မကောင်းသောအရာတော့ မဟုတ်ပေ။ အကယ်၍ ကျနော်သာ ကြက်သွန်ဖြူနှင့် မက်မန်းရွက်ကို ရက် ၁၀၀ တိတိ စားသုံးနိုင်ပါက ဟွာနွန်း၏ ကောင်းချီးကို ရရှိနိုင်ပြီး ခန္ဓာကိုယ်၏ စွမ်းရည်များကို နှိုးဆွပေးနိုင်မည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ကျနော့်၌ အချိန်အလုံအလောက် မရှိပေ။ ကောင်းကင်မှ ကျဆင်းလာသော ကြက်သွန်ဖြူနှင့် မက်မန်းရွက်များကို ကြည့်ရင်း ဟန်ဆိုယောင်းက မေးလိုက်သည်။
“ဟေ့၊ ပြီးတော့မှာလား”
“စွမ်းအားက ပြင်းလွန်းလို့ ထိန်းချုပ်ရတာ ခက်နေတယ်။ ခဏ စောင့်ဦး”
ကျနော် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ကျနော့် မှော်စွမ်းအင်ကို ထိန်းချုပ်လိုက်သည်။ ချောက်ဂျွန်ဂယောင်းသည် ကျနော်၏ ခေါ်ယူမှုကို တုံ့ပြန်သည့်အနေဖြင့် ခွန်အားကို ငှားရမ်းပေးခဲ့သော်လည်း သူ၏ အစစ်အမှန် အသံဖြင့် မည်သည့် စကားမှ မပြောခဲ့ပေ။ သူသည် ‘မင်းကိုယ်မင်း ယုံကြည်ချက်ရှိရင် စမ်းကြည့်လိုက်လေ’ ဟု ပြောလိုက်သည့်အလား သူ၏ ခွန်အားအချို့ကိုသာ လွှဲပြောင်းပေးခဲ့သည်။
ရလဒ်အနေဖြင့် ကျနော်သည် မိနစ် ၃၀ ခန့် သောင်းကျန်းနေသော ပေးလိုက်သည့် ဇာတ်လမ်းကို ထိန်းချုပ်နေရလေသည်။ ကျနော့် ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်အတိုင်း ခံစားနေရ၏။
ညည်းညူနေသော ဟန်ဆိုယောင်းကို ကြည့်ရင်း ကျနော် ရုတ်တရက် စိတ်တိုသွားမိသည်။
“ဒါတွေ အားလုံးက နင့်ကြောင့်ပဲ။ နင်သာ ငါ့ကို ဒိုင်းတစ်ခုလို အသုံးမချခဲ့ရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး”
“ဟမ်…ငါ တမင်လုပ်တာ မဟုတ်ပါဘူးဟာ”
“အဲ့ဒီစကားကို ငါက ယုံမယ်လို့ ထင်နေတာလား။ နင် အမြဲတမ်း လုပ်လေ့ရှိတဲ့ ပုံစံအရဆိုရင်…”
မကျေနပ်ချက်များစွာ စုပုံနေသဖြင့် ကျနော် ပွစိပွစိ ပြောခြင်းကို မရပ်တန့်နိုင်တော့ပေ။ မိနစ်အနည်းငယ် ကုန်ဆုံးသွား၏။
ဟန်ဆိုယောင်းသည် တဖြည်းဖြည်း စိတ်ကုန်လာပြီး အော်ဟစ်လိုက်သည်။
“အား….ငါ တောင်းပန်ပါတယ်။ ဟုတ်ပြီလား။ ဟုတ်ပါတယ်။ နင့်ကို ဒိုင်းအဖြစ် သုံးခဲ့မိတယ်။ အခု ငါ့ကို ဘာလုပ်စေချင်နေတာလဲ”
ဟန်ဆိုယောင်းသည် အရှက်မရှိလှဟု ကျနော် ပြောလိုက်ချင်သော်လည်း ထိုအချိန်တွင် တည်ရှိမှုတစ်ခုက ရုတ်တရက် ဝင်ရောက် စွက်ဖက်လာသည်။
[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က ချောင်းဟန့်ရင်း ကြားဖြတ် စကားပြောပါသည်။]
[ဟန်ဆိုယောင်းသည် သင့်ကို ဒိုင်းအဖြစ် မည်သည့်အခါမှ အသုံးမချခဲ့ကြောင်း ‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က ပြောကြားပါသည်။]
[သင်၏ သေဆုံးရခြင်းမှာ သင့်တာဝန်သာ ဖြစ်ကြောင်း ‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က ပြောကြားပါသည်။]
ဟန်ဆိုယောင်းက အော်ပြောသည်။
“ဟေ့…. ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေစမ်းပါ။ မလိုတာတွေ လျှောက်ပြောမနေနဲ့…”
“သူ ဘာကို ဆိုလိုတာလဲ”
“အဓိပ္ပာယ်မရှိတာတွေပါ။ အရေးစိုက်မနေနဲ့”
[ဟန်ဆိုယောင်းသည် သင့်နှလုံးကို ကာကွယ်မပေးခဲ့ခြင်းက သင်၏ အမဲရောင်မီးနဂါးပေါက်စကို ကာကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း ‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က အခိုင်အမာ ပြောဆိုသည်။]
…ငါ့ရဲ့ အမဲရောင်မီးနဂါးပေါက်စဟုတ်လား။
“အဲဒါကလေ ငါက…”
ဟန်ဆိုယောင်းသည် စကားမပြောမီ တုံ့ဆိုင်းနေလေသည်။
“ငါဆိုလိုချင်တာကတော့ဟာ။ ယောင်ဝူချိရဲ့ တိုက်ခိုက်မှုက… နင့်ဂွကြားကို ပြေးဝင်သွားလို့ပါ”
“…ဟမ်”
ကျနော်သည် အလွန် ဆွံ့အသွားသဖြင့် အရေးကြီးသော အခြေအနေကိုပင် မေ့လျော့ကာ သက်ပြင်းချလိုက်မိသည်။ ဟန်ဆိုယောင်းသည် ကျနော့်မျက်လုံးများကို စိုက်ကြည့်ရင်း တုံ့ဆိုင်းနေပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
“အဲဒါကလေ… နင်သာ နင့်အဝှာရဲ့လုပ်ဆောင်ချက်ကို ဆုံးရှုံးလိုက်ရရင် နည်းနည်း စိတ်မချမ်းသာ ဖြစ်သွားမှာ စိုးလို့ပါ… ဒါကြောင့် ငါက လမ်းကြောင်းကို ပြောင်းလိုက်တာလေ”
“အဲ့ဒါကြောင့် တိုက်ခိုက်မှုက ငါ့နှလုံးကို ထိသွားတာပေါ့လေ။ ဟုတ်လား”
“…အင်း၊ အဲဒီလို ဖြစ်သွားတာပဲ ပြောရမယ်ထင်တယ်”
တကယ်ကို အဓိပ္ပာယ်မရှိသော ဇာတ်လမ်းတစ်ခုပင်။ ဟန်ဆိုယောင်းသည် ကျနော် မည်သို့ လက်ခံမည်ကို မစောင့်ဆိုင်းတော့ဘဲ လျင်မြန်စွာ ထပ်လောင်း ပြောကြားလိုက်သည်။
“ငါ-ငါ့မှာ ဘာမှ ထူးထူးခြားခြား အတွေးမျိုး မရှိပါဘူး။ အထင်လွဲမနေနဲ့ဦး။ မဟူရာမီးလျှံ နဂါး ကောင်က ဝေလငါးပေါက်စကို ကာကွယ်ရမယ်ဆိုပြီး ငါ့ကိုအော်ဟစ်နေတာနဲ့…”
[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်သည် သူ၏ ကိုယ်စားလှယ်ကို အရှက်သည်း၊ စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေပါသည်။]
ကျနော် သက်ပြင်းအသာချလိုက်ပြီး ပြောလိုက်သည်။
“...အဲဒါကို ငါဂရုမစိုက်ပါဘူး။ နောက်တစ်ခါကျရင် ငါ့နှလုံးကိုပဲ သေချာကာကွယ်ပေးပါ”
ကျနော်၏ စကားကြောင့် ဟန်ဆိုယောင်းက အံ့အားသင့်သွားသော မျက်နှာပေးဖြင့် ခေါင်းညိတ်ပြသည်။ အခိုက်အတန့်မျှ အနေရခက်သော အငွေ့အသက်တစ်ခု ဖြစ်ပေါ်သွားလေသည်။
ဟန်ဆိုယောင်းက တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေပြီးမှ စကားစလိုက်သည်။
“ဒါနဲ့ ကင်ဒေါ့ဂျာ၊ ငါ့မှာ မေးစရာတစ်ခုရှိတယ်...”
“ဘာလဲ”
“သူက ဘာလို့ နင့်အဝှာကို အမဲရောင်မီးနဂါးပေါက်စလို့ ခေါ်ရတာလဲ”
……………………………………………………………………………………………
‘အဲဒီကလေးက... ငယ်ငယ်တုန်းက အရမ်းသေးတာ’
လီဆော့ယောင်သည် မဟူရာရဲတိုက်၏ မှောင်မည်းခြောက်ကပ်နေသော လွင်ပြင်များကို ငေးကြည့်ရင်း အတိတ်ကို ပြန်လည်အမှတ်ရနေမိသည်။
ဒီနေရာ၊ ဒီအချိန်ရောက်လာတဲ့အထိ အချိန်ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ။
လွယ်ကူသော ဇာတ်ဝင်ခန်းဟူ၍ တစ်ခုမှမရှိခဲ့ဘဲ အစီအစဉ်အားလုံးမှာလည်း တစ်ဝက်တစ်ပျက် ပျက်စီးယိုယွင်းခဲ့ရသည်။ သတင်းအချက်အလက် မလုံလောက်မှုကြောင့် သေလုမျောပါး အကျပ်အတည်းများကိုလည်း ဘယ်နှစ်ကြိမ်မက ကြုံတွေ့ခဲ့ရသနည်း။
‘နာဗားနားနဲ့ တွေ့တုန်းကဆိုရင် ပိုပြီးတောင် အန္တရာယ်များခဲ့တာ’
ပြန်လည်ဝင်စားသူ။ ထိုကဲ့သို့သော တည်ရှိမှုမျိုး ဤကမ္ဘာပေါ်တွင် ရှိနိုင်လိမ့်မည်ဟု လီဆော့ယောင် တစ်ခါမှ မတွေးခဲ့ဖူးပေ။ အစောကတည်းက ဝတ္ထုတစ်ပုဒ်က လက်တွေ့ဖြစ်လာခြင်းကပင် ပုံမှန်မဟုတ်သော ကိစ္စဖြစ်သည်။
လီဆော့ယောင် နောက်သို့လှည့်ကြည့်လိုက်ရာ ယောင်ဝူချိ၏ ကိုယ်စားလှယ်ဖြစ်သူ ချိုယောင်ရန်ကို တွေ့လိုက်ရသည်။
“ဘုရင်မ”
“ဘုရင်မလို့ ခေါ်တာ ရပ်လိုက်ပါတော့”
“...အမဆော့ယောင်”
ချိုယောင်ရန်၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ရှိနေသည်။
‘ဒါက မဆန်းပါဘူး’ ဟု လီဆော့ယောင် တွေးလိုက်မိသည်။
ချိုယောင်ရန်သည် လီဆော့ယောင်၏ အခြေအနေအားလုံးကို သိရှိသော တစ်ဦးတည်းသော လေလွင့်သူဖြစ်သည်။
“ရှင် သူ့ကို တိုက်ခိုက်နေဖို့ မလိုပါဘူး။ ရှင် ဘာလို့ အဲဒီစာအုပ်ကို ရေးခဲ့ရတယ်ဆိုတာ အမှန်အတိုင်းသာ ပြောလိုက်ရင်...”
“အမှန်အတိုင်း ပြောဖို့ဆိုတာ တိုက်ခိုက်ရတာထက် ပိုခက်တယ်။ အထူးသဖြင့် မိဘနဲ့ သားသမီးကြားမှာဆိုရင်ပေါ့”
အမှန်တကယ်တော့ လီဆော့ယောင်သည် ချိုယောင်ရန်၏ တိုက်တွန်းချက်ကြောင့်သာ ကင်ဒေါ့ဂျာနှင့် စကားပြောဖြစ်ခဲ့ခြင်းဖြစ်သည်။
ချိုယောင်ရန်က ဆက်လက်၍ ဖိအားပေးနေသည်။
“အခုက သူ အမှန်တရားကို လက်ခံနိုင်တဲ့အရွယ် ရောက်နေပါပြီ။ သူက ရှင်သိခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် ကောင်လေး မဟုတ်တော့ဘူးလေ”
“ငါ့အတွက်တော့ သူက ကလေးတစ်ယောက်ပါပဲ။ သူက အသက် ၃၀ပဲ ဖြစ်ဖြစ်၊ ၄၀ ပဲဖြစ်ဖြစ် အရေးမကြီးဘူး”
“...ဒါက မိဘတစ်ယောက်ရဲ့ မာနပဲ”
မာန...
ဟုတ်ပါတယ်၊ အဲဒါက မာနပါပဲ။
လီဆော့ယောင်က မျက်လွှာချလိုက်သည်။
“အစတုန်းကတော့ ငါ သတ္တိမွေးဖို့ ကြိုးစားခဲ့သေးတယ်။ အမှန်တရားကို ပြောပြဖို့ ကြိုးစားခဲ့တာပေါ့”
“...”
“ဒါပေမဲ့ သူ့မျက်လုံးတွေကို ကြည့်လိုက်မိတဲ့အခါ... အဲဒါက သူ့ဘဝထဲကို ငါက ဝင်ရောက်ဖို့အတွက် ဆင်ခြေပေးနေသလိုမျိုး ဖြစ်နေမယ်လို့ ခံစားလိုက်ရတယ်”
လက်တွေ့က ဝတ္ထုနှင့် ကွဲပြားသည်။ ဒဏ်ရာရနေသောသူတစ်ဦးကို ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်လိမ့်မည် ဖြစ်သော်လည်း ထိုဒဏ်ရာက အလွယ်တကူတော့ ပျောက်ကင်းသွားလိမ့်မည် မဟုတ်ပေ။
“အဲဒီကလေးက အမှန်တရားကို တကယ်လိုအပ်နေလားဆိုတာ ငါ မသိဘူး။ ငါကိုယ်တိုင် အမှန်တရားကို လိုအပ်နေတာလည်း ဖြစ်နိုင်တယ်။ ငါက အမေဆိုးတစ်ယောက်အနေနဲ့ မကျန်ရစ်ချင်ခဲ့ဘူးလေ”
လီဆော့ယောင်သည် ကင်ဒေါ့ဂျာကို ကာကွယ်ရန်အတွက် ကိုယ်တိုင် လမ်းမှားသို့ ရောက်ခဲ့ရသည်။ လီဆော့ယောင်၏ ကိုယ်ပိုင်ချစ်ခြင်းမေတ္တာ၏ ရလဒ်ကြောင့် ဤကဲ့သို့ ဖြစ်လာခဲ့ရခြင်းဖြစ်သည်။
[ ကိုယ်စားလှယ် ကင်ဒေါ့ဂျာသည် သူအချစ်ရဆုံးသောသူ၏ လက်ချက်ဖြင့် အသတ်ခံရလိမ့်မည်။ ]
လီဆော့ယောင်သည် သားဖြစ်သူ၏ ကံကြမ္မာကို ယူဆန်းအာထံမှ ပထမဆုံးကြားခဲ့ရသည့် အချိန်ကို ပြန်လည်အမှတ်ရလိုက်သည်။ အိုလံပတ်စ်၏ ကံကြမ္မာသည် သေချာပေါက် အကောင်အထည်ပေါ်လာလိမ့်မည် ဖြစ်သည်။
“...သားဖြစ်သူက တစ်နေ့ကျရင် ရှင့်ကို နားလည်သွားမှာပါ”
သားဖြစ်သူကို မည်သို့ကယ်တင်ရမည်အား သိရှိရန်အတွက် လီဆော့ယောင်သည် တည်ထောင်သူ၏ မိခင်ထံတွင် သုံးရက်နှင့် သုံးညတိုင်တိုင် အချိန်ပေးခဲ့ရသည်။
ဟုန်းဂစ်သို့ ပူဇော်သည့်အနေဖြင့် SSS အဆင့်ရှိ ပစ္စည်းသုံးခုကို ဆက်သခဲ့ရပြီး လီဆော့ယောင်၏ သက်တမ်းမှ အနှစ် ၂၀ ကိုလည်း ပေးခဲ့ရသည်။ အပြန်အလှန်အားဖြင့် အိုလံပတ်စ် ဖုံးကွယ်ထားသော ကံကြမ္မာမျဉ်းတစ်ခုကို ခိုးယူနိုင်ခဲ့သည်။
「အကယ်၍ နောက်ထပ် ဇာတ်ဝင်ခန်းသို့ မသွားပါက ကိုယ်စားလှယ် ကင်ဒေါ့ဂျာသည် အသက်ရှင်နိုင်မည်။ 」
လီဆော့ယောင် ပြုံးလိုက်သည်။
“တပ်ဖွဲ့တွေ အားလုံး စုရုံးပြီးပြီလား”
“ဟုတ်ကဲ့။ အားလုံး စုဝေးပြီးပါပြီ”
လွင်ပြင်၏ အစွန်းတွင် လီဆော့ယောင်ဦးဆောင်သော လေလွင့်သူများ အုပ်စု စုရုံးရောက်ရှိနေကြသည်။ သူတို့အားလုံးမှာ လီဆော့ယောင်ကို ယုံကြည်သောကြောင့် ဤနေရာတွင် ရှိနေကြခြင်းဖြစ်၏။ လီဆော့ယောင်က အဓိက ဇာတ်ဝင်ခန်းဇယားကို ဖွင့်လိုက်သည်။
[ အဓိက ဇာတ်ဝင်ခန်း #၉ - ၇၃ ယောက်မြောက် မိစ္ဆာဘုရင် ]
အမျိုးအစား
အဓိက
ခက်ခဲမှုအဆင့်
SS
အောင်မြင်ရန် လိုအပ်ချက်
သင်သည် မဟူရာရဲတိုက်၏ နောက်ဆုံးဇာတ်ဝင်ခန်းတွင် ပါဝင်ခွင့် ရရှိထားပါသည်။ မဟူရာရဲတိုက်၏ တတိယထပ်သို့ တက်လှမ်းရန်နှင့် နောက်ဆုံးဇာတ်ဝင်ခန်းသို့ ဝင်ရောက်ရန်အတွက် အဆင့်သတ်မှတ်ချက်အတွင်းရှိသူ လေးဦးကို စုစည်းပါ။
အချိန်ကန့်သတ်ချက်
ရက်ပေါင်း ၃၀
ဆုလာဘ်
၁၀၀,၀၀၀ ဒင်္ဂါး
ကျရှုံးမှု
သေဆုံးခြင်း
• သင်၏ လက်ရှိ မဟူရာရဲတိုက် အဆင့်သတ်မှတ်ချက်မှာ နံပါတ် ၂ ဖြစ်သည်။
• အဆင့်သတ်မှတ်ချက် ထိပ်တန်း ၁၀ ဦးအတွင်းရှိသော ကိုယ်စားလှယ်များသာ သင်နှင့်အတူ နောက်ဆုံးဇာတ်ဝင်ခန်းကို စိန်ခေါ်နိုင်မည် ဖြစ်သည်။
လီဆော့ယောင်က ချိုယောင်ရန်ကို လှမ်းကြည့်လိုက်သည်။ လီဆော့ယောင်တွင် လက်ရှိ၌ ထိပ်တန်းအဆင့်သတ်မှတ်ချက် ၁၀ ဦးအတွင်းမှ နှစ်ဦးရှိနေလေသည်။ ထိုသူများမှာ ချိုယောင်ရန်နှင့် လီဘုတ်ဆွန်းတို့ ဖြစ်ကြသည်။ ဇာတ်ဝင်ခန်းကို အောင်မြင်အောင်လုပ်ဆောင်ပြီး မဟူရာရဲတိုက်၏ နောက်ဆုံးထပ်ကို စိန်ခေါ်ရန်အတွက် နောက်ထပ် အဆင့်သတ်မှတ်ချက်အတွင်းရှိသူ နှစ်ဦး ထပ်မံလိုအပ်နေ၏။
ချိုယောင်ရန်က ပြောသည်။
“သူတို့ လာနေကြပြီ”
အသူတစ်ရာလွင်ပြင်၏ တစ်ဖက်ခြမ်းမှနေ၍ တပ်ဖွဲ့တစ်ခု တိုးဝင်လာနေသည်။ သူတို့က သုခဘုံမှ လာကြခြင်းဖြစ်၏။ တပ်ဖွဲ့၏ ထိပ်ဆုံးတွင် ရင်းနှီးနေသော မျက်နှာတစ်ခုကို လီဆော့ယောင် မြင်လိုက်ရသည်။
လီဆော့ယောင်က တစ်ဖက်တပ်ဖွဲ့မှ လူတစ်ယောက်ကို နှုတ်ဆက်လိုက်သည်။
“ယူဆန်းအာ။ မတွေ့ရတာ ကြာပြီနော်”
“အာ... တကယ်ပဲ၊ တကယ်ကို ဝမ်းသာလိုက်တာ... အသက်ရှင်နေတာပဲ။ ဒေါ့ဂျာရဲ့...”
“အဲဒီအကြောင်းကို နောက်မှပြောကြတာပေါ့”
လီဆော့ယောင်က ရှေ့တွင်ရှိနေသော အဖွဲ့ကို ကြည့်လိုက်သည်။
‘ဘယ်ဘက်ကနေ ညာဘက်ကိုဆိုရင် လီဟန်းဆောင်၊ ရှင်ယူဆောင်း၊ ယောင်ဟီဝန်၊ လီဂျီဟယ်နဲ့ လီဂီယောင်တို့ပဲ’
လီဟန်းဆောင်၊ ရှင်ယူဆောင်းနှင့် လီဂျီဟယ်တို့အကြောင်းကို ကင်ဒေါ့ဂျာထံမှ ကြားဖူးသော်လည်း လီဂီယောင်နှင့် ယောင်ဟီဝန်တို့အကြောင်းကိုမူ တစ်ခါမှ မကြားဖူးခဲ့ပေ။ မူရင်းဝတ္ထုနှင့် မသက်ဆိုင်ဘဲ သားဖြစ်သူ စည်းရုံးထားသည့် လူသစ်များ ဖြစ်ကောင်းဖြစ်နိုင်သည်။
‘မူရင်းဇာတ်ကောင်တွေပဲ ရှိရင် အများကြီး ပိုလွယ်မှာကို။ ငတုံးလေးကတော့ကွာ’
ငယ်ငယ်တုန်းကလည်း ကင်ဒေါ့ဂျာသည် ခန့်မှန်းရခက်သော အရာများကို အမြဲလုပ်လေ့ရှိသည်။ ထို့ကြောင့်ပင် လီဆော့ယောင်က သားဖြစ်သူကို အနုပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ယုံကြည်ခဲ့ခြင်းဖြစ်၏။
“လေလွင့်သူများ၏ ဘုရင်မ”
လီဆော့ယောင် စောင့်ဆိုင်းနေခဲ့သည့် လူသားထံမှ အသံထွက်ပေါ်လာသည်။ ထိုသူသည် ထောင်ထဲတွင် ရှိနေစဉ်က သားဖြစ်သူထံမှ မကြာခဏ ကြားခဲ့ရသည့် လူဖြစ်သည်။ ထိုသူကို လူကိုယ်တိုင် တွေ့ရလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။
“ယူဂျွန်ဟော့”
အမြင့်မြတ်ဆုံးဘုရင် ယူဂျွန်ဟော့။ ဤဇာတ်လမ်း၏ အဓိကဇာတ်ကောင်က ပြောလိုက်သည်။
“ဘာလို့ ကျုပ်ကို ဒီမှာ တွေ့ချင်ရတာလဲ”
“ဒီဇာတ်ဝင်ခန်းကို အဆုံးသတ်ဖို့ ငါဆုံးဖြတ်လိုက်လို့ပါ”
ယူဂျွန်ဟော့က လီဆော့ယောင်၏ ဘေးနားကို တစ်ချက်ကြည့်လိုက်ပြီး မေးသည်။
“ခင်ဗျားလည်း ကောင်းကင်ဘုံဘုရင်လေးပါးကို စုဆောင်းနေတာလား”
“ကောင်းကင်ဘုံဘုရင်လေးပါးဟုတ်လား”
“နောက်ထပ် ဇာတ်ဝင်ခန်းကို သွားဖို့ အဆင့်သတ်မှတ်ချက်အတွင်းရှိသူ လေးယောက် လိုတယ်လေ။ ခင်ဗျား မသိဘူးလား”
“အာ... ဟုတ်သားပဲ၊ အဲဒါကြောင့် စုဆောင်းနေတာပါ။ သူတို့ကို ကောင်းကင်ဘုံဘုရင်လေးပါးလို့ ခေါ်တာကိုး။ ငါကတော့ ဒီဘက်ခေတ် ကလေးတွေသုံးတဲ့ စကားတွေကို လိုက်မမှီတော့ဘူး”
လီဆော့ယောင်၏ စကားကြောင့် ယူဂျွန်ဟော့၏ မျက်ခုံးများ တွန့်ချိုးသွားသည်။
“ခင်ဗျားရဲ့ စိတ်နေစိတ်ထားက တော်တော် ကောက်ကျစ်တာပဲ”
“နင်ကလည်း တော်တော် လည်တဲ့ ကလေးပဲ”
လူနှစ်ဦး၏ မျက်လုံးချင်း ဆုံသွားကြပြီး စွမ်းအင်လှိုင်းများ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ အကြည့်ချင်း ဖလှယ်ရုံမျှဖြင့် ယူဂျွန်ဟော့၏ စွမ်းအားကို လီဆော့ယောင် ဝေဝါးစွာ ခန့်မှန်းမိလိုက်သည်။
ထိုစွမ်းအားက အဆင့်ကျော်လွန်နေသည်။ ဇာတ်လမ်း၏ အဓိကဇာတ်ကောင် ဖြစ်ရန်အတွက် ဤအဆင့်မျိုး ရှိနေရမည်မှာ သေချာသည်။
လီဆော့ယောင်က အသက်ကို ခပ်မြန်မြန်ရှူသွင်းလိုက်ပြီး စကားပြောလိုက်သည်။
“ငါ နင်နဲ့ လက်တွဲချင်တယ်။ ကျန်တဲ့ အဆင့်သတ်မှတ်ချက်အတွင်းရှိသူတွေကို အတူတူ စုဆောင်းရအောင်”
“...အဆင့်သတ်မှတ်ချက်အတွင်းရှိသူတွေဟုတ်လား”
“ဟုတ်တယ်။ နင့်ရဲ့ ရည်မှန်းချက်က ဒီကမ္ဘာကြီးကို ကယ်တင်ဖို့ မဟုတ်ဘူးလား။ နောက်ထပ် ဇာတ်ဝင်ခန်းကို ပြီးမြောက်အောင် လုပ်ချင်ရင် တတ်နိုင်သမျှ အစွမ်းထက်ဆုံး ကိုယ်စားလှယ်အင်အား လိုလိမ့်မယ်။ ငါ ကူညီနိုင်ပါတယ်။ ငါ့ရဲ့ ထောက်ပံ့သူက တည်ထောင်သူ၏ မိခင် ပါ”
‘တည်ထောင်သူ၏ မိခင်’ ဟူသော စကားကြောင့် ယူဂျွန်ဟော့၏ မျက်ဝန်းများ အနည်းငယ် တင်းမာသွားသည်။ သို့သော် ခဏမျှသာ ဖြစ်သည်။ ယူဂျွန်ဟော့၏ ပါးစပ်မှ ထွက်လာသော စကားများမှာ လုံးဝ မျှော်လင့်မထားသော အရာများ ဖြစ်နေသည်။
“ကင်ဒေါ့ဂျာ ဘယ်မှာလဲ”
“...ဘာလို့ သူ့ကို ရှာနေရတာလဲ”
“ခင်ဗျား သူ့ကို ခေါ်သွားတယ်လို့ ကြားတယ်”
“အဲဒါက ဘာဖြစ်လို့လဲ”
လီဆော့ယောင်၏ ကမ်းလှမ်းချက်အပေါ် ယူဂျွန်ဟော့၏ ဂရုမစိုက်သော အမူအရာကြောင့် လီဆော့ယောင် တစ်ခုခုကို ထူးဆန်းစွာ ခံစားလိုက်ရသည်။ သားသမီးရှိသော မိခင်တစ်ယောက်သာ သိရှိနိုင်သည့် စိတ်အနှောင့်အယှက်ဖြစ်စရာ ခံစားချက်မျိုးဖြစ်၏။
လီဆော့ယောင်က မေးသည်။
“မဟုတ်မှလွဲရော နင်က ဒေါ့ဂျာကို နင့်ရဲ့ ကောင်းကင်ဘုံဘုရင်လေးပါးထဲမှာ ထည့်ဖို့တွေးနေတာလား”
“အဲဒီမေးခွန်းကို ဖြေဖို့ ကျုပ်မှာ တာဝန်မရှိဘူး”
“နင့်ရဲ့ စရိုက်က သူပြောတဲ့အတိုင်း တစ်ထေရာတည်းပဲနော်”
“...ကင်ဒေါ့ဂျာက ကျုပ်အကြောင်းတွေ ပြောပြတာလား”
“ပြောပြတာပေါ့။ အများကြီး ပြောပြခဲ့တာ”
ယူဂျွန်ဟော့၏ မျက်လုံးများကို စိုက်ကြည့်နေရင်း လီဆော့ယောင်၏ သံသယများက ပိုမို တိုးလာခဲ့သည်။
လီဆော့ယောင်က မေးလိုက်သည်။
“ သုခဘုံက စွမ်းဆောင်ချက်တွေကို ငါ့သားဆီ နင်က လွှဲပေးလိုက်တယ်လို့ ကြားတယ်။ ဘာလို့ အဲဒီလို လုပ်ခဲ့တာလဲ”
“သူ ပိုသန်မာလာရင် ကမ္ဘာကြီးကို ကယ်တင်နိုင်မှာမလို့လေ”
“အာဟား…. နင်က သူ့ကို ‘အဲဒါ’ အတွက် သုံးဖို့ပေါ့လေ”
လီဆော့ယောင်က စကားလုံးတစ်လုံးကို တမင်တကာ အလေးပေး ပြောလိုက်သည်။ အားလုံးကို သိနေသည့်အလား ပေါ့ပေါ့ပါးပါး လေသံမျိုးဖြင့် ဖြစ်သည်။
ယူဂျွန်ဟော့က ပြန်ဖြေသည်။
“ကင်ဒေါ့ဂျာက ဒီကမ္ဘာကြီးအတွက် လိုအပ်တယ်။ ကျုပ် သူ့ကို လိုအပ်တယ်”
“...”
“သူက ကျုပ်ရဲ့ အပေါင်းအဖော်ဖြစ်လာမှာဖြစ်ပြီး ဇာတ်ဝင်ခန်းရဲ့ အဆုံးသတ်ကို မြင်တွေ့ရမယ့်သူပဲ”
လီဆော့ယောင်၏ အမူအရာက တဖြည်းဖြည်း မာကျောသွားသည်။
အပေါင်းအဖော်ဟုတ်လား။ သားဖြစ်သူ ပြောခဲ့ဖူးသည့် အသံက စိတ်ထဲတွင် ပေါ်လာသည်။
- ‘အဲဒီကောင်က တကယ့် စိတ်ဝေဒနာရှင်ပဲ။
- သူက လူတွေကို ဘယ်လိုအသုံးချရမလဲဆိုတာကလွဲရင် ဘာမှမသိဘူး။
- သူက သူ့ရဲ့ ပန်းတိုင်ရောက်ဖို့အတွက်ဆိုရင် ဘာမဆို လုပ်မယ့်သူ’
“ဒါက ထူးဆန်းနေတယ်။ ငါ ကြားဖူးထားတဲ့ ယူဂျွန်ဟော့က နင့်လိုမျိုး ဘယ်တော့မှ ဒီလိုစကားမျိုးပြောမှာ မဟုတ်ဘူး”
“ခင်ဗျားတို့ မိသားစုက တစ်ဖက်လူကို ကောင်းကောင်းသိသလိုမျိုး စကားပြောရတာကို ဝါသနာပါကြတာလား”
ယူဂျွန်ဟော့က သူ၏ ဓါးကို ဆွဲထုတ်လိုက်သည်။ ထပ်ပြီး ဆွေးနွေးနေဖို့ မလိုတော့ကြောင်း ပြသလိုက်သည့် ခိုင်မာသော သဘောထားပင် ဖြစ်သည်။
“ကင်ဒေါ့ဂျာကို ကျုပ်ဆီပေးစမ်း။ ဒါဆိုရင် ခင်ဗျားကို အသက်ချမ်းသာပေးမယ်”
လီဆော့ယောင်က ယူဂျွန်ဟော့၏ တောက်လောင်နေသော မျက်လုံးများကို စိုက်ကြည့်ရင်း သားဖြစ်သူ၏ အသံကို ပြန်လည်အမှတ်ရနေသည်။ ညည်းညူမှုတွေ များနေသော်လည်း သားဖြစ်သူက ထိုအကြောင်းပြောလျှင် အမြဲတမ်း စိတ်လှုပ်ရှားနေပုံရသည်။
- ‘ဒါပေမဲ့ သူ မပါရင် ဇာတ်လမ်းက ဆက်သွားမှာ မဟုတ်ဘူး။ Ways of Survival ဆိုတာက အဲဒီလို ဝတ္ထုမျိုးပဲ’
ထိုအချိန်တွင် လီဆော့ယောင်၏ ခေါင်းထဲ၌ သိမြင်နားလည်မှုတစ်ခု ဝင်ရောက်လာသည်။
「 ကိုယ်စားလှယ် ကင်ဒေါ့ဂျာသည် သူ အချစ်ရဆုံးသောသူ၏ လက်ချက်ဖြင့် အသတ်ခံရလိမ့်မည်။ 」
လီဆော့ယောင်သည် ဤကံကြမ္မာ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်သွားသည်။ အမြတ်နိုးရဆုံးသော သားကို မည်သူက သတ်မည်ကို သိသွားခဲ့ပြီ ဖြစ်သည်။ လီဆော့ယောင်သည် ဤကဲ့သို့သော တင်စားချက်များနှင့် သင်္ကေတများကို ရင်းနှီးကျွမ်းကျင်သူဖြစ်၍ ဤထိုးထွင်းသိမြင်မှုကို ရရှိခဲ့ခြင်း ဖြစ်နိုင်လေသည်။
“ဒါကြောင့်ကိုး”
လီဆော့ယောင်က အရာအားလုံးကို နားလည်သွားပြီး ရယ်မောလိုက်သည်။
ဒါက လီဆော့ယောင်၏ မူလအစီအစဉ် မဟုတ်ခဲ့ပေ။ သို့သော်လည်း နိမိတ်ဖတ်ချက်အရ အစီအစဉ်ကို ဤနေရာတွင် ပြောင်းလဲရတော့မည် ဖြစ်သည်။
“စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ နင်နဲ့ ငါ့သားကို ပေးမတွေ့နိုင်ဘူး”
“ဘာလို့လဲ”
“ကလေးက လူဆိုးတွေနဲ့ ပေါင်းနေရင် ထိန်းကျောင်းဖို့က မိခင်တစ်ယောက်ရဲ့ တာဝန်ပဲ”
လီဆော့ယောင်က ရှစ်မြှောင့်ခေါင်းလောင်းကို ထုတ်ယူလိုက်စဉ် လီဆော့ယောင်၏ မျက်ဝန်းများက အေးစက်နေသည်။
“ငါ့သားကို အသိတရားဝင်အောင်လုပ်ပေးရမယ်”
အခန်း ၁၇၄
- အပိုင်း ၃၃ - ထပ်မံဖတ်ရှုခြင်း (၅)
ထိုအချိန်တွင် ဘီဟွန်းက စီမံခန့်ခွဲရေးဌာန၏ ဆိုးလ်အုပ်ချုပ်ရေးဌာနခွဲသို့ ရောက်ရှိနေလေသည်။
မကြာမီ ဆိုးလ်ဒေသ လွတ်မြောက်ရေး ဇာတ်ဝင်ခန်း စတင်တော့မည့် အချိန်ဖြစ်သဖြင့် ဒေသအတွင်းရှိ ဒိုကဲဘီ အားလုံးသည် ဇာတ်ဝင်ခန်းကို အပြီးသတ်နိုင်ရန် အလုပ်ရှုပ်နေကြ၏။
ဘီဟွန်းက ဌာနခွဲ၏ စင်္ကြံတစ်လျှောက် လမ်းလျှောက်လာစဉ် သင်တန်းဆရာနှင့်အတူ သွားလာနေသော အသစ်ခန့်အပ်ထားသည့် အဆင့်နိမ့် ဒိုကဲဘီများကို တွေ့လိုက်ရသည်။
ထိုဒိုကဲဘီတို့မှာ အသစ်မွေးဖွားလာသော ဒိုကဲဘီများ ဖြစ်ကြသည်။ ၎င်းတို့သည် ဌာနခွဲ၏ ပညာရေးစင်တာတွင် အခြေခံပညာသင်ကြားမှုကို ခံယူကြပြီးနောက် ကိုယ်ပိုင် ရုပ်သံလိုင်းများကို တာဝန်ပေးအပ်ခြင်းခံရကာ ရုပ်သံထုတ်လွှင့်သူများအဖြစ် ပြန်လည်မွေးဖွားကြသူများ ဖြစ်၏။
"နက္ခတ်များရဲ့ စိတ်ဝင်စားမှု ကျဆင်းလာရင် ဝင်ရောက်စွက်ဖက်ဖို့ မတွန့်ဆုတ်ပါနဲ့။ ပေးထားတဲ့ အဓိကဇာတ်ဝင်ခန်းထဲမှာ တိုက်ရိုက်ဝင်ရောက်စွက်ဖက်လို့ မရတာမလို့ လူတွေကြားထဲမှာ ပဋိပက္ခတွေ ပိုဆိုးလာအောင်ပဲဖြစ်ဖြစ် အန္တရာယ်ရှိတဲ့ အခြေအနေတွေ ဖန်တီးဖို့ပဲဖြစ်ဖြစ် နောက်ဆက်တွဲ ဇာတ်ဝင်ခန်းတွေကို အသုံးချပါ"
"ဇာတ်ကောင်တွေရဲ့ ပဋိပက္ခတွေကြောင့် နက္ခတ်တွေ စိတ်အနှောင့်အယှက်ဖြစ်မယ့် အခြေအနေမျိုးကို မဖန်တီးပါနဲ့။ လူကောင်းဆိုတာ လူကောင်းပဲ ဖြစ်ရမယ်၊ လူဆိုးဆိုတာ လူဆိုးပဲ ဖြစ်ရမယ်။ နှစ်ဖက်ကွဲပြားမှုကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပါ။ ဒါမှသာ နက္ခတ်တွေက သူတို့ရဲ့ ဒေါသကို ပုံအောရမယ့်သူတွေကို အလွယ်တကူ ဆုံးဖြတ်နိုင်မှာ"
"ကိုယ်စားလှယ်ကို အဖြစ်အပျက်တွေရဲ့ အလယ်ဗဟိုမှာ ရှိနေအောင် အမြဲတမ်း ဆွဲဆောင်ပါ။ ဒါပေမဲ့ အဓိက ကိုယ်စားလှယ်ကိုပဲ စောင့်ကြည့်ပြီး အဖြစ်အပျက်တွေက အဲဒီကိုယ်စားလှယ်ကို ဗဟိုပြုပြီး လည်ပတ်နေအောင် လုပ်ပါ။ ပြီးတော့ ဒါဟာ လုပ်ယူထားတယ်ဆိုတဲ့ ခံစားချက်မျိုးလည်း မပေးမိပါစေနဲ့"
သင်တန်းဆရာများက ထိုစကားများကို ပြောကြားနေပြီး အဆင့်နိမ့် ဒိုကဲဘီများကလည်း မှတ်စုများ လိုက်မှတ်နေကြသည်။
တစ်ချိန်က ဘီဟွန်းကိုယ်တိုင်လည်း ၎င်းတို့ထဲက တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သူသည် ဇာတ်ဝင်ခန်းကို မည်သို့ ဆက်လက်ဆောင်ရွက်ရမည်ကို သင်ယူခဲ့ပြီး မည်သို့ပြုံး၍ မည်သို့စကားပြောရမည်ကိုလည်း သင်ကြားခဲ့ရသည်။ ထိုသို့ဆောင်ရွက်ရသည်မှာ အလွန်အမင်း ထူးဆန်းမနေသင့်သလို အလွန်အမင်း ရိုးအီမနေသင့်ပေ။ ဇာတ်ဝင်ခန်း တိုးတက်မှုကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရသည့် ရုပ်သံထုတ်လွှင့်သူတစ်ဦး ဖြစ်လာဖို့လိုပေသည်။
"အတိတ်ကို သတိရနေတာလား"
ဘီဟွန်း လှည့်ကြည့်လိုက်သောအခါ ဆိုးလ်ဌာနခွဲ၏ အကြီးအကဲဖြစ်သူ အဆင့်မြင့်ဒိုကဲဘီ‘ဘာရမ်’ ကို တွေ့လိုက်ရသည်။ ဘီဟွန်း စိတ်လှုပ်ရှားသွားပြီး သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။
ဘာရမ်က သူ၏ မုတ်ဆိတ်မွှေးကို သပ်ရင်း အဆင့်နိမ့် ဒိုကဲဘီများကို စိုက်ကြည့်လိုက်သည်။
"ဒါက တကယ့်ကို ဆိုးရွားတဲ့ မြင်ကွင်းပဲ။ နက္ခတ်တွေအတွက် တက်ကြွစေတယ်လို့ ကြားရတိုင်းမှာ ဒိုကဲဘီတွေဟာ ပုံသေကားချပ်ပညာရေးကနေ သင်ယူထားတဲ့ အရာတွေကို ပြုလုပ်ခဲ့တာပဲ ဖြစ်နေတယ်"
"အဆင့်မြင့် ဒိုကဲဘီတစ်ယောက်က ဒီလိုပြောတာဟာ နည်းနည်းတော့ မသင့်တော်သလိုပဲ"
‘ဒီလမ်းညွှန်ချက်တွေကို ဖန်တီးခဲ့တာ ခင်ဗျားပဲ မဟုတ်ဘူးလား’ ဟူသော စကားလုံးများကို ဘီဟွန်း မြိုချလိုက်သည်။
ဘာရမ်က ခါးသီးစွာ ရယ်မောလိုက်သည်။
"ဒါကတော့ တခြားနည်းလမ်းမရှိဘူးလေ။ ဒီလို ဇာတ်ဝင်ခန်းတွေကမှ ရောင်းကောင်းတာကိုးကွ"
"ခြွင်းချက်တွေလည်း ရှိနိုင်ပါတယ်"
"ရှိတော့ ရှိသင့်တာပေါ့။ ဒါပေမဲ့ အဲဒီ ‘ခြွင်းချက်’ ဆိုတာကလည်း သာမန်ဇာတ်ဝင်ခန်းတွေက သိသိသာသာ စက်ဆုပ်ရွံရှာဖွယ် ကောင်းနေမှပဲ ဖြစ်နိုင်တာလေ"
အဆင့်နိမ့် ဒိုကဲဘီ အချို့သည် ဖန်သားပြင်များရှေ့တွင် စုရုံးကာ ဆိုးလ်ဒေသအတွင်း ဖြစ်ပျက်နေသော ဇာတ်ဝင်ခန်းများကို ကြည့်ရှုနေကြသည်။ ဖန်သားပြင်ပေါ်တွင် ဆိုးလ်ဒေသ၌ အကြီးဆုံးရုပ်သံလိုင်းတွင် ပါဝင်နေသော ကိုယ်စားလှယ်များ၏ ဇာတ်လမ်းများ စီးဆင်းနေ၏။ ဘီဟွန်း၏ မျက်နှာ အနည်းငယ် ပူလာသည်။
—ဒါဆိုရင် ခင်ဗျားကို သတ်ဖို့ပဲ ရှိတော့တယ်
—ယူဂျွန်ဟော့။ မလုပ်ပါနဲ့
ယူဂျွန်ဟော့နှင့် လီဆော့ယောင်တို့သည် မဟူရာရဲတိုက်၏ ဒုတိယထပ်တွင် တစ်ဦးနှင့်တစ်ဦး ရင်ဆိုင်နေကြသည်။
—ချီးပဲ ဘာလို့ ■■ နဲ့ ■■တွေ ထွက်မလာတာလဲ
—ထွက်လာမှာပါ။ ဘယ်တော့လဲဆိုတာပဲ မသိတာ
အခြားတစ်ဖက်တွင်မူ ကင်ဒေါ့ဂျာနှင့် ဟန်ဆိုယောင်းတို့သည် ယန္တယားတံခါးပေါက် အစီအရင်ထဲတွင် မသိသေးသော ဇာတ်လမ်းတစ်ခုအကြောင်း ဆွေးနွေးနေကြသည်။
ဘီဟွန်း စဉ်းစားခန်း ဝင်သွားသည်။
‘စစ်ထုတ်ခံရမယ့် သတင်းအချက်အလက်တွေကို မပြောဖို့ ငါ သူ့ကို သတိပေးထားတယ်လေကွာ။ ချီးပဲ’
အဆင့်မြင့်ဒိုကဲဘီ ဘာရမ်က စကားစလိုက်သည်။
"မင်းရဲ့ ရုပ်သံလိုင်းက ဒီရက်ပိုင်းမှာ တော်တော် နာမည်ကြီးနေတာပဲ။ ဆိုးလ်ဌာနခွဲ တစ်ခုလုံးမှာ မင်းရဲ့ ရုပ်သံလိုင်းအကြောင်းပဲ ပြောနေကြတာ။ အထူးသဖြင့် အဲဒီကိုယ်စားလှယ်ပေါ့"
" ကျိန်ဆဲတာတွေလည်း အများကြီး ကျနော် ခံရပါတယ်"
"ဒါက ကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ သိလိုစိတ်ကို မြှင့်တင်ပေးနေတာပဲ။ ဒီရက်ပိုင်း အဆင့်နိမ့် ဒိုကဲဘီတွေက လေးစားရဆုံး နံပါတ်တစ် ဒိုကဲဘီဟာ မင်းဖြစ်နေတယ်ဆိုတာ သိလား"
"ကျနော့်ကို ဘာလို့ ဒီကို ခေါ်ရတာလဲဆိုတာ သိချင်ပါတယ်"
အနည်းငယ် ရိုင်းစိုင်းသည်ဟု ထင်ရနိုင်သော စကားပြောဟန် ဖြစ်သော်လည်း ဘီဟွန်းအတွက် တခြားနည်းလမ်းမရှိပေ။ အကယ်၍ သူသာ သူ၏ ရုပ်သံလိုင်းသို့ အခုချက်ချင်း ပြန်မသွားနိုင်ပါက ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်ရလိမ့်မည်။ ဘာရမ်က တိတ်ဆိတ်နေသဖြင့် ဘီဟွန်းက ထပ်ပြောလိုက်သည်။
"အားနာပါတယ်၊ ဒါပေမဲ့ အခုက ကိုးခုမြောက် ဇာတ်ဝင်ခန်းရဲ့ နောက်ဆုံးအဆင့်ကို ရောက်တော့မှာပါ။ ကျနော့်ရဲ့ ရုပ်သံလိုင်းကို ကျနော်ပြန်သွားဖို့လိုပါတယ်"
"အဲဒါကြောင့်ပဲ ငါ မင်းကို ခေါ်လိုက်တာ"
ဘီဟွန်းက ဘာရမ်၏ တည်ကြည်နေသော မျက်နှာအမူအရာကို ကြည့်ပြီး တစ်ခုခု မှားယွင်းနေပြီဆိုသည်ကို သဘောပေါက်လိုက်သည်။
ဖန်သားပြင်ဆီမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး အစွမ်းကုန် တိုက်ပွဲဝင်မှုများ စတင်လေသည်။ အားကောင်းသော ထောက်ပံ့သူများ ရှိကြသည့် ကိုယ်စားလှယ်များသည် မဆင်မခြင် နည်းလမ်းများဖြင့် တစ်သားတည်းဖြစ်တည်မှုနှုန်းကို မြှင့်တင်ကာ တိုက်ခိုက်နေကြ၏။ ဖြစ်နိုင်စွမ်း မုန်တိုင်းတစ်ခု၏ အရိပ်အယောင်များက နေရာအနှံ့တွင် ပေါ်ပေါက်လာသည်။
အကယ်၍ ထိုကဲ့သို့ အားကောင်းသော လက္ခဏာများ ဆက်လက် ဖြစ်ပေါ်နေပါက မျိုးစိတ်ပြင်ပ နတ်ဘုရားများ ဝင်ရောက်စွက်ဖက်ခွင့် ရရှိသွားလိမ့်မည်။ ထိုသို့သာ ဖြစ်လာပါက ကင်ဒေါ့ဂျာ၏ ဘေးကင်းမှုကို အာမ မခံနိုင်တော့ပေ။
စိုးရိမ်တကြီး ဖြစ်နေသော ဘီဟွန်းက ထိုနေရာမှ ထွက်ခွာရန် ကြိုးစားစဉ် ဘာရမ်က အေးစက်သော လေသံဖြင့် စကားဆိုလိုက်သည်။
"နက္ခတ်တွေက မင်း ဝင်ရောက်စွက်ဖက်တာကို မလိုလားကြဘူး"
လက်ရှိတွင် ဘီဟွန်း၏ ရုပ်သံလိုင်းသည် ဆိုးလ်ဒေသအတွင်း သြဇာအရှိဆုံး ဖြစ်နေသည်။ ဘီဟွန်းကို ဆိုးလ်ဌာနခွဲတွင် သိသိသာသာ ထိန်းသိမ်းထားခြင်းက ကိစ္စတစ်ခုခုကို ထင်ရှားစေ၏။
"ဘယ်တုန်းကတည်းက ဆိုးလ်ဌာနခွဲက နက္ခတ်တွေရဲ့ မျက်နှာရိပ် မျက်နှာကိုကို ကြည့်နေရတဲ့အခြေအနေရောက်သွားတာလဲ"
"ငါက အမြဲတမ်း စောင့်ကြည့်နေတာပါ။ အဆင့်နိမ့် ဒိုကဲဘီတွေရဲ့ ပညာရေးကိုပဲ ကြည့်နေတာ မဟုတ်ဘူး"
"ဘာပဲဖြစ်ဖြစ် အဓိက ဇာတ်ဝင်ခန်း မူဝါဒက..."
"နက်ဗျူလာ အများအပြားက ဒီဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ချက်တွေ ရှိနေကြတယ်"
နက်ဗျူလာ အများအပြားတို့မှာ မည်သူတွေ ဖြစ်သည်ကို ဘီဟွန်း ချက်ချင်း သိလိုက်သည်။
အိုလံပတ်စ်။
ဝေဒ။
ပါပီရပ်စ်။
...
ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုတွင် သြဇာရှိသော နက်ဗျူလာများသည် ဤဇာတ်ဝင်ခန်း၏ တိုးတက်မှုကို ဝင်ရောက်စွက်ဖက်နေကြခြင်း ဖြစ်၏။
ဘာကြောင့်လဲ။
အမှန်တော့ ဘီဟွန်းအနေဖြင့် အကြောင်းရင်းကို သိထားသည်။
"အဲဒါက အဲဒီကိုယ်စားလှယ်ကြောင့်ပဲ"
ကင်ဒေါ့ဂျာက ဘာကိုမှ မသိသေးဘဲ ဟန်ဆိုယောင်းနှင့်အတူ ယန္တယားတံခါးပေါက် အစီအရင်ကို ရုန်းကန်ရင်ဆိုင်နေဆဲ ဖြစ်သည်။
"သူက အလွန်ဆုံးမှ ကိုယ်စားလှယ် တစ်ယောက်ပဲလေ။ ဇာတ်ဝင်ခန်း တစ်ခုလုံးကို မလွှမ်းမိုးနိုင်ပါဘူး" ဟု ဘီဟွန်းက ပြန်လည် ချေပလိုက်သည်။
"ကိုယ်စားလှယ် တစ်ယောက်တည်းပဲလို့... မင်း တကယ်ပဲ အဲဒီလို ထင်နေတာလား"
"..."
"မဟုတ်ဘူး၊ သူက ကိုယ်စားလှယ် တစ်ယောက် မဟုတ်တော့ဘူး"
၁၀ ခုမြောက် ဇာတ်ဝင်ခန်း မတိုင်မီမှာပင် ထောက်ပံ့သူ မရှိသော ကိုယ်စားလှယ် တစ်ဦးက နက္ခတ်တစ်ပါး ဖြစ်လာခဲ့သည်။ ထိုအခြေအနေမှာ ဇာတ်ဝင်ခန်း၏ ခက်ခဲမှုကို ထည့်သွင်းစဉ်းစားလျှင် မဖြစ်နိုင်သော အရာပင်။
"သူက သားရဲကြီး တစ်ကောင် ဖြစ်လာလိမ့်မယ်။ မင်း ဂိုလျော၏ ပထမဆုံးသော ဓါး အဖြစ်အပျက်ကို မေ့သွားပြီလား။ အဲဒီလို စံနှုန်းမကိုက်ညီတဲ့ တည်ရှိမှုမျိုးကို နောက်ထပ် တွေ့ရဖို့ ခက်တယ်"
ဂိုလျော၏ ပထမဆုံးသော ဓါး၊ ချောက်ဂျွန်ဂယောင်း။
ကိုရီးယားကျွန်းဆွယ်တွင် အသန်မာဆုံး ဖြစ်ပြီး သမိုင်းဝင်အဆင့် နက္ခတ်များကြားတွင် အရှုပ်အထွေးတစ်ခု ဖန်တီးခဲ့သူ ဖြစ်သည်။
ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို ဘီဟွန်းလည်း သိထား၏။
သူ၏ မွေးရာပါ အရည်အချင်းက ဇာတ်ဝင်ခန်း၏ မျှခြေနှင့် မကိုက်ညီသောကြောင့် ရန်ငြိုးများစွာ ခံခဲ့ရသူ ဖြစ်သည်။ ဖြစ်နိုင်စွမ်း ပမာဏ အမြောက်အမြားကို အသုံးပြုပြီး သူ့ကို ဇာတ်ဝင်ခန်းထဲက ‘ဖယ်ထုတ်’ ခဲ့သော်လည်း သူက ‘နက္ခတ်’ တစ်ပါးအဖြစ် ပြန်လည် ရောက်ရှိလာခဲ့သည်။
"ဂိုလျော၏ ပထမဆုံးသော ဓါးက ထူးခြားတဲ့ အဖြစ်အပျက်ပါ။ ကင်ဒေါ့ဂျာက သူ့ထက် ပိုမြန်မြန် နက္ခတ် ဖြစ်လာခဲ့ပေမဲ့ ကင်ဒေါ့ဂျာရဲ့ အလားအလာက သူ့လောက် မမြင့်မားပါဘူး။ အလားအလာအရဆိုရင် ကိုယ်စားလှယ် ယူဂျွန်ဟော့ကတောင် အဆင့်ကျော်လွန်ခြင်းကို ရောက်နေပြီလေ"
"ငါ သိပါတယ်။ အဲဒါက သိပ်ပြီး စိုးရိမ်စရာ မဟုတ်ဘူး။ အမှန်တော့ ယူဂျွန်ဟော့က ဂိုလျော၏ ပထမဆုံးသော ဓါးနဲ့ ပိုတူတာ။ အဲဒါကြောင့်ပဲ ကင်ဒေါ့ဂျာက ပိုပြီး အန္တရာယ်များနေတာ"
စိတ်ပျက်လက်ပျက် ဖြစ်သွားသော ဘီဟွန်းက အော်ဟစ်လိုက်သည်။
"နက္ခတ်တွေရဲ့ ကန့်ကွက်မှု တချို့ကိုတော့ ကျနော် နားလည်နိုင်ပါတယ်။ ကင်ဒေါ့ဂျာက သူတို့ရဲ့ လက်အောက်ကို မဝင်တဲ့အတွက် သူတို့ စိတ်တိုနေကြတာလေ"
"..."
"ဒါပေမဲ့ ဒါဟာ သူတို့ဘက်က အရေးယူမှုတွေ လုပ်နေပြီဆိုတဲ့ အခြေအနေဖြစ်နေပြီ မဟုတ်ဘူးလား။ ၁၀ ခုမြောက် ဇာတ်ဝင်ခန်း မတိုင်ခင် ‘ကံကြမ္မာ’ ကို အသုံးပြုခဲ့တဲ့ အဖြစ်အပျက်မျိုး ရှိဖူးလို့လား"
"မင်းက အဲဒီကိုယ်စားလှယ်ကို ကာကွယ်ပေးနေတာပဲ"
"ကာကွယ်ပေးနေတာ မဟုတ်ပါဘူး။ ကျနော်က ဇာတ်ဝင်ခန်းထဲက မတရားတဲ့ ဆက်ဆံမှုအကြောင်းကို ပြောနေတာပါ"
"မင်းက အဲဒီလို ပြောနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ငါမထင်ဘူး"
ဘီဟွန်းမှာ အံ့အားသင့်သွားသော်လည်း တည်ငြိမ်နေဟန် ဆောင်လိုက်သည်။ အဆင့်မြင့် ဒိုကဲဘီ ဘာရမ်က ပြုံးလိုက်ပြီး ပြောသည်။
"ရပါတယ်။ ငါ မင်းကို ဒီကို ခေါ်လိုက်တာက မင်းရဲ့ အမှားတွေကို လိုက်ရှာဖို့ မဟုတ်ဘူး"
ထိုစကားမှာ ဘီဟွန်း၏ အမှားများကို ဖမ်းဆီးရန် ရည်ရွယ်ထားသည့် ခြိမ်းခြောက်မှုတစ်ခုကဲ့သို့ ထွက်ပေါ်လာသည်။ ဘီဟွန်းက မေးလိုက်၏။
"ဒါဆိုရင် ဘာကြောင့်..."
"မင်းက ဉာဏ်ကောင်းရင် သိမှာပါ။ ဒါက ထူးဆန်းတယ်လို့ မင်း တစ်ခါမှ မတွေးမိဘူးလား။ ဘာကြောင့် နက္ခတ်တွေက ‘ကံကြမ္မာ’ လို့ခေါ်တဲ့ အလွန်အကျွံ လုပ်ဆောင်ချက်ကို အခုကတည်းက သုံးနေကြတာလဲ"
"..."
"အခြေအနေ အတော်များများမှာတော့ သူတို့က ကံကြမ္မာကို အသုံးမပြုဘဲ အနာဂတ်မြင်ကွင်းကို သုံးနိုင်တဲ့ ပရောဟိတ်တွေနဲ့ ဆက်သွယ်ပြီး အနာဂတ်ကို ချောင်းကြည့်နိုင်တယ်။ တကယ်လို့ ပစ်မှတ်ထားတဲ့သူက ဘယ်လို ပြုမူမလဲဆိုတာကို သူတို့တွေ ကြိုတင် ခန့်မှန်းနိုင်မယ်ဆိုရင် သင့်တင့်တဲ့ ဖြစ်နိုင်စွမ်း ပမာဏနဲ့ အနာဂတ်ကို ပြောင်းလဲနိုင်တယ်လေ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ သူတို့ အဲဒီလို မလုပ်ခဲ့ကြဘူး။ ဘာကြောင့်လဲ"
ထိုအချက်မှာ ဘီဟွန်း တစ်ခါမှ မစဉ်းစားခဲ့ဖူးသည့် အရာတစ်ခု ဖြစ်သည်။ ကံကြမ္မာကို အတင်းအကျပ် စေခိုင်းနိုင်သည့် စွမ်းအားမှာ နက်ဗျူလာများ အပေါ်တွင်လည်း ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေ၏။ ကင်ဒေါ့ဂျာ မဟုတ်ဘဲ အခြားသော အစွမ်းထက်သည့် ကိုယ်စားလှယ်များစွာ ရှိနေပါလျက်နှင့် ဘာကြောင့် ကင်ဒေါ့ဂျာ အပေါ်မှာမှ ကံကြမ္မာကို အတင်းအကျပ် စေခိုင်းရသနည်း။
"ဒါဆိုရင် မဟုတ်မှလွဲရော..."
အကယ်၍ နက်ဗျူလာများက ကံကြမ္မာကို ခေါ်ယူခဲ့သည်ဆိုလျှင် ထိုအခြေအနေမှာ ကံကြမ္မာကို အသုံးပြုခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့၍ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော်...
စီနီယာ ဒိုကဲဘီ ဘာရမ်က ခေါင်းညိတ်ပြလိုက်ပြီး ပြောသည်။
"ဘာလို့လဲဆိုတော့ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ထဲမှာရှိတဲ့ ဘယ်သူမှ နက္ခတ် ကင်ဒေါ့ဂျာ ရဲ့ အနာဂတ်ကို မမြင်နိုင်ကြလို့ပဲ"
"...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ငါလည်း မသိဘူး။ တစ်ခုတော့ သေချာတယ်၊ နက္ခတ် အတော်များများက ကင်ဒေါ့ဂျာ ■■ ကို ရောက်သွားမှာကို ကြောက်နေကြတယ်။ အင်း... အဲဒါက စစ်ထုတ်ခံနေရတုန်းပါလား။ ဒါကြောင့်... အဲဒါတွေ အားလုံးက ‘အဆုံးသတ်’ အတွက်ပဲ"
ဘာရမ်၏ အကြည့်များက ဖန်သားပြင်ဆီသို့ စိုက်ကြည့်နေသည်။
"မင်း ဒါကို လုပ်ဖို့ လိုတယ်။ ဒါပြီးသွားတာနဲ့ မင်းကို အဆင့်မြင့် ဒိုကဲဘီ ဖြစ်ဖို့ ငါ ထောက်ခံပေးမယ်"
အဆင့်မြင့် ဒိုကဲဘီ တစ်ဦး ဖြစ်လာရန်အတွက် စိစစ်ရေး လုပ်ငန်းစဉ်များ လိုအပ်သည်။ ဘာရမ် ဘာလုပ်မည်ကို ဘီဟွန်းက ကြိုတင် ခန့်မှန်းမိပြီးသား ဖြစ်သည်။
ဘီဟွန်းသည် ဖန်သားပြင်ကို ကြည့်နေရင်းနှင့် ဥကို အလိုလို ပိုက်ထားမိလိုက်သည်။
……………………………………………………………………………………………..
"ဟေ့… ကောင်းကောင်းလုပ်နော်"
"သိပါတယ်"
အရင်ကဖြစ်ခဲ့တဲ့ မဟူရာမီးလျှံနဂါးနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်ကြောင့် ဖြစ်နိုင်သော်လည်း ဟန်ဆိုယောင်းနဲ့ ပတ်သက်သော လေထုက အနည်းငယ် ထူးဆန်းနေခဲ့သည်။ ဟန်ဆိုယောင်းက အမြဲတမ်း ပြဿနာရှာဖို့ ကြိုးစားနေတာကလည်း ယခုလို အနေရခက်သော အခြေအနေကို သတိပြုမိနေလို့ ဖြစ်နိုင်၏။
[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’နက္ခတ်က ကျေနပ်အားရစွာ ပြုံးနေပါသည်။]
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်က လက်ရှိအခြေအနေကို မုန်းတီးနေပါသည်။]
ချောက်ဂျွန်ဂယောင်း၏ စွမ်းအားကို အစာကြေညက်ဖို့က ထင်ထားသည်ထက် အချိန်အများကြီး ပိုပေးလိုက်ရသည်။ လေးနာရီတောင် ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။ သူ၏ ဇာတ်လမ်းထဲက စွမ်းအားကို ထိန်းချုပ်ဖို့ ကြိုးစားရင်းနဲ့တင် ကျနော် ချွေးတွေ ပျံနေခဲ့ရသည်။
ကျနော့်အမေကတော့ ယခုအချိန်ဆို ယူဂျွန်ဟော့နဲ့ တွေ့ပြီးလောက်ပြီဖြစ်မည်။
ဟန်ဆိုယောင်းက ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး မက်မန်းသီး စားနေရင်းဖြင့် ပြောလိုက်သည်။
"ဒါနဲ့ ကြည့်ရသလောက်တော့ နင့်အမေက လူဆိုးတစ်ယောက် မဟုတ်ဘူး ထင်တယ်နော်"
"...နင် မြက်တွေစားပြီး စိတ်များ ဖောက်ပြန်သွားတာလား"
"မဟုတ်ပါဘူး၊ နင့်တို့ နှစ်ယောက် ဆက်ဆံရေးက ကြည့်လို့ မကောင်းဘူးလေ။ ငါကတော့ သူများ မိသားစုကိစ္စထဲ ဝင်မပါချင်ပါဘူး... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူက သူ့ကလေးကို ဂရုစိုက်ပေးနေတာတော့ ငါမြင်နေရတယ်"
"ဒါက ဘယ်လိုလုပ် ဂရုစိုက်တာဖြစ်ရမှာလဲ"
"ဒီလောကမှာ ကိုယ့်ကလေးကို စိတ်မဝင်စားတဲ့ မိဘတွေ အများကြီး ရှိတာကို နင်မသိဘူးလား။ သူတို့နဲ့ယှဉ်ကြည့်လိုက်ရင် နင့်အမေက နင့်ကိုဂရုစိုက်တာ သိသာပါတယ်"
ဟန်ဆိုယောင်း၏ အသံက ပိုပြီး အုံ့မှိုင်းသွားသည်။ ကျနော် သက်ပြင်းချလိုက်ပြီး ပြန်ဖြေသည်။
"ငါ့အမေက ငါ့ကို နင့်အကြောင်း ပြောခဲ့သေးတယ်။ ငါနဲ့ နင်နဲ့ တွဲနေတယ်လို့ သူက ထင်နေတာ"
ဟန်ဆိုယောင်းက ရယ်မောလိုက်ပြီးပြော၏။
"နင့်အမေက မိန်းကလေးတွေကိုလူကဲခတ်တတ်တာမလို့ နင့်ကို ငါနဲ့ တွဲစေချင်တာထင်တယ်"
"ဒါနဲ့ သူက ယူဆန်းအာက နင့်ထက် ပိုသာတယ်လို့ ထင်နေတာဟ"
"...ဒါဆို နင် အဲဒီအဒေါ်ကြီးကို ဘယ်တော့ သတ်မှာလဲ"
ကျနော်တို့ ရယ်မောလိုက်ကြသည်။ တစ်ဖက်မှာလည်း ဟန်ဆိုယောင်းက ဘယ်လောက်တောင် ပြတ်သားလဲဆိုတာ ကျနော် ထပ်ပြီး သိလိုက်ရသည်။ ယခုအချိန်တွင် သူက တခြားသူတွေထက် ဇာတ်ကောင်တစ်ယောက်နဲ့ ပိုတူနေခဲ့သည်။
ဟန်ဆိုယောင်းက ရယ်တာကို ရပ်လိုက်ပြီး ပြောသည်။
" ကြည့်ရတာ ငါတို့က ဇာတ်ကောင်တွေနဲ့ တူနေတယ်နော်"
သူက ကျနော့်စိတ်ကို ဖတ်နေသလိုပင်။ ကျနော့်ရင်တွေ တုန်သွားသည်။ ဟန်ဆိုယောင်း မသိသော်လည်း တစ်နေ့ကျရင် သူလည်း ‘ဇာတ်ကောင်’ တစ်ယောက် ဖြစ်လာပေလိမ့်မည်။ လီဆောင်းဂုနဲ့ ဂျောင်မင်ဆော့တို့လိုပေါ့။
ကျနော်က ဇာတ်ကောင်တွေကိုရော ဇာတ်ကောင် မဟုတ်သူတွေကိုပါ နှစ်သက်သဖြင့် ဇာတ်ကောင်ဖြစ်သွားခြင်းက ကောင်းသည့်အရာလား ဆိုးသည့်အရာလားဆိုသည်ကို ကျနော် မသိချေ။ သို့ပေသိ... ထိုအချိန်အကြောင်းကို တွေးမိရင်တော့ ကျနော် မရေမရာ ခံစားရသည်။ အဘယ်ကြောင့် ကျနော်က ထိုလူကို ဇာတ်ကောင် တစ်ယောက် မဖြစ်စေချင်ရသနည်း။
"ဟင်။ တစ်ခုခု ပြောင်းလဲသွားတာလား"
ဟန်ဆိုယောင်း၏ စကားကို ကြားပြီး ကျနော့် ညာဘက်လက်ကို ငုံ့ကြည့်လိုက်သည်။ ချောက်ဂျွန်ဂယောင်းဆီက ငှားထားတဲ့ ဇာတ်လမ်းရဲ့ စွမ်းအားက နောက်ဆုံးတော့ တည်ငြိမ်သွားလေပြီ။ ကျနော် ခေါင်းညိတ်ပြလိုက်သည်။
"ပြင်ဆင်ထားတော့။ ငါတို့ ဒီကနေ ထွက်ကြမယ်"
ကျနော် ခွန်အားကို ထိန်းချုပ်ပြီး မကျိုးပဲ့နိုင်သောယုံကြည်မှုဓါးကို ဆွဲထုတ်လိုက်သည်။ ချောက်ဂျွန်ဂယောင်း၏ ဇာတ်လမ်းကို ငှားလိုက်သော အခိုက်အတန့်မှာပင် သူ၏ ဘဝဖြတ်သန်းမှုတွေက ကျနော့်ခေါင်းထဲမှာ ပုံရိပ်လွှာတွေလို ဖြတ်ပြေးသွားသည်။
「 ဓါးတစ်ချက်တည်းဖြင့် လူပေါင်း ၁,၀၀၀ ကို ခုတ်ပိုင်းခြင်း။ 」
「 ဓါးတစ်ချက်တည်းဖြင့် မဟာတောင်ကြီးကို ဖြတ်တောက်ခြင်း။ 」
「 ဓါးသုံးချက်ဖြင့် ပင်လယ်ကို ခွဲထုတ်ခြင်း။ 」
ဒါက ချောက်ဂျွန်ဂယောင်းရဲ့ ဓါးသုံးချက်ဟန် ဖြစ်သည်။ ပစ်မှတ်တစ်ခုကို ဓါးသုံးချက်ထက် ပိုမခုတ်ဖူးတဲ့ သူတစ်ယောက်ကို ပေးထားသော နာမည်တစ်ခုပင်။
[သင် မခံယူနိုင်သောဂုဏ်ဒြပ်သည် သင်၏ ညာဘက် လက်မောင်းပေါ်ကို ဆင်းသက်လာပါပြီ။]
ရက် ၁၀၀ ချိပ်တံဆိပ်က ချက်ချင်းဆိုသလို စတင်ပြီး ကွဲအက်လာသည်။ ထိုဂုဏ်ဒြပ်က ချောက်ဂျွန်ဂယောင်း၏ ဂုဏ်ဒြပ်ပင်။
ရှစ်မြှောင့်ခေါင်းလောင်း တစ်ခုတည်းနဲ့ လုပ်ထားသည့် မပြည့်စုံသော ချိပ်တံဆိပ်က ချောက်ဂျွန်ဂယောင်း၏ စွမ်းအားကို မည်သည့်အခါမှ ထိန်းချုပ်နိုင်မည်မဟုတ်ပေ။
ကောင်းကင်ဘုံ၏ ရတနာသုံးပါးစလုံး စုမိမှသာလျှင် ရက် ၁၀၀ ချိပ်တံဆိပ်အစစ်က အစွမ်းပြမှာ ဖြစ်၏။
[ဇာတ်လမ်း၏ ပေါက်ကွဲထွက်လာသော စီးဆင်းမှုက ယန္တယားတံခါးပေါက် အစီအရင်၏ နယ်ပယ်ကို ပုံပျက်သွားစေပါပြီ။]
[ဇာတ်လမ်း၏ ပေါက်ကွဲထွက်လာတဲ့ စီးဆင်းမှုက ရက် ၁၀၀ ချိပ်တံဆိပ်ကို ဖျက်ဆီးလိုက်ပါပြီ။]
ကျနော် အသန့်စင်ဆုံးဓါးစွမ်းအင်ကို လေထဲကို လောင်းထည့်လိုက်သည်။
ဓါးတစ်ချက်၊ လူတစ်ထောင်ကို ခုတ်ပိုင်းခြင်း။
ကြယ်တံခွန်တွေ ကျလာသလိုမျိုး ဓါးက လေထုကို ဖြတ်သွားပြီး ဟင်းလင်းပြင်က ကွဲအက်သွားသည်။ ယန္တယားတံခါးပေါက် အစီအရင်နှင့် ချိပ်တံဆိပ်။ ယခုလို ပြင်းထန်လှသော ဖျက်ဆီးမှုရှေ့တွင် အရာအားလုံးက အဓိပ္ပာယ်မဲ့သွားသည်။
ဤသည်က နှစ်ပေါင်းသောင်းချီအောင် ဓါးကို လေ့ကျင့်လာခဲ့တဲ့ ပါရမီရှင်တစ်ယောက်၏ ဓါးနည်းစနစ် ဖြစ်သည်။ ဖျက်ဆီးခြင်းအတွက် အသင့်တော်ဆုံး ခုတ်ချက်ပင်။
ကျနော် စွမ်းအားအစစ်အမှန်ကို မမြင်နိုင်သော်လည်း မကြာသေးခင်ကမှ ခွန်အား ၁၀၀ ပြည့်သွားတုန်းကလိုမျိုး လွတ်လပ်တဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။
ဒါက ကြယ်တာရာတွေရဲ့ စွမ်းအားပဲ။
ထင်ယောင်ထင်မှား နယ်ပယ်ကြီး ပြိုကွဲသွားပြီး လက်တွေ့ကမ္ဘာက ပေါ်ထွက်လာသည်။ တကယ့်ကို ရူးသွပ်စရာကောင်းတဲ့ ဓါးနည်းစနစ် ဖြစ်ပေသည်။
ကိုင်ရီယော့စ်၏ လျှပ်စစ်ဓာတ်အားဖြည့်ခြင်းကို ရတုန်းကဲ့သို့ ကျနော် လောဘတက်မိသွားသည်။ ဤစွမ်းရည်ကိုသာ ကျနော့်အပိုင် ဖြစ်အောင် လုပ်နိုင်လျှင် ဘယ်လောက်တောင် ကောင်းလိုက်မည်နည်း။ ကံမကောင်းစွာဖြင့်ပင် စာမှတ်က ‘ဇာတ်ကောင်’ တွေအပေါ်မှာပဲ အကျိုးသက်ရောက်မှု ရှိလေသည်။
[သင်၏ အဆင့်အတန်း မြင့်တက်လာမှုကြောင့် စာမှတ် စွမ်းရည်ကို အဆင့်မြှင့်တင်ခြင်း ပြုလုပ်ပါမည်။]
[လုပ်ဆောင်ချက်အသစ်တစ်ခု အသက်ဝင်လာပါပြီ။]
…ဟင်
[‘ဂိုလျော၏ ပထမဆုံးသော ဓါး’နက္ခတ်အပေါ် သင်၏နားလည်နိုင်စွမ်း အနည်းငယ်မျှ မြင့်တက်လာပါပြီ။]